“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”
“ဘုရားသခင်သည် ချစ်ခြင်းမေတ္တာ ဖြစ်တော်မူ၏”
“ချစ်ခြင်းမရှိသောသူသည် ဘုရားသခင်ကိုမသိ။ အကြောင်းမူကား၊ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။”—၁ ယောဟန် ၄:၈။
၁-၃။ (က) ယေဟောဝါ၏ဂုဏ်ရည်တော်ဖြစ်သည့် မေတ္တာနှင့်ပတ်သက်၍ သမ္မာကျမ်းစာက မည်သို့ဆိုထားပြီး ဤအဆိုပြုချက်က အဘယ်နည်းဖြင့် သူမတူအောင်ထူးခြားသနည်း။ (ခ) “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဟု သမ္မာကျမ်းစာက အဘယ်ကြောင့်ဆိုသနည်း။
ယေဟောဝါ၏ဂုဏ်ရည်တော်အားလုံးမှာ အလွန်ကောင်းမြတ်စုံလင်၍ နှစ်သက်ဖွယ်ကောင်းသည်။ သို့သော် ယေဟောဝါ၏အရည်အသွေးအားလုံးထဲတွင် မေတ္တာသည် နှစ်သက်ဖွယ်အကောင်းဆုံးဖြစ်၏။ ယေဟောဝါ၏မေတ္တာတော်လောက် ကိုယ်တော်ထံ ဆွဲဆောင်အားကောင်းသည့်အရာ မရှိချေ။ ဝမ်းသာစရာကား မေတ္တာသည် ကိုယ်တော်၏အထင်ရှားဆုံး အရည်အသွေးလည်းဖြစ်သည်။ ကျွန်ုပ်တို့ မည်သို့သိရသနည်း။
၂ သမ္မာကျမ်းစာတွင် ယေဟောဝါ၏ အခြားအခြေခံဂုဏ်ရည်တော်များနှင့်ပတ်သက်၍ ဖော်ပြမထားသောအရာတစ်ခုကို မေတ္တာနှင့်ပတ်သက်ပြီး ဖော်ပြထားပေးသည်။ ကျမ်းချက်များတွင် ဘုရားသခင်သည် တန်ခိုးဖြစ်၏၊ ဘုရားသခင်သည် တရားမျှတမှုဖြစ်၏၊ ဘုရားသခင်သည် ဉာဏ်ပညာတော်ဖြစ်၏ဟူ၍ ဆိုမထားချေ။ အဆိုပါအရည်အချင်းများကို ကိုယ်တော်ပိုင်ဆိုင်ထားပြီး ဤအရည်အသွေးသုံးခု၏ မူလအရင်းခံဇာစ်မြစ်ဖြစ်တော်မူသည်။ သို့သော် မေတ္တာနှင့်ပတ်သက်၍ ၁ ယောဟန် ၄:၈ တွင် ပို၍လေးနက်သည့်အရာတစ်ခုကို ဤသို့ဆိုထားသည်– “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏။” မှန်ပါသည်၊ ယေဟောဝါ၏ မေတ္တာတော်သည် အလွန်နက်ရှိုင်းသည်။ ယင်းသည် ကိုယ်တော်၏စိတ်ရင်း သို့မဟုတ် ပင်ကိုအရည်အသွေးဖြစ်၏။ ယေဘုယျသဘောဖြင့် ကျွန်ုပ်တို့ ဤသို့စဉ်းစားကြည့်နိုင်ပါသည်– တန်ခိုးတော်ရှိ၍သာ ယေဟောဝါသည် လုပ်ဆောင်ပြုမူနိုင်စွမ်းရှိတော်မူသည်။ ကိုယ်တော်၏တရားမျှတမှုနှင့် ဉာဏ်ပညာတော်တို့က ကိုယ်တော်ပြုမူသည့်နည်းလမ်းများကို လမ်းညွှန်ပေးသည်။ သို့ရာတွင် ထိုသို့လုပ်ဆောင်ဖို့ လှုံ့ဆော်ပေးသည့်အရာမှာ ယေဟောဝါ၏မေတ္တာတော်ဖြစ်သည်။ ထို့အပြင် ကိုယ်တော်၏မေတ္တာသည် အခြားဂုဏ်ရည်တော်တို့ကို ကိုယ်တော်အသုံးပြုပုံများ၌ အမြဲပင်ပေါ်လွင်နေသည်။
၃ ယေဟောဝါသည် မေတ္တာ၏တကယ့်ခိုင်းနှိုင်းတင်စားရာဖြစ်ကြောင်း မကြာခဏဖော်ပြလေ့ရှိသည်။ သို့ဖြစ်၍ မေတ္တာအကြောင်း ကျွန်ုပ်တို့သိလိုလျှင် ယေဟောဝါအကြောင်း ကျွန်ုပ်တို့ သင်ယူကြရ
ပေမည်။ ထို့ကြောင့် ယေဟောဝါ၏တုနှိုင်းမမီသော မေတ္တာနှင့်ပတ်သက်၍ ရှုထောင့်အချို့ကို ဆန်းစစ်ကြည့်ကြစို့။အကြီးမားဆုံးသော မေတ္တာ၏လုပ်ရပ်
၄၊ ၅။ (က) သမိုင်းတစ်လျှောက် မေတ္တာ၏ အကြီးမားဆုံးသောလုပ်ရပ်ကား အဘယ်နည်း။ (ခ) ယေဟောဝါနှင့် ကိုယ်တော့်သားတော်တို့သည် တည်ရှိခဲ့ဖူးသမျှတွင် အခိုင်မာဆုံးမေတ္တာနှောင်ကြိုးဖြင့် စည်းနှောင်ထားသည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့်ဆိုနိုင်သနည်း။
၄ ယေဟောဝါသည် မေတ္တာကို နည်းအမျိုးမျိုးဖြင့် ဖော်ပြတော်မူခဲ့၏၊ သို့သော် အခြားအရာအားလုံးတို့ထက် သာလွန်ထူးကဲသည့်အရာတစ်ခုရှိပါသည်။ ယင်းကား အဘယ်အရာနည်း။ မိမိ၏သားတော်ကို ကျွန်ုပ်တို့အတွက် ဝေဒနာခံကာ အသေခံဖို့ ကိုယ်တော်စေလွှတ်လိုက်ခြင်းဖြစ်၏။ ယင်းသည် လူ့သမိုင်းတစ်လျှောက်တွင် မေတ္တာ၏အကြီးမားဆုံးလုပ်ရပ်ဖြစ်ကြောင်း ကျွန်ုပ်တို့ ရဲရဲပြောနိုင်သည်။ အဘယ်ကြောင့် ကျွန်ုပ်တို့ထိုသို့ဆိုနိုင်သနည်း။
၅ သမ္မာကျမ်းစာ၌ ယေရှုကို “သတ္တဝါအပေါင်းတို့တွင်လည်း သားဦး” ဟု ခေါ်ဆိုထားသည်။ (ကောလောသဲ ၁:၁၅) ရူပစကြဝဠာကြီးမတည်ရှိမီကတည်းက ယေဟောဝါ၏သားတော်တည်ရှိလာခဲ့သည်ကို စဉ်းစားကြည့်ပါ။ ထိုစဉ်ကတည်းက သားအဖနှစ်ဦး အတူတကွရှိခဲ့သည်မှာ မည်မျှကြာမြင့်ပြီနည်း။ သိပ္ပံပညာရှင်အချို့က စကြဝဠာကြီးသည် နှစ်ပေါင်း ၁၃ ဘီလီယံသက်တမ်းရှိပြီဟု ခန့်မှန်းကြ၏။ သို့သော် ဤခန့်မှန်းချက် မှန်ကန်နေလျှင်ပင် ယေဟောဝါသားတော်၏သက်တမ်းကိုမီသည့် နှစ်ကားမဟုတ်သေးချေ! ထိုတာရှည်သော အချိန်ကာလအတွင်း အဘယ်အရာများကို ကိုယ်တော်ဆောင်ရွက်ခဲ့ပြီနည်း။ သားတော်သည် ခမည်းတော်၏ “လုပ်သားချုပ်” အဖြစ် ပျော်ရွှင်စွာအမှုထမ်းခဲ့သည်။ (သု. ၈:၃၀၊ ကဘ; ယောဟန် ၁:၃) အခြားအရာအားလုံး တည်ရှိလာစေရန် ယေဟောဝါနှင့် သားတော်တို့မှာ အတူတကွလုပ်ဆောင်ခဲ့ကြ၏။ စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့သောအချိန်ကာလပါတကား! သို့ဆိုလျှင် ကျွန်ုပ်တို့ထဲမှမည်သူသည် မတိုင်းတာနိုင်သော အချိန်ကာလအတွင်းတည်ရှိခဲ့သည့် သံယောဇဉ်နှောင်ကြိုး၏ဆွဲအားကို အတွင်းကျကျနားလည်နိုင်မည်နည်း။ ရှင်းနေသည်ကား ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော့်သားတော်တို့သည် တည်ရှိခဲ့ဖူးသမျှတွင် အခိုင်မာဆုံး မေတ္တာနှောင်ကြိုးဖြင့် စည်းနှောင်ထားကြသည်။
၆။ ယေရှု နှစ်ခြင်းခံခဲ့သောအခါ သားတော်နှင့်ပတ်သက်ပြီး မိမိ၏ခံစားချက်များကို ယေဟောဝါမည်သို့ဖော်ပြတော်မူခဲ့သနည်း။
၆ ထိုသို့ဖြစ်စေကာမူ ခမည်းတော်သည် မိမိ၏သားကို လူသားကလေးအဖြစ် မွေးဖွားလာစေရန် ကမ္ဘာမြေသို့စေလွှတ်တော်မူခဲ့သည်။ ထိုသို့စေလွှတ်လိုက်ခြင်းဖြင့် ယေဟောဝါသည် ကောင်းကင်၌ မိမိ၏ချစ်မြတ်နိုးလှသောသားတော်နှင့် ရင်းနှီးကျွမ်းဝင်လှသည့် ပေါင်းသင်းဆက်ဆံမှုကို ဆယ်စုနှစ်နှင့်ချီ၍ စွန့်လွှတ်ခဲ့ရ၏။ အလွန်စိတ်ဝင်စားစွာဖြင့် စုံလင်သောလူသားတစ်ဦးအဖြစ် ယေရှုကြီးပြင်းလာခြင်းကို ကောင်းကင်မှနေ၍ ကိုယ်တော်စောင့်ကြည့်တော်မူခဲ့သည်။ အသက် ၃၀ အရွယ်၌ ယေရှုနှစ်ခြင်းခံခဲ့သည်။ ခမည်းတော်သည် ကောင်းကင်မှ ကိုယ်တော်တိုင် ဤသို့မိန့်တော်မူခဲ့သည်– “ဤသူကား ငါနှစ်သက်မြတ်နိုးရာ၊ ငါ၏ချစ်သားပေတည်း။” မဿဲ ၃:၁၇) ပရောဖက်ပြုချက်မှန်သမျှကို ယေရှုပြည့်စုံစေ၍ ကိုယ်တော့်အား တောင်းဆိုခဲ့သမျှသော အရာအားလုံးကို သစ္စာရှိရှိဆောင်ရွက်ခဲ့ကြောင်း တွေ့မြင်ရခြင်းက ကိုယ်တော်၏ခမည်းတော်ကို အလွန်ပျော်ရွှင်စေမည်!—ယောဟန် ၅:၃၆; ၁၇:၄။
(၇၊ ၈။ (က) စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် အဘယ်အရာကို ယေရှုခံစားခဲ့ရပြီး ကိုယ်တော့်ကောင်းကင်ခမည်းတော်ကို မည်သို့ထိခိုက်ခဲ့သနည်း။ (ခ) ယေဟောဝါသည် မိမိ၏သားတော်ကို ဝေဒနာခံပြီးသေဆုံးရန် အဘယ်ကြောင့်ခွင့်ပြုတော်မူသနည်း။
၇ သို့သော် စီ.အီး. ၃၃၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှုသစ္စာဖောက်ခံရ၍ လူရမ်းကားအုပ်စု၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံရစဉ် ယေဟောဝါ မည်သို့ခံစားခဲ့ရသနည်း။ ယေရှုကို လှောင်ပြောင်သရော်၍ တံတွေးထွေးကာ လက်သီးဖြင့် အထိုးခံနေရသည့်အချိန်တွင်ကော။ ကျာပွတ်ဖြင့်ရိုက်နှက်ခံရပြီး ကိုယ်တော်၏ကျောကုန်းမှာ အမြှောင်းလိုက်စုတ်ပြဲသွားချိန်တွင်ကော။ သစ်တိုင်တွင် လက်နှင့်ခြေတို့ကို သံဖြင့်ရိုက်နှက်၍ တွဲလွဲဆွဲထားကာ ထိုတွင် လူတို့က ကိုယ်တော့်အား ကဲ့ရဲ့သရော်ကြစဉ်တွင်ကော။ အပြင်းအထန်ဝေဒနာခံရခြင်းကြောင့် ချစ်မြတ်နိုးရသောသားတော်သည် ခမည်းတော်ထံ သံကုန်လွှင့်သောအခါ ကိုယ်တော်အနေနှင့် မည်သို့ခံစားရမည်နည်း။ ဖန်ဆင်းချိန်မှစ၍ ခမည်းတော်၏ချစ်လှစွာသောသား မရှိတော့ခြင်းမှာ ဦးဆုံးအကြိမ်ဖြစ်ရာ ယေရှု၏နောက်ဆုံးထွက်သက် မှုတ်ထုတ်လိုက်ချိန်၌ ယေဟောဝါ မည်သို့ခံစားရမည်နည်း။—မဿဲ ၂၆:၁၄-၁၆၊ ၄၆၊ ၄၇၊ ၅၆၊ ၅၉၊ ၆၇; ၂၇:၂၆၊ ၃၈-၄၄၊ ၄၆; ယောဟန် ၁၉:၁။
၈ ယေဟောဝါသည် ခံစားမှုရှိသောအရှင်ဖြစ်သောကြောင့် သားတော်သေခြင်းအတွက် ကိုယ်တော်ခံစားရမည့် နာကျင်မှုသည် ကျွန်ုပ်တို့ပြောပြ၍မရနိုင်လောက်အောင် ပြင်းထန်ခဲ့ပေမည်။ ထိုသို့ဖြစ်ခွင့်ပြုရန် ယေဟောဝါရည်ရွယ်ခဲ့သည်ဟူ၍သာ ဆိုနိုင်ပါသည်။ ခမည်းတော်သည် ထိုသို့သော နာကျင်မှုမျိုး မိမိကိုယ်ကို အဘယ်ကြောင့်ခံစားစေခဲ့သနည်း။ ယောဟန် ၃:၁၆ တွင် အလွန်ကောင်းသောအရာတစ်ခုကို ကျွန်ုပ်တို့သိရှိရန် ယေဟောဝါဖော်ပြတော်မူသည်၊ အဆိုပါကျမ်းပိုဒ်သည် အရေးပါလွန်းသဖြင့် ခရစ်ဝင်ကျမ်းငယ်လေးဟု ခေါ်ဆိုကြသည်။ ယင်းက ဤသို့ဆိုလေသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကို ချစ်တော်မူ၏။” ထို့ကြောင့် ဘုရားသခင်၏ ရည်ရွယ်ရင်းအကြောင်းခံသည် မေတ္တာပင်ဖြစ်သည်။ ထိုထက်ကြီးမားသည့် မေတ္တာမျိုး တစ်ခါမျှမပြခဲ့ဖူးချေ။
ကျွန်ုပ်တို့အပေါ်ထားသည့် ကိုယ်တော်၏မေတ္တာကို ယေဟောဝါစိတ်ချစေပုံ
၉။ ကျွန်ုပ်တို့ကို ယေဟောဝါရှုမြင်ပုံနှင့်ပတ်သက်၍ စာတန်သည် အဘယ်အရာကို ယုံကြည်စေလိုသနည်း၊ သို့သော် ကျွန်ုပ်တို့အား အဘယ်အရာကို ယေဟောဝါစိတ်ချစေသနည်း။
၉ သို့ရာတွင်၊ အရေးကြီးသည့်မေးခွန်းတစ်ခု ပေါ်လာပါသည်– ဘုရားသခင်သည် ကျွန်ုပ်တို့ကို ချစ်တော်မူသလော။ ယောဟန် ၃:၁၆ တွင် ဖော်ပြထားသကဲ့သို့ ဘုရားသခင်သည် လူသားထုကို ယေဘုယျအနေနှင့် ချစ်ကြောင်း အချို့သူတို့က သဘောတူပေမည်။ သို့သော် အမှန်စင်စစ် ‘တစ်ဦးချင်းစီအနေဖြင့် ဘုရားသခင်သည် ကျွန်ုပ်ကို ဘယ်တော့မျှမချစ်နိုင်ပါ’ ဟူ၍ သူတို့ခံစားမိကြသည်။ အမှန်တွင် စာတန်သည် ကျွန်ုပ်တို့ကို ယေဟောဝါချစ်နိုင်မည်မဟုတ်၊ တန်ဖိုးထားမည်မဟုတ်ဟု ထင်စေလိုသည်။ အခြားတစ်ဖက်တွင်မူ ကျွန်ုပ်တို့သည် မည်မျှပင်ချစ်စရာမကောင်း၊ တန်ဖိုးမရှိဟု ကိုယ့်ကိုယ်ကိုထင်နေစေကာမူ မိမိ၏သစ္စာရှိကျေးကျွန်တစ်ဦးစီသည် ကိုယ်တော်အတွက် တန်ဖိုးရှိကြောင်း ယေဟောဝါစိတ်ချစေခဲ့သည်။
၁၀၊ ၁၁။ ကျွန်ုပ်တို့သည် ယေဟောဝါ၏အမြင်တွင် တန်ဖိုးရှိကြောင်း ယေရှု၏စာငှက်ပုံဥပမာက မည်သို့ဖော်ပြသနည်း။
၁၀ ဥပမာ၊ မဿဲ ၁၀:၂၉-၃၁ တွင် မှတ်တမ်းတင်ထားသည့် ယေရှု၏စကားများကို သုံးသပ်ကြည့်ပါ။ မိမိနောက်လိုက်များ၏တန်ဖိုးကို ဥပမာပေး၍ဖော်ပြရန် ယေရှုဤသို့မိန့်ဆိုခဲ့သည်– “စာငှက်နှစ်ကောင်ကို အဿရိတစ်ပြားဖိုးနှင့် ဝယ်ရသည်မဟုတ်လော။ သင်တို့အဘအခွင့်မရှိလျှင် ထိုစာငှက်တစ်ကောင်မျှ မြေသို့မကျရ။ သင်တို့ဆံပင်သည်လည်း အကုန်အစင်ရေတွက်လျက်ရှိ၏။ ထို့ကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက် သာ၍မြတ်ကြ၏။” ပထမရာစုမှ ယေရှု၏တရားနာသူများအတွက် ထိုစကားများသည် အဘယ်မျှအဓိပ္ပာယ်ရှိမည်ကို သတိပြုပါ။
၁၁ ယေရှုအချိန်က စာငှက်များသည် စားကုန်အဖြစ် ရောင်းသမျှသောငှက်များထဲ၌ ဈေးအသက်သာဆုံးဖြစ်၏။ အဿရိတစ်ပြားတည်းနှင့် စာငှက်နှစ်ကောင်ကို ဝယ်ယူရရှိနိုင်သည်။ သို့သော် နောက်ပိုင်းတွင် လုကာ ၁၂:၆၊ ၇ ၌ ယေရှုက လူတစ်ဦးသည် အဿရိနှစ်ပြားနှင့် စာငှက်လေးကောင်မဟုတ်ဘဲ ငါးကောင်ဝယ်၍ရကြောင်းဆိုခဲ့သည်။ အဆစ်ထည့်ပေးလိုက်သော အကောင်သည် တန်ဖိုးမရှိသည့်အလား အပိုပေးလိုက်သည်။ လူ့အမြင်တွင် ထိုသို့သောငှက်များသည် တန်ဖိုးမရှိပေ၊ သို့သော်လည်း ဖန်ဆင်းရှင်က ဤငှက်များကို မည်သို့ရှုမြင်သနည်း။ ယေရှုက “ထိုစာငှက်တစ်ကောင်ကိုမျှ [အဆစ်ပေးသည့်စာငှက်ကိုပင်] ဘုရားသခင်မေ့လျော့တော်မမူ” ဟုမိန့်ဆိုခဲ့၏။ ယခု ယေရှု၏ဆိုလိုရင်းကို ကျွန်ုပ်တို့သဘောပေါက်ပေမည်။ စာငှက်လေးတစ်ကောင်ကိုပင် ယေဟောဝါထိုမျှတန်ဖိုးထားရာ လူတစ်ဦးကို အဘယ်မျှလောက် တန်ဖိုးထားလိုက်မည်ဖြစ်ခြင်း! ယေရှုမိန့်ဆိုခဲ့သည့်အတိုင်း ကျွန်ုပ်တို့နှင့်ပတ်သက်၍ ယေဟောဝါသည် အစစအရာရာသိထားတော်မူသည်။ ကျွန်ုပ်တို့ဦးခေါင်းမှ ဆံပင်ကိုပင် အကုန်အစင်ရေတွက်ထားသည်တကား!
၁၂။ ကျွန်ုပ်တို့၏ဦးခေါင်းရှိဆံပင်များကို ရေတွက်ထားတော်မူသည်ဟု ယေရှုမိန့်တော်မူသောအခါ လက်တွေ့ကျသည်ဟု ကျွန်ုပ်တို့အဘယ်ကြောင့် သေချာပေါက်ဆိုနိုင်သနည်း။
၁၂ ဤနေရာတွင် ယေရှုချဲ့ကားပြီးပြောနေတာပါဟု တချို့ယူဆကြပေမည်။ သို့သော် ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်ကို စဉ်းစားကြည့်ပါ။ ကျွန်ုပ်တို့၏ပုံစံတူကို ပြန်ဖန်တီးပေးရန် ကျွန်ုပ်တို့နှင့်ပတ်သက်၍ အလွန်ပင်အတွင်းကျကျ ယေဟောဝါသိထားရပေမည်! ကျွန်ုပ်တို့အား ကိုယ်တော် မည်မျှတန်ဖိုးထားသနည်းဟူမူ ကျွန်ုပ်တို့၏ရှုပ်ထွေးသောဗီဇလက္ခဏာအမှတ်အသား၊ ကျွန်ုပ်တို့တစ်သက်ပတ်လုံး မှတ်သားထားရာနှင့် အတွေ့အကြုံတို့ကိုပါ အသေးစိတ်မှတ်မိတော်မူ၏။ ပျမ်းမျှအားဖြင့် ကျွန်ုပ်တို့၏ဦးခေါင်းတွင်ရှိသည့် ဆံပင် ၁၀၀,၀၀၀ ကို ရေတွက်ခြင်းမှာ အခြားအလုပ်နှင့်နှိုင်းစာကြည့်လျှင် လွယ်ကူသည့်အရာဖြစ်သည်။ ကျွန်ုပ်တို့ တစ်ဦးချင်းစီကို ယေဟောဝါဂရုစိုက်ကြောင်း ယေရှု လှလှပပသုံးနှုန်းမိန့်ကြားသွားခဲ့သည်တကား!
၁၃။ ကျွန်ုပ်တို့မစုံလင်ကြသည့်တိုင် ကျွန်ုပ်တို့၌ရှိသောကောင်းကွက်ကို ယေဟောဝါလိုက်ရှာကြောင်း ဘုရင်ယောရှဖတ်ဖြစ်ရပ်က မည်သို့ဖော်ပြသနည်း။
၁၃ ယေဟောဝါ၏မေတ္တာနှင့်ပတ်သက်၍ ကျွန်ုပ်တို့အားစိတ်ချစေရန် အခြားအရာတစ်ခုကို သမ္မာကျမ်းစာက ဖော်ပြပေးသည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၌ရှိသော ကောင်းကွက်ကိုကြည့်ပြီး တန်ဖိုးထားတော်မူ၏။ ဥပမာ၊ မင်းကောင်းယောရှဖတ်ကို ကြည့်ပါ။ မိုက်မဲသောအမှုတစ်ရပ်ကို ရှင်ဘုရင်ကျူးလွန်သောအခါ ယေဟောဝါ၏ပရောဖက်က သူ့အား ဤသို့ပြောခဲ့သည်– “ဤအမှုကြောင့် ထာဝရဘုရား၏အမျက်တော်သည် ဘုရင်မင်းအပေါ်သို့သက်ရောက်လေပြီ။” အလေးအနက်စဉ်းစားစရာပါတကား! သို့ရာတွင် ယေဟောဝါ၏သတင်းစကားမှာ ၎င်းဖြင့် အဆုံးသတ်မသွားချေ။ ဤသို့ဆက်ဖော်ပြသည်– “သို့သော်လည်း . . . ဘုရင်မင်း၌ကောင်းမွန်သောအရာရှိပါသေး၏။” (၂ ရာဇဝင်ချုပ် ၁၉:၁-၃၊ သမ္မာ) သို့ဖြစ်၍ ယေဟောဝါ၏ဖြောင့်မတ်ခြင်းဆိုင်ရာအမျက်ဒေါသက ယောရှဖတ်၌ရှိသော “ကောင်းမွန်သောအရာ” ကို မမြင်ဘဲမဖြစ်စေခဲ့ပါ။ ကျွန်ုပ်တို့မစုံလင်ကြသည့်တိုင် ကျွန်ုပ်တို့၌ရှိသော ကောင်းကွက်ကို ဘုရားသခင်လိုက်ရှာကြောင်း သိရခြင်းက အားတက်စရာဖြစ်သည်မဟုတ်ပေလော။
“ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူသော ဘုရားသခင်
၁၄။ ကျွန်ုပ်တို့အပြစ်ပြုသောအခါ အဘယ်လေးလံသည့် ခံစားမှုဝန်များကို ထမ်းထားကြရသနည်း၊ သို့သော် ယေဟောဝါ၏ခွင့်လွှတ်မှုမှ ကျွန်ုပ်တို့မည်သို့အကျိုးရနိုင်မည်နည်း။
၁၄ ကျွန်ုပ်တို့အပြစ်ပြုသောအခါ စိတ်ပျက်ခြင်း၊ ရှက်ခြင်းနှင့် အပြစ်ရှိခြင်းဟူသည့်ခံစားချက်တို့က မိမိတို့သည် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်ဖို့ ဘယ်တော့မျှမထိုက်တန်တော့ဟု စဉ်းစားစေပေမည်။ သို့သော် ယေဟောဝါသည် “ခွင့်လွှတ်ရန်အသင့်ရှိ” တော်မူကြောင်း သတိရပါ။ (ဆာလံ ၈၆:၅၊ ကဘ) ကျွန်ုပ်တို့သည် အပြစ်များအတွက် နောင်တရပြီး ထပ်မကျူးလွန်ဖို့ ကြိုးစားကြမည်ဆိုလျှင် ယေဟောဝါ၏ခွင့်လွှတ်မှုမှ အကျိုးခံစားရရှိမည်။ ယေဟောဝါ၏မေတ္တာဆိုင်ရာ ဤအံ့ဖွယ်အသွင်ကို သမ္မာကျမ်းစာမည်သို့ဖော်ပြပုံကို သုံးသပ်ကြည့်ပါ။
၁၅။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ကျွန်ုပ်တို့ထံမှ မည်မျှအကွာအဝေး၌ထားရှိသနည်း။
၁၅ ယေဟောဝါ၏ခွင့်လွှတ်မှုကိုဖော်ပြရန် ဆာလံဆရာဒါဝိဒ်သည် ပီပြင်ထင်ရှားသည့်အသုံးအနှုန်းကို ဤသို့အသုံးပြုခဲ့သည်– “အရှေ့မျက်နှာစွန်းသည် အနောက်မျက်နှာစွန်းနှင့်ဝေးသည်အတိုင်း၊ ငါတို့အပြစ်များကို ငါတို့နှင့်ဝေးစေတော်မူ၏။” (ဆာလံ ၁၀၃:၁၂) အရှေ့နှင့် အနောက် မည်မျှကွာဝေးသနည်း။ ဆင်ခြင်တုံတရားအရ အရှေ့ဘက်သည် အမြဲပင် အနောက်ဘက်နှင့် စိတ်ကူး၍မရနိုင်သော အကွာအဝေးတွင်တည်ရှိပြီး ဘယ်တော့မျှ မဆုံနိုင်ချေ။ ကျမ်းပညာရှိတစ်ဦးက ဤအသုံးအနှုန်း၏အဓိပ္ပာယ်မှာ “ဝေးနိုင်သမျှအဝေးဆုံး၊ စိတ်ကူးကြည့်နိုင်သမျှအဝေးဆုံး” ဖြစ်ကြောင်း ဖော်ပြသည်။ ဒါဝိဒ်၏မှုတ်သွင်းခံစကားများက ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ကျွန်ုပ်တို့စိတ်ကူးကြည့်နိုင်သည်ထက် ဝေးဝေးတွင်ထားကြောင်း ကျွန်ုပ်တို့ကိုသိရှိစေသည်။
၁၆။ ကျွန်ုပ်တို့၏အပြစ်များကို ယေဟောဝါခွင့်လွှတ်တော်မူပြီးနောက်တွင် ကျွန်ုပ်တို့သန့်ရှင်းစင်ကြယ်သွားပြီဟု ကိုယ်တော်ရှုမြင်ကြောင်း အဘယ်ကြောင့် ယုံကြည်စိတ်ချနိုင်သနည်း။
၁၆ အရောင်ဖျော့ဖျော့ဝတ်ရုံတစ်ထည်မှ အစွန်းတစ်ခုကို ကြိုးစားချွတ်ကြည့်ဖူးသလော။ အတတ်နိုင်ဆုံး သင်ကြိုးစားသည့်ကြားမှ ထိုအစွန်းမှာ ထင်သာမြင်သာလျက်ပင်ရှိသည်။ ကိုယ်တော်၏ခွင့်လွှတ်နိုင်စွမ်းကို ယေဟောဝါ မည်သို့ဖော်ပြတော်မူကြောင်း သတိပြုပါ– “သင်တို့အပြစ်သည် အဝတ်နီနှင့်တူသော်လည်း မိုးပွင့်ကဲ့သို့ဖြူနိုင်စရာရှိ၏။ ကြက်သွေးရောင်နှင့်အမျှ နီသော်လည်း၊ သိုးမွေးကဲ့သို့ ဖြစ်နိုင်စရာရှိ၏။” (ဟေရှာယ ၁:၁၈၊ သမ္မာ) “အဝတ်နီ” ဟူသောစကားလုံးသည် အနီရောင်တောက်တောက်ကို ဖော်ပြသည်။ * “ကြက်သွေးရောင်” သည် ဆိုးဆေးတို့တွင် အရောင်ရင့်များထဲမှတစ်ရောင်ဖြစ်သည်။ ကျွန်ုပ်တို့ကိုယ်တိုင် မည်မျှပင်ကြိုးပမ်းပါစေ အပြစ်၏စွန်းထင်းမှုကို ချွတ်ပစ်နိုင်မည်မဟုတ်ချေ။ သို့သော် ယေဟောဝါသည် အနီရဲရဲနှင့် ကြက်သွေးရောင်ကဲ့သို့သောအပြစ်များကို ယူဆောင်သွားနိုင်ပြီး ယင်းတို့ကို နှင်း သို့မဟုတ် အရောင်မဆိုးရသေးသောသိုးမွေးကဲ့သို့ ဆွတ်ဆွတ်ဖြူသွားစေနိုင်သည်။ ယေဟောဝါသည် ကျွန်ုပ်တို့အပြစ်များကို ခွင့်လွှတ်သောအခါ ထိုအပြစ်များ၏စွန်းထင်းမှုသည် ကျွန်ုပ်တို့၏ဘဝတစ်လျှောက်လုံး စွဲထင်ကျန်နေသည်ဟူ၍ ကျွန်ုပ်တို့ယူမှတ်စရာမလိုချေ။
၁၇။ ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို မိမိ၏နောက်တော်သို့ အဘယ်သဘောမျိုးဖြင့် လွှင့်ပစ်တော်မူသနည်း။
ဟေရှာယ ၃၈:၁၇) ဤတွင် ယေဟောဝါသည် နောင်တယူသော အမှားပြုသူတစ်ဦး၏အပြစ်များကို ယူဆောင်သွားပြီး ၎င်းတို့ကို ကိုယ်တော်ဘယ်တော့မျှ မတွေ့မမြင်၊ သတိမပြုမိနိုင်သော ကိုယ်တော်၏နောက်ဘက်သို့ လွှင့်ပစ်လိုက်သည့်အရှင်အဖြစ် ပုံဖော်ထားသည်။ ကိုးကားဖော်ပြချက်တစ်ခုအရ အဆိုပါယူဆချက်၏သက်ရောက်မှုကို ဤသို့ဖော်ပြပေးသည်– “ကိုယ်တော်သည် ၎င်းတို့ [ကျွန်ုပ်တို့အပြစ်များ] ကို မပြုမိသည့်အလား ဖျောက်ဖျက်ပစ်လိုက်တော်မူသည်။” ယင်းသည် စိတ်အားတက်စရာမဟုတ်လော။
၁၇ သေနာစွဲခြင်းမှ အသက်ဘေးလွတ်မြောက်ပြီးနောက် ဟေဇကိစပ်ဆိုသည့် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်တေးသီချင်းတွင် ယေဟောဝါအား သူဤသို့ပြောခဲ့သည်– “အကျွန်ုပ်အပြစ်ရှိသမျှတို့ကို နောက်တော်သို့ပစ်လိုက်တော်မူပြီ။” (၁၈။ ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ထာဝစဉ်ဖယ်ရှားပစ်လိုက်တော်မူကြောင်း ပရောဖက်မိက္ခာက မည်သို့ဖော်ပြသနည်း။
၁၈ ပြန်လည်တည်ထောင်ခြင်းကတိတော်တွင် ပရောဖက်မိက္ခာက ယေဟောဝါသည် နောင်တယူသောကိုယ်တော်၏လူများကို ခွင့်လွှတ်လိမ့်မည်အကြောင်း မိမိ၏ယုံကြည်စိတ်ချမှုကို ဤသို့ဖော်ပြခဲ့သည်– “ကျန်ကြွင်းသောအမွေတော်လူတို့၏ လွန်ကျူးခြင်းများကိုသည်းခံတော်မူထသော၊ . . . ကိုယ်တော်ကဲ့သို့ အဘယ်ဘုရား [သခင်] ရှိပါသနည်း။ . . . အကျွန်ုပ်တို့၏အပြစ်အလုံးစုံတို့ကို နက်နဲသောပင်လယ်ထဲသို့ ချပစ်တော်မူလိမ့်မည်။” (မိက္ခာ ၇:၁၈၊ ၁၉) ကျမ်းစာခေတ်က အသက်ရှင်သူတို့အတွက် ဤစကားများသည် အဘယ်အဓိပ္ပာယ်ရှိကြောင်း စဉ်းစားကြည့်ပါ။ “နက်နဲသောပင်လယ်ထဲသို့” အဟုန်ပြင်းစွာကျသွားသောအရာတစ်ခုကို ပြန်၍ဆယ်ယူဖို့ အလားအလာတစ်စုံတစ်ရာရှိသလော။ သို့နှင့် မိက္ခာ၏စကားများက ယေဟောဝါခွင့်လွှတ်တော်မူသောအခါ ကျွန်ုပ်တို့၏အပြစ်များကို ထာဝစဉ်ဖယ်ရှားပစ်လိုက်တော်မူကြောင်း ဖော်ပြလေသည်။
‘ငါတို့၏ဘုရားသခင်သည် သနားကြင်နာခြင်းနှင့် ကြွယ်ဝတော်မူ၏’
၁၉၊ ၂၀။ (က) “သနားညှာတာမှုပြခြင်း” သို့မဟုတ် “သနားစိတ်ရှိခြင်း” ဟု ဘာသာပြန်ဆိုသည့် ဟေဗြဲကြိယာ၏အဓိပ္ပာယ်ကား အဘယ်နည်း။ (ခ) ရင်သွေးလေးအပေါ်ထားသည့် မိခင်ဖြစ်သူ၏ ခံစားချက်များကို အသုံးပြုကာ ယေဟောဝါ၏သနားကြင်နာမှုအကြောင်းကို ကျွန်ုပ်တို့အား သမ္မာကျမ်းစာက မည်သို့သွန်သင်ပေးသနည်း။
၁၉ သနားကြင်နာမှုသည် ယေဟောဝါ၏မေတ္တာဆိုင်ရာ ထူးခြားသည့်အသွင်အပြင်နောက်တစ်ခုဖြစ်၏။ သနားကြင်နာမှုဟူသည် အဘယ်နည်း။ သမ္မာကျမ်းစာတွင် သနားကြင်နာမှုနှင့် သနားညှာတာမှုတို့သည် အတော်ပင် ဆက်စပ်မှုရှိသည်။ ဟေဗြဲနှင့် ဂရိစကားလုံးအတော်များများက သနားကြင်နာသည့်သဘောကို ဖော်ဆောင်ပေးသည်။ ဥပမာ၊ ရာခမ်းမ်ဟူသော ဟေဗြဲကြိယာကို “သနားညှာတာမှုပြခြင်း” သို့မဟုတ် “သနားစိတ်ရှိခြင်း” ဟု ဘာသာပြန်ဆိုလေ့ရှိသည်။ ယေဟောဝါကိုယ်တော်တိုင်နှင့်သက်ဆိုင်စေသော ဤဟေဗြဲအသုံးအနှုန်းကို “သားအိမ်” ဟူသည့်စကားလုံးဖြင့် ဆက်စပ်ပေးရာ “မိခင်၏သနားကြင်နာမှု” အဖြစ် ဖော်ပြနိုင်သည်။
၂၀ ယေဟောဝါ၏သနားကြင်နာမှုအဓိပ္ပာယ်ကို ကျွန်ုပ်တို့သိရှိလာစေရန် သမ္မာကျမ်းစာက ကလေးငယ်အပေါ်ထားသည့် မိခင်၏ခံစားချက်ကို သုံးနှုန်းထားသည်။ ဟေရှာယ ၄၉:၁၅ က ဤသို့ဆိုသည်– “မိန်းမသည် မိမိဖွားသောသားကို မသနား [ရာခမ်းမ်] သည်တိုင်အောင် မိမိနို့စို့သူငယ်ကို မေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း သင့်ကိုငါမမေ့လျော့။” မိခင်သည် သူ၏နို့စို့ကလေးငယ်အား နို့ချိုတိုက်ရန်နှင့် ဂရုစိုက်ရန် မေ့လျော့သွားမည်ဆိုသည်ကို စိတ်ကူးကြည့်၍ပင်မရပါ။ အမှန်သော် နို့စို့ကလေးသည် အကူအညီမဲ့ကာ နေ့ညအချိန်မရွေး မိခင်၏ဂရုစိုက်မှုလိုအပ်သည်။ ဝမ်းနည်းစရာကား အထူးသဖြင့် ဤ “ခဲယဉ်းသောကာလ” တွင် မိခင်၏လျစ်လျူရှုခံရသည့်သတင်းကို ကြားရစမြဲဖြစ်သည်။ (၂ တိမောသေ ၃:၁၊ ၃) ‘သို့သော်လည်း သင့်ကိုငါမမေ့လျော့’ ဟု ယေဟောဝါက အခိုင်အမာမိန့်တော်မူ၏။ ကိုယ်တော့်ကျေးကျွန်များအတွက် ယေဟောဝါ၌ရှိသော စာနာသနားကြင်နာမှုမှာ ကျွန်ုပ်တို့စဉ်းစားကြည့်နိုင်သမျှတွင် အနူးညံ့ဆုံး သဘာဝခံစားချက်ဖြစ်သည့် နို့စို့ကလေးအတွက် မိခင်တစ်ဦးခံစားရလေ့ရှိသော သနားကြင်နာမှုထက် အဆပေါင်းများစွာ သာ၍ကြီးမား၏။
၂၁၊ ၂၂။ ရှေးအီဂျစ်ပြည်တွင် ဣသရေလလူတို့သည် မည်သည့်အရာတွေ့ကြုံခံစားခဲ့ရသနည်း၊ သူတို့၏ဟစ်ကြွေးသံများကို ယေဟောဝါမည်သို့တုံ့ပြန်တော်မူခဲ့သနည်း။
ထွက်မြောက်ရာ ၁:၁၁၊ ၁၄) ဘေးရောက်သဖြင့် ဣသရေလလူတို့သည် ယေဟောဝါထံ ဟစ်ကြွေးခဲ့ကြသည်။ စာနာသနားကြင်နာတတ်သောဘုရားသခင်သည် မည်သို့တုံ့ပြန်တော်မူခဲ့သနည်း။
၂၁ ယေဟောဝါသည် မေတ္တာပြည့်ဝသောမိဘတစ်ဦးကဲ့သို့ သနားကြင်နာမှုကို မည်သို့တင်ပြတော်မူသနည်း။ ရှေးဣသရေလလူမျိုးနှင့် ကိုယ်တော်ဆက်ဆံပုံတွင် ဤအရည်အချင်းကို အထင်အရှားတွေ့မြင်ရ၏။ ဘီ.စီ.အီး. ၁၆ ရာစုနှစ်အကုန်ပိုင်းတွင် သန်းနှင့်ချီသော ဣသရေလလူမျိုးတို့သည် အီဂျစ်ပြည်တွင် ကျွန်ဘဝရောက်နေခဲ့၏၊ ထိုပြည်တွင် သူတို့သည် အပြင်းအထန် နှိပ်စက်ညှဉ်းပန်းခံခဲ့ရလေသည်။ (၂၂ ယေဟောဝါ၏စိတ်တော်ထိခိုက်ခဲ့သည်။ ကိုယ်တော် ဤသို့မိန့်တော်မူ၏– “အဲဂုတ္တုပြည်၌ရှိသော ငါ၏လူတို့ခံရသော ညှဉ်းဆဲခြင်းကို ငါစေ့စေ့မြင်ခဲ့ပြီ။ . . . သူတို့မြည်တမ်းသောအသံကိုလည်း ငါကြားခဲ့ပြီ။ သူတို့နာကြည်းခြင်းဝေဒနာကို ငါသိ၏။” (ထွက်မြောက်ရာ ၃:၇) ယေဟောဝါသည် မိမိလူမျိုးအတွက် ခံစားမပေးခဲ့ပါလျှင် သူတို့၏ဝေဒနာခံရမှုကို မြင်မိခြင်း၊ အော်ဟစ်သံကို ကြားမိခြင်းရှိမည်မဟုတ်ပါ။ ယေဟောဝါသည် စာနာတတ်သောဘုရားသခင်ဖြစ်တော်မူ၏။ ထို့ပြင် စာနာမှုဟူသည့် အခြားသူတို့၏နာကျင်မှုကို ခံစားပေးသောအရည်အသွေးသည် သနားကြင်နာခြင်းနှင့် အလွန်ပင်နီးစပ်သည်။ သို့သော် ယေဟောဝါသည် ကိုယ်တော်၏လူတို့အတွက် ခံစားပေးရုံသက်သက်မဟုတ်ချေ၊ သူတို့၏အကျိုးအလို့ငှာ အရေးယူလုပ်ဆောင်ဖို့ ကိုယ်တော်စေ့ဆော်ခံခဲ့ရသည်။ ဟေရှာယ ၆၃:၉ က ဤသို့ဆိုသည်– “မေတ္တာကရုဏာတော်ရှိသည်အတိုင်း ရွေးနုတ်တော်မူ၏။” “အားကြီးသောလက်ရုံးတော်” ဖြင့် ယေဟောဝါသည် ဣသရေလလူတို့ကို အီဂျစ်ပြည်မှ ကယ်လွှတ်တော်မူခဲ့သည်။ (တရားဟောရာ ၄:၃၄) ထို့နောက် အံ့ဖွယ်အစာကို သူတို့အား ကျွေးမွေးတော်မူ၍ ကြွယ်ဝဖြစ်ထွန်းသော သူတို့၏ပြည်သို့ ကိုယ်တော်ပို့ဆောင်တော်မူခဲ့သည်။
၂၃။ (က) တစ်ဦးချင်းစီအနေနှင့် ကျွန်ုပ်တို့ကို ယေဟောဝါအလွန်ဂရုစိုက်ကြောင်း ဆာလံဆရာ၏စကားများက မည်သို့စိတ်ချစေသနည်း။ (ခ) ယေဟောဝါသည် အဘယ်နည်းလမ်းများဖြင့် ကျွန်ုပ်တို့ကိုကူညီပေးသနည်း။
၂၃ ယေဟောဝါသည် မိမိလူတို့အား အုပ်စုလိုက်အနေနှင့်သာ သနားကြင်နာမှုတင်ပြခြင်း မဟုတ်ပေ။ ကျွန်ုပ်တို့၏မေတ္တာရှင်ဘုရားသခင်သည် ကျွန်ုပ်တို့တစ်ဦးချင်းစီနှင့်ပတ်သက်၍ အလွန်ပင် ဂရုစိုက်တော်မူ၏။ ကျွန်ုပ်တို့ကြုံတွေ့ခံစားရသမျှကို ကိုယ်တော်သည် အထူးတလည် သတိပြုကြည့်ရှုပေးတော်မူသည်။ ဆာလံဆရာ ဤသို့ရေးသားခဲ့သည်– “ထာဝရဘုရားသည် ဖြောင့်မတ်သောသူတို့ကို ကြည့်ရှုတော်မူ၏။ သူတို့အော်ဟစ်သံကိုလည်း နားထောင်တော်မူ၏။ ထာဝရဘုရားသည် ကျိုးပဲ့သောစိတ်ရှိသောသူတို့နှင့် နှလုံးကြေကွဲသောသူတို့ကိုနီးတော်မူ၏။ နောင်တရှိ၍ စိတ်နှိမ့်ချသောသူတို့ကိုလည်း ကယ်တင်တော်မူ၏။” (ဆာလံ ၃၄:၁၅၊ ၁၈) ယေဟောဝါသည် ကျွန်ုပ်တို့ကို တစ်ဦးချင်းစီ မည်သို့ကူညီပေးတော်မူသနည်း။ ကျွန်ုပ်တို့အား ကိုယ်စိတ်ဆင်းရဲစေသော အကြောင်းရင်းကို ကိုယ်တော်ဖယ်ရှားပေးစရာမလိုပါ။ သို့သော် ယေဟောဝါသည် ကိုယ်တော်အား ဟစ်ကြွေးအကူအညီတောင်းခံသူတို့အတွက် အကူအညီအမြောက်အမြားပေးထားသည်။ ကိုယ်တော်၏နှုတ်မြွက်စကားတော်တွင် အခြေအနေကိုထူးခြားသွားစေသည့် လက်တွေ့ကျဆုံးမစကားပါရှိသည်။ အသင်းတော်ရှိ ဝတ်ပြုကိုးကွယ်သူချင်းတို့ကို ကူညီပေးရာ၌ ယေဟောဝါ၏သနားကြင်နာမှုကို ထင်ဟပ်ပြရန် ကြိုးပမ်းအားထုတ်နေကြသည့် ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီသော ကြီးကြပ်မှူးများကို ကိုယ်တော်ပေးထားသည်။ (ယာကုပ် ၅:၁၄၊ ၁၅) “[ဆုတောင်းသံ] ကိုနားညောင်းတော်မူသောအရှင်” အဖြစ် ကိုယ်တော်သည် “တောင်းသောသူတို့အား သန့်ရှင်းသောဝိညာဉ်တော်ကို” ပေးတော်မူ၏။ (ဆာလံ ၆၅:၂၊ သမ္မာ; လုကာ ၁၁:၁၃) ထိုပြင်ဆင်ပေးမှုအားလုံးသည် ‘ငါတို့၏ဘုရားသခင်သည် သနားခြင်းကရုဏာနှင့်ကြွယ်ဝ’ ခြင်းဆိုင်ရာ ဖော်ပြချက်များဖြစ်ကြသည်။—လုကာ ၁:၇၈၊ သတင်းကောင်း။
၂၄။ ယေဟောဝါ၏မေတ္တာကို သင်မည်သို့တုံ့ပြန်မည်နည်း။
၂၄ ကျွန်ုပ်တို့၏ ကောင်းကင်ခမည်းတော်၏မေတ္တာကို တွေးတောဆင်ခြင်ရခြင်းသည် စိတ်လှုပ်ရှားဖွယ်မကောင်းပေလော။ ရှေ့ဆောင်းပါးတွင် ယေဟောဝါသည် မိမိ၏ တန်ခိုးတော်၊ တရားမျှတမှုနှင့် ဉာဏ်ပညာတော်ကို ကျွန်ုပ်တို့အကျိုးအတွက် မေတ္တာပါသည့်နည်းလမ်းများဖြင့် ဖော်ပြတော်မူခဲ့ကြောင်း ကျွန်ုပ်တို့သတိပေးခံခဲ့ရသည်။ ဤဆောင်းပါးတွင်မူ ယေဟောဝါသည် မိမိ၏မေတ္တာကို လူသားထုနှင့် ကျွန်ုပ်တို့တစ်ဦးချင်းစီအတွက် မှတ်သားဖွယ်ကောင်းသောနည်းလမ်းများဖြင့် တိုက်ရိုက်ပြသခဲ့ကြောင်းကို ကျွန်ုပ်တို့တွေ့မြင်ခဲ့ရပြီ။ ယခု ကျွန်ုပ်တို့တစ်ဦးစီသည် ‘ယေဟောဝါ၏မေတ္တာတော်ကို ကျွန်ုပ်မည်သို့တုံ့ပြန်မည်နည်း’ ဟုမေးသင့်ပေသည်။ ကိုယ်တော်အား သင့်နှလုံး၊ စိတ်၊ စိုးလ်နှင့် ခွန်အားအပြည့်ဖြင့် ချစ်မြတ်နိုးခြင်းအားဖြင့် တုံ့ပြန်နိုင်ကြပါစေ။ (မာကု ၁၂:၂၉၊ ၃၀) နေ့စဉ်အသက်တာတွင် သင်အသက်ရှင်သည့်လမ်းစဉ်က ယေဟောဝါထံပို၍နီးကပ်စေရန် သင်၏လှိုက်လှဲသောစိတ်ဆန္ဒကို ရောင်ပြန်ဟပ်နိုင်ပါစေ။ ထို့အပြင် ချစ်ခြင်းမေတ္တာဖြစ်တော်မူသော ယေဟောဝါဘုရားသခင်သည် ထာဝရကာလပတ်လုံး သင့်ထံပို၍ချဉ်းကပ်ပါစေ!—ယာကုပ် ၄:၈။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 16 ကျမ်းပညာရှင်တစ်ဦးက အနီရဲရဲသည် “ဆေးခိုင်သည့် သို့မဟုတ် စွဲသည့်အရောင်မျိုးဖြစ်သည်။ နှင်းစိုလျှင်ဖြစ်စေ၊ မိုးရေထိလျှင်ဖြစ်စေ၊ လျှော်ဖွပ်ခြင်းကြောင့်ဖြစ်စေ၊ ကြာရှည်အသုံးပြုခြင်းကြောင့်ဖြစ်စေ အရောင်ကျွတ်မသွားပေ” ဟုဆိုသည်။
သင်မှတ်မိသလော
• မေတ္တာသည် ယေဟောဝါ၏ အဓိကပေါ်လွင်သည့် အရည်အချင်းဖြစ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရှိရသနည်း။
• ကျွန်ုပ်တို့အတွက် သားတော်ကို ဝေဒနာခံကာ သေဆုံးစေရန် ယေဟောဝါစေလွှတ်လိုက်ခြင်းသည် မေတ္တာပြခဲ့ဖူးသမျှတွင် အကြီးမားဆုံးလုပ်ရပ်ဖြစ်သည်ဟု အဘယ်ကြောင့်ဆိုနိုင်သနည်း။
• တစ်ဦးချင်းစီအနေဖြင့် ကျွန်ုပ်တို့ကို ကိုယ်တော်ချစ်ကြောင်း ယေဟောဝါမည်သို့စိတ်ချစေသနည်း။
• ယေဟောဝါ၏ခွင့်လွှတ်မှုကို အဘယ်ထူးခြားသော နည်းလမ်း များဖြင့် သမ္မာကျမ်းစာဖော်ပြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
‘ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်ခဲ့’
[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]
“သင်တို့သည် စာငှက်အများ တို့ထက် သာ၍မြတ်”
[Credit Line]
© J. Heidecker/VIREO
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
မိခင်မှ သူ၏ကလေးအပေါ်ထားသည့်ခံစားချက်များက ယေဟောဝါ၏ သနားကြင်နာမှုကို သင်ကြားပေးနိုင်