အခြားသူများအကျိုးသယ်ပိုးခြင်းက ဝေဒနာကိုသက်သာစေ
ဘဝအတ္ထုပ္ပတ္တိ
အခြားသူများအကျိုးသယ်ပိုးခြင်းက ဝေဒနာကိုသက်သာစေ
ဟူလျန် အာရ်ရပ်စ် ပြောပြသည်
၁၉၈၈ ခုနှစ်၊ ကျွန်တော်အသက် ၄၀ တုန်းက ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းဟာ စိတ်ချရပုံပေါက်ခဲ့တယ်။ ကျွန်တော်ဟာ နိုင်ငံမျိုးစုံမှာအခြေစိုက်တဲ့ကုမ္ပဏီကြီးတစ်ခုရဲ့ ဒေသန္တရညွှန်ကြား ရေးမှူးဖြစ်တယ်။ ကုမ္ပဏီက ကျွန်တော့်ကို စပိန်နိုင်ငံ၊ မက်ဒရစ်မြို့လယ်ကောင်မှာ ဇိမ်ခံရုံးခန်းတစ်ခန်း၊ လစာကောင်းကောင်းနဲ့ ဇိမ်ခံကားတစ်စီးပါပေးထားတယ်။ ဒါ့အပြင် ကျွန်တော့်ကို နိုင်ငံတစ်ဝန်းလုံးရဲ့ ညွှန်ကြားရေးမှူးအထိ ရာထူးတိုးပေးမယ်လို့တောင် စကားရိပ်သန်းထားတယ်။ ကျွန်တော့်ဘဝဟာ အကြီးအကျယ် ပြောင်းလဲသွားတော့မယ်ဆိုတာ ကျွန်တော်လုံးဝမထင်မိခဲ့ဘူး။
အဲဒီနှစ်ရက်တစ်ရက်မှာ ကျွန်တော့်ဆရာဝန်က ကျွန်တော့်မှာ ကုသလို့မရနိုင်တဲ့ နာတာရှည် နဗ်ကြောဖွဲ့ရောဂါရှိတယ်လို့ အသိပေးခဲ့တယ်။ ကျွန်တော် အကြီးအကျယ် ဝမ်းနည်းခဲ့တယ်။ ဒီနာတာရှည် နဗ်ကြောဖွဲ့ရောဂါဟာ လူတစ်ယောက်ကို ဘယ်လောက်ထိ ဒုက္ခပေးနိုင်တယ်ဆိုတဲ့အကြောင်း နောက်ပိုင်းမှာ ကျွန်တော်ဖတ်လိုက်ရတဲ့အခါ ထိတ်လန့်သွားတော့တာပဲ။ * တစ်သက်လုံး ဒီရောဂါနဲ့ နပန်းလုံးသွားရတော့မယ့်ပုံပဲ။ ကျွန်တော့်ဇနီး မီလာဂရော့စ်နဲ့ သုံးနှစ်သားလေး အစ်ရှ်မေးလ်တို့ကို ဘယ်လိုလုပ် စောင့်ရှောက်နိုင်တော့မှာလဲ။ ဒီလိုအခြေအနေကို ကျွန်တော်တို့ဘယ်လိုကိုင်တွယ်ကြမလဲ။ ဒီမေးခွန်းတွေအတွက်အဖြေ စမ်းတဝါးဝါးရှာဖွေနေတုန်းမှာပဲ ခံရခက်တဲ့ နောက်အရေးအကြောင်းတစ်ခု ကြုံလိုက်ရပြန်တယ်။
ကျွန်တော့်ရောဂါအကြောင်း ဆရာဝန်ပြောပြပြီးတဲ့နောက် တစ်လအကြာမှာ ကျွန်တော့်ရဲ့ကြီးကြပ်ရေးမှူးက သူ့ရုံးခန်းထဲခေါ်ပြီး ကုမ္ပဏီက “ဥပဓိရုပ်ကောင်း” တဲ့လူတွေကိုပဲ အလိုရှိတယ်လို့ပြောတယ်။ ရောဂါရဲ့ ကနဦးအဆင့်မှာတင် ဆုတ်ယုတ်ကျဆင်းသွားစေတဲ့ လူတစ်ယောက်ရဲ့ရုပ်သွင်ဟာ အဲဒီလောက်ဥပဓိရုပ်ကောင်းရှိနိုင်မှာမဟုတ်ဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့သူဌေးက ချက်ချင်းပဲ ကျွန်တော့်ကို
အလုပ်ဖြုတ်ပစ်လိုက်ရော။ ရုတ်တရက်ပဲ ကျွန်တော့်ရဲ့ လောကအလုပ်ဟာ နိဂုံးချုပ်သွားခဲ့ပြီ!မိသားစုရှေ့မှာတော့ ကျွန်တော်ပျော်ပျော်လေးနေပြပေမဲ့ တကယ်တမ်းကျတော့ ကျွန်တော်ဟာ တစ်ကိုယ်တည်းနေပြီး ကျွန်တော့်ရဲ့အခြေအနေအသစ်ကို စဉ်းစားတွေးတောချင်တာ၊ ကျွန်တော့်အနာဂတ်ကို ဆင်ခြင်ကြည့်ချင်တာ။ တဖြည်းဖြည်း စိတ်ဓာတ်ကျဆင်းလာတာကိုလည်း ကြိုးစားပြီးတိုက်ထုတ်နေရတယ်။ စိတ်အထိခိုက်ဆုံးကတော့ ကျွန်တော့်ကုမ္ပဏီရဲ့အမြင်မှာ ကျွန်တော်ဟာ နေ့ချင်းညချင်း အသုံးမဝင်တော့တဲ့ လူတစ်ယောက်ဖြစ်ခဲ့ရလို့ပဲ။
အားနည်းချက်မှ ခွန်အားရခြင်း
ကျေးဇူးတင်စရာက ဒီလိုစိတ်ဓာတ်ကျဆင်းနေချိန်မှာ အားယူစရာအခြေအနေ အတော်များများ ရှိသေးလို့ပဲ။ လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်ကတည်းက ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာခဲ့တယ်။ ဒါကြောင့် အနာဂတ်နဲ့ပတ်သက်ပြီး မသေချာမရေရာတဲ့ ကျွန်တော့်ရဲ့ခံစားချက်တွေကို ယေဟောဝါဆီ ဆုတောင်းဖော်ပြခဲ့တယ်။ ယုံကြည်ခြင်းတူတဲ့ ကျွန်တော့်ဇနီးကလည်း ခွန်အားပေးတဲ့ ခံတပ်တစ်ခုပဲ၊ ပြီးတော့ ကျွန်တော့်ရဲ့ ရင်းနှီးတဲ့မိတ်ဆွေတချို့က တန်ဖိုးမဖြတ်နိုင်တဲ့ ကြင်နာမှုနဲ့ ထောက်ထားစာနာမှုတွေကို ပြခဲ့တယ်။—သု. ၁၇:၁၇။
အခြားသူတွေအပေါ် တာဝန်မကင်းဘူးဆိုတဲ့ ခံစားချက်ကလည်း အကူအညီဖြစ်စေတယ်လေ။ ကျွန်တော့်သားလေးကို ကောင်းကောင်းပြုစုပျိုးထောင်ပေးချင်တယ်၊ သူ့ကိုသွန်သင်ပေးချင်တယ်၊ သူနဲ့အတူကစားချင်တယ်၊ ပြီးတော့ ဟောပြောခြင်းလုပ်ငန်းမှာ သူ့ကို လေ့ကျင့်ပေးချင်တယ်။ ဒါကြောင့် စိတ်ပျက်အားလျော့လို့မဖြစ်ဘူး။ ဒါ့အပြင်၊ ကျွန်တော်ဟာ အသင်းတော်တစ်ခုမှာ အကြီးအကဲတစ်ယောက်ဖြစ်နေတော့ ခရစ်ယာန်ညီအစ်ကိုညီအစ်မတွေကို ကျွန်တော်ထောက်မရမယ်။ ကျွန်တော့်ရဲ့ဝေဒနာက ကျွန်တော့်ယုံကြည်ခြင်းကို လုံးပါးပါးစေမယ်ဆိုရင် ကျွန်တော်ဟာ တခြားသူတွေအတွက် ဘယ်လိုပုံသက်သေကောင်းတော့မှာလဲ။
ကျွန်တော့်ဘဝဟာ ရုပ်ပိုင်းအရရော စီးပွားရေးအရပါ တကယ်ပြောင်းလဲသွားတယ်၊ တစ်နည်းအားဖြင့် ဆိုးဝါးသွားပေမဲ့ တစ်ဖက်ကကြည့်ရင်တော့လည်း ပိုကောင်းသွားတယ်။ တစ်ခါတုန်းက ဆရာဝန်တစ်ယောက် ဒီလိုပြောတာ ကြားဖူးတယ်– “ရောဂါတစ်ခုဟာ လူတစ်ယောက်ကို မဖျက်ဆီးပါဘူး; အဲဒီအစား အဲဒီလူကို ပြောင်းလဲပေးတာပါ။” အပြောင်းအလဲတွေအားလုံးက အပျက်သဘောချည်းဆောင်တာမဟုတ်ဘူးဆိုတာကို ကျွန်တော်သဘောပေါက်လာတယ်။
အဦးဆုံး ကျွန်တော့်ရဲ့ “ကိုယ်၌စူးသောဆူး” က အခြားသူတွေရဲ့ ကျန်းမာရေးပြဿနာတွေကို ကောင်းကောင်းနားလည်စေပြီး သူတို့ကို ကိုယ်ချင်းစာနာတတ်လာတယ်။ (၂ ကောရိန္သု ၁၂:၇) “ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ကိုးစားလော့။ ကိုယ်ဉာဏ်ကို အမှီမပြုနှင့်” ဆိုတဲ့ နယပုံပြင် ၃:၅ ပါစကားတွေကို ပိုပြီးနားလည်လာတယ်။ ဒါထက် ကျွန်တော့်ရဲ့ အခြေအနေသစ်တွေက ဘဝမှာ ဘယ်အရာဟာ ပိုအရေးပါတယ်၊ ဘယ်အရာဟာ စစ်မှန်တဲ့ စိတ်ကျေနပ်မှုပေးပြီး ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာတဲ့ ခံစားချက်ရှိစေတယ်ဆိုတာတွေကို သွန်သင်ပေးခဲ့တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းမှာ ကျွန်တော်လုပ်နိုင်တာတွေ ရှိနေသေးပါလား။ “အစွန့်အကြဲခံခြင်းအရာထက် စွန့်ကြဲခြင်းအရာသည် သာ၍မင်္ဂလာ[“ပျော်ရွှင်မှု၊” ကဘ]ရှိသည်” ဆိုတဲ့ယေရှုရဲ့စကား တကယ်အဓိပ္ပာယ်ရှိမှန်း ကျွန်တော်သိမြင်လာတယ်။—တမန်တော် ၂၀:၃၅။
ဘဝလမ်းစဉ်အသစ်တစ်ခု
ကျွန်တော့်ရဲ့ရောဂါလက္ခဏာကို ရှာဖွေစစ်ဆေးပြီးနောက် မကြာခင်မှာပဲ ကျွန်တော့်ကို မက်ဒရစ်မြို့မှာရှိတဲ့ နှီးနှောဖလှယ်ပွဲတစ်ခုကို လာတက်ဖို့ ဖိတ်ခေါ်တယ်၊ အဲဒီဆွေးနွေးပွဲမှာ သမားတော်ကြီးတွေနဲ့ သူတို့ရဲ့ သက်သေခံလူနာတွေအကြား ပူးပေါင်းဆောင်ရွက်မှု ပိုရှိလာစေဖို့ ခရစ်ယာန်စေတနာ့ဝန်ထမ်းတွေကို သွန်သင်ပေးကြတယ်။ နောက်ပိုင်းမှာ အဲဒီစေတနာ့ဝန်ထမ်းတွေကို ဆေးရုံဆက်သွယ်ရေးကော်မတီတွေအဖြစ် ဖွဲ့စည်းလိုက်တယ်။ ကျွန်တော့်အတွက် အဲဒီဆွေးနွေးပွဲဟာ အချိန်ကိုက်ပဲ။ ဘယ်စီးပွားရေးလုပ်ငန်းထက်မဆို ပိုပြီးစိတ်ကျေနပ်မှုရနိုင်တဲ့ ပိုကောင်းတဲ့ အလုပ်အကိုင်တစ်ခုရစေတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီတွေဟာ ဆေးရုံတွေဆီ သွားလည်ပတ်ပြီး ဆရာဝန်တွေကို လူတွေ့မေးမြန်းဖို့နဲ့ ကျန်းမာရေးလုပ်သားတွေကို တင်ဆက်မှုတွေလုပ်ပြရမယ်လို့ သိရတယ်၊ ရည်ရွယ်ချက်ကတော့ ပူးပေါင်းဆောင်ရွက်မှုကို ပြုစုပျိုးထောင်ပေးပြီး အတိုက်အခံပြုမှုတွေကို တားဆီးကာကွယ်ပေးဖို့ဖြစ်တယ်။ ဒီကော်မတီတွေဟာ သွေးအသုံးမပြုဘဲ သက်သေခံချင်းတွေကို တလိုတလားဆေးကုပေးမယ့် ဆရာဝန်တွေကို ရှာဖွေဖို့ဖြစ်တယ်။ ကျွန်တော်ဟာ ဆေးပညာရှင်တစ်ယောက်မဟုတ်တော့ ဆေးဘက်ဆိုင်ရာ အသုံးအနှုန်းတွေ၊ ဆေးကျင့်ဝတ်နဲ့ ဆေးရုံအဖွဲ့အစည်းအကြောင်းတွေကို အများကြီးလေ့လာထားရတယ်။ ဒါပေမဲ့လည်း
အဲဒီဆွေးနွေးပွဲအပြီးမှာ ကျွန်တော့်ကို လှုံ့ဆော်ပေးတဲ့ စိန်ခေါ်ချက်အသစ်တစ်ခုကို ကိုင်တွယ်ပေးနိုင်တဲ့ လူသစ်တစ်ယောက်အဖြစ် အိမ်ကိုပြန်လာခဲ့ရတယ်။ဆေးရုံလည်ပတ်မှုများ—စိတ်ကျေနပ်စေရာ
ကျွန်တော့်ရောဂါက ကျွန်တော့်ကို တဖြည်းဖြည်းနဲ့ မညှာမတာ ဒုက္ခိတဖြစ်နေစေပေမဲ့ ဆေးရုံဆက်သွယ်ရေးကော်မတီ အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ကျွန်တော့်ရဲ့တာဝန်တွေက များလာတယ်။ ကျွန်တော်ဟာ မသန်မစွမ်းပင်စင်စားဖြစ်တော့ ဆေးရုံတွေကို သွားလည်ပတ်ဖို့ အချိန်ရတယ်လေ။ စိတ်ပျက်စရာတွေ တစ်ခါတလေကြုံရပေမဲ့ ကျွန်တော်ထင်တာထက် ပိုပြီးလွယ်တဲ့အပြင် အကျိုးလည်းပိုရှိတယ်။ အခုဆိုရင် ကျွန်တော်ဟာ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရပေမဲ့ ဒါက အဓိကအတားအဆီးမဟုတ်ပါဘူး။ ကော်မတီအဖွဲ့ဝင်တစ်ယောက်ဟာ ကျွန်တော့်ကို အမြဲအဖော်လိုက်ပေးတယ်။ ဒါ့အပြင် ဆရာဝန်တွေဟာ ဘီးတပ်ကုလားထိုင်ပေါ်ကလူတွေနဲ့ စကားပြောရတာ အကျင့်ဖြစ်နေကြပြီး တစ်ခါတလေ သူတို့ဆီကို ကျွန်တော်ကြိုးစားလာတာကို သူတို့တွေ့လို့ ပိုတောင် တလေးတစား နားထောင်ပေးပုံရတယ်။
ပြီးခဲ့တဲ့ ဆယ်နှစ်ကျော်အတွင်းမှာ ဆရာဝန် ရာချီနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ ဆရာဝန်တချို့ဆိုရင် တွေ့တွေ့ချင်းပဲ ကျွန်တော်တို့ကို ကူညီပေးချင်ကြတာ။ လူနာတစ်ယောက်ရဲ့ ကိုယ်ကိုကိုယ်သိစိတ်ကို လေးစားတတ်တဲ့ မက်ဒရစ်မြို့က ဒေါက်တာ ကွမ် ဒွါတဲဆိုတဲ့ နှလုံးခွဲစိတ်ကုဆရာဝန်တစ်ယောက်ဆိုရင် ကူညီပေးမယ်လို့ ချက်ချင်းပြောတယ်။ အဲဒီကတည်းက သူဟာ စပိန်နိုင်ငံဒေသအတော်များများက ရောဂါလာကုကြတဲ့ သက်သေခံလူနာတွေကို သွေးမသုံးဘဲ ခွဲစိတ်ကုသပေးခဲ့တာ ၂၀၀ ကျော်ရှိနေပြီ။ နှစ်တွေတစ်လျှောက်မှာ ဆရာဝန်အတော်များများဟာ သွေးမဲ့ခွဲစိတ်ကုသမှုကို စတင်ဆောင်ရွက်ပေးနေပါပြီ။ အခုလိုတိုးများလာတာဟာ သူတို့ဆီ ကျွန်တော်တို့မှန်မှန်လည်ပတ်ခဲ့တာကြောင့်ဖြစ်သလို ဆေးပညာတိုးတက်မှုတွေနဲ့ သွေးမဲ့ခွဲစိတ်ကုသလို့ ရလဒ်ကောင်းတွေရတဲ့အတွက်ကြောင့်လည်း ဖြစ်တယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ကြိုးပမ်းမှုကို ယေဟောဝါကောင်းချီးပေးခဲ့တယ်ဆိုတာကို ကျွန်တော်တို့ယုံကြည်တယ်။
အထူးသဖြင့် ကလေးတွေကို ကုသပေးရာမှာ အထူးကျွမ်းကျင်ကြတဲ့ နှလုံးခွဲစိတ်ကုသဆရာဝန်တချို့ရဲ့ တုံ့ပြန်မှုကြောင့် ကျွန်တော်အားတက်ခဲ့ရတယ်။ ခွဲစိတ်ကုဆရာဝန်နှစ်ယောက်နဲ့ သူတို့ရဲ့ မေ့ဆေးပေးပညာရှင်အဖွဲ့တစ်ဖွဲ့ဆီကို ကျွန်တော်တို့ နှစ်နှစ်လောက်လည်ပတ်ခဲ့ကြတယ်။ ဒီဆေးကုသမှုလောကမှာ တခြားဆရာဝန်တွေ ဘယ်လိုလုပ်ဆောင်နေကြတယ်ဆိုတဲ့အကြောင်း ရှင်းပြထားတဲ့ ဆေးဘက်ဆိုင်ရာစာပေတွေ သူတို့ကို ကျွန်တော်တို့ဝေငှပေးခဲ့ကြတယ်။ မွေးကင်းစကလေးများ နှလုံးသွေးကြောဆိုင်ရာခွဲစိတ်ကုသမှုနဲ့ပတ်သက်ပြီး ဆေးဘက်ဆိုင်ရာညီလာခံကျင်းပတဲ့ ၁၉၉၉ ခုနှစ်မှာ ကျွန်တော်တို့ရဲ့ ကြိုးစားအားထုတ်မှု အကျိုးဖြစ်ထွန်းခဲ့တယ်။ ကျွန်တော်တို့နဲ့ အင်္ဂလန်နိုင်ငံက ခွဲစိတ်ကုသဆရာဝန်တစ်ယောက်ရဲ့ ညွှန်ကြားပေးမှုနဲ့ပူးပေါင်းပြီး ခွဲစိတ်ကုဆရာဝန်နှစ်ယောက်ဟာ ပင်မသွေးလွှတ်ကြောအဆို့ရှင် ပြုပြင်မွမ်းမံဖို့လိုတဲ့ သက်သေခံကလေးငယ်တစ်ယောက်ကို ခက်ခက်ခဲခဲ ခွဲစိတ်ကုသပေးခဲ့တယ်။ * ခွဲစိတ်ခန်းထဲကနေ ခွဲစိတ်ကုဆရာဝန်တစ်ယောက်ထွက်လာပြီး ခွဲစိတ်ကုသမှုအောင်မြင်ကြောင်း အသိပေးတဲ့အပြင် အဲဒီမိသားစုရဲ့ ကိုယ်ကိုကိုယ်သိတဲ့စိတ်ကိုလည်း လေးစားခဲ့တယ်လို့ပြောတော့ ကလေးရဲ့မိဘတွေနဲ့အတူ ကျွန်တော်ဝမ်းသာခဲ့ရတယ်လေ။ အခုဆိုရင် အဲဒီဆရာဝန်နှစ်ယောက်ဟာ စပိန်နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ သက်သေခံလူနာတွေကို အမြဲပဲ လက်ခံကုသပေးနေပြီ။
ဒီလိုကိစ္စတွေနဲ့ပတ်သက်ပြီး တကယ့်ကို စိတ်ကျေနပ်စေတာကတော့ ကျွန်တော့်ရဲ့ ခရစ်ယာန်ညီအစ်ကိုတွေကို အကူအညီပေးနိုင်တယ်ဆိုတဲ့ အသိတရားပဲ။ ဆေးရုံဆက်သွယ်ရေးကော်မတီကို ညီအစ်ကိုတွေဆက်သွယ်လာတဲ့အချိန်ဟာ အများအားဖြင့် သူတို့ဘဝမှာ အခက်ခဲဆုံးအချိန်တစ်ချိန်ပဲ။ သူတို့ဟာ ခွဲစိတ်ကုသရမှန်းသိပေမဲ့ ဒေသန္တရဆေးရုံဆရာဝန်တွေက သွေးမသွင်းဘဲ ကုသပေးဖို့ သဘောမတူတာ၊ ဒါမှမဟုတ် သွေးမပါဘဲ ကုသပေးဖို့ မတတ်နိုင်ကြတာတွေကို သူတို့ကြားသိနေရတယ်။ ဒါပေမဲ့၊ မက်ဒရစ်မြို့က ဆေးပညာရပ်နယ်ပယ်တွေထဲမှာ ပူးပေါင်းဆောင်ရွက်ပေးနိုင်တဲ့ ခွဲစိတ်ကုဆရာဝန်တွေရှိ
ကြောင်း ညီအစ်ကိုတွေ သိသွားတဲ့အခါ အကြီးအကျယ် စိတ်သက်သာရာရသွားကြတယ်။ ဆေးရုံမှာ ကျွန်တော်တို့ရှိနေကြရုံနဲ့ပဲ ညီအစ်ကိုတစ်ယောက်ရဲ့ စိုးရိမ်နေတဲ့မျက်နှာဟာ အေးဆေးတည်ငြိမ်သွားတာကို ကျွန်တော်တွေ့ မြင်ဖူးတယ်။တရားသူကြီးများလောကနှင့် ဆေးကျင့်ဝတ်
မကြာသေးခင်က ဆေးရုံဆက်သွယ်ရေးကော်မတီဝင်တွေဟာ တရားသူကြီးတွေဆီလည်း သွားလည်ပတ်ခဲ့ကြတယ်။ သူတို့ဆီသွားလည်ပတ်တဲ့အခါ ယေဟောဝါသက်သေများအတွက် မိသားစုစောင့်ရှောက်မှုနှင့် ဆေးဘက်ဆိုင်ရာစီမံခန့်ခွဲမှုစာအုပ်ကို သူတို့ကိုပေးတယ်၊ အဲဒီစာအုပ်က သွေးအသုံးပြုမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ရပ်တည်ချက်နဲ့ သွေးမဲ့ဆေးကုထုံးများကို အထူးသဖြင့် အသိပေးတဲ့စာအုပ်ဖြစ်တယ်။ အရင်တုန်းက စပိန်နိုင်ငံမှာ တရားသူကြီးတွေဟာ ဆရာဝန်တွေကို လူနာရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး သွေးသွင်းဖို့ အမိန့်ပေးတဲ့ထုံးစံရှိခဲ့တဲ့အတွက် ဒီလိုလည်ပတ်မှုတွေဟာ အကူအညီအများကြီးပေးတယ်။
တရားသူကြီးတွေရဲ့ရုံးခန်းတွေဟာ လေးစားဖွယ်ကောင်းတဲ့နေရာတွေဖြစ်လို့ ကျွန်တော် ပထမအခေါက်သွားတုန်းက စင်္ကြံလမ်းတစ်လျှောက်မှာ ဘီးတပ်ကုလားထိုင်နဲ့သွားရတော့ အရမ်းသိမ်ငယ်မိတယ်။ မတော်မဆမှုကလေးတစ်ခုဖြစ်ခဲ့ပြီး ကုလားထိုင်ပေါ်ကနေ ကျွန်တော်ဒူးထောက်လဲကျသွားလို့ ပိုပြီးတောင် သိမ်ငယ်သွားခဲ့ရသေးတယ်လေ။ ကျွန်တော့်အဖြစ်ကို မြင်လိုက်တဲ့ တရားသူကြီးတချို့နဲ့ ရှေ့နေတချို့က ကြင်ကြင်နာနာနဲ့ ကူညီပေးခဲ့ကြပေမဲ့ ကျွန်တော် သူတို့ရှေ့မှာ တော်တော်ရှက်သွားတယ်။
သူတို့ဆီကို ကျွန်တော်တို့လည်ပတ်ရတဲ့အကြောင်းရင်းကို တရားသူကြီးတွေ အသေအချာမသိကြပေမဲ့ အများစုက ကျွန်တော်တို့ကို ကြင်ကြင်နာနာ ဆက်ဆံခဲ့ကြပါတယ်။ ကျွန်တော်ဦးဆုံးတွေ့ဆုံခဲ့တဲ့ တရားသူကြီးဆိုရင် ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို စဉ်းစားသုံးသပ်နေပြီးသားဖြစ်တယ်၊ ကျွန်တော်တို့နဲ့ အကျယ်တဝင့် ဆွေးနွေးချင်တယ်လို့ သူကပြောခဲ့တယ်။ နောက်တစ်ခေါက်သွားတော့ ကျွန်တော့်ကို သူ့ရုံးခန်းထဲ သူကိုယ်တိုင်တွန်းသွားပေးပြီး အာရုံစိုက်နားထောင်ခဲ့တယ်။ ပထမလည်ပတ်မှုကနေ ရလာတဲ့အကျိုးက ကျွန်တော်နဲ့ ကျွန်တော်ရဲ့အဖော်တွေကို ကြောက်စိတ်ပျောက်စေပြီး ရရှိမယ့်ရလဒ်ကောင်းတွေကို မြင်စေခဲ့တယ်။
အဲဒီနှစ်မှာပဲ နောက်ထပ်တရားသူကြီးတစ်ယောက်ကို မိသားစုစောင့်ရှောက်မှုစာအုပ် ပေးနိုင်ခဲ့တယ်၊ သူက ကျွန်တော်တို့နဲ့ကြင်ကြင်နာနာဆက်ဆံပြီး လက်ခံယူတယ်၊ ဖတ်ကြည့်မယ်လို့လည်း ကတိပေးတယ်။ အရေးကြုံတဲ့အခါ ကျွန်တော်တို့နဲ့ဆက်သွယ်ဖို့ ကျွန်တော့်ဖုန်းနံပါတ်ကိုလည်း သူ့ကိုပေးထားတယ်။ နှစ်ပတ်လောက်ကြာတော့ ခွဲစိတ်ကုသခံရဖို့လိုတဲ့ သက်သေခံတစ်ယောက်ကို သွေးသွင်းခွင့်ပြုမိန့်ပေးဖို့ ဒေသန္တရခွဲစိတ်ကုဆရာဝန်တစ်ယောက်က သူ့ကို တောင်းဆိုလာကြောင်း ဖုန်းဆက်ပြောပြတယ်။ သွေးကိုကြဉ်ရှောင်လိုတဲ့ လူနာသက်သေခံရဲ့ဆန္ဒကို အလေးထားပေးမယ့် ဖြေရှင်းနည်းကိုပြောပြပေးဖို့ ကျွန်တော်တို့ကို တရားသူကြီးက တောင်းဆိုတယ်။ ကျွန်တော်တို့ကလည်း တခြားဆေးရုံတစ်ရုံကို အခက်အခဲမရှိ ရှာတွေ့ပြီး အဲဒီဆေးရုံမှာပဲ ခွဲစိတ်ကုဆရာဝန်တွေက သွေးမဲ့ခွဲစိတ်ကုသမှုကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့တယ်။ ဒီရလဒ်ကို တရားသူကြီး ကြားသိသွားတဲ့အခါ ဝမ်းသာသွားတယ်၊
နောက်ပိုင်းမှာလည်း ဒီလိုဖြေရှင်းနည်းတွေကို ရှာဖွေပြုလုပ်သွားမယ်လို့ ကျွန်တော်တို့ကိုအကြောင်းကြားတယ်။ဆေးရုံတွေကိုလည်ပတ်သွားတဲ့အခါမှာ ဆရာဝန်တွေကို လူနာတစ်ယောက်ရဲ့ အခွင့်အရေးနဲ့ ကိုယ်ကိုကိုယ်သိစိတ်ကို ထည့်တွက်စဉ်းစားပေးစေလိုတဲ့အတွက် ဆေးကျင့်ဝတ်နဲ့ပတ်သက်တဲ့ကိစ္စတွေ ပေါ်လာခဲ့ဖူးတယ်။ မက်ဒရစ်မြို့မှာရှိတဲ့ သမဝါယမဆေးရုံတစ်ရုံက ကျင့်ဝတ်နဲ့ပတ်သက်တဲ့ သင်တန်းတစ်ခုမှာ ကျွန်တော်တို့လည်းပါဝင်ဖို့ ဖိတ်ခေါ်တယ်။ အဲဒီသင်တန်းမှာ အထူးကုတွေကို ကျွန်တော်တို့ရဲ့ ကျမ်းစာအခြေပြုရှုထောင့်ကို တင်ပြခွင့်ရခဲ့တယ်။ ဒါ့အပြင် ဆရာဝန်တွေ ပြုလုပ်ရတဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကိုလည်း ကျွန်တော်သဘောပေါက်သွားတယ်။
အဲဒီသင်တန်းမှာ သင်တန်းပို့ချသူတစ်ယောက်ဖြစ်တဲ့ ပါမောက္ခ ဒေးဂို ဂရာစီယာဆိုရင် နာမည်ကြီး စပိန်သမားတော်တွေအတွက် ကျင့်ဝတ်တရားနဲ့ပတ်သက်တဲ့ အဆင့်မြင့်သင်တန်းတစ်ခုကို ပုံမှန်ဖွဲ့စည်းတင်ဆက်ပေးတယ်၊ ပြီးတော့ သူဟာ သွေးသွင်းခြင်းကိစ္စတွေမှာ ကျွန်တော်တို့ရဲ့ အသိပညာရှိရှိသဘောတူညီမှုရခွင့်ကို ခိုင်မာပြတ်သားစွာ ထောက်ခံပေးသူလည်းဖြစ်တယ်။ * သူနဲ့ ကျွန်တော်တို့ မှန်မှန်အဆက်အသွယ်ရှိတာကြောင့် ယေဟောဝါသက်သေတွေရဲ့ စပိန်ဌာနခွဲရုံးက ကိုယ်စားလှယ်တချို့ကိုဖိတ်ခေါ်ပြီး ကျွန်တော်တို့ရဲ့ရပ်တည်ချက်ကို ပါမောက္ခ ဂရာစီယာရဲ့ ဘွဲ့လွန်သင်တန်းသားတွေကို ရှင်းပြစေခဲ့တယ်၊ အဲဒီသင်တန်းသားတချို့ဟာ နိုင်ငံမှာ အတော်ဆုံးဆရာဝန်တွေအဖြစ် သတ်မှတ်ခံရသူတွေဖြစ်ကြတယ်။
အမှန်တရားကိုရင်ဆိုင်ခြင်း
ယုံကြည်သူချင်းတွေအတွက် ဒီအားရကျေနပ်ဖွယ်ကောင်းတဲ့လုပ်ငန်းဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ပြဿနာအားလုံးကို မဖြေရှင်းပေးခဲ့ပါဘူး။ ကျွန်တော့်ရောဂါကလည်း မညှာမတာ ပိုပြီးဆိုးဝါးလာပြီ။ ဒါပေမဲ့ ကျွန်တော့်စိတ်ဓာတ်က ဖျတ်လတ်နိုးကြားနေသေးလို့ တော်ပါသေးတယ်။ ဘယ်တော့မှ မညည်းညူကြတဲ့ ကျွန်တော့်ဇနီးနဲ့ သားရဲ့ကျေးဇူးကြောင့် ကျွန်တော့်ရဲ့ တာဝန်တွေကိုထမ်းဆောင်နိုင်သေးတာ။ သူတို့ရဲ့အကူအညီနဲ့ ထောက်မမှုသာမရရင်တော့ ဒီလိုဘယ်လုပ်နိုင်ပါ့မလဲ။ ဘောင်းဘီကြယ်သီးတောင် ကိုယ်တိုင်မတပ်နိုင်တာ၊ အပေါ်ရုံကုတ်အင်္ကျီလည်း ကိုယ်တိုင်မဝတ်နိုင်ဘူး။ အထူးသဖြင့် ကျွန်တော့်သား အစ်ရှ်မေးလ်နဲ့ စနေနေ့တိုင်း အမှုဆောင်ထွက်ရလို့ ကျွန်တော်ဝမ်းသာတယ်၊ အိမ်ရှင်တွေကို ကျွန်တော်ဟောပြောသက်သေခံနိုင်အောင် သူက ကျွန်တော့်ကို တွန်းသွားပေးနိုင်တယ်။ အသင်းတော်အကြီးအကဲတာဝန်တွေကိုလည်း ကျွန်တော်ထမ်းဆောင်နိုင်သေးတယ်။
လွန်ခဲ့တဲ့ ၁၂ နှစ်အတွင်းလောက်မှာ စိတ်ထိခိုက်စရာအချိန်တွေ ကျွန်တော်ကြုံတွေ့ခဲ့ရတယ်။ တစ်ခါတလေ ကျွန်တော့်ရဲ့ ချို့ယွင်းနေမှုက မိသားစုကို ဘယ်လိုစိတ်ထိခိုက်စေတာကို တွေ့ မြင်လိုက်ရတာက ကျွန်တော်ခံစားနေရတဲ့ရောဂါထက် ပိုပြီးနာကျင်စေတယ်။ ထုတ်မပြောကြပေမဲ့ သူတို့လည်း စိတ်ထိခိုက်တယ်ဆိုတာကို ကျွန်တော်သိတယ်။ မကြာသေးခင်က တစ်နှစ်အတွင်းမှာပဲ ကျွန်တော့်ယောက္ခမနဲ့ အဖေတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်သွားခဲ့ကြတယ်။ အဲဒီနှစ်အတွင်းမှာပဲ ကျွန်တော်လည်း ဘီးတပ်ကုလားထိုင်မပါဘဲ ဘယ်မှမသွားမလာနိုင်ဘူး။ ကျွန်တော်တို့နဲ့အတူနေထိုင်ခဲ့တဲ့ အဖေဟာ ဆုတ်ယုတ်ကျဆင်းလာစေတဲ့ နောက်ရောဂါတစ်မျိုးနဲ့ ဆုံးသွားရှာတယ်။ အဖေ့ကိုပြုစုခဲ့တဲ့ မီလာဂရော့စ်က အနာဂတ်မှာ ကျွန်တော်လည်း အဲ့ဒီလိုဖြစ်မှာကို ကြိုမြင်ရသလိုပဲ ခံစားခဲ့ရရှာတယ်တဲ့။
ဒါပေမဲ့ အကောင်းဘက်ကနေကြည့်ရင် ကျွန်တော့်မိသားစုဟာ အခက်အခဲတွေကြုံလာလေ ပိုစည်းလုံးလာလေပဲ။ ဒေသန္တရညွှန်ကြားရေးမှူးထိုင်တဲ့ထိုင်ခုံကနေ ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ရတဲ့အဖြစ်မျိုး ရောက်သွားပေမဲ့ တစ်ပါးသူအကျိုးအတွက် ပြည့်ပြည့်ဝဝ ထမ်းရွက်နိုင်လို့ အခုဆိုရင် ကျွန်တော့်ဘဝဟာ ပိုတောင်ကောင်းလာနေသေးတယ်။ ပေးကမ်းခြင်းက ဝေဒနာကို လျော့နည်းစေတယ်၊ အကူအညီလိုတဲ့အခါ ကျွန်တော်တို့ကို ခွန်အားပေးမယ်လို့ ယေဟောဝါ ကတိပြုတယ်။ ပေါလုလိုပဲ “ငါ့ကိုခွန်အားနှင့်ပြည့်စုံစေတော်မူသော ခရစ်တော်အားဖြင့် ခပ်သိမ်းသောအမှုတို့ကို ငါတတ်စွမ်းနိုင်၏” လို့ ကျွန်တော်အမှန်ပြောနိုင်ပါတယ်။—ဖိလိပ္ပိ ၄:၁၃။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 နာတာရှည်နဗ်ကြောဖွဲ့ရောဂါသည် ဗဟိုနဗ်ကြောစနစ် ကမောက်ကမဖြစ်ခြင်း ဖြစ်သည်။ ချင့်ချိန်နှိုင်းဆမှု၊ ခြေလက်အသုံးပြုမှုနှင့် တစ်ခါတစ်ရံ အမြင်၊ အပြော သို့မဟုတ် သိနားလည်မှုတို့ကို တဖြည်းဖြည်း ဆိုးဝါးစေသည်။
^ အပိုဒ်၊ 19 ဤခွဲစိတ်ကုသမှုကို ရော့စ် လုပ်ထုံးလုပ်နည်းအဖြစ် လူသိများကျော်ကြား၏။
^ အပိုဒ်၊ 27 ၁၉၉၇၊ ဖေဖော်ဝါရီ ၁၅ ရက် ကင်းမျှော်စင် စာမျက်နှာ ၁၉-၂၀ ကိုရှု။
[စာမျက်နှာ ၂၄ လေးထောင့်ကွက်]
ဇနီး၏ရှုမြင်သုံးသပ်ချက်
နာတာရှည် နဗ်ကြောဖွဲ့ရောဂါခံစားနေရတဲ့ အိမ်ထောင်ဖက်နဲ့အတူ နေထိုင်နေရတဲ့ ဇနီးတစ်ယောက်အတွက် စိတ်ဓာတ်ရေးရာပိုင်း၊ စိတ်လှုပ်ရှားမှုပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာတွေမှာ အတော်ခက်ခဲတယ်။ ကျွန်မဘာလုပ်မယ်ဆိုတာကိုစဉ်းစားတဲ့အခါ အကျိုးသင့်အကြောင်းသင့်ရှိရမယ်၊ အနာဂတ်အတွက်လည်း မလိုအပ်ဘဲ ပူပန်မနေဖို့ ကြိုးစားရတယ်။ (မဿဲ ၆:၃၄) ဒါပေမဲ့ ဝေဒနာနဲ့တွဲဖက်နေရလို့ လူတစ်ယောက်ရဲ့ အကောင်းဆုံးအရည်အသွေးတွေ ထွက်ပေါ်လာတယ်။ ကျွန်မတို့ရဲ့အိမ်ထောင်ရေးဟာ အရင်ကထက် ပိုလို့တောင် ခိုင်မြဲလာတယ်၊ ယေဟောဝါနဲ့ ကျွန်မရဲ့ဆက်ဆံရေးကလည်း ပိုပြီးရင်းနှီးလာတယ်။ ကျွန်မတို့လိုပဲ သောကဖိစီးမှုဒဏ်တွေခံနေကြရတဲ့ အခြားသူတွေရဲ့ ဘဝအတ္ထုပ္ပတ္တိတွေက ကျွန်မကို အကြီးအကျယ်ခွန်အားပေးတယ်။ ညီအစ်ကိုတွေအတွက် ဟူလျန်အကျိုးဆောင်ပေးလို့ သူခံစားရတဲ့ကျေနပ်မှုကို ကျွန်မလည်းခံစားရတယ်၊ နေ့တိုင်း စိန်ခေါ်ချက်အသစ်တွေ ရင်ဆိုင်ရလည်းပဲ ကျွန်မတို့ကို ယေဟောဝါစွန့်ပစ်မထားဘူးဆိုတာကို ကျွန်မသိခဲ့ရပြီ။
[စာမျက်နှာ ၂၄ လေးထောင့်ကွက်]
သား၏ရှုမြင်သုံးသပ်ချက်
ကျွန်တော့်အဖေရဲ့ ခံနိုင်ရည်နဲ့ အကောင်းမြင်တတ်တဲ့စိတ်မှာ အကောင်းဆုံးပုံသက်သေကို ကျွန်တော်တွေ့ရှိရတယ်၊ အဖေ့ကို ဟိုနားဒီနားတွန်းပို့ပေးရတဲ့အခါ ကျွန်တော်ဟာ အသုံးဝင်တဲ့သူတစ်ယောက်လို့ ခံစားရတယ်။ ကျွန်တော်ဖြစ်ချင်တာ အမြဲဖြစ်နိုင်မှာမဟုတ်ဘူးဆိုတာ သိပါတယ်။ အခု ကျွန်တော် ဆယ်ကျော်သက်အရွယ်ပဲရှိသေးပေမဲ့ ကြီးလာရင် ဆေးရုံဆက်သွယ်ရေးကော်မတီအဖွဲ့ဝင်တစ်ယောက်ဖြစ်ချင်တယ်။ ဝေဒနာခံစားရတာဟာ တစ်ခဏပဲလို့ ကျမ်းစာကတိတွေကနေ ကျွန်တော်သိထားတယ်၊ ကျွန်တော်တို့ထက် ဝေဒနာပိုခံစားနေကြရတဲ့ ညီအစ်ကိုညီအစ်မတွေ အများကြီးရှိတယ်လို့လည်း ကျွန်တော်သိတယ်။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီးဟာ ကျွန်တော့်အတွက်ခွန်အားပဲ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
နှလုံးခွဲစိတ်ကုဆရာဝန် ဒေါက်တာ ကွမ် ဒွါတဲနှင့် စကားပြောဆိုနေခြင်း
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ကျွန်တော့်သားနဲ့အတူ ခရစ်ယာန်ဓမ္မအမှုဆောင်ခြင်းမှ ပျော်ရွှင်မှုရ