မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အမှန်တရား၏ဘုရားသခင်ကို တုပခြင်း

အမှန်တရား၏ဘုရားသခင်ကို တုပခြင်း

အမှန်တရား​၏​ဘုရားသခင်​ကို တုပခြင်း

“သင်တို့သည် ဘုရားသခင်​၏​ချစ်​သား​ဖြစ်​ကြသည်​နှင့်​အညီ၊ ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့။”—ဧဖက် ၅:၁

၁။ အမှန်တရား​နှင့်​စပ်လျဉ်း၍ အချို့​မည်သို့ ယုံကြည်​ကြ​သနည်း၊ သူတို့၏​ဆင်ခြင်​သုံးသပ်မှု​သည် အဘယ်ကြောင့်​မှား​သနည်း။

‘အမှန်တရား​ကား အဘယ်နည်း။’ (ယောဟန် ၁၈:၃၈) လွန်ခဲ့သော​အနှစ် ၂,၀၀၀ နီးပါး​က ပုန္တိပိလတ်​မင်း​၏ အဆိုပါ မထီမဲ့မြင်​ပြု​မေးခွန်း​အရ အမှန်တရားကို​ရှာမတွေ့​နိုင်​ဟူသော သဘော​သက်ရောက်​စေ​သည်။ ယနေ့ ယင်းကို​သဘောတူ​သူ များစွာ​ရှိ​ပေမည်။ အမှန်တရား​၏​သဘောသဘာဝ တိုက်ခိုက်​ခံ​နေရ​သည်။ လူတိုင်း ကိုယ့်​အမှန်တရား ကိုယ်​သတ်မှတ်​သည်​ဟု​လည်းကောင်း၊ အကြွင်းမဲ့​အမှန်တရား​ဟူ၍​မရှိ​ဟု​လည်းကောင်း၊ အမှန်တရားသည် အစဉ်​ပြောင်းလဲ​နေသည်​ဟု​လည်းကောင်း ဆို​ကြသည်​ကို သင်ကြား​ဖူး​ပေမည်။ ထိုသို့​ဆင်ခြင်​သုံးသပ်ခြင်း​သည် မှား​၏။ သုတေသန​ပြုခြင်း​နှင့် ပညာ​သင်ကြားခြင်း​တို့၏ ပန်းတိုင်​ကိုယ်နှိုက်​သည် ကျွန်ုပ်​တို့​နေထိုင်​သော​ကမ္ဘာ​နှင့်​ပတ်သက်​၍ အဖြစ်မှန်၊ အမှန်တရားကို သင်ယူ​ဆည်းပူး​ရန်ဖြစ်​သည်။ အမှန်တရား​ဟူသည် ကိုယ့်​သဘော​အတိုင်း ထင်မြင်​ယူဆ​ရမည့်​ကိစ္စ​မဟုတ်ပါ။ ဥပမာ၊ လူ့​ဝိညာဉ်​စိုးလ်​သည် မသေနိုင်၊ သို့​မဟုတ် သေ​နိုင်​သည် ဖြစ်​ရမည်။ စာတန်​ရှိသည်၊ သို့​မဟုတ် မရှိ​ဟူ၍​ဖြစ်​ရမည်။ ဘဝမှာ ရည်ရွယ်ချက်​ရှိသည်၊ သို့​မဟုတ် ရည်ရွယ်ချက်​မရှိ​ဟူ၍ ဖြစ်​ရမည်။ အဘယ်အရာ​အတွက်​မဆို အဖြေ​မှန်​တစ်ခု​တည်း​သာ ရှိ​နိုင်​ပါ​သည်။ အဖြေ​တစ်ခု​သည် မှန်​၍၊ အခြား​တစ်ခု မှား​ရမည်၊ နှစ်ခုစလုံး မမှန်​နိုင်​ချေ။

၂။ ယေဟောဝါ​သည် အဘယ်​နည်းများဖြင့် အမှန်တရား​၏​ဘုရားသခင်​ဖြစ်သနည်း၊ အဘယ်​မေးခွန်းများကို ယခု​ဆွေးနွေး​ကြ​မည်​နည်း။

ရှေ့​ဆောင်းပါး​တွင် ယေဟောဝါ​သည် အမှန်တရား​၏​ဘုရားသခင်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​သုံးသပ်​ခဲ့​ကြပြီ။ အရာခပ်သိမ်း​နှင့်​ပတ်သက်သော အမှန်တရားကို ကိုယ်တော်​သိတော်မူ၏။ ယေဟောဝါ​သည် လှည့်စား​တတ်သော ရန်သူကြီး​စာတန်​နှင့် လုံးဝ​မတူ အခါ​ခပ်သိမ်း ဟုတ်မှန်​တော်​မူ​၏။ ထို့​အပြင် ယေဟောဝါ​သည် အမှန်တရားကို အခြားသူများ​အား ရက်ရက်ရောရော ဖော်ပြ​တော်​မူ​၏။ တမန်​တော်​ပေါလု​က ခရစ်ယာန်​ချင်း​တို့ကို “သင်တို့သည် ဘုရားသခင်​၏​ချစ်​သား​ဖြစ်​ကြသည်​နှင့်​အညီ၊ ဘုရားသခင်​ကျင့်​တော်​မူ​သည်​နည်းတူ ကျင့်​ကြလော့” ဟု​တိုက်တွန်း​ခဲ့​သည်။ (ဧဖက် ၅:၁) ကျွန်ုပ်​တို့သည် ယေဟောဝါ​၏​သက်သေ​များ​အနေ​နှင့် အမှန်တရား​နှင့်​အညီ ပြောဆို၊ နေထိုင်ရာ​တွင် ကိုယ်တော်​ကို မည်သို့​တုပ​နိုင်​ကြ​သနည်း။ ထိုသို့​တုပ​ဖို့ အဘယ်ကြောင့်​အရေးကြီး​သနည်း။ အမှန်တရား​လမ်းစဉ်​လိုက်​သူများကို ယေဟောဝါ​နှစ်သက်​ကြောင်း အဘယ်​အာမခံချက်​ရှိ​သနည်း။ ကြည့်​ကြပါစို့။

၃၊ ၄။ တမန်​တော်​ပေါလု​နှင့် ပေတရု​တို့သည် ‘နောက်ဆုံး​နေ့ရက်​များ’ အတွင်း ဖြစ်ပျက်​မည့်​အရာ​ကို မည်သို့​ဖော်ပြ​ခဲ့​ကြ​သနည်း။

ဘာသာရေး​လိမ်ညာမှု​များ ပေါများ​သော​ခေတ်တွင် ကျွန်ုပ်​တို့​အသက်ရှင်​နေကြ​သည်။ ဘုရားသခင့်​မှုတ်သွင်းခြင်း​ခံရ​၍ တမန်​တော်ပေါလု ကြိုဟော​သည့်​အတိုင်း ဤ ‘နောက်ဆုံး​နေ့ရက်​များ’ ရှိ လူအများသည် ဘုရားသခင်​ဝတ်၌​မွေ့လျော်ယောင်ဆောင်​၍ မွေ့လျော်ခြင်း​တန်ခိုး​ကို ငြင်းပယ်​ကြ​၏။ အချို့​သည် “စိတ်နှလုံး​ယိုယွင်း” ကြ​သဖြင့် အမှန်တရားကို တွန်းလှန်​တိုက်ခိုက်​ကြသည်။ ထို့​အပြင် “ဆိုးညစ်သော​သူ၊ လှည့်ဖြား​သော​သူတို့မူကား၊ . . . ဆိုးညစ်ခြင်း​၌ တရွေ့ရွေ့​တိုးပွား” နေကြ​သည်။ ထိုသို့​သော​သူများ​သည် အစဉ်သဖြင့် သင်ယူ​လေ့လာ​နေကြ​သော်လည်း ‘အမှန်တရားကို သိကျွမ်းခြင်း’ သို့ အဘယ်အခါ​မျှ မ​ရောက်​နိုင်​ကြ​ချေ။—၂ တိမောသေ ၃:၁၊ ၅၊ ၇၊ ၈၊ ၁၃

တမန်​တော်​ပေတရု​သည်လည်း နောက်ဆုံး​နေ့ရက်​များ​အကြောင်း ရေးသား​ရန် မှုတ်သွင်းခံ​ခဲ့​ရသည်။ သူ​ပရောဖက်ပြု​သည့်​အတိုင်း လူတို့သည် အမှန်တရားကို ငြင်းပယ်​ရုံ​မျှ​မ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​နှင့် ထို​တွင်​ပါ​သော​အမှန်တရားကို ကြွေးကြော်​သူများ​အား ပြောင်လှောင်​ကြသည်။ အဆိုပါ​ကဲ့ရဲ့​ပြောင်လှောင်​သူများ​သည် နောဧ​ခေတ်တွင် ကမ္ဘာ​မြေကြီး ရေလွှမ်းမိုး​ခံ​ခဲ့​ရ​ကြောင်း၊ ထို​ရေလွှမ်းမိုးခြင်း​သည် လာ​မည့်​တရား​စီရင်​ရာ​နေ့​၏ နမူနာ​ဖြစ်​ကြောင်းကို “တမင်” လျစ်လျူရှု​ကြသည်။ ထိုသို့ သူတို့​တမင်​မေ့လျော့​နေကြ​ခြင်း​သည် ဘာသာ​တရား​မဲ့​သူများကို ဘုရားသခင်​ဖျက်ဆီး​ချိန်​တွင် သူတို့​ဘေးသင့်​စ​ရာ​ဖြစ်​ပေ​လိမ့်​မည်။—၂ ပေတရု ၃:၃-၇သမ္မာ။

ယေဟောဝါ​ကျေးကျွန်​များ အမှန်တရား​သိ​ကြ

၅။ ပရောဖက်​ဒံယေလ​အရ “အမှု​ကုန်​ရသည်​ကာလ” တွင် အဘယ်အရာ​ဖြစ်ပျက်​မည်​နည်း၊ ဤ​ပရောဖက်ပြုချက် မည်သို့​ပြည့်စုံ​ခဲ့ပြီ​နည်း။

“အမှု​ကုန်​ရသည်​ကာလ” ကို​ဖော်ပြ​ရာ​တွင် ပရောဖက်​ဒံယေလ​က ဘုရားသခင့်​လူမျိုးတော်​တွင် အမှန်​ထူးခြားသည့်​အကြောင်း​တစ်ခု—ဘာသာရေး​နှင့်​ဆိုင်သော အမှန်တရား​ပြန်​ပေါ်ထွန်း​လာ​မည်​ဟု ကြို​ဟောခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– “အများ​သော​သူတို့သည် ထို​စာ​ကို​ကြည့်ရှု​သော​အားဖြင့် ပညာ​တိုးပွား​လိမ့်​မည်။” (ဒံယေလ ၁၂:၄) ယေဟောဝါ​၏​လူမျိုးတော်သည် လှည့်စားသူ​ကြီး​ကြောင့် ဝေခွဲမရ​မဖြစ်​ကြ၊ အလင်းကွယ်​မနေကြ​ချေ။ ကျမ်းစာ​ကို လှန်လှော​ကြည့်ရှု​လေ့လာ​ခဲ့​ကြ​ရာ စစ်မှန်သော​အသိပညာကို သူတို့​ရရှိခဲ့ကြ​ပြီ။ ပထမ​ရာစု​တွင် ယေရှုသည် တပည့်​များ​ကို ဉာဏ်​အလင်း​ရစေ​ခဲ့​သည်။ ကိုယ်တော်​သည် ‘ကျမ်းစာ​ကို​နားလည်စေ​ခြင်း​ငှာ တပည့်​တို့၏​ဉာဏ်​ကို​ဖွင့်​တော်​မူ’ ၏။ (လုကာ ၂၄:၄၅) ယေဟောဝါ​သည် ကျွန်ုပ်​တို့​ခေတ်​၌​လည်း အလားတူ ပြု​တော်​မူ​ပြီ။ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ ဝိညာဉ်​တော်​နှင့် အဖွဲ့အစည်း​မှ​တစ်ဆင့် ကိုယ်တော်​သည် မိမိ​သိရှိ​ထား​နှင့်​သော အမှန်တရားကို ကမ္ဘာ​တစ်ဝန်း​ရှိ သန်းနှင့်ချီ​သော​သူတို့အား သိ​နားလည်စေ​ခဲ့ပြီ။

၆။ ယနေ့ ဘုရားသခင့်​လူမျိုးတော်သည် အဘယ်​ကျမ်းစာ​အမှန်တရား​များ​ကို သိ​နားလည်​ကြ​သနည်း။

ဘုရားသခင့်​လူမျိုးတော်​မဟုတ်​ခဲ့​လျှင် ကျွန်ုပ်​တို့ သိနိုင်​မည်​မဟုတ်သော အကြောင်းအရာ​များစွာကို ဘုရားသခင့်​လူမျိုးတော်​အနေ​နှင့် ကျွန်ုပ်​တို့​သိ​နားလည်ခဲ့​ကြပြီ။ လောက​ပညာရှင်​များ နှစ်ထောင်​ပေါင်း​များစွာ ရှာဖွေ​စူးစမ်း​ခဲ့​ကြသော မေးခွန်းများ​၏​အဖြေကို ကျွန်ုပ်​တို့​သိရှိ​ကြပြီ။ ဥပမာ၊ ဆင်းရဲခြင်း​ဝေဒနာ အဘယ်ကြောင့်​ရှိ​ရ​ကြောင်း၊ လူ အဘယ်ကြောင့်​သေရ​ကြောင်း​နှင့် ကမ္ဘာချီ​ငြိမ်းချမ်းမှု​နှင့် စည်းလုံးမှု​ကို လူ​တို့ အဘယ်ကြောင့်​မရနိုင်​ကြောင်း ကျွန်ုပ်​တို့​သိရ​ကြပြီ။ အနာဂတ်​တွင် ဖြစ်ပျက်​လာ​မည့် ဘုရားသခင့်​နိုင်ငံတော်၊ မြေကြီး​ပရဒိသု​နှင့် စုံလင်သော​ထာဝရ​အသက်​တို့ကို မြင်ယောင်​ခြင်း​ကောင်းချီး​ကို ကျွန်ုပ်​တို့​ရရှိခဲ့ကြ​ပြီ။ အကြီးမြတ်ဆုံး​အရှင်၊ ယေဟောဝါ​ကို ကျွန်ုပ်​တို့​သိလာ​ကြ​ရပြီ။ ကိုယ်တော်​၏​နှစ်လိုဖွယ် ဂုဏ်ရည်တော်​နှင့်​တကွ ကိုယ်တော်​ထံ​မှ​ကောင်းချီး​များ​ရလိုလျှင် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​ရမည်ကို သိရှိ​လာပြီ။ အမှန်တရားကို​သိခြင်းက မမှန်ကန်​ရာ​တို့ကို ခွဲခြား​သိမြင်​နိုင်​စေ​သည်။ အမှန်တရားကို လက်တွေ့​ကျင့်သုံး​ခြင်း​က အချည်းနှီး​ဖြစ်သော​အမှု​များ​ကို မလိုက်ဖို့ အကာအကွယ်​ဖြစ်စေ​သည်၊ ဘဝ​မှ​အကောင်းဆုံး​အရာ​ကို ရရှိ​စေပြီး အနာဂတ်​နှင့်​ပတ်သက်​၍ ထူးမြတ်​လှ​သော​မျှော်လင့်ချက်​ရှိစေသည်။

၇။ ကျမ်းစာ​အမှန်တရားကို မည်သူ​တို့​ရရှိနိုင်​သနည်း၊ မည်သူ​တို့ မရနိုင်​သနည်း။

ကျမ်းစာ​အမှန်တရားကို သင်​သိ​နားလည်​ပါသလော။ နားလည်​သည်​ဆိုပါ​က သင်သည် ကောင်းချီး​ကြွယ်ဝ​စွာ​ခံရ​ပြီ။ စာရေး​ဆရာ​တစ်ဦး​သည် စာအုပ်​တစ်အုပ်​ကို​ရေး​သောအခါ သူသည် လူအုပ်စု​တစ်စု​၏​အကြိုက်ကို​လိုက်၍ စီစဉ်​ရေးသား​လေ့​ရှိသည်။ စာအုပ်​အချို့​မှာ အဆင့်မြင့်​ပညာတတ်​များ​အတွက်​ဖြစ်သည်၊ အချို့​ကို​မူ ကလေးငယ်​များ​အတွက်၊ အခြား​စာအုပ်​များ​ကို​မူ အထူးပြု​ပညာရပ်​နယ်ပယ်​များ​မှ သူများ​အတွက် ရေးသား​တတ်ကြ​သည်။ သမ္မာကျမ်းစာ​ကို လူတိုင်း​အလွယ်တကူ​ရရှိနိုင်​သော်လည်း လူအုပ်စု​တစ်စု​သာ ၎င်းကို​နားလည်​ပြီး တန်ဖိုး​ထား​လေးမြတ်​ကြ​၏။ ယေဟောဝါ​က သမ္မာကျမ်းစာ​ကို မြေကြီးပေါ်​မှ စိတ်​နှိမ့်ချ​သူများ​အတွက် ရည်စူး​ရေးသား​စေ​၏။ ထိုသို့​သော​သူများ​သည် ပညာရေး၊ ယဉ်ကျေးမှု၊ ဘဝ​အဆင့်အတန်း သို့​မဟုတ် လူမျိုးစု​အခြေအနေ မည်သို့​ပင်​ရှိစေ သမ္မာကျမ်းစာ​၏​အနက်​အဓိပ္ပာယ်​ကို သိမြင်​နားလည်​နိုင်​ကြသည်။ (၁ တိမောသေ ၂:၃၊ ၄) သို့သော် စိတ်ထား​မမှန်​သူများ​သည် ဉာဏ်​မည်မျှ​ပင်​ထက်မြက်​ပါစေ၊ ပညာ​မည်မျှ​ရှိပါစေ ကျမ်းစာ​အမှန်တရားကို နားမလည်​နိုင်​ချေ။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အဖိုးတန်​အမှန်တရားကို စိတ်​နေ​မြင့်​သူ၊ မာနကြီး​သူများ နားမလည်​နိုင်​ပါ။ (မဿဲ ၁၃:၁၁-၁၅; လုကာ ၁၀:၂၁; တမန်​တော် ၁၃:၄၈) ထိုသို့​သော​စာအုပ်​မျိုးကို ဘုရားသခင်​တစ်ပါး​တည်း​သာ ထုတ်လုပ်​ပေး​နိုင်​သည်။

ယေဟောဝါ​၏​ကျေးကျွန်​များသည် ဖြောင့်မှန်​ကြ

၈။ ယေရှုသည် အဘယ်ကြောင့် အမှန်တရား​၏​ပြယုဂ်​ဖြစ်သနည်း။

ယေဟောဝါ​နည်းတူ ကိုယ်တော်​၏​သစ္စာစောင့်သိ​သော သက်သေ​များသည် ဖြောင့်မှန်​ကြ​၏။ ယေဟောဝါ​၏​အဓိက​သက်သေ၊ ယေရှု​ခရစ်​သည် ကိုယ်တော်​သွန်သင်​သည့်​အရာများ၊ ကိုယ်တော်အသက်ရှင်​နေထိုင်ပုံ​နှင့် သေဆုံး​ပုံ​တို့အား​ဖြင့် အမှန်တရားကို အခိုင်အမာ​အတည်ပြု​သည်။ ကိုယ်တော်​သည် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​နှင့် ကတိတော်​များ မှန်ကန်ကြောင်း ထောက်ခံ​အတည်ပြု​သည်။ ထို့​ကြောင့် ယေရှုသည် ကိုယ်တော်တိုင်​မိန့်မြွက်​သည့်​အတိုင်း အမှန်တရား​၏​ပြယုဂ်​ဖြစ်​တော်​မူ​၏။—ယောဟန် ၁၄:၆; ဗျာ. ၃:၁၄; ၁၉:၁၀

၉။ မှန်ရာကို​ပြောဆိုခြင်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​က အဘယ်​သို့​ဆို​သနည်း။

ယေရှုသည် “ကျေးဇူး​တရား​နှင့်​လည်းကောင်း၊ [အမှန်]တရား​နှင့်​လည်းကောင်း​ပြည့်စုံ” တော်​မူ​ပြီး “[ကိုယ်တော်]၏​နှုတ်၌ မုသာ​မရှိ” ချေ။ (ယောဟန် ၁:၁၄; ဟေရှာယ ၅၃:၉) ယေရှု​ချမှတ်​ခဲ့​သော မှန်ရာကို​ပြောဆို​သည့်​ပုံ​နမူနာ​အတိုင်း ခရစ်ယာန်စစ်​များ လိုက်လျှောက်​ကြသည်။ ယုံကြည်သူချင်း​တို့ကို ပေါလု​ဤသို့​အကြံပြု​ခဲ့​သည်– “မုသာ​စကား​ကို​ပယ်ရှား​၍၊ မှန်သော​စကား​ကို​သာ အချင်းချင်း​တစ်ယောက်​နှင့်​တစ်ယောက်​ပြော​ကြလော့။ အကြောင်း​မူ​ကား၊ ငါ​တို့သည် အချင်းချင်း​အင်္ဂါ​ချင်း​ဖြစ်​ကြ​၏။” (ဧဖက် ၄:၂၅) အစောပိုင်း​တွင် ပရောဖက်​ဇာခရိ​က “တစ်ယောက်​နှင့်​တစ်ယောက် မှန်သော​စကား​ကို​ပြော​ကြလော့” ဟု​ရေးသားခဲ့​သည်။ (ဇာခရိ ၈:၁၆) ခရစ်ယာန်​များသည် ဘုရားသခင့်​နှစ်သက်မှု​ရ​လို​သောကြောင့် မှန်ရာကို​ပြောဆို​ကြ​၏။ ယေဟောဝါ​သည် ဖြောင့်မှန်​တော်​မူ​ပြီး မုသာ​သုံး​ခြင်း​၏​ဆိုးကျိုး​များ​ကို သိတော်မူ၏။ ထို့​ကြောင့် မိမိ၏​ကျေးကျွန်​များ​အား မှန်ရာကို​ပြောဆို​စေ​လို​သည်။

၁၀။ အဘယ်ကြောင့်​လူ​တို့ လိမ်ညာ​ကြ​သနည်း၊ ဆိုးကျိုး​များ​ကား အဘယ်နည်း။

၁၀ လူအများသည် အကျိုးအမြတ်​တစ်စုံတစ်ရာ​ရရှိဖို့ အလွယ်တကူ လိမ်လည်​ကြ​ပေမည်။ ပြစ်ဒဏ်​မခံ​ရဖို့၊ တစ်နည်း​နည်းဖြင့် အမြတ်​ထုတ်​နိုင်​ဖို့၊ ချီးကျူး​ခံရ​ဖို့ လူ​တို့​လိမ်လည်​တတ်ကြ​သည်။ သို့​တိုင် လိမ်လည်​ပြောဆို​တတ်သော​အကျင့်​သည် အကျင့်ဆိုး​ဖြစ်သည်။ ထို့​ထက်​ကား လိမ်လည်​သူ​တစ်ဦး​သည် ဘုရားသခင့်​မျက်နှာသာ​မရနိုင်​ပေ။ (ဗျာ. ၂၁:၈၊ ၂၇; ၂၂:၁၅) ကျွန်ုပ်​တို့သည် ဟုတ်​တိုင်း​မှန်ရာ​ပြောဆို​တတ်​သူများ​ဖြစ်​ကြောင်း လူအများ​သိထား​လျှင် ကျွန်ုပ်​တို့၏​စကား​ကို လူ​တို့​ယုံ​မည်; ကျွန်ုပ်​တို့ကို ယုံကြည်​စိတ်ချ​လိမ့်​မည်။ သို့သော် ကျွန်ုပ်​တို့သည် မုသာ​စကား​တစ်ခွန်း​တည်း​သာ​ပြော​လျှင်​ပင် လူ​တို့​သိသွား​ပါ​က နောက်နောင် မိမိတို့​ပြောဆို​သမျှ​ကို လူ​တို့​အမြဲ​သံသယ​ဖြစ်နေ​ကြ​ပေမည်။ အာဖရိက​စကားပုံ​တစ်ခု​က “တစ်ခါ​ညာ​မိ​၍ ဟုတ်မှန်​သော​စကား​တစ်ထောင်​ကို မယုံ​တော့” ဟု​ဆို​သည်။ နောက်​စကားပုံ​တစ်ခု​က ဤသို့​ဆို​၏– “လိမ်ညာ​တတ်​သူ​တစ်ဦး အမှန်​ကို​ပြော​သော်လည်း မယုံကြ​တော့။”

၁၁။ ဖြောင့်မှန်ခြင်း​ဟူသည် အဘယ်​နည်းဖြင့် အမှန်​ကို​ပြောဆိုခြင်း​ထက်မက ဖြစ်သနည်း။

၁၁ ဖြောင့်မှန်ခြင်း​ဟူသည် မှန်ရာကို​ပြောဆိုခြင်း​မျှ​မကပါ။ ယင်းသည် ဘဝ​လမ်းစဉ်​တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့​မည်သူ​မည်ဝါ​ဖြစ်​ကြောင်း ဖော်ပြ​သည်။ ကျွန်ုပ်​တို့သည် အပြော​အားဖြင့်​သာ​မဟုတ်ဘဲ အလုပ်​အားဖြင့်​ပါ အမှန်တရားကို​သိစေ​သည်။ တမန်​တော်​ပေါလု​က “သူတစ်ပါးကို​ဆုံးမ​လျက်​ပင် ကိုယ်ကို​မဆုံးမ​သလော။ သူ့​ဥစ္စာ​ကို​မခိုး​နှင့်​ဟု​တရားဟော​လျက်​ပင် ကိုယ်တိုင်​ခိုး​သလော။ သူ့​မယား​ကို​မ​ပြစ်မှား​နှင့်​ဟု​ဆို​လျက်​ပင် ကိုယ်တိုင်​ပြစ်မှား​သလော” ဟု​မေးမြန်းခဲ့​သည်။ (ရောမ ၂:၂၁၊ ၂၂) သူတစ်ပါးကို ကျွန်ုပ်​တို့ အမှန်တရား​သွန်သင်ပေး​လိုလျှင် ကျွန်ုပ်​တို့​ပြု​လေ​သမျှ​သည် ဖြောင့်မှန်​ရမည်။ ကျွန်ုပ်​တို့သည် ရိုးသား​ဖြောင့်မတ်​သူများ​ဖြစ်၏​ဟု နာမည်​ကောင်း​ရထား​လျှင် ကျွန်ုပ်​တို့​သွန်သင်ပေး​ရာ​ကို လူ​တို့ ပိုမို​လက်ခံ​နိုင်​ကြ​ပေ​လိမ့်​မည်။

၁၂၊ ၁၃။ ဖြောင့်မှန်ခြင်း​အကြောင်း လူငယ်​တစ်ဦး မည်သို့​ရေးသားခဲ့​သနည်း၊ သူ၏​ကျင့်ဝတ်​စံနှုန်း​မြင့်မား​ရခြင်း​သည် အဘယ်ကြောင့်​နည်း။

၁၂ ဖြောင့်မှန်ခြင်း​၏ အရေးကြီးမှုကို ယေဟောဝါ​ကျေးကျွန် လူငယ်များ​လည်း သိ​ကြသည်။ အသက် ၁၃ နှစ်အရွယ်​ရှိ​စဉ်​က ဂျဲ​နီ​သည် ကျောင်း​စာစီစာကုံး​တစ်ပုဒ်​တွင် ဤသို့​ရေးခဲ့​ဖူး​သည်– “ရိုးသား​ဖြောင့်မတ်ခြင်း​ကို ကျွန်မ​အလွန်​တန်ဖိုး​ထား​သည်။ ဝမ်းနည်းစရာမှာ ယနေ့ လူ​ရိုး​လူ​ဖြောင့် မရှိသလောက်​ဖြစ်သည်။ သို့သော် ကျွန်မ​ဘဝ​တစ်လျှောက် ရိုးသား​ဖြောင့်မတ်​မည်​ဟု ကိုယ့်​ကိုယ်ကို​ကတိပြု​ထား​ပါ​သည်။ ဟုတ်​တိုင်း​မှန်ရာ​ပြော​သည့်​အတွက် ကျွန်မ​နှင့် ကျွန်မ​၏​မိတ်ဆွေ​သူငယ်ချင်းများ​ကို လတ်တလော​အကျိုးမပြု​သည့်​တိုင် ရိုးသား​ဖြောင့်မတ်​ဖို့ ကျွန်မ​အမြဲ​ကြိုးစား​မည်။ ကျွန်မ​၏​မိတ်ဆွေ​သူငယ်ချင်းများ​သည် မှန်ရာ​ပြောဆို​သည့် ရိုးသား​ဖြောင့်မတ်​သူများ​ဖြစ်​ကြောင်း သေချာ​စေ​သည်။”

၁၃ ထို​စာစီစာကုံး​နှင့်​ပတ်သက်​၍ ဂျဲ​နီ​၏​ဆရာမ​က ဤသို့​မှတ်ချက်ချ​ခဲ့​သည်– “မင်း အသက်ငယ်​ငယ်​လေး​နဲ့ ဒီလို ကြံ့ခိုင်​တဲ့​ကိုယ်ကျင့်တရား၊ ကျင့်ဝတ်​စည်းကမ်း​တွေ​ရှိ​နေပါ​လား။ စိတ်ဓာတ်​ကြံ့ခိုင်​တဲ့​အတွက် အဲဒီ​မူ​အတိုင်း မင်း​လိုက်လျှောက်​သွားမှာ သေချာတယ်။” ဤ​ကျောင်းသူ​လေး စိတ်ဓာတ်​ကြံ့ခိုင်​ခြင်း​သည် အဘယ်ကြောင့်​နည်း။ ဂျဲ​နီ​၏​စာစီစာကုံး​နိဒါန်း​ပိုင်း​တွင် သူက သူ၏​ဘာသာ​တရား​က “[သူ့]ဘဝ​အတွက် စံနှုန်း​များ​ချမှတ်​ပေး​သည်” ဟု​ဖော်ပြ​ထား​သည်။ ထို​စာစီစာကုံး​ကို လွန်ခဲ့သော​ခု​နစ်​နှစ်​က ဂျဲ​နီ​ရေးသားခဲ့​သည်။ သူ၏​ဆရာမ မှန်းဆ​ခဲ့​သည့်​အတိုင်း ဂျဲ​နီ​သည် ယေဟောဝါသက်သေ​တစ်ဦး​အနေ​နှင့် သူ၏​ဘဝ​အသက်တာတွင် မြင့်မားသော​ကိုယ်ကျင့်တရား​စံနှုန်း​ကို ဆက်​လိုက်လျှောက်​နေဆဲ​ဖြစ်သည်။

ယေဟောဝါ​၏​ကျေးကျွန်​များ အမှန်တရား​ဖော်ပြ

၁၄။ ဘုရားသခင့်​ကျေးကျွန်​များသည် မှန်ကန်​ရာ​ကို​စွဲကိုင်​ထား​ဖို့ အလွန်​ကြီးမားသော​တာဝန်​တစ်ရပ်​ကို အဘယ်ကြောင့် ရရှိ​ထား​သနည်း။

၁၄ ယေဟောဝါသက်သေ​မဟုတ်သော အခြားသူများ​လည်း မှန်ကန်​ရာ​ကို​ပြောဆို​၍ ရိုးသား​ဖြောင့်မတ်​ကြ​ပေမည်။ သို့သော် ဘုရားသခင့်​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် အမှန်တရားကို​ထောက်ခံဖို့ အလွန်​ကြီးမားသော​တာဝန်​ရှိသည်။ ကျမ်းစာ​အမှန်တရား​ဖြစ်သည့် ထာဝရ​အသက်​သို့ ပို့ဆောင်​နိုင်သော အမှန်တရားကို ကျွန်ုပ်​တို့ ပေးအပ်​ခံရ​ကြပြီ။ ထို့​ကြောင့် ထို​အသိပညာကို သူတစ်ပါး​အား ဝေမျှပေး​ရန် ကျွန်ုပ်​တို့​၌​တာဝန်​ရှိသည်။ ယေရှု​က “အကြင်သူသည် များစွာသော​ကျေးဇူး​ကို​ခံရ​၏၊ ထို​သူသည်​အများ​ကို​ဆပ်​ရ၏” ဟု​မိန့်တော်မူ​ခဲ့​သည်။ (လုကာ ၁၂:၄၈) ဘုရားသခင်​၏ တန်ဖိုး​ဖြတ်​မရ​သော အသိပညာ​ရရှိ​ထား​သည့်​ကောင်းချီး ခံစားရ​သူများ​ထံ​မှ ‘များစွာ​တောင်းဆို’ လိမ့်​မည်​အမှန်။

၁၅။ သူတစ်ပါးကို ကျမ်းစာ​အမှန်တရား​ဝေမျှပေး​ခြင်း​မှ အဘယ်​ပျော်ရွှင်မှု​ရရှိ​သနည်း။

၁၅ သူတစ်ပါးကို ကျမ်းစာ​အမှန်တရား​ဝေမျှပေး​ခြင်း​မှ ပျော်ရွှင်မှု​ရရှိနိုင်​သည်။ ကျွန်ုပ်​တို့သည် ယေရှု၏​ပထမ​ရာစု​တပည့်​များ​နည်းတူ သတင်းကောင်းကို ကြေညာ​နေကြ​သည်၊ ထို​သတင်း​သည် “ပင်ပန်း​သည်​ဖြစ်၍ ထိန်း​သူ​မရှိဘဲ ပစ်ထား​သော​သိုး​ကဲ့သို့ ဖြစ်” သူများ​နှင့် ‘နတ်ဆိုး​တို့၏​သွန်သင်ချက်​များ’ ကြောင့် အလင်းကွယ်​၍ ဝေခွဲမရ​ဖြစ်နေ​သူများကို အားရ​ကြည်နူး​စေ​၍ မျှော်လင့်ချက်​ပေး​သည်။ (မဿဲ ၉:၃၆; ၁ တိမောသေ ၄:၂) တမန်​တော်​ယောဟန်​က “ငါ​၏​သားသမီးတို့​သည် [အမှန်]တရား၌​ကျင်လည်​သည်ကို ငါ​ကြား​၍​ဝမ်းမြောက်ခြင်း​ထက် သာ၍​ဝမ်းမြောက်ခြင်း​မရှိ” ဟု​ရေးသားခဲ့​သည်။ (၃ ယောဟန် ၄) ယောဟန်​သည် အမှန်တရား​သို့ သူ​ခေါ်ဆောင်​လာ​ခဲ့​သူများ ဖြစ်​ကောင်း​ဖြစ်​မည့် သူ၏ “သားသမီး” တို့​သစ္စာရှိ​သောကြောင့် အကြီးအကျယ်​အားရ​ရွှင်လန်း​ခဲ့​သည်။ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လူ​တို့ တန်ဖိုး​ထား​လေးမြတ်​ကြ​ခြင်း​က ကျွန်ုပ်​တို့ကို အားရ​ရွှင်လန်း​စေ​သည်။

၁၆၊ ၁၇။ (က) အမှန်တရားကို လူတိုင်း အဘယ်ကြောင့်​လက်မခံကြ​သနည်း။ (ခ) ကျမ်းစာ​အမှန်တရားကို ကြေညာ​စဉ် အဘယ်​ပျော်ရွှင်မှု​ရရှိနိုင်​သနည်း။

၁၆ လူတိုင်း အမှန်တရားကို လက်ခံ​ကြ​မည်​မဟုတ်​သည်​မှာ မှန်​၏။ ယေရှုသည် ဘုရားသခင်​အကြောင်း အမှန်တရားကို လူအများ လက်မခံကြ​သည့်​တိုင် ဟောပြော​တင်ပြ​ခဲ့​သည်။ ဂျူး​အတိုက်အခံပြု​သူများကို ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​၏– “[ငါ့ကို]အဘယ်ကြောင့်​သင်တို့ မယုံကြ​သနည်း။ ဘုရားသခင်​နှင့်​စပ်ဆိုင်​သော​သူသည် ဘုရားသခင်​၏​စကားတော်​ကို နားထောင်​တတ်၏။ သင်တို့သည် ဘုရားသခင်​နှင့်​မစပ်ဆိုင်​သောကြောင့် နားမထောင်​ကြ။”—ယောဟန် ၈:၄၆၊ ၄၇

၁၇ ကျွန်ုပ်​တို့သည် ယေရှု​ကဲ့သို့ ယေဟောဝါ​နှင့်​ပတ်သက်သော အဖိုးတန်​အမှန်တရားကို မပြော​ဘဲ​မနေကြ​ပါ။ ယေရှု၏​စကား​ကို လူတိုင်း​လက်မခံခဲ့​ကြ​သည့်​နည်းတူ ကျွန်ုပ်​တို့၏​စကား​ကိုလည်း လူတိုင်း​လက်ခံ​မည်​ဟု မမျှော်လင့်​နိုင်​ပေ။ သို့သော် မှန်ကန်​ရာ​ကို​လုပ်ဆောင်နေ​သည်​ဟူသော​အသိ​ကြောင့် ကျွန်ုပ်​တို့​ပျော်ရွှင်​နိုင်​ကြသည်။ ယေဟောဝါ​သည် ချစ်ခင်​ကြင်နာ​သောကြောင့် ကိုယ်တော်​သည် အမှန်တရားကို လူသားတို့အား သိစေလိုသည်။ အမှန်တရားကို ရရှိ​ပိုင်ဆိုင်​ထား​သူများ​အနေ​နှင့် ခရစ်ယာန်​များသည် ဤ​မှောင်မိုက်​သောလောကတွင် အလင်းဆောင်သူ​များ​ဖြစ်လာ​ကြသည်။ ကျွန်ုပ်​တို့၏​အပြောအဆို​အပြု​အမူ​များ​အားဖြင့် အမှန်တရား​အလင်း​ကို ထွန်းလင်း​စေခြင်း​ဖြင့် ကောင်းကင်​ခမည်းတော်​၏​ဂုဏ်တော်​ကို ချီးမွမ်းစရာ​ဖြစ်စေ​နိုင်​သည်။ (မဿဲ ၅:၁၄၊ ၁၆) အမှန်တရားပါ​ဟု စာတန်​အဆိုပြု​သော​အတု​အ​လိမ်​ကို ကျွန်ုပ်​တို့​ငြင်းပယ်​ပြီး စင်ကြယ်​၍ စစ်မှန်သော ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လူအများရှေ့ အတည်ပြု​ထောက်ခံ​ပြောဆို​ကြသည်။ ကျွန်ုပ်​တို့​သိရှိ​ထားပြီး သူတစ်ပါး​အား ဝေမျှ​ပြောဆို​ပေး​သော​အမှန်တရားသည် လက်ခံသူ​တို့ကို စစ်မှန်သော​လွတ်လပ်မှု ပေး​နိုင်​သည်။—ယောဟန် ၈:၃၂

ဖြောင့်မှန်​သည့်​လမ်းစဉ်​ကို လိုက်​လော့

၁၈။ ယေရှုသည် နာသနေလ​ကို အဘယ်ကြောင့်​နှင့် မည်သို့​မျက်နှာသာ​ပြ​ခဲ့​သနည်း။

၁၈ အမှန်တရားကို ယေရှု​ချစ်​မြတ်နိုး​ပြီး ယင်းကို​ဟောပြောခဲ့​သည်။ မြေကြီးပေါ်​ဓမ္မ​အမှုဆောင်​စဉ်​တွင် ကိုယ်တော်​သည် ဟုတ်​တိုင်း​မှန်ရာ​ပြောဆို​တတ်​သူများကို မျက်နှာသာ​ပြ​ခဲ့​သည်။ နာသနေလ​နှင့်​ပတ်သက်​၍ ယေရှု​က “လှည့်စားခြင်း​အပြစ်​နှင့်​ကင်းလွတ်​သော ဣသရေလလူ​စစ်​ကို​ကြည့်​လော့” ဟု​မိန့်ဆိုခဲ့သည်။ (ယောဟန် ၁:၄၇) ထို့နောက် ဗာသောလမဲ​ဟူ၍လည်း ခေါ်ဆို​ခံ​ခဲ့​ရသူ နာသနေလ​သည် တမန်​တော် ၁၂ ပါး​တွင် တစ်ဦး​ပါဝင်​ဖို့ ရွေးချယ်ခံ​ခဲ့​ရသည်။ (မဿဲ ၁၀:၂-၄) အမှန်တကယ်​ဂုဏ်ယူ​စ​ရာ​ပင်!

၁၉-၂၁။ တစ်ချိန်က မျက်မမြင်​ဖြစ်​ခဲ့​ဖူး​သူသည် သတ္တိရှိရှိ မှန်ကန်​ရာ​ကို​ပြောဆို​ခဲ့​သည့်​အတွက် မည်သို့​ကောင်းချီး​ခံစား​ခဲ့​ရသနည်း။

၁၉ ယောဟန်​ကျမ်း​အခန်းကြီး​တစ်ခန်းလုံး​တွင် ယေရှု၏​ကောင်းချီး ခံစား​ခဲ့​ရသော ရိုး​ဖြောင့်​သူ​နောက်​တစ်ဦး​အကြောင်း ဖတ်ရှု​ရသည်။ ထို​သူ၏​အမည်​ကို ကျွန်ုပ်​တို့​မသိကြ​ပါ။ သို့သော် သူသည် မွေး​ကတည်းက မျက်မမြင် သူတောင်းစား​တစ်ဦး​ဖြစ်​ကြောင်း သိရ​သည်။ သူ့ကို ယေရှု​မြင်​စေသော​အခါ လူ​တို့​အံ့အားသင့်​ခဲ့​ကြသည်။ ယေရှု​အား​ယုံကြည်သူ မည်သူ​မဆို​ကို တရား​ဇရပ်​မှ​နှင်ထုတ်ဖို့ သဘောတူ​ထား​ကြသော အမှန်တရား​မုန်းတီး​သူ ဖာရိရှဲ​အချို့​၏​နား​သို့ ဤ​အံ့ဖွယ်​ကုသမှု​သတင်း ပေါက်​ကြား​သွားခဲ့သည်။ တစ်ချိန်က မျက်မမြင်​ဖြစ်​ခဲ့​သူ၏ ကြောက်​တတ်သော​မိဘများသည် သူတို့၏​အကြံအစည်​ကို​သိထားကြ​ရာ မိမိတို့​သား​သည် အဘယ်ကြောင့် ယခု​မျက်စိ​မြင်နိုင်​သည်ကို​လည်းကောင်း၊ အဘယ်သူ​ကုသ​ပေး​သည်ကို​လည်းကောင်း မိမိတို့​မသိ​ဟု ဖာရိရှဲ​များ​အား လိမ်ညာ​ပြောဆို​ခဲ့​ကြသည်။—ယောဟန် ၉:၁-၂၃

၂၀ ထို​ကုသ​ခံရ​သူသည် ဖာရိရှဲ​များ​ရှေ့ ရောက်​ရ​ပြန်​သည်။ မည်သည့်​အကျိုးဆက်ကို​မျှ ထည့်​မ​တွက်​ဘဲ အမှန်အတိုင်း သူ​ရဲဝံ့​စွာ​ပြောဆို​ခဲ့​သည်။ သူက မိမိ​မည်သို့​ကုသ​ခံရ​ကြောင်း​နှင့် ကုသ​ပေး​သူ​မှာ ယေရှု​ဖြစ်​ကြောင်း ရှင်းပြ​ခဲ့​သည်။ ယေရှုသည် ဘုရားသခင်​ထံ​မှ​ဖြစ်​ကြောင်းကို ထင်ပေါ်​ကျော်ကြား​ပြီး ပညာတတ်​များ​ဖြစ်သော ထို​သူတို့​မယုံ​ခြင်း​ကို အလွန်​အံ့အားသင့်မိ​ရာ ကုသ​ခံရ​သူက “ထို​သူသည် ဘုရားသခင်​စေလွှတ်​တော်​မူ​သော​သူ​မဟုတ်လျှင် အဘယ်​အမှုကို​မျှ​မတတ်နိုင်” ဟူသော သိသာ​ထင်ရှား​သည့်​အချက်​ကို​လက်ခံရန် မကြောက်​မ​ရွံ့ တိုက်တွန်း​ပြောဆို​ခဲ့​သည်။ ဖာရိရှဲ​များသည် တုံ့ပြန်​ပြောဆို​နိုင်​မည့်​စကား​မရှိ​သဖြင့် ထို​သူကို ရိုင်းစိုင်း​သူ​ဟု​စွပ်စွဲ​ပြီး နှင်ထုတ်​ခဲ့​ကြသည်။—ယောဟန် ၉:၂၄-၃၄

၂၁ ထို​အကြောင်းကို ယေရှု​ကြားသိ​သောအခါ မေတ္တာ​ရှေ့​ထား၊ အချိန်​ယူပြီး ထို​သူကို လိုက်လံ​ရှာဖွေခဲ့​သည်။ သူ့ကို​တွေ့သော​အခါ ထို​မျက်မမြင်​ဖြစ်​ခဲ့​ဖူး​သူ ပြသ​ခဲ့​သည့်​ယုံကြည်ခြင်း​အပေါ်​အခြေခံ​ပြီး ယုံကြည်ခြင်း​တိုးပွား​စေ​ခဲ့​သည်။ မိမိသည် မေရှိယ​ဖြစ်​ကြောင်း ယေရှု​ပွင့်ပွင့်လင်းလင်း​ဖော်ပြ​လေ​သည်။ မှန်ရာကို​ပြောဆို​ခဲ့​သည့်​အတွက် ထို​သူ ကောင်းချီး​ခံစား​ရခြင်း​ပါ​တကား! မှန်ကန်​ရာ​ကို​ပြောဆိုသူ​များသည် ဘုရားသခင့်​မျက်နှာသာတော် အမှန်​ရမည်​ဖြစ်သည်။—ယောဟန် ၉:၃၅-၃၇

၂၂။ ဟုတ်​တိုင်း​မှန်ရာ​ပြုသော​လမ်းစဉ်​ကို ကျွန်ုပ်​တို့ အဘယ်ကြောင့်​လိုက်လျှောက်သင့်​သနည်း။

၂၂ အမှန်တရား​နှင့်​အညီ ကျင့်​ခြင်း​ကို ကျွန်ုပ်​တို့​အလေးအနက်​ထား​သင့်​သည်။ လူ​လူ​ချင်း​နှင့်​လည်းကောင်း၊ ဘုရားသခင်​နှင့်​လည်းကောင်း ဆက်ဆံ​ရေး​ကောင်း​ရှိနေ​စေရန် ယင်းသည် အခြေခံ​ဖြစ်၏။ မှန်ရာကို​ပြောဆို​ပြုမူခြင်း​သည် ပွင့်လင်း​ရိုးသားခြင်း၊ ချဉ်းကပ်​ရလွယ်​ခြင်း​နှင့် ယုံကြည်​စိတ်ချ​ရခြင်း​တို့​ဖြစ်​ပြီး ယေဟောဝါ​၏​မျက်နှာသာတော်​ကို ရရှိစေ​သည်။ (ဆာလံ ၁၅:၁၊ ၂) မမှန်မကန်​ပြောဆို​ပြုမူခြင်း​မှာ​မူ လှည့်စားခြင်း၊ စိတ်မချ​ရခြင်း​နှင့် သစ္စာမဲ့​ခြင်း​ဖြစ်​ပြီး ယေဟောဝါ​၏​အမျက်တော် ခံစား​စေ​သည်။ (သု. ၆:၁၆-၁၉) ထို့​ကြောင့် ဟုတ်​တိုင်း​မှန်ရာ​ပြုသော​လမ်းစဉ်​ကို​လိုက်လျှောက်ရန် ဆုံးဖြတ်ချက်​ချပါ။ အမှန်တရား​၏​ဘုရားသခင်​ကို ကျွန်ုပ်​တို့​တုပ​ကြ​ရန် ကျွန်ုပ်​တို့သည် အမှန်တရားကို​သိရှိ​ရမည်၊ မှန်ကန်​ရာ​ကို​ပြောဆို​ရမည်၊ အမှန်တရား​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ကြ​ရမည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ကျွန်ုပ်​တို့ အမှန်တရား​သိရှိ​ထား​သည့်​အတွက် အဘယ်ကြောင့် ကျေးဇူး​တင်​နိုင်​သနည်း။

• ဖြောင့်မှန်မှု​ရှိ​ခြင်း​တွင် ယေဟောဝါ​ကို ကျွန်ုပ်​တို့ မည်သို့​တုပ​နိုင် ကြ​မည်​နည်း။

• သူတစ်ပါးကို ကျမ်းစာ​အမှန်တရား​ဝေမျှပေး​ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ ခံစားရ​သနည်း။

• ဖြောင့်မှန်​သော​လမ်းစဉ်​ကို လိုက်လျှောက်ခြင်း​သည် အဘယ်ကြောင့် အရေးကြီး​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ကျမ်းစာ​အမှန်တရား​အပ်နှင်း​ခံရ​သော ခရစ်ယာန်​များသည် ယင်းကို အခြားသူများ​အား စိတ်အား​ထက်သန်​စွာ ဝေမျှပေး​ကြ

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ယေရှု​ကုသ​ပေး​ခဲ့​သော မျက်မမြင်​သည် မှန်ရာ​ပြောဆိုခြင်း​အတွက် ကောင်းချီး​များစွာ​ရရှိခဲ့