မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရောင့်ရဲသောစိတ်၏ လျှို့ဝှက်ချက်ကိုသင်ယူခြင်း

ရောင့်ရဲသောစိတ်၏ လျှို့ဝှက်ချက်ကိုသင်ယူခြင်း

ရောင့်ရဲသော​စိတ်၏ လျှို့ဝှက်ချက်​ကို​သင်ယူခြင်း

ဖိလိပ္ပိ​အသင်းတော်​ရှိ ခရစ်ယာန်​များ​ထံ အားပေးစာ​တွင် တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ငါသည်​တွေ့ ကြုံ​သမျှ​သော​အခြင်းအရာ​တို့​၌ ရောင့်ရဲသော​စိတ်​ရှိ​အံ့​သော​ငှာ သင်​မိ​ပြီ။ . . . ဝ​စွာ​စားခြင်း၊ မွတ်သိပ်ခြင်း၊ စည်းစိမ်​ရှိ​ခြင်း၊ ဆင်းရဲခြင်း​တို့ကို​ခံရ​အံ့​သော​ငှာ၊ အရပ်ရပ်​တို့​တွင် အရာရာ၌​သင်​မိ​ပြီ။”—ဖိလိပ္ပိ ၄:၁၁၊ ၁၂

ပေါလု​၏​ရောင့်ရဲသော​စိတ်​လျှို့ဝှက်ချက်​ကား အဘယ်နည်း။ ကျွန်ုပ်​တို့​ခေတ်​၏ လူနေမှု​စရိတ်​စ​က မြင့်မားခြင်း​နှင့် စီးပွားရေး​အခြေအနေ မတည်ငြိမ်​ခြင်း​တို့ကို ထောက်ထား​၍ ခရစ်ယာန်စစ်​များ​အနေ​နှင့် ရောင့်ရဲသော​စိတ်​ရှိလျှင် အမှန်ပင်​အကျိုးရှိ​လိမ့်​မည်၊ သို့​မှ​သာ ဘုရားသခင့်​လုပ်ငန်းတော်​ကို သူတို့ ဆက်​အာရုံစိုက်​နိုင်​ကြ​မည်။

ပေါလု​၏​စာ​အစပိုင်း​တွင် သူ၏ ယခင်​အသက်မွေး​မှု​လုပ်ငန်း အောင်မြင်ခြင်း​အကြောင်းကို ဤသို့​ဖော်ပြ​သည်– “အခြားသူ​မည်​သည်​ကား၊ ဇာတိ​၌​ကိုးစား​စ​ရာ​အကြောင်း​ရှိသည်​ဟု​ထင်​လျှင်၊ ငါ​မူ​ကား သာ၍​ရှိ၏။ ငါသည် ရှစ်​ရက်​မြောက်​သော​နေ့၌ အရေဖျားလှီး​ခြင်း​ကို​ခံရ​၏။ ဣသရေလ​အမျိုး ဗင်ယာမိန်​အနွယ်​ဖြစ်၏။ ဟေဗြဲ​လူ​မှ​ဆင်းသက်​သော ဟေဗြဲ​လူစစ်​ဖြစ်၏။ တရား​အားဖြင့် ဖာရိရှဲ​ဖြစ်၏။ စိတ်အားကြီး​ခြင်း​ကို​မေး​သော်၊ ငါသည် အသင်းတော်ကို ညှဉ်းဆဲ​သော​သူ​ဖြစ်၏။ ပညတ်တရား​အားဖြင့်​ရသော ဖြောင့်မတ်ခြင်း​ကို​မေး​ပြန်​သော်၊ ငါသည် အပြစ်တင်​ခွင့်​နှင့် ကင်းလွတ်​သော​သူ​ဖြစ်၏။” (ဖိလိပ္ပိ ၃:၄-၆) ထို​မျှ​မ​က စိတ်အား​ထက်သန်​သူ ဂျူး​တစ်ဦး​အနေ​ဖြင့် ပေါလု​သည် ယေရုရှလင်​မြို့ရှိ ယဇ်ပုရောဟိတ်​အကြီး​ထံ​မှ တာဝန်​ရထား​၏၊ သူတို့၏​ကျော​ထောက်​နောက်ခံ​ပြု​မှု​ကို လက်ခံရ​ရှိ​ထား​၏။ ဤ​အရာအားလုံး​တို့​က ဂျူး​စနစ်​ရှိ နိုင်ငံရေး၊ ဘာသာရေး၊ ငွေ​ရေး​ကြေး​ရေး​ကဏ္ဍ​တို့​တွင် အခွင့်အာဏာ​နှင့် ဂုဏ်​သတင်း​ကြီး​ဖို့​အကြောင်း သူ၌​ရှိစေသည်။—တမန်​တော် ၂၆:၁၀၊ ၁၂

သို့သော် ပေါလု​သည် ဇွဲရှိ​သော​ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး​ဖြစ်လာ​သည့်​အခါ အစစအရာရာ အကြီးအကျယ်​ပြောင်းလဲ​သွား​သည်။ သတင်းကောင်း​အတွက်​ကြောင့် သူ၏​အောင်မြင်​သော​အသက်မွေး​မှု​လုပ်ငန်း​နှင့် အရေးပါ​သည်​ဟု ယခင်​ယူမှတ်​ထား​ရာ​မှန်သမျှကို သူ​တလိုတလား​စွန့်လွှတ်​ခဲ့​သည်။ (ဖိလိပ္ပိ ၃:၇၊ ၈) ယခု သူသည် မိမိကိုယ်ကို မည်သို့​ထောက်ပံ့​တော့​မည်​နည်း။ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​တစ်ဦး​အနေ​ဖြင့် လုပ်ခ​များ​ရရှိ​မည်​လော။ သူ၏​ကိုယ်ရေးကိုယ်တာ​လိုအပ်ရာ​များ​ကို မည်သို့​ဖြည့်ဆည်း​ပေး​မည်​နည်း။

ပေါလု​သည် မိမိ၏​ခရစ်ယာန်​ဓမ္မ​အမှုကို အခကြေးငွေ​လုံးဝ​မယူ​ဘဲ လုပ်ဆောင်ခဲ့​သည်။ သူ​စေ​စား​သူတို့ကို မနှောင့်ယှက်​လို​၍ ကောရိန္သု​မြို့တွင်​ရှိ​စဉ် အာကုလ၊ ပြစ်ကိလ​တို့​နှင့်အတူ တဲရှင်​ချုပ်​ပြီး ကိုယ့်​ကိုယ်ကို​ထောက်ပံ့​ခဲ့​သည့်​အပြင် အခြား​အမှု​များ​ကိုလည်း လုပ်ဆောင်ခဲ့​သည်။ (တမန်​တော် ၁၈:၁-၃; ၁ သက်သာလောနိတ် ၂:၉; ၂ သက်သာလောနိတ် ၃:၈-၁၀) ပေါလု​သည် ရပ်​ဝေး​သို့​သွား​၍ သုံးကြိမ်​တိုင် လှည့်လည်​သာသနာပြု​ခဲ့​ပြီး ပြန်လည်ပတ်​ရန်လိုသော အသင်းတော်များ​ထံ​လည်း သူ​ပြန်သွား​ခဲ့​၏။ ဘုရားသခင့်​အမှုတော်တွင် သူ​အချိန်ပြည့်​အလုပ်များ​နေသော​ကြောင့် သူ၌ ပိုင်ဆိုင်ရာ​အနည်း​အကျဉ်း​သာ​ရှိသည်။ များသောအားဖြင့် သူ၏​လိုအပ်ရာ​များ​ကို ညီအစ်ကို​များ​က ထောက်ပံ့​ကူညီပေး​သည်။ သို့သော် တစ်ခါတစ်ရံ အခွင့်မသာ​သောကြောင့် ချို့တဲ့​နွမ်းပါး ဆင်းရဲ​ခဲ့​သည်။ (၂ ကောရိန္သု ၁၁:၂၇; ဖိလိပ္ပိ ၄:၁၅-၁၈) ထိုသို့​ဖြစ်သည့်​တိုင် ပေါလု​သည် မိမိ၏​အဖြစ်ဆိုး​အကြောင်း တစ်ခါမျှ ညည်းညူ​ခြင်း​မရှိ၊ အခြားသူ​၏​ဥစ္စာ​ကို လိုချင်​မက်မောခြင်း​မရှိခဲ့​ချေ။ ခရစ်ယာန်​ချင်း​တို့၏​အကျိုးကို သူ​တလိုတလား​နှင့် ပျော်ရွှင်စွာ​ဆောင်ရွက်​ခဲ့​သည်။ အမှန်​သော် ယေရှု၏​ကျော်ကြား​လှ​သော ဤ​မိန့်တော်မူချက်​ကို ပေါလု​ကိုးကား​ပြောဆို​ခဲ့​၏– “ခံယူ​ခြင်း​အရာ​ထက် ပေးကမ်း​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိသည်။” ကျွန်ုပ်​တို့အားလုံး​အတွက် အထူး​ကောင်းမွန်သော​ပုံသက်သေ​တစ်ရပ်​ပါ​တကား!—တမန်​တော် ၂၀:၃၃-၃၅သမ္မာ။

ရောင့်ရဲသော​စိတ်၏​အဓိပ္ပာယ်

ပေါလု​သည် ပျော်ရွှင်မှု​ရှိပြီး စိတ်​ကျေနပ်​ခဲ့​ရသည့် အဓိက​အချက်​မှာ သူ၏​ရောင့်ရဲသော​စိတ်​ကြောင့်​ပင်​ဖြစ်သည်။ သို့သော် ရောင့်ရဲခြင်း​ရှိ၏​ဟု​ဆို​ရာ​၌ အဘယ်အရာကို​ဆိုလို​သနည်း။ ရိုးရိုး​ပြော​ရ​လျှင် အခြေခံ​လိုအပ်ရာ​များ​ဖြင့် ရောင့်ရဲ​တင်းတိမ်​ခြင်း​ဖြစ်သည်။ ၎င်းနှင့်​စပ်လျဉ်း၍ သူ၏​ခရစ်ယာန်​ဓမ္မ​အမှု​လုပ်ဖော်ဆောင်ဖက် တိမောသေ​အား ပေါလု ဤသို့​ပြော​ခဲ့​သည်– “ရောင့်ရဲသော​စိတ်ပါ​လျှင်၊ ဘုရား[သခင်]ဝတ်၌​မွေ့လျော်ခြင်း​သည် ကြီးစွာ​သော​အကျိုး​စီးပွား​မှန်​၏။ အကြောင်း​မူ​ကား၊ ငါ​တို့သည် ဤ​လောက​ထဲ​သို့ အဘယ်အရာမျှ​မပါဘဲ​လာ​သည်​ဖြစ်၍ ထွက်သွား​လျှင်​လည်း အဘယ်အရာကို​မျှ​ယူ၍​မသွား​နိုင်​ဟု ထင်ရှား​လျက်​ရှိ၏။ သို့​ဖြစ်၍၊ စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့။”—၁ တိမောသေ ၆:၆-၈

ရောင့်ရဲသော​စိတ်​ကို ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း​နှင့် ပေါလု​ဆက်စပ်​ဖော်ပြ​ထား​ကြောင်း​သတိပြုပါ။ စစ်မှန်သော​ပျော်ရွှင်မှု​သည် ဘုရားသခင်​ရေးရာ​မွေ့လျော်ခြင်း​မှ​လာ​ကြောင်း၊ ယင်းကို ရုပ်ပစ္စည်း​ပိုင်ဆိုင်မှု သို့​မဟုတ် ကြွယ်ဝ​ချမ်းသာမှု​မှ ရသည်​မဟုတ်ဘဲ ကျွန်ုပ်​တို့​ထမ်းဆောင်​နေသည့် ဘုရားသခင့်​အမှုတော်ကို ဦးစား​ထား​လုပ်ဆောင်ခြင်း​မှ​ရ​ကြောင်း သူ​အသိအမှတ်ပြု​ခဲ့​သည်။ “စား​ရန်၊ဝတ်​ရန်” တို့​မှာ ဘုရားသခင့်​ရေးရာ​မွေ့လျော်​မှု​ကို သူ​ဆက်လက်​ဆောင်ရွက်​စေဖို့ အကြောင်းရင်း​ဖြစ်​ခဲ့​သည်။ သို့​နှင့် ပေါလု​အတွက် ရောင့်ရဲသော​စိတ်​ရှိ​ခြင်း​၏​လျှို့ဝှက်ချက်​မှာ အခြေအနေ မည်သို့​ပင်​ရှိနေပါစေ ယေဟောဝါ​ကို​အားကိုးခြင်း​ဖြစ်သည်။

ယနေ့ လူများစွာ​သည် စိုးရိမ်​ပူပန်​၍ ပျော်ရွှင်မှု​ကင်းမဲ့​ရသည့်​အကြောင်း​မှာ ထို​လျှို့ဝှက်ချက်​ကို သတိမမူ၊ လျစ်လျူရှု​သောကြောင့်​ဖြစ်သည်။ ရောင့်ရဲသော​စိတ်​ကို​မွေးမြူ​မည့်​အစား သူတို့သည် ငွေကြေး​နှင့် ငွေကြေး​ဖြင့်​ဝယ်ယူ​နိုင်သော​အရာများ​အပေါ် ယုံကြည်​ကိုးစား​ရန် အလိုရှိ​ကြသည်။ ကြော်ငြာ​လုပ်ငန်း​နှင့် စာနယ်ဇင်း​များ​က လူတို့သည် သူတို့၌ နောက်ဆုံး​ပေါ်​နှင့် အရည်အသွေး​မြင့်မားသော အဆန်း​ပြား​ဆုံး​ကုန်ပစ္စည်း​များ​မ​ရှိလျှင်၊ ၎င်းတို့ကို ချက်ချင်း​မရ​လျှင် ပျော်ရွှင်​နိုင်​မည်​မဟုတ်​ဟု ခံစားရ​စေ​သည်။ ထို့​ကြောင့် များစွာတို့သည် ငွေကြေး​နှင့် ရုပ်ပစ္စည်း​လိုက်စား​သည့်​ဘဝမျိုး​တွင် ကျော့မိ​သွား​ကြ​လေ​၏။ ပျော်ရွှင်မှု​နှင့် စိတ်​ကျေနပ်မှု​ရရှိ​မည့်​အစား သူတို့သည် “အပြစ်​သွေးဆောင်ခြင်း၊ ဖမ်းမိ​ခြင်း၊ မိုက်မဲ​ဖျက်ဆီး​တတ်သော​တပ်မက်​ခြင်း​များ​ထဲ​သို့ ကျရောက်​တတ်ကြ​၏။ ထို​သူတို့အား​ဖြင့် လူတို့သည် အကျိုး​နည်း​ခြင်း၊ ပျက်စီးခြင်း​၌​နစ်မွန်း​တတ်ကြ​၏။”—၁ တိမောသေ ၆:၉၊ ၁၀

လျှို့ဝှက်ချက်​ကို သိလာ​ကြ​သူများ

ဤ​ခေတ်​ကာလ​တွင် ဘုရားသခင့်​ရေးရာ​မွေ့လျော်ခြင်း​နှင့် ရောင့်ရဲသော​စိတ်​ရှိ​ရှိ​နှင့် နေထိုင်ခြင်း​အားဖြင့် ပျော်ရွှင်မှု​နှင့် စိတ်​ကျေနပ်မှု အမှန်တကယ်​ရရှိနိုင်​ပါ​မည်​လော။ ရနိုင်​ပါ​သည်။ အမှန်​မှာ ယနေ့ သန်းနှင့်ချီ​သူတို့သည် ထို​အတိုင်း​ပြုလုပ်​နေကြပြီ။ မိမိတို့​တွင်ရှိသော ပစ္စည်း​တို့​ဖြင့် ပျော်ရွှင်​သည့်​လျှို့ဝှက်ချက်​ကို သူတို့ သိလာ​ကြပြီ။ ထို​သူတို့သည် ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို​ဆက်ကပ်​အပ်နှံ​ထားပြီး ကိုယ်တော်​၏​အလိုတော်ကို ဆောင်ရွက်​နေကြ​သည်၊ နေရာတကာ​တွင် လူ​တို့အား ကိုယ်တော့်​ရည်ရွယ်တော်မူချက်​ကို သွန်သင်ပေး​နေကြ​သည့် ယေဟောဝါသက်သေ​များ​ဖြစ်​ကြသည်။

ဥပမာ​အနေ​ဖြင့် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း​ကြွေးကြော်​ရန် စေတနာ့​ဝန်ထမ်း​များ​အဖြစ် လေ့ကျင့်​ယူပြီး အကျွမ်းတဝင်​မရှိသော​နိုင်ငံ​များ​သို့ ခရစ်ယာန်​သာသနာပြု​များ​အဖြစ် စေလွှတ်​ခံရ​သူတို့ကို စဉ်းစား​ကြည့်​ပါ။ (မဿဲ ၂၄:၁၄) မကြာခဏ​ဆို​သလို သူတို့​စေလွှတ်​ခံရ​သော​နိုင်ငံ​များ​ရှိ လူနေမှု​အခြေအနေ​မှာ သူတို့​နေထိုင်​နေကျ​နေရာ​လောက် မတိုးတက်​မကြွယ်ဝ​ပေ။ ဥပမာ၊ အာရှနိုင်ငံ​တစ်နိုင်ငံ​သို့ ခရစ်ယာန်​သာသနာပြု​များ ရောက်ရှိ​ခါ​စ​ဖြစ်သည့် ၁၉၄၇ ခုနှစ်​အစောပိုင်း​တွင် စစ်​၏​ဆိုးကျိုး​များ​ကို အထင်အရှား​တွေ့မြင်​ရ​ဆဲ​ဖြစ်​ပြီး လျှပ်စစ်မီး​ရှိသည့်​အိမ် အနည်းငယ်​သာ​ရှိသည်။ နိုင်ငံ​အတော်များများ​တွင် အဝတ်​လျှော်​စက်​ဖြင့် အဝတ်​လျှော်ဖွပ်​မည့်​အစား အဝတ်​ဖွပ်​သစ်သား​ခုံ​ပေါ်​တွင်​ဖြစ်စေ၊ မြစ်​နား​ရှိ​ကျောက်တုံး​များ​ပေါ်​တွင်​ဖြစ်စေ တစ်ထည်​ချင်း​စီ လျှော်ဖွပ်​ကြ​ရ​ကြောင်း ခရစ်ယာန်​သာသနာပြု​များ တွေ့မြင်​ခဲ့​ကြ​ရသည်။ သို့သော် သူတို့သည် သမ္မာကျမ်းစာ​အမှန်တရားကို လူ​တို့အား​သွန်သင်ပေး​ရန် ရောက်လာ​ကြ​ရာ ဒေသခံ​အခြေအနေ​များနှင့် လိုက်လျောညီထွေ​နေတတ်​ရန်​ကြိုးစား​ပြီး ခရစ်ယာန်​ဓမ္မ​အမှု​တွင် အလုပ်များ​နေကြ​တော့​သည်။

အခြားသူ​တို့​မူ ဓမ္မ​အမှုကို အချိန်ပြည့်​ထမ်းဆောင်​နေ​၏၊ တချို့​မှာ သတင်းကောင်း​မ​ရောက်ရှိ​သေး​သော နယ်မြေ​များ​သို့ ရွှေ့​ပြောင်း​နေထိုင်ခဲ့​ကြပြီ။ အက်​ဒုလ်​ဖို​သည် မက္ကဆီကို​ရှိ ဒေသ​အသီးသီး​တွင် အချိန်ပြည့်​ဓမ္မ​အမှုဆောင်​အဖြစ် နှစ်ပေါင်း ၅၀ ကျော် အမှုထမ်းဆောင်​ခဲ့ပြီ။ သူက ဤသို့​ပြောပြ​သည်– “တမန်​တော်​ပေါလု​လို​ပဲ ကျွန်တော့်​ဇနီး​နဲ့ ကျွန်တော်​ဟာ အခြေအနေ​တွေ​နဲ့ လိုက်လျောညီထွေ​နေထိုင်​တတ်လာ​ခဲ့​ကြတယ်။ ဥပမာ၊ ကျွန်တော်​တို့​ရောက်​ခဲ့​တဲ့ အသင်းတော်​တစ်ခု​ဟာ မြို့​နဲ့​လည်း​မ​နီး၊ ဈေး​နဲ့​လည်း အတော့်​ကို​ဝေးတယ်။ အစာစား​တိုင်း ညီအစ်ကို​တွေ​ဟာ မက္ကဆီကို​ချပါတီ​တစ်ချပ်​ကို ဝက်​ဆီ​နည်းနည်း​သုတ်၊ ဆား​ဖြူး​စား​ပြီး၊ ကော်ဖီ​တစ်ခွက်​သောက်​ရုံ​နဲ့​ပဲ တင်းတိမ်​ရ​ကြတယ်။ စားစရာ​ရ​ယ်​လို့၊ တစ်နေ့ မက္ကဆီကို​ချပါတီ​သုံး​ချ​ပ်​ပဲ။ ကျွန်တော်​တို့​လည်း အဲ့ဒီ​က​ညီအစ်ကို​တွေ​လို နေတတ်​လာတယ်။ ယေဟောဝါ​အမှုတော်ကို အချိန်ပြည့်​ထမ်းဆောင်​ခဲ့​တဲ့ နှစ်ပေါင်း ၅၄ နှစ်​အတွင်းမှာ ဒီလို​တွေ့ကြုံမှု​မျိုး​တွေ ကျွန်တော်​ရရှိခဲ့တယ်။”

ဖ​လို​ရန်​တီ​နို​နှင့် သူ၏​မိသားစု​သည် ခက်ခဲ​သော​အခြေအနေ​များ​တွင် လိုက်လျောညီထွေ နေထိုင်​တတ်လာ​ခဲ့​ပုံ​ကို သတိရ​သည်။ ငယ်​စဉ်​ဘဝကို​ပြန်သတိရ​၍ သူ​ဤသို့​ပြောပြ​သည်– “ကျွန်တော့်​အဖေဟာ ကြွယ်ဝ​ချမ်းသာ​တဲ့ ကုန်သည်​ကြီး​ပါ။ ခြံမြေ​အတော်များများ​ပိုင်​တယ်။ ကျွန်တော်​တို့​ပိုင်​ခဲ့​တဲ့ ကုန်​ခြောက်​ဆိုင်​ကောင်တာ​ကို ကျွန်တော်​သတိရ​နေတုန်းပဲ။ အဲ့ဒီ​မှာ လက်မ ၂၀ အကျယ်​ရှိပြီး ဇောက်​အနက် ၈ လက်မ၊ အကန့်​လေး​ကန့်​ရှိတဲ့ အံဆွဲ​တစ်ခု​ရှိတယ်။ အဲဒီ​အံဆွဲ​ထဲ တစ်နေ့တာ​ရော​င်း​ရ​ငွေ​အားလုံး​ကို ထည့်​တယ်။ တစ်နေ့တာ​ကုန်​တိုင်း အဲ့ဒီ​အံဆွဲ​ဟာ ငွေ​ဒ င်္ဂါး​တွေ၊ ငွေ​စက္ကူ​တွေ​နဲ့ အမြဲ​ပြည့်လျှံ​နေတာပဲ။

“ဒါပေမဲ့ ရုတ်တရက်​ပဲ ကျွန်တော်​တို့ စီးပွားရေး​ကျရှုံး​သွားခဲ့တယ်၊ ကုံလုံ​ကြွယ်ဝ လို​တရ​ဘဝက​နေ ချို့တဲ့​လိုအပ်​နေတဲ့​ဘဝကို ရောက်သွား​တယ်။ အိမ်က​လွဲလို့ ကျန်​တာ​အားလုံး ဆုံးရှုံး​သွားတယ်။ ဒီ​အပြင် ကျွန်တော့်​ရဲ့​အစ်ကို​တစ်ယောက်​က မတော်တဆမှု​ဖြစ်​ပြီး ကိုယ်​အောက်ပိုင်း​သေသွား​သေး​တယ်။ အခြေအနေ​လုံးဝ​ပြောင်း​သွားတယ်။ တစ်ခဏ​လောက် ကျွန်တော် အသီးအနှံ​နဲ့ အသားငါး​ရောင်းလိုက်​သေး​တယ်။ ဝါ​ဂွမ်း၊ စပျစ်​သီး၊ လူ​ဆန်း​ပဲ​ပင်​တွေ ဆွတ်ခူး​နုတ်​ခဲ့​ရတဲ့​အပြင် လယ်ယာ​တွေ​ထဲ ရေ​သွင်း​ပေး​ခဲ့​သေး​တယ်။ ဒါ​ကြောင့် တချို့က ကျွန်တော့်​ကို ဟို​စပ်​စပ် ဒီ​စပ်​စပ်​လုပ်တတ်တဲ့​လူ​လို့ ခေါ်​ကြတယ်။ အမေကတော့ ကျွန်တော်​တို့​မှာ အမှန်တရား​ရှိတယ်၊ အဲ့ဒီ​ဝိညာဉ်​ရေး​ကြွယ်ဝ​ချမ်းသာမှု ရှိတဲ့​လူ အရမ်း​နည်းတယ်​လို့​ပြော​ပြီး နှစ်သိမ့်​ပေး​လေ့​ရှိတယ်။ ဒါ​ကြောင့် ကျွန်တော်​ဟာ ကြွယ်ဝ​ချမ်းသာ​ခဲ့​ဖူး​သလို အနည်းငယ်​သာ ဒါမှ​မဟုတ် ဘာမှ​မရှိဘဲ​လည်း နေတတ်​လာတယ်။ အခု​ဆိုရင် ယေဟောဝါ​အမှုတော်ကို ၂၅ နှစ်​ခန့်​အချိန်ပြည့်​အမှုဆောင်ခဲ့​ပြီ၊ ဘဝရဲ့​အကောင်းဆုံး​လမ်းစဉ်​ဖြစ်​တဲ့ ယေဟောဝါ​အမှုတော်ကို အချိန်ပြည့်​ဆောင်ရွက်ဖို့​ရွေးချယ်​ခဲ့လို့ တစ်နေ့​ပြီး​တစ်နေ့ ကောင်းချီး​တွေ​ခံစား​နေရ​တယ်လို့ ပြော​နိုင်​ပါ​တယ်။”

“ဤ​လောက​၏​အဆင်းသဏ္ဌာန်​သည် ရွေ့သွား​ကွယ်ပျောက်​တတ်၏” ဟူ၍ သမ္မာကျမ်းစာ​က အတိအလင်း​ဆို​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​ထား​သည်– “ဝမ်းမြောက်​သော​သူသည် ဝမ်း​မ​မြောက်​သကဲ့သို့​ဖြစ်[စေ]ရမည်။ ဥစ္စာ​ဝယ်​သော​သူသည် အလျှင်း​မရှိ​သကဲ့သို့​ဖြစ်​ရမည်။ ဤ​လောကကို​သုံး​သော​သူသည် မ​သုံး​သကဲ့သို့​ဖြစ်​ရမည်။”—၁ ကောရိန္သု ၇:၂၉-၃၁

သို့​ဖြစ်၍ ယခု​အချိန်​သည် သင်၏​အသက်တာ​လမ်းစဉ်​ကို ဆန်းစစ်​ရမည့်​အချိန်​ဖြစ်သည်။ သင့်​မှာ များများ​စား​စား​မ​ရှိလျှင် စိတ်​အနှောင့်အယှက်​မဖြစ်​ပါ​နှင့်၊ စိတ်နာ​ခြင်း၊ မနာလို​ငြူစူ​ခြင်း​မရှိစေရန် သတိပြုပါ။ အခြား​တစ်ဖက်​တွင်​မူ သင်၌ စည်းစိမ်ဥစ္စာ​ရှိပါက ၎င်း​တို့​အပေါ် ပညာရှိရှိ အမြင်မှန်​ထား​ပါ၊ စည်းစိမ်​၏ ကြီးစိုး​လွှမ်းမိုးမှု​မခံ​ပါ​နှင့်။ တမန်​တော်​ပေါလု​သတိပေး​သကဲ့သို့ အရာအားလုံး​တွင် သင်၏​မျှော်လင့်ခြင်း​၌ “မ​မြဲ​သော​စည်းစိမ်​ကို​မကိုးစား​ဘဲ၊ ငါ​တို့​ခံစား​ဖို့​ရာ​အလုံးစုံ​တို့ကို ကြွယ်ဝ​စွာ​ပေးသနား​တော်​မူ​သော၊ အသက်ရှင်​တော်​မူ​သော​ဘုရားသခင်​ကို ကိုးစား​ရမည်။” ထိုသို့​သင်​ပြု​မည်​ဆိုလျှင် အသင်​သည် ရောင့်ရဲသော​စိတ်၏​လျှို့ဝှက်ချက်​ကို သင်ယူ​ခဲ့ပြီ​ဟု ဆိုနိုင်​မည်။—၁ တိမောသေ ၆:၁၇-၁၉

[စာမျက်နှာ ၉ ပါ ရုပ်ပုံ]

အခြားသူ​တို့အတွက် ဝန်​မဖြစ်စေ​ရန် ပေါလု​သည် မိမိ​လက်​ဖြင့်​လုပ်ဆောင်ခဲ့

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

‘ရောင့်ရဲသော​စိတ်​နှင့် ဘုရားသခင်​ဝတ်၌​မွေ့လျော်ခြင်း’ ဖြင့် ထောင်နှင့်ချီ​သော​သူတို့ ပျော်ရွှင်မှု​ရရှိ​နေကြပြီ