မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်မှန်ကန်စွာ တွေးတော၍ ပညာရှိရှိကျင့်ဆောင်ပါလေ

ဖြောင့်မတ်မှန်ကန်စွာ တွေးတော၍ ပညာရှိရှိကျင့်ဆောင်ပါလေ

ဖြောင့်မတ်​မှန်ကန်​စွာ တွေးတော၍ ပညာရှိရှိ​ကျင့်ဆောင်​ပါ​လေ

ဤ​အဖြစ်အပျက်​ကို သုံးသပ်ကြည့်​ပါ– ယေရုရှလင်​မြို့ရှိ ဘာသာရေး​ရန်သူများ​သည် မိမိကို အကြီးအကျယ်​နာကျင်မှု​ခံစား​စေပြီး သတ်ပစ်​လိမ့်​မည်​ဟု ယေရှု​ခရစ်​ရှင်းပြ​နေသည်။ ယင်းကို ကိုယ်တော်​၏​ရင်းနှီးသော​မိတ်ဆွေ တမန်​တော်​ပေတရု မယုံနိုင်​ချေ။ အမှန်​ဆို​ရ​သော် သူသည် ယေရှုကို မလှမ်းမကမ်း​သို့​ခေါ်သွား​ကာ ကိုယ်တော့်​အား ဆို​ဆုံးမ​လေ​သည်။ ပေတရု​သည် စိတ်ရင်းမှန်​ဖြင့် ထိုသို့​စိုးရိမ်​တ​ကြီး ပြောဆို​ခဲ့​ကြောင်း ထင်ရှား​ပါ​သည်။ သို့သော် ပေတရု​၏​အတွေး​ကို ယေရှု​မည်သို့​အကဲဖြတ်​တော်​မူ​သနည်း။ ကိုယ်တော်​က “အချင်း​စာတန်၊ ငါ့​နောက်သို့​ဆုတ်​လော့! သင်သည် ငါ​တိုက်မိ​၍ လဲစရာ​အကြောင်း​ဖြစ်၏။ သင်သည် ဘုရားသခင်​၏​အရာ​ကို စိတ်​မစွဲလမ်း၊ လူတို့၏​အရာ​ကို​သာ စွဲလမ်း​သည်” ဟု​ဆို​သည်။—မဿဲ ၁၆:၂၁-၂၃သမ္မာ။

ပေတရု အလွန်​ထိတ်လန့်​သွား​မည်​ဖြစ်​ခြင်း! ဤ​ကိစ္စ​တွင် သူသည် အားပေး​ကူညီရာ​မ​ရောက်​ဘဲ ချစ်လှစွာ​သော​သခင်​အတွက် “တိုက်မိ​၍​လဲစရာ” ဖြစ်နေ​သည်။ ထိုသို့ အဘယ်​နည်းဖြင့်​ဖြစ်သနည်း။ ပေတရု​သည် မိမိ​ယုံကြည်​လို​ရာ​ကို​သာ ယုံတတ်​သော ချွတ်ယွင်း​သည့် လူ့​အတွေးအခေါ်​အတိုင်း တွေးခေါ်​မိ​ပေမည်။

ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချ​လွန်း​ခြင်း​မရှိ​နှင့်

ကျွန်ုပ်​တို့၏​မှန်ကန်​စွာ​တွေးတော​နိုင်စွမ်း​ကို ခြိမ်းခြောက်​သည့်​အခြား​အရာတစ်ခု​မှာ ကိုယ့်​ကိုယ်ကို​ယုံကြည်​စိတ်ချ​လွန်း​သည့်​သဘော​ဖြစ်သည်။ ရှေး​ကောရိန္သု​မြို့ရှိ ခရစ်ယာန်​ချင်း​များ​ကို တမန်​တော်​ပေါလု ဤသို့​ကြိုတင်​သတိပေး​ခဲ့​သည်– “အကြင်သူသည် မိမိ​တည်ကြည်​လျက်​နေသည်​ဟု မိမိ​ထင်မှတ်​၏၊ ထို​သူသည် မလဲ​ခြင်း​ငှာ​သတိပြု​စေ။” (၁ ကောရိန္သု ၁၀:၁၂) ပေါလု အဘယ်ကြောင့်​ဤသို့​ပြော​ခဲ့​သနည်း။ လူတို့သည် အတွေး​ချော်​ဖို့ အလွန်​လွယ်ကူ​ကြောင်း၊ ခရစ်ယာန်​များ​၏​စိတ်​ပင်​လျှင် “ဆွေးမြေ့​ယိုယွင်း​၍ ခရစ်တော်​ကို​အကြွင်းမဲ့​ချစ်သော​စိတ်​ပျောက်” နိုင်​ကြောင်း သူသိ​ရှိ​ထားသော​ကြောင့် ဖြစ်​ပေမည်။—၂ ကောရိန္သု ၁၁:၃

ပေါလု​၏​ဘိုးဘေး​များ ထိုသို့​ဖြစ်ပျက်​ခဲ့​၏။ ထို​အချိန်​က သူတို့ကို ယေဟောဝါ​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​၏​အကြံအစည်​သည် သင်တို့၏​အကြံအစည်​နှင့်​မတူ။ ငါ​၏​နည်းလမ်း​သည်လည်း သင်တို့၏​နည်းလမ်း​နှင့်​မတူ။” (ဟေရှာယ ၅၅:၈) သူတို့သည် “ပညာရှိ​သည်​ဟု ကိုယ်ကို​ထင်” မြင်လာ​ကြ​ရာ ဆိုးကျိုး​များ​ခံစား​ခဲ့​ကြ​ရ၏။ (ဟေရှာယ ၅:၂၁) သို့​ဖြစ်၍ ကျွန်ုပ်​တို့သည် မှန်ကန်​စွာ​တွေးတော​ပြီး အလားတူ​ဘေးဆိုး​မျိုးကို မည်သို့​ရှောင်ကြဉ်​နိုင်​ကြောင်း ဆန်းစစ်​ကြည့်​ခြင်း​က အမှန်ပင်​ကျိုးကြောင်း​ညီညွတ်​ပေ​သည်။

ဇာတိ​အတွေးအခေါ်ကို သတိထား

ကောရိန္သု​မြို့သား​တချို့​သည် ဇာတိ​အတွေးအခေါ်​၏​လွှမ်းမိုးမှုကို ဆိုးဆိုးဝါးဝါး​ခံ​ခဲ့​ကြ​ရသည်။ (၁ ကောရိန္သု ၃:၁-၃) သူတို့သည် ဘုရားသခင့်​စကားတော်​ကို အလေးထား​မည့်​အစား လူ့​အတွေးအခေါ်​များ​ကို သာ၍​အလေးထား​ကြ​၏။ ထို​ခေတ်​မှ ဂရိ​အတွေးအခေါ်​ပညာရှင်​များသည် အလွန်​ဉာဏ်​ကောင်း​သူများ​ဖြစ်​ကြ​မည်​မှာ​အမှန်။ သို့သော် ဘုရားသခင့်​မျက်မှောက်​တော်​တွင် သူတို့သည် မိုက်မဲ​သူများ​ဖြစ်​ကြ​၏။ ပေါလု​ဤသို့​ပြောဆို​ခဲ့​သည်– “ကျမ်းစာ​လာ​သည်​ကား– ‘ပညာရှိ​တို့၏​ပညာ​ကို ငါ​ဖျက်ဆီး​မည်။ ဉာဏ်​ကောင်းသော​သူတို့၏​ဉာဏ်​ကိုလည်း ငါ​ပယ်​မည်​ဟု​လာ​သတည်း။’ ပညာရှိ​ကား အဘယ်​မှာ​ရှိ​သနည်း။ ကျမ်းတတ်​ဆရာ​ကား အဘယ်​မှာ​ရှိသနည်း။ ယခု​ကာလ​၌ ပြဿနာ​လေ့​ကျက်​သော​ဆရာ​ကား အဘယ်​မှာ​ရှိ​သနည်း။ လော[က]ပညာ​ကို ဘုရားသခင်​သည် မိုက်​စေတော်မူ​သည်မဟုတ်​လော။” (၁ ကောရိန္သု ၁:၁၉၊ ၂၀သမ္မာ) ထို​ကဲ့သို့​သော​ဉာဏ်​ကောင်း​သူများ​သည် ဘုရားသခင်​နှင့်​ဆိုင်သော​ဝိညာဉ်​၏ လွှမ်းမိုးမှုကို​ခံ​ဖို့​ထက် “လောက​နှင့်​ဆိုင်သော​ဝိညာဉ်” ၏​လွှမ်းမိုးမှုကို​ခံ​လို​ကြသည်။ (၁ ကောရိန္သု ၂:၁၂သမ္မာ) သူတို့၏​အတွေးအခေါ်​များနှင့် အယူအဆ​များသည် ယေဟောဝါ​၏​အတွေးအခေါ်​နှင့် လုံးလုံး​မကိုက်ညီ​ချေ။

ထို​ကဲ့သို့​သော​ဇာတိ​အတွေးအခေါ်​၏ အဓိက​ရင်းမြစ်​မှာ ဧဝ​ကို​လှည့်ဖြား​ဖို့ မြွေ​ကို​အသုံးပြု​ခဲ့​သည့် စာတန်​ပင်​ဖြစ်သည်။ (ကမ္ဘာဦး ၃:၁-၆; ၂ ကောရိန္သု ၁၁:၃) သူသည် ကျွန်ုပ်​တို့အတွက် အန္တရာယ်​ကောင်​ဖြစ်​နေဆဲ​လော။ ဖြစ်​နေဆဲ​ပင်! သမ္မာကျမ်းစာ​အရ စာတန်​သည် ယခု​အခါ “တစ်လောက​လုံး​ကို လှည့်ဖြား” နေသည်​အထိ လူတို့၏ “ဉာဏ်​မျက်စိ​ကို​ကွယ်” စေ​ခဲ့ပြီ။ (၂ ကောရိန္သု ၄:၄; ဗျာ. ၁၂:၉သမ္မာ) သူ၏​အကြံအစည်​များ​ကို သိရှိ​ထား​ရန် အလွန်​အရေးကြီး​လှ​ပေ​သည်!—၂ ကောရိန္သု ၂:၁၁

‘လှည့်ဖြား​ပြောဆိုသူ​တို့ကို’ သတိပြု

ထို့​ပြင် တမန်​တော်​ပေါလု​က ‘လှည့်ဖြား​ပြောဆိုသူ​တို့ကို’ ရှောင်ကြဉ်​ရန် သတိပေး​ခဲ့​၏။ (ဧဖက် ၄:၁၄) အမှန်တရားကို ဟန်ဆောင်​တင်ပြ​ပြောဆို​ကြသော်လည်း အမှန်တကယ်​တွင် တလွဲ​ဖြစ်စေ​ခဲ့​ကြ​သည့် “လှည့်ဖြား​တတ်သော​အမှုစောင့်” တို့​နှင့် သူ​ရင်ဆိုင်ခဲ့​သည်။ (၂ ကောရိန္သု ၁၁:၁၂-၁၅) သူတို့၏​ရည်ရွယ်ချက်​ဖြစ်မြောက်​စေရန် သူတို့၏​အတွေးအခေါ်ကို​သာ ထောက်မ​ပေး​သည့် သက်သေ​သာဓက၊ စိတ်​လှုပ်ရှားမှု​ကို​အသားပေး​သည့် စကား​အသုံးအနှုန်း၊ အထင်အမြင်​မှား​စေသည့် မမှန်​တစ်ဝက်​မှန်​တစ်ဝက်​စကား၊ စဉ်းလဲ​သော​စောင်း​မြောင်း​ပြောဆိုမှု​နှင့် ဗြောင်ကျကျ​လိမ်လည်မှု​များ​ကို​ပင် အသုံးချ​ကြ​ပေမည်။

ဝါဒ​ဖြန့်ချိရေး​သမားများ​သည် အခြား​သူတို့ကို ထိခိုက်​နစ်နာ​စေရန် “ဂိုဏ်းကွဲ” ကဲ့သို့​သော​စကားလုံး​ကို မကြာခဏ အသုံးပြုလေ့​ရှိသည်။ ဘာသာရေး​အုပ်စု​အသစ်များ​ကို စုံစမ်း​စစ်ဆေး​သော အာဏာပိုင်​တို့သည် “ဤ​ဝေါဟာရ​အသုံးပြုခြင်း​ကို စွန့်လွှတ်​ဖို့ အကြံပေး​ခံ​သင့်​သည်” ဟု ဥရောပ​ကောင်စီ​ပါလီမန်​စည်းဝေးပွဲ​တစ်ခု​၌ အကြံပြု​ခဲ့​သည်။ အဘယ်ကြောင့်​နည်း။ “တစ်ယူသန်​ဂိုဏ်း” ဟူသော​စကားလုံး​သည် အပြုသဘော​မ​ဆောင်​ဟု ခံစားရ​သောကြောင့်​ဖြစ်၏။ ထပ်ဆင့်၍​ဤသို့​ဆို​သည်– “ဂိုဏ်းကွဲ​တစ်ခု​သည် အလွန်​ဆိုးရွား​သော သို့​မဟုတ် အန္တရာယ်​ရှိသော​ဂိုဏ်း​တစ်​ဂိုဏ်း​ဖြစ်သည်ဟု ယနေ့ခေတ် လူအများစုက မြင်ကြ​သည်။”ADJ ထို​နည်း​ထပ်တူ ဂရိ​ပညာရှင်​များ​က​လည်း တမန်​တော်​ပေါလု​သည် “မရေရာ​သော​လူ” သို့​မဟုတ် စာသား​အရ “မျိုးစေ့​ကောက်​သူ” ဖြစ်၏​ဟု မှားယွင်းစွာ စွပ်စွဲ​ခဲ့​ကြသည်။ ထိုသို့​ဆို​ခြင်း​ဖြင့် ပေါလု​သည် အလုပ်​မရှိ လတ်​လျား​လတ်​လျား​နေ​သူ၊ အသိပညာ​အတိုအထွာ​မျှ​ကို ဟို​တစ်စ​ဒီ​တစ်စ ပြန်​ပြောဆိုသူ​တစ်ဦး​ဖြစ်သည်​ဟူ၍ သဘော​သက်ရောက်​စေ​ခဲ့​သည်။ အမှန်​မှာ ပေါလု​သည် “ယေရှု၏​တရား​နှင့် ထမြောက်ခြင်း​တရား​တည်း​ဟူသော [သတင်းကောင်း]ကို ဟော” ပြောနေခြင်း​သာ​ဖြစ်သည်။—တမန်​တော် ၁၇:၁၈

ဝါဒ​ဖြန့်ချိသူ​တို့၏​နည်း​စနစ် အထမြောက်​ပါသလော။ အထမြောက်​ပါ​သည်။ အခြား​လူမျိုး သို့​မဟုတ် အခြား​ဘာသာ​တရား​နှင့်​ပတ်သက်​၍ လူတို့၏​ထင်မြင်​သုံးသပ်ချက်​ကို တလွဲ​ထင်မှတ်​စေခြင်း​အားဖြင့် လူမျိုးရေး​နှင့် ဘာသာရေး​မုန်းတီးမှု​များ​ကို ဖန်တီး​ဖြစ်ပေါ်​စေ​ရာ​တွင် သူတို့သည် အဓိက​အကြောင်း​ခံ​ဖြစ်​ခဲ့​ကြသည်။ လူအများသည် အများ​မနှစ်သက်​သည့် လူနည်းစု​ကို မပြော​ပ​လောက်​သည့်​အဖွဲ့ ဖြစ်စေ​ရန် ဝါဒ​ဖြန့်ချိသူ​တို့ကို အခွင့်ကောင်း​ယူ​အသုံးချ​ခဲ့​ကြပြီ။ ဂျူး​များနှင့် အခြား​လူနည်းစု​များ​ကို “မျိုးရိုး​ညံ့​သော၊” “ဆိုးသွမ်း​သော” သူများ​အဖြစ်၊ တိုင်းပြည်​ကို “ခြိမ်းခြောက်” အန္တရာယ်​ပေး​မည့်​သူများ​အဖြစ် အဒေါ့ဖ် ဟစ်တလာ​ပုံဖော်​ခဲ့​ခြင်း​ဖြင့် ထိုသို့​သော​နည်းလမ်းများ​ကို သူ​ထိရောက်​စွာ​အသုံးပြု​ခဲ့​၏။ ဤ​စဉ်းလဲ​ကောက်ကျစ်​မှု​ဖြင့် သင့်​အတွေးအခေါ်ကို ဘယ်တော့​မျှ ပျက်စီး​သွား​စေ​ခွင့်​မပြု​ပါ​နှင့်။—တမန်​တော် ၂၈:၁၉-၂၂

ကိုယ့်​ကိုယ်ကို​မ​လှည့်ဖြား​ပါ​နှင့်

ကိုယ့်​ကိုယ်ကို လှည့်ဖြား​ရန်​လည်း အလွန်​ပင်​လွယ်ကူ​လှ​သည်။ အမှန်​ဆို​ရ​လျှင် အမြတ်တနိုး​ထားခဲ့​သည့် ထင်မြင်​ယူဆချက်များ​ကို စွန့်ပစ်​ရန်၊ သို့​မဟုတ် သံသယဝင်​ရန် အလွန်​ခက်ခဲ​ပေမည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ကျွန်ုပ်​တို့၏​ရှုမြင်ချက်များ​ကို စွဲလမ်း​တတ်ကြ​သောကြောင့်​ဖြစ်၏။ ထို​အခါ ကျွန်ုပ်​တို့သည် အမှန်​မှားယွင်း​နေသည့်​အရာ​နှင့် လွဲမှား​သော​ယုံကြည်ချက်များ​ကို မှန်ပါသည်​ဟု အကြောင်းပြ၊ ဆင်ခြေ​ဆင်​လက်​ပေး​၍ မိမိတို့​ကိုယ်ကို လှည့်ဖြား​ကြ​ပေမည်။

ပထမ​ရာစု​ခရစ်ယာန်​အချို့ ထိုသို့​ဖြစ်​ခဲ့​ကြ​၏။ သမ္မာကျမ်းစာ​ကို သူတို့​သိရှိ​ထား​ကြသော်လည်း သူတို့၏​အတွေးအခေါ်ကို ယင်း​အား လွှမ်းမိုးခွင့်​မပြု​ခဲ့​ကြ​ချေ။ ထို​အခါ ‘[သူတို့ကိုယ်သူတို့] မှားယွင်းသော​အတွေးအခေါ်​ဖြင့် လှည့်ဖြား’ ခဲ့​ကြ​လေ​သည်။ (ယာကုပ် ၁:၂၂၊ ၂၆) ဤသို့ ကိုယ့်​ကိုယ်ကို​လှည့်စားသူ​ဖြစ်​ကြောင်း တင်ပြ​သည့်​လက္ခဏာ​တစ်ရပ်​မှာ ကျွန်ုပ်​တို့၏​ယုံကြည်ချက် စောဒကတက်​ခံရ​သည့်​အခါ အမျက်ထွက်ခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​ထင်မြင်​ယူဆချက်​သည် မှန်ကန်ကြောင်း သေချာ​နေသည့်တိုင် စိတ်​တို​ဒေါသ​ထွက်​မည့်​အစား သဘောထားကြီး​ကြီး​ဖြင့် အခြားသူများ​ပြောဆို​ရာ​ကို ဂရုတစိုက်​နားထောင်​ပေးခြင်း​က ပညာရှိရာ​ကျ​သည်။—သု. ၁၈:၁၇

‘ဘုရားသခင်​အား သိကျွမ်းခြင်း​ပညာ’ ကို​တူးဖော်​ပါ

ကျွန်ုပ်​တို့၏​အတွေးအခေါ်ကို ဟုတ်မှန်​စေရန် အဘယ်အရာ​ပြုလုပ်​နိုင်​မည်​နည်း။ ကျွန်ုပ်​တို့​အသုံးချ​နိုင်ရာ အကူအညီ​များစွာ​ရှိသော်လည်း ကျွန်ုပ်​တို့​ပြုလုပ်​လို​စိတ်​ရှိ​ရမည်။ ပညာရှိ​ရှောလမုန်​ဘုရင်​က ဤသို့​ဆို​သည်– “ငါ့​သား သင်သည် ပညာ​စကား​ကို​နားထောင်​၍၊ စေတနာ​စိတ်​နှင့် ဉာဏ်​ကို​ရှာဖွေ​သည်​တိုင်အောင် ငါ့​စကား​ကို​နား​ခံ​၍ ငါ့​ပညတ်​တို့ကို ကိုယ်​အထဲ​၌ သွင်း​မိ​လျှင်​လည်းကောင်း၊ သိပ္ပံ​အတတ်ကို​ခေါ်​၍ ဉာဏ်​နောက်သို့​အသံကို​လွှင့်​လျှင်​လည်းကောင်း၊ ငွေ​ကို​ရှာ​တတ်​သကဲ့သို့ ပညာ​ကို​ရှာ၍ ဝှက်ထား​သော​ဘဏ္ဍာ​ကို​စူးစမ်း​တတ်​သကဲ့သို့ ဉာဏ်​ကို​စူးစမ်း​လျှင်​လည်းကောင်း ထာဝရ​ဘုရား​ကို​ကြောက်​သော​သဘော​၌​ကျင်လည်​၍ ဘုရားသခင်​ကို​သိ​သော​ဉာဏ်​နှင့် ပြည့်စုံ​လိမ့်​မည်။” (သု. ၂:၁-၅) မှန်ပါသည်၊ ကျွန်ုပ်​တို့၏​စိတ်နှလုံး​ကို ကျမ်းစာ​အမှန်တရား​နှင့်​ပြည့်နေ​စေရန် ကိုယ်တိုင်​ကိုယ်​ကျ ကြိုးစား​အားထုတ်​မည်​ဆိုလျှင် စစ်မှန်သော​ဉာဏ်ပညာ၊ ထိုးထွင်း​သိမြင်မှု​နှင့် ပိုင်းခြား​နားလည်မှု​တို့ကို ကျွန်ုပ်​တို့​ရရှိ​ပေ​လိမ့်​မည်။ တစ်နည်း​အားဖြင့်​ဆိုလျှင် ကျွန်ုပ်​တို့သည် ငွေ သို့​မဟုတ် အခြား​မည်သည့် ဥစ္စာ​အင်​ခွင်​ထက်​မဆို ပို​၍​အဖိုးထိုက်တန်​သည့်​အရာများ​ကို တူးဖော်​ရှာဖွေ​နေကြ​ခြင်း​ဖြစ်၏။—သု. ၃:၁၃-၁၅

မှန်ကန်​စွာ​တွေးခေါ်​ရေး​အတွက် ဉာဏ်ပညာ​နှင့် အသိပညာ​တို့သည် အရေးပါသော​အချက်များ​ဖြစ်​ကြသည်။ သမ္မာကျမ်းစာ​က​ဤသို့​ဆို​သည်– “ပညာ​သည် သင်၏​နှလုံး​ထဲ​သို့​ဝင်၍ သင်သည် အသိပညာ၌​မွေ့လျော်​သောအခါ၊ ပညာသတိ​သည် သင့်ကို ကြည့်ရှု​စောင့်မ​၍ ဉာဏ်​သည်လည်း စောင့်ရှောက်​သဖြင့်၊ ဆိုးသော​သူ၏​လမ်း​မှ ကယ်လွှတ်​လိမ့်​မည်။ ကောက်ကျစ်​သော​စကား​ကို​ပြော​သော​သူ၊ မှောင်​သော​လမ်း​သို့​လိုက်​ရန် ဖြောင့်သော​လမ်းကို​စွန့်​သော​သူ . . . လက်​မှ သင့်ကို​ကယ်လွှတ်​လိမ့်​မည်။”—သု. ၂:၁၀-၁၃သမ္မာ။

စိတ်ဖိစီးမှု​ခံ​နေရ​သော​အချိန်၊ အန္တရာယ်​ကြုံနေ​ရသည့်​အချိန်တွင် ဘုရားသခင့်​အတွေးအခေါ်​၏​လမ်းညွှန်မှုကို ခံယူ​ခြင်း​သည် အထူးသဖြင့် အရေးကြီး​လှ​သည်။ အမျက်ထွက်ခြင်း၊ ကြောက်ရွံ့​ခြင်း​ကဲ့သို့​သော ပြင်းထန်​သည့်​စိတ်​လှုပ်ရှားမှုများ​သည် မှန်ကန်​စွာ မတွေး​တော​စေပါ။ “ညှဉ်းဆဲခြင်း​သည် ပညာရှိ​သော​သူကို ရူး​စေ​တတ်၏” ဟု​ရှောလမုန်​ဆို​သည်။ (ဒေ. ၇:၇) ယေဟောဝါ​ကို​ပင် “ကဲ့ရဲ့​ပြစ်တင်” စေနိုင်​သည်။ (သု. ၁၉:၃) မည်သို့​အားဖြင့်​နည်း။ မိမိတို့၏​ပြဿနာ​များသည် ဘုရားသခင်​ကြောင့်​ဖြစ်သည်ဟု​ဆို​ကာ ယင်းကြောင့် ကိုယ်တော့်​ပညတ်​မူ​တို့​နှင့် မကိုက်ညီ​သည့်​အရာများ​ကို ပြုလုပ်​ရခြင်း​ဖြစ်သည်ဟု ဆင်ခြေပေး​ခြင်း​ဖြင့်​ဖြစ်၏။ ကိုယ်​သာ​အသိဆုံး​ဟု​စဉ်းစား​မည့်​အစား ကျမ်းစာ​ကို​အသုံးပြု၍ ကျွန်ုပ်​တို့ကို ကူညီပေး​လို​သူ ပညာရှိ​အကြံပေး​သူတို့၏​စကား​ကို နှိမ့်ချစွာ နားထောင်​နိုင်​ကြ​ပါစေ။ လိုအပ်​မည်​ဆိုလျှင် ကျွန်ုပ်​တို့​၌​အခိုင်အမာ​အမြစ်စွဲ​နေသည့် ရှုမြင်​သုံးသပ်ချက်​များသည် မှားယွင်း​နေကြောင်း ပေါ်လွင်​ထင်ရှား​သည့်​အခါ ယင်း​တို့ကို​စွန့်လွှတ်​ရန် အသင့်ရှိ​ကြ​စို့​လေ။—သု. ၁:၁-၅; ၁၅:၂၂

‘ဘုရားသခင့်​အကူအညီကို ဆက်​တောင်းလျှောက်​လော့’

ကျွန်ုပ်​တို့သည် ရှုပ်ထွေး​ပြီး အန္တရာယ်များ​လှ​သည့်​အချိန်တွင် အသက်​ရှင်​နေကြ​ရ၏။ ထို့​ကြောင့် ကောင်းစွာ ချင့်ချိန်​သုံးသပ်​ပြီး ပညာရှိရှိ ပြုမူ​နိုင်​ဖို့ မှန်မှန်​ဆုတောင်း​ကာ ယေဟောဝါ​၏​လမ်းညွှန်မှုကို​တောင်းခံ​ဖို့​လို​သည်။ “အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း [ခြင်း] ဖြင့်၊ သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား​ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင့်မ​လိမ့်​မည်” ဟူ၍​ပေါလု​ရေးသားခဲ့​သည်။ (ဖိလိပ္ပိ ၄:၆၊ ၇) စိတ်​အို​က်​ဖွယ်​ကောင်းသော​ပြဿနာ​များ သို့​မဟုတ် စမ်းသပ်မှု​များ​ကို ကိုင်တွယ်​ဖြေရှင်းဖို့ ကျွန်ုပ်​တို့ ဉာဏ်ပညာ​ကင်းမဲ့​နေ​မည်​ဆိုလျှင် ‘ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူတို့အား စေတနာ​စိတ်​နှင့်​ပေးသနား​တော်​မူ​သော ဘုရားသခင်​ထံ ဆက်​တောင်းလျှောက်’ ဖို့​လို​သည်။—ယာကုပ် ၁:၅-၈

ခရစ်ယာန်​ချင်း​များသည် ဉာဏ်ပညာ​ကို​ကျင့်သုံး​ဖို့​လိုအပ်ကြောင်း သတိပြုမိ​သဖြင့် တမန်​တော်​ပေတရု​က ‘သူတို့၏​ကြည်ဖြူ​သော​စိတ်​ဝိညာဉ် [“ကြည်လင်​သော​စိတ်၊” က​ဘ] တို့ကို သတိပေး​နှိုးဆော်’ ရန် ကြိုးစား​အားထုတ်​ခဲ့​သည်။ သူတို့အား ‘သန့်ရှင်းသော​ပရောဖက်​တို့ အထက်​က​ဟောပြောခဲ့​သော စကား​များ​ကို . . . ကယ်တင်​တော်​မူ​သော​အရှင် သခင်​ဘုရား​ပေး​တော်​မူ​သော အမိန့်​ပညတ်တော်​ကို အောက်မေ့​သတိရ’ စေ​လို​ခဲ့​၏။ (၂ ပေတရု ၃:၁၊ ၂သမ္မာ) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​စကားတော်​နှင့်​အညီ ထိုသို့​လုပ်ဆောင်ဖို့ စိတ်​စွဲမှတ်​ထား​မည်​ဆိုလျှင် မှန်ကန်​စွာ​တွေးတော​ပြီး ပညာရှိရှိ ကျင့်ဆောင်​ကြ​ပါ​လိမ့်​မည်။

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

အစောပိုင်း​ခရစ်ယာန်​များသည် လူ့​အတွေးအခေါ်​အရ ကျိုးကြောင်း​ဆင်ခြင်​မည့်​အစား ဘုရားသခင့်​ဉာဏ်ပညာ​နှင့်​အညီ တွေးတော​ဆင်ခြင်​ခဲ့​ကြ

[Credit Lines]

Philosophers left to right: Epicurus: Photograph taken by courtesy of the British Museum; Cicero: Reproduced from The Lives of the Twelve Caesars; Plato: Roma, Musei Capitolini

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဆုတောင်းခြင်း​နှင့် ကျမ်းစာ​ကို​လေ့လာခြင်း သည် မရှိမဖြစ်​လိုအပ်