မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သနည်း

ကျွန်ုပ်တို့ထံမှ ယေဟောဝါ အဘယ်အရာမျှော်လင့်သနည်း

ကျွန်ုပ်​တို့​ထံ​မှ ယေဟောဝါ အဘယ်အရာ​မျှော်လင့်​သနည်း

“တရား​သဖြင့်​ပြုခြင်း၊ . . . [“ကြင်နာ​မှု၊” က​ဘ] ကို​နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချ [“ကျိုးနွံ၊” က​ဘ] သော စိတ်​နှင့် ကျင့်​နေခြင်း​မှတစ်ပါး အဘယ်​ပူဇော်[ရာ​ယဇ်]ကို ထာဝရ​ဘုရား[သခင်]တောင်း​တော်​မူ​သနည်း။”—မိက္ခာ ၆:၈

၁၊ ၂။ ယေဟောဝါ​၏​ကျေးကျွန်​အချို့​သည် အဘယ်ကြောင့် စိတ်ဓာတ်ကျ​လာ​ကြ​သနည်း၊ သို့သော် အဘယ်အရာက အကူအညီ​ဖြစ်စေ​နိုင်​သနည်း။

ဗီရာ​သည် အသက် ၇၅ နှစ်​ခန့်​ရှိပြီး ကျန်းမာ​ရေး​ချူချာ​သော သစ္စာရှိ​ခရစ်ယာန်​တစ်ဦး​ဖြစ်သည်။ “တစ်ခါ​တ​လေ အမှုဆောင်ထွက်​နေကြ​တဲ့ ကျွန်မ​ရဲ့​ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​တွေ​ကို ပြတင်းပေါက်​ကနေ တွေ့​နေ​ရတယ်။ သူတို့နဲ့အတူ ကျွန်မ​အမှုဆောင်ထွက်​ချင်​ပေမဲ့ နေမကောင်း​လို့ ယေဟောဝါ​ရဲ့​အမှုတော်ကို အကန့်အသတ်​ပဲ ထမ်းဆောင်​နိုင်တာ​မို့ မျက်ရည်ကျ​မိတယ်” ဟု​သူ​ပြောပြ​သည်။

အသင်​လည်း ထိုသို့​ခံစား​ဖူး​သလော။ အမှန်​ဆို​ရ​လျှင် ယေဟောဝါ​အား ချစ်​မြတ်နိုးသူ​အားလုံး​သည် ကိုယ်တော်​၏​နာမတော်​၌ လျှောက်လှမ်း​ပြီး ကိုယ်တော်​၏​တောင်းဆိုချက်​များနှင့်​အညီ လုပ်ဆောင်​လို​ကြသည်။ သို့သော် ကျွန်ုပ်​တို့သည် ကျန်းမာ​ရေး​ချူချာ​နေ​မည်၊ အသက်အရွယ်​ကြီးရင့်​နေ​မည်၊ သို့​မဟုတ် မိသားစု​တာဝန်​များ​ရှိနေ​မည်​ဆိုလျှင်​ကော အသို့နည်း။ ဤသို့​သော​အခြေအနေ​များ​ကြောင့် ဘုရားသခင်​၏​အမှုတော်တွင် ကျွန်ုပ်​တို့​ထမ်းဆောင်​ချင်​သလော​က် မ​ထမ်းဆောင်​နိုင်​သည့်​အတွက် အတန်​အရာ​စိတ်ဓာတ်ကျ​ပေမည်။ ကျွန်ုပ်​တို့၏​အခြေအနေ​သည် ဤသို့​ဖြစ်​မည်​ဆိုလျှင် မိက္ခာကျမ်း​အခန်းကြီး ၆ နှင့် ၇ ကို သုံးသပ်ခြင်း​ဖြင့် အလွန်​အားတက်လာ​နိုင်​ပေ​သည်။ ယေဟောဝါ​၏​တောင်းဆိုချက်​များသည် အကျိုးသင့်အကြောင်းသင့်​ရှိ​ရုံ​မ​က လက်လှမ်းမီ​နိုင်​ကြောင်း ဤ​အခန်းကြီး​များ​က ဖော်ပြ​သည်။

ဘုရားသခင်​သည် မိမိ၏​လူမျိုးတော်ကို ဆက်ဆံပုံ

၃။ ပုန်ကန်​သော​ဣသရေလ​လူမျိုး​ကို ယေဟောဝါ မည်သို့​ဆက်ဆံ​သနည်း။

ဦးစွာ မိက္ခာ ၆:၃-၅ ကို​ဖတ်​ပြီး ယေဟောဝါ​သည် မိမိ၏​လူမျိုးတော်ကို မည်သို့​ဆက်ဆံ​ကြောင်း သတိပြု​ကြ​စို့။ မိက္ခာ​ခေတ်​ရှိ ဣသရေလ​လူမျိုး​သည် ပုန်ကန်​ကြသည်​ကို သတိရပါ။ သို့​တိုင် ယေဟောဝါ​က “အို​ငါ​၏​လူမျိုး” ဟူ၍ သူတို့ကို သနား​ကြင်နာ​စွာ ခေါ်ဆို​သည်။ ကိုယ်တော်​က ‘အို​ငါ​၏​လူမျိုး . . . [“ကျေးဇူးပြု​၍၊” က​ဘ] အောက်မေ့ပါ’ ဟု​တောင်းပန်​၏။ သူတို့ကို ကိုယ်တော်​ကြမ်းတမ်း​စွာ အပြစ်တင်​ပြောဆို​မည့်​အစား “သင့်ကို အဘယ်​သို့​ငါ​ပြု​ဖူး​သနည်း” ဟု​မေး​ခြင်း​ဖြင့် သူတို့​နှလုံးကို​ထိမိဖို့ ကြိုးစား​ခဲ့​သည်။ ကိုယ်တော့်​တစ်ဖက်၌ “သက်သေခံ” ဖို့​ပင် တိုက်တွန်း​လိုက်​သေး​သည်။

၄။ ဘုရားသခင်​၏​သနား​ကြင်နာ​မှု ပုံသက်သေ​သည် ကျွန်ုပ်​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​သင့်​သနည်း။

ကျွန်ုပ်​တို့အားလုံး​အတွက် ဘုရားသခင်​ပြ​ခဲ့​သော ပုံသက်သေ​ပါ​တကား! ကိုယ်တော်​သည် မိက္ခာ​ခေတ်​ရှိ ပုန်ကန်​သူ ဣသရေလ​နှင့် ယုဒ​လူမျိုး​တို့ကို “ငါ​၏​လူမျိုး” ဟု​ပင် သနား​ကြင်နာ​စွာ ခေါ်ဆို​ပြီး သူတို့အား တိုက်ရိုက်​စကားပြော​ဆို​စဉ် “ကျေးဇူးပြု​၍” ဟူသော​စကားလုံး​ကို အသုံးပြု​ခဲ့​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် အသင်းသားများ​နှင့် ဆက်ဆံ​ရာ​တွင် သနား​ကြင်နာ​ထောက်ထား​စာနာမှု အမှန်ပင်​ပြ​သင့်​၏။ မှန်ပါသည်၊ အချို့​သူများ​နှင့် ပေါင်းသင်း​ရ​ခက်​ပေမည်၊ သို့​မဟုတ် ဝိညာဉ်​ရေး​အားနည်းနေ​ပေမည်။ သို့သော် ယေဟောဝါ​ကို သူတို့​ချစ်​မည်​ဆိုလျှင် သူတို့ကို ကျွန်ုပ်​တို့​ကူညီပေး​လို​ပြီး သနား​ကြင်နာ​မှု​ပြ​လို​ကြသည်။

၅။ မိက္ခာ ၆:၆၊ ၇ တွင်​အဘယ်​အခြေခံ​အချက်​ကို ဖော်ပြ​ထား​သနည်း။

ယခု မိက္ခာ ၆:၆၊ ၇ ကို​ဆက်​ကြည့်​ကြ​စို့။ မိက္ခာ​သည် မေးခွန်းများကို ဤသို့​ဆက်တိုက်​မေးခဲ့သည်– ‘ငါသည် ထာဝရ​ဘုရားသခင်​ရှေ့တော်​သို့ အဘယ်​ပူဇော်ရာ​ယဇ်​ပါ​လျက် ချဉ်းကပ်​၍ အမြင့်ဆုံး​သော ဘုရားသခင့်​ရှေ့တော်၌ ကိုးကွယ်​ရမည်​နည်း။ မီးရှို့​ရာ​ယဇ်နှင့် အခါ​လည်​သော​နွား​သ​ငယ်​တို့ကို​ဆောင်​လျက် ချဉ်းကပ်​ရမည်​လော။ ထာဝရ​ဘုရားသခင်​သည် သိုးထီး​တစ်ထောင်၊ ဆီ​မြစ်​တစ်​သောင်း​ကို အားရ​နှစ်သက်​တော်​မူ​မည်​လော။ ငါ့​လွန်ကျူးခြင်း​အတွက် ငါ​၏​သားဦး​ကိုလည်း​ကောင်း၊ ငါ့​စိတ်​ဝိညာဉ်​၏​အပြစ်​အတွက် ငါ​၏​ရင်သွေး​ကိုလည်း​ကောင်း ပူဇော်​ရမည်​လော။’ “သိုးထီး​တစ်ထောင်၊ ဆီ​မြစ်​တစ်​သောင်း” ကို​ယေဟောဝါ အားရ​နှစ်သက်​နိုင်​မည်​မဟုတ်​ချေ။ သို့သော် ကိုယ်တော် အားရ​နှစ်သက်​နိုင်​မည့်​အရာ ရှိပါ​သည်။ ၎င်း​ကား အဘယ်နည်း။

ကျွန်ုပ်​တို့ တရား​မျှတမှု​ရှိ​ရမည်

၆။ မိက္ခာ ၆:၈ တွင်​ဖော်ပြ​ထားသော ဘုရားသခင်​တောင်းဆိုချက်​သုံးချက်​ကား အဘယ်နည်း။

မိက္ခာ ၆:၈ တွင်​ကျွန်ုပ်​တို့​ထံ​မှ ယေဟောဝါ အဘယ်အရာ​မျှော်လင့်​ကြောင်း သိရှိ​ရသည်။ မိက္ခာ​က ဤသို့​မေး​သည်– “တရား​သဖြင့်​ပြုခြင်း၊ [“ကြင်နာ​မှု၊” က​ဘ] ကို​နှစ်သက်ခြင်း၊ သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချ [“ကျိုးနွံ၊” က​ဘ] သော​စိတ်​နှင့်​ကျင့်​နေခြင်း​မှတစ်ပါး အဘယ်​ပူဇော်[ရာ​ယဇ်]ကို ထာဝရ​ဘုရား[သခင်]တောင်း​တော်​မူ​သနည်း။” ဤ​တောင်းဆိုချက်​သုံးချက်​သည် ကျွန်ုပ်​တို့၏​ခံစား​ပုံ၊ တွေးတောပုံ၊ လုပ်ဆောင်ပုံ​တို့​နှင့်​ပတ်သက်​၏။ အဆိုပါ​အရည်အသွေးများ​ကို ဖော်ပြ​လို​စိတ်​ရှိ​ရမည်၊ မည်သို့​ဖော်ပြ​မည်​ကို တွေးတော​ရမည်၊ ယင်း​တို့ကို​တင်ပြ​ရန် လုပ်ဆောင်​ရမည်။ ဤ​တောင်းဆိုချက်​သုံးချက်​ကို တစ်ချက်​ချင်း​စီ သုံးသပ်ကြည့်​ကြ​စို့။

၇၊ ၈။ (က) “တရား​သဖြင့်​ပြုခြင်း” ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။ (ခ) မိက္ခာ​ခေတ်တွင် အဘယ်​မတရားမှုများ ပြည့်နှက်​နေသနည်း။

“တရား​သဖြင့်​ပြုခြင်း” ဟူသည် မှန်ကန်​ရာ​လုပ်ဆောင်ခြင်း​ကို ဆိုလို​သည်။ ဘုရားသခင်​လုပ်ဆောင်​နည်း​မှာ တရား​မျှတမှု​စံနှုန်း​ဖြစ်သည်။ သို့သော် မိက္ခာ​နှင့်​တစ်ခေတ်​တည်း​သားများ​သည် တရား​မျှတမှု​မရှိဘဲ မတရား​ပြုကျင့်​ကြသည်။ အဘယ်​နည်းများဖြင့်​နည်း။ မိက္ခာ ၆:၁၀ ကို​သုံးသပ်ကြည့်​ပါ။ ၎င်း​အခန်းငယ်​၏​အဆုံးပိုင်း​တွင် ကုန်သည်​များသည် အလွန်​သေးငယ်​သည့် “ရွံရှာဖွယ်​သော တင်း​တောင်း​ငယ်” ကို​အသုံးပြု​ကြသည်​ဟု ဖော်ပြ​ထား​၏။ သူတို့သည် “စဉ်းလဲ​သော​အလေး​အိတ်” ကို​အသုံးပြု​ကြသည်​ဟု​လည်း အခန်းငယ် ၁၁ က​ထပ်ဆင့်​ဆို​၏။ ထို့​ပြင် အခန်းငယ် ၁၂ အရ ‘သူတို့​လျှာ​သည် မုသာ​ဖြစ်၏။’ သို့​ဖြစ်၍ မိက္ခာ​ခေတ်​က စီးပွားရေး​လောကတွင် မ​မှန်ကန်သော​တင်း​တောင်း၊ အလေးချိန်၊ မုသား​စကား​တို့ ပြည့်နှက်​နေသည်။

မတရားမှုကို ဈေး​တွင်​သာ တွေ့ရ​သည်မဟုတ်။ တရားရုံး​တွင်​လည်း ထို​အတိုင်း​ပင်​ဖြစ်၏။ “မင်း​သည် လက်ဆောင်​ကို တောင်း​တတ်၏။ တရားသူကြီး​သည် တံစိုး​ကို စား​တတ်၏” ဟု​မိက္ခာ ၇:၃ က​ဖော်ပြ​သည်။ အပြစ်မဲ့​သူများကို မတရား​စီရင်​ရန် တရားသူကြီး​များ​အား တံစိုး​လက်ဆောင်​များ​ပေး​လေ့​ရှိသည်။ “သူတစ်ပါး​ထက်​ကြီးသော​သူ” သို့​မဟုတ် ဩဇာ​အရှိန်အဝါ​ရှိသူ​သည် ရာဇဝတ်မှု​များ​တွင် ပါဝင်​ပတ်သက်​နေ​၏။ အမှန်​ဆို​ရ​လျှင် မင်း၊ တရားသူကြီး​နှင့် သူတစ်ပါး​ထက်​ကြီးသော​သူတို့သည် သူတို့၏​ဆိုးညစ်သော အမူအကျင့်များ​ကို လိမ်ယှက် “ရှုပ်” ထွေး​စေ​တတ်​သည်၊ သို့​မဟုတ် ညှိနှိုင်း​ဆောင်ရွက်​တတ်ကြ​သည်​ဟု​ဆို​၏။

၉။ ဆိုးညစ်သူ​များ​၏ မတရားမှု​ကြောင့် ယုဒ​နှင့်​ဣသရေလ​နိုင်ငံ​များ​အပေါ် အဘယ်​ဆိုးကျိုး​များ​သက်ရောက်​ခဲ့​သနည်း။

ဆိုးညစ်သော​ခေါင်းဆောင်​များ​၏ မတရားမှုများ​ကြောင့် ယုဒ​နှင့်​ဣသရေလ​နိုင်ငံ​ရှိသူ​အားလုံး ဆိုးကျိုး​များ​ခံစား​ခဲ့​ကြ​ရသည်။ တရား​မျှတမှု​မရှိသော​ကြောင့် အပေါင်းအသင်း​များ၊ လူယုံ​တော်​များနှင့် အိမ်ထောင်ဖက်​များ​ကြား​၌​ပင် ယုံကြည်​စိတ်ချမှု​ကင်းမဲ့​နေကြောင်း မိက္ခာ ၇:၅ က​ဆို​၏။ ယင်းကြောင့် သား​နှင့်​အဖ၊ သမီး​နှင့်​အမိ​တို့​ကဲ့သို့ ဆွေမျိုးရင်းချာ​များ​ပင် တစ်ဦး​ကိုတစ်​ဦး အထင်အမြင်​သေး​ကြသည်​ဟု အခန်းငယ် ၆ က​ဖော်ပြ​သည်။

၁၀။ မျက်မှောက်ခေတ် တရား​မျှတမှု​မရှိသော​ဝန်းကျင်​တွင် ခရစ်ယာန်​များသည် မည်သို့​ကျင့်ကြံ​ပြုမူ​နေကြ​သနည်း။

၁၀ ယနေ့​ကော အသို့နည်း။ ထပ်တူ​အခြေအနေ​မျိုးကို ကျွန်ုပ်​တို့ တွေ့မြင်​နေရ​သည်မဟုတ်​လော။ မိက္ခာ​နည်းတူ ကျွန်ုပ်​တို့​ဝန်းကျင်​တွင် မတရားမှု၊ အယုံအကြည်​ကင်းမဲ့မှု၊ လူမှုရေး​နှင့် မိသားစု​ဘဝ​ပြိုကွဲမှု​တို့ကို တွေ့​နေကြ​ရသည်။ သို့​တိုင် မဖြောင့်မတ်​သော​ဤ​လောကတွင် နေထိုင်​နေကြ​ရသော ဘုရားသခင်​၏​ကျေးကျွန်​များ​အနေ​ဖြင့် ကျွန်ုပ်​တို့သည် ဤ​လောက​၏​မတရားသော​စိတ်ဓာတ်​ကို ခရစ်ယာန်​အသင်းတော်​ထဲ စိမ့်ဝင်​ခွင့်​မပြု​ကြ​ချေ။ ထိုသို့​ဖြစ်စေ​မည့်​အစား ရိုးသား​ဖြောင့်မတ်ခြင်း၊ သမာဓိ​စောင့်သိ​ခြင်း​နှင့်​ဆိုင်သော မူ​တို့ကို စောင့်ထိန်း​ရန် ကြိုးစား​ကြသည်၊ ကျွန်ုပ်​တို့၏​နေ့စဉ်​ဘဝ​အသက်တာတွင်​လည်း ၎င်းတို့ကို တင်ပြ​နေကြ​သည်။ “အရာ​ရာ​တို့​၌ ကောင်းမွန်​စွာ​ကျင့်” ရန် ကျွန်ုပ်​တို့​ကြိုးစား​ကြ​၏။ (ဟေဗြဲ ၁၃:၁၈) ကျွန်ုပ်​တို့သည် တရား​မျှတ​စွာ​ကျင့်ကြံ​ကြ​ခြင်း​ဖြင့် စစ်မှန်သော​ယုံကြည်​စိတ်ချမှု​ရှိ ညီအစ်ကို​အသင်းအပင်း​တွင် ကောင်းချီး​များစွာ ခံစား​နေကြ​ရသည်​မဟုတ်ပေ​လော။

‘ယေဟောဝါ​၏​ဟစ်ခေါ်​သံ’ ကို လူ​တို့ မည်သို့​ကြားကြ​သနည်း

၁၁။ မိက္ခာ ၇:၁၂ သည် မည်သို့​ပြည့်စုံ​နေသနည်း။

၁၁ တရား​မျှတမှု​မရှိ​လင့်​ကစား လူမျိုးအပေါင်း တရား​မျှတမှုကို ခံစားရ​လိမ့်​မည်​ဟု မိက္ခာ​ပရောဖက်ပြု​၏။ ပရောဖက်​က လူများ​သည် “ပင်လယ်​ကမ်း​နား​အရပ်ရပ်၊ တောင်​ခြေရင်း​အရပ်ရပ်​တို့​မှ” စုသိမ်း​ခံရ​ကာ ယေဟောဝါ​အား ဝတ်ပြု​ကိုးကွယ်​သူများ​ဖြစ်လာ​ကြလိမ့်​မည်​ဟု ကြိုဟော​သည်။ (မိက္ခာ ၇:၁၂) ယနေ့ ဤ​ပရောဖက်ပြုချက်​၏ နောက်ဆုံး​ပြည့်စုံချက်​တွင် လူမျိုး​တစ်မျိုးတည်း​မဟုတ်ဘဲ လူမျိုးအပေါင်း​မှ​သူတို့သည် မျက်နှာ​မလိုက်သော ဘုရားသခင်​၏​တရား​မျှတမှု​အကျိုးကို ခံစား​နေကြ​ရသည်။ (ဟေရှာယ ၄၂:၁) ယင်းသည် မှန်ကန်ကြောင်း မည်သို့​ထင်ရှား​သနည်း။

၁၂။ ယနေ့ ‘ထာဝရ​ဘုရားသခင်​၏​ဟစ်ခေါ်​သံ’ ကို​မည်သို့​ကြား​ရသနည်း။

၁၂ အဖြေ​ရ​ရန် မိက္ခာ​၏​အစောပိုင်း​စကား​များ​ကို သုံးသပ်ကြည့်​ပါ။ မိက္ခာ ၆:၉ တွင်​ဤသို့​ဖော်ပြ​၏– ‘ထာဝရ​ဘုရားသခင်​၏​နှုတ်မြွက်တော်​သည် မြို့ကို​ဟစ်ခေါ်​တော်​မူ​၏။ ပညာရှိ​သော​သူသည် နာမတော်​ကို ကြောက်ရွံ့​ရ၏။’ လူမျိုးအပေါင်း​မှ​လူတို့သည် ‘ထာဝရ​ဘုရားသခင်​၏​ဟစ်ခေါ်​သံ’ ကို​မည်သို့​ကြား​ရ​ကြ​သနည်း၊ ယင်းက ကျွန်ုပ်​တို့ တရား​မျှတမှု​ရှိ​ခြင်း​နှင့် မည်သို့​သက်ဆိုင်​သနည်း။ ယနေ့ လူတို့သည် ဘုရားသခင်​၏​ပကတိ​အသံတော်​ကို မကြား​ရ​ကြ​ပေ။ သို့ရာတွင် ကျွန်ုပ်​တို့၏ ကမ္ဘာချီ​ဟောပြောခြင်း​လုပ်ငန်း​အားဖြင့် လူ​အမျိုးအနွယ်​အသီးသီး၊ ဘဝ​အဆင့်အတန်း​အမျိုးမျိုး​မှ လူတို့သည် ယေဟောဝါ​၏​အသံတော်​ကို ကြားနေ​ကြ​ရ၏။ ယင်းကြောင့် ကြားနာသူ​များသည် ‘ဘုရားသခင်​၏​နာမတော်​ကို ကြောက်ရွံ့’ ခန့်ညား​လေးစား​ကြ​၏။ စိတ်​ထက်သန်​သော ဘုရားသခင့်​နိုင်ငံတော်​ကြွေးကြော်​သူများ​အဖြစ် အမှုဆောင်ခြင်း​အားဖြင့် ကျွန်ုပ်​တို့သည် တရား​မျှတ​စွာ၊ မေတ္တာပါ​စွာ ပြုမူ​နေကြ၏။ ကျွန်ုပ်​တို့သည် မျက်နှာမလိုက်​ဘဲ ဘုရားသခင်​၏​နာမတော်​ကို လူတိုင်း​ကြားသိ​စေခြင်း​အားဖြင့် “တရား​သဖြင့်​ပြု” ကြသည်။

ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​နှစ်သက်​ရမည်

၁၃။ ချစ်ခင်​ကြင်နာ​မှု​နှင့် ချစ်ခြင်း​မေတ္တာ​တို့၏ ကွာခြား​ချက်​ကား အဘယ်နည်း။

၁၃ မိက္ခာ ၆:၈ တွင်​ဖော်ပြ​ထားသော ဒုတိယ​တောင်းဆိုချက်​ကို ဆက်​ဆွေးနွေး​ကြ​စို့။ ယေဟောဝါ​သည် ကျွန်ုပ်​တို့အား “ကြင်နာ​မှု​ကို နှစ်သက်” စေ​လို​၏။ “ကြင်နာ​မှု” ဟု​ပြန်ဆို​ထား​သည့် ဟေဗြဲ​စကားလုံး​ကို “ချစ်ခင်​ကြင်နာ​မှု၊” သို့​မဟုတ် “တည်ကြည်သော​မေတ္တာ” ဟူ၍လည်း ပြန်ဆို​သည်။ ချစ်ခင်​ကြင်နာ​မှု​ဟူသည် သူတစ်ပါးကို စိတ်ဝင်စား​ပြီး စာနာ​ထောက်ထား​ခြင်း​ဖြစ်သည်။ ချစ်ခင်​ကြင်နာ​မှု​နှင့် ချစ်ခြင်း​မေတ္တာ မတူ​ချေ။ မည်သို့​အားဖြင့်​နည်း။ ချစ်ခြင်း​မေတ္တာ​ဟူသော စကားလုံး​သည် အဓိပ္ပာယ်​ပို​ကျယ်ပြန့်​ပြီး အရာဝတ္ထု​များ၊ အယူအဆ​များနှင့် ဆက်စပ်​ပြီး အသုံးပြုနိုင်​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​က “လောကကို​ချစ်သော​သူ” အကြောင်း​ဖော်ပြ​ထား​သည်။ (၁ ယောဟန် ၂:၁၅) ချစ်ခင်​ကြင်နာ​မှု​ကို​ကား လူ​တို့​နှင့်၊ အထူးသဖြင့် ဘုရားသခင့်​အမှုတော်ထမ်း​သူတို့နှင့် အမြဲ​တွဲ​သုံး​သည်။ ထို့​ကြောင့် ယေဟောဝါ​ဘုရားသခင်​ကို ဝတ်ပြု​ကိုးကွယ်​ခဲ့​သူ “အာဗြဟံ​အား ချစ်ခင်​ကြင်နာ​မှု​ပြ” သည်​ဟု မိက္ခာ ၇:၂၀ [က​ဘ] က​ဆို​၏။

၁၄၊ ၁၅။ ချစ်ခင်​ကြင်နာ​မှု​ကို မည်သို့​ပြသ,သနည်း၊ အဘယ်​သာဓက​ကို ဖော်ပြ​ထား​သနည်း။

၁၄ မိက္ခာ ၇:၁၈ [က​ဘ] အရ ဘုရားသခင်​သည် “ချစ်ခင်​ကြင်နာ​မှု​၌ မွေ့လျော်” ၏​ဟု ပရောဖက်​က ဆို​သည်။ မိက္ခာ ၆:၈ ၌​ကျွန်ုပ်​တို့သည် ချစ်ခင်​ကြင်နာ​မှု​ပြ​ရုံ​မျှ​မ​က ထို​အရည်အသွေးကို ချစ်​မြတ်နိုး​ရမည်ဟု ဆို​ထား​သည်။ အဆိုပါ​ကျမ်းချက်​များ​မှ အဘယ်အရာ​သိရှိ​ရသနည်း။ ချစ်ခင်​ကြင်နာ​မှု​ကို ကျွန်ုပ်​တို့​ပြ​လို​ကြ​ရာ ၎င်းကို​တလိုတလား အကန့်အသတ်မဲ့ တင်ပြ​ကြသည်။ ယေဟောဝါ​နည်းတူ ကျွန်ုပ်​တို့သည် လိုအပ်​နေ​သူများကို ချစ်ခင်​ကြင်နာ​မှု​ပြ​ရန် ပျော်ရွှင်​အားရ​ကြ​၏။

၁၅ ယနေ့ ဤသို့​သော​ချစ်ခင်​ကြင်နာ​မှု​သည် ဘုရားသခင့်​လူမျိုး၏ အမှတ်အသား​တစ်ခု​ဖြစ်၏။ သာဓက​တစ်ခု​ကို သုံးသပ်ကြည့်​ပါ။ ၂၀၀၁၊ ဇွန်လ​၌ ယူ.အက်စ်.အေ. တက္ကဆက်​ပြည်နယ်​တွင် အပူပိုင်း​မုန်တိုင်း​ကြောင့် အကြီးအကျယ်​ရေလွှမ်းမိုး​ခဲ့​ရာ ယေဟောဝါသက်သေ​များ​၏ ရာ​နှင့်​ချီ​အိမ်များ​အပါအဝင် ထောင်နှင့်ချီ​အိုးအိမ်​များ ပျက်စီး​ခဲ့​သည်။ သက်သေခံ ၁၀,၀၀၀ ခန့်​သည် မိမိတို့၏ လိုအပ်​နေသော ခရစ်ယာန်​ညီအစ်ကို​များ​ကို ကူညီပေး​ရန် ကိုယ်ပိုင်​အချိန်​နှင့်​ခွန်အား​ကို တလိုတလား အခမဲ့​ပေးဆက်​ခဲ့​ကြ​၏။ စေတနာ့​ဝန်ထမ်း​များသည် ဘုရားသခင့်​နိုင်ငံတော်​ခန်းမ ၈ ခု​နှင့် ခရစ်ယာန်​ညီအစ်ကို​များ​၏​အိမ် ၇၀၀ ကျော်​ကို ပြန်လည်​တည်ဆောက်​ပေး​ရန် သူတို့၏​နေ့​များ၊ ည​များ၊ သတ္တပတ်​ကုန်​ရက်​များ​ကို​သုံး​လျက် မ​နား​မနေ ခြောက်​လ​ကျော်​ကျော် လုပ်ဆောင်ခဲ့​ကြသည်။ ဤ​ဆောက်လုပ်ရေး​တွင် မပါဝင်နိုင်​သူများ​သည် စားစရာ၊ အသုံးအဆောင်​ပစ္စည်း​များနှင့် ငွေကြေး​တို့ကို လှူဒါန်းခဲ့​ကြသည်။ အဆိုပါ​ထောင်နှင့်ချီ​သက်သေခံ​အားလုံး​သည် သူတို့၏​ညီအစ်ကို​များ​ကို အဘယ်ကြောင့် ကူညီပေး​ခဲ့​ကြ​သနည်း။ အကြောင်း​မှာ သူတို့သည် “ကြင်နာ​မှု​ကို နှစ်သက်” ကြသော​ကြောင့်​ဖြစ်သည်။ ဤ​ကဲ့သို့​သော​ချစ်ခင်​ကြင်နာ​မှု​ကို ကမ္ဘာ​တစ်ဝန်း​ရှိ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ ပြသ​နေကြောင်း သိရှိ​ရခြင်း​သည် တကယ်​ကို​ဝမ်းသာ​အားရစရာ​ပင်! မှန်ပါသည်၊ “ကြင်နာ​မှု​ကို နှစ်သက်” ပါ​ဟူသော တောင်းဆိုချက်​နှင့်​အညီ​ပြုလုပ်ခြင်း​သည် ဝန်ထုပ်ဝန်ပိုး​တစ်ခု​မဟုတ်ဘဲ ရွှင်လန်းစရာ​ဖြစ်၏!

ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရာ​တွင် ကျိုးနွံ​မှု​ရှိပါ

၁၆။ ဘုရားသခင်​နှင့်​လျှောက်လှမ်း​ရာ​တွင် ကျိုးနွံ​မှု​လိုအပ်ကြောင်း အလေးအနက်​ဖော်ပြ​ရန် အဘယ်​ဥပမာ​က ထောက်ကူ​ပေး​သနည်း။

၁၆ မိက္ခာ ၆:၈ တွင်​တွေ့ရ​သည့် တတိယ​တောင်းဆိုချက်​မှာ “သင်၏​ဘုရားသခင့်​ရှေ့တော်၌ နှိမ့်ချ [“ကျိုးနွံ”၊ က​ဘ] သော​စိတ်​နှင့်​ကျင့်” ရန်ဖြစ်​သည်။ ဆိုလိုသည်မှာ ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို အသိအမှတ်​ပြုပြီး ဘုရားသခင်​ကို မှီခို​အားထားခြင်း​ဖြစ်၏။ ဥပမာ၊ မုန်တိုင်း​ကြား ဖခင်​၏​လက်ကို တင်းကျပ်​စွာ​ဆုပ်ကိုင်​ထားပြီး လျှောက်လှမ်း​နေသည့် ကလေး​မ​လေး​ကို တဒင်္ဂ​မြင်ယောင်​ကြည့်​လိုက်ပါ။ ဤ​ကလေး​မ​သည် မိမိ၏​ခွန်အား အကန့်အသတ်​သာ​ရှိကြောင်း ကောင်းစွာ​သိ​သည်၊ သို့သော် ဖခင်​အပေါ် ယုံကြည်​စိတ်ချမှု​ရှိ၏။ ထို​နည်းတူ ကျွန်ုပ်​တို့​လည်း မိမိတို့၏​ကန့်သတ်ချက်​များ​ကို အသိအမှတ်​ပြုပြီး ကောင်းကင်​ခမည်းတော်​ကို ယုံကြည်​စိတ်ချ​ရမည်။ ဤ​ယုံကြည်​စိတ်ချမှု​ကို မည်သို့​ဆက်​ထိန်းထား​နိုင်​မည်​နည်း။ တစ်နည်း​ကား ဘုရားသခင်​နှင့် တရင်းတနှီး​ရှိ​ခြင်း​သည် အဘယ်ကြောင့်​ပညာရှိ​ကြောင်း စိတ်ထဲ​စွဲမှတ်​ထားခြင်း​ဖြင့်​ဖြစ်သည်။ ယေဟောဝါ​သည် ကျွန်ုပ်​တို့၏ ကယ်တင်ရှင်၊ လမ်းညွှန်​ရှင်၊ ကာကွယ်​ရှင်​ဖြစ်သည်​ဟူသော အချက်​သုံးချက်​ကို မိက္ခာ အမှတ်ရ​စေ​သည်။

၁၇။ ယေဟောဝါ​သည် မိမိ၏​ရှေးခေတ်​လူမျိုးတော်ကို မည်သို့​ကယ်​တင်၍ လမ်းညွှန်​ပေး​ကာ ကာကွယ်​ခဲ့​သနည်း။

၁၇ မိက္ခာ ၆:၄၊ ၅ အရ၊ “သင့်ကို အဲဂုတ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့ပြီ” ဟု​ဘုရားသခင်​မိန့်ဆို​၏။ မှန်ပါသည်၊ ယေဟောဝါ​သည် ဣသရေလ​လူမျိုး၏​ကယ်တင်ရှင်​ဖြစ်​တော်​မူ​၏။ ယေဟောဝါ​က ဤသို့​ထပ်ဆင့်​ဆို​သည်– “သင့်​ရှေ့မှာ မောရှေ၊ အာရုန်၊ မိရိအံ​တို့ကို ငါ​စေလွှတ်​လေ​ပြီ။” မောရှေ​နှင့် အာရုန်​တို့ကို အသုံးပြု၍ ထို​လူမျိုး​ကို လမ်းညွှန်​ပေး​ခဲ့​သည်၊ မိရိအံ​မူ​ကား ဣသရေလ​အမျိုးသမီးများ​ကို အောင်ပွဲခံ​အ​က​တွင် ဦးဆောင်​ပေး​ခဲ့​သည်။ (ထွက်မြောက်ရာ ၇:၁၊ ၂; ၁၅:၁၊ ၁၉-၂၁; တရားဟောရာ ၃၄:၁၀) ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​အားဖြင့် လမ်းညွှန်​ပေး​ခဲ့​သည်။ ယေဟောဝါ​သည် ဣသရေလ​လူမျိုး​ကို ဗာလက်​နှင့်​ဗာလမ်​တို့​လက်​မှ ကာကွယ်​ပေး​ခဲ့​ကြောင်း​နှင့် သူတို့၏​နောက်​ခရီးစဉ်​ဖြစ်သည့် မောဘ​ပြည်၊ ရှိတ္တိမ်​မြို့မှ ကတိထားရာပြည်၊ ဂိလဂါလ​မြို့​သို့​သွားစဉ် လမ်းတစ်လျှောက်​လုံး စောင့်ရှောက်​ပေး​ခဲ့​ကြောင်း သူတို့ကို ယေဟောဝါ​အမှတ်ရ​စေ​သည်။

၁၈။ ယနေ့ ဘုရားသခင်​သည် ကျွန်ုပ်​တို့၏ ကယ်တင်ရှင်၊ လမ်းညွှန်​ရှင်၊ ကာကွယ်​ပေးရှင်​အဖြစ် မည်သို့​လုပ်ဆောင်ပေး​သနည်း။

၁၈ ဘုရားသခင်​နှင့်အတူ ကျွန်ုပ်​တို့​သွားလာ​ကြ​စဉ် ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို စာတန်​လောက​မှ ကယ်နုတ်​၍ သမ္မာကျမ်းစာ​နှင့် ကိုယ်တော်​၏​အဖွဲ့အစည်း​အားဖြင့် လမ်းညွှန်​ပေး​ကာ အတိုက်အခံပြု​သူများ​နှင့်​ရင်ဆိုင်​ကြ​ရသည့်​အခါ အုပ်စု​လိုက်​အနေ​နှင့် ကာကွယ်​ပေး​၏။ ဤနည်းဖြင့် ရှေး​ကတိထားရာ​ပြည်တော်​ထက် များစွာ​သာလွန်​ကောင်းမွန်​သည့် ဘုရားသခင်​၏​ဖြောင့်မတ်​သော​ကမ္ဘာသစ်​ထဲ​သို့ နောက်ဆုံး​ခရီးစဉ်​၏ မုန်တိုင်းထန်​ချိန်​တွင် ကောင်းကင်​ခမည်းတော်​နှင့်အတူ ကျွန်ုပ်​တို့​လျှောက်လှမ်း​နေစဉ် ကိုယ်တော်​၏​လက်ကို တင်းကျပ်​စွာ​ဆုပ်ကိုင်​ထား​ရန် အကြောင်းကောင်း​များစွာ​ရှိသည်။

၁၉။ ကျိုးနွံ​မှု​သည် မည်သည့်​နည်းဖြင့် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များနှင့် ဆက်နွှယ်​သနည်း။

၁၉ ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ရာ​တွင် ကျိုးနွံ​မှု​ရှိ​ခြင်း​သည် ကျွန်ုပ်​တို့၏​အခြေအနေ​ကို အရှိအတိုင်း​ရှုမြင်​တတ်​စေ​သည်။ ဤသို့​ရှုမြင်​ရခြင်း​မှာ ကျိုးနွံ​မှု​ပြ​ခြင်း​တွင် ကျွန်ုပ်​တို့၏​ကန့်သတ်ချက်​များ​ကို သိရှိခြင်း​ပါဝင်ခြင်း​ကြောင့်​ဖြစ်၏။ အသက်အရွယ်​ကြီးရင့်​လာ​ခြင်း သို့​မဟုတ် ကျန်းမာ​ရေး​ချို့တဲ့ခြင်း​တို့​ကြောင့် ယေဟောဝါ​လုပ်ငန်းတော်တွင် ကျွန်ုပ်​တို့၏​လုပ်ဆောင်မှု လျော့နည်း​သွားပေ​မည်။ ယင်းကြောင့် စိတ်ပျက်​အားလျော့​မည့်​အစား ဘုရားသခင်​သည် “မတတ်နိုင်​သော​အမှုကို​မ​ထောက်​ဘဲ၊ တတ်နိုင်​သော​အမှုကို​ထောက်၍” ကျွန်ုပ်​တို့၏​ကြိုးစား​အားထုတ်မှု​များနှင့် ပူဇော်ရာ​များ​ကို နှစ်သက်​လက်ခံ​တော်​မူ​ကြောင်း သတိရ​သင့်​သည်။ (၂ ကောရိန္သု ၈:၁၂) အမှန်​ဆို​သော် ယေဟောဝါ​သည် ကျွန်ုပ်​တို့၏​အခြေအနေ​ခွင့်ပြု​သမျှ စိုးလ်​အကြွင်းမဲ့​လုပ်ဆောင်​စေ​လို​၏။ (ကောလောသဲ ၃:၂၃) ဘုရားသခင်​၏​လုပ်ငန်းတော်​ကို စိတ်အား​ထက်သန်​စွာ ဇွဲရှိ​ရှိ အတတ်နိုင်ဆုံး​လုပ်ဆောင်​သည့်​အခါ ကျွန်ုပ်​တို့ကို ကိုယ်တော်​ကောင်းချီး​များစွာ​ပေး​တော်​မူ​၏။—သု. ၁၀:၂၂

စောင့်မျှော်​တတ်သော​သဘောထား​သည် ကောင်းချီး​များ​ရရှိစေ

၂၀။ အဘယ်အရာကို သိရှိ​ထားခြင်း​က မိက္ခာ​နည်းတူ စောင့်မျှော်​တတ်သော​သဘော ရှိစေ​သနည်း။

၂၀ ယေဟောဝါ​၏​ကောင်းချီး ခံစား​ရခြင်း​က မိက္ခာ​၏​စိတ်​သဘောထားကို တုပ​ရန် ကျွန်ုပ်​တို့ကို စေ့ဆော်​ပေး​၏။ သူက “ငါ့ကို​ကယ်တင်​တော်​မူ​သော ဘုရားသခင်​ကို စောင့်မျှော်​မည်” ဟု​ကြွေးကြော်​၏။ (မိက္ခာ ၇:၇သမ္မာ) ဤ​စကား​များသည် ဘုရားသခင်​နှင့်အတူ ကျိုးနွံ​စွာ​လျှောက်လှမ်းခြင်း​နှင့် မည်သို့​ဆက်နွှယ်​သနည်း။ စောင့်မျှော်​တတ်သော​သဘော၊ သို့​မဟုတ် စိတ်ရှည်ခြင်း​က ယေဟောဝါ​၏​နေ့ကြီး ရောက်​မလာ​သေး​သည့်​အတွက် စိတ်ဓာတ်​မကျ​စေရန် ကူညီပေး​၏။ (သု. ၁၃:၁၂) အမှန်အတိုင်း​ဆို​ရ​လျှင် ဆိုးသွမ်း​သော ဤ​လောက​၏​အဆုံးကို ကျွန်ုပ်​တို့အားလုံး မျှော်လင့်​တောင့်တ​နေကြ​သည်။ သို့သော် ပတ်စဉ်​ပတ်​တိုင်း ထောင်နှင့်ချီ​သော​လူတို့သည် ဘုရားသခင်​နှင့်အတူ လျှောက်လှမ်း​ခါ​စ​ရှိသေး​သည်။ ၎င်းကို​သိရှိ​ထားခြင်း​က စောင့်မျှော်​တတ်သော​သဘော​ပြသ​ရန် အကြောင်းကောင်း​တစ်ခု​ဖြစ်၏။ ယင်း​နှင့်​စပ်လျဉ်း၍ နှစ်​ကြာ​သက်သေခံ​တစ်ဦး​က ဤသို့​ဆို​သည်– “ဟောပြောခြင်း​လုပ်ငန်းမှာ ၅၅ နှစ်​ကျော်​ပါဝင်​ခဲ့​တဲ့​အချိန်ကို ပြန်​ကြည့်​ရင် ယေဟောဝါ​ကို​အားကိုး​ပြီး စောင့်မျှော်​ခဲ့လို့ ဘာမှ​မဆုံးရှုံး​ခဲ့​ဘူးဆို​တာ ကျွန်တော်​ယုံတယ်။ အဲ့ဒီ​အစား ဝမ်းနည်း​ကြေကွဲစရာ​တွေ မခံစား​ရသလောက်​ပဲ။” အသင်​လည်း အလားတူ​ခံစားရ​ပါသလော။

၂၁၊ ၂၂။ ကျွန်ုပ်​တို့​ခေတ်တွင် မိက္ခာ ၇:၁၄ သည်​မည်သို့​ပြည့်စုံ​နေသနည်း။

၂၁ ယေဟောဝါ​နှင့်​လျှောက်လှမ်းခြင်း​ဖြင့် အမှန်ပင်​အကျိုးကျေးဇူး​များစွာ​ရရှိ​၏။ မိက္ခာ ၇:၁၄ တွင်​ဖတ်​ရသည့်​အတိုင်း သိုးထိန်း​၏​လက်အောက်​တွင် လုံခြုံ​စိတ်ချ​စွာ​ကျက်စား​နေကြ​သော သိုးများ​နှင့် ဘုရားသခင့်​လူမျိုးတော်ကို မိက္ခာ​နှိုင်းယှဉ်​ပြ​ထား​သည်။ ယနေ့ ဤ​ပရောဖက်ပြုချက်​၏ အကြီးစား​ပြည့်စုံချက်​တွင် အကြွင်းအကျန်​ဝိညာဉ်​ရေး​ဣသရေလ​နှင့်အတူ “အခြားသိုး​တို့” သည် ယုံကြည်​ကိုးစား​ထိုက်​သော သိုးထိန်း​ယေဟောဝါ​၏​လက်အောက်​တွင် လုံခြုံမှု​ရှိနေကြ​၏။ သူတို့သည် ဆင်းရဲ​ခက်ခဲ​၍ အန္တရာယ်​ထူပြော​သည့် ဤ​လောက​မှ ဝိညာဉ်​ရေး​အရ သီးခြား​ဖြစ်သော ‘ဥယျာဉ်​ရှိ​တော’ တွင်​နေထိုင်ကြ​သည်။—ယောဟန် ၁၀:၁၆; တရားဟောရာ ၃၃:၂၈; ယေရမိ ၄၉:၃၁; ဂလာတိ ၆:၁၆

၂၂ ထို့​ပြင် မိက္ခာ ၇:၁၄ ကြိုဟော​သည့်​အတိုင်း ယေဟောဝါ​၏​လူမျိုးတော်သည် ကြီးပွား​တိုးတက်မှု​ခံစား​ကြ​ရ၏။ ဘုရားသခင်​၏​သိုး၊ သို့​မဟုတ် လူမျိုးတော်​အကြောင်း ပြောဆို​ရာ​တွင် မိက္ခာ​က “ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​၌ ကျက်စား​သော​အခွင့်​ကို ပေး​တော်​မူ​ပါ” ဟု​ဆို​၏။ ဗာရှန်​ပြည်​နှင့် ဂိလဒ်​ပြည်​ရှိ သိုးများ​သည် စားကျက်​ကောင်း​များ​တွင် စားသောက်​ပြီး ကြီးထွား​ဖွံ့ဖြိုး​လာ​သကဲ့သို့ ယနေ့ ဘုရားသခင်​၏​လူမျိုးတော်သည် ဝိညာဉ်ရေးတွင် ပေါကြွယ်ဝ​ကြသည်၊ ယင်းသည် ဘုရားသခင်​နှင့်အတူ ကျိုးနွံ​စွာ​လျှောက်လှမ်း​သူများ​အတွက် နောက်ထပ်​ကောင်းချီး​တစ်ခု​ဖြစ်၏။—တောလည်ရာ ၃၂:၁; တရားဟောရာ ၃၂:၁၄

၂၃။ မိက္ခာ ၇:၁၈၊ ၁၉ ကို​ဆင်ခြင်​သုံးသပ်ခြင်း​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ ရရှိနိုင်​သနည်း။

၂၃ မိက္ခာ ၇:၁၈၊ ၁၉ တွင်​နောင်တ​ရသူများကို ယေဟောဝါ​ခွင့်လွှတ်​လို​ကြောင်း ပရောဖက်​က ပေါ်လွင်​ထင်ရှားစေ​သည်။ ယေဟောဝါ​သည် “အပြစ်​မှ​လွှတ်တော်​မူ” ပြီး “လွန်ကျူးခြင်း​များ​ကို သည်းခံ​တော်​မူ” ၏​ဟု အခန်းငယ် ၁၈ တွင်​ဖော်ပြ​သည်။ အခန်းငယ် ၁၉ အရ ကိုယ်တော်​သည် “အကျွန်ုပ်​တို့၏​အပြစ်​အလုံးစုံ​တို့ကို နက်နဲ​သော​ပင်လယ်​ထဲ​သို့ ချပစ်​တော်​မူ​လိမ့်​မည်။” ၎င်း​မှ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။ ယေဟောဝါ​ကို ကျွန်ုပ်​တို့​တုပ​နေ​သလော​ဟု မိမိကိုယ်ကို မေး​နိုင်​သည်။ အခြားသူများ ကျွန်ုပ်​တို့အား ပြစ်မှား​သော​အပြစ်​များ​ကို ခွင့်လွှတ်​သလော။ ဤသို့​သော​သူများ​သည် နောင်တ​ယူပြီး ပြုပြင်​ပြောင်းလဲ​ရန် ကြိုးစား​ကြ​လျှင် ယေဟောဝါ​နည်းတူ ကျွန်ုပ်​တို့သည် လုံးလုံးလျားလျား​နှင့်​အစဉ် ခွင့်လွှတ်​လို​စိတ် တင်ပြ​လို​ကြ​မည်​ဖြစ်သည်။

၂၄။ သင်သည် မိက္ခာ​ပရောဖက်ပြုချက်​မှ အဘယ်​အကျိုးကျေးဇူး​ရရှိခဲ့​သနည်း။

၂၄ ဤ​မိက္ခာ​ပရောဖက်ပြုချက်​ကို ဆင်ခြင်​သုံးသပ်ခြင်း​မှ အဘယ်​အကျိုးကျေးဇူးများ ရရှိခဲ့​သနည်း။ ယေဟောဝါ​သည် မိမိ​ထံ​ချဉ်းကပ်​သူများကို စစ်မှန်သော​မျှော်လင့်ချက်​ပေး​ကြောင်း ကျွန်ုပ်​တို့ကို အမှတ်ရ​စေ​သည်။ (မိက္ခာ ၂:၁-၁၃) ကျွန်ုပ်​တို့သည် ဘုရားသခင်​၏​နာမတော်​၌ ထာဝစဉ်​လျှောက်လှမ်း​နိုင်​ရန် စစ်မှန်သော​ဝတ်ပြုရေးကို တတ်နိုင်​သမျှ​တိုးမြှင့်​ပေးဖို့ အားပေး​တိုက်တွန်း​ခံရ​ကြသည်။ (မိက္ခာ ၄:၁-၅) ထို့​ပြင် ကျွန်ုပ်​တို့၏​အခြေအနေ မည်သို့​ပင်​ရှိပါစေ၊ ယေဟောဝါ​၏​တောင်းဆိုချက်​များနှင့်​အညီ ပြုမူ​နိုင်​ကြောင်း စိတ်ချ​စေ​၏။ မိက္ခာ​၏​ပရောဖက်ပြုချက်​သည် ယေဟောဝါ​၏​နာမတော်​၌ လျှောက်လှမ်း​ရန် ကျွန်ုပ်​တို့ကို အမှန်တကယ်​ပင်​ခွန်အား​ပေး​ပါ​သည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

မိက္ခာ ၆:၈ အရ ယေဟောဝါ​သည် ကျွန်ုပ်​တို့​ထံ​မှ အဘယ်အရာ​တောင်းဆို​သနည်း။

• ကျွန်ုပ်​တို့သည် “တရား​သဖြင့်​ပြု” မည်​ဆိုလျှင် အဘယ်အရာ​လိုအပ်​သနည်း။

• ကျွန်ုပ်​တို့သည် “ကြင်နာ​မှု​ကို နှစ်သက်” ကြောင်း​မည်သို့ ဖော်ပြ​နိုင်​သနည်း။

• ‘ဘုရားသခင်​နှင့်အတူ ကျိုးနွံ​စွာ​လျှောက်လှမ်း​ရာ’ တွင် အဘယ်အရာ​ပါဝင်​ပတ်သက်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

မိက္ခာ​ခေတ်တွင် ဆိုးညစ်သော​အခြေအနေ​များ​ရှိခဲ့​သော်လည်း သူသည် ယေဟောဝါ​၏​တောင်းဆိုချက်​များနှင့်​အညီ နေထိုင်ခဲ့​သည်။ အသင်​လည်း ထိုသို့ ပြု​နိုင်

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

ဘဝ​အတန်းအစား​အမျိုးမျိုး​မှ လူ​တို့ကို သက်သေခံခြင်း​အားဖြင့် တရား​မျှတ​စွာ​ပြုမူ​ကျင့်ကြံ​ပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

အခြားသူများ​၏ လိုအပ်ရာ​များ​ကို ဖြည့်ဆည်း​ပေးခြင်း​ဖြင့် ကြင်နာ​မှု​ကို ပြသ​ပါ

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

သင်၏​ကန့်သတ်ချက်​များ​ကို ကျိုးနွံ​စွာ အသိအမှတ်ပြု​၍ တတ်နိုင်​သမျှ​ပြုလုပ်​ပါ