မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုခရစ် ကမ္ဘာမြေပေါ်သက်တော်ထင်ရှားခဲ့ခြင်း သာဓက

ယေရှုခရစ် ကမ္ဘာမြေပေါ်သက်တော်ထင်ရှားခဲ့ခြင်း သာဓက

ယေရှု​ခရစ် ကမ္ဘာ​မြေပေါ်​သက်​တော်​ထင်ရှား​ခဲ့​ခြင်း သာဓက

အဲလ်ဘတ်​အိုင်းစတိုင်း အမည်​ရှိသူ​တစ်ဦး အသက်ရှင်ခဲ့​ခြင်း​ကို သင်​ယုံပါ​သလော။ ချက်ချင်း​ပင် ယုံပါသည်​ဟု သင်​ဖြေဆို​မည်၊ သို့သော် အဘယ်ကြောင့်​နည်း။ လူအများစု​သည် သူ့ကို ကိုယ်တိုင်​ကိုယ်​ကျ မတွေ့မမြင်​ဖူး​ခဲ့​ကြ​ပါ။ သို့​တိုင် သူ၏​အောင်မြင်မှု​များ​ဆိုင်ရာ အားထား​လောက်​သော​မှတ်တမ်း​တို့​က သူ​အသက်ရှင်ခဲ့​ကြောင်း သက်သေထူ​၏။ သူ၏​ရှာဖွေ​တွေ့ရှိချက်​များ​၏ သိပ္ပံ​ဆိုင်ရာ​အသုံးချမှု​များ​အားဖြင့် သူ​သက်ရှိ​ထင်ရှား​ခဲ့​ကြောင်း သိရှိ​ရသည်။ ဥပမာ၊ အိုင်းစတိုင်း​၏​ကျော်ကြား​လှ​သော E=mc2 ညီမျှခြင်း​ကို အသုံးချမှု​နှင့် နီးကပ်​စွာ​ဆက်နွှယ်​နေသော (စွမ်းအင်​ညီမျှခြင်း ဒြပ်​ထု​အ​မြှောက် အလင်း​အလျင်​၏​နှစ်ထပ်​ကိန်း) ထုတ်လွှတ်​မှု​ဖြစ်သည့် န​ယူ​က​လီး​ယား​စွမ်းအင်​မှ ထုတ်လုပ်သည့် လျှပ်စစ်​ဓာတ်အား​ကြောင့် လူ​တို့ အကျိုးကျေးဇူး​ရရှိခဲ့ကြ​ပြီ။

အလားတူ ကျိုးကြောင်း​ဆင်ခြင်​ကြည့်​ခြင်း​က သမိုင်း​တွင် ဩဇာ​အ​ညောင်း​ဆုံး​ပုဂ္ဂိုလ်၊ ယေရှု​ခရစ်​နှင့်​လည်း သက်ဆိုင်​ပါ​သည်။ ကိုယ်တော်​အကြောင်း ရေးသား​ထား​ရာ​နှင့် ကိုယ်တော့်​သြဇာ​အာဏာ​သက်ရောက်မှု​၏ မျက်မြင်​အထောက်အထား​တို့​က ကိုယ်တော်​သက်ရှိ​ထင်ရှား​ခဲ့​ကြောင်း သံသယ​ကင်း​စွာ​သက်သေထူ​သည်။ ရှေ့​ဆောင်းပါး​၌ ဖော်ပြ​ခဲ့​သော ရှေးဟောင်း​သုတေသန​မှ မကြာသေးမီ​က ရှာဖွေ​တွေ့ရှိ​သည့် ယာကုပ်​၏​ကမ္ပည်း​စာ​သည် စိတ်ဝင်စားဖွယ်​ကောင်း​သော်လည်း ယေရှု၏​ရာဇဝင်​အရ တိကျ​မှန်ကန်​ခြင်း​သည် ၎င်း​အပေါ် သို့​မဟုတ် အခြား​မည်သည့်​ရှေးဟောင်း​ပစ္စည်း​အပေါ် မ​မူတည်​ပါ။ အမှန်​မှာ ယေရှု​သက်​တော်​ထင်ရှား​ခဲ့​ခြင်း​၏ အထောက်အထား​ကို လောက​သမိုင်း​ပညာရှင်​များနှင့် ကိုယ်တော်​၏​နောက်လိုက်​များ​က ကိုယ်တော့်​အကြောင်း ရေးသား​ထား​ရာ​တို့​မှ ကျွန်ုပ်​တို့​ရှာတွေ့နိုင်​ကြသည်။

သမိုင်း​ပညာရှင်​တို့၏​သက်သေ​ထွက်ဆိုချက်

ဖာရိရှဲ​တစ်ဦး​ဖြစ်သော ပထမ​ရာစု​ရှိ ဂျူး​လူမျိုး သမိုင်း​ပညာရှင် ဖ​လေး​ဗီးယက်စ် ဂျိုစီဖတ်စ်​၏​ထွက်ဆိုချက်​ကို သုံးသပ်ကြည့်​ပါ။ ဂျူး​တို့၏ ရှေးဟောင်း​နှောင်း​ဖြစ်​များ​စာအုပ်​တွင် ယေရှု​ခရစ်​ကို သူ​ရည်ညွှန်း​ဖော်ပြ​ခဲ့​သည်။ ယေရှု​အား မေရှိယ​အဖြစ် ဂျိုစီဖတ်စ်​ဖော်ပြချက်​ဖြစ်သည့် ပထမ​ကိုးကားချက်​၏​မှန်ကန်မှု​ကို အချို့​သူတို့က သံသယဝင်​ကြ​စဉ် ရီ​ရှေ​ဗာ​တက္ကသိုလ်​မှ ပါမောက္ခ လူး​ဝ​စ္စ အိပ်ခ်ျ. ဖီလ်ဒ်​မ​န်​က လူ​အနည်းငယ်​တို့သည် ဒုတိယ​ကိုးကားချက်​အပေါ် သံသယဝင်​ခဲ့​ကြပြီ​ဟု ပြောဆို​သည်။ ထို​တွင် ဂျိုစီဖတ်စ်​က ဤသို့​ဆို​သည်– “[ယဇ်ပုရောဟိတ်မင်း​အန္န] သည် ဆဲန်ဟီဒရင်​မှ တရားသူကြီး​များ​ကို ဆင့်ခေါ်​၍ သူတို့​ရှေ့မှောက်​သို့ ယာကုပ်​အမည်​ရှိသူ​တစ်ဦး​ကို အရောက်​ပို့ဆောင်​ခဲ့​သည်၊ ထို​သူ၏​အစ်ကို​မှာ ခရစ်​ဟု​ခေါ်​သော ယေရှု​ဖြစ်သည်။” (ဂျူး​တို့၏ ရှေးဟောင်း​နှောင်း​ဖြစ်​များ၊ ၂၀၊ ၂၀၀) မှန်ပါသည်၊ ဖာရိရှဲ​တစ်ဦး၊ ယေရှု၏​ရန်သူများ​ဟု ကိုယ်တိုင်​ဝန်ခံခဲ့​သူတို့၏​နောက်လိုက်​များ​ဖြစ်သော အသင်းအဖွဲ့​ဝင်​တစ်ဦး​က “ယေရှု၏​ညီ ယာကုပ်” သက်ရှိ​ထင်ရှား​ခဲ့​ကြောင်း အသိအမှတ်ပြု​၏။

ယေရှု​ဘဝ၏​သြဇာညောင်းမှု​ကို ကိုယ်တော့်​နောက်လိုက်​များ​၏ လုပ်ဆောင်မှုများ​မှ​တစ်ဆင့် သိရှိ​ခဲ့​ကြ​ရသည်။ စီ.အီး. ၅၉ ခုနှစ်​ခန့်​က ရောမ​တွင် တမန်​တော်​ပေါလု အကျဉ်း​ကျနေ​စဉ် ဂျူး​တို့၏​အကြီးအမှူး​က သူ့​အား ဤသို့​ပြော​ခဲ့​သည်– “ဤ​ဘာသာသည် အရပ်ရပ်​တို့​၌ ကဲ့ရဲ့​အပြစ်​တင်​ခြင်း​ကို​ခံရ​သော​ဘာသာ​ဖြစ်သည်​ကို အကျွန်ုပ်​တို့​သိ​ကြသည်။” (တမန်​တော် ၂၈:၁၇-၂၂) ယေရှု၏​တပည့်​များ​ကို သူတို့က “ဤ​ဘာသာ” ဟု​ခေါ်ဆို​ခဲ့​ကြသည်။ သူတို့သည် အရပ်ရပ်​တို့​၌ ကဲ့ရဲ့​အပြစ်​တင်​ခြင်း​ကို ခံ​ခဲ့​ရသည်​ဆိုလျှင် လောက​သမိုင်း​ပညာရှင်​များသည် သူတို့နှင့်​ပတ်သက်​၍ မှတ်တမ်းတင်​ကြလိမ့်မည်​မဟုတ်ပေ​လော။

တက်စီတပ်စ်​သည် စီ.အီး. ၅၅ ခုနှစ်​၌ ဖွားမြင်​ပြီး ကမ္ဘာ့​အကျော်ကြားဆုံး သမိုင်း​ပညာရှင်​တို့​တွင် တစ်ဦး​အဝင်​ဖြစ်သည်ဟု ယူမှတ်​ထား​ကြ​ကာ သူ၏​နှစ်​အလိုက်​သမိုင်းဝင်​မှတ်တမ်းများ​၌ ခရစ်ယာန်​များ​ကို ဖော်ပြ​ထား​သည်။ စီ.အီး. ၆၄ ခုနှစ်​တွင် အကြီးအကျယ်​မီးလောင်​ကျွမ်း​မှု​ကြောင့် နီ​ရိုး​က ထို​သူတို့​အပေါ် အပြစ်​ပုံချ​မှု​မှတ်တမ်း​နှင့်​ပတ်သက်​၍ သူ​ဤသို့​ရေးသားခဲ့​သည်– “နီ​ရိုး​သည် လူထု​က ခရစ်ယာန်​များ​ဟု​ခေါ်​သော​သူများ​အပေါ် အပြစ်​ပုံချ​ကာ သူတို့၏​မနှစ်မြို့ဖွယ်​များ​အတွက် မုန်းတီး​ခံရ​သော လူ​တစ်စု​ကို အပြင်းအထန် နှိပ်စက်​ကလူ ပြု​လေ​တော့​သည်။ ထို​ခရစ်ယာန်​ဟူသော​အမည်​သည် တိဗေရိ​မင်း​နန်းစံ ဘုရင်ခံ​ပုန္တိပိလတ်​သတ်ခဲ့​သည့် ခရစ္စတပ်စ်​ဟူသော​ပုဂ္ဂိုလ်​မှ ဆင်းသက်လာ​သည်။” ဤ​မှတ်တမ်း​၏​ဖော်ပြချက်များ​မှာ သမ္မာကျမ်းစာ​ရှိ ယေရှု​နှင့်​ပတ်သက်သော သတင်း​အချက်အလက်​များနှင့် ကိုက်ညီ​ပေ​သည်။

ယေရှု၏​နောက်လိုက်​များနှင့်​ပတ်သက်​၍ ဝေဖန်ချက်​ပေး​ခဲ့​သည့် နောက်ထပ်​စာရေး​ဆရာ​တစ်ဦး​မှာ ဘီသနီယာ ဘုရင်ခံ ပလင်နီ​အငယ်​ဖြစ်သည်။ စီ.အီး. ၁၁၁ ခုနှစ်​ခန့်​တွင် ပလင်နီ​သည် ခရစ်ယာန်​များ​ကို မည်သို့​ကိုင်တွယ်​ရမည်​အကြောင်း ဧကရာဇ်​ထ​ရာ​ဂျင်​ထံ စာရေး​ခဲ့​သည်။ ခရစ်ယာန်​ဟု မှားယွင်းစွာ​စွပ်စွဲ​ခံရ​သူတို့က မိမိတို့သည် ခရစ်ယာန်​မဟုတ်​ကြောင်း သက်သေပြ​ရုံ​မျှ​ပြု​ရန် ဘုရားသခင်​များနှင့် ထ​ရာ​ဂျင်​၏​အနေအထား​ကို ထပ်ခါတလဲ တိုင်တည်​လိမ့်​မည်​ဟု ပလင်နီ​ရေးသားခဲ့​သည်။ ပလင်နီ​က ဆက်၍​ဤသို့​ဆို​သည်– “ခရစ်ယာန်စစ်​များ​အား ယင်း​သို့​သော​လိုက်လျောမှု​များ​ပြု​ရန် အတင်းအကျပ် စေခိုင်း​၍​မရချေ။” ယင်းက ကိုယ်တော်၌​ယုံကြည်ခြင်း​အတွက် မိမိတို့၏​အသက်ကို​စွန့်​ရန် အသင့်ရှိ​သော နောက်လိုက်​များ​ရှိခဲ့​သည့် ခရစ်တော် အမှန်တကယ်​တည်ရှိ​ကြောင်း သက်သေထူ​၏။

ရာစုနှစ်​နှစ်ခု​ရှိ သမိုင်း​ပညာရှင်​တို့​က ယေရှု​ခရစ်​နှင့် ကိုယ်တော်​၏​နောက်လိုက်​များနှင့်​ပတ်သက်​၍ အကျဉ်း​ချုံး​ရည်ညွှန်း​ကိုးကား​ပြီး​နောက် ဗြိတဲန်နီကာ​စွယ်စုံ​ကျမ်း (၂၀၀၂ ကြိမ်​ထုတ်ဝေ​ခြင်း) က​ဤသို့​မှတ်ချက်ချ​သည်– “ရှေးခေတ်​က ခရစ်ယာန်​ဘာသာ​ကို​ဆန့်ကျင်သူများ​ပင် ယေရှု​တကယ်​ရှိခဲ့​သည်ကို ယုံကြည်​ကြ​ကြောင်း ဤ​ဘက်မလိုက်​မှတ်တမ်းများ​က သက်သေထူ​သည်။ ယင်း​ကိစ္စ​ကို အကြောင်းအချက်​မခိုင်လုံ​ဘဲ ၁၈ ရာစု​အဆုံးပိုင်း၊ ၁၉ ရာစု​အတွင်း​နှင့် ၂၀ ရာစု​အစပိုင်း​တွင် စတင်​ငြင်းခုံ​လာ​ခဲ့​ကြသည်။”

ယေရှု​နောက်လိုက်​များ​၏​ထွက်ဆိုချက်​များ

“ဓမ္မသစ်​ကျမ်း​က ယေရှု၏​အသက်တာ​နှင့် ကြမ္မာ​အပြင် ကိုယ်တော်​တည်ရှိမှု​ဆိုင်ရာ အစောပိုင်း​ခရစ်ယာန်​များ​၏​အဓိပ္ပာယ်​ဖွင့်ဆိုချက်​အတွက် သမိုင်းဝင်​ဆက်စပ်မှု​၏ သက်သေ​သာဓက​အားလုံး​ကို ပံ့ပိုး​ပေး​သည်” ဟု အမေရိကားနား​စွယ်စုံ​ကျမ်း​က​ဆို​သည်။ မယုံကြည်​လို​သူတို့သည် သမ္မာကျမ်းစာ​ကို ယေရှု​သက်​တော်​ထင်ရှား​ခြင်း​၏ အထောက်အထား​အဖြစ် လက်မခံကြ​ချေ။ သို့​တိုင် သမ္မာကျမ်းစာ​မှတ်တမ်းများ​အပေါ် အခြေခံ​သည့် ကျိုးကြောင်း​ဆင်ခြင်​ချက်​နှစ်ရပ်​က ယေရှုသည် အမှန်တကယ်​မြေကြီးပေါ် ခြေချ​ခဲ့​ကြောင်း အထူးသဖြင့် ခြေမြစ်​ခိုင်လုံ​စေ​သည်။

ကျွန်ုပ်​တို့​သိရှိ​ခဲ့​ကြ​သည့်​အတိုင်း အိုင်းစတိုင်း​၏​ကျော်ကြား​သော​သီအိုရီ​များ​က သူ​အသက်ရှင်ခဲ့​ကြောင်း သက်သေထူ​သည်။ အလားတူ ယေရှု၏​သွန်သင်ချက်​များ​က ကိုယ်တော်​အမှန်တကယ် သက်​တော်​ထင်ရှား​ကြောင်း သက်သေထူ​သည်။ ယေရှု​မိန့်တော်မူ​သမျှ​တွင် ကျော်ကြား​လှ​သော​တောင်ပေါ်​တရားတော်​ကို ဥပမာ​အဖြစ် သုံးသပ်ကြည့်​ပါ။ (မဿဲ၊ အခန်းကြီး ၅-၇) တမန်​တော်​မဿဲ​က ထို​တရားတော်​၏ ထိထိမိမိ​အကျိုး​သက်ရောက်မှု​ကို ဤသို့​ရေးသားခဲ့​သည်– “ပရိသတ်အပေါင်း​တို့သည် ဆုံးမ . . . ခြင်း​ကို အလွန်​အံ့သြ​ကြ​၏။ အကြောင်း​မူ​ကား၊ ကျမ်း​ပြု​ဆရာ​နည်းတူ​မဟုတ်၊ အစိုးရ​သော​သူ​နည်းတူ ဆုံးမ . . . တော်​မူ​၏။” (မဿဲ ၇:၂၈၊ ၂၉) ရာစုနှစ်များ​တစ်လျှောက် လူ​တို့​အပေါ် တရားတော်​အကျိုး​သက်ရောက်မှု​နှင့်​ပတ်သက်​၍ ပါမောက္ခ ဟန်းစ် ဒီရေ​တာ ဘက်​စ်​က ဤသို့​ဖော်ပြ​သည်– “တောင်ပေါ်​တရားတော်​၏​သြဇာညောင်းမှု​သည် ယေဘုယျ​အားဖြင့် ယုဒ​ဘာသာ​နှင့် ခရစ်ယာန်​ဘာသာ​၏​နယ်ခြား​မှ ကျူးကျော်​ဝင်ရောက်​ရုံ​မ​က အနောက်​တိုင်း​ယဉ်ကျေးမှုကို ထိုးဖောက်​လေ​သည်။” ထပ်ဆင့်၍ သူက ဤ​တရားတော်​ကို “လူအားလုံး နှစ်သက်​သဘောကျ​ကြသည်” ဆို​ခဲ့​၏။

တောင်ပေါ်​တရားတော်​တွင် တွေ့ရှိ​ရသည့် ကျစ်​ကျစ်လျစ်​လျစ်​ဖြင့် လက်တွေ့ကျ​သော အောက်ပါ​ပညာရှိ​စကား​များ​ကို သုံးသပ်ကြည့်​ပါ– “သင်၏​ပါး​တစ်ဖက်​ကို သူတစ်ပါး​ပု​တ်​လျှင်၊ ပါး​တစ်ဖက်​ကို​လှည့်၍​ပေး​ဦး​လော့။” “လူများ​တို့​မြင်​စေခြင်း​ငှာ ကိုယ်​သီလ​အကျင့်ကို သူ့​ရှေ့မှောက်၌ မကျင့်​မည်​အကြောင်း သတိပြု​ကြလော့။” “နက်ဖြန်​အဖို့ မစိုးရိမ်​ကြ​နှင့်။ နက်ဖြန်နေ့​သည် မိမိ​အဖို့​စိုးရိမ်​လိမ့်​မည်။” “ပုလဲ​ရတနာ​တို့ကို ဝက်​တို့​ရှေ့မှာ မချ​မထား​ကြ​နှင့်။” “တောင်း​ကြလော့။ တောင်းလျှင်​ရမည်။” “သင်တို့သည် ကိုယ်​၌​သူတစ်ပါး​ပြု​စေ​လိုသမျှ​အတိုင်း သူတစ်ပါး​၌​ပြု​ကြလော့။” “ကျဉ်း​သော​တံခါး​ကို​ဝင်​ကြလော့။” “ထို​သူတို့၏​အကျင့်ကို​ထောက်၍ သူတို့၏​သဘောကို သိ​ကြလိမ့်မည်။” “ကောင်းသော​အပင်​သည် ကောင်းသော​အသီး . . . ကို သီး​တတ်၏။”—မဿဲ ၅:၃၉; ၆:၁၊ ၃၄; ၇:၆၊ ၇၊ ၁၂၊ ၁၃၊ ၁၆၊ ၁၇

ဤ​ဖော်ပြချက်​အချို့ သို့​မဟုတ် ယင်း​တို့​မှ လို​ရင်း​အချုပ်​တို့ကို သင်ကြား​ဖူး​နား​ဝ​ရှိ​ပေမည်။ ယင်း​တို့သည် သင့်​ဘာသာ​စကား​တွင် စကားပုံ​တစ်ခု ဖြစ်​ကောင်း​ဖြစ်လာ​နိုင်​သည်။ ၎င်း​တို့အားလုံး တောင်ပေါ်​တရားတော်​မှ ကောက်နုတ်ထား​ခြင်း​ဖြစ်သည်။ ဤ​တရားတော်​သည် လူများစွာ​နှင့် ယဉ်ကျေးမှု​များစွာ​ရှိသူတို့​အပေါ် ဩဇာ​ညောင်း​ခြင်း​က “ကြီးမြတ်သော​ဆရာ” သက်​တော်​ထင်ရှား​ခဲ့​ကြောင်း အတိအလင်း​သက်သေထူ​သည်။

တစ်စုံ​တစ်ဦး​က ယေရှု​ခရစ်​ဟု​ခေါ်ဆို​သော ပုဂ္ဂိုလ်​တစ်ဦး​ကို လုပ်​ဇာတ်​ခင်း​လိုက်​သည်​ဆိုပါစို့။ ထို​သူသည် သမ္မာကျမ်းစာ​၌​ပါ​သည့် ယေရှု​သွန်သင်​သည်​ဟု​ဆို​သော​သွန်သင်ချက်​များ​ကို တီထွင်​နိုင်​လောက်​အောင် ဉာဏ်ရည်​သွား​သည်​ဟု ဆို​ကြပါစို့။ သူက ယေရှု​နှင့် ကိုယ်တော်​၏​သွန်သင်ချက်​များ​ကို လူအများ နား​ဝင်​ချို​စေရန် အတတ်နိုင်ဆုံး​ဖန်တီး​မည် မဟုတ်ပေ​လော။ သို့​တိုင် တမန်​တော်​ပေါလု​က ဤသို့​ဖော်ပြ​ခဲ့​သည်– “ယုဒ​လူတို့သည် နိမိတ်​လက္ခဏာကို​တောင်း​တတ်ကြ​၏။ ဟေ​လ​သ​လူတို့သည် ပညာ​ကို​ရှာ​တတ်ကြ​၏။ ငါ​တို့​မူ​ကား၊ လက်ဝါးကပ်တိုင်​မှာ​အသေခံ​တော်​မူ​သော ခရစ်တော်​၏​အကြောင်းအရာကို ဟောပြောကြ​၏။ ထို​အကြောင်းအရာ​သည်​ကား၊ ယုဒ​အမျိုးသား​ထိမိ​၍​လဲစရာ​အကြောင်း​ဖြစ်၏။ တစ်ပါး​အမျိုးသား​၌​ကား၊ မိုက်မဲခြင်း​ဖြစ်၏။” (၁ ကောရိန္သု ၁:၂၂-၂၃) နှက်တိုင်​တင်၍ ခရစ်တော်​၏​အသတ်ခံရ​ခြင်း​သတင်း​သည် ဂျူး​နှင့် တစ်ပါး​အမျိုးသား​တို့အတွက် နှစ်သက်စရာ​မဟုတ်​ချေ။ သို့သော် ထိုသို့ ခရစ်တော်​ခံ​ခဲ့​ရ​ကြောင်းကို ပထမ​ရာစု​ရှိ​ခရစ်ယာန်​များ​က ကြွေးကြော်​ခဲ့​သည်။ ခရစ်တော်​နှက်တိုင်​တင်​အသတ်ခံရ​ကြောင်း အဘယ်ကြောင့်​ဖော်ပြ​သနည်း။ တစ်ခု​တည်း​သော ကျေနပ်ဖွယ်​ရှင်းပြချက်​မှာ ခရစ်ယာန်​ဂရိ​ကျမ်းစောင်​များ​ကို ရေးသားသူ​တို့သည် ယေရှု၏​ဘဝ​နှင့် သေခြင်း​ဆိုင်ရာ​အမှန်တရားကို မှတ်တမ်းတင်​ထားခြင်း​ဖြစ်​မည်။

ယေရှု၏​ရာဇဝင်​သမိုင်း​ဆိုင်ရာ​တိကျ​မှန်ကန်ကြောင်း ထောက်ခံ​သည့်​နောက်​အကြောင်း​တစ်ရပ်​ကို ကိုယ်တော့်​နောက်လိုက်​များ​အားဖြင့် ကိုယ်တော့်​သွန်သင်ချက်​များ​ကို မမော​နိုင်​မ​ပန်း​နိုင် ဟောပြောခြင်း​မှ​တွေ့ရှိ​ရသည်။ ကိုယ်တော်​၏​ခရစ်ယာန်​ဓမ္မ​အမှုကို စတင်​ပြီး​နောက် အနှစ် ၃၀ ခန့်အကြာ​မှ​သာ​လျှင် သတင်းကောင်းသည် “ကောင်းကင်​အောက်​၌​ရှိသမျှ​သော . . . သတ္တဝါ​တို့အား ဟောပြော” ပြီးပြီ​ဟု ပေါလု​ဆိုနိုင်​ခဲ့​သည်။ (ကောလောသဲ ၁:၂၂-၂၃) အမှန်ပင် ယေရှု၏​သွန်သင်ချက်​များသည် ဆန့်ကျင်မှု​များ​ကြား​မှ ရှေး​လောက​တစ်ခွင်​တွင် ပျံ့နှံ့​သွားခဲ့သည်။ တစ်ချိန်က ကိုယ်တိုင်​နှိပ်စက်​ညှဉ်းပန်း​သူ​ဖြစ်​ခဲ့​သော ပေါလု​သည် ခရစ်ယာန်​တစ်ဦး​အနေ​ဖြင့် ဤသို့​ရေးသားခဲ့​၏– “ခရစ်တော်​သည် ထမြောက်​တော်​မ​မူလျှင်၊ ငါ​တို့​ဟောပြောခြင်း​၌​အကျိုးမရှိ သင်တို့​ယုံကြည်ခြင်း၌​လည်း အကျိုးမရှိ။” (၁ ကောရိန္သု ၁၅:၁၂-၁၇) ရှင်ပြန်ထမြောက်ခြင်း​မရှိခဲ့​သော ခရစ်တော်​နှင့်​ပတ်သက်​၍ ဟောပြောခြင်းသည် အချည်းနှီး​ဖြစ်​မည်​ဆိုလျှင် တစ်ခါမျှ​အသက်မရှင်​ခဲ့​သော ခရစ်တော်​တစ်ဦး​နှင့်​စပ်​လျ​ဉ်း​သည့် ဟောပြောခြင်းက သာ၍​ပင် အချည်းနှီး​ဖြစ်​ပေ​လိမ့်​မည်။ ပလင်နီ​အငယ်​ရေး​သော​မှတ်တမ်း​တွင် ကျွန်ုပ်​တို့ ဖတ်ရှု​ကြည့်​ကြ​စဉ် ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် ယေရှု​ခရစ်​၌ သူတို့၏​ယုံကြည်ခြင်း​အတွက် အသေခံရန် တလိုတလား​ရှိခဲ့​ကြ​၏။ ကိုယ်တော်​သည် အမှန်တကယ်​ရှိခဲ့​သော​ပုဂ္ဂိုလ်​ဖြစ်သော​ကြောင့် သူတို့သည် ကိုယ်တော်​အတွက် သူတို့၏​အသက်ကို​စွန့်စား​ခဲ့​ကြသည်; ခရစ်ဝင်​မှတ်တမ်းများ​က မှတ်တမ်း​တင်ထား​သည့်​အတိုင်း ကမ္ဘာ​မြေပေါ် ကိုယ်တော်​ခြေချ​ခဲ့​ပြီး အသက်ရှင်နေ​ထိုင်​ခဲ့​၏။

သက်သေ​အထောက်အထား​ကို သင်​မြင်တွေ့ရ​ပြီ

ခရစ်ယာန်​ဟောပြောခြင်း​တွင် ပါဝင်​နိုင်​ဖို့​အတွက် ရှေးဦး​စွာ ယေရှု​ခရစ်​၏​ရှင်ပြန်ထမြောက်ခြင်း​၌ ယုံကြည်ခြင်း​ရှိ​ရန်လို​သည်။ ယနေ့​အချိန်တွင် ယေရှု​လုပ်ဆောင်နေ​သော အကျိုး​သက်ရောက်မှု​ကို သင်လည်း ကြည့်ရှု​ခြင်း​အားဖြင့် ရှင်ပြန်ထမြောက်​ခဲ့​ပြီး​သော​ကိုယ်တော်​ကို သင်​မြင်ယောင်​ကြည့်​နိုင်​သည်။

နှက်တိုင်​တင်​မခံရမီ​အချိန်​လေး​အတွင်း ယေရှုသည် အနာဂတ်​ကိုယ်တော်​ရောက်ရှိခြင်း​အကြောင်း ပို​၍​ကြီးကျယ်​သော​ပရောဖက်ပြုချက်​တစ်ရပ်​ပေး​ခဲ့​သည်။ ကိုယ်တော်​သည် ရှင်ပြန်ထမြောက်​၍ ဘုရားသခင်​၏​လက်ယာဘက်​တွင် ထိုင်​ကာ မိမိ၏​ရန်သူများ​အား နှိမ်နင်း​ဖို့​အချိန်ကို စောင့်ဆိုင်း​လျက်​နေ​လိမ့်​မည်​အကြောင်းလည်း ဖော်ပြ​တော်​မူ​ခဲ့​သည်။ (ဆာလံ ၁၁၀:၁; ယောဟန် ၆:၆၂; တမန်​တော် ၂:၃၄၊ ၃၅; ရောမ ၈:၃၄) ထိုသို့​ပြီး​နောက် ကောင်းကင်​မှ စာတန်​နှင့် သူ၏​နတ်ဆိုး​များ​ကို အရေး​ယူ၍ နှင်ထုတ်​ပစ်​လိမ့်​မည်။—ဗျာ. ၁၂:၇-၉

ဤ​အရာအားလုံး အဘယ်​အချိန်တွင် ဖြစ်ပျက်​လိမ့်​မည်​နည်း။ ယေရှုသည် တပည့်​များ​အား ‘ကိုယ်တော်​ကြွ​လာ၍ ကပ်ကမ္ဘာ​ကုန်​သော​ပုဗ္ဗနိမိတ်’ ဤ​ကမ္ဘာ​ကုန်ဆုံး​မည့် ရှေ့ပြေး​နိမိတ်’ ကို​ပေး​ခဲ့​သည်။ ကိုယ်တော်​၏ မျက်မြင်မရ​ရောက်ရှိခြင်း​နိမိတ်​တွင် စစ်ပွဲ​ကြီး​များ၊ အစာ​ခေါင်းပါး​ခြင်း၊ မြေငလျင်​လှုပ်ခြင်း၊ ပရောဖက်​အတုအယောင်​များ ပေါ်ထွန်းခြင်း၊ မတရားမှု​တိုးများ​လာ​ခြင်း​နှင့် ပြင်းထန်သော​ကပ်ရောဂါ​များ ပါဝင်​သည်။ စာတန်​ကို နှင်ချ​လိုက်ခြင်းက ‘မြေကြီးကို အမင်္ဂလာ’ ဖြစ်စေ​ရာ ထိုသို့​သော​ဘေး​တွေ့​သည့်​အဖြစ်သနစ်​များ မျှော်လင့်​ရန်ဖြစ်​ခဲ့​သည်။ စာတန်​သည် “မိမိ​ကာလ​တစ်ခဏ​သာ​ရှိသည်​ကို​သိ၍၊ ပြင်းစွာ​သော​ဒေါသ​အမျက်​နှင့်​တကွ” မြေကြီး​၏​အထက်​ဝန်းကျင်​သို့ ဆင်းလာ​ခဲ့​လေ​ပြီ။ ထို​မျှ​မ​က အဆိုပါ​နိမိတ်​တွင် “လူမျိုးအပေါင်း​တို့အား​သက်သေ​ဖြစ်​မည်​အကြောင်း” ဘုရားသခင့်​နိုင်ငံတော်​နှင့်ယှဉ်သော​သတင်းကောင်းကို “လော[က]နိုင်ငံ​အရပ်ရပ်ရှိ​သမျှ​တို့​၌” ဟောပြောခြင်း​ပါဝင်​သည်။—မဿဲ ၂၄:၃-၁၄; ဗျာ. ၁၂:၁၂; လုကာ ၂၁:၇-၁၉

ဉာဏ်​စမ်း​ရုပ်​ဆက်​ပုံ​တစ်ခု​တွင် အပိုင်းအစ​များသည် အံဝင်ခွင်ကျ​နေ​သကဲ့သို့ပင် ယေရှု ပရောဖက်ပြု​ခဲ့​သော​အရာများ​မှာ ဖြစ်ပျက်​လာ​ခဲ့ပြီ။ ၁၉၁၄ ခုနှစ်​တွင် ပထမ​ကမ္ဘာ​စစ် စတင်​ဖြစ်ပွား​ပြီး​ကတည်းက မျက်မြင်မရ​ယေရှု​ရောက်ရှိ​နေခြင်း​၏ စုပေါင်း​သာဓက​ကို ကျွန်ုပ်​တို့ တွေ့မြင်​ခဲ့​ကြ​ရပြီ။ ကိုယ်တော်​သည် ဘုရားသခင့်​နိုင်ငံတော်​ဘုရင်​အဖြစ် အုပ်စိုး​လျက်​ရှိပြီး လွန်​စွာ​ပင် ဩဇာ​ညောင်း​လျက်​ရှိသည်။ သင့်​လက်ဝယ် ဤ​မဂ္ဂဇင်း​ရောက်ရှိ​နေခြင်း​က မျက်မှောက်ခေတ်တွင် နိုင်ငံတော်​ဟောပြောခြင်း​လုပ်ငန်း​ကို ဆောင်ရွက်​နေကြောင်း သာဓက​ဖြစ်သည်။

ယေရှု​ရောက်ရှိ​နေခြင်း​၏ နောက်ထပ်​အကျိုး​သက်ရောက်မှု​ကို နားလည်​သဘောပေါက်​ရန် သမ္မာကျမ်းစာ​ကို သင်​လေ့လာ​ဖို့​လို​သည်။ ယေရှု​ရောက်ရှိခြင်း​၏ အသေးစိတ်​အချက်အလက်​များ​ကို ယေဟောဝါသက်သေ​တို့​ထံ မေးမြန်းပါ​လေ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ဂျိုစီဖတ်စ်၊ တက်စီတပ်စ်၊ ပလင်နီ​အငယ်​တို့သည် ယေရှု​ခရစ်​နှင့် ကိုယ်တော်​နောက်လိုက်​များ​ကို ရည်ညွှန်း​ဖော်ပြ​ခဲ့

[Credit Line]

All three images: © Bettmann/CORBIS

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယေရှုသည် တကယ့်​ပုဂ္ဂိုလ်​တစ်ပါး​ဖြစ်​ကြောင်း အစောပိုင်း​ခရစ်ယာန်​များ ယုံကြည်​စိတ်ချ​ခဲ့