မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လူခပ်သိမ်း၏ကောင်းကွက်ကို ရှာလော့

လူခပ်သိမ်း၏ကောင်းကွက်ကို ရှာလော့

လူ​ခပ်သိမ်း​၏​ကောင်းကွက်​ကို ရှာ​လော့

“အို​အကျွန်ုပ်၏​ဘုရားသခင် ကျေးဇူးပြု​ပါ​မည်​အကြောင်း [“ကောင်းကွက်​အတွက်၊” က​ဘ] အကျွန်ုပ်​ကို အောက်မေ့​တော်​မူ​ပါ။”—နေဟမိ ၁၃:၃၁

၁။ ယေဟောဝါ​သည် လူ​ခပ်သိမ်း​အပေါ် မည်သို့​ကောင်းမှု​ပြု​သနည်း။

ညှို့​မှိုင်း​အုံ့ဆိုင်း​နေသော နေ့ရက်​များ​လွန်ပြီး​နောက် နေ​ပွင့်​စ​ပြု​လာ​၏။ လူတို့သည် စိတ်အားတက်​ကြွ ကြည်နူး​လာ​ကြ​၏။ ထို​နည်းတူ၊ ရှည်ကြာ​သည့် ချစ်ချစ်တောက်​ပူပြင်း​သော ခြောက်သွေ့​ရာသီ​ကုန်​ပြီး​နောက် မိုး​တစ်​ပြို​က်​နှစ်​ပြို​က်—သည်းထန်​စွာ—ရွာ​ချ​လိုက်ခြင်း​သည် စိတ်​ကို​လန်းဆန်း​ပေါ့ပါး​သွား​စေ​သည်။ ကျွန်ုပ်​တို့၏​မေတ္တာ​ရှိ​ဖန်ဆင်း​ရှင် ယေဟောဝါ​သည် ဤသို့​သော​အံ့မခန်းဖွယ် ရာသီဥတု​ရရှိစေရန် ကမ္ဘာ​မြေကြီးကို ပုံစံ​ပြု​ခဲ့​သည်။ ယေရှု​က “သင်တို့၏​ရန်သူ​တို့ကို ချစ်​ကြလော့။ သင်တို့ကို ကျိန်ဆဲ​သော​သူတို့အား မေတ္တာ​ပို့​ကြလော့။ သင်တို့ကို မုန်း​သော​သူတို့အား ကျေးဇူးပြု​ကြလော့။ သင်တို့ကို နှောင့်ယှက်​ညှဉ်းဆဲ​သော​သူတို့​အဖို့ ဘုရားသခင်​ကို ဆုတောင်း​ကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌​ရှိတော်မူသော သင်တို့​အဘသည် ကောင်းသော​သူ၊ မကောင်းသော​သူတို့​အပေါ်​၌ ကိုယ်တော်​၏​နေကို ထွက်​စေတော်မူ​၏။ ဖြောင့်မတ်​သော​သူ၊ မဖြောင့်မတ်​သော​သူတို့​အပေါ်​၌ မိုး​ကို​ရွာ​စေတော်မူ​၏” ဟုသွန်သင်ပေး​သောအခါ ဘုရားသခင်​၏​ရက်ရောမှု​ကို အာရုံစိုက်​စေ​ခဲ့​သည်။ (မဿဲ ၅:၄၃-၄၅) မှန်​၏၊ ယေဟောဝါ​သည် လူ​ခပ်သိမ်း​အပေါ် ကောင်းမှု​ပြု​၏။ ကိုယ်တော်​၏​ကျေးကျွန်​များသည် သူတစ်ပါး​၏​ကောင်းကွက်​ကို ရှာ​ခြင်း​ဖြင့် ကိုယ်တော့်​ကို ကြိုးစား​တုပ​သင့်​သည်။

၂။ (က) အဘယ်အရာ​ပေါ် အခြေပြု​၍ ယေဟောဝါ ကောင်းမှု​ပြု​သနည်း။ (ခ) ယေဟောဝါ​သည် မိမိ၏​ရက်ရောမှု​အပေါ် ကျွန်ုပ်​တို့​တုံ့ပြန်​ပုံ​နှင့်​စပ်လျဉ်း၍ ဘာကို​သတိပြု​တော်​မူ​သနည်း။

အဘယ်အရာ​ပေါ် အခြေပြု​၍ ယေဟောဝါ ကောင်းမှု​ပြု​သနည်း။ အာဒံ အပြစ်ပြု​ပြီး​ကတည်းက ယေဟောဝါ​သည် လူတို့၏​ကောင်းကွက်​ကို​ရှာ​ရန် မပျက်ကွက်​ခဲ့​ချေ။ (ဆာလံ ၁၃၀:၃၊ ၄) ကိုယ်တော်​၏​ရည်ရွယ်ချက်မှာ နာခံမှု​ရှိသော​လူသား​တို့ ပရဒိသု​တွင် ပြန်လည်​အသက်ရှင်နေ​ထိုင်​ရန် ဖြစ်သည်။ (ဧဖက် ၁:၉၊ ၁၀) ကိုယ်တော်​ထံ​မှ မခံစားထိုက်သော အကြင်နာတရား​သည် ကတိထားရာ​မျိုးနွယ်တော်​အားဖြင့် အပြစ်​နှင့်​မစုံလင်မှု​တို့​မှ လွတ်မြောက်​ရန် အလားအလာ​ရရှိစေ​သည်။ (ကမ္ဘာဦး ၃:၁၅; ရောမ ၅:၁၂၊ ၁၅) ရွေးနုတ်ဖိုး​အစီအစဉ်ကို လက်ခံခြင်း​သည် နောက်ဆုံး​၌ စုံလင်ခြင်း​အဖြစ်သို့​ရောက်​ရန် လမ်းဖွင့်​ပေး​လိုက်​၏။ ယခု ကျွန်ုပ်​တို့​တစ်ဦးစီ​ကို ယေဟောဝါ ဂရုစိုက်​ကြည့်ရှု​နေရာများ​ထဲ​မှ​တစ်ခု​မှာ ကိုယ်တော်​၏​ရက်ရောမှု​အပေါ် ကျွန်ုပ်​တို့၏ တုံ့ပြန်​ပုံ​ဖြစ်သည်။ (၁ ယောဟန် ၃:၁၆) ကိုယ်တော်​၏​ကောင်းမှု​အတွက် ကျွန်ုပ်​တို့၏​ကျေးဇူး​တင်​လေးမြတ်မှု​ကို မည်သည့်​နည်းဖြင့်​ပင်​ဖော်ပြ​ပါစေ ကိုယ်တော်​သတိပြု​တော်​မူ​သည်။ “နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည် မေ့လျော့​သည်​တိုင်အောင် အဓမ္မအမှု​ကို ပြု​တော်​မူ​သည်မဟုတ်” ဟု​တမန်​တော်​ပေါလု​ရေးသားခဲ့​သည်။—ဟေဗြဲ ၆:၁၀

၃။ အဘယ်​မေးခွန်း​ကို သုံးသပ်​သင့်​သနည်း။

သို့​ဖြစ်​လျှင် ကျွန်ုပ်​တို့သည် တခြား​သူများ​၏​ကောင်းကွက်​ကို ရှာ​ရာ​တွင် ယေဟောဝါ​ကို မည်သို့​တုပ​နိုင်​သနည်း။ ဘဝ​ကဏ္ဍ​လေးခု​ဖြစ်သည့် (၁) ခရစ်ယာန်​ဓမ္မ​အမှု၊ (၂) မိသားစု၊ (၃) အသင်းတော်၊ (၄) အခြား​သူများ​နှင့်ဆက်ဆံ​ရေး​တို့​တွင် အဆိုပါ​မေးခွန်း​၏​အဖြေ​များ​ကို သုံးသပ်ကြည့်​ကြ​စို့။

ဟောပြောခြင်း​နှင့် တပည့်​ဖြစ်စေ​ခြင်း​တွင်

၄။ ခရစ်ယာန်​ဓမ္မ​အမှု​တွင်​ပါဝင်ခြင်း​သည် သူတစ်ပါး​၏​ကောင်းကွက်​ရှာ​နည်း​တစ်နည်း မည်သို့​ဖြစ်သနည်း။

ဂျုံ​စပါး​နှင့်​တောပင် ပုံ​ဥပမာ​၏​အဓိပ္ပာယ်​ကို တပည့်​များ​မေး​သောအခါ ယေရှု​က “လယ်​ကား ဤ​လောက​ဖြစ်၏” ဟု မိန့်ဆိုခဲ့သည်။ ခရစ်တော်​၏​မျက်မှောက်ခေတ် တပည့်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ခရစ်ယာန်​ဓမ္မ​အမှု​တွင် ပါဝင်​စဉ် ဤ​အမှန်တရားကို အသိအမှတ်ပြု​ကြ​၏။ (မဿဲ ၁၃:၃၆-၃၈; ၂၈:၁၉၊ ၂၀) ကျွန်ုပ်​တို့၏​လယ်ကွင်း​ဓမ္မ​အမှု​တွင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို လူထုရှေ့​ကြေညာ​ခြင်း​ပါဝင်​သည်။ ယခု ယေဟောဝါသက်သေ​များသည် တစ်အိမ်​မှ​တစ်အိမ်၊ လမ်းများ​ပေါ် အမှုဆောင်ခြင်း​အတွက် နာမည်ကြီး​လျက်​ရှိသည့်​အချက်​က​ပင် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား​နှင့် ထိုက်တန်​သူများကို ရှာဖွေခြင်း​လုပ်ငန်း​၌ ကျွန်ုပ်​တို့၏​ဇွဲ​လုံ့လ​ကို ဖော်ပြ​၏။ ယေရှု​က “မည်သည့်​မြို့၊ မည်သည့်​ရွာ​သို့​ဝင်​လျှင် ထို​မြို့ရွာ​၌ အဘယ်​မည်​သော​သူသည် ထိုက်တန်​သနည်း​ဟု မေးမြန်း (“ရှာဖွေ၊” က​ဘ)” ကြလော့​ဟု သွန်သင်​ပေး​ခဲ့​သည်။—မဿဲ ၁၀:၁၁; တမန်​တော် ၁၇:၁၇; ၂၀:၂၀

၅၊ ၆။ ကျွန်ုပ်​တို့သည် အိမ်များ​သို့ ထပ်ခါတလဲ​လဲ​လည်ပတ်​ရန် အဘယ်ကြောင့် ဇွဲရှိ​ရမည်​နည်း။

လူ​တို့​ထံ ဖိတ်ခေါ်​မခံရ​ဘဲ ရောက်သွား​သောအခါ ကျွန်ုပ်​တို့၏​သတင်းတရား​အပေါ် သူတို့၏​တုံ့ပြန်​ပုံ​ကို ကျွန်ုပ်​တို့​သတိပြုမိ​ကြ​ပေမည်။ တစ်ခါတစ်ရံ အိမ်သား​တစ်ဦး​က နားထောင်​နေစဉ် နောက်​တစ်ဦး​က “စိတ်မဝင်စား​ဘူး” ဟု​အော်ပြော​လိုက်​သည့်​အခါ စကား​စ​ပြတ်​သွား​သည်ကို ကျွန်ုပ်​တို့​တွေ့ရ​တတ်၏။ လူတစ်ဦး​၏​ကန့်ကွက်​မှု သို့​မဟုတ် စိတ်မဝင်စား​မှု​က နောက်​တစ်ဦး၏​တုံ့ပြန်မှု​ကို ထိခိုက်​စေသည့်​အတွက် ကျွန်ုပ်​တို့​စိတ်မကောင်း​ဖြစ်​ရ၏! သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် လူ​ခပ်သိမ်း​၏​ကောင်းကွက်​ကို အမြဲ​ရှာ​နိုင်​ရန် မည်သို့​လုပ်ဆောင်​နိုင်​သနည်း။

ထို​ဒေသ​တွင် ကျွန်ုပ်​တို့​ဟောပြောသော​အခါ အဆိုပါ​အိမ်​သို့ နောက်​တစ်ခေါက်​လည်ပတ်ခြင်း​သည် ယခင်​တစ်ခေါက်​က စကား​စ​ဖြတ်လိုက်​သူနှင့် တိုက်ရိုက်​စကားပြော​ခွင့် ရ​ပေမည်။ ထို​အချိန်​က ဖြစ်ပျက်​ခဲ့​ရာ​ကို အမှတ်ရခြင်း​က အသင့်ပြင်​ဆင်​ဖို့ အထောက်အကူ​ရနိုင်​၏။ ကန့်ကွက်​သူသည် ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား နားထောင်​နေသူကို စိတ်ရင်းမှန်​ဖြင့် ဟန့်တား​ခြင်း​ဖြစ်​ပေမည်။ ကျွန်ုပ်​တို့၏ ရည်ရွယ်ချက်များ​နှင့်​ပတ်သက်​၍ မဟုတ်မမှန်​သတင်းက သူ၏​အမြင်ကို ပုံသွင်း​ထားခြင်း​ဖြစ်​ကောင်း​ဖြစ်​နိုင်၏။ သို့သော် ထို​အိမ်​တွင် ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဇွဲရှိ​ရှိ ဟောပြောရန်၊ အထင်လွဲ​မှား​မှုများ​ကို ပါးနပ်​စွာ ကြိုးစား​ပြုပြင်ပေး​ရန် ကျွန်ုပ်​တို့ကို တားဆီး​နိုင်​မည်​မဟုတ်​ချေ။ ကျွန်ုပ်​တို့သည် ဘုရားသခင်​နှင့်​ဆိုင်သော တိကျ​မှန်ကန်​သည့်​အသိပညာကို လူ​ခပ်သိမ်း​သိရှိ​လာ​စေရန် ကူညီပေး​လို​ကြသည်။ ထို့နောက် ယေဟောဝါ​သည် ထို​လူကို မိမိ​ထံ​သွေးဆောင်​ကောင်း သွေးဆောင်​လိမ့်​မည်​ဖြစ်သည်။—ယောဟန် ၆:၄၄; ၁ တိမောသေ ၂:၄

၇။ လူ​တို့​ထံ ကျွန်ုပ်​တို့​ချဉ်းကပ်​သောအခါ အပြုသဘော​ရှိစေရန် အဘယ်အရာက အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

တပည့်​များ​ကို ယေရှု​မိန့်မှာချက်​များ​တွင် မိသားစု​အတိုက်အခံ​အကြောင်းလည်း​ပါ​သည်။ “အဘ​နှင့်​သား၊ အမိ​နှင့်​သမီး၊ ယောက္ခမ​နှင့်​ချွေး​မ၊ အချင်းချင်း​ကွဲပြား​စေခြင်း​ငှာ ငါ​လာ​သတည်း” ဟု​ကိုယ်တော်​မိန့်ဆိုခဲ့သည်​မဟုတ်လော။ “ကိုယ်​အိမ်သူအိမ်သား​တို့သည်​လည်း ကိုယ်​ရန်သူ​ဖြစ်​ကြလိမ့်မည်” ဟု​လည်း ယေရှု​ထပ်ဆင့်​ဆို​ပြန်​သည်။ (မဿဲ ၁၀:၃၅၊ ၃၆) သို့​တိုင် အခြေအနေ​နှင့် စိတ်သဘောထား ပြောင်းလဲ​တတ်၏။ ရုတ်တရက်​ဖျားနာခြင်း၊ ဆွေမျိုး​တစ်ဦး​ကွယ်လွန်​ခြင်း၊ ဘေးဒဏ်​များ၊ စိတ်​အကျဉ်း​အကျပ်​များနှင့် မရေမတွက်​နိုင်သော တခြား​အကြောင်း​များ​ကြောင့် ကျွန်ုပ်​တို့၏​ဟောပြောခြင်း​အပေါ် လူတို့၏​တုံ့ပြန်မှု ပြောင်းလဲ​သွား​နိုင်​သည်။ ကျွန်ုပ်​တို့၏​ဟောပြောခြင်းကို လူ​တို့ တုံ့ပြန်​ကြ​မည်​မဟုတ်​ဟု အပျက်သဘော ထား​မည်​ဆိုလျှင် သူတို့၏​ကောင်းကွက်​ကို ကျွန်ုပ်​တို့ အမှန်တကယ်​ရှာနေ​ရာ​ကျ​ပါသလော။ နောက်​တစ်ကြိမ်​တွင် သူတို့၏​အိမ်​သို့ အားရ​ရွှင်လန်းစွာ ပြန်လည်ပတ်​ကြည့်​ပါ​လေ။ တုံ့ပြန်မှု​မတူ​သည်ကို ကျွန်ုပ်​တို့​တွေ့ရ​ပေမည်။ တစ်ခါတစ်ရံ ကျွန်ုပ်​တို့​ပြောဆို​ရာ​သာမက ပြောဆို​ပုံ​ပြောဆို​နည်း​က တုံ့ပြန်မှု​ကို ပြောင်းလဲ​စေ​၏။ မဟောပြော​မီ ယေဟောဝါ​ထံ စိတ်အား​ထက်သန်​စွာ ဆုတောင်းခြင်း​သည် အပြုသဘော​ရှိ​ရန်​နှင့် နှစ်သက်ဖွယ်​နည်းဖြင့် လူ​ခပ်သိမ်း​ကို ဘုရားသခင့်​နိုင်ငံတော်​သတင်းတရား တင်ဆက်​ရန် အကူအညီ​ဖြစ်စေ​မည်​မှာ သေချာ​သည်။—ကောလောသဲ ၄:၆; ၁ သက်သာလောနိတ် ၅:၁၇

၈။ ခရစ်ယာန်​များသည် မယုံကြည်​သော​ဆွေမျိုး​များ​၏ ကောင်းကွက်​ကို ရှာ​သောအခါ အဘယ်​ရလဒ်​ရရှိနိုင်​သနည်း။

အသင်းတော်​အချို့​တွင် မိသားစု​တစ်စု​တည်း​မှ​အများစု​သည် ယေဟောဝါ​၏​အမှုတော်ကို ထမ်းဆောင်​ကြ​၏။ တစ်ခါတစ်ရံ လူငယ်များ​၏ ကြည်ညို​လေးစားမှု​ရစေ​သည့်​အချက်​မှာ မိသားစု​အတွင်း ကောင်းသော​ဆက်ဆံ​ရေး​ရှိပြီး အိမ်ထောင်​နှောင်ကြိုး​ခိုင်မြဲ​သည့် မိမိတို့​ထက်​အသက်ကြီးသူ မိသားစုဝင်​တစ်ဦး၏ မလျှော့​သော​ဇွဲ​ဖြစ်​ရာ ယင်းက လူငယ်များ​၏​နှလုံး ပြောင်းလဲ​သွား​စေ​သည်။ ခရစ်ယာန်​ဇနီး​များသည် တမန်​တော်​ပေတရု​၏​ဆုံးမ​စကား​ကို အလေးထား​လိုက်နာခြင်း​ဖြင့် “စကား​တစ်လုံး​မျှ​မပါဘဲ” ခင်ပွန်း​ပါ​လာရန် စွမ်းဆောင်​နိုင်​ခဲ့​သည်။—၁ ပေတရု ၃:၁၊ ၂က​ဘ။

မိသားစုတွင်

၉၊ ၁၀။ ယာကုပ်နှင့် ယောသပ်တို့​နှစ်ဦးစလုံး​သည် မိသားစု​၏​ကောင်းကွက်​ကို မည်သို့​ရှာယူ​ခဲ့​သနည်း။

မိသားစု​တစ်စု​ကို ပေါင်းစည်း​ထား​သည့် နှောင်ကြိုး​များသည် တခြား​သူများ​၏​ကောင်းကွက်​ကို ရှာယူ​နိုင်​သည့် ကဏ္ဍ​နောက်တစ်ခု​ဖြစ်၏။ သား​ဖြစ်သူ​များနှင့် ယာကုပ်​ဆက်ဆံပုံ​မှ သင်ခန်းစာ​တစ်ရပ်​ကို သုံးသပ်ကြည့်​ပါ။ ကမ္ဘာဦး​အခန်းကြီး ၃၇၊ အငယ် ၃ နှင့် ၄ တွင်​ယာကုပ်​သည် ယောသပ်​ကို အလွန်​ချစ်​မြတ်နိုး​ကြောင်း သမ္မာကျမ်းစာ​က​ဖော်ပြ​၏။ မွေးချင်း​များ​က ယောသပ်​ကို သေကြောင်းကြံ​ဖို့​အထိ​ပင် မနာလို​စိတ်ဝင်​ခဲ့​သည်။ သို့သော် နောက်ပိုင်း​တွင် ယာကုပ်နှင့် ယောသပ်တို့​၏ စိတ်​သဘောထားကို သတိပြုပါ။ သူတို့​နှစ်ဦးစလုံး​သည် မိသားစု​၏ ကောင်းကွက်​ကို ရှာ​ခဲ့​လေ​သည်။

၁၀ အီဂျစ်​ပြည် အစာ​ခေါင်းပါး​ချိန်​တွင် ရိက္ခာဝန်​မင်း​အဖြစ် ယောသပ် တာဝန်​ထမ်းဆောင်​နေသည့်​အခါ သူ၏​အစ်ကို​များ​ကို ကြိုဆို​လက်ခံခဲ့​၏။ ယောသပ်​သည် မိမိ​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ချက်ချင်း​မဖော်ပြသော်လည်း ဖခင်​အို​ကြီး​ကို သူတို့​ကောင်းစွာ​စောင့်ရှောက်​ကြောင်း​နှင့် အစာရေစာ​သယ်ဆောင်​သွား​ကြောင်း သေချာ​စေရန် ဉာဏ်​ကူ​လုပ်ဆောင်ခဲ့​သည်။ ယောသပ်​သည် သူတို့၏​မုန်းတီးမှု​ကို​ခံ​ခဲ့​ရ​သော်လည်း သူတို့​အကျိုးအတွက် ပြုလုပ်​ပေး​ခဲ့​၏။ (ကမ္ဘာဦး ၄၁:၅၃–၄၂:၈; ၄၅:၂၃) ထို​နည်းတူ​စွာ၊ ယာကုပ်​သေခါနီး​တွင် သူ၏​သား​အားလုံး​ရရှိ​မည့် ပရောဖက်ပြုချက်​ဆိုင်ရာ ကောင်းချီး​များ​ကို ပြောပြ​ခဲ့​သည်။ သူတို့၏​လုပ်ရပ်မှား​များ​ကြောင့် အထူး​အခွင့်အရေး​အချို့ ဆုံးရှုံး​ခဲ့​ကြသော်လည်း သူတို့​အားလုံး ပြည်တော်​တွင် အမွေခံ​ရမည်​ဖြစ်သည်။ (ကမ္ဘာဦး ၄၉:၃-၂၈) ဤ​တွင် အံ့ဖွယ်ကောင်း​လှ​သော တည်ကြည်​သည့်​မေတ္တာကို ယာကုပ်​ပြ​လိုက်ခြင်း​ဖြစ်သည်!

၁၁၊ ၁၂။ (က) မည်သည့်​ပရောဖက်ပြုချက်​ဆိုင်ရာ ပုံ​နမူနာ​သည် မိသားစု​အတွင်း ကောင်းကွက်​ရှာနေ​ခြင်း​၏ အရေးပါမှု​ကို အလေးအနက်​ဖော်ပြ​သနည်း။ (ခ) ယေရှု၏​ဖြုန်းတီးသော​သား ပုံ​ဥပမာ​တွင် ဖခင်​ဖြစ်သူ​၏​ပုံသက်သေ​မှ အဘယ်​သင်ခန်းစာ ရရှိ​သနည်း။

၁၁ ယုံကြည်ခြင်း​ကင်းမဲ့​သော ဣသရေလ​လူမျိုး​နှင့် ဆက်ဆံ​ရာ​တွင် ယေဟောဝါ​၏​စိတ်ရှည်ခြင်း​သည် မိမိလူ​မျိုး​၏​ကောင်းကွက်​ကို မည်သို့​ရှာယူ​ကြောင်း ထပ်ဆင့်​ထိုးထွင်း​သိမြင်​စေ​၏။ ယေဟောဝါ​သည် ပရောဖက်​ဟောရှေ​၏ မိသားစု​အခြေအနေ​ကို​သုံး​၍ မိမိ၏​မြဲမြံ​သော​မေတ္တာကို ဖော်ပြ​ခဲ့​သည်။ ဟောရှေ​၏​ဇနီး ဂေါမာ​သည် ထပ်ခါတလဲ​လဲ သူ့​သား​အိမ်ရာ​ပြစ်မှား​ခဲ့​သည်။ ထိုသို့​ဖြစ်နေ​သည့်​ကြား​မှ ယေဟောဝါ​က “ဣသရေလ​အမျိုးသား​တို့သည် အခြား​တစ်ပါး​သော​ဘုရား​တို့ကို ဖူးမြော်​၍ စပျစ်​သီး​ပျဉ်​ကို အလိုရှိ​သော်လည်း ထာဝရ​ဘုရား​ချစ်တော်မူ​သည်​နည်းတူ မိမိ​ခင်ပွန်း​၏​ချစ်ခြင်း​ကို​ခံ​လျက် မျောက်​မထား​သော မိန်းမကို​သွား​၍ ချစ်ဦး​လော့” ဟု​ဟောရှေ​ကို မိန့်မှာ​ခဲ့​သည်။ (ဟောရှေ ၃:၁) အဘယ်ကြောင့် ဤသို့​မိန့်မှာ​ရသနည်း။ ယေဟောဝါ​သည် မိမိ၏​လမ်းစဉ်​မှ သွေဖည်​သွားသော လူမျိုးတော်​မှ အချို့​သူများ​သည် မိမိ၏​စိတ်ရှည်ခြင်း​ကို တုံ့ပြန်​လိမ့်​မည်​ဟု သိရှိ​တော်​မူ​၏။ ဟောရှေ​က ဤသို့​အခိုင်အမာ​ဆို​ခဲ့​သည်– “ထို့နောက်​မှ ဣသရေလ​အမျိုးသား​တို့သည် ပြန်​လာ၍ သူတို့​ဘုရားသခင် ထာဝရ​ဘုရား​ကိုလည်း​ကောင်း၊ သူတို့​ရှင်ဘုရင်​ဒါဝိဒ်​ကိုလည်း​ကောင်း ရှာ၍ နောင်​ကာလ​၌ ကျေးဇူးတော်​ကို​ခံ​အံ့​သော​ငှာ ထာဝရ​ဘုရားထံ​တော်​သို့ တုန်လှုပ်​လျက် ပြေးကြ​လိမ့်​မည်။” (ဟောရှေ ၃:၅) ယင်းသည် မိသားစု​ပြဿနာ​များနှင့် ရင်ဆိုင်​ရသောအခါ ပြန်ပြောင်း​သတိရ​သင့်​သည့် ပုံ​နမူနာ​ကောင်း​တစ်ခု​ဖြစ်သည်​မှာ သေချာ​၏။ တခြား​အိမ်သား​များ​၏​ကောင်းကွက်​ကို ရှာနေ​ခြင်း​သည် စိတ်ရှည်ခြင်း​နှင့်​ပတ်သက်​၍ အနည်းဆုံး ပုံသက်သေ​ကောင်း ချမှတ်​နိုင်​လိမ့်​မည်။

၁၂ ယေရှု၏​ဖြုန်းတီးသော​သား​ပုံ​ဥပမာ​က ကျွန်ုပ်​တို့​မိသားစုတွင် ကောင်းကွက်​ရှာယူ​နိုင်​ပုံ​ကို ပို​၍​ပင် ထိုးထွင်း​သိမြင်​စေ​၏။ သားငယ်​သည် အသုံးအဖြုန်း​ကြီးသော​ဘဝကို စွန့်ပြီး​နောက် အိမ်သို့ပြန်​လာ​၏။ ဖခင်​သည် သူ့ကို သနား​ကြင်နာ​စွာ လက်ခံ​ကျွေးမွေး​လေ​သည်။ မိသားစုကို တစ်ခါမျှ​မစွန့်ခွာ​ခဲ့​ဖူး​သော သားကြီး​၏​မကျေမချမ်း​ပြောဆိုမှု​ကို ဖခင်​ဖြစ်သူ မည်သို့​တုံ့ပြန်​ခဲ့​သနည်း။ သားကြီး​ကို ရည်စူး၍ ဖခင်​က “ငါ့​သား၊ သင်သည် ငါ့​ထံ​မှာ​အစဉ်​နေ​၏။ ငါ​၏​ဥစ္စာ​ရှိသမျှသည် သင်၏​ဥစ္စာ​ဖြစ်၏” ဟု​ပြောဆို​ခဲ့​သည်။ ယင်းသည် မကျေမနပ်​ငြင်းပယ်​နေခြင်း​မဟုတ်ဘဲ ဖခင်​၏​မေတ္တာ​တရားကို အခိုင်အမာ​ပြောနေခြင်း​သာ​ဖြစ်သည်။ ဖခင်​က ဤသို့​ဆက်ဆို​သည်– “သင်၏​ညီ​မူ​ကား အထက်​က​သေ​၏၊ ယခု​ရှင်ပြန်​၏။ အထက်​က​ပျောက်​၏၊ ယခု​တွေ့​ပြန်​၏။ ထို​ကြောင့် ပျော်မွေ့​ဝမ်းမြောက်စရာ​အကြောင်း​ရှိ၏။” ထို​နည်းတူ​စွာ၊ ကျွန်ုပ်​တို့သည်​လည်း တခြား​သူများ​၏​ကောင်းကွက်​ကို ဆက်၍​ရှာ​နိုင်​ကြသည်။—လုကာ ၁၅:၁၁-၃၂

ခရစ်ယာန်​အသင်းတော်တွင်

၁၃၊ ၁၄။ ခရစ်ယာန်​အသင်းတော်တွင် မေတ္တာ​နှင့်​ဆိုင်သော ရွှေ​ပညတ်​ကို ကျင့်သုံး​နည်း​တစ်နည်း​ကား အဘယ်နည်း။

၁၃ ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် မေတ္တာ​နှင့်​ဆိုင်သော ရွှေ​ပညတ်​ကို ကျင့်သုံး​ရန် ပန်းတိုင်​ထား​ကြသည်။ (ယာကုပ် ၂:၁-၉) မှန်ပါသည်၊ ရုပ်ပစ္စည်း​အရ ကျွန်ုပ်​တို့သည် မိမိတို့​နှင့်​အခြေအနေ​မတူ​သည့် အသင်းတော်​သားများ​ကို ကြည်ဖြူ​စွာ​လက်ခံ​ပေမည်။ သို့သော် လူမျိုးရေး၊ ယဉ်ကျေးမှု သို့​မဟုတ် ဘာသာရေး​နောက်ခံ​အပေါ် မူတည်၍ ‘အဆင့်အတန်း​ခွဲခြား’ နေ​သလော။ သို့​ဆိုလျှင် ယာကုပ်​၏​ဆုံးမ​စကား​ကို မည်သို့​နှလုံး​သွင်း​နိုင်​မည်​နည်း။

၁၄ ခရစ်ယာန်​အစည်းအဝေး​တက်ရောက်သူ​အားလုံး​ကို ကြိုဆို​ခြင်း​သည် ကျွန်ုပ်​တို့၏​သဘောထားကြီး​မှု​ကို ထင်ရှားပြ​ရာ​ရောက်​၏။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ ရောက်ရှိ​လာ​ကြသော လူသစ်များ​ကို မိမိ​က​စ၍ စကားပြော​သောအခါ အစပိုင်း​တွင်​ဖြစ်တတ်​သည့် သူတို့၏​ရှက်ကြောက်စိတ် ပျောက်​သွား​နိုင်၏။ အချို့​သည် ခရစ်ယာန်​အစည်းအဝေး​တစ်ခု​ကို ပထမဦးဆုံး​အကြိမ် တက်ရောက်​ကြ​သူ​အချို့​က ဤသို့​ဆို​သည်– “လူတိုင်း​က အရမ်း​ဖော်ရွေ​ကြ​တာ​ပဲ။ လူတိုင်း​က ကျွန်မ​ကို သိနေ​ကြ​သလိုပဲ။ ကိုယ့်​အိမ်​ကိုယ့်​ရာ​လို​ပဲ ခံစား​မိတယ်။”

၁၅။ သက်ကြီးရွယ်အို​များ​ကို စိတ်ဝင်စားမှု​ပြ​ရန် အသင်းတော်​ရှိ လူငယ်များ​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

၁၅ အသင်းတော်​အချို့​ရှိ လူငယ်​တချို့​သည် အစည်းအဝေး​ပြီး​ချိန်​တွင် သက်ကြီးရွယ်အို​များနှင့် မပေါင်းသင်း​ဘဲ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၏ အတွင်း၊ အပြင်ဘက်​တွင် စုရုံး​နေတတ်​ကြသည်။ ဤ​တိမ်းယိမ်းမှု​ကို ပြုပြင်ပေး​ရန် အပြု​သဘောဖြင့် မည်သို့​ပြုလုပ်​ပေး​နိုင်​သနည်း။ ပထမ​တစ်ချက်​အနေ​နှင့် မိဘများ​က သားသမီး​များ​ကို အိမ်​တွင် လေ့ကျင့်ပေး​ပြီး အစည်းအဝေး​များ​အတွက် ကြိုတင်​ပြင်ဆင်​ပေး​ရန်ဖြစ်​သည်။ (သု. ၂၂:၆) အိမ်သား​အားလုံး အစည်းအဝေး​သွား​သည့်​အခါ ယူဆောင်​သွား​ရန်လို​သည့် စာအုပ်စာတမ်း​အမျိုးမျိုး အသင့်ရှိ​စေဖို့ သူတို့ကို တာဝန်​ပေး​နိုင်​သည်။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တွင် သက်ကြီးရွယ်အို၊ မမာ​မ​ကျန်း​ဖြစ်နေ​သူတို့နှင့် အနည်းငယ်​ပြောဆို​ဆွေးနွေး​ကြ​ရန် သားသမီး​များ​ကို အားပေး​တိုက်တွန်း​ဖို့ မိဘများသည် အကောင်းဆုံး​အနေအထား​တွင်​ရှိ၏။ ဤသို့​သော​သူများ​နှင့် ရည်ရွယ်ချက်​ရှိ​ရှိ စကားပြော​ဆိုနိုင်​ခြင်း​သည် ကလေး​များ​ကို ကျေနပ်​အားရ​စေနိုင်​သည်။

၁၆၊ ၁၇။ လူကြီး​များသည် အသင်းတော်​ရှိ​လူငယ်များ​၏ ကောင်းကွက်​ကို မည်သို့​ရှာယူ​နိုင်​သနည်း။

၁၆ သက်ကြီးရွယ်အို​ညီအစ်ကို၊ ညီအစ်မ​များသည် အသင်းတော်​ရှိ လူငယ်များ​ကို စိတ်ဝင်စား​သင့်​သည်။ (ဖိလိပ္ပိ ၂:၄) သူတို့က အစပြု​၍ လူငယ်များ​ကို အားပေး​စကားပြော​နိုင်​သည်။ အများအားဖြင့် အစည်းအဝေး​အတွင်း ထူးခြား​ပေါ်လွင်​ချက်​အချို့​ကို ဆွေးနွေး​တင်ပြ​သွား​တတ်၏။ အစည်းအဝေး​တွင် ပျော်​မပျော်၊ အထူး​ကျေးဇူး​တင်​လေးမြတ်​စ​ရာ​နှင့် လက်တွေ့​အသုံးချ​နိုင်​စ​ရာ အချက်​တ​ခု​ခု​ရှိမရှိ လူငယ်များ​ကို မေး​နိုင်​သည်။ အသင်းတော်​သားများ​ပင်​ဖြစ်သော ဤ​လူငယ်များ​ကို အစည်းအဝေး​တွင် သူတို့၏​အာရုံစိုက်မှု​အတွက် အသိအမှတ်​ပြုပြီး သူတို့၏​ဖြေဆို​မှုများ သို့​မဟုတ် အစီအစဉ်များ​တွင် သူတို့၏​ပါဝင်မှု​များ​အတွက် ချီးမွမ်း​ပေး​သင့်​သည်။ လူငယ်များ​က အသင်းတော်​ရှိ သက်ကြီးရွယ်အို​များနှင့် အပြန်အလှန်​ဆက်ဆံပုံ၊ အိမ်မှုကိစ္စ​အသေးအမွှား​များ​ကို ကူညီ​လုပ်ဆောင်ပေး​ပုံ​တို့​က နောက်ပိုင်း​တွင် သာ၍​ကြီးမားသော​တာဝန်​များ​ကို ကောင်းစွာ​ထမ်းဆောင်​နိုင်​ဖို့​အကြောင်း​ရှိသည်​ကို ဖော်ပြ​မည်​ဖြစ်သည်။—လုကာ ၁၆:၁၀

၁၇ လူငယ်​တချို့​သည် တာဝန်​လက်ခံခြင်း​အားဖြင့် သာ၍​အရေးကြီးသော​တာဝန်​များ​ကို လက်ခံ​နိုင်​သည့်​အထိ သူတို့၏​ဝိညာဉ်​ရေး​အရည်အသွေးများ တိုးတက်လာ​ကြသည်။ တာဝန်​တစ်ခုခု ရရှိ​ထားခြင်း​က မိုက်မဲ​သော​အပြုအမူကို မ​လုပ်မိ​စေရန်​လည်း အကူအညီ​ဖြစ်စေ​နိုင်​သည်။ (၂ တိမောသေ ၂:၂၂) ဤသို့​သော​တာဝန်​များသည် ခရစ်ယာန်​ဓမ္မ​အမှုထမ်း​အဖြစ် တက်လှမ်း​နေသော ညီအစ်ကို​များ​အား “စုံစမ်းခြင်း​ကို​ခံ” သကဲ့သို့​ဖြစ်၏။ (၂ တိမောသေ ၃:၁၀) အစည်းအဝေး​များ​တွင် သူတို့၏​တလိုတလား​ပါဝင်မှု၊ ခရစ်ယာန်​ဓမ္မ​အမှု​တွင် သူတို့၏​ထက်သန်မှု၊ အသင်းတော်​သား​အားလုံး​ကို သူတို့၏​ဂရုစိုက်​မှု​တို့​က သူတို့ကို ထပ်ဆင့်​တာဝန်​များ​ပေးအပ်​ဖို့ အကြီးအကဲ​များ​က ဆင်ခြင်​သုံးသပ်​သောအခါ သူတို့၏​အစွမ်းအစ​ကို ပိုင်းခြား​သိမြင်​စေနိုင်​၏။

လူ​ခပ်သိမ်း​၏​ကောင်းကွက်​ကို​ရှာ

၁၈။ စီရင်​ဆုံးဖြတ်​သောအခါ မည်သည့်​ထောင်ချောက်ကို ရှောင်​ရမည်​နည်း၊ အဘယ်ကြောင့်​နည်း။

၁၈ “တရား​တွေ့​မှု​စီရင်​ရာ​တွင် လူ​မျက်နှာကို မ​ထောက်​ကောင်း” ဟူ၍ နယပုံပြင် ၂၄:၂၃ က​အခိုင်အမာ​ဆို​၏။ အကြီးအကဲ​များသည် အသင်းတော်​ရေးရာ​ကိစ္စ​များ​ကို စီရင်​သောအခါ မျက်နှာ​လိုက်ခြင်း​ကို ရှောင်ကြဉ်​ရမည်ဟု ကောင်းကင်​ဉာဏ်ပညာ​က ညွှန်ကြား​သည်။ ယာကုပ်​က ဤသို့​ဆို​၏– “အထက်​မှ​သက်ရောက်​သော ပညာ​မူ​ကား၊ ရှေ့​ဦးစွာ စင်ကြယ်​၏။ ထို​မှတစ်ပါး၊ အသင့်အတင့်​နေတတ်​၏။ ဖြည်းညင်း​သော​သဘော​ရှိ၏။ သွေးဆောင်​လွယ်​၏။ ကရုဏာ​နှင့်​လည်းကောင်း၊ ကောင်းကျိုး​နှင့်​လည်းကောင်း ပြည့်စုံ​၏။ လျစ်လျူ​သော​စိတ်​ရှိ၏။ လျှို့ဝှက်​ခြင်း​နှင့်​ကင်းစင်​၏။” (ယာကုပ် ၃:၁၇) အကြီးအကဲ​များသည် တခြား​သူများ​၏ကောင်းကွက်​ကို ရှာနေ​စဉ် မိမိတို့၏​စီရင်​ဆုံးဖြတ်​မှု​ကို ပုဂ္ဂိုလ်ရေး​ဆက်ဆံမှု သို့​မဟုတ် စိတ်​လှုပ်ရှားမှု​နှင့် ရော​ထွေး​မသွား​မိ​စေရန်​လို​သည်။ ဆာလံဆရာ​အာသပ်​က “ဘုရားသခင်​သည် ဘုရား​တို့၏​ပရိသတ်​၌ ရပ်​လျက်​နေ​တော်​မူ​၍ ဘုရား​တို့ [လူ့​တရားသူကြီး​များ​ကို​ရည်ညွှန်း​သည့် “ဘုရား​ကဲ့သို့​သော​သူများ၊”] အလယ်​၌ စီရင်တော်မူ​၏။ သင်တို့သည် မတရားသော​သူတို့၏​မျက်နှာကို​ထောက်၍ အဘယ်မျှ​ကာလပတ်လုံး မတရား​သဖြင့် စီရင်​ကြ​မည်​နည်း” ဟု​ရေးသားခဲ့​သည်။ (ဆာလံ ၈၂:၁၊ ၂၊) ထိုသို့​နှင့်​အညီ ခရစ်ယာန်​အကြီးအကဲ​များသည် မိတ်ဆွေ သို့​မဟုတ် ဆွေမျိုး​တစ်ဦး​နှင့် ပါဝင်​ပတ်သက်​နေသည့် ကိစ္စရပ်​များ​တွင် မျက်နှာ​လိုက်​မှု​ကို ရှောင်ကြဉ်​ကြသည်။ ဤနည်းဖြင့် သူတို့သည် အသင်းတော်ကို ဆက်၍​စည်းလုံး​နေ​စေပြီး ယေဟောဝါ​၏​ဝိညာဉ်​တော်​ကို လွတ်လပ်​စွာ စီးဆင်း​စေ​ကြသည်။—၁ သက်သာလောနိတ် ၅:၂၃

၁၉။ မည်သည့်​နည်းဖြင့် ကျွန်ုပ်​တို့သည် တခြား​သူများ​၏​ကောင်းကွက်​ကို ရှာ​နိုင်​သနည်း။

၁၉ ကျွန်ုပ်​တို့၏​ညီအစ်ကို၊ ညီအစ်မ​များ​၏ ကောင်းကွက်​ကို ရှာ​ရာ​တွင် သက်သာလောနိတ်​အသင်းတော်​သို့ ပေါလု​စာရေး​စဉ်​က သူ၏​စိတ်ထား​ကို ကျွန်ုပ်​တို့ ရောင်ပြန်ဟပ်​ကြသည်။ သူက ဤသို့​ပြော​ခဲ့​သည်– “ငါ​တို့​ပညတ်​သည်​အတိုင်း သင်တို့သည် ယခု​ကျင့်​ကြ​၏။ နောက်​၌​လည်း ကျင့်​ကြလိမ့်မည်​ဟု သခင်​ဘုရား​ကို​အမှီပြု၍ ငါ​တို့သည် ယုံမှား​ခြင်း​မရှိ။” (၂ သက်သာလောနိတ် ၃:၄) အခြားသူများ​၏​ကောင်းကွက်​ကို ကျွန်ုပ်​တို့​ရှာ​သောအခါ သူတစ်ပါး​၏​အဆိုးကို​ကျော်​ပြီး အကောင်း​ကို သာ၍​မြင်တတ်​လာ​မည်။ အပြစ်ရှာ​လို​သည့်​စိတ်​ကို ရှောင်​ကာ ကျွန်ုပ်​တို့​ညီအစ်ကို​များ​၏ ချီးမွမ်း​နိုင်​စ​ရာ​ကောင်းကွက်​များ​ကို ရှာဖွေ​လိမ့်​မည်။ “ဘဏ္ဍာစိုး​မည်​သည်​ကား၊ သစ္စာရှိ​ရမည်” ဟု​ပေါလု​ရေးသားခဲ့​သည်။ (၁ ကောရိန္သု ၄:၂) သစ္စာရှိ​မှု​သည် အသင်းတော်​တာဝန် ရရှိ​ထား​သူများ​အတွက်သာ​မ​က​ဘဲ ကျွန်ုပ်​တို့ ချစ်​မြတ်နိုး​ရသည့် ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​အားလုံး​အတွက်​လည်း ဖြစ်သည်။ သို့ဖြင့် ကျွန်ုပ်​တို့သည် သူတို့နှင့် ပိုမို​ရင်းနှီး​ကာ ခရစ်ယာန်​ရင်းနှီးမှု​နှောင်ကြိုး ခိုင်မြဲ​လာ​လေ​သည်။ ပေါလု​ခေတ်​က ညီအစ်ကို​များ​ကို ပေါလု​ရှုမြင်​သကဲ့သို့ ကျွန်ုပ်​တို့​ရှုမြင်ကြ​၏။ သူတို့သည် “ဘုရားသခင်​၏​နိုင်ငံတော်​အဖို့ အမှုဆောင်​သော​သူ” များ​ဖြစ်​ပြီး ကျွန်ုပ်​တို့၏​စိတ်​ကို “သက်သာ​စေ​ကြ​၏။” (ကောလောသဲ ၄:၁၁) ဤနည်းဖြင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စိတ်​သဘောထားကို ထင်ရှားပြ​ကြသည်။

၂၀။ လူ​ခပ်သိမ်း​တွင် ကောင်းကွက်​ကို ရှာ​သော​သူများ​အတွက် မည်သည့်​ကောင်းချီး​များ ရရှိ​တော့​မည်​နည်း။

၂၀ နေဟမိ​၏​ဆုတောင်းချက်​အတိုင်း ကျွန်ုပ်​တို့ သံယောင်လိုက်​ကြသည်– “အို​အကျွန်ုပ်၏​ဘုရားသခင် ကျေးဇူးပြု​ပါ​မည်​အကြောင်း [“ကောင်းကွက်​အတွက်၊” က​ဘ] အကျွန်ုပ်​ကို​အောက်မေ့​တော်​မူ​ပါ။” (နေဟမိ ၁၃:၃၁) ယေဟောဝါ​သည် လူတို့၏​ကောင်းကွက်​ကို ရှာ​သည့်​အတွက် တကယ့်ကို​ဝမ်းသာစရာ​ပါ​တကား! (၁ ရာဇဝင်ချုပ် ၁၄:၁၃) တခြားသူ​များနှင့် ကျွန်ုပ်​တို့​ဆက်ဆံ​သည့်​အခါ ထို​နည်းတူ​လုပ်ဆောင်ကြပါ​လေ။ ထိုသို့​ပြုလုပ်ခြင်း​ဖြင့် ကျွန်ုပ်​တို့သည် ယခု အလွန်​နီးကပ်​လျက်​ရှိသော ကမ္ဘာသစ်​တွင် ကယ်တင်ခြင်း​နှင့် ထာဝရ​အသက်​ရရှိရန် အလားအလာ​ရှိကြ​၏။—ဆာလံ ၁၃၀:၃-၈

သင်​မည်သို့​ဖြေဆို​မည်​နည်း

ယေဟောဝါ​သည် မည်သည့်​အရာ​အပေါ် အခြေပြု​၍ လူ​ခပ်သိမ်း​ကို ကောင်းမှု​ပြု​သနည်း။

ကျွန်ုပ်​တို့သည် အခြားသူများ​တွင်​ကောင်းကွက်​ကို မည်သို့​ရှာ​နိုင်​သနည်း။

ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​တွင်

ကျွန်ုပ်​တို့၏​မိသားစုတွင်

ကျွန်ုပ်​တို့၏​အသင်းတော်တွင်

ကျွန်ုပ်​တို့​ဆက်ဆံ​နေ​သူအား​လုံး​အပေါ်​တွင်

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ယောသပ်​သည် အစ်ကို​များ​၏ မုန်းတီးခြင်း​ကို​ခံရ​သော်လည်း သူတို့၏​ကောင်းကွက်​ကို​ရှာ​ခဲ့

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

ဆန့်ကျင်​ကန့်ကွက်​မှု​သည် လူ​ခပ်သိမ်း​အား ကျွန်ုပ်​တို့ ကြိုးစား​ကူညီပေး​နေခြင်း​ကို မတားဆီး​နိုင်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယာကုပ်​သားများ​၏​နောက်ကြောင်း​က မည်သို့​ပင်​ဖြစ်ပါစေ၊ တစ်ယောက်​မကျန် ကောင်းချီး​ရရှိခဲ့

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ခရစ်ယာန်​အစည်းအဝေး​သို့ ရောက်ရှိ​လာ​သူအား​လုံး​ကို ကြိုဆို​လက်ခံပါ