“ကျွန်တော့်ရဲ့နှလုံးသားထဲက ဟာနေတဲ့နေရာကို ဒီစာအုပ်က ဖြည့်ပေးခဲ့တယ်”
“ကျွန်တော့်ရဲ့နှလုံးသားထဲက ဟာနေတဲ့နေရာကို ဒီစာအုပ်က ဖြည့်ပေးခဲ့တယ်”
“ယေဟောဝါထံချဉ်းကပ်လော့ ဆိုတဲ့ ရှုချင်စဖွယ်လက်ဆောင်အတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ယေဟောဝါရဲ့ချစ်မြတ်နိုးမှုကို ခံစားရဖို့လိုတဲ့ ကျွန်တော့်နှလုံးသားထဲက ဟာနေတဲ့နေရာကို အဲဒီစာအုပ်က ဖြည့်ပေးခဲ့တယ်။ အခုဆိုရင် ယေဟောဝါ၊ ကိုယ်တော်ချစ်မြတ်နိုးတဲ့ သားတော်တို့နဲ့ ပိုပြီးရင်းနှီးလာတယ်လို့ ခံစားရတယ်။ လူတိုင်းကို ဒီစာအုပ်အကြောင်း ပြောပြချင်တယ်၊ ပြီးတော့ ကျွန်တော်ချစ်မြတ်နိုးရတဲ့သူအားလုံးကို တစ်အုပ်စီ လက်ဆောင်ပေးချင်တယ်။” ၂၀၀၂/၀၃ ခုနှစ်အတွင်း ကျင်းပခဲ့သည့် “ထက်သန်သော ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများ” ခရိုင်စည်းဝေးကြီးတွင် ထုတ်ဝေခဲ့သော စာမျက်နှာ ၃၂၀ [လိပ်] ရှိ စာအုပ်အသစ်နှင့်ပတ်သက်၍ ယေဟောဝါသက်သေတစ်ဦး၏ ရင်တွင်းခံစားချက်ဖြစ်သည်။ ဤစာအုပ်အသစ်တွင်ပါသည့် ကဏ္ဍတချို့နှင့် ယင်းစာအုပ်ကို အဘယ်ကြောင့် ထုတ်ဝေရကြောင်း ဆန်းစစ်ကြည့်ကြပါစို့။
စာအုပ်အသစ်၏ကဏ္ဍတချို့
ဤစာအုပ်အသစ်တွင် အဘယ်အရာပါရှိသနည်း။ ဤစာစောင်၏ လေ့လာရန်ဆောင်းပါးနှစ်ခုတွင်ပါသော အချက်အလက်အားလုံးအပြင် ယင်းထက်မကပို၍ပါရှိ၏! ဤစာအုပ်တွင် အခန်း ၃၁ ခန်းပါရှိပြီး အခန်းတိုင်းသည် ကင်းမျှော်စင်မှ လေ့လာရန်ဆောင်းပါးတစ်ခုစာရှိသည်။ ပဏာမနိဒါန်းနှင့် အခန်းသုံးခန်းပြီးသည့်နောက် ယေဟောဝါ၏ အခြေခံဂုဏ်ရည်တော်တစ်ခုစီကို ဆွေးနွေးထားသည့် အပိုင်းလေးပိုင်းအဖြစ် ဤစာအုပ်ကိုခွဲထားပါသည်။ အပိုင်းတစ်ခုစီသည် သက်ဆိုင်ရာအရည်အသွေးကို ခြုံငုံဖော်ပြခြင်းဖြင့် နိဒါန်းပျိုးထားသည်။ အဆိုပါဂုဏ်ရည်တော်ကို ယေဟောဝါမည်သို့ထင်ရှားဖော်ပြသည်ကို နောက်ဆက်တွဲအခန်းအချို့တွင် ဆွေးနွေးတင်ပြပါသည်။ အပိုင်းတစ်ပိုင်းစီတွင် ယေရှုနှင့်ပတ်သက်၍ အခန်းတစ်ခန်းပါဝင်သည်။ အဘယ်ကြောင့်နည်း။ ယေရှုက “ငါ့ကိုမြင်သောသူသည် ခမည်းတော်ကိုမြင်၏” ဟုမိန့်ဆိုခဲ့သောကြောင့်ဖြစ်၏။ (ယောဟန် ၁၄:၉) ယေဟောဝါကို စုံလင်စွာ ရောင်ပြန်ဟပ်ခြင်းအားဖြင့် ယေရှုသည် ကျွန်ုပ်တို့အတွက် ဘုရားသခင့်အရည်အသွေးများကို လုပ်ရပ်ဖြင့် ကွင်းကွင်းကွက်ကွက် ဖော်ပြပါသည်။ အပိုင်းတစ်ခုစီ၌ သုံးသပ်တင်ပြထားသည့် အရည်အသွေးကို တင်ပြရာတွင် ယေဟောဝါအား ကျွန်ုပ်တို့မည်သို့တုပနိုင်ကြောင်း သွန်သင်ပေးသော အခန်းတစ်ခန်းနှင့် နိဂုံးချုပ်ထားသည်။ ယေဟောဝါ၏အရည်အသွေးကို ဆွေးနွေးရာတွင် ဤစာအုပ်အသစ်က သမ္မာကျမ်းစာ၌ပါသည့် ကျမ်းစာစောင်တိုင်းကို ရည်ညွှန်းကိုးကားထားပေးပါသည်။
ယေဟောဝါထံချဉ်းကပ်လော့စာအုပ်တွင် အထူးကဏ္ဍအချို့လည်း ပါရှိသေးသည်။ အခန်း ၂ မှစပြီး အခန်းတိုင်းတွင် “စဉ်းစားဆင်ခြင်ရန် မေးခွန်းများ” ခေါင်းစဉ်ရှိ လေးထောင့်ကွက်တစ်ခုစီရှိသည်။ ဖော်ပြထားသည့် ကျမ်းချက်များနှင့် မေးခွန်းများသည် အဆိုပါအခန်းကို ပြန်လည်သုံးသပ်ရန် ရည်ရွယ်ထားခြင်းမဟုတ်ပေ။ ယင်းအစား အဆိုပါအကြောင်းအရာကို နက်နက်နဲနဲတွေးတောရန် ကျမ်းစာကိုအသုံးပြုဖို့ သင့်အားကူညီပေးရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကျမ်းချက်တစ်ချက်ချင်းစီကို ဂရုတစိုက်ဖတ်ရန် အကြံပြုပါသည်။ ထို့နောက် မေးခွန်းကို ဆင်ခြင်သုံးသပ်ပြီး ကိုယ်တိုင်လက်တွေ့အသုံးပြုဖို့ ကြိုးစားအားထုတ်ပါ။ ထိုသို့စဉ်းစားဆင်ခြင်ခြင်းက သင်၏နှလုံးကို နှိုးဆော်ပေးနိုင်ရာ ယေဟောဝါထံ ပိုမိုချဉ်းကပ်ရန်လည်း သင့်ကို ကူညီပေးပေမည်။—ဆာလံ ၁၉:၁၄။
ယေဟောဝါထံချဉ်းကပ်လော့တွင်ပါရှိသည့် ရုပ်ပုံများကိုလည်း သွန်သင်မှုနှင့် စိတ်လှုံ့ဆော်မှုဖြစ်စေရန် အသေအချာရှာဖွေလေ့လာကာ ပြင်ဆင်ထားခြင်းဖြစ်သည်။ အခန်းဆယ့်ခုနစ်ခန်းတွင် ကျမ်းစာထဲမှ မြင်ကွင်းများကို စာမျက်နှာအပြည့် လှပသောရုပ်ပုံများပါရှိသည်။
အဘယ်ကြောင့်ထုတ်ဝေရ
ယေဟောဝါထံချဉ်းကပ်လော့စာအုပ်ကို အဘယ်ကြောင့်ထုတ်ဝေရသနည်း။ ဤစာအုပ်အသစ်၏ အဓိကရည်ရွယ်ချက်မှာ ယေဟောဝါဘုရားသခင်နှင့် နှစ်ကိုယ်ကြားဆက်ဆံရေး ပို၍ခိုင်မြဲလာစေရန်အလို့ငှာ ကျွန်ုပ်တို့အား ဘုရားသခင်ကို ပိုမိုသိကျွမ်းလာစေဖို့ ဖြစ်သည်။
ဤ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်မှ ကောင်းကျိုးရသွားစေဖွယ်ရှိမည့် ကျမ်းစာသင်သားနှင့် မလှုပ်ရှားတော့သည့် ညီအစ်ကိုညီအစ်မပင်အပါအဝင် အခြားသူတစ်ဦးဦးကို သင်စဉ်းစားကြည့်မိသလော။ အသင်ကော၊ ဤစာအုပ်အသစ်ကို စတင်ဖတ်ရှုနေပြီလော။ မဖတ်ရှုသေးလျှင် အတတ်နိုင်ဆုံး အချိန်ဇယားဆွဲပြီး စတင်ပါလေ။ သင်ဖတ်ရှုရာအပေါ် အချိန်ယူ တွေးတောဆင်ခြင်ပါ။ သင်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ပို၍ပျော်ပျော်ရွှင်ရွှင်နှင့် ထက်သန်စွာကြွေးကြော်နိုင်စေဖို့ ယေဟောဝါဘုရားသခင်နှင့် သင်ပိုမိုနီးကပ်စေရန် ဤစာအုပ်က ထောက်ကူပေးနိုင်ပါစေ!