မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောသူသည် ရွှင်လန်းဝမ်းမြောက်၏

ယေဟောဝါကို မိမိဘုရားသခင်အဖြစ် ကိုးကွယ်သောသူသည် ရွှင်လန်းဝမ်းမြောက်၏

ဘဝ​အတ္ထုပ္ပတ္တိ

ယေဟောဝါ​ကို မိမိ​ဘုရားသခင်​အဖြစ် ကိုးကွယ်​သော​သူသည် ရွှင်လန်း​ဝမ်းမြောက်​၏

တောမ် ဒီ​ဒါ​ပြောပြ​သည်

မြို့တော်​ခန်းမ​ကို ငှား​ပြီးသွား​ပြီ။ ကနေဒါ​နိုင်ငံ၊ ဆက်​စ်​ခက်​ချ​ဝ​မ်​ပြည်နယ်၊ ပေါ်​က​ယူ​ပိုင်း ပ​လိ​န်း​မြို့မှာ​ကျင်းပ​မယ့် စည်းဝေးပွဲ​ကို လူ ၃၀၀ လောက်​လာ​ကြ​မယ်​လို့ မျှော်လင့်​ထား​တယ်။ ဗုဒ္ဓဟူး​နေ့မှာ နှင်း​စ​ကျ​လာပြီး သောကြာ​နေ့​လည်း​ရောက်​ရော ပ​ရေ​ရီ​နှင်း​မုန်တိုင်း​ကျ​လာလို့ ဘာမှ​မမြင်​ရတော့ဘူး။ အပူချိန်​က​လည်း အ​နုတ် ၄၀ ဒီဂရီ ဖာရင်ဟိုက်​အထိ ကျဆင်း​သွားတယ်။ ဒါ​ကြောင့် ကလေး​တချို့​အပါအဝင် နှစ်​ဆယ့်ရှစ်​ယောက်​ပဲ စည်းဝေး​တက်​ခဲ့တယ်။ အဲ့​ဒါဟာ တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် ကျွန်တော်​ရဲ့​ပထမ​ဆုံး​စည်းဝေးပွဲ​ပဲ၊ ကျွန်တော်​အရမ်း​စိုးရိမ်​ခဲ့တယ်။ အဲ့ဒီ​တုန်း​က ကျွန်တော့်​အသက် ၂၅ နှစ်ပဲ​ရှိသေးတယ်။ ဒီ​အဖြစ်အပျက်​ကို ဆက်​မပြော​ခင် ဒီ​အခွင့်ထူး​ကို ကျွန်တော်​ဘယ်လို​ရလာ​ခဲ့​တဲ့​အကြောင်း ပြောပြ​ပါ​ရစေ။

သား​ချည်း​ပဲ​ရှစ်ယောက်​ရှိတဲ့​ထဲ​က ကျွန်တော်​ဟာ ခု​နစ်​ယောက်​မြောက်​သား​ဖြစ်တယ်။ အကြီးဆုံး​က ဘီလ်၊ သူ့​နောက်​မှာ မက်ထရို၊ ဂျော်န်၊ ဖရက်​ဒ်၊ မိုက်​နဲ့ အဲလက်စ်​တို့​ဖြစ်တယ်။ ကျွန်တော်​က ၁၉၂၅ ခုနှစ်​မှာ မွေးတယ်၊ ဝေါ်လီ​က သား​အငယ်ဆုံး​ပေါ့။ မဲ​န်​နီ​ထို​ဘာ​ပြည်နယ်၊ ယူကရိန်း​နား​မြို့အနီး​မှာ ကျွန်တော့်​မိဘ၊ မိုက်ကယ်​နဲ့ အဲ​န်​နာ​ဒီ​ဒါ​တို့​ရဲ့ ခြံ​လေး​တစ်ခြံ​မှာ ကျွန်တော်​တို့​နေထိုင်ကြ​တယ်။ အဖေရဲ့​အလုပ်​က မီး​ရထား​သံ​လမ်း​ပြုပြင်​ထိန်းသိမ်း​တဲ့​အလုပ်​ဖြစ်တယ်။ လူ​သူ​ကင်းဝေး​တဲ့ မီး​ရထား​သံ​လမ်း အလုပ်သမား​တန်းလျား​မှာ မိသားစုကြီး​နဲ့​နေတာ မသင့်​တော်​လို့ ခြံ​ထဲမှာ​နေကြ​တယ်။ အိမ်မှာ​အဖေ​မရှိတာ​များ​လို့ အမေ​ပဲ ကျွန်တော်​တို့ကို ပြုစု​ပျိုးထောင်​ခဲ့တယ်။ တစ်ခါ​တ​လေ အမေက တစ်ပတ် ဒါမှ​မဟုတ် တစ်ပတ်​ကျော် အဖေနဲ့​သွား​နေတတ်တယ်၊ အဲ့ဒီ​အချိန်​မှာ ကျွန်တော်​တို့ကို ချက်ပြုတ်​တတ်​ဖို့၊ မုန့်​ဖုတ်​တတ်​ဖို့နဲ့ အိမ်​အလုပ်တွေ​လုပ်တတ်​ဖို့ အမေ​သင်​ထား​ပေး​တယ်။ နောက်တော့ ကျွန်တော်​တို့​ဟာ ဂရိ​ကက်သလစ်​တွေ​ဖြစ်​လို့ အမေက ဆုတောင်း​စာ​တွေ အလွတ်ကျက်​ခိုင်းတယ်၊ တခြား​ဘာသာရေး​ထုံးတမ်း​တွေ​ကိုလည်း ငယ်ငယ်​လေး​ထဲ​က သင်​ထား​ပေး​တယ်။

ကျမ်းစာ​အမှန်တရား​နဲ့ ထိတွေ့​လာ

လူငယ်​ဘဝက​စပြီး ကျွန်တော် ကျမ်းစာ​ကို နားလည်​ချင်စိတ်​ပေါ်လာ​တယ်။ ယေဟောဝါသက်သေ​တစ်ယောက်​ဖြစ်​တဲ့ အိမ်နီးချင်း​တစ်ယောက်​က ကျွန်တော်​တို့​မိသားစု​ဆီ မှန်မှန်​လာပြီး ဘုရားသခင့်​နိုင်ငံတော်၊ အာမဂေဒုန်​နဲ့ ကမ္ဘာသစ်​မှာ​ရမယ့်​ကောင်းချီး​တွေ​အကြောင်း ကျမ်းစာ​ကနေ​ဖတ်ပြ​တယ်။ သူ​ပြောပြ​တာတွေကို အမေ​လုံးဝ​စိတ်မဝင်စား​ပေမဲ့ မိုက်​နဲ့ အဲလက်စ်​က သဘောကျ​တယ်။ ဘယ်​အထိ​တောင်​လဲ​ဆိုရင် သူတို့​ကြားသိ​ထား​တာ​တွေ​ကြောင့် ဒုတိယ​ကမ္ဘာ​စစ်​အတွင်းမှာ စစ်​မ​တိုက်​လို​သူတွေ​အဖြစ် စစ်မှုထမ်း​ခြင်း​ကို ငြင်းဆို​ခဲ့​ကြတယ်။ ဒါ​ကြောင့် မိုက်​က ခဏ​တစ်​ဖြုတ် အချုပ်ချ​ခံ​ခဲ့​ရတယ်၊ အဲလက်စ်​ကြ​တော့ အွန်​တဲ​ရီယို​ပြည်နယ်​က အလုပ်ကြမ်း​စခန်း​ကို အ​ပို့​ခံ​ခဲ့​ရတယ်။ အချိန်တန်​တော့ ဖရက်​ဒ်​နဲ့ ဝေါ်လီ​တို့​လည်း အမှန်တရားကို လက်ခံကြတယ်။ ကျွန်တော့်​အစ်ကိုကြီး​သုံးယောက်​က​တော့ လက်မခံခဲ့​ကြဘူး။ အမေ​ဟာ နှစ်​အတော်ကြာ အမှန်တရားကို အတိုက်အခံလုပ်​ခဲ့​ပေမဲ့ နောက်ပိုင်း​မှာ ယေဟောဝါ​ဘက်​ရပ်တည်​လာခဲ့တဲ့​အတွက် ကျွန်တော်​တို့အားလုံး အတော်​အံ့သြ​ခဲ့တယ်။ အသက် ၈၃ နှစ်မှာ သူ​နှစ်ခြင်း​ခံ​ခဲ့တယ်။ အမေ​ဆုံး​တော့ အသက် ၉၆ နှစ်​ရှိနေပြီ။ အဖေ​လည်း​ပဲ မဆုံး​ခင်​မှာ အမှန်တရားကို ကြိုက်​နှစ်သက်​သွားတယ်။

အသက် ၁၇ နှစ်မှာ အလုပ်ရှာ​ဖို့၊ ကျမ်းစာ​သင်ပေး​နိုင်​မယ့်​သူတွေနဲ့ ပေါင်းသင်း​ဖို့ ဝင်​နီ​ပက်​ခ်​မြို့ကို ကျွန်တော်​ထွက်​လာခဲ့တယ်။ အဲဒီ​အချိန်တုန်းက ယေဟောဝါသက်သေ​တွေ​ရဲ့​အလုပ်ကို ပိတ်ပင်​ထား​ပေမဲ့ အစည်းအဝေးတွေကို သူတို့​ပုံမှန်​ကျင်းပ​ခဲ့​ကြတယ်။ ကျွန်တော်​တက်​ခဲ့​တဲ့ ပထမ​ဆုံး​စည်းဝေး​က ကိုယ်ပိုင်​အိမ်​တစ်အိမ်​မှာ​ဖြစ်တယ်။ ဂရိ​ကက်သလစ်​တစ်ယောက်​အဖြစ် ကြီးပြင်း​လာ​ခဲ့​တာ​ဆိုတော့ ကျွန်တော်​ဦးဆုံး​ကြား​ခဲ့​တာ​တွေ​ဟာ အထူးအဆန်း​တွေ​ဖြစ်တယ်။ ဒါပေမဲ့ ဓမ္မ​ဆရာ​နဲ့​အသင်းသား​အစီအစဉ်ဟာ ကျမ်းစာ​နဲ့ ဘာကြောင့်​မညီညွတ်​တဲ့​အကြောင်း၊ စစ်​ကြိုးပမ်းမှု​ကို ဓမ္မ​ဆရာ​တွေ ကောင်းချီး​ပေး​တာ​ကို ဘုရားသခင်​လက်မခံ​တဲ့​အကြောင်း​တွေ​ကို တဖြည်းဖြည်း​သဘောပေါက်​လာတယ်။ (ဟေရှာယ ၂:၄; မဿဲ ၂၃:၈-၁၀; ရောမ ၁၂:၁၇၊ ၁၈) မြေကြီး​ပရဒိသု​မှာ အသက်ရှင်နေ​ထိုင်တာ​က အဝေးကြီး​တစ်​နေရာကို ထာဝရ​သွား​နေတာ​ထက် ပို​လက်တွေ့ကျ​ပြီး ပို​အကျိုးသင့်အကြောင်းသင့်​ရှိ​ပုံ​ရတယ်။

ဒါဟာ အမှန်တရား​ပဲ​ဆိုတာ ကျွန်တော်​ယုံကြည်​စိတ်ချ​ခဲ့​တဲ့​အတွက် ယေဟောဝါ​ကို ဆက်ကပ်​အပ်နှံ​လိုက်ပြီး ၁၉၄၂ ခုနှစ်​ကျ​တော့ ဝင်​နီ​ပက်​ခ်​မြို့မှာ နှစ်ခြင်း​ခံ​ခဲ့တယ်။ ကနေဒါ​နိုင်ငံ​မှာ ယေဟောဝါသက်သေ​တွေ​ရဲ့​လုပ်ငန်း ပိတ်ပင်​ထား​တာ​ကို ၁၉၄၃ ခုနှစ်​မှာ ရုပ်သိမ်း​လိုက်လို့ ဟောပြောခြင်း​လုပ်ငန်း အရှိန်​ရလာတယ်။ ကျမ်းစာ​အမှန်တရား​လည်း ကျွန်တော့်​နှလုံး​ထဲ ပို​စွဲမြဲ​လာတယ်။ အသင်းတော်​အကြီးအကဲ​တစ်ယောက်​အဖြစ် ကျွန်တော်​အမှုထမ်းခွင့်​ရတဲ့​အပြင် လူထု​ဟောပြောချက်​တွေ​ပေး​တဲ့ ကင်ပိန်း​တွေ​မှာ​ပါဝင်ခွင့်၊ မခန့်အပ်​သေး​တဲ့ ရပ်ကွက်တွေမှာ သွား​အမှုဆောင်ခွင့်​လည်း ရရှိခဲ့တယ်။ ယူနိုက်တက်​စ​တိတ်​မှာ စည်းဝေးကြီး​တွေ​ကို သွား​တက်ရောက်​ခဲ့လို့​လည်း ကျွန်တော့်​ဝိညာဉ်​ရေး အရမ်း​တိုးတက်​လာတယ်။

ယေဟောဝါ​၏​အမှုတော်ကို တိုးချဲ့​ထမ်းဆောင်ခြင်း

၁၉၅၀ ပြည့်နှစ်​မှာ ရှေ့ဆောင်​အဖြစ်​အမှုဆောင်ဖို့ နာမည်​စာရင်း​ပေး​ခဲ့​ပြီး အဲဒီ​နှစ် ဒီဇင်ဘာ​လမှာ​ပဲ ကျွန်တော့်​ကို တိုက်နယ်​ကြီးကြပ်မှူး​အဖြစ် အမှုဆောင်ဖို့ ဖိတ်ခေါ်​ခဲ့တယ်။ အတွေ့အကြုံ​ရှိပြီး တည်ကြည်​တဲ့​ညီအစ်ကို ချာ​လီ ဟက်​ပ်​ဝါ့သ်​က တိုရွန်တို​မြို့အနီး​မှာ ကျွန်တော့်​ကို စနစ်တကျ လေ့ကျင့်ပေး​ခဲ့တယ်။ အဲ့ဒီ​အပြင် နောက်ဆုံး​အပတ်​မှာ ဝင်​နီ​ပက်​ခ်​မြို့မှာ တိုက်နယ်​လှည့်​နေတဲ့ ကျွန်တော့်​အစ်ကို အဲလက်စ်​က​ဆက်​လေ့ကျင့်ပေး​လို့ ဝမ်းသာ​ခဲ့​ရတယ်။

အစ​က​ဖော်ပြ​ခဲ့​တဲ့ ကျွန်တော့်​ရဲ့ ပထမ​ဆုံး​တိုက်နယ်​စည်းဝေးပွဲ​ကို မေ့​လို့​မရဘူး။ ဘယ်လို​ဖြစ်လာ​မယ်​ဆိုတာ​ကို ကျွန်တော်​တွေးပူ​နေ​မိတယ်။ ကျွန်တော်​တို့​ရဲ့ ခရိုင်​ကြီးကြပ်မှူး၊ ညီအစ်ကို ဂျက်​ခ် နေသန်​က ကျွန်တော်​တို့အားလုံး​ကို အလုပ်များ​များ​ပေး​ပြီး ပျော်ရွှင်မှု​ရစေ​ခဲ့တယ်။ ရှိတဲ့​လူတွေနဲ့ စည်းဝေးပွဲ​အစီအစဉ်ကို အကျဉ်း​ချုံး​ဖော်ပြ​ပေး​ခဲ့တယ်။ ကျွန်တော်​တို့တွေ​ဟာ အတွေ့အကြုံ​တွေ​ကို ပြောပြ​ကြ၊ တစ်အိမ်​မှ​တစ်အိမ်​တင်ဆက်ပုံ​တွေ လေ့ကျင့်​ကြ၊ ပြန်လည်ပတ်မှု​တွေ​လုပ်ပြ​ကြ​ပြီး အိမ်တွင်း​ကျမ်းစာ​သင်အံမှု​တွေ ဘယ်လို​ကျင်းပ​နိုင်တယ်​ဆိုတာ​ကိုလည်း သရုပ်ပြ​ပေး​ကြတယ်။ ဘုရားသခင့်​နိုင်ငံတော်​သီချင်းတွေကို​လည်း ကျွန်တော်​တို့ သီဆို​ကြတယ်။ စားစရာ​တွေ​လည်း မနည်း​ဘူး။ နှစ်နာရီ​ခြား​စီ ကော်ဖီ​နဲ့ ကိတ်မုန့်​စားသုံး​ခဲ့​ရတယ်။ ခုံတန်း​ရှည်​ပေါ်၊ စင်မြင့်​ပေါ်၊ ကြမ်းပြင်​ပေါ်​တွေ​မှာ ကျွန်တော်​တို့ အိပ်ခဲ့​ကြတယ်။ တနင်္ဂနွေ​နေ့​ကျ​တော့ နှင်း​မုန်တိုင်း​က အတော်လေး​စဲ​သွား​လို့ လူထု​ဟောပြောချက်​ပေး​တဲ့​အချိန်​မှာ ၉၆ ယောက်​တက်ရောက်​နိုင်​ခဲ့တယ်။ ခက်ခဲ​တဲ့​အခြေအနေ​တွေ​ကို ကိုင်တွယ်​ဖြေရှင်း​တတ်​ဖို့ အဲဒီ​အတွေ့အကြုံ​က သင်ပေးခဲ့တယ်။

ကျွန်တော်​တိုက်နယ်​လှည့်​ဖို့ တာဝန်ကျ​တဲ့​နောက် တစ်​နေရာ​က​တော့ အဲလ်​ဘာ​တာ​ပြည်နယ်​မြောက်ပိုင်း၊ ဗြိတိသျှ ကိုလံဘီယာ​ပြည်နယ်​နဲ့ သန်း​ခေါင်​နေ​ထွန်းလင်း​တဲ့ ယူ​ကော်​န်​ဒေသမှာ​ဖြစ်တယ်။ ဗြိတိသျှ ကိုလံဘီယာ​ပြည်နယ် ဒေါ်စဲန် ခရစ်​ခ်​မြို့ကနေ ခက်ခဲ​ကြမ်းတမ်း​တဲ့ အလာစကာ​ပြည်နယ် အဝေးပြေးလမ်း​မကြီး​အတိုင်း ယူ​ကော်​န်​ဒေသ ဝှိုက်​ဟော့စ်​မြို့​အထိ (၉၁၈ မိုင်​ကွာဝေး​တဲ့) ခရီး​သွား​ရပြီး လမ်းတစ်လျှောက် သက်သေခံဖို့ ခံနိုင်ရည်​နဲ့ သတိရှိ​ရတယ်။ နှင်း​လျှော​လမ်း​တွေ၊ ချော​ကျိ​နေတဲ့ တောင်စောင်း​တွေ​နဲ့ ဆီးနှင်း​တိုက်ခတ်​နေလို့ ဘာကိုမှ​မမြင်​ရတာဟာ တကယ့်​စိန်ခေါ်ချက်​တွေ​ပဲ။

ကမ္ဘာ့​မြောက်ဘက်​အစွန်း​ပိုင်း​ဒေသ​ကို အမှန်တရား​ထိုးဖောက်​ဝင်ရောက်​နိုင်တာ​ကို​တွေ့​ပြီး ကျွန်တော်​အံ့သြ​သွားခဲ့​ရတယ်။ တစ်ခါ​က ယူ​ကော်​န်​တယ်​ရီ​တို​ရီ​နယ်စပ်​အနား အလာစကာ​အဝေးပြေးလမ်း​မကြီး​ဘေး၊ ဗြိတိသျှ ကိုလံဘီယာ​ပြည်နယ်၊ လို​ဝါ​ရ် ပို့​စ်​ရွာအနီး​က ဆင်းရဲ​နွမ်းပါး​တဲ့ သစ်လုံး​အိမ်​လေး​တစ်အိမ်​ကို ဝေါ်လ်​တာ လျူး​ကို​ဝ​ဇ်​နဲ့​ကျွန်တော်​တို့ ရောက်သွား​တယ်။ မှိတ်​တုတ်​မှိတ်​တုတ်​အလင်းရောင်​ကို ပြတင်းပေါက်​ကနေ​မြင်ရလို့ အဲ့ဒီ​သစ်လုံး​အိမ်​လေး​ထဲမှာ တစ်ယောက်ယောက်​နေမှန်း ကျွန်တော်​တို့​သိလိုက်တယ်။ ည​ကိုး​နာရီ​လောက်​ရှိမယ်၊ ကျွန်တော်​တို့ တံခါး​ခေါက်​လိုက်​တော့ အမျိုးသား​အသံတစ်သံ​က ဝင်​ခဲ့လို့ အော်ပြော​လိုက်တယ်၊ ဒါနဲ့ ကျွန်တော်​တို့ အထဲ​ဝင်​တော့ အိပ်စင်​ပေါ်မှာ ခြေ​ဆန့်​လက်​ဆန့်​လှဲ​ပြီး ကင်းမျှော်စင်​မဂ္ဂဇင်း​ဖတ်နေ​တဲ့ အဖိုးအို​တစ်ယောက်ကို တွေ့​လိုက်​ရလို့ အံ့ဩ​သွားတယ်! တကယ်​ဆိုရင် ကျွန်တော်​တို့​ဝေ​နေတဲ့​စာစောင်​ထက် ပို​ပြီး​နောက်ဆုံး​ထုတ်​ဖြစ်​တဲ့ မဂ္ဂဇင်း​ကို သူ​ဖတ်​နေတာ။ သူ့​ချောစာ​တွေ​အားလုံး​ကို လေယာဉ်​နဲ့​ရတဲ့​အကြောင်း သူ​ရှင်းပြတယ်။ အဲဒီ​အချိန်တုန်းက ကျွန်တော်​တို့​အသင်းတော်​ကနေ ထွက်​လာတာ ရှစ်​ရက်​ကျော်​ရှိပြီ​ဆိုတော့ ကျွန်တော်​တို့​မှာ နောက်ဆုံး​ထုတ်​မဂ္ဂဇင်း​တွေ မရှိ​သေး​ဘူး။ အဲ့ဒီ​အဖိုးအို​က သူ့ကိုယ်သူ ဖရက်​ဒ် ဘာ့ဂ် ပါ​လို့ မိတ်ဆက်​တယ်၊ သူ​နှစ်စဉ်ကြေး​ယူ​ခဲ့​တာ နှစ်​တော်​တော်​ကြာ​ရှိပေမဲ့ သူ့​ဆီ​ယေဟောဝါသက်သေ​တွေ​လာတာ ဒါ​ဦးဆုံး​အကြိမ်​ပဲ​လို့​ပြောပြ​တယ်။ ဖရက်​ဒ်​က ကျွန်တော်​တို့ကို ညအိပ်​ခိုင်းတယ်။ သူနဲ့ ကျမ်းစာ​အမှန်တရားတွေကို အတော်များများ​ဆွေးနွေး​နိုင်​ခဲ့​တဲ့​အပြင် အဲ့ဒီ​ဒေသ​ကို မှန်မှန်​ဖြတ်သန်း​သွားလာ​ကြ​တဲ့ တခြား​သက်သေခံတွေ သူ့​ဆီ​သွားလည်​ပတ်​ကြဖို့ စီစဉ်​ပေး​နိုင်​ခဲ့တယ်။

တိုက်နယ်​ငယ်​သုံးခု​မှာ နှစ်​အတန်ကြာ ကျွန်တော်​လည်ပတ်​ခဲ့တယ်။ အဲ့ဒီ​တိုက်နယ်​သုံးခု​ရဲ့​အကွာအဝေး​ဟာ အရှေ့​အရပ်မှာ​ရှိတဲ့ အဲလ်​ဘာ​တာ​ပြည်နယ်၊ ဂ​ရန် ပ​ရေ​ရီ​မြို့ကနေ အနောက်​အရပ်မှာ​ရှိတဲ့ အလာစကာ​ပြည်နယ်၊ ကို​ဒီ​အက်​ခ်​မြို့​အထိ မိုင်​ပေါင်း ၂,၂၀၀ ကျော်​ကျယ်ပြန့်​တယ်။

ဘယ်လောက်​ပဲ​ဝေးဝေး ယေဟောဝါ​ရဲ့ မခံစားထိုက်​တဲ့​သနား​ကြင်နာ​မှု​ဟာ လူတိုင်း​အတွက်​ဖြစ်​ပြီး ထာဝရ​အသက်​ရ​လို​သူတွေရဲ့ စိတ်နှလုံး​ကို ဘုရားသခင်​ရဲ့​ဝိညာဉ်​တော်​က လှုံ့ဆော်ပေး​နိုင်တယ်​ဆိုတာ ကျွန်တော်​ဝမ်းသာ​အားရ​တွေ့ခဲ့​ရတယ်။ အဲ့ဒီ​လူတွေထဲက​တစ်ယောက်​က​တော့ ဒေါ်စဲန်​လို့ အခု​ခေါ်​တဲ့ ယူ​ကော်​န်​ပြည်နယ်၊ ဒေါ်စဲန်​မြို့က ဟင်နရီ လီ​ပိုင်း​ဖြစ်တယ်။ ဟင်နရီ​က တကယ်​ခေါင်​တဲ့​နေရာမှာ​နေတာ။ တကယ်တော့ ရွှေ​တွင်း​တူး​တဲ့​ဒေသက​နေ သူ​ဘယ်​မှ​မ​ရောက်​တာ အနှစ် ၆၀ ကျော်​ပြီ။ ဒါတောင်မှ အသင်းတော်​အစည်းအဝေး​တစ်ခု​မှ မ​တက်​ဖူး​ခဲ့​တဲ့​သူကို တိုက်နယ်​စည်းဝေးပွဲ​တက်​ဖို့ မိုင် ၁,၀၀၀ ကျော်​ဝေး​တဲ့ အန်း​ခရစ်​ခ်ျ​မြို့ကို​သွားဖို့ ဒီ​အသက် ၈၄ နှစ်​ရှိတဲ့​အဖိုးအို​ကို ယေဟောဝါ​ရဲ့ ဝိညာဉ်​တော်​က လှုံ့ဆော်ပေး​ခဲ့တယ်။ စည်းဝေး​အစီအစဉ်ကို သူ​အရမ်း​အားရ​ပြီး ပေါင်းသင်းမှု​ကြောင့်​လည်း သူ​အရမ်းပျော်​ခဲ့တယ်။ ဒေါ်စဲန်​မြို့ကို​သူ​ပြန်သွား​ပြီး သေ​တဲ့​အထိ ဟင်နရီ​သစ္စာ​တည်ကြည်​ခဲ့တယ်။ ဟင်နရီ​ကို​သိကျွမ်းတဲ့​လူတွေက ဒီလောက်​ဝေး​တဲ့​ခရီး​ကို ဒီ​အဖိုးအို​ကြီး ဘာကြောင့်​သွား​ရတာလဲ​ဆိုတာ သိချင်​ခဲ့​ကြတယ်။ အဲ့​လို​စပ်စု​ကြ​လို့ လူကြီး​တချို့ အမှန်တရား​လက်ခံ​လာ​ခဲ့​ကြတယ်။ ဒီလိုနဲ့ ဟင်နရီ​ဟာ သွယ်ဝိုက်​တဲ့​နည်းနဲ့ ကောင်းကောင်း သက်သေ​ခံနိုင်​ခဲ့တယ်။

ယေဟောဝါ​ရဲ့ မခံစားထိုက်​တဲ့​ကြင်နာ​မှု​ကို​ရရှိခဲ့

၁၉၅၅ ခုနှစ်​မှာ ဂိလဒ်​ကင်းမျှော်စင်​ကျမ်းစာ​ကျောင်း​ရဲ့ ၂၆ ကြိမ်​မြောက်​သင်တန်းတက်​ဖို့ ဖိတ်ခေါ်​ခံရ​လို့ ကျွန်တော်​ဝမ်းသာ​ခဲ့​ရတယ်။ ဒီ​သင်တန်း​က ကျွန်တော့်​ရဲ့ ယုံကြည်ခြင်းကို ပို​ခိုင်ခံ့​စေပြီး ယေဟောဝါ​ဆီ​ပို​ချဉ်းကပ်​စေ​ခဲ့တယ်။ သင်တန်းဆင်း​ပြီး​နောက် ကနေဒါ​နိုင်ငံ​မှာပဲ တိုက်နယ်​လှည့်​ဖို့ တာဝန်​ရတယ်။

တစ်နှစ်​လောက် အွန်​တဲ​ရီယို​ပြည်နယ်​မှာ နယ်လှည့်​ခဲ့တယ်။ အဲဒီနောက် သာယာ​လှပတဲ့ အလာစကာ​ပြည်နယ်​မြောက်ဘက်မှာ ပြန်တာ​ဝန်​ကျ​တယ်။ တ​လက်​လက်​တောက်ပ​ကြည်လင်​တဲ့ ရေအိုင်​တွေ​ဘေး​က ဖြတ်သန်း​သွားတဲ့ လမ်းမကြီး​တွေ​အတိုင်း​သွား​ရင်း တွေ့ရ​တဲ့​ရှုခင်း​အလှ​တွေ၊ ဆီးနှင်း​တွေ​ဖုံးလွှမ်း​နေတဲ့ တောင်တန်း​တွေ​ပေါ်​တက်​ခဲ့​ရတာတွေကို အခုထိ​မြင်ယောင်​နေတုန်းပဲ။ နွေ​ရာသီမှာ​ဆိုရင် တောင်ကြား​တွေ​နဲ့ မြက်ခင်းပြင်​တွေ​ဟာ ရောင်စုံ​တောပန်း​တွေ​နဲ့ အသက်ရှူ​မှား​လောက်​အောင် လှပတဲ့​ကော်ဇော​ကြီး​ဖြစ်သွား​တယ်။ လေ​က သန့်ရှင်း​လတ်ဆတ်​ပြီး ရေ​က​လည်း ကြည်လင်​နေတာပဲ။ ဝက်ဝံ​တွေ၊ ဝံပုလွေ​တွေ၊ ဆ​တ်​ချို​ပြား၊ ကယ်​ရီ​ဘူး သမင်​ကြီး​တွေ​နဲ့ တခြား​တောရိုင်း​တိရစ္ဆာန်​တွေ​ဟာ သူတို့ရဲ့ သဘာဝ​အလေ့အထ​အတိုင်း အေးဆေး​ငြိမ်သက်​စွာ လှည့်လည်​သွားလာ​နေကြ​တယ်။

အလာစကာ​ပြည်နယ်​မှာ ရာသီဥတု​အပြောင်းအလဲ​သာမက ခရီး​ဝေးလွန်း​တဲ့​အတွက် စိန်ခေါ်ချက်​တွေ​တော့ ရင်ဆိုင်​ရတယ်။ ကျွန်တော့်​ရဲ့ တိုက်နယ်​က အရှေ့ဘက်ကနေ အနောက်ဘက်​အထိ မိုင်​ပေါင်း ၂,၀၀၀ ကွာဝေး​တာ။ အဲဒီတုန်းက တိုက်နယ်​ကြီးကြပ်မှူး​အတွက် ကား​ပေး​သုံးတဲ့​အစီအစဉ်​မရှိခဲ့ဘူး။ ဒေသခံ​ညီအစ်ကို​တွေ​က​ပဲ အသင်းတော်​တစ်ခု​ကနေ နောက်တစ်ခု​ကို ကား​နဲ့​ပို့ပေး​ခဲ့​ကြ​တာ။ ဒါပေမဲ့ တစ်ခါ​တ​လေ ကုန်တင်​ယာဉ်​တွေ၊ ဒါမှ​မဟုတ် နယ်လှည့်​ခရီးသည်​တွေ​နဲ့ ကား​ကြုံ​တောင်​စီး​ခဲ့​ရတယ်။

တစ်ခါ​က အလာစကာ​အဝေးပြေးလမ်း​မကြီး​ပေါ်မှာ​ရှိတဲ့ အလာစကာ​ပြည်နယ်၊ တွတ်ခ်​လမ်းဆုံ​နဲ့ မိုင်​တိုင် ၁၂၀၂၊ ဒါမှ​မဟုတ် စကော့​တီ​ခရစ်​နယ်မြေ​ကြား​မှာ ဒီလို​ဖြစ်ပျက်​ခဲ့တယ်။ အဲ့ဒီ​နှစ်​နေရာမှာ​ရှိတဲ့ အကောက်​ခွန်​ရုံး​နှစ်​ရုံး​က မိုင် ၁၀၀ လောက်​ဝေးတယ်။ တွတ်ခ်​လမ်းဆုံ​က ယူနိုက်တက်​စ​တိတ်​အကောက်​ခွန်​ရုံး​ကနေ မိုင် ၃၀ လောက်​ပဲ​ကား​ကြုံ​စီး​ခဲ့​ရတယ်။ အဲဒီနောက် ကား​တစ်စီး​မှ​မလာ​လို့ ၁၀ နာရီ​ကြာ​လောက် လမ်းလျှောက်​လာ​ခဲ့​တာ ၂၅ မိုင်ကျော်ကျော်​ပဲ လျှောက်​နိုင်တယ်။ နောက်ပိုင်း​မှ ကျွန်တော်​သတင်းရ​တာ​က အကောက်​ခွန်​ရုံး​ကနေ ကျွန်တော်​ထွက်​လာပြီး မကြာခင်​မှာ အကောက်​ခွန်​ရုံး​လမ်းကူး​နဲ့ မ​နီး​မ​ဝေး​မှာ ဆီးနှင်း​ပြို​လို့ လမ်းကြော​တစ်လျှောက် ယာဉ်​သွား​ယာဉ်​လာ​အားလုံး ခဏ​ရပ်ဆိုင်း​ထား​ရတယ်လို့ သိလိုက်​ရတယ်။ ညသန်းခေါင်​ကျ​တော့ အပူချိန်​ဟာ အ​နုတ် ၁၀ ဒီဂရီ ဖာရင်ဟိုက်​လောက်​ကျ​သွားတယ်၊ အဲ့ဒီ​အချိန်​မှာ အနီးဆုံး​နားခို​မယ့်​နေရာ​ရောက်​ဖို့ မိုင် ၅၀ ဆက်သွား​ဖို့​လို​နေ​သေး​တယ်။ ကျွန်တော်​အနားယူ​နိုင်​မယ့် နေရာ​တစ်​နေရာ​ရောက်​ဖို့ အရေးတကြီး​လိုအပ်​နေတယ်။

ထော့​နဲ့​ထော့​နဲ့​နဲ့ ကျွန်တော်​ဆက်လျှောက်​လာ​ရင်း လမ်းဘေး​မှာ နှင်းဖုံး​နေတဲ့ စွန့်ပစ်​ထား​တဲ့​ကား​တစ်စီး​ကို တွေ့​လိုက်တယ်။ ကား​ထဲ​ဝင်ပြီး ကူ​ရှင်​ပေါ်မှာ​သာ အိပ်​လိုက်ရ​ရင် တစ်ည​တော့ အ​ချမ်းသက်သာ​မယ်​လို့​တွေးမိ​တယ်။ ဆီးနှင်း​တွေ​ကို​ကြိုးစား​ဖယ်​ပြီး ကား​တံခါး​ကို​ဖွင့်လိုက်​တဲ့​အခါ အတွင်း​ကူ​ရှင်​တွေ ဖယ်ရှား​ထား​တဲ့ သတ္တု​ကား​အလွတ်​ကြီး​ဖြစ်နေ​တယ်။ ခဏ​ဆက်လျှောက်​သွားတော့ လူ​မနေတဲ့ သစ်လုံး​အိမ်တစ်လုံး တွေ့​လိုက်လို့ ဝမ်းသာ​လိုက်တာ။ အိမ်ထဲ​ကို ခက်ခက်ခဲခဲ​ဝင်၊ မီး​မွှေး​လိုက်ပြီး​နောက် ခဏလောက် အနားယူ​နိုင်​ခဲ့တယ်။ မနက်​ကျ​တော့ နောက်​တည်းခို​စခန်း​တစ်ခု​အထိ ကား​ကြုံ​စီး​နိုင်​လို့ အဲဒီမှာ အစာ​နည်းနည်း​စား​ပြီး စုတ်ပြတ်​ပေါက်​ပြဲ​နေတဲ့ လက်ချောင်း​တွေ​ကို ဆေး​ထည့်​ပတ်တီး​စီး​နိုင်​ခဲ့တယ်။

မြောက်ပိုင်း​တွင် ယေဟောဝါ​တိုးတက်စေ​ခဲ့

ဖဲ​ဘ​န့်ခ်စ်​မြို့ကို ကျွန်တော်​ပထမ​ဆုံး ရောက်​ခဲ့​တဲ့​အချိန်​ဟာ တကယ်​အားရစရာ​ပဲ။ ခရစ်ယာန်​ဓမ္မ​အမှုမှာ အတော်​အောင်​မြင်ခဲ့​ပြီး အဲ့ဒီ​တနင်္ဂနွေ​နေ့ လူထု​ဟောပြောချက်ကို လူ ၅၀ လောက် လာ​နားထောင်တယ်။ ဗာနာ​နဲ့ လော်​ရဲ​န် ဒေးဗစ်​တို့​နေတဲ့ ခရစ်ယာန်​သာသနာပြု​အိမ်​လေးမှာ ကျွန်တော်​တို့ အစည်းအဝေး​ကျင်းပ​ခဲ့​ကြတယ်။ ဟောပြောချက်ကို​ကြား​နိုင်​ဖို့ လူတွေဟာ မီးဖိုဆောင်၊ အိပ်ခန်း​နဲ့ စင်္ကြံ​လမ်း​တွေ​ကနေ ခေါင်း​ပြူ​ပြီး နားထောင်​ခဲ့​ကြရတယ်။ တုံ့ပြန်မှု​ဒီလောက်​ကောင်း​တဲ့​အတွက် ဖဲ​ဘ​န့်ခ်စ်​မြို့မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​ရှိရင် ဟောပြောခြင်း​လုပ်ငန်း​ကို အတည်တကျ​လုပ်နိုင်မှာ​ပဲ​ဆိုတာ ကျွန်တော်​တို့​သိ​သွားတယ်။ ဒါ​ကြောင့် ယေဟောဝါ​ရဲ့​အကူအညီ​နဲ့ ကပွဲ​ရုံ​ဟောင်း​တစ်ခု​ဖြစ်​တဲ့ အဆောက်အအုံ​ကြီး​တစ်ခု​ကို​ဝယ်​လိုက်ပြီး သင့်တော်​တဲ့​မြေကွက်​တစ်​ကွက်​ကို ရွှေ့​ဆောက်​ခဲ့တယ်။ ရေ​တုံ​ကင်​တစ်ခု တူး​ထားပြီး အိမ်သာ​ခန်း​တွေ​နဲ့ အပူ​ပေး​စနစ်​တွေ​ကိုလည်း တပ်ဆင်​လိုက်တယ်။ တစ်နှစ်​အတွင်းမှာပဲ ဖဲ​ဘ​န့်ခ်စ်​မြို့မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​တစ်ခု​အဖြစ် အသုံးပြုနိုင်​တဲ့ နေရာ​တစ်​နေရာ​ရှိ​လာတယ်။ မီးဖိုဆောင်​တစ်ဆောင် ထပ်​ဆောက်​ပြီး​တဲ့​နောက် အဲဒီ​ခန်းမ​ကို ၁၉၅၈ ခုနှစ်​မှာ ခရိုင်​စည်းဝေးကြီး​အတွက် အသုံးပြုခဲ့တယ်၊ တက်ရောက်သူ​ပေါင်း ၃၃၀ ရှိခဲ့တယ်။

၁၉၆၀ ပြည့်နှစ် နွေ​ရာသီမှာ၊ ယူနိုက်တက်​စ​တိတ်​နဲ့ ကနေဒါ​နိုင်ငံ​မှာ​ရှိတဲ့ နယ်လှည့်​ကြီးကြပ်မှူး​အားလုံး​အတွက် မွမ်းမံ​သင်တန်း​တစ်ခု​ကို​တက်​ဖို့ နယူးယောက်​မြို့၊ ယေဟောဝါသက်သေ​တွေ​ရဲ့ ကမ္ဘာ့​ဌာနချုပ်​ကို ကျွန်တော်​ကား​နဲ့ ခရီးထွက်​လာခဲ့တယ်။ ဌာနချုပ်​မှာ​ရှိနေတုန်း အလာစကာ​ပြည်နယ်​မှာ ဌာနခွဲရုံး ဖွင့်​နိုင်​ခြေ​နဲ့​ပတ်သက်ပြီး ညီအစ်ကို နေသန် နောရ်​နဲ့ တခြား​တာဝန်​ရှိ​ညီအစ်ကို​တွေ​က ကျွန်တော့်​ကို တွေ့ဆုံ​မေးမြန်းခဲ့​ကြတယ်။ လအနည်းငယ်​ကြာ​တော့ ၁၉၆၁ ခုနှစ်၊ စက်တင်ဘာ ၁ ရက်​နေ့​ကစပြီး အလာစကာ​ပြည်နယ်​မှာ ဌာနခွဲရုံး​ဖွင့်​တော့​မယ်​ဆို​တဲ့ သတင်း​ကြား​လို့ ဝမ်းသာခဲ့ကြတယ်။ ဌာနခွဲ​လုပ်ငန်း​တာဝန်​တွေ​ကို ညီအစ်ကို အင်ဒရူး ကေ. ဝ​ဂ္ဂ​နာ ထမ်းဆောင်​မယ်​လို့​သိရတယ်။ သူနဲ့ သူ့​ဇနီး ဗီရာ​တို့​ဟာ ဘ​ရွတ်​က​လင်​မှာ အနှစ် ၂၀ အမှုထမ်းခဲ့​တဲ့​အပြင် နယ်လှည့်​လုပ်ငန်းမှာလည်း အတွေ့အကြုံ​ရှိတယ်။ အလာစကာ​ဌာနခွဲရုံး ဖွင့်လိုက်​တာ ကျေးဇူး​တင်စရာ​ပဲ၊ အဲ့ဒီ​အတွက် တိုက်နယ်​ကြီးကြပ်မှူး​ရဲ့ ခရီးစဉ်​လျော့​သွားပြီး အသင်းတော်​တွေ​နဲ့ သီးခြား​ရပ်ကွက်​တွေ​ရဲ့ အထူး​လိုအပ်ချက်​တွေ​ကို ပို​အာရုံစိုက်​နိုင်​ခဲ့တယ်။

၁၉၆၂ ခုနှစ် နွေ​ရာသီဟာ မြောက်ပိုင်း​အတွက် ပျော်ရွှင်စရာ​အချိန်​ပဲ။ အဲ့ဒီ​အချိန်​မှာ အလာစကာ​ဌာနခွဲ​ကို အပ်နှံ​ခဲ့တယ်၊ နောက်တော့ အလာစကာ​ပြည်နယ်၊ ဂျူ​နို​ဆိပ်ကမ်း​မြို့မှာ ခရိုင်​စည်းဝေးကြီး ကျင်းပ​ခဲ့​ကြတယ်။ ဂျူ​နို၊ ဝှိုက်​ဟော​စ်၊ ယူ​ကော်​န်​တို့​မှာ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​အသစ်တွေ ဆောက်​လုပ်ခဲ့​ပြီး သီးခြား​အုပ်စု​အသစ် အတော်များများကို​လည်း ဖွဲ့စည်း​ပေး​နိုင်​ခဲ့တယ်။

ကနေဒါ​နိုင်ငံ​ကို​ပြန်သွား​ခဲ့

ကနေဒါ​နိုင်ငံ​က မာ​ဂ​ရီ​တာ ပက်​ထ​ရက်စ်​နဲ့ ကျွန်တော် စာ​အဆက်အသွယ်​ရှိတာ နှစ်​အတော်ကြာ​ခဲ့ပြီ။ ရီ​တာ​လို့ အများ​ခေါ်​ကြ​တဲ့ သူဟာ ၁၉၄၇ ခုနှစ်​မှာ ရှေ့ဆောင်​စ​လုပ်ခဲ့​ပြီး ၁၉၅၅ ခုနှစ်​မှာ ဂိလဒ်​ကျောင်းဆင်း​ခဲ့တယ်၊ အဲဒီနောက် ကနေဒါ​အရှေ့ပိုင်း​မှာ ရှေ့ဆောင်​နေတာ။ သူ့ကို ကျွန်တော်​လက်ထပ်ခွင့်​တောင်း​တဲ့​အခါ သူ လက်ခံခဲ့တယ်။ ၁၉၆၃၊ ဖေဖော်ဝါရီ​လမှာ ဝှိုက်​ဟောက်​စ်​မြို့မှာ ကျွန်တော်​တို့​လက်ထပ်ခဲ့​ကြတယ်။ အဲဒီ​နှစ် ဆောင်းဦး​ပိုင်း​မှာ ကျွန်တော် ကနေဒါ​အနောက်ဘက်​ပိုင်း​မှာ တိုက်နယ်​လှည့်​ဖို့ တာဝန်​ရတယ်၊ အဲဒီမှာ နောက်ထပ် ၂၅ နှစ် ပျော်ပျော်ရွှင်ရွှင် အမှုဆောင်​နိုင်​ခဲ့​ကြတယ်။

ကျန်းမာ​ရေး​ချူချာ​လာတဲ့​အတွက် ၁၉၈၈ ခုနှစ်​မှာ မဲ​န်​နီ​တို​ဘာ​ပြည်နယ်၊ ဝင်​နီ​ပက်​ဂ်​မြို့မှာ အထူး​ရှေ့ဆောင်​တာဝန်ရ​ခဲ့တယ်။ အဲ့ဒီ​တာဝန်​မှာ စည်းဝေးပွဲ​ခန်းမ​တစ်ခု​ကို ငါး​နှစ်လောက် ကြည့်ရှု​စောင့်ရှောက်​ရတဲ့ တာဝန်​လည်း​ပါဝင်​တယ်။ ပျော်စရာ​ကောင်း​တဲ့ တပည့်​ဖြစ်စေ​ခြင်း​လုပ်ငန်းမှာ ကျွန်တော်​တို့ အတတ်နိုင်ဆုံး ပါဝင်​နေကြ​တုန်း​ပဲ။ တိုက်နယ်​လှည့်​တုန်း​က တခြား​သူတွေ​အတွက် ကျမ်းစာ​သင်အံမှု အတော်များများ စ​ပေး​ခွင့်​သာ​ရခဲ့တယ်။ အခု​ဆိုရင်၊ ယေဟောဝါ​ရဲ့​မခံစားထိုက်​တဲ့ ကြင်နာ​မှု​ကြောင့် သင်အံမှု​ကို​စ​ကြ​ပြီး ဆက်ကပ်​အပ်နှံ​နှစ်ခြင်း​ခံ​တဲ့​အထိ တိုးတက်​လာတာကို မြင်ရလို့ ပျော်ရွှင်မှု​ထပ်​ရတယ်။

ယေဟောဝါ​ရဲ့​အမှုတော်ထမ်း​ဆောင်ခြင်း​ဟာ အကောင်းဆုံး​ဘဝ​လမ်းစဉ်​ပဲ​ဆိုတာ ကျွန်တော်​ယုံကြည်​စိတ်ချ​တယ်။ တကယ်​အဓိပ္ပာယ်​ရှိပြီး စိတ်​ကျေနပ်မှု​လည်း​ပေး​တယ်၊ ပြီး​တော့ ယေဟောဝါ​ကို တစ်နေ့​ထက်​တစ်နေ့ ပို​ပို​ချစ်​လာ​စေတယ်။ အဲ့​ဒါက စစ်မှန်​တဲ့​ပျော်ရွှင်မှု​ပဲ။ ဘယ်​သီအိုကရက်တစ်​တာဝန်​ပဲ​ရ​ရ၊ ဘယ်​နေရာမှာပဲ နေရ​နေရ၊ “ယေဟောဝါ​ကို မိမိ​ဘုရားသခင်​အဖြစ်​ကိုးကွယ်​သော​လူမျိုး​သည် ပျော်ရွှင်​၏” လို့​ပြော​ခဲ့​တဲ့ ဆာလံဆရာ​နဲ့ ကျွန်တော်​တို့​သဘောချင်း​တူ​နိုင်​ကြ​ပါ​တယ်။—ဆာလံ ၁၄၄:၁၅

[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]

တိုက်နယ်​လုပ်ငန်း​တွင်

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ဒေါ်စဲန်​စီးတီး​တွင်​နေထိုင်​သည့် ဟင်နရီ လီ​ပိုင်း​ထံ သွားလည်​ပတ်​ခြင်း။ ဝဲ​ဘက်မှာ ကျွန်တော်

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

အန်း​က​ရ​စ်ခ်ျ​ဆိပ်ကမ်း​မြို့ရှိ ပထမဦးဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

၁၉၉၈ ခုနှစ်​က ရီ​တာ​နှင့် ကျွန်တော်