‘ရှောလမုန်၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီ’
‘ရှောလမုန်၏အဝတ်သည် ထိုအပင်တစ်ပင်မျှ၏ အဝတ်ကိုမမီ’
ဤတွင် တွေ့ရသည့် ပန်းများကဲ့သို့ တောပန်းများကို အာဖရိကတောင်ပိုင်းရှိ ကားလမ်းဘေးတစ်လျှောက် တွေ့မြင်ရ၏။ ၎င်းကို ကော့စ်မော့စ်ဟုခေါ်ပြီး မူရင်းဒေသမှာ အမေရိကန်အပူပိုင်းဒေသဖြစ်သည်။ အလွန်လှသော ဤတောပန်းများက ယေရှုသင်ပေးခဲ့သော သင်ခန်းစာတစ်ခုကို သတိရစေပေမည်။ ကိုယ်တော့်ပရိသတ်ရှိ လူအများစုသည် ဆင်းရဲကြသည့်အတွက် သူတို့၏ကာယရေးလိုအပ်ရာ၊ စားဝတ်နေရေးအတွက် စိုးရိမ်ပူပန်ကြသည်။
ယေရှုက “အဝတ်အဖို့၌ အဘယ်ကြောင့် စိုးရိမ်ရသနည်း။ တောနှင်းပင်တို့သည် အဘယ်သို့သောအားဖြင့် ကြီးပွားသည်ကို ဆင်ခြင်အောက်မေ့ကြလော့။ ထိုအပင်တို့သည် အလုပ်လည်းမလုပ်၊ ချည်ဖြစ်စေခြင်းငှာ မငင်မဝင့်။ သို့သော်လည်း ဘုန်းကြီးသောရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမီ” ဟုမိန့်ဆိုခဲ့သည်။—မဿဲ ၆:၂၈၊ ၂၉။
ယေရှုစိတ်ထဲရှိ တောပန်းအမျိုးအစားအကြောင်း အမျိုးမျိုးပြောဆိုခဲ့ကြသည်။ သို့သော် ယေရှုသည် သာမန်မြက်ပင်နှင့် နှိုင်းယှဉ်ပြ၍ ဤသို့ဆိုသည်– “ယုံကြည်အားနည်းသောသူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန်မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင် ထိုမျှမက သင်တို့ကို အဝတ်နှင့်ဖုံးလွှမ်းတော်မူမည်မဟုတ်လော။”—မဿဲ ၆:၃၀။
ကော့စ်မော့စ်ပန်း၏မူရင်းဒေသမှာ ဣသရေလနိုင်ငံမဟုတ်သော်လည်း ယေရှုသင်ပေးနေသော သင်ခန်းစာကို ထောက်ခံခဲ့သည်မှာ သေချာ၏။ ထိုပန်းများကို အဝေးမှကြည့်ကြည့်၊ အနီးကပ်ကြည့်ကြည့် စွဲမှတ်လောက်အောင်လှပြီး ဓာတ်ပုံဆရာများနှင့် ပန်းချီဆရာများ နှစ်သက်သောပန်းဖြစ်သည်။ ယေရှုက “ဘုန်းကြီးသောရှောလမုန်မင်းကြီး၏ အဝတ်သည် ထိုအပင်တစ်ပင်မျှ၏အဝတ်ကိုမမီ” ဟုမိန့်ဆိုသည့်အခါ ချဲ့ကားပြောဆိုနေခြင်းမဟုတ်ချေ။
ယနေ့ ကျွန်ုပ်တို့အတွက် သင်ခန်းစာကား အဘယ်နည်း။ ဘုရားသခင်သည် ခက်ခဲသောအချိန်များ၌ပင် ဘုရားသခင့်အမှုတော်ထမ်းဆောင်သူများ၏ လိုအပ်ရာများကို ဖြည့်ဆည်းပေးမည်ဟု စိတ်ချနိုင်၏။ ယေရှုက “သင်တို့မူကား၊ ဘုရားသခင်၏နိုင်ငံတော်ကို ရှာကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလတ္တံ့” ဟုမိန့်ဆိုခဲ့သည်။ (လုကာ ၁၂:၃၁) ဘုရားသခင့်နိုင်ငံတော်ကို ရှာလျှင် အမှန်ပင် အကျိုးကျေးဇူးများစွာရရှိပါမည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်နှင့် ယင်းက လူသားတို့အတွက် အဘယ်အရာပြုလုပ်ပေးမည်ကို သင်သိပါသလော။ သမ္မာကျမ်းစာမှ အဖြေရရှိရန် ယေဟောဝါသက်သေများက သင့်အား ဝမ်းပန်းတသာကူညီပေးလိုကြပါသည်။