“သင်တို့သည် အဖိုးမပေးဘဲခံရကြသည်ဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့”
“သင်တို့သည် အဖိုးမပေးဘဲခံရကြသည်ဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့”
“သင်တို့သည် အဖိုးမပေးဘဲ ခံရကြသည်ဖြစ်၍ အဖိုးမခံဘဲပေးကမ်းကြလော့။” (မဿဲ ၁၀:၈၊ သမ္မာ) ယေရှုသည် သတင်းကောင်းဟောပြောဖို့ တမန်တော်များကိုစေလွှတ်သောအခါ သူတို့ကို ထိုသို့သွန်သင်ခဲ့သည်။ ဤမိန့်မှာချက်ကို တမန်တော်များ နာခံခဲ့ကြသလော။ နာခံခဲ့ကြပါသည်၊ မြေကြီးပေါ်မှ ယေရှုထွက်ခွာသွားပြီးနောက်ပိုင်း၌ပင် ထိုအတိုင်း သူတို့ဆက်လုပ်ဆောင်ခဲ့ကြသည်။
ဥပမာ၊ ယခင်က နတ်ဆိုးအတတ်ပညာရှင်ဖြစ်ခဲ့သော ရှိမုန်သည် တမန်တော်ပေတရုနှင့် ယောဟန်တို့ပိုင်ဆိုင်သော အံ့ဖွယ်တန်ခိုးများကိုမြင်သောအခါ မိမိအား ထိုတန်ခိုးပေးလျှင် သူတို့ကိုငွေပေးပါမည်ဟုဆိုသည်။ သို့သော် ပေတရုက “ဘုရားသခင်၏ကျေးဇူးတော်ကို ငွေနှင့်ဝယ်ယူမည်ဟုအကြံရှိသောကြောင့်၊ သင်နှင့်တကွသင်၏ငွေသည် ပျက်စီးခြင်းသို့ရောက်ပါစေ” ဟုရှိမုန်ကို ပြစ်တင်ဆုံးမခဲ့သည်။—တမန်တော် ၈:၁၈-၂၀။
တမန်တော်ပေါလုသည်လည်း ပေတရု၏စိတ်ဓာတ်မျိုး တင်ပြခဲ့သည်။ သူသည် ကောရိန္သုမြို့ရှိ ခရစ်ယာန်ညီအစ်ကိုများအပေါ် ငွေကြေးဝန်ထုပ်ဝန်ပိုး တင်နိုင်သည်။ သို့သော် မိမိကိုယ်ကိုထောက်ပံ့ရန် သူ့လက်ဖြင့်သူ အလုပ်လုပ်ခဲ့သည်။ (တမန်တော် ၁၈:၁-၃) ထို့ကြောင့် မိမိသည် သတင်းကောင်းကို “အခကြေးငွေမယူပဲ” ကောရိန္သုမြို့သားများကို ဟောပြောခဲ့ပြီဟု စိတ်ချလက်ချ သူပြောနိုင်ခဲ့သည်။—၁ ကောရိန္သု ၄:၁၂; ၉:၁၈၊ သတင်းကောင်း။
ဝမ်းနည်းစရာမှာ ခရစ်တော်၏နောက်လိုက်များဟု ဆိုကြသူအများသည် အလားတူ “အဖိုးမခံဘဲပေးကမ်း” လိုစိတ်မရှိကြပါ။ အမှန်မှာ၊ ခရစ်ယာန်ဘောင်ရှိ ဘာသာရေးခေါင်းဆောင်အများသည် “အခကိုရခြင်းငှာသာ သင်ပေး” ကြမည်။ (မိက္ခာ ၃:၁၁) မိမိတို့သိုးများထံမှ ကောက်ခံရရှိသောငွေဖြင့်ပင် ချမ်းသာကြွယ်ဝလာကြသော ဘာသာရေးခေါင်းဆောင်အချို့ရှိသည်။ ၁၉၈၉ ခုနှစ်တွင် ယူ.အက်စ်. ဧဝံဂေလိတရားဟောဆရာတစ်ဦးသည် ထောင်ဒဏ် ၄၅ နှစ်ချမှတ်ခံခဲ့ရသည်။ အကြောင်းရင်းကား အဘယ်နည်း။ သူသည် “လှူဒါန်းထောက်ပံ့ခဲ့သူများ၏ ဒေါ်လာသန်းပေါင်းများစွာကို လိမ်ညာကာ ယင်းမှငွေအချို့ကို အိမ်များ၊ ကားများဝယ်ယူရန်၊ အားလပ်ရက်ခရီးထွက်ရန်နှင့် လေအေးစက်တပ်ထားသော ခွေးလှောင်အိမ်တစ်လုံးပင် ဝယ်ယူရန် အသုံးပြုခဲ့သည်”။—ပီးပဲလ်စ်ဒေးလီး ဂရက်ဖစ်၊ အောက်တိုဘာ ၇၊ ၁၉၈၉။
၁၉၉၀၊ မတ်လ ၃၁ ရက်ထုတ် ဂါနာတိုင်းမ်စ်အရ ဂါနာနိုင်ငံတွင် ချာ့ခ်ျဘုန်းကြီးတစ်ဦးသည် ဝတ်ပြုဆုတောင်းပွဲပြုလုပ်နေစဉ် ကောက်ခံရရှိထားသောအလှူငွေကိုယူ၍ အသင်းသားများထံ ပြန်ပစ်ပေါက်လိုက်သည်။ “သူ၏အကြောင်းပြချက်မှာ အရွယ်ရောက်သူများအနေနှင့် ငွေစက္ကူအရွက်ကြီးများကို လှူသင့်သည်” ဟုဆိုကြောင်း သတင်းစာကဖော်ပြသည်။ ချာ့ခ်ျများစွာသည် မိမိအသင်းသားများ၏ တပ်မက်လုံးကြီးမှုကိုလှုံ့ဆော်ပေးပြီး ငွေများများကောက်ခံနိုင်ရန် လောင်းကစားဝိုင်းများနှင့် အခြားအစီအစဉ်များ စီစဉ်ပေးကြခြင်းသည် အံ့အားသင့်စရာမဟုတ်ပေ။
ယေဟောဝါသက်သေများမူ ၎င်းနှင့်လားလားကြီးဆန့်ကျင်လျက် ယေရှုနှင့် ကိုယ်တော်၏အစောပိုင်းတပည့်များကို ကြိုးစားတုပကြသည်။ သူတို့၌ လခစားဓမ္မဆရာအဖွဲ့မရှိပါ။ သက်သေခံယောက်တိုင်းသည် ဓမ္မအမှုဆောင်တစ်ဦးဖြစ်ပြီး အခြားသူများအား ဘုရားသခင့် “နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို” ဟောပြောဖို့ တာဝန်ရရှိထားသည်။ (မဿဲ ၂၄:၁၄) ထို့ကြောင့် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေ ခြောက်သန်းကျော်တို့သည် လူတို့အား “အသက်ရေ” ကိုအခမဲ့တိုက်ကျွေးနေကြပါသည်။ (ဗျာ. ၂၂:၁၇) ဤနည်းဖြင့် “ငွေမရှိသောသူတို့” ပင် ကျမ်းစာသတင်းတရားမှ အကျိုးခံစားနေကြရသည်။ (ဟေရှာယ ၅၅:၁) သူတို့၏ကမ္ဘာချီလုပ်ငန်းကို စေတနာဖြင့်ထည့်ဝင်လှူဒါန်းသောငွေဖြင့် ထမ်းဆောင်နေကြသော်လည်း ဘယ်သောအခါမျှ ငွေမတောင်းခံပါ။ ဘုရားသခင်၏ စစ်မှန်သောဓမ္မအမှုဆောင်များအနေနှင့် သူတို့သည် ‘ဘုရားသခင်၏ နှုတ်မြွက်စကားတော်ကို ရောင်းဝယ်ဖောက်ကားသူများ’ မဟုတ်ကြဘဲ ‘ဘုရားသခင်၏အလိုတော်နှင့်အညီ မှန်ကန်စွာ ဟောပြော’ သူများဖြစ်ကြသည်။—၂ ကောရိန္သု ၂:၁၇။
သို့သော် ယေဟောဝါသက်သေများသည် ကိုယ့်စရိတ်နှင့်ကိုယ်
အခြားသူများကို အဘယ်ကြောင့် တလိုတလားကူညီပေးလိုကြသနည်း။ သူတို့ကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။ အဖိုးမခံဘဲပေးခြင်းဟူသည် သူတို့၏ကြိုးပမ်းလုပ်ဆောင်မှုအတွက် အကျိုးကျေးဇူးတစ်စုံတစ်ရာမျှမရဘဲ လုံးလုံးလျားလျားပြုလုပ်ကြခြင်းကို ဆိုလိုသလော။စာတန့်စိန်ခေါ်ချက်ကို ဖြေဆိုခြင်း
မျက်မှောက်ခေတ် ခရစ်ယာန်စစ်များသည် ချမ်းသာကြွယ်ဝလိုစိတ်ကြောင့်မဟုတ်ဘဲ အဓိကအားဖြင့် ယေဟောဝါ၏နှစ်သက်မှုရလိုသောဆန္ဒ၏ လှုံ့ဆော်ခြင်းကို ခံရကြသည်။ သို့ဖြင့် သူတို့သည် လွန်ခဲ့သောရာစုနှစ်များစွာက စာတန်ဖြစ်ပေါ်စေခဲ့သော စိန်ခေါ်ချက်ကို အဖြေပေးနိုင်ကြသည်။ ယောဘအမည်ရှိသော ဖြောင့်မတ်သူတစ်ဦးနှင့်ပတ်သက်၍ စာတန်က “ယောဘသည်အကျိုးမရဘဲ ဘုရား[သခင်]ဝတ်ကိုပြုသလော” ဟူသည့်မေးခွန်းဖြင့် ယေဟောဝါကိုစိန်ခေါ်ခဲ့သည်။ ယောဘကိုအကာအကွယ်ပေးထားသောကြောင့်သာ သူသည် ဘုရားသခင်အား ဝတ်ပြုနေခြင်းဖြစ်သည်ဟု စာတန်ဆို၏။ ယောဘမှာ စည်းစိမ်ဥစ္စာများသာမရှိတော့ပါက သူသည် ဘုရားသခင့်မျက်မှောက်တော်၌ ကိုယ်တော်ကိုကျိန်ဆဲပါလိမ့်မည်ဟု စာတန်ဆင်ခြေတက်ခဲ့သည်!—ယောဘ ၁:၇-၁၁။
ဤစိန်ခေါ်ချက်ကိုဖြေဆိုရန် ဘုရားသခင်က “သူ၏ဥစ္စာရှိသမျှသည် သင့်လက်၌ရှိ၏” ဟုဆိုလျက် ယောဘကိုစမ်းသပ်ဖို့ စာတန်ကိုခွင့်ပြုခဲ့သည်။ (ယောဘ ၁:၁၂) အကျိုးဆက်ကား အဘယ်နည်း။ စာတန်သည် လိမ်လည်သူဖြစ်ကြောင်း ယောဘသက်သေထူခဲ့သည်။ သူ့အပေါ် မည်သည့်ဘေးအန္တရာယ်များကျရောက်ခဲ့ပါစေ ဆက်တည်ကြည်ခဲ့သည်။ သူက “ငါသည်ကိုယ်သဘောဖြောင့်သည်ကို သေသည်တိုင်အောင်မငြင်း” ဟုပြောခဲ့သည်။—ယောဘ ၂၇:၅၊ ၆။
ယနေ့ စစ်မှန်သောဝတ်ပြုသူများသည် ယောဘ၏စိတ်ဓာတ်မျိုး တင်ပြနေကြသည်။ ဘုရားသခင်ကို သူတို့ဝတ်ပြုကြခြင်းသည် ရုပ်ပိုင်းဆိုင်ရာ အကျိုးများရရှိရေးအတွက် လှုံ့ဆော်ခံရ၍မဟုတ်ပါ။
ဘုရားသခင်၏ မခံစားထိုက်သော အခမဲ့ဆုကျေးဇူး
ခရစ်ယာန်စစ်များ “အဖိုးမခံဘဲပေးကမ်း” လိုကြသည့် အခြားအကြောင်းတစ်ခုမှာ သူတို့ကိုယ်တိုင် ဘုရားသခင်ထံတော်မှ “အဖိုးမပေးဘဲခံရကြ” ပြီဖြစ်သောကြောင့်တည်း။ ကျွန်ုပ်တို့၏ဘိုးဘေးအာဒံ၏အပြစ်ကြောင့် လူသားအပေါင်း အပြစ်နှင့်သေခြင်း၏ ချုပ်နှောင်မှုအောက် ရောက်ရှိနေကြသည်။ (ရောမ ၅:၁၂) ယေဟောဝါသည် မေတ္တာရှိစွာ မိမိ၏သားတော်ကို ပူဇော်ရာယဇ်အဖြစ်သေဆုံးရန် စီစဉ်ပေးခဲ့သည်၊ ထိုသို့ပြုခြင်းသည် ဘုရားသခင်အတွက် အကြီးအကျယ်အနစ်နာခံမှုဖြစ်သည်။ ယင်းကို လူတို့ လုံးဝမရထိုက်ပါ။ ယင်းသည် ဘုရားသခင်ထံတော်မှ ဆုကျေးဇူးဖြစ်သည်။—ရောမ ၄:၄; ၅:၈; ၆:၂၃။
ထို့ကြောင့် ပေါလုသည် ရောမ ၃:၂၃၊ ၂၄ တွင်မှတ်တမ်းတင်ထားသည့်အတိုင်း ဝိညာဉ်တော်ဖွားခရစ်ယာန်များကို ဤသို့ပြောခဲ့သည်– “လူအပေါင်းတို့သည် [အပြစ်] ပြု၍ ဘုရားသခင့်ရှေ့တော်၌ အသရေပျက်ကြပြီ။ ယေရှုခရစ်ရွေးနုတ်တော်မူသောအားဖြင့် အဖိုးကိုမပေးဘဲ ဘုရားသခင်၏ကျေးဇူးတော်ကြောင့် ဖြောင့်မတ်ရာသို့ရောက်ကြ၏။” မြေကြီးပေါ် ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်သူများလည်း “အဖိုးကိုမပေးဘဲ” ထိုဆုကျေးဇူးကို ရရှိကြသည်။ ဤဆုကျေးဇူးတွင် ယေဟောဝါ၏မိတ်ဆွေများအဖြစ် ဖြောင့်မတ်ကြောင်းကြေညာခံရသည့် အခွင့်ထူးလည်းပါဝင်သည်။—ယာကုပ် ၂:၂၃; ဗျာ. ၇:၁၄။
ထို့ပြင် ခရစ်တော်၏ရွေးဖိုးပူဇော်ရာယဇ်ကြောင့် ခရစ်ယာန်အားလုံးသည် ဘုရားသခင့်၏ဓမ္မအမှုဆောင်များအဖြစ် အမှုထမ်းနိုင်ခွင့်ရှိသည်။ တမန်တော်ပေါလု ဤသို့ရေးသားခဲ့သည်– “ငါ့အားပေးသနားတော်မူသော ဘုရားသခင်၏ကျေးဇူးတော်ကို [“အခမဲ့၊” ကဘ] ခံရသည်နှင့်အညီ၊ ထိုတရား [မြင့်မြတ်သောနက်နဲရာ] ကိုဟောပြောသောဆရာ၏အဖြစ်သို့ ငါရောက်ရပြီ။” (ဧဖက် ၃:၄-၇) သူတို့မရထိုက်သော၊ သူတို့မရရှိနိုင်သော ထိုဆုကျေးဇူးအားဖြင့် အမှုတော်ဆောင်ခွင့်ရထားကြရာ ဘုရားသခင်၏ စစ်မှန်သောဓမ္မအမှုဆောင်များသည် ဤပြင်ဆင်ပေးချက်နှင့်ပတ်သက်သော သတင်းကောင်းကို အခြားသူများအား ဝေမျှပေးခြင်းအတွက် လခရဖို့ မျှော်လင့်စရာအကြောင်း မရှိချေ။
ထာဝရအသက်—အတ္တဆန်မှုလော
သို့ဆိုလျှင် ဘုရားသခင်သည် ခရစ်ယာန်များကို ဆုကျေးဇူးရဖို့မမျှော်လင့်ဘဲ မိမိအား ဝတ်ပြုစေလိုသလော။ မဟုတ်ပါ၊ တမန်တော်ပေါလုက ယုံကြည်သူချင်းတို့ကို ဤသို့ပြောခဲ့သောကြောင့်ဖြစ်သည်– “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်း ကင်းတော်မူသည်မဟုတ်။” (ဟေဗြဲ ၆:၁၀၊ ကဘ) ယေဟောဝါသည် မတရားသောအရှင်လည်း မဟုတ်ပါ။ (တရားဟောရာ ၃၂:၄) ထိုသို့ဖြစ်မည့်အစား ယေဟောဝါသည် “ကိုယ်တော်ကိုရှာသောသူအား အကျိုးပေး” သောအရှင်ဖြစ်တော်မူ၏။ (ဟေဗြဲ ၁၁:၆) သို့သော် ပရဒိသုတွင် ထာဝစဉ်အသက်ရှင်ခြင်းနှင့်ဆိုင်သော ကတိတော်သည် တစ်ကိုယ်ကောင်းဆန်ဖို့ အားပေးရာမကျသလော။—လုကာ ၂၃:၄၃။
လုံးဝမဟုတ်ပါ။ အကြောင်းမှာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်လိုစိတ်ကို ဘုရားသခင်ကိုယ်တော်တိုင် အစပြုခဲ့သည်။ ကိုယ်တော်တိုင်ပင် ပထမလူသားမောင်နှံအား ဤမျှော်လင့်ချက်ကိုပေးခဲ့သည်။ (ကမ္ဘာဦး ၁:၂၈; ၂:၁၅-၁၇) ထို့ပြင် အာဒံနှင့် ဧဝတို့ကြောင့် သူတို့၏သားစဉ်မြေးဆက်သည် ထိုမျှော်လင့်ချက်ကို ဆုံးရှုံးရသောအခါ ၎င်းကိုပြန်ရရှိနိုင်ဖို့ ကိုယ်တော်စီစဉ်ပေးခဲ့သည်။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဘုရားသခင် ဤသို့ကတိပြု၏– “ဤလောကသည် . . . ဘုရားသခင်သားတို့၏ ထူးမြတ်သောလွတ်ခြင်းချမ်းသာတည်းဟူသော ဖောက်ပြန်ပျက်စီးခြင်းအနှောင်အဖွဲ့မှ ကယ်လွှတ်ခြင်းချမ်းသာကိုဝင်စားမည်။” (ရောမ ၈:၂၁) ထိုအကြောင်းကြောင့် ယနေ့ ခရစ်ယာန်များသည် ရှေးခေတ်မှ မောရှေနည်းတူ “နောက်ရလတ္တံ့သောအကျိုးကို ထောက်စာမျှော်လင့်” ရန် လုံးဝလျောက်ပတ်ပေသည်။ (ဟေဗြဲ ၁၁:၂၆) ဤဆုကျေးဇူးကို တံစိုးလက်ဆောင်အဖြစ် ဘုရားသခင်ပေးခြင်းမဟုတ်ပါ။ ကိုယ်တော်အား ဝတ်ပြုသူများကို ကိုယ်တော် အမှန်ချစ်မြတ်နိုးသောကြောင့် ပေးခြင်းဖြစ်သည်။ (၂ သက်သာလောနိတ် ၂:၁၆၊ ၁၇) “ဘုရားသခင်သည် ငါတို့ကိုရှေ့ဦးစွာချစ်တော်မူသောကြောင့်၊ ငါတို့သည် ဘုရားသခင်ကိုချစ်ကြ” ခြင်းသည် တုံ့ပြန်ချက်ဖြစ်၏။—၁ ယောဟန် ၄:၁၉။
ဘုရားသခင့်အမှုတော်ထမ်းခြင်း၏ ရည်ရွယ်ချက်အမှန်
မည်သို့ဆိုစေ မျက်မှောက်ခေတ်ခရစ်ယာန်များသည် ဘုရားသခင့်အမှုတော်ထမ်းသည့် မိမိတို့၏ရည်ရွယ်ချက်မှန်ကို အမြဲတစေဆန်းစစ်ရကြမည်။ ယောဟန် ၆:၁၀-၁၃ တွင် ယေရှုသည် လူငါးထောင်ကျော်ကို အံ့ဖွယ်နည်းဖြင့် ကျွေးမွေးခဲ့ကြောင်း ကျွန်ုပ်တို့ဖတ်ရသည်။ နောက်ပိုင်းတွင် လူအချို့သည် ကိုယ်ကျိုးအတွက်သာ ယေရှုနောက်လိုက်ကြလေသည်။ သူတို့ကို ယေရှုဤသို့မိန့်ဆိုခဲ့သည်– “သင်တို့သည် . . . မုန့်ကိုစား၍ဝသောကြောင့်သာ [ငါ့ကို]ရှာကြ၏။” (ယောဟန် ၆:၂၆၊ ၂၇) ထို့နောက် ဆယ်စုနှစ်များအကြာတွင် ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်အချို့သည် ထိုနည်းတူ “ကြည်ဖြူသောစိတ်မရှိ” ဘဲ ဘုရားသခင့်အမှုတော်ထမ်းကြသည်။ (ဖိလိပ္ပိ ၁:၁၇) ‘ယေရှုခရစ်၏ စင်ကြယ်သောစကားကို လက်မခံ’ ကြသူအချို့သည် ခရစ်ယာန်များနှင့်ပေါင်းသင်းခြင်းမှ ကိုယ်ကျိုးရဖို့ နည်းလမ်းများကိုပင် ရှာကြံခဲ့ကြသည်။—၁ တိမောသေ ၆:၃-၅။
ယနေ့၊ ပရဒိသုတွင် ထာဝစဉ်အသက်ရှင်လိုသောကြောင့်သာ အမှုတော်ထမ်းနေသော ခရစ်ယာန်တစ်ဦးသည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်ဖြင့် ဝတ်ပြုနေခြင်းဖြစ်နိုင်သည်။ ရေရှည်တွင် ထိုရည်ရွယ်ချက်ကြောင့် ဝိညာဉ်ရေး ကျဆင်းသွားနိုင်သည်။ စာတန်၏ ဤအစီအစဉ်စနစ်သည် ထင်သည်ထက်ပို၍ ကြာနေဟန်ရှိသောကြောင့် အဆုံးရောက်ခဲသည်ဟု သူယူဆပြီး ‘အားလျော့’ သွားနိုင်သည်။ (ဂလာတိ ၆:၉) သူစွန့်လွှတ်ခဲ့သောအရာများ ရှိသည့်အတွက် မကျေမချမ်းပင်ဖြစ်လာနိုင်သည်။ ကျွန်ုပ်တို့ကို ယေရှုဤသို့သတိပေးသည်– “သင်၏ဘုရားသခင်ယေဟောဝါကို သင့်နှလုံးအကြွင်းမဲ့၊ သင့်ဝိညာဉ်စိုးလ်တစ်ခုလုံး၊ သင့်စိတ်ရှိသမျှနှင့်ချစ်ရမည်။” (မဿဲ ၂၂:၃၇၊ ကဘ) မှန်ပါသည်၊ အဓိကအားဖြင့် ဘုရားသခင်ကိုချစ်သောကြောင့် ကိုယ်တော့်အမှုကိုထမ်းသူတစ်ဦးသည် အဘယ်အချိန်အထိ အမှုဆောင်မည်ဟု ကန့်သတ်ထားမည်မဟုတ်ပါ။ ယေဟောဝါကို ထာဝစဉ်အမှုထမ်းဖို့ သူစိတ်ပိုင်းဖြတ်ထားမည်။ (မိက္ခာ ၄:၅) ဘုရားသခင့်အမှုဆောင်ခြင်းနှင့်ပတ်သက်၍ သူစွန့်လွှတ်ခဲ့သောအရာများရှိသည့်အတွက် နောင်တရမည်မဟုတ်ပေ။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဘုရားသခင်ကိုချစ်သည့်မေတ္တာက သူ၏ဘဝတွင် ဘုရားသခင့်အကျိုးစီးပွားကို ဦးထိပ်ထားဖို့ သူ့ကိုလှုံ့ဆော်ပေးသည်။—မဿဲ ၆:၃၃။
ယနေ့၊ စစ်မှန်သောဝတ်ပြုသူ ခြောက်သန်းကျော်တို့သည် ယေဟောဝါ၏လုပ်ငန်းတော်ကို ‘စေတနာစိတ်ဖြင့်‘ ထမ်းဆောင်ဖို့ မိမိတို့ကိုယ်ကို ပေးဆက်ထားကြသည်။ (ဆာလံ ၁၁၀:၃) ထိုသူတို့တွင် သင်ပါဝင်သလော။ မပါဝင်သေးလျှင် ဘုရားသခင်ကမ်းလှမ်းပေးသော ဤအရာများကို တွေးတောဆင်ခြင်ပါ– စင်ကြယ်သောအမှန်တရားအသိပညာ; (ယောဟန် ၁၇:၃) မှားယွင်းသောဘာသာရေးသွန်သင်ချက် အချုပ်အနှောင်မှ လွတ်မြောက်ခြင်း; (ယောဟန် ၈:၃၂) ထာဝစဉ်အသက်ရှင်ရန် မျှော်လင့်ချက်တို့ဖြစ်သည်။ (ဗျာ. ၂၁:၃၊ ၄) ဤအရာအားလုံးကို ဘုရားသခင်ထံတော်မှ သင်မည်သို့ အခမဲ့ရရှိနိုင်ကြောင်း ယေဟောဝါသက်သေများက သင့်ကိုပြောပြနိုင်ပါလိမ့်မည်။
[စာမျက်နှာ ၂၂ ပါ အကျဉ်းဖော်ပြချက်]
မျက်မှောက်ခေတ် ခရစ်ယာန်စစ်များသည် ချမ်းသာကြွယ်ဝလိုစိတ်ကြောင့်မဟုတ်ဘဲ အဓိကအားဖြင့် ယေဟောဝါ၏နှစ်သက်မှု ရလိုသောဆန္ဒ၏ လှုံ့ဆော်ခြင်းခံရကြ
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
အခမဲ့ဖြစ်သော ဘုရားသခင်၏ ရွေးနုတ်ဖိုးဆုကျေးဇူးကို ရရှိထားခြင်းကြောင့် အဖိုးအခမယူဘဲ သတင်းကောင်း ဝေမျှဖို့ ခရစ်ယာန်များ လှုံ့ဆော်ခံရကြ