မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာစစ်မွေးမြူနည်း

မေတ္တာစစ်မွေးမြူနည်း

မေတ္တာ​စစ်​မွေးမြူ​နည်း

“မေတ္တာသည် သက်စောင့်​ဆေး​ဖြစ်၏; မေတ္တာသည် အသက်​ဖြစ်၏။”—ဂျိုးဇက် ဂျွန်​ဆင်​၏ အသက်ရှင်​ရခြင်း​ရည်ရွယ်ချက်၊ ၁၈၇၁။

လူတစ်ဦး​သည် မေတ္တာ​တရားကို မည်သို့​သင်ယူ​ရသနည်း။ စိတ်​ပညာ လေ့လာခြင်း​ဖြင့်​လော။ မိမိ​ဘာသာ စူးစမ်း​လေ့လာခြင်း​ဖြင့်​လော။ အချစ်ဇာတ်​လမ်းများ ကြည့်​ခြင်း​ဖြင့်​လော။ ဝေးလေစွ။ ပထမ​အချက်​အနေ​နှင့် မိဘများ​၏ ပုံသက်သေ​နှင့် လေ့ကျင့်ပေး​မှု​မှ မေတ္တာ​တရားကို သင်ယူ​ကြ​၏။ ချစ်ခင်​ကြင်နာ​မှု​ရှိသော ဝန်းကျင်ရှိ ကလေး​များသည် မိဘများ​က မိမိတို့ကို ကျွေးမွေး​စောင့်ရှောက်​၍ ပြောဆို​ဆက်သွယ်မှု​ရှိပြီး အလွန်​စိတ်ဝင်စားမှု​ပြ​သည်ကို တွေ့မြင်​ရသည့်​အခါ မေတ္တာ​၏​အဓိပ္ပာယ်​ကို နားလည်​လာ​ကြလိမ့်မည်။ အမှား၊ အမှန်​နှင့်​ပတ်သက်သော ခိုင်မာ​သည့်​မူများ​ကို လိုက်နာ​ရန် မိဘများ​က သင်ပေး​သည့်​အခါ​တွင်​လည်း မေတ္တာ​တရားကို သူတို့ သိရှိ​လာ​ကြသည်။

မေတ္တာ​စစ်​ဟူသည် တွယ်တာမှု သို့​မဟုတ် တမ်းတ​လွမ်းဆွတ်​မှု​ရှိ​ရုံ​ထက်မက​ချေ။ မေတ္တာ​စစ်သည် တစ်ဖက်​က အပြည့်အဝ​တန်ဖိုး​မထားတတ်​သည့် သားသမီး​များ​အား မေတ္တာဖြင့် ဆုံးမ​ပဲ့ပြင်​ပေး​ရသည့်​အခါ​မျိုး​၌​ပင် သူတို့၏​အကောင်းဆုံး​အကျိုးအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်ပေး​တတ်၏။ ကိုယ်ကျိုး​စွန့်​မေတ္တာပြ​သော အကောင်းဆုံး​ပုံ​နမူနာ​ရှင်​မှာ ဖန်ဆင်း​ရှင်​ဖြစ်၏။ တမန်​တော်​ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ငါ့​သား၊ ထာဝရ​ဘုရား​ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်။ သင်၏​အပြစ်ကို စစ်ဆေး​တော်​မူ​သောအခါ စိတ်မပျက်​နှင့်။ ထာဝရ​ဘုရား​သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​တတ်၏။ လက်ခံ​တော်​မူသမျှ​သော သားတို့​ကို ဒဏ်ခတ်​တော်​မူ​တတ်၏။”—ဟေဗြဲ ၁၂:၅၊ ၆

အသင်​မိဘတို့၊ မိသားစု​အပေါ်​မေတ္တာထား​ရာ​တွင် ယေဟောဝါ​ကို မည်သို့​တုပ​နိုင်​သနည်း။ လင်​နှင့်​မယား တစ်ဦး​အပေါ်​တစ်ဦး​ဆက်ဆံ​ရာ​တွင် သင်တို့​ပြ​သော ပုံသက်သေ​သည် မည်မျှ​အရေးကြီး​ပါ​သနည်း။

ပုံသက်သေ​ဖြင့် မေတ္တာ​သင်ပေး​လော့

သင်သည် ခင်ပွန်း​ဖြစ်​လျှင် သင်၏​ဇနီး​ကို အလွန်​တန်ဖိုး​ထားပြီး ဂုဏ်တင်​လေးစား​စွာ ဆက်ဆံ​သလော။ သင်သည် ဇနီး​ဖြစ်​လျှင် သင်၏​ခင်ပွန်း​ကို ချစ်​မြတ်နိုး​လျက် ထောက်မ​ပေး​နေ​သလော။ ခင်ပွန်း​နှင့်​ဇနီး​တို့သည် တစ်ဦး​ကိုတစ်​ဦး ချစ်ခင်​လေးစား​သင့်​သည်​ဟု သမ္မာကျမ်းစာ​က​ဆို​၏။ (ဧဖက် ၅:၂၈; တိတု ၂:၄) မိဘများ​က ထိုသို့​လုပ်ဆောင်ကြ​သောအခါ ခရစ်ယာန်​မေတ္တာပါ​လုပ်ရပ်များ​ကို သူတို့​သားသမီး​များ​ကိုယ်တိုင် မြင်တွေ့​ကြသည်။ ထိရောက်​မှု​ရှိပြီး အဖိုးတန်​သင်ခန်းစာ​တစ်ရပ်​ပေ​တည်း!

မိဘများသည် ဖျော်ဖြေမှု၊ ကိုယ်ကျင့်တရား၊ ပန်းတိုင်​များနှင့် ဦးစားပေး​ရာ​များ​ကဲ့သို့​သော ကိစ္စရပ်​များနှင့်​ပတ်သက်​၍ မိသားစု​အကျိုးအတွက် မြင့်မားသော​စံနှုန်း​များ​အတိုင်း လိုက်နာ​သောအခါ အိမ်တွင်း၌​လည်း မေတ္တာ​တရား ထွန်းကား​စေ​ရာ​ရောက်​သည်။ ထိုသို့​သော​မိသားစု​စံနှုန်း​များ​ချမှတ်​ရာ​တွင် သမ္မာကျမ်းစာ​သည် အလွန်​အထောက်အကူ​ပြု​ကြောင်း ကမ္ဘာ​တစ်ဝန်း​ရှိ​လူ​တို့ တွေ့ရှိ​ခဲ့​ကြ​ပြီး သမ္မာကျမ်းစာ​သည် အမှန်ပင် “ဘုရားသခင်​မှုတ်သွင်း​တော်​မူ​သော​အားဖြင့်​ဖြစ်၍ . . . [ဆုံးမ]ခြင်း၊ အပြစ်ကို​ဖော်ပြခြင်း၊ ဖြောင့်မတ်​စွာ​ပြုပြင်ခြင်း၊ တရားကို​သွန်သင်ခြင်း​ကျေးဇူးများ​ကို​ပြု​တတ်” သည်​မှာ သက်သေ​ထင်ရှား​၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) တောင်ပေါ်​တရားတော်​တွင် တွေ့ရ​သော ဘဝ​အတွက် ကျင့်ဝတ်​စည်းမျဉ်းများနှင့် လမ်းညွှန်ချက်​တို့သည် ကောင်းမွန်​လှ​သည်​ဟု ကျယ်ကျယ်ပြန့်ပြန့် ယူမှတ်​ထား​ကြသည်။—မဿဲ​အခန်းကြီး ၅ မှ ၇။

မိသားစု​တစ်စုလုံး​သည် ဘုရားသခင်​ထံ​တော်​မှ လမ်းညွှန်မှုကို ရှာယူ​ပြီး ကိုယ်တော်​၏​စံနှုန်း​များ​အတိုင်း ကျင့်​စောင့်​သောအခါ အိမ်သား​တစ်ဦးစီ​သည် သာ၍​လုံခြုံမှု​ခံစား​ရပြီး ကလေး​များသည် မိဘတို့​အပေါ် ချစ်ခင်​လေးမြတ်စိတ်​ဖြင့် ကြီးပြင်း​လာဖို့ သာ၍​အကြောင်း​များသည်။ တစ်ဖက်​က​ကြည့်​လျှင်၊ နှစ်​ဘဝ​စံ​ကာ မမှန်မကန်၊ လျော့​တိ​လျော့​ရဲ​စံနှုန်း​များ ကျင့်သုံး​သည့်​အိမ်​တွင် ကလေး​များသည် စိတ်ဆိုး​အမျက်ထွက်​ကာ ကလန်ကဆန်​ပြုလုပ်​လာ​တတ်ကြ​၏။—ရောမ ၂:၂၁; ကောလောသဲ ၃:၂၁

ကြင်ဖော်​မဲ့​မိဘများ​ကော အသို့နည်း။ သူတို့သည် သားသမီး​များ​ကို မေတ္တာ​တရား​အကြောင်း​သင်ပေး​ရာ​တွင် အကြီးအကျယ်​အခွင့်မသာ​ဘဲ ဖြစ်နေ​ပါသလော။ ဖြစ်စရာ​မလိုပါ။ ပူးပေါင်း​ဆောင်ရွက်မှု​ရှိ မိခင်​ကောင်း၊ ဖခင်ကောင်း​တို့ကို အစားထိုး​၍​မရ​သော်လည်း မိသားစု​ဆက်ဆံ​ရေး​ကောင်းခြင်း​က ကြင်ဖော်​မဲ့​ခြင်း​ကို အတော်အတန်​ခံ​သာ​စေ​ကြောင်း တွေ့ရှိ​ခဲ့​ကြ​ရသည်။ သင်သည် ကြင်ဖော်​မဲ့​မိဘ​တစ်ဦး​ဖြစ်​လျှင် သင့်​အိမ်ထောင်တွင် သမ္မာကျမ်းစာ​မူများ ကျင့်သုံး​ရန် ကြိုးစား​ပါ။ နယပုံပြင်​ကျမ်း​မှ ကျမ်း​တစ်​ပိုဒ်​က မိဘ​ဘဝ​နှင့်​ပတ်သက်​၍ ဤသို့​ဆို​၏– “ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။”—သု. ၃:၅၊ ၆; ယာကုပ် ၁:၅

ကြင်ဖော်​မဲ့​မိဘ​တစ်ဦး၏ ကြည့်ရှု​ပြုစု​မှု​အောက် ကြီးပြင်း​လာ​သူ လူကောင်း​များစွာ​ရှိပြီး ယခု ဤ​သူတို့သည် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ ထောင်နှင့်ချီ ခရစ်ယာန်​အသင်းတော်များ​တွင် ဘုရားသခင်​၏​အမှုတော်ကို တည်ကြည်​စွာ ထမ်းဆောင်​နေကြ​ကြောင်း တွေ့ရှိ​ရသည်။ ယင်းက ကြင်ဖော်​မဲ့​မိဘများသည်​လည်း သူတို့​သားသမီး​များ​ကို မေတ္တာ​တရား​အကြောင်း အောင်မြင်စွာ​သွန်သင်ပေး​နိုင်​ကြောင်း သက်သေထူ​သည်။

လူ​ခပ်သိမ်း မေတ္တာ​တရား​မွေးမြူ​နိုင်​ပုံ

မိသားစု​အတွင်း တစ်ဦး​အပေါ်​တစ်ဦး ရှိ​သင့်​သော​ချစ်ခင်​ရင်းနှီးမှု မရှိတော့​၍ “ပကတိ​ကြင်နာ​စုံမက်ခြင်း” ကင်း​ခြင်း​သည် ‘နောက်ဆုံး​ကာလ’ ၏​အမှတ်အသား​ဖြစ်​လိမ့်​မည်​ဟု သမ္မာကျမ်းစာ​က ကြို​ဟောခဲ့​သည်။ (၂ တိမောသေ ၃:၁၊ ၃) သို့​တိုင် ချစ်ခင်​ကြင်နာ​မှုမရှိ​သည့် အသိုင်းအဝိုင်း​တွင် ကြီးပြင်း​လာ​သူများ​ပင်​လျှင် မေတ္တာ​တရား​မွေးမြူ​နိုင်​ကြသည်။ မည်သို့​အားဖြင့်​နည်း။ ချစ်ခြင်း​မေတ္တာ​၏​ပင်ရင်း​ဖြစ်​ပြီး မိမိ​ထံ စိတ်နှလုံး​အကြွင်းမဲ့ လှည့်လာ​သူအား​လုံး​ကို ချစ်ခင်​ကြင်နာ​မှု​ပြ​သည့် ယေဟောဝါ​ထံ​မှ သင်ယူခြင်း​အားဖြင့်​ဖြစ်သည်။ (၁ ယောဟန် ၄:၇၊ ၈) “ကိုယ်​မိဘတို့​သည် အကျွန်ုပ်​ကို​စွန့်​သော်လည်း ထာဝရ​ဘုရား​သည် အကျွန်ုပ်​ကို ချီယူ​တော်​မူ​မည်” ဟု​ဆာလံဆရာ​တစ်ဦး​က ဆို​ခဲ့​၏။—ဆာလံ ၂၇:၁၀

ယေဟောဝါ​သည် ကိုယ်တော်​၏​မေတ္တာတော်ကို နည်း​အမျိုးမျိုးဖြင့် ဖော်ပြ​၏။ ယင်း​တို့​တွင် သမ္မာကျမ်းစာ​အားဖြင့်၊ သန့်ရှင်းသော​ဝိညာဉ်​တော်​အကူအညီ​အားဖြင့်၊ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ နွေးထွေး​သော​ထောက်မမှု​အားဖြင့် ဖခင်​တစ်ဦး​သဖွယ် လမ်းညွှန်မှု​ပါဝင်​သည်။ (ဆာလံ ၁၁၉:၉၇-၁၀၅; လုကာ ၁၁:၁၃; ဟေဗြဲ ၁၀:၂၄၊ ၂၅) အဆိုပါ​ပြင်ဆင်​ပေး​ချက်​သုံးခု​ဖြင့် ဘုရားသခင်​နှင့် အိမ်နီးချင်း​တို့ကို ပိုမို​ချစ်ခင်​လာနိုင်​ကြောင်း ဆင်ခြင်​သုံးသပ်ကြည့်​ပါ။

ဖခင်သဖွယ် မှုတ်သွင်းခံ​လမ်းညွှန်မှု

တစ်ဦး​တစ်ယောက်​နှင့် ခင်မင်​ရင်းနှီး​ရန် ထို​သူနှင့်​အကျွမ်းဝင်​ဖို့​လို​သည်။ ယေဟောဝါ​သည် သမ္မာကျမ်းစာ​တွင် မိမိ​အကြောင်း​ဖော်ပြ​ထား​ကာ ကိုယ်တော်​ထံ​ချဉ်းကပ်​ကြ​ရန် ဖိတ်ခေါ်​၏။ သို့သော် ကျမ်းစာ​ဖတ်​ရုံ​နှင့် မလုံလောက်​ချေ။ ၎င်း​၏​သွန်သင်ချက်​များ​ကို လက်တွေ့​ကျင့်သုံး​ရမည်၊ သို့ဖြင့် အကျိုးကျေးဇူးများ​ကို ခံစားရ​မည်။ (ဆာလံ ၁၉:၇-၁၀) “ငါသည် သင်၏​အကျိုးနှင့်​ယှဉ်​သော​အရာ​ကို သွန်သင်​၍ သင်​သွား​အပ်သော​လမ်းဖြင့် ပို့ဆောင်သော သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ဖြစ်၏” ဟု​ဟေရှာယ ၄၈:၁၇ က​ဆို​သည်။ မှန်ပါသည်၊ မေတ္တာ​၏​ပြယုဂ်​ဖြစ်သော ယေဟောဝါ​သည် မလို​အပ်သော စည်းမျဉ်း​ဥပဒေ​များ​ဖြင့် ကျွန်ုပ်​တို့၏​လွတ်လပ်မှုကို ချုပ်ကိုင်​လို​၍​မဟုတ်ဘဲ ကျွန်ုပ်​တို့​အကျိုးအတွက် သွန်သင်ပေး​တော်​မူ​၏။

သမ္မာကျမ်းစာ​၏ တိကျ​မှန်ကန်သော အသိပညာ​ရှိခြင်းကလည်း လူ​လူ​ချင်း​အပေါ် ချစ်တတ်​လာ​စေ​သည်။ အကြောင်း​မှာ ကျမ်းစာ​အမှန်တရားက လူသားများ​ကို ဘုရားသခင် မည်သို့​ရှုမြင်​ကြောင်း သွန်သင်ပေး​ပြီး တစ်ဦး​နှင့်​တစ်ဦး​ဆက်ဆံ​ရာ​တွင် လိုက်လျှောက်သင့်​သည့် မူများ​ကို ဖော်ပြ​သည်။ ယင်းကို​သိထားခြင်း​ဖြင့် အိမ်နီးချင်း​ကို​ချစ်​ရန် ခိုင်လုံ​သော​အခြေအမြစ်​ရှိစေသည်။ တမန်​တော်​ပေါလု​က “ငါ​ဆုတောင်း​သော​အချက်​ဟူ​မူ​ကား၊ သင်တို့၏​မေတ္တာသည် တိကျ​မှန်ကန်သော​အသိပညာနှင့် ပြည့်ဝ​စုံလင်သော ပိုင်းခြား​ဝေဖန်​နိုင်စွမ်း​တို့​ဖြင့် တိုး၍​ကုံလုံ​ကြွယ်ဝ​နေနိုင်​မည်​အကြောင်း​တည်း” ဟု​ပြော​ခဲ့​သည်။—ဖိလိပ္ပိ ၁:၉က​ဘ။

“တိကျ​မှန်ကန်သော​အသိပညာ” က​မေတ္တာကို နည်း​မှန်​လမ်း​ကျ မည်သို့​လမ်းညွှန်​နိုင်​ပုံ​ကို ဖော်ပြ​ရန် တမန်​တော် ၁၀:၃၄၊ ၃၅ ပါ​ဤ​အခြေခံ​အမှန်တရားကို ဆင်ခြင်​သုံးသပ်ကြည့်​ပါ– “ဘုရားသခင်​သည် လူ​မျက်နှာကို မှတ်​တော်​မ​မူ။ လူအမျိုးမျိုး​တို့​တွင် ဘုရားသခင်​ကို​ကြောက်ရွံ့​၍ တရား​သဖြင့်​ကျင့်ဆောင်​သော​သူသည် အထံတော်​၌ မျက်နှာ​ရသည်။” ဘုရားသခင်​သည် နိုင်ငံသား သို့​မဟုတ် လူ​အမျိုးအနွယ်​ဖြင့်​မဟုတ်ဘဲ လူတို့၏​ဖြောင့်မတ်​သော​အမူအကျင့်များ​နှင့် ဘုရားသခင်​ရေးရာ​ကြောက်ရွံ့​မှု​ဖြင့် အကဲဖြတ်​လျှင် လူသားချင်း​ကို ထို​နည်းတူ ကျွန်ုပ်​တို့​မျက်နှာမလိုက်​ဘဲ ရှုမြင်​သင့်​သည်မဟုတ်​ပေ​လော။—တမန်​တော် ၁၇:၂၆၊ ၂၇; ၁ ယောဟန် ၄:၇-၁၁၊ ၂၀၊ ၂၁

ချစ်ခြင်း​မေတ္တာ—ဘုရားသခင်​၏​ဝိညာဉ်​အသီး​တစ်လုံး

အချိန်တန်​မိုး​ကြောင့် သီး​စား​ခြံ​တွင် သီး​အားကောင်းစေ​သကဲ့သို့ ဘုရားသခင်​၏​ဝိညာဉ်​တော်​အားဖြင့် ‘ဝိညာဉ်​အသီး’ ဟု​သမ္မာကျမ်းစာ​ခေါ်ဆို​သည့် အရည်အသွေးများ​ကို လူ​တို့​သီးပွင့်​နိုင်​ကြ​မည်။ (ဂလာတိ ၅:၂၂၊ ၂၃) ပထမ​ဆုံး​အသီး​မှာ ချစ်ခြင်း​မေတ္တာ​ဖြစ်၏။ (၁ ကောရိန္သု ၁၃:၁၃) သို့သော် ဘုရားသခင်​၏​ဝိညာဉ်​တော်​ကို မည်သို့​ရရှိနိုင်​သနည်း။ အရေးပါသော​နည်း​တစ်နည်း​မှာ ဆုတောင်းခြင်း​အားဖြင့်​ဖြစ်၏။ ဘုရားသခင်​၏​ဝိညာဉ်​တော်​ရရှိရန် ဆုတောင်း​မည်​ဆိုလျှင် ကျွန်ုပ်​တို့ကို ကိုယ်တော်​ပေး​တော်​မူ​လိမ့်​မည်။ (လုကာ ၁၁:၉-၁၃) သင်သည် သန့်ရှင်းသော​ဝိညာဉ်​တော်​ရရှိရန် ‘အဆက်မပြတ်’ ဆုတောင်း​သလော။ ထိုသို့​ဆု​တောင်းလျှင် သင်၏​ဘဝ​အသက်တာတွင် မေတ္တာ​အပါအဝင် တန်ဖိုး​ရှိ​ဝိညာဉ်​အသီးများ​ကို ပိုမို​သီးပွင့်​လာပေမည်။

သို့ရာတွင် ဘုရားသခင်​၏​ဝိညာဉ်​တော်​နှင့် ဆန့်ကျင်​သည့် ဝိညာဉ်​နောက်​တစ်မျိုး​ရှိသေး​သည်။ ၎င်းကို သမ္မာကျမ်းစာ​က “လော[က]ဝိညာဉ်” ဟု​ခေါ်ဆို​၏။ (၁ ကောရိန္သု ၂:၁၂; ဧဖက် ၂:၂) ယင်းသည် မကောင်းဆိုးဝါး​သြဇာ​ဖြစ်​ပြီး ၎င်း​၏​ရင်းမြစ်​မှာ ဘုရားသခင်​ထံ​မှ ဝေးကွာ​သည့် လူသားများ​၏ “ဤ​လောကကို​အစိုး​ရသော​မင်း” စာတန်​ပင်​ဖြစ်သည်။ (ယောဟန် ၁၂:၃၁) ဖုန်​ထ​ပြီး အမှိုက်​ပွ​စေသည့် လေ​ကဲ့သို့ ‘ဤ​လောက​ဝိညာဉ်’ သည်​ချစ်ခြင်း​မေတ္တာ​ကင်းမဲ့​စေ​၍ သွေးသား​အားနည်းမှု​အလို​သို့ လိုက်​စေသည့် တပ်မက်မှု​များ​ကို နှိုးဆွ​ပေး​တတ်၏။—ဂလာတိ ၅:၁၉-၂၁

လူတို့သည် ဥစ္စာ​ပစ္စည်း​တပ်မက်​၍ ငါ​သာ​ပဓာန​တွေးခေါ်မှု​ရှိ​မည်၊ အကြမ်းဖက်​စိတ်ထား​များ​ရှိပြီး ချစ်ခြင်း​မေတ္တာကို ဤ​လောက​ကဲ့သို့ တလွဲ​အဓိပ္ပာယ်​ကောက်ယူ​နေကြ​မည်​ဆိုလျှင် ထို​ဆိုးညစ်သော​ဝိညာဉ်​ကို ခံယူ​နေကြ၏။ သင်သည် စစ်မှန်သော​မေတ္တာ တိုးပွား​များပြား​လိုလျှင် ဤ​လောက​ဝိညာဉ်​ကို ခိုင်မာ​ပြတ်သား​စွာ တွန်းလှန်​ရမည်။ (ယာကုပ် ၄:၇) သို့သော် မိမိ၏​ခွန်အား​ကို မကိုးစား​ဘဲ ယေဟောဝါ​၏​အကူအညီကို တောင်းခံ​ပါ။ စကြဝဠာ​တွင် တန်ခိုး​အထက်​မြက်​ဆုံး​တွန်းအား​ဖြစ်သည့် ကိုယ်တော်​၏​ဝိညာဉ်တော်သည် သင့်ကို​ခွန်အား​ပေး​ပြီး၊ အောင်မြင်​စေပါ​လိမ့်​မည်။—ဆာလံ ၁၂၁:၂

ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​မှ မေတ္တာကို သင်ယူ​လော့

ကလေး​များသည် မိသားစုတွင် မေတ္တာပြ​ခံရ​၍ ကိုယ်တိုင်​မေတ္တာပြ​တတ်လာ​သကဲ့သို့ လူကြီးလူငယ်​မရွေး ကျွန်ုပ်​တို့အားလုံး​သည် တခြား​ခရစ်ယာန်​များနှင့် ပေါင်းသင်း​ခြင်း​ဖြင့် မေတ္တာ​တိုးပွား​လာနိုင်​သည်။ (ယောဟန် ၁၃:၃၄၊ ၃၅) ခရစ်ယာန်​အသင်းတော်​၏ အဓိက​လုပ်ဆောင်ချက်​တစ်ချက်​မှာ လူတိုင်း “မေတ္တာ​စိတ်​ရှိစေခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း တိုက်တွန်း​နှိုးဆော်” သည့်​ဝန်းကျင် ပျိုးထောင်​ပေး​ရန်ဖြစ်​သည်။—ဟေဗြဲ ၁၀:၂၄

အထူးသဖြင့် ကျွန်ုပ်​တို့​ဝန်းကျင်ရှိ မေတ္တာမဲ့​လောက​၌ “ပင်ပန်း​၍​အားလျော့” နေ​သူများ​သည် ဤ​ကဲ့သို့​သော​မေတ္တာ​မျိုးကို တန်ဖိုး​ထား​ကြသည်။ (မဿဲ ၉:၃၆သမ္မာ) ကလေး​ဘဝတွင် မေတ္တာ​မခံစား​ခဲ့​ရသော ဆိုးကျိုး​များစွာကို လူကြီး​ဘဝ​၌ မေတ္တာပါ​သော​ဆက်ဆံမှု​များ​က ထေ​ပေး​နိုင်​ကြောင်း တွေ့ရှိ​ခဲ့​ကြ​ရပြီ။ ထို့​ကြောင့် ဆက်ကပ်​အပ်နှံ​ပြီး​သော ခရစ်ယာန်​ဟူသရွေ့​သည် မိမိတို့​နှင့်​ပေါင်းသင်း​လာ​ကြ​သူ လူသစ်များ​ကို လှိုက်လှဲ​စွာ​ကြိုဆို​ခြင်း​သည် တကယ်​ကို​အရေးကြီး​လှ​ပေ​သည်!

“မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏”

“မေတ္တာသည် ဖောက်ပြန်​ခြင်း​သဘော​နှင့် အစဉ်​ကင်းလွတ်​၏” ဟူ၍ သမ္မာကျမ်းစာ​က​ဆို​သည်။ (၁ ကောရိန္သု ၁၃:၈) မည်သို့​အားဖြင့်​နည်း။ တမန်​တော်​ပေါလု​က ဤသို့​ပြောပြ​သည်– “မေတ္တာသည် စိတ်ရှည်​တတ်၏။ ကျေးဇူးပြု​တတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်း​မရှိ၊ ဝါကြွားခြင်း​မရှိ၊ မာန်​မာန​မရှိ။ မ​လျောက်ပတ်​စွာ​မကျင့်​တတ်၊ ကိုယ်​အကျိုးကို​မ​ရှာ​တတ်၊ ဒေါသ​အမျက်မထွက်​တတ်၊ အပြစ်ရှိ​သည်​ဟု​မထင်​တတ်။” (၁ ကောရိန္သု ၁၃:၄၊ ၅) ဤ​မေတ္တာသည် စိတ်ကူးယဉ်​မေတ္တာ သို့​မဟုတ် အပေါ်ယံ​မေတ္တာ​မဟုတ်​သည်​မှာ ရှင်းနေပါသည်။ ထိုသို့​ဖြစ်​မည့်​အစား၊ မေတ္တာပြ​သူများ​သည် ဘဝ၏​စိတ်ပျက်​စ​ရာ​များနှင့် နာကြည်း​စ​ရာ​များ​ကို သိရှိ​ကြသော်လည်း ယင်းကြောင့် လူသားချင်း​အပေါ်​ထား​ရှိသည့် သူတို့၏​မေတ္တာကို ပျက်စီး​မသွား​စေပါ။ ဤသို့​သော​မေတ္တာသည် “စုံလင်ခြင်း​အဖွဲ့အစည်း” အမှန်ပင်​ဖြစ်ပါ​သည်။—ကောလောသဲ ၃:၁၂-၁၄

ကိုရီးယား​နိုင်ငံ​မှ ၁၇ နှစ်အရွယ် ခရစ်ယာန်​မိန်းကလေး​တစ်ဦး၏ ပုံ​နမူနာကို သုံးသပ်ကြည့်​ပါ။ သူသည် ယေဟောဝါ​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​လာသော​အခါ သူ၏​မိသားစုက မကြိုက်​ကြသော​ကြောင့် အိမ်​မှ​နှင်ထုတ်​ခံ​ခဲ့​ရသည်။ သို့သော် သူသည် စိတ်ဆိုး​မည့်​အစား ယင်းကို ဆုတောင်း၍ သမ္မာကျမ်းစာ​နှင့် သန့်ရှင်းသော​ဝိညာဉ်​တော်​တို့​က မိမိ၏​စဉ်းစား​တွေးခေါ်မှု​ကို ပုံသွင်း​စေ​သည်။ ထို့နောက် မိသားစုကို အမှန်တကယ်​ချစ်ခင်​သည့်​အတွက် မကြာခဏ စာရေး​အားပေးခဲ့​၏။ အကျိုး​ကား သူ၏​အစ်ကို​နှစ်ဦး​သည် ကျမ်းစာ​စလေ့လာ​ကြ​ပြီး ယခု ဆက်ကပ်​အပ်နှံ​ပြီး​သော​ခရစ်ယာန်​များ ဖြစ်နေ​ကြ​ပေ​ပြီ။ သူ၏​မိခင်​နှင့် မောင်လေး​သည်လည်း ကျမ်းစာ​အမှန်တရားကို လက်ခံ​ကြသည်။ နောက်ဆုံး​တွင် အပြင်းအထန်​အတိုက်အခံပြု​ခဲ့​သော သူ၏​ဖခင်​သည် စိတ်ထား​ပြောင်းလဲ​သွား​သည်။ သက်သေခံ​မိန်းကလေး​က ဤသို့​စာရေး​သည်– “ကျွန်မ​တို့အားလုံး ခရစ်ယာန်​ချင်း​တွေ​နဲ့ အိမ်ထောင်ပြု​ခဲ့​ကြတယ်၊ အခု​ဆိုရင် ကျွန်မ​တို့​မိသားစုမှာ စည်းလုံးစွာ​နဲ့ ဝတ်ပြုသူ စုစုပေါင်း ၂၃ ယောက်​ရှိနေပြီ။” မေတ္တာ​အောင်ပွဲခံ​လိုက်​လေ​သတည်း!

သင့်​တွင် မေတ္တာ​စစ်​ရှိပြီး တခြားသူ​များ​ကိုလည်း မေတ္တာ​စစ်​ရှိဖို့ ကူညီပေး​လို​သလော။ သို့​ဆိုလျှင် ထို​အဖိုးတန်​အရည်အသွေး​၏​ရင်းမြစ်​ဖြစ်သော ယေဟောဝါ​ထံ အကူအညီ​တောင်း​ပါ။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​ကို နှလုံး​သွင်း​၍ သန့်ရှင်းသော​ဝိညာဉ်​တော်​အတွက် ဆုတောင်း​ကာ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​နှင့် မှန်မှန်​ပေါင်းသင်း​ပါ။ (ဟေရှာယ ၁၁:၉; မဿဲ ၅:၅) မကြာမီ ဆိုးညစ်သူ​အားလုံး ပပျောက်​သွားပြီး ခရစ်ယာန်​မေတ္တာ​စစ် ရှိ​သူများ​သာ​လျှင် ကျန်ရစ်​တော့​မည်​ကို သိရှိ​ရခြင်း​သည် အလွန်​ဝမ်းသာ​ပီတိ​ဖြစ်စရာ​ပါ​တကား! ချစ်ခြင်း​မေတ္တာသည် ပျော်ရွှင်​ခြင်း​နှင့် အသက်ရှင်ခြင်း​၏ အဓိက​သော့ချက်​အမှန်​ဖြစ်သည်။—ဆာလံ ၃၇:၁၀၊ ၁၁; ၁ ယောဟန် ၃:၁၄

[စာမျက်နှာ ပါ ရုပ်ပုံ​6]

ဆုတောင်းခြင်း​နှင့် သမ္မာကျမ်းစာ​ကို လေ့လာခြင်း​သည် မေတ္တာ​စစ်​ကို မွေးမြူရန်​အကူအညီ​ဖြစ်စေ​လိမ့်​မည်