မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၎င်းတို့ မည်သို့ဖြစ်သွားသနည်း

၎င်းတို့ မည်သို့ဖြစ်သွားသနည်း

၎င်း​တို့ မည်သို့​ဖြစ်သွား​သနည်း

နောဖ​နှင့် နော​မြို့​တို့သည် တစ်ချိန်က အီဂျစ်​နိုင်ငံ​၏ နာမည်ကြီး​မြို့တော်​များ​ဖြစ်သော မဲ​မ်​ဖိ​စ်​နှင့် သီ​ဘ်စ်​တို့၏ သမ္မာကျမ်းစာ​အမည်များ​ဖြစ်သည်။ နောဖ​မြို့ (မဲ​မ်​ဖိ​စ်) သည် နိုင်းလ်မြစ်​၏​အနောက်ဘက်​ရှိ ကိုင်​ရို​မြို့​တောင်ဘက် ၁၄ မိုင်​ခန့်​တွင်​ရှိ၏။ သို့သော် မဲ​မ်​ဖိ​စ်​မြို့​သည် တဖြည်းဖြည်း​နှင့် အီဂျစ်​နိုင်ငံ​၏​မြို့တော် အနေအထား​မရှိတော့​ချေ။ ဘီ.စီ.အီး. ၁၅ ရာစု နှစ်ဆန်း​ပိုင်း​၌ မဲ​မ်​ဖိ​စ်​မြို့​၏​တောင်ဘက်​မိုင် ၃၀၀ ခန့်​တွင် တည်ရှိ​သော နော​မြို့ (သီ​ဘ်စ်) သည် အီဂျစ်​နိုင်ငံ​၏​မြို့တော်သစ် ဖြစ်လာ​လေ​သည်။ သီ​ဘ်စ်​မြို့ရှိ ဘုရားကျောင်း​အပျက်အယွင်း​များစွာ​တို့​တွင် ကာ​နက်​ဘုရားကျောင်း​ပါဝင်​သည်၊ ၎င်း​သည် တိုင်လုံးကြီး​များ​ဖြင့် ဆောက်​ခဲ့​သမျှ​တို့​တွင် အကြီးဆုံး​အဆောက်အအုံ​ဖြစ်၏​ဟု ယူဆကြ​သည်။ အီဂျစ်လူ​တို့၏​အဓိက​နတ်​ဘုရား အမ္မုန်​ကို ဝတ်ပြု​ကိုးကွယ်​ရန် သီ​ဘ်စ်​နှင့် ၎င်း​၏​ကာ​နက်​ဘုရားကျောင်း​တို့ကို ရည်စူး​ဆောက်လုပ်​ခဲ့​ခြင်း​ဖြစ်သည်။

မဲ​မ်​ဖိ​စ်​မြို့၊ သီ​ဘ်စ်​မြို့​တို့​နှင့်​စပ်လျဉ်း၍ သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​က မည်သို့​ကြိုဟော​သနည်း။ အီဂျစ်​ဘုရင်​ဖာရော​နှင့် ၎င်း​၏​နတ်​ဘုရား​များ၊ အထူးသဖြင့် အဓိက​နတ်​ဘုရား​ဖြစ်သည့် “နော​မြို့၌​ရှိသော​အမ္မုန်​ဘုရား” နှင့်​ပတ်သက်​၍ တရား​စီရင်ချက်​ချ​ခဲ့​၏။ (ယေရမိ ၄၆:၂၅၊ ၂၆) ထို​အရပ်သို့ အစုလိုက်​အပြုံလိုက် သွားရောက်​ဝတ်ပြု​ကိုးကွယ်​သူများ​သည် “ပယ်​ဖြတ်” ခံရ​မည်​ဖြစ်သည်။ (ယေဇကျေလ ၃၀:၁၄၊ ၁၅) ထို​အတိုင်း​ပင် ဖြစ်ပျက်​ခဲ့​သည်။ အမ္မုန်​ဝတ်ပြု​ကိုးကွယ်​မှု​မှ ကျန်ကြွင်း​သည်​မှာ ဘုရားကျောင်း​အပျက်အယွင်း​များ​သာ​ဖြစ်၏။ မျက်မှောက်ခေတ် လူ​ခ်ဆော​မြို့​သည် ရှေး​သီ​ဘ်စ်​မြို့​စိုက်တည်​ခဲ့​ရာ ဒေသ​တစ်ပိုင်း​တွင်​တည်ရှိ​ပြီး ၎င်း​မြို့​၏​အပျက်အယွင်း​များ​ကြား​တွင် တခြား​ရွာ​လေး​များ​ရှိ၏။

မဲ​မ်​ဖိ​စ်​မြို့​မူ​ကား သင်္ချိုင်း​တ​စ​ပြင်​မှ​လွဲ​၍ အဘယ်အရာမျှ မကျန်​ရှိ​တော့​ချေ။ ကျမ်းစာ​ပညာရှင် လူ​ဝီ​ဂို​လ်ဒင်​က ဤသို့​ဆို​သည်– “ရာစုနှစ်များစွာ​တိုင် အီဂျစ်​ပြည်​ကို အာရပ်​စစ်​အောင်နိုင်သူ​များသည် မြစ်​တစ်ဖက်​ကမ်း​တွင် ၎င်းတို့၏ [ကိုင်​ရို] မြို့တော်​ကို တည်ဆောက်​ရန် ဧရာမ​မဲ​မ်​ဖိ​စ်​မြို့​အပျက်အယွင်း​များ​ကို ကျောက်ကျင်း​အဖြစ် အသုံးပြု​ခဲ့​ကြသည်။ နိုင်းလ်မြစ်​နှင့် အာရပ်​ဆောက်လုပ်ရေး​သမားများ​၏​လုပ်ငန်း​သည် မည်မျှ​စေ့စပ်​သနည်း​ဟူ​မူ ရှေးဟောင်း​မြို့​၏ မိုင်​ပေါင်း​များစွာအတွင်း မြေ​နက်​ပေါ်​တွင်​ငေါ​ထွက်​နေသော ကျောက်တုံး​တစ်တုံး​မျှ​မရှိ​ချေ။” သမ္မာကျမ်းစာ ကြို​ဟောထား​သည့်​အတိုင်း မဲ​မ်​ဖိ​စ်​မြို့​သည် အမှန်တကယ်​ပင် “နေသော​သူ​မရှိ​အောင် သုတ်သင်​ဖျက်ဆီးခြင်း​ကို​ခံ” ခဲ့​ရသည်။—ယေရမိ ၄၆:၁၉

ယင်း​တို့သည် သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များ​၏ တိကျ​မှန်ကန်မှု​ကို​ဖော်ပြ​သည့် ပုံ​နမူနာ​များစွာ​တို့​မှ နှစ်ခု​မျှ​သာ​ဖြစ်၏။ သီ​ဘ်စ်​မြို့​နှင့် မဲ​မ်​ဖိ​စ်​မြို့​တို့ ဖျက်ဆီး​ခံရ​ခြင်း​သည် မပြည့်စုံ​သေး​သော ကျမ်းစာ​ပရောဖက်ပြုချက်​များ​ကို ယုံကြည်​စိတ်ချ​ရန် ခိုင်လုံ​သော​အကြောင်းရင်း​ဖြစ်သည်။—ဆာလံ ၃၇:၁၀၊ ၁၁၊ ၂၉; လုကာ ၂၃:၄၃; ဗျာ. ၂၁:၃-၅