“ချာ့ခ်ျသမိုင်းဖခင်” ယူစီဘီးယပ်စ်
“ချာ့ခ်ျသမိုင်းဖခင်” ယူစီဘီးယပ်စ်
စီ.အီး. ၃၂၅ ခုနှစ်တွင် ရောမဧကရာဇ်မင်း ကွန်စတင်တိုင်းသည် ခရစ်ယာန်ဂိုဏ်းအုပ်အားလုံးကို နိုင်စီယာမြို့သို့ ဆင့်ခေါ်လိုက်သည်။ သူ၏ရည်ရွယ်ချက်မှာ အငြင်းအခုံဖြစ်နေသော ဘုရားသခင်နှင့် သားတော်တို့၏တော်စပ်ပုံကို ဆုံးဖြတ်စီရင်ပေးရန်ဖြစ်၏။ တက်ရောက်လာကြသူများတွင် ထိုခေတ်၌ စာပေကျမ်းဂန်အနှံ့စပ်ဆုံးသူအဖြစ် သတ်မှတ်ခံထားရသူ စီစရီအာမြို့နေ ယူစီဘီးယပ်စ်လည်းပါဝင်သည်။ ယူစီဘီးယပ်စ်သည် သမ္မာကျမ်းစာကို အပတ်တကုတ်လေ့လာခဲ့ရာ ဘုရားသခင်တစ်ပါးတည်းရှိသည်ဟူသော ခရစ်ယာန်အယူအဆကို ခုခံကာကွယ်ပေးသူတစ်ဦးဖြစ်သည်။
နိုင်စီယာမြို့ကောင်စီတွင် “ကွန်စတင်တိုင်းကိုယ်တိုင် ဦးစီးနာယကပြုကာ ဆွေးနွေးပွဲများတွင်ပါဝင်ညွှန်ကြား၍ ‘ခမည်းတော်နှင့်တစ်ဇာတိတည်းဖြစ်သည်’ ဟူသော ကောင်စီထုတ်ဆင့်သည့်အယူဝါဒတွင်ပါသည့် ဘုရားသခင်နှင့်ခရစ်တော်၏တော်စပ်ပုံကို ကိုယ်တိုင်အဆိုတင်သွင်းခဲ့သည်။ . . . ဧကရာဇ်၏သြဇာအရှိန်ကြောင့် ဂိုဏ်းအုပ်နှစ်ဦးမှအပ အားလုံးလက်မှတ်ရေးထိုးခဲ့ကြသော်လည်း အများအားဖြင့် မိမိတို့ယုံကြည်ချက်ကို ဖီလာ၍ပြုခဲ့ကြသည်” ဟု ဗြိတဲန်နစ်ကာစွယ်စုံကျမ်းကဆို၏။ လက်မှတ်မရေးထိုးခဲ့သူနှစ်ဦးတွင် ယူစီဘီးယပ်စ်ပါဝင်သလော။ သူ၏ရပ်တည်ချက်မှ ကျွန်ုပ်တို့အဘယ်သင်ခန်းစာရနိုင်သနည်း။ ယူစီဘီးယပ်စ်၏နောက်ခံ၊ သူ၏အရည်အချင်းများနှင့် အောင်မြင်မှုများကို သုံးသပ်ကြည့်ကြပါစို့။
သူ၏ထူးခြားသောအရေးအသားများ
ယူစီဘီးယပ်စ်သည် စီ.အီး. ၂၆၀ ခန့်က ပါလက်စတိုင်းတွင် မွေးဖွားခဲ့ပုံရသည်။ သူသည် ငယ်ရွယ်ချိန်၌ စီစရီအာမြို့ရှိ ချာ့ခ်ျကြီးကြပ်ရေးမှူး ပမ်ဖီးလပ်စ်နှင့် ပေါင်းသင်းခဲ့သည်။ ယူစီဘီးယပ်စ်သည် ပမ်ဖီးလပ်စ်၏ကျမ်းစာသင်တပည့်စုတွင် တစ်ဦးပါဝင်လာရာ စိတ်ထက်သန်သောကျောင်းသားတစ်ဦးဖြစ်လာခဲ့၏။ သူသည် ပမ်ဖီးလပ်စ်၏ စာကြည့်တိုက်ရှိစာပေများကို အပတ်တကုတ်ကြိုးစားလေ့လာခဲ့သည်။ သူလေ့လာလေသမျှ၊ အထူးသဖြင့် ကျမ်းစာကို ယူစီဘီးယပ်စ် ဆည်းပူးလေ့လာကာ လက်တွေ့ကျင့်သုံးခဲ့၏။ ထို့ပြင် သူသည် ပမ်ဖီးလပ်စ်၏ ရင်းနှီးသောမိတ်ဆွေတစ်ဦးဖြစ်လာခဲ့ရာ နောက်ပိုင်း၌ သူ့ကိုယ်သူ “ပမ်ဖီးလပ်စ်၏သား ယူစီဘီးယပ်စ်” ဟု ရည်ညွှန်းပြောဆိုခဲ့သည်။
သူ၏ရည်မှန်းချက်များနှင့်စပ်လျဉ်း၍ ယူစီဘီးယပ်စ်က ဤသို့ဖော်ပြခဲ့သည်– “သန့်ရှင်းသောတမန်တော်များ၏ အရိုက်အရာကိုဆက်ခံခြင်းများအပြင် ကျွန်ုပ်တို့ကယ်တင်ရှင်၏ခေတ်မှစ၍ ကျွန်ုပ်တို့ခေတ်တိုင် ကုန်လွန်သွားခဲ့သည့် အချိန်ကာလများကိုပါ မှတ်တမ်းတင်ရန်; ချာ့ခ်ျသမိုင်းတွင် များစွာသောအရေးပါဖြစ်ရပ်များ မည်သို့မည်ပုံ ဖြစ်ပျက်ခဲ့သည်ကို ပြန်ပြောပြရန်; အထင်ကရအဖြစ်ဆုံး သာသနာမှုနယ်ပယ်များရှိ ချာ့ခ်ျကို အုပ်ချုပ်ဦးစီးခဲ့သူတို့နှင့် ဘုရားသခင့်စကားတော်ကို အပြောဖြင့်ဖြစ်စေ၊ အရေးဖြင့်ဖြစ်စေ ကြားသိစေခဲ့သော မျိုးဆက်တစ်ဆက်စီမှသူတို့ကို ဖော်ပြပေးရန် ကျွန်ုပ်ရည်ရွယ်၏။”
ခရစ်ယာန်ချာ့ခ်ျသမိုင်းဟု ခေါင်းစဉ်တပ်ထားသော အထင်ကြီးလေးစားဖွယ်ကောင်းသည့် စာပေကြောင့် ယူစီဘီးယပ်စ်ကိုအမှတ်ရကြသည်။ စီ.အီး. ၃၂၄ ခုနှစ်ခန့်တွင် ထုတ်ဝေခဲ့သည့် သူ၏ အတွဲဆယ်တွဲပါစာအုပ်များကို ရှေးခေတ်ကရေးသားခဲ့သော အရေးအပါဆုံး ချာ့ခ်ျသမိုင်းဟူ၍ မှတ်ယူခဲ့ကြသည်။ ဤပြီးမြောက်အောင်မြင်မှုကြောင့် ယူစီဘီးယပ်စ်သည် ချာ့ခ်ျသမိုင်းဖခင်အဖြစ် ထင်ပေါ်ကျော်ကြားလာလေ၏။
ချာ့ခ်ျသမိုင်းအပြင် အတွဲနှစ်တွဲပါ ရာဇဝင်မှတ်တမ်းကိုလည်း ယူစီဘီးယပ်စ်ရေးသားခဲ့သည်။ ပထမအတွဲသည် လောကသမိုင်းကြောင်းအကျဉ်းချုပ်ဖြစ်၏။ လေးရာစုတွင် ယင်းအတွဲသည် ကမ္ဘာ့သက္ကရာဇ်စဉ်ကိုရှာကြည့်ရန် မှီငြမ်းသော စံတင်စာအုပ်ဖြစ်လာလေသည်။ ဒုတိယအတွဲတွင် သမိုင်းဝင်ဖြစ်ရပ်များ၏ ရက်စွဲများကို ဖော်
ပြထား၏။ ထိုတွင် ယူစီဘီးယပ်စ်သည် လူမျိုးအသီးသီး၏ မင်းမျိုးမင်းနွယ်ဆွေစဉ်မျိုးဆက်ကို ကော်လံနှစ်ခုယှဉ်၍ ရေးသားဖော်ပြထား၏။ထို့ပြင် ပါလက်စတိုင်းမှအာဇာနည်များနှင့် ကွန်စတင်တိုင်း၏ဘဝဟူ၍ ခေါင်းစဉ်တပ်ထားသည့် အခြားသမိုင်းဝင်စာပေများကိုလည်း ယူစီဘီးယပ်စ်စီရင်ရေးသားခဲ့၏။ ပထမစာပေသည် စီ.အီး. ၃၀၃-၁၀ နှစ်များအကြားကာလကိုဖော်ပြပြီး ထိုအချိန်က အာဇာနည်များအကြောင်း ဆွေးနွေးတင်ပြထား၏။ ယူစီဘီးယပ်စ်သည် အဆိုပါဖြစ်ရပ်များ၏ မျက်မြင်သက်သေတစ်ဦးဖြစ်ခဲ့ရပေမည်။ စာအုပ်လေးအုပ်တစ်စုံအဖြစ် နောက်ပိုင်း၌ သူပြုစုစီရင်သည့်စာပေများကို စီ.အီး. ၃၃၇ ခုနှစ်တွင် ဧကရာဇ်မင်းကွန်စတင်တိုင်းသေဆုံးပြီးနောက် စုစည်းထုတ်ဝေခဲ့ပြီး ၎င်း၌ တန်ဖိုးမဖြတ်နိုင်သည့် သမိုင်းဝင်အချက်အလက်များစွာပါဝင်သည်။ ရိုးရိုးရှင်းရှင်းရေးထားသည့် သမိုင်းစာပေများဖြစ်သည်ထက် အများစုမှာ ချီးမွမ်းသြဘာပေးသည့်စာပေများဖြစ်သည်။
ယူစီဘီးယပ်စ်၏ ခုခံချေပသည့် စာပေများတွင် ခေတ်ပြိုင်ရောမဘုရင်ခံ ဟိုင်ရိုကလီစ်အား ပြန်ချေပထားသည့်စာပါရှိသည်။ ခရစ်ယာန်များကို ဟိုင်ရိုကလီစ်ဆန့်ကျင်၍ရေးသားခဲ့သည့်အတွက် ယူစီဘီးယပ်စ်က ပြန်လည်ခုခံချေပခဲ့ခြင်းဖြစ်သည်။ ထို့ပြင် သမ္မာကျမ်းစာ၏ မြင့်မြတ်သောကလောင်ရှင်ကို ထောက်ခံလျက် စာအုပ်ပေါင်း ၃၅ အုပ်ကို သူရေးသားခဲ့ရာ ၎င်းကိုအရေးပါဆုံးနှင့် အသေးစိတ်အကျဆုံးစာအုပ်များအဖြစ် သတ်မှတ်ခဲ့ကြသည်။ ၎င်းတို့မှ ပထမ ၁၅ အုပ်သည် ဟေဗြဲလူမျိုး၏ မြင့်မြတ်သောစာပေများကို ခရစ်ယာန်များ ယုံကြည်လက်ခံကြခြင်းသည် ကျိုးကြောင်းဆီလျော်ကြောင်း ဖော်ပြပေးသည်။ ကျန်ရှိသောအခြားစာအုပ် ၂၀ က ခရစ်ယာန်များသည် ဂျူးကျင့်ထုံးများကိုကျော်လွန်ပြီး မူအသစ်များနှင့် အလေ့အကျင့်အသစ်များကိုခံယူခဲ့ခြင်းမှာ မှန်ကန်ကြောင်း သက်သေထူသည်။ ထိုစာအုပ်အားလုံးသည် ယူစီဘီးယပ်စ်နားလည်ထားသည့်အတိုင်း ခရစ်ယာန်ဘာသာတရားဘက်မှ အပြည့်အဝ ခုခံချေပပေးသည်။
ယူစီဘီးယပ်စ်သည် နှစ်ပေါင်း ၈၀ ခန့် (စီ.အီး. ၂၆၀-၃၄၀ ခန့်) အသက်ရှင်ခဲ့၍ ရှေးခေတ်စာရေးဆရာတို့တွင် စာပေအများဆုံးရေးသားခဲ့သူတစ်ဦးဖြစ်၏။ သူ၏အရေးအသားများတွင် ပထမသုံးရာစုအချိန်မှ အဖြစ်အပျက်များမှသည် ဧကရာဇ်မင်း ကွန်စတင်တိုင်းအချိန်အထိ အကျုံးဝင်သည်။ သူ့ဘဝနှောင်းပိုင်းတွင် သူသည် စာရေးဆရာတစ်ဦးဖြစ်သည့်အပြင် စီစရီအာမြို့ဂိုဏ်းချုပ်အဖြစ်လည်း တာဝန်ယူဆောင်ရွက်ခဲ့သည်။ ယူစီဘီးယပ်စ်သည် သမိုင်းပညာရှင်တစ်ဦးအဖြစ် လူသိအများဆုံးဖြစ်ခဲ့သော်လည်း ခုခံချေပသူ၊ မြေပုံရေးဆွဲသူ၊ တရားဟောဆရာ၊ ဝေဖန်ရေးသားသူနှင့် ဘာသာရေးစာပေများကို ရှင်းလင်းချက်ထုတ်သူလည်းဖြစ်ခဲ့၏။
သူ၏နှစ်ထပ်ကွမ်းရည်ရွယ်ချက်
ယူစီဘီးယပ်စ်သည် တစ်ခါမျှမရှိခဲ့ဖူးသော အဆိုပါစီမံကိန်းကြီးများကို အဘယ်ကြောင့်စတင်လုပ်ဆောင်ခဲ့သနည်း။ သူသည် ခေတ်ဟောင်းမှခေတ်သစ်သို့ ကူးပြောင်းသည့် စပ်ကူးမပ်ကူးကာလတွင် အသက်ရှင်နေထိုင်ခဲ့သည်ဟု သူခံယူခဲ့ခြင်းကြောင့်ဖြစ်သည်။ အတိတ်မှ လူ့မျိုးဆက်များအတွင်း ဖြစ်ရပ်ကြီးများ ဖြစ်ပွားခဲ့ရာ နောင်လာနောက်သားများအတွက် မှတ်တမ်းတစ်ခု ပြုစုရေးသားထားဖို့လိုသည်ဟု သူခံယူခဲ့၏။
ထို့ပြင် ယူစီဘီးယပ်စ်တွင် ရည်ရွယ်ချက်နောက်တစ်ခုရှိပါသေးသည်၊ ယင်းမှာ ခုခံချေပပြောဆိုဖို့ဖြစ်၏။ ခရစ်ယာန်ဘာသာတရားသည် ဘုရားသခင်ထံမှအစပြုသည်ကို သူယုံကြည်ခဲ့သည်။ သို့သော် တချို့က ဤယူဆချက်ကို ဆန့်ကျင်တိုက်ခိုက်ခဲ့၏။ ယူစီဘီးယပ်စ်က ဤသို့ရေးသားခဲ့၏– “အဆန်းထွင်ပြောင်းလဲလို၍ အကြီးမားဆုံး အမှားများကိုကျူးလွန်သူများ၏အမည်နှင့် သို့ပြုခဲ့ချိန်ပေါင်းကိုဖော်ထုတ်ရန်ဖြစ်သည်၊ ဤသူတို့သည် အသိပညာရှာတွေ့ပြီဟု မှားယွင်းစွာဆိုကာ ခရစ်တော်၏သိုးတော်စုကို ရက်စက်ကြမ်းကြုတ်သည့် ဝံပုလွေများပမာ သနားညှာတာမှုမရှိ သိမ်းရုံးဖျက်ဆီးပစ်ခဲ့ကြပြီ။”
ယူစီဘီးယပ်စ်သည် သူ့ကိုယ်သူ ခရစ်ယာန်တစ်ဦးအဖြစ် ယူမှတ်ခဲ့ပါသလော။ ယူမှတ်ခဲ့ပုံရှိ၏၊ အကြောင်းမှာ ခရစ်တော်အား သူက “ကျွန်ုပ်တို့၏ကယ်တင်ရှင်” ဟုခေါ်ဆိုခဲ့၏။ သူဤသို့ဖော်ပြခဲ့သည်– “ကျွန်ုပ်၏ရည်ရွယ်ချက်မှာ . . . ကျွန်ုပ်တို့၏ ကယ်တင်ရှင်ကို မတော်မတရားလျှို့ဝှက်ကြံစည်ခဲ့ခြင်းကြောင့် ဂျူးလူမျိုးတစ်မျိုးလုံးအပေါ် ချက်ချင်းကျရောက်လာသည့် အကြောင်းမလှမှုများကို စီကာစဉ်ကာပြောပြရန်၊ ဘုရားသခင့်စကားတော်ကို တစ်ပါးအမျိုးသားများတိုက်ခိုက်ခဲ့ကြသည့် နည်းလမ်းများနှင့် အကြိမ်ပေါင်းကို မှတ်တမ်းတင်ဖော်ပြရန်၊ သမ္မာကျမ်းစာကြောင့် သွေးမြေကျမှုနှင့် အပြင်းအထန်ညှဉ်းပန်းမှုများကို ခေတ်အဆက်ဆက် ခံခဲ့ကြသူတို့၏ ထူးခြားသည့်အရည်အသွေးကိုသာမက ကျွန်ုပ်တို့ခေတ်တွင် ပြုခဲ့ကြသည့် တည်ကြည်ခြင်းဆိုင်ရာ ခံဝန်ချက်များကိုပါ ဖော်ပြပေးရန်နှင့် ထိုသူတို့အားလုံးကို ကျွန်ုပ်တို့၏ကယ်တင်ရှင် ပေးသနားတော်မူခဲ့သည့် သနားကြင်နာမှုနှင့် ကူညီထောက်မမှုတို့ကိုပါ ဖော်ပြပေးရန်ဖြစ်၏။”
သူ၏ကြီးကျယ်သောသုတေသနပြုချက်
ယူစီဘီးယပ်စ်ကိုယ်တိုင် ဖတ်ရှုလေ့လာပြီး ကိုးကားခဲ့သည့် စာအုပ်ပေါင်း၏အရေအတွက်မှာ အလွန်များပြားလှ၏။ ယူစီဘီးယပ်စ်၏
စာပေများကြောင့်သာ ခေတ်သက္ကရာဇ်၏ ပထမသုံးရာစုမှ အကျော်အမော်များစွာတို့အကြောင်းကို ကျွန်ုပ်တို့သိရှိရသည်။ သူ၏စာပေများ၌သာပါရှိသည့် အထောက်အကူပြုမှတ်တမ်းများက အရေးပါသော လှုပ်ရှားဆောင်ရွက်မှုများအကြောင်း ပိုမိုသိရှိစေသည်။ ၎င်းတို့သည် မရရှိနိုင်တော့သည့် စာပေစာတမ်းများမှဖြစ်သည်။အချက်အလက်များကို စုဆောင်းတင်ပြရာတွင် ယူစီဘီးယပ်စ်သည် စေ့စပ်သေချာဖို့ အပတ်တကုတ်ကြိုးစားအားထုတ်ခဲ့၏။ ယုံကြည်စိတ်ချရသည့်သတင်းနှင့် စိတ်မချရသည့်သတင်းတို့ကို အသေအချာခွဲခြားသိမြင်ရန် သူကြိုးစားအားထုတ်ခဲ့ပုံရသည်။ သို့တိုင် သူ၏လက်ရာသည် စင်းလုံးချောမဟုတ်ချေ။ သူသည် တစ်ခါတစ်ရံ အဓိပ္ပာယ်ကောက်လွဲမှားတတ်ပြီး လူအချို့နှင့် သူတို့၏အပြုအမူများကို အထင်လွဲခဲ့ချိန်များပင်ရှိသည်။ သက္ကရာဇ်စဉ်ရေးသားသတ်မှတ်ရာတွင်လည်း တစ်ခါတစ်ရံ တိကျလေ့မရှိချေ။ ထို့ပြင် စာပေတင်ဆက်မှုပိုင်းတွင် ရသမြောက်စွာ ဖန်တီးရေးသားနိုင်စွမ်းလည်း ယူစီဘီးယပ်စ်၌မရှိပါ။ သို့သော် အပြစ်ဆိုဖွယ်ရာများ အထင်အရှားရှိလင့်ကစား သူ၏စာပေများကို တန်ဖိုးမဖြတ်နိုင်သည့် ဘဏ္ဍာတစ်ခုအဖြစ် သတ်မှတ်ကြသည်။
အမှန်တရားမြတ်နိုးသူလော
ယူစီဘီးယပ်စ်သည် ခမည်းတော်နှင့်သားတော်တို့ မည်သို့တော်စပ်ကြောင်းကို အပြီးအပြတ်မဆုံးဖြတ်ကြသေး၍ စိတ်မချမ်းမသာဖြစ်ခဲ့ပုံရသည်။ ယူစီဘီးယပ်စ်ယုံကြည်သက်ဝင်သကဲ့သို့ ခမည်းတော်သည် သားတော်မတိုင်မီ တည်ရှိခဲ့သလော။ သို့မဟုတ် ခမည်းတော်နှင့်သားတော်သည် တစ်ချိန်တည်း အတူတူတည်ရှိခဲ့သလော။ သူက “၎င်းတို့သည် တစ်ချိန်တည်း အတူတူတည်ရှိခဲ့မည်ဆိုလျှင် ခမည်းတော်က ခမည်းတော်၊ သားတော်က သားတော် မည်သို့ဖြစ်နိုင်ပါမည်နည်း” ဟုမေးမြန်းခဲ့သည်။ သူ၏ခံယူချက်ကို ‘ခမည်းတော်သည် ယေရှုထက်သာ၍ကြီးမြတ်၏’ ဟုဆိုသည့် ယောဟန် ၁၄:၂၈ နှင့် ယေရှုကို စစ်မှန်၍တစ်ပါးတည်းဖြစ်တော်မူသော ဘုရားသခင် “စေလွှတ်” လိုက်သည်ဟုဆိုသည့် ယောဟန် ၁၇:၃ အစရှိသော ကျမ်းစာကိုးကားချက်များဖြင့်ပင် ထောက်ပြခဲ့သေးသည်။ ကောလောသဲ ၁:၁၅ နှင့် ယောဟန် ၁:၁ ကိုကိုးကားပြီး လိုဂေါ့စ် သို့မဟုတ် နှုတ်မြွက်တော်သည် “မျက်မြင်မရသော ဘုရားသခင်၏ပုံသဏ္ဌာန်တော်” တည်းဟူသော ဘုရားသခင့်သားတော်ဖြစ်၏ဟု ယူစီဘီးယပ်စ်ဆင်ခြေတက်ခဲ့သေးသည်။
သို့သော် အံ့ဩစရာမှာ နိုင်စီယာကောင်စီအစည်းအဝေးအပြီးတွင် ယူစီဘီးယပ်စ်သည် အတိုက်အခံပြုသူတို့၏ရှုမြင်ချက်ကို ထောက်ခံအားပေးခဲ့ခြင်းဖြစ်သည်။ ဘုရားသခင်နှင့် သားတော်သည် သာတူညီမျှ တစ်ပြိုင်တည်း အတူတူတည်ရှိသည်မဟုတ်ဟူသော သူ၏ကျမ်းစာရပ်တည်ချက်နှင့်ဆန့်ကျင်ပြီး ဧကရာဇ်မင်းနှင့် သဘောတူညီခဲ့သည်။
သင်ယူရမည့်သင်ခန်းစာတစ်ရပ်
ယူစီဘီးယပ်စ်သည် နိုင်စီယာကောင်စီအစည်းအဝေးတွင် အဘယ်ကြောင့် လက်လျှော့အရှုံးပေးပြီး ကျမ်းစာနှင့်မညီသောအယူဝါဒကို ထောက်ခံခဲ့သနည်း။ သူ့တွင် နိုင်ငံရေးရည်မှန်းချက်များရှိနေ၍လော။ ကနဦးကတည်းက ထိုကောင်စီအစည်းအဝေးကို သူအဘယ်ကြောင့်တက်ခဲ့သနည်း။ ခရစ်ယာန်ဂိုဏ်းချုပ်ရှိရှိသမျှကို ဆင့်ခေါ်လိုက်သော်လည်း အမှန်တကယ်တွင် အချို့အဝက်မျှဖြစ်သည့် အယောက် ၃၀၀ သာတက်ရောက်ခဲ့ကြ၏။ ယူစီဘီးယပ်စ်သည် သူ၏လူမှုရေးအဆင့်အတန်းကို ထိခိုက်မည်စိုး၍လော။ ဧကရာဇ်မင်း ကွန်စတင်တိုင်းသည် သူ့ကို အဘယ်ကြောင့်ချီးမြှင့်ခဲ့ပါသနည်း။ ထိုကောင်စီအစည်းအဝေး၌ ယူစီဘီးယပ်စ်သည် ဧကရာဇ်မင်း၏ လက်ယာဘက်တွင် ထိုင်ခဲ့၏။
မိမိ၏နောက်လိုက်များသည် “ဤလောကနှင့်မဆက်ဆံ” ရဟူသော ယေရှု၏တောင်းဆိုချက်ကို ယူစီဘီးယပ်စ် မသိကျိုးကျွန်ပြုခဲ့ပုံရသည်။ (ယောဟန် ၁၇:၁၆; ၁၈:၃၆) တပည့်ဖြစ်သူယာကုပ်က ‘မတရားသောမေထုန်၌မှီဝဲသောယောက်ျားမိန်းမတို့၊ လောကမိတ်သဟာယသည် ဘရားသခင်နှင့်ဆန့်ကျင်ဘက်ဖြစ်သည်ကို မသိကြသလော’ ဟုမေးခွန်းထုတ်ခဲ့သည်။ (ယာကုပ် ၄:၄) “မယုံကြည်သောသူတို့နှင့်တွဲဖက်၍ မညီသောထမ်းပိုးကို မထမ်းကြနှင့်” ဟု ပေါလုသတိပေးဆုံးမခဲ့ခြင်းသည် အမှန်ပင် သင့်တော်လျောက်ပတ်လှပေသည်! (၂ ကောရိန္သု ၆:၁၄၊ သမ္မာ) ကျွန်ုပ်တို့သည် ‘[ခမည်းတော်] ကို ဝိညာဉ်နှင့်လည်းကောင်း၊ အမှန်တရားနှင့်လည်းကောင်း’ ကိုးကွယ်နေကြစဉ် ဤလောကနှင့်မဆက်ဆံဘဲ သီးခြားရှိနေနိုင်ကြပါစေ။—ယောဟန် ၄:၂၄။
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
နိုင်စီယာကောင်စီအစည်းအဝေးကို သရုပ်ဖော်သည့် နံရံဆေးရေးပန်းချီပုံ
[Credit Line]
Scala/Art Resource, NY
[Picture Credit Line on page 29]
Courtesy of Special Collections Library, University of Michigan