မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါ၊ အမှန်တရား၏ ဘုရားသခင်

ယေဟောဝါ၊ အမှန်တရား၏ ဘုရားသခင်

ယေဟောဝါ၊ အမှန်တရား​၏ ဘုရားသခင်

“သစ္စာစောင့်​တော်​မူ​သော​ဘုရားသခင် [“အမှန်တရား​၏​ဘုရားသခင်၊” က​ဘ] ထာဝရ​ဘုရား ကိုယ်တော်​သည် အကျွန်ုပ်​ကို​ရွေးနုတ်​တော်​မူ . . . ၏။”—ဆာလံ ၃၁:၅

၁။ မုသာ​ဝါဒ​မရှိ​မီ​က ကောင်းကင်​နှင့် မြေကြီးပေါ်​တွင် အဘယ်​အခြေအနေ​များ​ရှိခဲ့​သနည်း။

မုသာ​ဝါဒ​မရှိသည့်​အချိန်​တစ်ချိန် ရှိခဲ့​ဖူး​ပါ​သည်။ မျက်မြင်မရ​ကောင်းကင်​အရပ်​တွင် နေထိုင်ကြ​သော စုံလင်​သည့်​ဝိညာဉ်​သတ္တဝါများ​သည် သူတို့၏​ဖန်ဆင်း​ရှင်၊ ‘အမှန်တရား​၏​ဘုရားသခင်’ ကို​အမှုထမ်းခဲ့​ကြသည်။ (ဆာလံ ၃၁:၅) မုသာ​မရှိ၊ လှည့်စားမှု လုံးဝ​မရှိခဲ့​ပေ။ ယေဟောဝါ​သည် ဟုတ်မှန်ရာ​များ​ကို ကိုယ်တော်​၏​ဝိညာဉ်​သတ္တဝါများ​အား ကြားသိ​စေ​၏။ သူတို့ကို ကိုယ်တော်​ချစ်​မြတ်နိုး​ပြီး သူတို့၏​ကောင်းကျိုး​ကို အလွန်​စိတ်ဝင်စား​တော်​မူ​သောကြောင့် ထိုသို့​ပြု​ခဲ့​ခြင်း​ဖြစ်သည်။ မြေကြီးပေါ်​၌​လည်း အလားတူ​ပင်​ဖြစ်သည်။ ယေဟောဝါ​သည် ပထမ​လူသား​မောင်နှံ​ကို​ဖန်ဆင်း​ပြီး​နောက် ကိုယ်တော်​၏ ခန့်အပ်​ခံ​လမ်းကြောင်း​မှ​တစ်ဆင့် ရှင်းလင်း၊ ရိုး​စင်း​၍ မှန်ကန်သော​နည်းဖြင့် သူတို့နှင့် အစဉ်​ဆက်သွယ်​ခဲ့​သည်။ အမှန်တကယ်​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း!

၂။ မုသာ​ဝါဒ​ကို မည်သူ​စတင်​ဖြစ်ပေါ်​စေ​ခဲ့​သနည်း၊ အဘယ်ကြောင့်​နည်း။

သို့သော် နောက်ဆုံး​တွင် ယေဟောဝါ​၏ ဝိညာဉ်​သတ္တဝါ​သား​တစ်ဦး​သည် ပြိုင်ဘက်​ဘုရား​တစ်ပါး​အနေ​နှင့် ဘုရားသခင်​အား ရဲတင်း​စွာ ဆန့်ကျင်​ခဲ့​သည်။ စာတန်​ဟူ၍ လူ​တို့​သိလာ​ကြသော ဤ​ဝိညာဉ်​သတ္တဝါ​သည် မိမိကို အခြားသူများ ဝတ်ပြု​စေရန် လိုလား​ခဲ့​သည်။ သူ၏​ရည်ရွယ်ချက် အောင်မြင်​စေဖို့ အခြား​သူများကို ထိန်းချုပ်​နိုင်​ရန် မုသာ​ကို​စတင်​ဖြစ်ပေါ်​စေ​ခဲ့​သည်။ ထိုသို့​ပြုခြင်း​အားဖြင့် သူသည် “မုသာ​စကား​၌​ကျင်လည်​သော . . . မုသာ​၏​အဘ” ဖြစ်လာ​လေ​သည်။—ယောဟန် ၈:၄၄

၃။ အာဒံ​နှင့်​ဧဝ​တို့သည် စာတန်​၏​လိမ်လည်မှု​များ​ကို မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း၊ အဘယ်​အကျိုးဆက်များ ရရှိခဲ့​သနည်း။

ပထမ​လူ​မိန်းမ ဧဝ​ကို စာတန်​က ဘုရားသခင့်​ပညတ်​ကို သူ​လျစ်လျူရှုပြီး တားမြစ်​ထားသော​အသီးကို​စား​မည်​ဆိုလျှင် သေ​မည်​မဟုတ်​ဟု မြွေ​တစ်ကောင်​အားဖြင့်​ပြော​ခဲ့​သည်။ ၎င်း​သည် မုသာ​စကား​ဖြစ်၏။ ထို့​အပြင် သူက ထို​အသီးကို​စား​လျှင် ဘုရားသခင်​ကဲ့သို့​ဖြစ်လာ​ပြီး ကောင်း​မကောင်း​သိလာ​လိမ့်​မည်​ဟု ပြော​သေး​သည်။ ထိုစကား​သည်လည်း မုသာ​ဖြစ်၏။ ဧဝ​သည် တစ်ခါမျှ​အ​လိမ်​မခံရ​ဖူး​သော်လည်း မြွေ​ပြော​သော​စကား​သည် သူ့​ခင်ပွန်း​အာဒံ​ကို ဘုရားသခင်​မိန့်တော်မူ​ခဲ့​သည့်​စကား​နှင့် မတူ​ကြောင်း သူသိ​ခဲ့​ရမည်။ သို့​တိုင် ယေဟောဝါ​ကို​မဟုတ် စာတန်​ကို သူ​ယုံကြည်ခဲ့​သည်။ ကောင်းကောင်း​လှည့်စား​ခံရ​ပြီး အသီးကို သူ​ယူ​စား​လေ​၏။ နောက်ပိုင်း​တွင် အာဒံလည်း အသီးကို​စား​ခဲ့​သည်။ (ကမ္ဘာဦး ၃:၁-၆) အာဒံသည် ဧဝ​ကဲ့သို့ လိမ်လည်​သည့်​စကား​ကို ယခင်​က တစ်ခါမျှ​မကြားခဲ့ဖူး​ချေ၊ သို့သော်လည်း သူသည် လှည့်ဖြား​ခံရ​ခြင်း​မဟုတ်ပေ။ (၁ တိမောသေ ၂:၁၄) သူ၏​လုပ်ရပ်များ​အားဖြင့် သူ့​ဖန်ဆင်း​ရှင်​ကို ငြင်းပယ်​ကြောင်း သူ​တင်ပြ​ခဲ့​သည်။ ထို​အခါ လူသား​တို့​အပေါ် ဆိုးဝါး​သော​အကျိုးဆက်များ ကျရောက်​လေ​တော့​သည်။ အာဒံ​၏​မနာခံမှုကြောင့် အပြစ်​နှင့်​သေခြင်း​တရား​အပြင် ယိုယွင်း​ဖောက်ပြန်​ခြင်း​နှင့် မရေတွက်​နိုင်သော စိတ်​ဆင်းရဲ​စ​ရာ​များ​ကို သူ၏​သားမြေး​အားလုံး ခံ​ခဲ့​ကြ​ရသည်။—ရောမ ၅:၁၂

၄။ (က) ဧဒင်ဥယျာဉ်​တွင်​ပြော​ခဲ့​သော လိမ်လည်​စကား​များ​ကား အဘယ်နည်း။ (ခ) စာတန်​၏​လှည့်စားမှု​ကို​မခံ​ရဖို့ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

မုသာ​ဝါဒ​သည်လည်း ပြန့်ပွား​ခဲ့​သည်။ ဧဒင်ဥယျာဉ်​၌​ပြော​ခဲ့​သော လိမ်လည်​စကား​များသည် ယေဟောဝါ​ကိုယ်တော်တိုင်​၏ ဖြောင့်မှန်မှု​ကို ထိပါး​ခဲ့​ကြောင်း ကျွန်ုပ်​တို့ အသိအမှတ်ပြု​ရ​ကြ​မည်။ စာတန်​က ဘုရားသခင်​သည် က​လိ​န်​ဉာဏ်​ဆင်​လျက် ပထမ​လူသား​မောင်နှံ​အား ကောင်းမွန်​ရာ​တစ်ခု​ကို မပေး​ဘဲ​ထား​သည်​ဟု အခိုင်အမာ​ဆို​ခဲ့​သည်။ ထိုသို့ လုံးဝ​မဟုတ်ပါ။ အာဒံ​နှင့်​ဧဝ​တို့သည် သူတို့၏​မနာခံမှုကြောင့် အကျိုး​မခံစား​ခဲ့​ရ​ချေ။ ယေဟောဝါ​မိန့်တော်မူ​သည့်​အတိုင်း သူတို့​သေဆုံး​ခဲ့​ကြ​ရသည်။ သို့​တိုင် ယေဟောဝါ​ကို စာတန် ဆက်​ရှုတ်ချ​ပုတ်ခတ်​ခဲ့​ရာ ရာစုနှစ်များစွာ​ကြာပြီးနောက် တမန်​တော်​ယောဟန်​က စာတန်​သည် “ဤ​လောက​တစ်နိုင်ငံ​လုံး​ကို​လှည့်ဖြား” နေကြောင်း ရေးသား​ရသည့်​အထိ​ဖြစ်​လေ​သည်။ (ဗျာ. ၁၂:၉) စာတန်​၏​လှည့်စားမှု​ကို​မခံ​ရဖို့ ယေဟောဝါ​နှင့် ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​သည် ဖြောင့်မတ်​မှန်ကန်ကြောင်း အပြည့်အဝ​ယုံကြည်​စိတ်ချ​ရ​ကြ​မည်။ ယေဟောဝါ​၌​ယုံကြည်​စိတ်ချမှု​ကို သင်​မည်သို့​ပြုစု​ပျိုးထောင်​ပြီး ကိုယ်တော်​၏​ရန်သူကြီး တိုးပွား​များပြား​စေ​ခဲ့​သော လှည့်စားမှု​နှင့် လိမ်ညာမှု​များ​ကို မခံရ​လေ​အောင် မိမိကိုယ်ကို မည်သို့​ကာကွယ်​နိုင်​သနည်း။

ယေဟောဝါ အမှန်တရားကို​သိ

၅၊ ၆။ (က) ယေဟောဝါ​၌ အဘယ်​အသိပညာ​ရှိ​သနည်း။ (ခ) ယေဟောဝါ​၏​အသိပညာနှင့် လူ့​အသိပညာကို​နှိုင်းယှဉ်လျှင် မည်သို့​ရှိ​သနည်း။

ယေဟောဝါ​သည် “အလုံးစုံ​တို့ကို . . . ဖန်ဆင်း​တော်​မူ” သော​အရှင်ဖြစ်​ကြောင်း သမ္မာကျမ်းစာ​က အမြဲ​ဖော်ပြ​သည်။ (ဧဖက် ၃:၉) ကိုယ်တော်​သည် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာ​မှ​စ၍ ထို​အရပ်​တို့​၌​ရှိသမျှ​တို့ကို ဖန်ဆင်း​တော်​မူ​သော​ဘုရားသခင်​ဖြစ်​တော်​မူ​၏။” (တမန်​တော် ၄:၂၄) ယေဟောဝါ​သည် ဖန်ဆင်း​ရှင်​ဖြစ်သော​ကြောင့် အရာခပ်သိမ်း​နှင့်​ပတ်သက်သော အမှန်တရားကို သိတော်မူ၏။ သာဓက​အနေ​နှင့်– မိမိ၏​နေအိမ်​ကို ကိုယ်တိုင်​ပုံစံ​ရေးဆွဲ​ပြီး​နောက် ပျဉ်​ချ​ပ်​တိုင်း​ကို သံ​နှင့်​စွဲ​စေသော ကိုယ်တိုင်​ဆောက်လုပ်​သူ​တစ်ဦး​ကို ကြည့်​ပါ။ ထို​သူသည် အိမ်တွင်းအိမ်ပြင်​ကို နောကျေ​အောင်​သိမည်​ဖြစ်​ပြီး အိမ်ကို​သတိပြုမိ​သူ မည်သူ​မဆို​ထက် ထို​အိမ်​အကြောင်း ပို​သိ​နားလည်​ပါ​လိမ့်​မည်။ မိမိတို့​ကိုယ်တိုင် ပုံစံ​ပြုလုပ်​ထား​ရာ​များ​ကို လူ​တို့ သိကျွမ်း​ကြသည်။ အလားတူ​ပင် ဖန်ဆင်း​ရှင်​သည် မိမိ​ဖန်ဆင်း​ထား​ရာ​မှန်သမျှကို အပ်​ကျ​မ​ပ်​ကျ​သိတော်မူ၏။

ပရောဖက်​ဟေရှာယ​သည် ယေဟောဝါ​၏​အသိပညာ​နယ်ပယ်​ကို လှပ​စွာ​ရုပ်လုံးဖော်​ခဲ့​သည်။ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ရေ​များ​ကို လက်​ဆွန်း​ဖြင့်​ခြင်​သော​သူ၊ မိုးကောင်းကင်ကို မိမိ​လက်​ဖြင့်​ထွာ​သော​သူ၊ မြေမှုန့်​ကို တင်း​တောင်း​ဖြင့်​ချင့်တွက်​သော​သူ၊ တောင်ကြီး​ကို ချိန်ခွင်​ဖြင့်​လည်းကောင်း၊ တောင်​ငယ်​ကို ကပ်​ပယ်​ဖြင့်​လည်းကောင်း ချိန်​သော​သူ​ကား အဘယ်သူ​နည်း။ ထာဝရ​ဘုရား​၏​ဝိညာဉ်​ကို အဘယ်သူ​စစ်ကြော​သနည်း။ ထို​ဘုရား[သခင်]နှင့်​တိုင်ပင်​၍ အဘယ်သူ​သည် အကြံပေး​သနည်း။ အဘယ်​သူနှင့် တိုင်ပင်​တော်​မူ​သနည်း။ ထို​ဘုရား[သခင်]ကို အဘယ်သူ​သွန်သင်​သနည်း။ ထို​ဘုရား​အား တရားလမ်း​ကို​ပြ​သော​သူ၊ ပညာ​နည်းကို​ပေး​သော​သူ၊ ဉာဏ်​လမ်းကို​ညွှန်​သော​သူ​ကား အဘယ်သူ​နည်း။” (ဟေရှာယ ၄၀:၁၂-၁၄) မှန်ပါသည်၊ ယေဟောဝါ​သည် “အသိပညာနှင့်​ပြည့်စုံသော​ဘုရား” သခင်​ဖြစ်​ပြီး “ပညာ​စုံလင်” တော်​မူ​၏။ (၁ ဓမ္မ​ရာဇဝင် ၂:၃; ယောဘ ၃၆:၄; ၃၇:၁၆) ကိုယ်တော်​နှင့်​နှိုင်းယှဉ်လျှင် ကျွန်ုပ်​တို့​မသိ​သည်​ကား များ​၏! လူသား​အပေါင်း ဆည်းပူး​ရယူ​ထားသော အထင်ကြီး​ဖွယ်​အသိပညာ အလွန်​များပြား​ကြွယ်ဝ​ပုံ​ရှိသော်လည်း ဖန်ဆင်း​ရာ​များ​ကို ကျွန်ုပ်​တို့​သိ​နားလည်​ထားမှု​သည် “[ဘုရားသခင့်] နည်းလမ်းတော်​၏ အစွန်း​အဖျား” ကို​ပင် မမီ​သေး​ချေ။ “တန်ခိုးတော်​ဆိုင်ရာ မိုးကြိုး​သံ” နှင့်​နှိုင်း​လျှင် “သိုး​သိုး​သန့်သန့် [“တီးတိုး​သံ၊” က​ဘ]” ကဲ့သို့​ဖြစ်သည်။—ယောဘ ၂၆:၁၄သမ္မာ။

၇။ ယေဟောဝါ​၏​အသိပညာနှင့်​ပတ်သက်​၍ ဒါဝိဒ် အဘယ်အရာ​အသိအမှတ်ပြု​ခဲ့​သနည်း၊ ထို့​ကြောင့် အဘယ်အရာကို ကျွန်ုပ်​တို့ အသိအမှတ်ပြု​ရမည်​နည်း။

ကျွန်ုပ်​တို့ကို ယေဟောဝါ​ဖန်ဆင်း​တော်​မူ​သောကြောင့် ကျွန်ုပ်​တို့​အကြောင်း ကိုယ်တော် အမှန်​ကောင်းစွာ​သိပါ​သည်။ ယင်းကို ဒါဝိဒ်​မင်း​အသိအမှတ်ပြု​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “အို​ထာဝရ​ဘုရား ကိုယ်တော်​သည် အကျွန်ုပ်​ကို​စစ်ကြော​၍ သိတော်မူ၏။ အကျွန်ုပ်​ထိုင်​ခြင်း၊ ထ​ခြင်း​အရာ​တို့ကို​သိတော်မူ၏။ အကျွန်ုပ်​အကြံအစည်​တို့ကို အဝေးက​ပင်​နားလည်​တော်​မူ​၏။ အကျွန်ုပ်​သွားသော​လမ်းကို​လည်းကောင်း၊ အိပ်ရာကို​လည်းကောင်း စစ်ဆေး​၍ အကျွန်ုပ်​ကျင့်​သော​အကျင့်​အလုံးစုံ​တို့ကို ကျွမ်း​တော်​မူ​၏။ အကျွန်ုပ်သည် စကား​တစ်ခွန်း​ကို​မျှ​မ​မြွက်​သော်လည်း အို​ထာဝရ​ဘုရား ကိုယ်တော်​သည် အကြွင်းမဲ့​သိတော်မူ၏။” (ဆာလံ ၁၃၉:၁-၄) လူတို့သည် လွတ်လပ်​စွာ​ရွေးချယ် ပြုလုပ်​ကြ​ကြောင်း ဒါဝိဒ်​သိထား​၏၊ ဘုရားသခင်​အား နာခံ​ဖို့၊ မနာခံဖို့ ရွေးချယ်​ပြုလုပ်နိုင်စွမ်း​ကို ကျွန်ုပ်​တို့အား ကိုယ်တော်​ပေးအပ်​ထား​၏။ (တရားဟောရာ ၃၀:၁၉၊ ၂၀; ယောရှု ၂၄:၁၅) သို့​ဖြစ်စေ​ကာ​မူ ယေဟောဝါ​သည် ကျွန်ုပ်​တို့ မိမိတို့​ကိုယ်ကို​သိ​သည်ထက် ကျွန်ုပ်​တို့ကို ကိုယ်တော်​ပို​၍​သိတော်မူ၏။ ကိုယ်တော်​သည် ကျွန်ုပ်​တို့အတွက် အကောင်းဆုံး​ဖြစ်စေ​လို​တော်​မူ​ပြီး ကျွန်ုပ်​တို့ကို လမ်းညွှန်​ပေး​နိုင်​တော်​မူ​သည်။ (ယေရမိ ၁၀:၂၃) အမှန်ဆိုလျှင် ကျွန်ုပ်​တို့ကို အမှန်တရား​သွန်သင်ပေး​ရန်၊ ဉာဏ်ပညာ​ရှိပြီး ပျော်ရွှင်မှု​ရှိစေရန် ကိုယ်တော်​ထက် အရည်အချင်း​ပြည့်မီ​သော ဆရာ၊ ပညာရှင်၊ အကြံပေး​ပုဂ္ဂိုလ် တစ်ဦး​တစ်ယောက်မျှ​မရှိ​ချေ။

ယေဟောဝါ​သည် ဖြောင့်မှန်​တော်​မူ​၏

၈။ ယေဟောဝါ​သည် ဖြောင့်မှန်​တော်​မူ​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သိရ​သနည်း။

အမှန်တရားကို​သိခြင်း​ဟူသည် မှန်ရာကို​အမြဲ​ပြောဆိုခြင်း၊ ဖြောင့်မှန်ခြင်း​နှင့်​မတူ တခြား​စီ​ဖြစ်သည်။ ဥပမာ၊ စာတန်​သည် “[အမှန်]တရား၌​မတည်​မနေ” ခဲ့​ချေ။ (ယောဟန် ၈:၄၄) ယေဟောဝါ​မူ​ကား ‘အမှန်တရား ကြွယ်ဝ​တော်’ မူ​၏။ (ထွက်မြောက်ရာ ၃၄:၆) သမ္မာကျမ်းစာ​က ယေဟောဝါ​၏​ဖြောင့်မှန်မှု​ကို တစ်သမတ်တည်း​ဖော်ပြ​သည်။ တမန်​တော်​ပေါလု​က “ဘုရားသခင်​သည် မုသာ​မ​သုံးနိုင်၊” “မုသာ​နှင့်​ကင်းစင်​တော်​မူ” ၏​ဟု​ဖော်ပြ​ခဲ့​သည်။ (ဟေဗြဲ ၆:၁၈; တိတု ၁:၁) ဖြောင့်မှန်ခြင်း​သည် ဘုရားသခင်​၏ အရေးပါသော​ဂုဏ်ရည်တော်​တစ်ခု​ဖြစ်သည်။ ယေဟောဝါ​သည် ဖြောင့်မှန်​တော်​မူ​သောကြောင့် ကိုယ်တော်​အား ကျွန်ုပ်​တို့​မှီခို​အားထား ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်; ကိုယ်တော်​သည် သစ္စာစောင့်​သူများကို ဘယ်​သောအခါ​မျှ မလှည့်စား​ချေ။

၉။ ယေဟောဝါ​၏​နာမတော်​သည် အမှန်တရား​နှင့် မည်သို့​ဆက်စပ်​လျက်​ရှိ​သနည်း။

ယေဟောဝါ​၏​နာမတော်​ကိုယ်နှိုက်​က ကိုယ်တော်​၏​ဖြောင့်မှန်ခြင်း​ကို ထင်ရှားစေ​သည်။ ဘုရားသခင့်​နာမတော်​၏​အဓိပ္ပာယ်​မှာ “ကိုယ်တော်​ဖြစ်လာ​စေ​သည်” ဖြစ်၏။ ယင်းက ယေဟောဝါ​သည် ကတိတော်​မှန်သမျှကို အဆင့်ဆင့်​ပြည့်စုံ​စေသော​သူ​ဖြစ်၏​ဟု ဖော်ပြ​သည်။ အခြား​မည်သူမျှ ထို​အနေအထား​မျိုး​မရှိပေ။ ယေဟောဝါ​သည် အမြင့်မြတ်ဆုံး​အရှင်ဖြစ်​သောကြောင့် ကိုယ်တော်​၏​ကတိတော်​များ အ​ထ​မ​မြောက်​စေရန် အဘယ်အရာကမျှ မတားဆီး​နိုင်​ချေ။ ယေဟောဝါ​သည် ဖြောင့်မှန်​ရုံ​မ​က ကိုယ်တော်​တစ်ပါး​တည်း​သာ မိန့်တော်မူ​သမျှ​ကို အကောင်အထည်​ပေါ်​စေနိုင်​သည့် တန်ခိုး​နှင့် ဉာဏ်ပညာ​ရှိ၏။

၁၀။ (က) ယေဟောဝါ​၏ ဖြောင့်မှန်မှု​ကို ယောရှု မည်သို့​တွေ့မြင်​ခဲ့​သနည်း။ (ခ) ယေဟောဝါ​၏ အဘယ်က​တိ​တော်​များ​ပြည့်စုံ​လာ​သည်ကို သင်​တွေ့မြင်​ခဲ့ပြီ​နည်း။

၁၀ ယေဟောဝါ​၏​ဖြောင့်မှန်မှု​ကို အထင်အရှား​ဖော်ပြ​သော အံ့ဖွယ်ရာများ​ကို မျက်မြင်​ကိုယ်တွေ့​ဖြစ်​ခဲ့​သူ များစွာ​အနက် တစ်ဦး​မှာ ယောရှု​ဖြစ်သည်။ အီဂျစ်​ပြည်​တွင် ယေဟောဝါ​ကြိုတင်​အသိပေး​ပြီး ကပ်ဘေး​ဆယ်ပါး​ကျရောက်​စေ​ခဲ့​ချိန်​က ယောရှု​သည် ထို​ပြည်​၌​ရှိ၏။ အခြား​ပြည့်စုံချက်​များ​အနက် ယောရှု​တွေ့ကြုံ​ခဲ့​ရသည်မှာ ဣသရေလ​လူမျိုး​ကို အီဂျစ်​ပြည်​မှ​လွတ်မြောက်​စေ​၍ သူတို့ကို​ဆန့်ကျင်​သော တန်ခိုး​ကြီး​သည့်​ခါ​နာ​န်​စစ်တပ်​ကို ချေမှုန်း​ပြီး ကတိထားရာပြည်​သို့​ပို့ဆောင်​မည်​ဟူသော ယေဟောဝါ​၏​ကတိတော်​များ ပြည့်စုံခြင်း​ပါဝင်​သည်။ ယောရှု​ကွယ်လွန်​ခါနီး​တွင် ဣသရေလ​အသက်ကြီးသူ​များ​ကို ဤသို့​ပြော​ခဲ့​သည်– “သင်တို့၏​ဘုရားသခင်​ထာဝရ​ဘုရား​သည် သင်တို့​အဖို့​မိန့်တော်မူသော ကောင်းကျိုး​တစ်စုံ​တစ်ပါး​မျှ မယုတ်​မ​လျော့၊ အကုန်အစင်​ပြည့်စုံ​ကြောင်းကို သင်တို့သည် စိတ်နှလုံး​ထဲမှာ​သိ​ကြ​၏။” (ယောရှု ၂၃:၁၄) ယောရှု​ပြုလုပ်​ခဲ့​သော​အံ့ဖွယ်အမှု​များ​ကို သင်​ကိုယ်တိုင်​မတွေ့မြင်​ခဲ့​ဖူး​သော်လည်း သင့်​ဘဝတွင် ဘုရားသခင့်​ကတိတော်​များ မှန်ကန်ကြောင်း​ကို တွေ့ကြုံ​ဖူး​သလော။

ယေဟောဝါ​သည် အမှန်တရားကို​ဖော်ပြ

၁၁။ ယေဟောဝါ​သည် လူအပေါင်း​ကို အမှန်တရား​ကြားသိ​စေ​လို​ကြောင်း အဘယ်အရာက​တင်ပြ​သနည်း။

၁၁ အသိပညာ​ကြွယ်​သော်လည်း မိမိ​သားသမီး​များနှင့် စကား​သိပ်​မပြော​သည့်​မိဘ​တစ်ဦး​ကို မြင်ယောင်​ကြည့်​ပါ။ ယေဟောဝါ​သည် ထိုသို့​မဟုတ်သောကြောင့် ကျေးဇူး​မတင်​ပေ​လော။ ကိုယ်တော်​သည် မေတ္တာဖြင့် လူ​တို့​နှင့် အမြဲ​ဆက်သွယ်​တော်​မူ​သည်။ သမ္မာကျမ်းစာ​က ကိုယ်တော်​အား ‘မဟာသွန်သင်ရှင်’ ဟု​ခေါ်ဆို​ထား​၏။ (ဟေရှာယ ၃၀:၂၀) ကိုယ်တော့်​စကား နားမထောင်​လို​သူများကို​ပင် ချစ်ခင်​ကြင်နာ​စွာ​ဖြင့် ကိုယ်တော်​ဆက်သွယ်​၏။ ဥပမာ၊ ယေဇကျေလ​၏​စကား​ကို လက်ခံ​မည်​မဟုတ်​ဟု ယေဟောဝါ​သိထား​သူများ​ထံ သွားရောက်​ဟောပြောဖို့ သူ့ကို​တာဝန်​ပေး​ခဲ့​သည်။ ယေဟောဝါ​က “အချင်း​လူသား ဣသရေလ​အမျိုးသား​တို့​ရှိရာသို့​သွား​၍ ငါ့​စကား​ကို​ဟောပြော​လော့” ဟု​မိန့်တော်မူ၏။ ထို့နောက် ဤသို့​သတိပေး​တော်​မူ​သည်– “ဣသရေလ​အမျိုး​တို့​မူ​ကား သင့်​စကား​ကို​နားမထောင်​ကြ။ ငါ့​စကား​ကို​ပင်​နားမထောင်​ကြ။ ဣသရေလ​အမျိုးသား​အပေါင်းတို့သည် ခိုင်မာ​သော​နဖူး​နှင့် ခိုင်မာ​သော​နှလုံး​ရှိကြ​၏။” ထို​တာဝန်​သည် အမှန်​ခက်ခဲ​သော​တာဝန်ဖြစ်​သော်လည်း ယေဇကျေလ​သည် တာဝန်​ကျေပွန်​စွာ​ထမ်းဆောင်​ခဲ့​၏၊ သို့ဖြင့် သူသည် ယေဟောဝါ​နည်းတူ ထောက်ထား​စာနာ​တတ်​ကြောင်း ဖော်ပြ​ခဲ့​သည်။ သင်​ဟောပြောရန် တာဝန်​ရထားသော​နေရာ​သည် ခဲယဉ်း​သဖြင့် ဘုရားသခင်​ကို မှီခို​အားထား​ပြီး တာဝန်​ဆက်​ထမ်းဆောင်​နေလျှင် ပရောဖက်​ယေဇကျေလ​ကို ကိုယ်တော်​ခွန်အား​ပေး​ခဲ့​သကဲ့သို့ သင့်ကိုလည်း အမှန်​ကူညီ​လိမ့်​မည်။—ယေဇကျေလ ၃:၄၊ ၇-၉

၁၂၊ ၁၃။ ဘုရားသခင်​သည် အဘယ်​နည်းများဖြင့် လူ​တို့​နှင့် ဆက်သွယ်​ခဲ့ပြီ​နည်း။

၁၂ “လူအပေါင်း​တို့သည် ကယ်တင်ခြင်း​သို့​ရောက်​၍ [အမှန်]တရားကို​သိစေ​ခြင်း​ငှာ” ယေဟောဝါ​အလိုရှိ​တော်​မူ​၏။ (၁ တိမောသေ ၂:၄) ကိုယ်တော်​သည် ပရောဖက်​များ၊ ကောင်းကင်တမန်​များနှင့် မိမိ​ချစ်​မြတ်နိုးသော​သား ယေရှု​ခရစ်​မှ​တစ်ဆင့် မိန့်တော်မူ​ခဲ့ပြီ။ (ဟေဗြဲ ၁:၁၊ ၂; ၂:၂) ပိလတ်​ကို ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “[အမှန်]တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။ [အမှန်]တရား​နှင့်​စပ်ဆိုင်​သမျှ​သော​သူတို့သည် ငါ့​စကား​ကို​နားထောင်​ကြသည်။” ပိလတ်​သည် ကယ်တင်ခြင်း​ရဖို့ ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​ကို ဘုရားသခင့်​သားတော်​ထံ​မှ တိုက်ရိုက်​သင်ယူ​ရန် အခွင့်ထူး​ရရှိခဲ့သည်။ သို့သော် ပိလတ်​သည် အမှန်တရား​ဘက်၌​မရှိခဲ့​ချေ၊ ယေရှု​ထံ​မှ သင်ယူ​လို​စိတ်​မရှိပါ။ ထိုသို့​သင်ယူ​မည့်​အစား “[အမှန်]တရား​ကား အဘယ်​သို့​နည်း” ဟု​မထီမဲ့မြင်​ပြု တုံ့ပြန်​ခဲ့​သည်။ (ယောဟန် ၁၈:၃၇၊ ၃၈) သူ့​အတွက်​ဝမ်းနည်းစရာ​ပါ​တကား! အခြားသူများ​မူ​ကား ယေရှု​ကြေညာ​သော​အမှန်တရားကို လက်ခံ​နားထောင်​ခဲ့​ကြသည်။ တပည့်​များ​ကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​၏– “သင်တို့​မျက်စိသည် မြင်​သောကြောင့် မင်္ဂလာ​ရှိ၏။ သင်တို့​နား​သည်လည်း ကြား​သောကြောင့် မင်္ဂလာ​ရှိ၏။”—မဿဲ ၁၃:၁၆

၁၃ ယေဟောဝါ​သည် အမှန်တရားကို ကြာရှည်​တည်ရှိ​စေရန် သမ္မာကျမ်းစာ​တွင် ထိန်းသိမ်း​ခဲ့​ပြီး အရပ်ရပ်ရှိ​လူ​တို့ ယင်းကို​သိရှိ​စေရန် စီစဉ်​ပေး​ခဲ့ပြီ။ သမ္မာကျမ်းစာ​သည် အရှိ​ကို​အရှိအတိုင်း​ဖော်ပြ​သည်။ ဘုရားသခင့်​ဂုဏ်ရည်တော်​များ၊ ရည်ရွယ်ချက်များ​နှင့် မိန့်မှာချက်​များ​ကို​သာမက လူ့​အခြေအနေ​အမှန်​ကိုလည်း ဖော်ပြ​သည်။ ယေဟောဝါ​ထံ​ဆုတောင်းရာ​တွင် ယေရှု​က “ကိုယ်တော်​၏​နှုတ်[မြွက်​စကား]သည် [အမှန်]တရား​ဖြစ်ပါ​၏” ဟု​လျှောက်ဆို​ခဲ့​သည်။ (ယောဟန် ၁၇:၁၇) ထို့​ကြောင့် သမ္မာကျမ်းစာ​သည် ပြိုင်ဘက်​ကင်း​သော စာအုပ်​တစ်အုပ်​ဖြစ်သည်။ သမ္မာကျမ်းစာ​တစ်အုပ်​တည်း​ကို​သာ အရာခပ်သိမ်း​သိတော်မူ​သော​ဘုရားသခင် မှုတ်သွင်း​ရေးသားခဲ့​သည်။ (၂ တိမောသေ ၃:၁၆) ၎င်း​သည် လူသား​အပေါင်း​အား ဘုရားသခင်​ပေး​သော အဖိုးတန်​လက်ဆောင်​ဖြစ်​ပြီး ယင်းကို ကိုယ်တော့်​ကျေးကျွန်​များ တန်ဖိုး​ထား​မြတ်နိုးကြ​သည်။ ၎င်းကို နေ့စဉ်​ဖတ်ရှုခြင်း​သည် ပညာရှိရာ​ရောက်​၏။

အမှန်တရားကို ဆုပ်ကိုင်​ထား​လော့

၁၄။ ယေဟောဝါ​ပြုလုပ်​ပေး​မည်​ဟု မိန့်မြွက်​ခဲ့​သော ကတိ​အချို့​ကား အဘယ်နည်း၊ ကိုယ်တော့်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့် ယုံကြည်​စိတ်ချ​သင့်​သနည်း။

၁၄ သမ္မာကျမ်းစာ​တွင် ယေဟောဝါ​မိန့်မှာ​ထား​သည့်​စကား​ကို ကျွန်ုပ်​တို့ အလေးအနက်​ထား​သင့်​သည်။ ကိုယ်တော်​သည် မိန့်တော်မူ​သည့်​အတိုင်း​ဖြစ်​တော်​မူ​ပြီး ပြော​သည့်​အတိုင်း ပြု​တော်​မူ​မည်။ ဘုရားသခင်​အား ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ဖို့​အကြောင်း များစွာ​ရှိသည်။ “ဘုရားသခင်​ကို​မသိသော​သူ၊ ငါ​တို့​သခင်​ယေရှု​ခရစ်​၏​ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို . . . ဒဏ်ပေး​တော်​မူ” မည်​ဟု ယေဟောဝါ​မိန့်တော်မူသော​စကား​ကို ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​နိုင်​သည်။ (၂ သက်သာလောနိတ် ၁:၈) ယေဟောဝါ​က ဖြောင့်မတ်ခြင်း​တရားလမ်း​သို့ လိုက်​သူများကို ကိုယ်တော်​ချစ်​သည်၊ ယုံကြည်​သော​သူတို့ကို ထာဝရ​အသက်ပေး​မည်၊ နာကျင်မှု၊ အော်ဟစ်​ခြင်း​နှင့် သေခြင်းကို​ပင် ဖယ်ရှားပစ်​မည်​ဟု​ဆို​သောအခါ ကိုယ်တော့်​ကို ယုံကြည်​စိတ်ချ​နိုင်​ပါ​သည်။ အဆိုပါ​နောက်ဆုံး​ကတိတော်​ကို ယုံကြည်​စိတ်ချ​စေရန် ယေဟောဝါ​က “တစ်ဖန်​တုံ ရေးထား​လော့။ ဤ​စကား​သည် သစ္စာ​စကား၊ ဟုတ်မှန်​သော​စကား​ဖြစ်၏” ဟူသော​ညွှန်ကြားချက်​ကို တမန်​တော်​ယောဟန်​အား အလေးအနက်​မိန့်ဆိုခဲ့သည်။—ဗျာ. ၂၁:၄၊ ၅; သု. ၁၅:၉; ယောဟန် ၃:၃၆

၁၅။ စာတန်​မြေ​တောင်​မြှောက်​ပေး​သော မုသာ​စကား​အချို့​ကား အဘယ်နည်း။

၁၅ စာတန်​သည် ယေဟောဝါ​နှင့် လုံးဝ​ဆန့်ကျင်​သည်။ သူသည် လူ​တို့ကို ဉာဏ်​အလင်း​ပေး​မည့်​အစား လှည့်ဖြား​၏။ စစ်မှန်သော​ဝတ်ပြုရေး​မှ လူ​တို့​လမ်းလွဲ​သွားစေရန် စာတန်​သည် မုသာ​စကား​များစွာကို မြေ​တောင်​မြှောက်​ပေး​သည်။ ဥပမာ၊ ဘုရားသခင်​သည် အလွန်​စိမ်းကား​ပြီး မြေကြီးသား​တို့၏​ဆင်းရဲမှု​များ​ကို အမှု​မထား​ပါ​ဟု ကျွန်ုပ်​တို့ကို စာတန်​ယူမှတ်​စေ​လို​သည်။ အမှန်​မှာ၊ သမ္မာကျမ်းစာ​က ယေဟောဝါ​သည် ကိုယ်တော်​၏​ဖန်ဆင်း​ရာ​များ​ကို အလွန်​ဂရုစိုက်​တော်​မူ​ပြီး ဆိုးသွမ်းမှု​နှင့် ဆင်းရဲခြင်း​ဝေဒနာ​များ ရှိသည့်​အတွက် အလွန်​ဝမ်းနည်း​ကြောင်း​ဖော်ပြ​သည်။ (တမန်​တော် ၁၇:၂၄-၃၀) ထို့​အပြင် ဝိညာဉ်​ရေးရာ​များ​ကို လိုက်စားခြင်း​သည် အချိန်ဖြုန်း​ခြင်း​သက်​သက်​ဖြစ်သည်ဟု လူ​တို့ကို စာတန် ယူမှတ်​စေ​လို​သည်။ သို့သော် သမ္မာကျမ်းစာ​က “သင်တို့​လုပ်ဆောင်​သော​အလုပ်​မှ​စ၍ . . . နာမတော်​ကို​ထောက်၍ ပြ​သော​မေတ္တာကိုလည်း​ကောင်း ဘုရားသခင်​သည်​မေ့လျော့​ရအောင် မတရားသော​အရှင်ဖြစ်​တော်​မူ​သည်မဟုတ်” ဟု ကျွန်ုပ်​တို့ကို​စိတ်ချ​စေ​သည်။ ထို့​အပြင် “ကိုယ်တော်​ကို​ကြိုး​စား၍​ရှာ​သော​သူအား အကျိုးပေး​တော်​မူ” ၏​ဟူ၍လည်း ရှင်းလင်းစွာ​ဖော်ပြ​ထား​သည်။—ဟေဗြဲ ၆:၁၀; ၁၁:၆သမ္မာ။

၁၆။ ခရစ်ယာန်​များသည် အဘယ်ကြောင့် နိုးနိုးကြားကြား​ရှိပြီး အမှန်တရားကို​ဆုပ်ကိုင်​ထား​ကြ​ရမည်​နည်း။

၁၆ စာတန်​နှင့်​ပတ်သက်​၍ တမန်​တော်​ပေါလု ဤသို့​ရေးသားခဲ့​သည်– ‘ထိုသို့​မယုံကြည်​သော​သူတို့​ကား၊ ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​တည်း​ဟူသော ခရစ်တော်​၏​ဘုန်း​အသရေ​နှင့်​ပြည့်စုံသော ဧဝံဂေလိတရား​၏​အရောင်​သည် အလင်း​ကို​မပေး​စေခြင်း​ငှာ ဤ​လောကကို​အစိုးရ​သော​ဘုရားသခင်​သည် သူတို့၏​ဉာဏ်​မျက်စိ​ကို​ကွယ်​စေ​၏။’ (၂ ကောရိန္သု ၄:၄) ဧဝ​နည်းတူ အချို့​တို့သည် စာတန်​၏​လှည့်စားခြင်း​ကို ကောင်းကောင်း​ခံ​လိုက်ရ​ကြသည်။ အခြားသူများ​မှာ​မူ လှည့်စား​မခံရ​သော်လည်း မနာခံမှု​လမ်းစဉ်​ကို တမင်​ရွေးချယ်​ခဲ့​သူ အာဒံ​၏​လမ်းစဉ်​ကို လိုက်ခဲ့​ကြ​၏။ (ယုဒ ၅၊ ၁၁) ထို့​ကြောင့် ခရစ်ယာန်​များသည် နိုးနိုးကြားကြား​ရှိပြီး အမှန်တရားကို​ဆုပ်ကိုင်​ထား​ဖို့ အရေးကြီး​သည်။

“ဟန်ဆောင်ခြင်း​ကင်း​သော ယုံကြည်ခြင်း” ရှိဖို့ ယေဟောဝါ​တောင်းဆို

၁၇။ ဘုရားသခင့်​မျက်နှာသာတော်​ရရှိဖို့ ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရမည်​နည်း။

၁၇ ယေဟောဝါ​၏​နည်းလမ်းတော်​ရှိသမျှသည် ဟုတ်မှန်​သည်​ဖြစ်​ရာ မိမိ​အား ဝတ်ပြု​ကိုးကွယ်​သူများ​လည်း ဟုတ်​တိုင်း​မှန်ရာ​ဖြစ်​ဖို့ ကိုယ်တော်​မျှော်လင့်​သည်။ ဆာလံဆရာ​က ဤသို့​ရေးသားခဲ့​သည်– ‘အို​ထာဝရ​ဘုရားသခင် တဲ​တော်​၌ အဘယ်သူ​သည် တည်း​ရ​ပါ​မည်​နည်း။ သန့်ရှင်းသော​တောင်တော်​ပေါ်မှာ အဘယ်သူ​သည် နေရ​ပါ​မည်​နည်း​ဟူ​မူ​ကား၊ ဖြောင့်မတ်​သော​အကျင့်၊ တရားသော​အမှုကိုပြု​ကျင့်​၍ သစ္စာ​စကား​ကို စိတ်နှလုံး​ပါ​လျက်​ပြော . . . သော​သူ​ပေ​တည်း။’ (ဆာလံ ၁၅:၁-၅) ထိုသို့​သီဆို​ခဲ့​ကြသော​ဂျူး​များသည် ယေဟောဝါ​၏ သန့်ရှင်းသော​တောင်တော်​အကြောင်း ကြား​သည့်​အခါ ဇိအုန်​တောင်​ကို သတိရ​ကြ​မည်​မှာ သေချာ​သည်၊ ထို​အရပ်​တွင် ဒါဝိဒ်​မင်း​သည် တဲ​တော်​ဆောက်​လုပ်ခဲ့​ပြီး ထို​တဲ​တော်​သို့ ပဋိညာဉ်သေတ္တာ​ကို ယူဆောင်​ခဲ့​၏။ (၂ ဓမ္မ​ရာဇဝင် ၆:၁၂၊ ၁၇) ထို​တောင်တော်​နှင့် တဲ​တော်​က ပုံဆောင်​သဘောဖြင့် ယေဟောဝါ​စံတော်မူ​သည့်​နေရာကို သတိ​ရစေသည်။ ထို​နေရာတွင် ဘုရားသခင့်​မျက်နှာသာတော်​ကို တောင်းခံ​ဖို့ ကိုယ်တော့်​ထံ လူ​တို့​ချဉ်းကပ်​နိုင်​ခဲ့​ကြသည်။

၁၈။ (က) ဘုရားသခင်​နှင့်​မိတ်ဆွေ​ဖြစ်​ဖို့ အဘယ်အရာ​လိုအပ်​သနည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း​ဆွေးနွေး​မည်​နည်း။

၁၈ ယေဟောဝါ​၏​မိတ်ဆွေ​ဖြစ်​လို​သူ မည်သူ​မဆို​သည် အမှန်တရားကို နှုတ်ခမ်း​ဖျား​နှင့်​သာ​မဟုတ်ဘဲ “နှလုံး​ပါ​လျက်” ပြောဆို​ရမည်။ ဘုရားသခင့်​မိတ်ဆွေစစ်​များသည် နှလုံး​ရိုး​ဖြောင့်​ပြီး “ဟန်ဆောင်ခြင်း​ကင်း​သော ယုံကြည်ခြင်း” ကို​ထင်ရှားပြ​ရမည်၊ အကြောင်း​မှာ မှန်ကန်​သည့်​လုပ်ရပ်များ​သည် နှလုံး​ထဲ​မှ​ဖြစ်ပေါ်​လာသော​ကြောင့်​တည်း။ (၁ တိမောသေ ၁:၅သမ္မာ; မဿဲ ၁၂:၃၄၊ ၃၅) “လှည့်စား​တတ်သော​သူတို့ကို ထာဝရ​ဘုရား​စက်ဆုပ်​ရွံရှာ” သောကြောင့် ဘုရားသခင့်​မိတ်ဆွေ​တစ်ဦး​သည် က​လိမ်​မကျ၊ မလှည့်စား​တတ်​ချေ။ (ဆာလံ ၅:၆) ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များသည် သူတို့၏​ဘုရားသခင်​ကို​တုပ​သည့်​အနေ​ဖြင့် ဟုတ်​တိုင်း​မှန်ရာ​ပြောဆို​ပြုမူ​ဖို့ ကြိုးစား​အားထုတ်​ကြသည်။ ဤ​အကြောင်းကို နောက်​ဆောင်းပါး​၌ ဆွေးနွေး​ပါ​မည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​သည် အရာခပ်သိမ်း​နှင့်​ပတ်သက်သော အမှန်တရားကို အဘယ်ကြောင့်​သိတော်မူ​သနည်း။

• ယေဟောဝါ​သည် ဖြောင့်မှန်​တော်​မူ​ကြောင်း အဘယ်အရာက တင်ပြ​သနည်း။

• အမှန်တရားကို ယေဟောဝါ​မည်သို့​ဖော်ပြ​ခဲ့ပြီ​နည်း။

• အမှန်တရား​နှင့်​စပ်လျဉ်း၍ ကျွန်ုပ်​တို့သည် အဘယ်အရာ​လိုအပ်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

အမှန်တရား​၏​ဘုရားသခင်​သည် မိမိ​ဖန်ဆင်း​ထား​ရာ​မှန်သမျှ အကြောင်းကို သိတော်မူ၏

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​ကတိတော်​များ အမှန်​ဖြစ်ပျက်​လာ​ပါ​လိမ့်​မည်