မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေရှုသက်တော်ထင်ရှားခဲ့ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားလော

ယေရှုသက်တော်ထင်ရှားခဲ့ကြောင်း ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားလော

ယေရှု​သက်​တော်​ထင်ရှား​ခဲ့​ကြောင်း ရှေးဟောင်း​သုတေသန​ဆိုင်ရာ​အထောက်အထား​လော

“ယေရှု​သက်​တော်​ထင်ရှား​ခဲ့​ကြောင်း သက်သေပြ​သည့်​ကျောက်စာ။” ကျမ်း​ဆိုင်ရာ​ရှေးဟောင်း​သုတေသန​သုံးသပ်ချက် (နိုဝင်ဘာ/ဒီဇင်ဘာ ၂၀၀၂) စာစောင်​၏​မျက်နှာဖုံး​က ထိုသို့​ဆို​သည်။ အဆိုပါ​မျက်နှာဖုံး​ပေါ်​ရှိ ရုပ်ပုံ​မှာ အစ္စရေး​နိုင်ငံ​တွင်​တွေ့ရှိ​ခဲ့​သော ထုံး​ကျောက်​အရိုး​အိုး​တစ်လုံး​ဖြစ်သည်။ အရိုး​အိုး​များ​ကို ဘီ.စီ.အီး. ပထမ​ရာစု​နှင့် စီ.အီး. ၇၀ အတွင်း ဂျူး​တို့ များစွာ​အသုံးပြု​ခဲ့​ကြသည်။ ဤ​အရိုး​အိုး​ကို အထူးသဖြင့် ထူးခြား​စေ​သည်​မှာ တစ်ဖက်​တွင်​ပါ အာရမိတ်ကမ္ပည်းအက္ခရာများ​ဖြစ်၏။ ၎င်း​က “ဂျိမ်းစ်၊ ဂျိုးဇက်​၏​သား၊ ဂျီး​ဇ​က်စ်​၏​ညီ” ဖြစ်​ကြောင်း ပညာရှင်​တို့​က ဆို​သည်။

သမ္မာကျမ်းစာ​အရ နာဇရက်​မြို့သား​ယေရှု​တွင် မာရိ​၏​ခင်ပွန်း​ဖြစ်သူ ယောသပ်​၏​သား​ဟု ယူမှတ်​ထားခဲ့​ကြသော ယာကုပ်​အမည်​ရှိ ညီ​တစ်ဦး​ရှိ၏။ ယေရှုသည် သူ၏​နေရင်း​မြို့တွင် ဟောပြော​သွန်သင်သော​အခါ အလွန်​အံ့အားသင့်​စွာ​ဖြင့် ပရိသတ်​က “သူသည် လက်သမား​သား​မဟုတ်ပေ​လော။ သူ့​အမိ​ကား မာရိ​အမည်​ရှိသည်​မဟုတ်လော။ သူ့​ညီ​ကား၊ ယာကုပ်၊ ယော​သေ၊ ရှိမုန်၊ ယုဒ​ဟု ဆို​ကြသည်​မဟုတ်လော။ သူ့​နှမ​များ​တို့သည်​လည်း ငါ​တို့​နှင့် အနီးအပါး​နေကြ​သည်မဟုတ်​လော” ဟု​မေးမြန်းခဲ့​သည်။—မဿဲ ၁၃:၅၄-၅၆; လုကာ ၄:၂၂; ယောဟန် ၆:၄၂

မှန်ပါသည်၊ အရိုး​အိုး​တွင်​ပါ​သော ကမ္ပည်း​အက္ခရာ​သည် နာဇရက်​မြို့သား​ယေရှု၏ ဘဝ​နောက်ခံ​နှင့် ကိုက်ညီ​ပုံ​ရှိသည်။ ထို​ကမ္ပည်း​အက္ခရာ​၌ ဖော်ပြ​ထားခဲ့​သော ယာကုပ်​သည် ယေရှု​ခရစ်​၏ မိတူဖကွဲ​ညီ​ဖြစ်​ခဲ့​မည်​ဆိုလျှင် ယင်းသည် “ယေရှု​နှင့်​ပတ်သက်​၍ ကျမ်းစာ​ပြင်ပ ရှေးအကျဆုံး ရှေးဟောင်း​သုတေသန​ဆိုင်ရာ​အထောက်အထား” ဖြစ်​လိမ့်​မည်​ဟု ရှေး​ကမ္ပည်း​အက္ခရာ​ပါရဂူ​ဖြစ်သည့်​အပြင် အထက်​ဖော်ပြ​ပါ ကျမ်း​ဆိုင်ရာ​ရှေးဟောင်း​သုတေသန​သုံးသပ်ချက် တွင်​ရှိ​ဆောင်းပါး​ရှင် အန္ဒြေ လ​မဲ​ရ်​က အခိုင်အမာ​ဆို​သည်။ အဆိုပါ​မဂ္ဂဇင်း​၏​အယ်ဒီတာ ဟာ​ရှဲ​လ် ရှ​န့်ခ်စ်​က ထို​အရိုး​အိုး​သည် “ကမ္ဘာ​ပေါ် အသက်ရှင်ခဲ့သမျှ​သူတို့တွင် အရေးပါဆုံး​ပုဂ္ဂိုလ်​နှင့်​ပတ်သက်​၍ တို့​ထိ​မြင်တွေ့​နိုင်သော​ပစ္စည်း​တစ်ခု​ဖြစ်၏” ဟု​ဆို​သည်။

သို့သော်လည်း ထို​အရိုး​အိုး​ပေါ် ထိုး​ထားသော​ကမ္ပည်း​ကျောက်စာ​ပါ နာမည်​သုံးမျိုး​သည် ပထမ​ရာစု​မှ လူ​အတော်များများ ခံယူ​ခဲ့​ကြ​သည့်​နာမည်​များ​ဖြစ်သည်။ သို့​နှင့် ယေရှု​ခရစ်​၏​မိသားစု​အပြင် ယာကုပ်၊ ယောသပ်​နှင့် ယေရှု​ဟူသော​နာမည်​များ​ရှိသည့် အခြား​မိသားစု​တစ်စု​လည်း ဖြစ်​နိုင်​ပေ​သည်။ လ​မဲ​ရ်​က ဤသို့​ခန့်မှန်း​လိုက်​သည်– “ယေရုရှလင်​မြို့တွင် စီ.အီး. ၇၀ မတိုင်မီ​က လူမျိုးဆက်​နှစ်ဆက်​တွင် . . . ဖြစ်​နိုင်​ဖွယ်​ရာ​မှာ ‘ဂျိမ်းစ်/ယာကုပ်၊ ဂျိုးဇက်​၏​သား၊ ဂျီး​ဇ​က်စ်​၏​ညီ’ ဟု​ခေါ်ဆို​နိုင်​သူ လူပေါင်း ၂၀ ခန့် ရှိသည်။” မည်သို့​ပင်​ဆို​စေ အရိုး​အိုး​ပေါ်​အမည်​ပါရှိ​သူ ယာကုပ်​သည် ယေရှု​ခရစ်​၏​မိတူဖကွဲ​ညီ ဖြစ်​နိုင်​ခြေ ၉၀ ရာခိုင်နှုန်း​ရှိ၏​ဟု သူ​ယူဆ​သည်။

၎င်း​ကမ္ပည်း​စာပါ ယာကုပ်​သည် ယေရှု​ခရစ်​၏​မိတူဖကွဲ​ညီ ဖြစ်​နိုင်​ခြေ​ရှိ၏​ဟု အချို့​ယူမှတ်​သည့်​နောက်​အကြောင်း​တစ်ခု​ရှိသည်။ ထိုသို့​သော​ကမ္ပည်း​ကျောက်စာ​များ​တွင် သေဆုံး​သူ၏​ဖခင်​အမည်​ကို ဖော်ပြ​လေ့​ရှိသော်လည်း ၎င်း​၏​ညီ/အစ်ကို​တော်​သူ​တစ်ဦး​အမည်​ကို ဖော်ပြ​လေ့​မရှိ​ချေ။ သို့​ဖြစ်၍ ယေရှု​အမည်​ရှိသူ​သည် အရေးပါသော​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်​ရမည်၊ ထို​ပုဂ္ဂိုလ်​သည် ခရစ်ယာန်ဘာသာ​တရားကို​တည်ထောင်​ခဲ့​သူ ယေရှု​ခရစ်​ပင်​ဖြစ်​ရမည်ဟု ပညာရှင်​အချို့​ယုံကြည်​ကြ​ခြင်း​ဖြစ်၏။

ထို​အရိုး​အိုး​သည် အစစ်အမှန်​ဖြစ်ပါ​သလော

အရိုး​အိုး​ဟူသည်​အဘယ်နည်း။ ၎င်း​သည် သေတ္တာ​တစ်ခု​ဖြစ်​ပြီး သင်္ချိုင်းဂူ​တွင်​မြှုပ်​ထားသော ကွယ်လွန်​သူ​တစ်ဦး၏​အလောင်း ပုပ်ပျက်​သွားပြီး​နောက် သူ၏​အရိုးများ​ကို​ကောက်​၍ ထည့်​ထားသော​ပစ္စည်း​တစ်ခု​ဖြစ်သည်။ ယေရုရှလင်​မြို့အနီး​တစ်ဝိုက်​ရှိ သင်္ချိုင်း​များ​မှ အရိုး​အိုး​များစွာ အခိုးခံ​ခဲ့​ရသည်။ ယာကုပ်​၏​ကမ္ပည်း​စာပါ​အိုး​သည် တရားဝင်​တူးဖော်​ရာ​နေရာတစ်ခု​မှ ရသည်​မဟုတ်ဘဲ ရှေးဟောင်း​ပစ္စည်း​ဈေး​တစ်ခု​မှ ရရှိခဲ့​ခြင်း​ဖြစ်သည်။ အဆိုပါ​ရှေးဟောင်း​ပစ္စည်း​ပိုင်ရှင်​က ၁၉၇၀ ပြည့်လွန်​နှစ်များ​တွင် ၎င်းကို ဒေါ်လာ​ရာ​ကျော်​မျှ​ဖြင့်​သာ ဝယ်ယူ​ခဲ့​သည်​ဟု​ဆို​၏။ သို့ဖြင့် ထို​အရိုး​အိုး​၏​အစ​ကို သိ​သူ​နည်း​သည်။ “ရှေးဟောင်း​ပစ္စည်း​တစ်ခု​ကို မည်သည့်​နေရာ​မှ​ရသည်၊ အနှစ် ၂,၀၀၀ နီးပါး ၎င်း​သည် အဘယ်​နေရာတွင်​ရှိခဲ့​သည်ကို မဖော်​ပြ​နိုင်​လျှင် အဆိုပါ​ပစ္စည်း​နှင့် ၎င်း​က​ဖော်ပြ​ကောင်း​ဖော်ပြ​မည့်​သူတို့သည် အဆက်အစပ်​ရှိ၏​ဟု မဆို​နိုင်​ချေ” ဟု နယူးယောက်၊ ဘာ့ဒ်​ကောလိပ်​မှ ပါမောက္ခ ဘ​ရူစ် ချေလ်တန်​က ပြော​သည်။

ရှေးဟောင်း​သုတေသန​ဆိုင်ရာ​နောက်ခံ​မရှိခြင်း​ကို ထေ​မိ​ရန် အန္ဒြေ လ​မဲ​ရ်​က ထို​အရိုး​အိုး​ကို အစ္စရေး​ဘူမိဗေဒ​စိစစ်​ရေး​ဌာန​သို့ ပို့လိုက်​သည်။ ထို​တွင် သုတေသီ​တို့​က အဆိုပါ​အရိုး​အိုး​သည် စီ.အီး. ပထမ သို့​မဟုတ် ဒုတိယ​ရာစုနှစ်​မှ ထုံး​ကျောက်​ဖြင့်​ပြုလုပ်​ထား​ကြောင်း ထောက်ခံ​ခဲ့​ကြသည်။ သူတို့က “ခေတ်မီ​တန်ဆာပလာ သို့​မဟုတ် ကိရိယာ​တို့ကို အသုံးပြု၍ လုပ်ထား​သည့်​ခြေရာလက်ရာ​ကို မ​တွေ့ရ” ကြောင်း အစီရင်ခံ​ခဲ့​သည်။ သို့​တိုင် သည်​နယူးယောက်​တိုင်းမ်​စ် တွေ့ဆုံ​မေးမြန်းခဲ့​သော ကျမ်းစာ​ပညာရှင်​တို့​က ယေရှု​နှင့်​ကွင်းဆက်​ရှိ၏​ဟု​ထောက်ခံ​သော အခြေအနေ​ဆိုင်ရာ​အထောက်အထား​သည် ဖြစ်​နိုင်​ခြေ​ရှိသော်လည်း ၎င်း​သည် အခြေအနေ​ဆိုင်ရာ​အထောက်အထား​မျှ​သာ​ဖြစ်သည်” ဟု​ရှင်းလင်း​ဖော်ပြ​ခဲ့​ကြသည်။

တိုင်းမ်​စ်​မဂ္ဂဇင်းက “ဤ​ခေတ်​ကာလ​တွင် ပညာတတ်​အားလုံးနီးပါး ယေရှု​သက်​တော်​ထင်ရှား​ရှိခဲ့​ကြောင်းကို သံသယ​မရှိကြ​ချေ” ဟု​အစီရင်ခံ​သည်။ သို့​ဖြစ်​လျက်​ပင် လူအများ​က ယေရှု​သက်​တော်​ထင်ရှား​ခဲ့​ကြောင်းကို သမ္မာကျမ်းစာ​အပြင် သက်သေထူ​သည့် အထောက်အထား​ရှိ​ရန်လို​သည်​ဟု ယူမှတ်​ကြသည်။ ယေရှု​ခရစ်​ကို​ယုံကြည်​ရန် ရှေးဟောင်း​သုတေသန​ပညာ​အပေါ် အခြေပြု​ရမည်​လော။ “ကမ္ဘာ​ပေါ် အသက်ရှင်ခဲ့သမျှ​သူတို့တွင် အရေးပါဆုံး​ပုဂ္ဂိုလ်” ၏ ရာဇဝင်​သမိုင်းဝင်​မှု​နှင့်​စပ်လျဉ်း၍ အဘယ်​အထောက်အထား​ရှိ​သနည်း။

[Picture Credit Lines on page 3]

Left, James Ossuary: AFP PHOTO/J.P. Moczulski; right, inscription: AFP PHOTO/HO