မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လိမ္မာပါးနပ်ခြင်း အတတ်ကို သင်ယူခြင်း

လိမ္မာပါးနပ်ခြင်း အတတ်ကို သင်ယူခြင်း

လိမ္မာ​ပါးနပ်​ခြင်း အတတ်ကို သင်ယူခြင်း

ပက်​ဂီ​သည် သူ၏​သားက ညီ​ငယ်​အား မညှာမတာ စကားပြော​ဆို​နေသည်​ကို တွေ့​မိ​လိုက်​သည်။ “ညီလေး​ကို အဲလို​ပြော​လိုက်တာ အကောင်းဆုံးနည်းပဲလို့​ထင်​သလား။ ကြည့်၊ သူ့​ခမျာ​ဝမ်းနည်း​သွားပြီ!” ဟု​ပက်​ဂီ​ပြောလိုက်​သည်။ ထိုသို့ သူ အဘယ်ကြောင့်​ပြော​ရသနည်း။ စကား​အပြောအဆို​လိမ္မာ​ဖို့​နှင့် သူတစ်ပါး​၏​ခံစားချက်​ကို ထောက်ထား​စာနာ​ဖို့ သား​ဖြစ်သူ​အား သူ​ကြိုးစား​သွန်သင်ပေး​နေခြင်း​ဖြစ်၏။

တမန်​တော်​ပေါလု​သည် သူ့​ထက်​အသက်ငယ်​သည့်​တွဲ​ဖော်​တွဲဖက် တိမောသေ​ကို “ခပ်သိမ်း​သော​သူတို့အား ဖြည်းညင်း​စွာ​ပြု [“လိမ္မာ​ပါးနပ်​စွာ​ပြု၊” က​ဘ]” ရန် အားပေးခဲ့​သည်။ သို့​ပြုခြင်း​ဖြင့် တိမောသေ​သည် သူတစ်ပါး​၏​ခံစားချက်​များ​ကို နာကြည်း​စေမည်​မဟုတ်​ချေ။ (၂ တိမောသေ ၂:၂၄) လိမ္မာပါးနပ်မှု​ကား အဘယ်နည်း။ ဤ​အရည်အချင်းကို သင်​မည်သို့​တိုးတက်​စေနိုင်​မည်​နည်း။ အခြားသူများ​လည်း လိမ္မာ​ပါးနပ်​တတ်​ရန် သင်​မည်သို့​ကူညီပေး​နိုင်​သနည်း။

လိမ္မာပါးနပ်မှု​ကား အဘယ်နည်း

လိမ္မာပါးနပ်မှု​သည် “အခြေအနေ​တစ်ခု​၏ အတိမ်းအစောင်း​မခံ​မှု​ကို သတိပြုမိ​ကာ အကြင်နာ​ဆုံး သို့​မဟုတ် အသင့်တော်ဆုံး​အရာ​ကို ပြုမူ​ပြောဆို​နိုင်​သည့် စွမ်းရည်​ဖြစ်၏” ဟု​အဘိဓာန်​တစ်ခု​က ဖော်ပြ​သည်။ လိမ္မာ​ပါးနပ်​သူသည် သူတစ်ပါး​၏​ခံစားချက်​များ​ကို နားလည်​ခံစား​ပေး​တတ်​ပြီး မိမိ၏​အပြောအဆို၊ အပြု​အမူ​သည် အဘယ်​သဘော​သက်ရောက်​စေနိုင်​သည်ကို ဝေဖန်​ပိုင်းခြား​တတ်​သည်။ သို့သော် ယင်း​သို့​လုပ်ဆောင်ခြင်း​သည် ကျွမ်းကျင်​မှု​တစ်ခုမျှသာ​မဟုတ်​ချေ; သူတစ်ပါး စိတ်​မထိခိုက်​သွား​စေ​လို​သည့်​ဆန္ဒ အပြည့်အဝ​ပါဝင်​ပေ​သည်။

ဧလိရှဲ​၏​ကျွန်​ဂေဟာဇိ​အကြောင်းပါ ကျမ်းစာ​မှတ်တမ်း​တစ်ခု​တွင် လိမ္မာပါးနပ်မှု​မရှိသူ​တစ်ဦး၏ ပုံ​နမူနာ​တစ်ခု​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်။ မိမိ၏​ရင်ခွင်​ထဲ​တွင် သားငယ်​သေဆုံး​သွားခဲ့​သည့် ရှုနင်​မြို့သူ​တစ်ဦး​သည် နှစ်သိမ့်မှု​ရ​ရန် ဧလိရှဲ​ကိုလာ​တွေ့​၏။ မာ​၏​လော​ဟု မေးမြန်း​ခံရသော​အခါ “မာ​ပါ​၏” ဟု သူ​ပြန်ဖြေ​လေ​သည်။ သို့သော် ထို​အမျိုးသမီး​သည် ပရောဖက်​အနား​ချဉ်းကပ်​လာသော​အခါ “ဂေဟာဇိ​သည် တွန်း​ဖယ်” ပစ်​ရန် အနီး​သို့​တိုးလာ​ခဲ့​၏။ ဧလိရှဲ​က​မူ “ရှိစေ​တော့၊ သူ၌​စိတ်ဒုက္ခ​အားကြီး​၏” ဟု​ဆို​ခဲ့​သည်။—၄ ဓမ္မ​ရာဇဝင် ၄:၁၇-၂၀၊ ၂၅-၂၇သမ္မာ။

ဂေဟာဇိ​သည် ထိုသို့​မဆင်မခြင်၊ မ​ပါး​မ​နပ် အဘယ်ကြောင့်​ပြု​မိ​ခဲ့​သနည်း။ သာ​ကြောင်း​မာ​ကြောင်း​မေးမြန်း​ခံရ​ချိန်​တွင် အဆိုပါ​အမျိုးသမီး​သည် မိမိ၏​ခံစားချက်​ကို မထုတ်ဖော်​ပြ​ခဲ့​သည်​မှာ မှန်​၏။ လူအများသည် မိမိတို့၏​ခံစားချက်​ကို လူတိုင်း​ထံ လက်လွတ်​စ​ပယ် ထုတ်ဖော်​မပြ​တတ်​ချေ။ သို့​တိုင် ထို​အမျိုးသမီး​သည် စိတ်​လှုပ်ရှား​နေကြောင်း တစ်နည်း​နည်း​နှင့် သိသာ​ထင်ရှား​ပေမည်။ သူ၏​ခံစားချက်​ကို ဧလိရှဲ ရိပ်မိ​ခဲ့​ပုံ​ပေါ်​သော်လည်း ဂေဟာဇိ​မူ မ​ရိပ်မိ​ခဲ့​ချေ၊ မသိကျိုးကျွန်​ပြု​နေ​လိုက်​သည်။ ယင်းက ပါးနပ်​မှုမရှိ​သည့်​လုပ်ရပ်​၏ ဖြစ်လေ့ဖြစ်ထ​ရှိသော​အကြောင်းကို ဖော်ပြ​သည်။ လူတစ်ဦး​သည် မိမိ၏​အလုပ်​တာဝန်​ကို အလွန်အမင်း​အာရုံစိုက်​သည့်​အခါ မိမိ​နှင့်​ဆက်ဆံ​ရသူ​တို့၏ လိုအပ်​နေ​မှုများ​ကို အရေးမစိုက်​မိ​ဘဲ​ဖြစ်​နိုင်​သည်။ သူသည် သတ်မှတ်​ထား​သည့်​နေရာသို့ ဇယား​အတိုင်း အချိန်​မှန်​ရောက်​နိုင်​ဖို့​ကို​သာ စိတ်စော​နေရာ ခရီးသည်​များ​ကို မ​ခေါ်​တင်​ခဲ့​သည့် ယာဉ်မောင်း​နှင့် များစွာ​တူ​၏။

ဂေဟာဇိ​ကဲ့သို့ လိမ္မာပါးနပ်မှု​မရှိ၊ ရိုင်းစိုင်း​သူ​မဖြစ်စေ​ရန် လူ​တို့ကို​သနား​ကြင်နာ​တတ်​ဖို့ ကြိုးစား​သင့်​သည်၊ အကြောင်း​မှာ သူတို့ အမှန်တကယ် မည်သို့​ခံစား​နေရ​သည်ကို ကျွန်ုပ်​တို့​မသိ​ရှိကြ​ချေ။ လူတစ်ဦး​၏​ခံစားချက်​များ​ကို ပေါ်လွင်​စေသည့် အရိပ်လက္ခဏာ​များ​ကို အမြဲ​ဂရုပြု​ကာ ကြင်နာ​သည့်​စကား၊ ကြင်နာ​သည့်​အပြု​အမူ​ဖြင့် တုံ့ပြန်​သင့်​သည်။ ယင်း​နှင့်​စပ်လျဉ်း၍ သင်၏​အစွမ်းအစ​ကို မည်သို့​တိုးတက်​စေနိုင်​မည်​နည်း။

သူတစ်ပါး​၏​ခံစားချက်​ကို သိ​နားလည်​ပေးခြင်း

ယေရှုသည် လူတို့၏​ခံစားချက်​များ​ကို သိ​နားလည်​ပေး​၍ သူတို့အား ကြင်နာ​စွာ​ပြုမူ​ဆက်ဆံ​နိုင်​မည့် အကောင်းဆုံး​နည်းကို အထူး​ပိုင်းခြား​သိမြင်​နိုင်​ခဲ့​သည်။ တစ်ခါ​က ကိုယ်တော်​သည် ဖာရိရှဲ​တစ်ဦး​ဖြစ်သူ ရှိမုန်​၏​အိမ်​၌ ညစာ​စား​နေစဉ် “ထို​မြို့၌ ဆိုးသော” မိန်းမ​တစ်ယောက်​သည် ကိုယ်တော့်​ထံ ချဉ်းကပ်​ခဲ့​သည်။ ဤ​တွင်​တစ်ဖန် စကား​တစ်ခွန်း​မျှ​မပြော​သော်လည်း အကဲခတ်​နိုင်​စ​ရာ​အကြောင်း များစွာ​ရှိ၏။ ထို​အမျိုးသမီး​သည် ‘ဆီမွှေး​ကျောက်ဖြူ​ခွက်​တစ်လုံး​ကို​ယူ​ခဲ့​၍ နောက်​တော်​၌ [ယေရှု] ခြေ​အနီးမှာ​ရပ်​လျက် ငိုကြွေး​၍ ခြေ​ပေါ်​သို့ မျက်ရည်ကျ​လျှင် မိမိ​ဆံပင်​နှင့်​သုတ်​လေ​၏။ ခြေ​ကိုလည်း​နမ်း​၍ ဆီမွှေး​နှင့်​လိမ်း​လျက်​နေ​လေ​၏။’ ဤ​အပြု​အမူ​အားလုံး​က အဘယ်အရာကို​ဖော်ပြ​ကြောင်း ယေရှု​ရိပ်မိ​သည်။ ရှိမုန်​သည် စကား​တစ်ခွန်း​မျှ​မပြော​သော်လည်း သူ၏​စိတ်ထဲ​၌ ဤသို့​ပြောဆို​နေကြောင်း ယေရှု​ရိပ်မိ​သည်– ‘ဤ​သူသည် ပရောဖက်​မှန်​လျှင် ခြေ​ကို​ကိုင်​သော ဤ​မိန်းမသည် အဘယ်​သို့​သော​သူ​ဖြစ်သည်​ကို​သိ​လိမ့်​မည်။ ဤ​မိန်းမသည် ဆိုးသော​သူ​ဖြစ်၏။’—လုကာ ၇:၃၇-၃၉

အကယ်၍ ယေရှုသည် အဆိုပါ​အမျိုးသမီးကို တွန်း​ဖယ်​ပစ်လိုက်​မည်၊ သို့​မဟုတ် ရှိမုန်​အား “အသိဉာဏ်​ခေါင်းပါး​တဲ့​သူ! သူ​နောင်တ​ရတာကို မင်း​မ​တွေ့​ဘူးလား” ဟု​ပြောဆို​ခဲ့​မည်​ဆိုလျှင် အဘယ်​ထိ​တိုင်​ဆိုးကျိုး​ဖြစ်ပွား​ခဲ့​မည်​ကို သင်​မြင်ယောင်​သလော။ ထိုသို့​ပြု​မည့်​အစား၊ ယေရှုသည် အကြွေး​များစွာ​တင်​ရှိသူ​နှင့် အကြွေး​အနည်းငယ်​သာ​တင်​ရှိသူတို့​ကို လျော်​ပစ်​ခဲ့​သည့် လူတစ်ယောက်​၏ ပုံ​ဥပမာ​ကို ရှိမုန်​အား လိမ္မာ​ပါးနပ်​စွာ ပြောပြ​ခဲ့​သည်။ ယေရှု​က “အဘယ်သူ​သည် ကြွေးရှင်​ကို သာ၍​ချစ်​လိမ့်​မည်​နည်း” ဟု​မေးလိုက်​၏။ ထိုသို့​ဖြင့် ရှိမုန်​အား အပြစ်တင်​ပုံ​ပေါက်​စေ​မည့်​အစား သူ​အဖြေ​မှန်​ပေး​ခဲ့​သည့်​အတွက် ယေရှု​ချီးမွမ်း​လိုက်​သေး​သည်။ ထို့နောက် ကိုယ်တော်​သည် အဆိုပါ​အမျိုးသမီး​၏ ခံစားချက်​အစစ်အမှန်​နှင့် နောင်တ​ရခြင်း​လက္ခဏာများ​စွာ​ကို ရိပ်မိ​နိုင်​ရန် ရှိမုန်​အား ကြင်နာ​စွာ​ကူညီပေး​ခဲ့​သည်။ ထို့နောက် ယေရှုသည် ၎င်း​အမျိုးသမီး​ဘက်​သို့​လှည့်​ပြီး သူ၏​ခံစားချက်​များ​ကို ကိုယ်တော်​နားလည်​ပေး​ကြောင်း ကြင်နာ​စွာ​အသိပေး​လေ​သည်။ ကိုယ်တော်​က သူ၏​အပြစ်​များ​ကို ခွင့်လွှတ်​လိုက်ပြီ​ဖြစ်​ကြောင်း ဤသို့​မိန့်ဆို​၏– “သင်၏​ယုံကြည်ခြင်း​သည် သင့်ကို​ကယ်တင်​ပြီ။ ငြိမ်​ဝပ်​စွာ​သွားလော့။” လိမ္မာ​ပါးနပ်​သော အဆိုပါ​စကား​များသည် မှန်ရာကို​အမြဲ​ပြုလုပ်​တော့​မည်​ဟူသော သူ၏​စိတ်​ဆုံးဖြတ်ချက်​ကို ပို​ခိုင်မြဲ​စေမည်​ဖြစ်သည်! (လုကာ ၇:၄၀-၅၀) ယေရှုသည် လူတို့၏​ခံစားချက်​ကို အကဲခတ်​တတ်​ပြီး ထောက်ထား​စာနာ​စွာ တုံ့ပြန်​သဖြင့် လိမ္မာပါးနပ်မှု​ရှိသူ​ဟု​ဆိုနိုင်၏။

ရှိမုန်ကို ယေရှု​ကူညီပေး​ခဲ့​သည့်​နည်းတူ ကျွန်ုပ်​တို့​လည်း ကိုယ်ဟန်​အမူအရာ မျက်နှာ​ရိပ်​မျက်နှာ​ကဲ​ကို​ထောက်​ပြီး လူတစ်ဦး​၏​စိတ်​လှုပ်ရှားမှု​ကို သိမြင်​နားလည်​ရန် သင်ယူ​နိုင်​သည်၊ အခြား​သူတို့အား​လည်း ထိုသို့​ပြု​တတ်​ရန် ကူညီပေး​နိုင်​ပါ​သည်။ အတွေ့အကြုံ​ရှိ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် ဤ​အတတ်ပညာ​ကို ခရစ်ယာန်​ဓမ္မ​အမှုဆောင် လူသစ်များ​အား တစ်ခါတစ်ရံ သွန်သင်ပေး​နိုင်​သည်။ သတင်းကောင်း​ဟောပြောပြီး​ခဲ့​သည့် အိမ်​တစ်အိမ်​တွင် သူတို့​တွေ့ဆုံ​ခဲ့​သူ၏​ခံစားချက်​များ​ကို ဖော်ညွှန်း​သော အရိပ်လက္ခဏာ​များ​ကို ဆွေးနွေး​နိုင်​သည်။ အိမ်ရှင်​သည် ရှက်ကြောက်​နေ​သလော၊ သံသယ​ရှိနေ​သလော၊ ဒေါသ​ထွက်​နေ​သလော သို့​မဟုတ် အလုပ်​များနေ​သလော။ ထို​သူအား အကူအညီ​ပေး​ရန် အကြင်နာ​ဆုံး​နည်း​ကား အဘယ်အရာ​ဖြစ်​မည်​နည်း။ ထို့​ပြင် အချင်းချင်း​တစ်ယောက်ကို​တစ်ယောက် လိမ္မာပါးနပ်မှု​ကင်းမဲ့​စွာ ပြုမူ​ပြောဆို​ခဲ့​ကြ​သည့် ညီအစ်ကို​ညီအစ်မ​များ​ကိုလည်း အကြီးအကဲ​များ ကူညီပေး​နိုင်​ပါ​သည်။ သူ​တစ်ဖက်သား​၏​ခံစားချက်​ကို သဘောပေါက်​စေရန် တစ်ဦးစီ​ကို ကူညီပေး​ပါ။ သူ​တစ်ဖက်သား​သည် စော်ကား​ခံရ​၏၊ လျစ်လျူရှု​ခံရ​၏၊ သို့​မဟုတ် မိမိကို​အထင်လွဲ​နေ​၏​ဟု ခံစား​နေရ​ပါသလော။ ကြင်နာ​မှု​ပြ​ခြင်း​က စိတ်သက်သာ​မှု မည်သို့​ရရှိ​စေနိုင်​မည်​နည်း။

မိဘတို့​သည် သားသမီး​များ​ကို သနား​ကြင်နာ​မှု​မွေးမြူရန် သွန်သင်ပေး​သင့်​သည်၊ အကြောင်း​မှာ သနား​ကြင်နာ​မှု​ရှိ​ခြင်း​က သူတို့​လေး​များ​အား လိမ္မာ​ပါးနပ်​စွာ ပြုမူ​ပြောဆို​စေမည်။ အစပိုင်း​တွင်​ဖော်ပြ​ခဲ့​သည့် ပက်​ဂီ​၏​သား​သည် ညီ​ငယ်​၏​နီရဲ​နေသည့်​မျက်နှာ၊ နှုတ်ခမ်း​စူ​ထား​ပုံ​နှင့် မျက်ရည်လည်​နေသော မျက်လုံး​များ​ကို သတိပြုမိ​ပြီး ညီ​ငယ်​ခံစား​နေသည့် နာကျင်မှုကို ရိပ်မိ​လေ​သည်။ မိခင်​မျှော်လင့်သည့်​အတိုင်း​ပင် သားကြီး​သည် ဝမ်းနည်း​သွားပြီး ပြောင်းလဲ​မည်​ဟု စိတ်​ဆုံးဖြတ်​လိုက်​သည်။ ပက်​ဂီ​၏​သား​နှစ်ဦးစလုံး​သည် ငယ်​စဉ်​က သင်ယူ​ခဲ့​သည့် အဆိုပါ​စွမ်းရည်​များ​ကို ကောင်းစွာ အသုံးချ​ခဲ့​ကြ​ရာ နှစ်များ​ကုန်လွန်​လေ​သော် တပည့်​များစွာ​ဖြစ်စေ​ခဲ့​၍ ခရစ်ယာန်​အသင်းတော်တွင် သိုးထိန်း​များ​ဖြစ်လာ​ကြ​လေ​သည်။

သင်​နားလည်​ပေး​ကြောင်း ဖော်ပြ​ပါ

သင်သည် တစ်စုံ​တစ်ယောက်​အပေါ် အပြစ်တင်စရာ​အကြောင်း​ရှိလျှင် လိမ္မာပါးနပ်မှု​သည် အထူးသဖြင့် အရေးပါ​၏။ သင်သည် သူ၏​ဂုဏ်​သိက္ခာ​ကို အလွယ်တကူ ထိပါး​သွား​နိုင်​သည်။ ထို့​ကြောင့် ဦးဆုံး ချီးမွမ်း​စကားပြော​ဆို​ခြင်း​သည် အမြဲ​ပင် သင့်တော်​လျောက်ပတ်​ပေ​သည်။ သူ့​အား ဝေဖန်​ပြောဆို​မည့်​အစား ပြဿနာ​ကို အဓိက​ထား​ဖြေရှင်းပါ။ သူ၏​လုပ်ရပ်က မိမိ​စိတ်​ကို မည်သို့​ထိခိုက်​ကြောင်း​နှင့် အဘယ်​သို့ ပြောင်းလဲ​စေ​လို​ကြောင်း အတိအလင်း​ရှင်းပြပါ။ ထို့နောက် သူ့​စကား​ကို​နားထောင်ဖို့ အသင့်ရှိ​ပါ။ သင်သည် သူ့ကို အထင်လွဲ​နေခြင်း ဖြစ်​နိုင်​ပေ​သည်။

သင်သည် မိမိတို့၏​ရှုမြင်ချက်​ကို သဘောမတူ​လျှင်​ပင် နားလည်​ပေး​သည်​ဟု လူ​တို့​ခံစား​လို​ကြသည်။ ယေရှုသည် မာသ​၏​စိတ်ပူ​ပင်​မှု​ကို နားလည်​ပေး​ကြောင်း လိမ္မာ​ပါးနပ်​စွာ စကားပြော​ဆို​ခဲ့​သည်။ ကိုယ်တော်​ဤသို့​မိန့်ဆို​သည်– “မာသ၊ မာသ၊ သင်သည် များစွာသော​အမှုတို့​၌ စိုးရိမ်​၍ နှောင့်ယှက်ခြင်း​ကို​ခံရ​၏။” (လုကာ ၁၀:၄၁) ထို​နည်းတူ၊ လူတစ်ဦး​သည် သူ၏​ပြဿနာ​ကို​တင်ပြ​လာသော​အခါ အကြောင်းစုံ​မသိ​ရ​သေး​ဘဲ ဖြေရှင်းချက်​ပေး​မည့်​အစား သင်​နားလည်​ပေး​ကြောင်း ပါးနပ်​စွာ​တင်ပြ​သည့်​အနေ​ဖြင့် ထို​ပြဿနာ၊ သို့​မဟုတ် မကျေနပ်ချက်​ကို ကိုယ့်​စကား​ဖြင့်​ကိုယ် ထပ်မံ​တင်ပြ​ပြောဆိုခြင်း​ဖြစ်သည်။ ယင်းသည် သင်​သိ​နားလည်​ပေး​ကြောင်း ကြင်နာ​စွာ​ဖော်ပြ​နည်း​ဖြစ်၏။

မပြော​ဆို​ရမည့်​စကား​ကို ပိုင်းခြား​သိမှတ်ပါ​လေ

မိဖုရား​ဧသတာ​သည် ဂျူး​များ​ကို​ဖျက်ဆီး​ရန်​ဟူသော ဟာမန်​၏​လျှို့ဝှက်​အကြံအစည်​ကို ပျက်ပြား​စေဖို့ မိမိ၏​ခင်ပွန်း​အား တောင်းလျှောက်​လို​သောအခါ သူသည် ခင်ပွန်း​စိတ်ပျော်​စေရန် လိမ္မာ​ပါးနပ်​စွာ စီစဉ်​ပေး​ခဲ့​သည်။ ထိုသို့​ပြုပြီး​နောက်​မှ​သာ လိမ္မာ​ပါးနပ်​စွာ​ဆွေးနွေး​ရမည့် ထို​ကိစ္စ​ကို ဧသတာ​အစဖော်​ပြောဆို​လေ​သည်။ သို့သော် သူ မပြော​သည့်​အရာ​ကိုလည်း ကျွန်ုပ်​တို့​သတိပြု​ဖို့​လို​သည်။ ယုတ်မာ​သည့် ထို​အကြံအစည်​တွင် သူ့​ခင်ပွန်း​ပါဝင်​ပတ်သက်​နေကြောင်း​ကို လိမ္မာ​ပါးနပ်​စွာ မပြော​ဘဲ ချန်လှပ်​ထား​၏။—ဧသတာ ၅:၁-၈; ၇:၁၊ ၂; ၈:၅

အလားတူ၊ ခရစ်ယာန်​ညီအစ်မ​တစ်ဦး၏ မယုံကြည်​သူ​ခင်ပွန်း​သည်​တစ်ဦးထံ လည်ပတ်​သွား​သည့်​အခါ ချက်ချင်း​ကျမ်းစာ​ဖွင့်​ဟောပြော​မည့်​အစား သူ​စိတ်ဝင်စား​ရာ​များ​ကို လိမ္မာ​ပါးနပ်​စွာ မေးမြန်း​စုံစမ်းခြင်း​ဖြင့် စတင်​ပါ​လေ။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​သို့ မ​သပ်​မ​ရပ်​ဝတ်စား​လာ​သည့် လူ​စိမ်း​တစ်ဦး သို့​မဟုတ် ပျောက်​ခြင်း​မလှ​ပျောက်​နေ​သူ​တစ်ဦး ပြန်​ပေါ်လာ​သောအခါ သူ၏​ဝတ်စားပုံ သို့​မဟုတ် သူ၏​ပျောက်​နေသည့်​အကြောင်း​ပြောဆို​မည့်​အစား လှိုက်လှဲ​နွေးထွေး​စွာ ကြိုဆို​ပါ။ စိတ်ဝင်စား​ခါ​စ​လူသစ်​တစ်ဦး၏ ရှုမြင်ချက် မှားယွင်း​နေကြောင်း သင်​သတိပြုမိ​လျှင် သူ့ကို ချက်ချင်း​လက်ငင်း အမှား​မ​ပြင်ပေး​ခြင်း​က အကောင်းဆုံး​ဖြစ်​ပေမည်။ (ယောဟန် ၁၆:၁၂) လိမ္မာပါးနပ်မှု​တွင် မပြော​သင့်​ရာ​ကို ကြင်နာ​စွာ မပြော​ဆို​ခြင်း​ပါဝင်​သည်။

ကုစား​ပေး​သည့်​စကား

အပြောအဆို​လိမ္မာ​ပါးနပ်​ခြင်း​အတတ်ပညာ​ကို တတ်​ထားခြင်း​က သူတစ်ပါး​နှင့် အသင့်အတင့်​ပေါင်းသင်း​ဆက်ဆံ​နိုင်​စေမည်​ဖြစ်သည်၊ သင်၏​စိတ်ရင်း​ကို အထင်လွဲ​ပြီး သင့်​အပေါ် စိတ်​နာကြည်း​နေ​သူနှင့်​ပင် သင့်တင့်​နိုင်​ပေမည်။ ဥပမာ၊ ဧဖရိမ်​အမျိုးသား​တို့သည် ဂိဒေါင်​အား “ကျပ်​ကျပ်​အပြစ်တင်” ကြသောအခါ ဂိဒေါင်​၏​လိမ္မာ​ပါးနပ်​သော​ဖြေရှင်းချက်​တွင် အဖြစ်အပျက်​မှန်​ကို အသေအချာ​ဖော်ပြ​ပေးခြင်း​နှင့် ဧဖရိမ်​အမျိုးသား​တို့၏ အောင်မြင်မှု​ကို ရိုးရိုးသားသား မှန်မှန်ကန်ကန်​အကဲဖြတ်​တင်ပြ​ပေးခြင်း ပါဝင်​ခဲ့​သည်။ ဂိဒေါင်​သည် အပြောအဆို​လိမ္မာ​ပါးနပ်​ခဲ့​ခြင်း​မှာ သူတို့​အဘယ်ကြောင့် စိတ်​အနှောင့်အယှက်​ဖြစ်​ရ​ကြောင်းကို ဂိဒေါင်​ရိပ်မိ​ခဲ့​ခြင်း​နှင့် ဂိဒေါင်​ကိုယ်တိုင်​ကျိုးနွံ​စွာ တုံ့ပြန်​ခဲ့​ခြင်း​ကြောင့် သူတို့ကို စိတ်​ကျေအေး​သွား​စေ​ခဲ့​သည်။—တရားသူကြီး ၈:၁-၃; သု. ၁၆:၂၄

သင့်​စကား​သည် အခြား​သူတို့ကို မည်သို့​ဖြစ်စေ​နိုင်​ကြောင်း အမြဲ​ကြိုးစား​ဆင်ခြင်​သုံးသပ်ပါ။ လိမ္မာပါးနပ်မှု​ရှိ​ရန် ကြိုးစား​အားထုတ်ခြင်း​က နယပုံပြင် ၁၅:၂၃ တွင်​ဖော်ပြ​ထား​သည့် ရွှင်လန်း​ဝမ်းမြောက်မှု​ကို ခံစား​စေပါ​လိမ့်​မည်– “လူသည် ပြန်​ပြော​သော​စကား​အားဖြင့် ဝမ်းမြောက်စရာ​အကြောင်း​ရှိ၏။ အချိန်တန်​၍​ပြော​သော​စကား​သည်လည်း အလွန်​လျောက်ပတ်​ပေ​၏။”

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

သူတစ်ပါးကို စာနာ​ပေး​တတ်​ရန် သားသမီး​များ​ကို မိဘများ သွန်သင်ပေး​နိုင်​ကြ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

အတွေ့အကြုံ​ရှိ ခရစ်ယာန်​ဓမ္မ​အမှုဆောင်​များသည် လူသစ်များ​ကို လိမ္မာပါးနပ်မှု​ရှိ​ရန် သွန်သင်ပေး​နိုင်