မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ဟေဗြဲ ၂:၁၄၊ ၁၅ တွင် စာတန်​ကို “သေခြင်း​တရားကို​အစိုးရ​သော​သူ [“သေခြင်းကို​ဖြစ်ပေါ်​စေသည့် နည်းလမ်း​ရှိသူ၊” က​ဘ]” ဟု အဘယ်ကြောင့် ခေါ်ဆို​ထား​သနည်း။

အတိုချုပ်​ပြော​ရ​လျှင် စာတန်​သည် သူကိုယ်တိုင်​ဖြစ်စေ၊ သူ၏​ကိုယ်စားလှယ်​များ​အားဖြင့်​ဖြစ်စေ လူ​တို့ကို​သေစေနိုင်​၏​ဟု ပေါလု​ဆိုလို​နေခြင်း​ဖြစ်သည်။ ယင်း​နှင့်​အညီ စာတန်​ကို “ရှေးဦး​စွာ​မှ​စ၍ လူ​အသက်ကို​သတ်​သော​သူ” ဟု ယေရှု​ခေါ်ဆို​ခဲ့​သည်။—ယောဟန် ၈:၄၄

ဘာသာပြန်​ကျမ်း​အချို့​က စာတန်​ကို “သေခြင်း​တန်ခိုးရှင်” ဟူ၍လည်း​ကောင်း “သေခြင်းကို​အစိုးရ​သည့် . . . တန်ခိုး” ရှိသူ​ဟူ၍လည်း​ကောင်း ဘာသာပြန်​ထားသော​ကြောင့် ဟေဗြဲ ၂:၁၄၊ ၁၅ ကို အဓိပ္ပာယ်​လွဲမှား​နိုင်​သည်။ (သမာကျမ်း; သတင်းကောင်း) ၎င်း​ပြန်ဆိုချက်​များ​အရ စာတန်​သည် သူ​အလိုရှိ​သူ​မည်သူ​ကို​မဆို သေစေနိုင်​သော အကန့်အသတ်မဲ့​စွမ်းပကား​ရှိသည်​ဟု ယူဆ​စေနိုင်​သည်။ သို့သော် ထိုသို့​လုံးဝ​မဟုတ်ပါ။ ထိုသို့​သာ​ဆိုလျှင် သူသည် ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများကို ကြာမြင့်စွာ​ကတည်းက မြေမျက်နှာပြင်​ပေါ်​မှ သုတ်သင်​ရှင်းလင်း​ပစ်​ပေ​လိမ့်​မည်။—ကမ္ဘာဦး ၃:၁၅

ဘာသာပြန်​ကျမ်း​အချို့​တွင် “သေခြင်းကို​အစိုးရ​သည့် . . . တန်ခိုး” ဟူ၍လည်း​ကောင်း၊ ကမ္ဘာသစ်​ဘာသာပြန်​ကျမ်း​တွင် “သေခြင်းကို​ဖြစ်ပေါ်​စေသည့် နည်းလမ်း” ဟူ၍လည်း​ကောင်း ဘာသာပြန်​ထားသော ဂရိ​အသုံးအနှုန်း​မှာ “ကရာတော့စ် တူ သာ​နာ​တူ” ဖြစ်သည်။ တူ သာ​နာ​တူ​သည် “သေခြင်း” ဟု​အဓိပ္ပာယ်​ရှိသည့် အသုံးအနှုန်း​တစ်မျိုး​ဖြစ်သည်။ ကရာတော့စ်​မှာ အရင်းခံ​အားဖြင့် “တွန်းအား၊ အစွမ်း၊ အင်အား” ကို​ဆိုလို​သည်။ ဓမ္မသစ်​ကျမ်း​၏ ဘာသာရေးဆိုင်ရာ​အဘိဓာန်​ကျမ်း အရ ယင်းသည် “၎င်း​တွန်းအား သို့​မဟုတ် အစွမ်း​ကို အသုံးချခြင်း​ထက် အစွမ်း​ရှိ​ခြင်း၊ ယင်း​၏​အရေးပါမှု” ကို​ဆိုလို​သည်။ ထို့​ကြောင့် ဟေဗြဲ ၂:၁၄၊ ၁၅ တွင် ပေါလု​က စာတန်​၌ သေခြင်းကို​အစိုးရ​သည့် အကြွင်းမဲ့​တန်ခိုး​ရှိသည်​ဟု မဆိုလို​ပါ။ ယင်းအစား သေခြင်းကို​ဖြစ်ပေါ်​စေနိုင်​သော စာတန့်​အစွမ်း​ကို သူ​ဖော်ပြ​နေခြင်း​ဖြစ်သည်။

စာတန်​သည် “သေခြင်းကို​ဖြစ်ပေါ်​စေသည့် နည်းလမ်း” ကို​မည်သို့​အသုံးချ​သနည်း။ ယောဘ​ကျမ်း​တွင် အနည်းငယ်​ထူးခြားသည့် အဖြစ်အပျက်​တစ်ခု​ကို ကျွန်ုပ်​တို့​ဖတ်​ရ​ကြသည်။ ထို​မှတ်တမ်းအရ စာတန်​သည် ယောဘ​၏​သားသမီး​များ​ကို ‘သေစေ’ ဖို့ လေပြင်း​မုန်တိုင်း​တစ်ခု အသုံးပြု​ခဲ့​ကြောင်း သိရှိ​ရသည်။ သို့သော် ဘုရားသခင့်​ခွင့်ပြု​ချက်​ဖြင့်​သာ စာတန် ထိုသို့​ပြု​နိုင်​ခဲ့​ခြင်း​ဖြစ်​ကြောင်း သတိပြုပါ၊ အရေးကိစ္စ​တစ်ခု​ကို အဆုံးအဖြတ်​ပေးဖို့ ထိုသို့ ကိုယ်တော်​ခွင့်ပြု​ခဲ့​ရခြင်း​လည်း​ဖြစ်သည်။ (ယောဘ ၁:၁၂၊ ၁၈၊ ၁၉) အမှန်​မှာ၊ စာတန်​ကိုယ်တိုင် ယောဘ​ကို မ​သတ်​နိုင်​ခဲ့​ပါ။ သူ့ကို​သတ်​ခွင့် မရခဲ့​ချေ။ (ယောဘ ၂:၆) စာတန်​သည် တစ်ခါတစ်ရံ တည်ကြည်သူ​လူသားများ​ကို သေစေနိုင်​သည်​မှန်​သော်လည်း သူ​အလိုရှိ​တိုင်း ကျွန်ုပ်​တို့ကို​သတ်ပစ်​နိုင်​မည်​ဟု စိုးရိမ်​စ​ရာ​မလို​ကြောင်း ၎င်း​က​ဖော်ပြ​သည်။

စာတန်​သည် လူသား​ကိုယ်စားလှယ်​များ​အားဖြင့်လည်း သေခြင်းကို​ဖြစ်ပေါ်​စေ​ခဲ့ပြီ။ ယင်းကြောင့် ခရစ်ယာန်​များစွာတို့သည် သူတို့၏​ယုံကြည်ခြင်း​အတွက် သေဆုံး​ခဲ့​ကြသည်၊ အချို့​မှာ ဒေါသ​ထွက်​နေသော လူအုပ်​များ​၏​လက်ချက်​ဖြင့် အသေ​သတ်​ခံ​ခဲ့​ကြ​ရသည်၊ အုပ်စိုးရှင်​အရာရှိများ သို့​မဟုတ် လာဘ်​စား​သော​တရားသူကြီး​များ​၏ အခွင့်​အမိန့်​ဖြင့် မတရား​စွာ အသတ်ခံ​ခဲ့​ကြ​ရသည်။—ဗျာ. ၂:၁၃

ထို့​အပြင် စာတန်​သည် လူ့​အားနည်းချက်များ​ကို တစ်ခါတစ်ရံ​အသုံးပြုပြီး သေစေ​ခဲ့ပြီ။ ရှေး​ဣသရေလ​လူမျိုး​ခေတ်တွင် ပရောဖက်​ဗာလမ်​သည် “ထာဝရ​ဘုရား​ကို​ပြစ်မှား​စေခြင်း​ငှာ” ဣသရေလ​လူမျိုး​ကို​သွေးဆောင်ဖို့ မောဘ​လူမျိုး​အား အကြံပေး​ခဲ့​သည်။ (တောလည်ရာ ၃၁:၁၆) ယင်းကြောင့် ဣသရေလ​လူမျိုး ၂၃,၀၀၀ ကျော် သေဆုံး​ခဲ့​ရသည်။ (တောလည်ရာ ၂၅:၉; ၁ ကောရိန္သု ၁၀:၈) ယနေ့လည်း အချို့​တို့သည် စာတန်​၏ “ပရိယာယ်​တို့” ဖြင့်​လှည့်စား​ခံရ​ပြီး အကျင့်​ယိုယွင်းမှု၊ သို့​မဟုတ် ဘာသာ​တရား​မဲ့​သော အခြား​အမူအကျင့်များ​ကို​ပြု​ဖို့ ဖြားယောင်း​သွေးဆောင်​ခံ​ခဲ့​ကြ​ရပြီ။ (ဧဖက် ၆:၁၁) ထို​သူတို့သည် ချက်ချင်း​အသက်ဆုံးရှုံး​လေ့​မရှိ​သည်​မှာ မှန်ပါသည်။ သို့သော် သူတို့သည် ထာဝရ​အသက်​ရဖို့​အလားအလာကို လက်လွတ်​ဆုံးရှုံး​သွား​ကြသည်၊ ထို​နည်းဖြင့် သူတို့ကို စာတန်​သေစေ​သည်။

အန္တရာယ်​ပြု​နိုင်သော စာတန်​၏​အစွမ်း​ကို ကျွန်ုပ်​တို့​အသိအမှတ်ပြု​သော်လည်း သူ့ကို အကြောင်းမဲ့​ကြောက်​နေစရာ​မလိုပါ။ စာတန်​၌ သေခြင်းကို​ဖြစ်ပေါ်​စေသည့်​နည်းလမ်း​ရှိသည်​ဟု​ဆို​စဉ် ပေါလု​က “[စာတန်] ကို ချိုးဖဲ့​ဖျက်ဆီးခြင်း​ငှာ​လည်းကောင်း၊ သေ​ဘေး​ကို​ကြောက်​၍ တစ်သက်လုံး​ကျွန်ခံ​ရသော​သူတို့ကို ကယ်လွှတ်​ခြင်း​ငှာ” ခရစ်တော်​အသေခံ​ခဲ့​ကြောင်းကို​လည်း ဖော်ပြ​ခဲ့​သည်။ (ဟေဗြဲ ၂:၁၄၊ ၁၅) ယေရှုသည် ရွေးနုတ်ဖိုး​ပေး​၍ ယုံကြည်သူ​လူသားများ​ကို အပြစ်​တရား​နှင့် သေခြင်း​တရား​၏ ကျွန်​အဖြစ်​မှ အမှန်​လွတ်မြောက်​စေ​ခဲ့ပြီ။—၂ တိမောသေ ၁:၁၀

စာတန်​၌ သေခြင်းကို​ဖြစ်ပေါ်​စေသည့် နည်းလမ်း​ရှိ​ခြင်း​သည် အလေးအနက်​စဉ်းစားစရာ​ဖြစ်သည်​မှန်​သော်လည်း ယေဟောဝါ​သည် စာတန်​နှင့် သူ၏​ကိုယ်စားလှယ်​များ ဖြစ်ပေါ်​စေသော မည်သည့်​အန္တရာယ်ကို​မဆို ပျက်ပြယ်​စေနိုင်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ ရှင်ပြန်ထမြောက်​ပြီး​သော ယေရှုသည် ‘စာတန်​၏​အမှုတို့​ကို​ပယ်ဖျက်’ လိမ့်​မည်​ဟု ယေဟောဝါ​အာမခံ​ထား​တော်​မူ​၏။ (၁ ယောဟန် ၃:၈) ယေရှုသည် ယေဟောဝါ​၏​တန်ခိုးတော်​ဖြင့် လူသေများ​ကို ရှင်ပြန်ထမြောက်​စေပြီး သေခြင်းကို ပယ်ဖျက်​ပါ​လိမ့်​မည်။ (ယောဟန် ၅:၂၈၊ ၂၉) အဆုံး​တွင် ယေရှုသည် စာတန်​ကို တွင်း​နက်​ထဲ​ချပစ်​ခြင်း​အားဖြင့် စာတန်​၌ အစွမ်း​တန်ခိုး​အကန့်အသတ်​မျှ​သာ​ရှိကြောင်း သိသာ​ထင်ရှား​စေပါ​လိမ့်​မည်။ နောက်ဆုံး​တွင် စာတန်​သည် ထာဝရ​ဖျက်ဆီးခြင်း ခံရ​ဖို့​ရှိသည်။—ဗျာ. ၂၀:၁-၁၀