မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေတ္တာတရား မရှိမဖြစ်လိုအပ်

မေတ္တာတရား မရှိမဖြစ်လိုအပ်

မေတ္တာ​တရား မရှိမဖြစ်​လိုအပ်

အသက်အရွယ်၊ ယဉ်ကျေးမှု၊ ဘာသာ​စကား၊ သို့​မဟုတ် လူမျိုး မည်သို့​ပင်​ဖြစ်ပါစေ၊ လူသား​အားလုံး​သည် မေတ္တာကို တောင့်တ​ကြ​၏။ ထို​တောင့်တ​မှု​ကို မရ​လျှင် သူတို့​မပျော်​ပိုက်​ကြ​တော့​ချေ။ ဆေး​ဘက်​ဆိုင်ရာ သုတေသီ​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “မေတ္တာ​နှင့် ချစ်ခင်​ရင်းနှီးမှု​သည် ကျွန်ုပ်​တို့ကို ဖျားနာစေ​သည့်၊ ကျန်းမာ​စေသည့်၊ ဝမ်းနည်း​စေသည့်၊ ပျော်ရွှင်​စေသည့်၊ ဝမ်းနည်းဖွယ်​ဝေဒနာ ခံစားရ​စေသည့်၊ ကုစား​ပေး​သည့် ရင်းမြစ်​တစ်ခု​ဖြစ်၏။ ဆေးဝါး​အသစ်​တစ်မျိုး​သည် အလားတူ​အကျိုး​သက်ရောက်မှု​ရှိလျှင် ထို​နိုင်ငံ​ရှိ ဆရာဝန်​တိုင်း​လို​လို​က သူတို့၏​လူနာများ​အား ထို​ဆေး​ကို ညွှန်း​လိမ့်​မည်​ဖြစ်သည်။ ထို​ဆေး​ကို​မ​ညွှန်း​ခဲ့​သော် လွဲချော်​သော​ကုသမှု​ဖြစ်သွား​ပေမည်။”

သို့သော် မျက်မှောက်ခေတ် လူ့​ဘောင် အထူးသဖြင့် ၎င်း​၏​မီဒီယာ​နှင့် နာမည်ကြီး​စံနမူနာရှင်​များ​က လူ​တို့​လိုအပ်​နေသော နွေးထွေး​လှိုက်လှဲ​မှု၊ မေတ္တာပါ​ဆက်ဆံမှု​တို့​ထက် စည်းစိမ်ဥစ္စာ၊ အာဏာ၊ ကျော်ကြား​မှု​နှင့် လိင်​တို့ကို အသားပေး​ဖော်ပြ​တတ်ကြ​သည်။ လောက​ပန်းတိုင်​များနှင့် အလုပ်အကိုင်​များသည် လူတစ်ဦး​၏​ဘဝ​အောင်မြင်မှု​ဖြစ်သည်ဟု သင်​ဆရာများ​စွာ​က အလေးပေး​ဖော်ပြ​တတ်ကြ​၏။ လူတစ်ဦး​၏​ပညာရေး​နှင့် စွမ်းရည်​တိုးတက်​ရန် ပျိုးထောင်​ပေးခြင်း​သည် အရေးကြီး​သည်​မှန်​သော်လည်း မိသားစု​နှင့် မိတ်ဆွေများ​ကို အချိန်​မပေးနိုင်​လောက်​သည်​အထိ ယင်း​တို့​နှင့်​သာ လုံးပန်း​နေ​သင့်​သလော။ လူ့​သဘောသဘာဝ​ကို နှိုက်နှိုက်​ချွတ်ချွတ်​လေ့လာ​ခဲ့​သူ ရှေး​ပညာတတ်​စာရေး​ဆရာ​တစ်ဦး​က ပင်ကိုစွမ်းရည်​ရှိသော်လည်း မေတ္တာ​မရှိသော​သူသည် ‘အသံမြည်​သော​တံပိုးခရာ၊ တီး​သံ​ကို​သာ​ပေး​တတ်သော လင်းကွင်း​ကဲ့သို့​ဖြစ်သည်’ ဟု ခိုင်းနှိုင်း​ခဲ့​သည်။ (၁ ကောရိန္သု ၁၃:၁) ဤသို့​သော​သူများ​သည် ချမ်းသာ​ကြွယ်ဝ​နေ​မည်၊ နာမည်​ကျော်​ပုဂ္ဂိုလ်​ပင် ဖြစ်နေ​ပေမည်၊ သို့သော် သူသည် ဘယ်တော့​မျှ အမှန်​ပျော်ရွှင်​နေ​မည်​မဟုတ်​ချေ။

လူသားများ​ကို ကောင်းစွာ​နားလည်​ပြီး ထူးခြား​စွာ​ချစ်​မြတ်နိုးသော ယေရှု​ခရစ်​သည် မိမိ၏​သွန်သင်ချက်​တွင် ဘုရားသခင်​နှင့် အိမ်နီးချင်း​များ​ကို ချစ်​ရန် အဓိက​ထား​၍ သုံးသပ်​ပြ​ခဲ့​သည်။ ကိုယ်တော်​က “သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို စိတ်နှလုံး​အကြွင်းမဲ့ ဉာဏ်​ရှိသမျှ​နှင့်​ချစ်​လော့၊ . . . ကိုယ်​နှင့်​စပ်ဆိုင်​သော​သူကို ကိုယ်​နှင့်​အမျှ​ချစ်​လော့” ဟု​မိန့်ဆိုခဲ့သည်။ (မဿဲ ၂၂:၃၇-၃၉) ဤ​မိန့်မှာချက်​များ​ကို လိုက်လျှောက်​သူများ​သာ​လျှင် ယေရှု၏​နောက်လိုက်စစ်​များ ဖြစ်​ကြ​မည်။ ထို့​ကြောင့် ကိုယ်တော်​က “သင်တို့သည် အချင်းချင်းချစ်​ကြ​လျှင် လူအပေါင်း​တို့သည် ထို​မေတ္တာကို​ထောက်၍ သင်တို့သည် ငါ​၏​တပည့်ဖြစ်​သည်ကို သိရ​ကြလိမ့်မည်​ဟု မိန့်တော်မူ၏။”—ယောဟန် ၁၃:၃၅

သို့သော် လူတစ်ဦး​သည် မျက်မှောက်​လောကတွင် မေတ္တာ​တရားကို မည်သို့​မွေးမြူ​နိုင်​မည်​နည်း။ ထို့​ပြင် မိဘများသည် မိမိတို့​သားသမီး​များ​ကို မေတ္တာ​တရား​အကြောင်း မည်သို့​သင်ပေး​နိုင်​သနည်း။ နောက်​ဆောင်းပါး​က ဤ​မေးခွန်းများကို ဖြေဆိုပါ​လိမ့်​မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

အလို​ကြီးသော ဤ​လောကတွင် မေတ္တာ​တရားကို မွေးမြူရန်​မှာ စိန်ခေါ်ချက်​တစ်ရပ်​ဖြစ်