မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ယေဟောဝါ​သည် မိမိ၏​ရှေးခေတ်​ကျေးကျွန်၊ ဣသရေလ​လူမျိုး​ကို မယား​အများယူ​ခွင့်ပြု​ခဲ့​သော်လည်း ယခု​ခေတ်​၌​ကား ခွင့်ပြု​တော်​မ​မူ​ချေ။ ကိုယ်တော်​၏​စံနှုန်း​သည် ပြောင်းလဲ​နိုင်​သလော။

မယား​အများယူ​စနစ်​နှင့်​ပတ်သက်​၍ ယေဟောဝါ​၏​ရှုမြင်ပုံသည် ပြောင်းလဲခြင်း​မရှိပေ။ (ဆာလံ ၁၉:၇; မာလခိ ၃:၆) ယင်းသည် လူ​တို့အတွက် အစ​ကတည်းက​ပင် ဘုရားသခင်​၏​အစီအစဉ်​မဟုတ်ပါ၊ ယနေ့လည်း မဟုတ်​ချေ။ ဧဝ​ကို အာဒံ​၏​ဇနီး​အဖြစ် ယေဟောဝါ​ဖန်ဆင်း​ပေး​ခဲ့​ချိန်​က ဘုရားသခင့်​စံနှုန်း​မှာ လင်ယောက်ျား​တစ်ဦး​အတွက် ဇနီး​တစ်ဦး​ဖြစ်​ကြောင်း ကိုယ်တော်​ဖော်ပြ​ခဲ့​သည်။ “ထို​အကြောင်းကြောင့် ယောက်ျား​သည် ကိုယ်​မိဘကို​စွန့်​၍ ကိုယ်​ခင်ပွန်း​၌​မှီဝဲ​သဖြင့် ထို​သူတို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်​မည်။”—ကမ္ဘာဦး ၂:၂၄

ယေရှု​ခရစ် ကမ္ဘာ​ပေါ်​ရှိ​စဉ်​က ကွာရှင်း​ခြင်း​နှင့် ပြန်လည်​ထိမ်းမြားခြင်း​အကြောင်း မေးမြန်းခဲ့​သူတို့ကို အဖြေပေး​ရာ​တွင် ဤ​စံနှုန်း​ကို ကိုယ်တော်​ပြန်လည်​ဖော်ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​ဆို​၏– “အစအဦး​၌ ဖန်ဆင်း​တော်​မူ​သော​သူသည် ယောက်ျား​နှင့်​မိန်းမ​နှစ်ယောက်​တည်း​ကို ဖန်ဆင်း​တော်​မူ​၏။ ‘ထို​အကြောင်းကြောင့် ယောက်ျား​သည် ကိုယ်​မိဘကို​စွန့်​၍ ကိုယ်​ခင်ပွန်း​၌​မှီဝဲ​သဖြင့်၊ ထို​သူ​နှစ်ယောက်​တို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်’ ဟု ကျမ်း​ဆို​သည်ကို သင်တို့​မဖတ်ဖူး​သလော။” ယေရှု​ထပ်၍ ဤသို့​မိန့်ဆိုခဲ့သည်– “မှားယွင်း​ခြင်း​အကြောင်း​မှတစ်ပါး အခြားသော​အကြောင်း​ဖြင့် မိမိ​မယား​နှင့်​ကွာ​၍ အခြားသော​မိန်းမ​နှင့်​စုံဖက်​သော​သူသည် မိမိ​မယား [“သူ့​သား​အိမ်ရာ၊” သ​မ] ကို​ပြစ်မှား​၏။” (မဿဲ ၁၉:၄-၆၊ ၉) ဤ​အချက်​ကို​ထောက်၍ ဇနီး​တစ်ဦး​ထက်မက ပို​ယူခြင်း​သည် သူ့​သား​အိမ်ရာ​ကို ပြစ်မှားခြင်း​ပင်​ဖြစ်​ကြောင်း ထင်ရှား​သည်။

သို့​ဆိုလျှင် ရှေး​အချိန်​က မယား​အများယူ​စနစ်​ကို အဘယ်ကြောင့် ခွင့်ပြု​ရသနည်း။ အဆိုပါ​အမူအကျင့်ကို ယေဟောဝါ​အစပြု​ခဲ့​ခြင်း​မဟုတ်​ကြောင်းကို စိတ်စွဲ​မှတ်ထားပါ။ သမ္မာကျမ်းစာ​တွင် ကာဣန​မှ​ဆင်းသက်လာ​သူ လာ​မက်​အား ဇနီး​တစ်ဦး​ထက်မက​ယူ​သူ​အဖြစ် ဦးဆုံး​ဖော်ပြ​ထား​သည်။ (ကမ္ဘာဦး ၄:၁၉-၂၄) ယေဟောဝါ​သည် နောဧ​ခေတ်​၌ ရေလွှမ်းမိုး​ဘေး​ကျရောက်​စေ​ခဲ့​စဉ်​က နောဧ​နှင့် သူ၏​သား​သုံးယောက်​တို့​တွင် ဇနီး​တစ်ဦးစီ​သာ​ရှိခဲ့​ကြသည်။ မယား​ပြိုင်​ထား​သူအား​လုံး​ကို ရေလွှမ်းမိုး​ဘေး​ဖြင့် ဖျက်ဆီး​ပစ်​ခဲ့​၏။

ရာစုနှစ်​ပေါင်း​များစွာ​ကြာပြီးနောက် ဣသရေလ​လူမျိုး​ကို မိမိလူ​မျိုး​တော်​အဖြစ် ယေဟောဝါ​ရွေးချယ်​ခဲ့​ချိန်​တွင် မယား​အများယူ​သည့်​စနစ် သူတို့တွင်​ရှိ​ထား​နှင့်​ပြီ​ဖြစ်၏၊ သို့သော် ဇနီး​တစ်ဦးတည်း​ယူ​ကြသည်​က​ပို​များ​၏။ ဇနီး​တစ်ဦး​ထက်မက​ယူ​ထား​သည့်​အတွက် ကွာရှင်း​ရန် ဘုရားသခင်​မတောင်းဆို​ခဲ့​ဘဲ အဆိုပါ​အမူအကျင့်ကို တင်းကျပ်​စွာ စည်းမျဉ်း​သတ်မှတ်​ပေး​ခဲ့​သည်။—ထွက်မြောက်ရာ ၂၁:၁၀၊ ၁၁; တရားဟောရာ ၂၁:၁၅-၁၇

မယား​အများယူ​စနစ်​ကို သည်းခံ​ခွင့်ပြု​ရခြင်း​သည် တစ်ခဏမျှ​သာ​ဖြစ်​ကြောင်း အိမ်ထောင်မင်္ဂလာ​အတွက် ယေဟောဝါ​၏​မူလ​စံနှုန်း​ကို ယေရှု​ကိုးကား​ဖော်ညွှန်း​ခဲ့​ချိန်​၌​လည်းကောင်း၊ ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် မှုတ်သွင်းမှု​ဖြင့် တမန်​တော်​ပေါလု​ရေးသားသော​စာ​၌​လည်းကောင်း တွေ့မြင်​နိုင်​ပေ​သည်။ “ယောက်ျား​တိုင်း မိမိ​မယား​ရှိစေ​လော့။ မိန်းမ​တိုင်း မိမိ​လင်​ရှိစေ​လော့” ဟု ပေါလု​ဆို​၏။ (၁ ကောရိန္သု ၇:၂) ထို့​အပြင် ခရစ်ယာန်​အသင်းတော်၌ ကြီးကြပ်မှူး​တစ်ဦး သို့​မဟုတ် ဓမ္မ​အမှုထမ်း​တစ်ဦး​အဖြစ် ခန့်အပ်​ခံရ​သူ​အမျိုးသား​မှန်သမျှ​သည် “မယား​တစ်ယောက်တည်း​ရှိသောသူ” ဖြစ်​ရမည်ဟု ရေးသား​ရန် ပေါလု​မှုတ်သွင်းခံ​ခဲ့​ရသည်။—၁ တိမောသေ ၃:၂၊ ၁၂; တိတု ၁:၆

သို့​နှင့် မယား​အများယူ​စနစ်​ကို ယေဟောဝါ​သည်းခံမှု​သည် လွန်ခဲ့သော နှစ်ပေါင်း ၂,၀၀၀ ခန့်​က ခရစ်ယာန်​အသင်းတော်​တည်ထောင်​ဖွဲ့စည်းချိန်​တွင် အဆုံးသတ်​သွားလေသည်။ ထို​အချိန်တွင် အိမ်ထောင်မင်္ဂလာ​စံနှုန်း​သည် တစ်​လင်​တစ်​မယား​အဖြစ် ယောက်ျား​နှင့်​မိန်းမကို ဘုရားသခင်​စ​ဖန်ဆင်း​ခဲ့​ချိန်​က​ကဲ့သို့ အခြေ​ပြန်​ဆိုက်​သွားခဲ့​၏။ ယင်းသည် ယနေ့ ကမ္ဘာ​တစ်ဝန်းလုံး​ရှိ ဘုရားသခင့်​လူမျိုးတော်​၏ စံနှုန်း​ဖြစ်သည်။—မာကု ၁၀:၁၁၊ ၁၂; ၁ ကောရိန္သု ၆:၉၊ ၁၀