မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ရုသ​သည် အဘယ်နည်း​အချို့​ဖြင့် ပုံသက်သေ​ကောင်း​ဖြစ်​ခဲ့​သနည်း။

ယေဟောဝါ​အား ချစ်​သည့်​မေတ္တာ၊ နောမိ​အပေါ် တည်ကြည်သော​မေတ္တာ၊ လုံ့လ​ဝီရိယ​ရှိ​ခြင်း​နှင့် နှိမ့်ချ​ခြင်း​အရည်အသွေးများ​ကို တင်ပြ​ရာ​၌ သူသည် စံ​ထား​လောက်​သူ​ဖြစ်​ခဲ့​သည်။ သူ့ကို “ကောင်းမြတ်သော​မိန်းမ” ဟု လူ​တို့ ရှုမြင်ခဲ့​ကြ​ခြင်း​သည် ကျိုးကြောင်း​ခိုင်လုံ​ပါ​သည်။ (ရုသ ၃:၁၁သမ္မာ)—၄/၁၅၊ စာမျက်နှာ ၂၃-၆။

သာမန်​လူ​တို့ကို ယေဟောဝါ​ဂရုစိုက်​ကြောင်း ကျွန်ုပ်​တို့ မည်သို့​သိရ​သနည်း။

ချို့ငဲ့​နွမ်းပါး​သူတို့ကို နှောင့်ယှက်​ညှဉ်းဆဲခြင်း​မပြု​ရန် အီဂျစ်​ပြည်​တွင် ရက်စက်​စွာ​ပြုမူ​ခံ​ခဲ့​ရသော ဣသရေလ​လူမျိုး​အား ကိုယ်တော်​မိန့်မှာ​ခဲ့​သည်။ (ထွက်မြောက်ရာ ၂၂:၂၁-၂၄) ခမည်းတော်​ကို​တုပ​သော ယေရှုသည် သာမန်​လူ​တို့ကို အမှန်​စိတ်ဝင်စား​ကြောင်း​ပြ​ခဲ့​ပြီး “လူ​တတ်​မဟုတ်၊ လူသာ​မ​ည” ဖြစ်သူ​များ​ကို တမန်​တော်​များ​အဖြစ် ရွေးချယ်​တော်​မူ​ခဲ့​သည်။ (တမန်​တော် ၄:၁၃; မဿဲ ၉:၃၆) လူငယ်​လူရွယ်​များ​ကဲ့သို့​သော အခြား​သူများကို စိတ်ဝင်စားမှု​ပြ​ခြင်း​ဖြင့် ဘုရားသခင်​ကို ကျွန်ုပ်​တို့​တုပ​နိုင်​ကြ​ပါ​သည်။—၄/၁၅၊ စာမျက်နှာ ၂၈-၃၁။

• ကျွန်ုပ်​တို့၏​လုပ်ဆောင်မှုကို ယေဟောဝါ​သိမြင်​တော်​မူ​ကြောင်း ယုံကြည်​စိတ်ချ​ဖို့ အဘယ်​အကြောင်းရင်း​ရှိ​သနည်း။

ယေဟောဝါ​သည် လူသား​တို့၏ ပြီးမြောက်​အောင်မြင်မှု​များ​ကို သတိပြု​တော်​မူ​ကြောင်း ကျမ်းစာ​မှတ်တမ်းများ​က​ဖော်ပြ​သည်။ အာဗေလ​၏​ပူဇော်ရာ​ယဇ်ကို ကိုယ်တော်​ဂရုပြု​ခဲ့​ပြီး ကျွန်ုပ်​တို့၏ “နှုတ်ခမ်း​အသီး​တည်း​ဟူသော​ချီးမွမ်း​ခြင်း​ယဇ်” ကို ကိုယ်တော်​သတိပြု​တော်​မူ​၏။ (ဟေဗြဲ ၁၃:၁၅) ဧနောက်​သည် ကိုယ်ကျင့်တရား​စင်ကြယ်​စွာ အသက်ရှင်ခြင်း​အားဖြင့် ကိုယ်တော့်​စိတ်တော်နှင့်​တွေ့​ရန် ကြိုးစား​ခဲ့​ကြောင်း ယေဟောဝါ​သိမြင်​တော်​မူ​၏။ ဣသရေလ​လူမျိုး​မဟုတ်သော ဇရတ္တ​မြို့သူ မုဆိုးမ​တစ်ဦး​သည် သူ၏​မဖြစ်​စ​လောက်​အစားအစာကို ပရောဖက်​ဧလိယ​နှင့် ဝေမျှ​စားသုံး​ခဲ့​ကြောင်း ဘုရားသခင်​သိမြင်ခဲ့​သည်။ ကျွန်ုပ်​တို့၏ ယုံကြည်ခြင်း​လုပ်ရပ်များ​ကိုလည်း ဘုရားသခင်​သိမြင်​တော်​မူ​၏။—၅/၁၊ စာမျက်နှာ ၂၈-၃၁။

စီ.အီး. ၃၃၊ ပင်တေကုတ္တေပွဲနေ့​ပြီး​နောက် ခရစ်ယာန်​ဖြစ်လာ​သော​ဂျူး​များသည် ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​အပ်နှံ​ဖို့​လို​သည်​ဟု အဘယ်ကြောင့်​ဆိုနိုင်​သနည်း။

ဘီ.စီ.အီး. ၁၅၁၃ ခုနှစ်​တွင် ရှေး​ဣသရေလ​လူမျိုး​သည် ယေဟောဝါ​ဘုရားသခင်​ထံ ဆက်ကပ်​အပ်နှံ​ထားသော ဆက်ဆံ​ရေး​ရှိ​လူမျိုး​ဖြစ်လာ​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၉:၃-၈) ထို​အချိန်​မှ​စ၍ ဂျူး​လူမျိုး​သည် ပညတ်ပဋိညာဉ်​အောက်​ရှိ ဆက်ကပ်​အပ်နှံ​ထားသော​လူမျိုး​အဖြစ် မွေးဖွား​လာ​ကြသည်။ သို့သော် စီ.အီး. ၃၃ ခုနှစ်​တွင် ယေဟောဝါ​သည် ခရစ်တော်​၏​သေခြင်း​အားဖြင့် ပညတ်ပဋိညာဉ်​ကို ဖယ်ရှားပစ်​ခဲ့​သည်။ (ကောလောသဲ ၂:၁၄) ၎င်းနောက်​ပိုင်း​တွင် ဂျူး​များသည် ဘုရားသခင်​နှစ်သက်​လက်ခံသော​နည်းဖြင့် ကိုယ်တော်​အား ဝတ်ပြု​လိုလျှင်​ကိုယ်တော့်​ထံ ဆက်ကပ်​အပ်နှံ​၍ ယေရှု​ခရစ်​၏​နာမ၌ နှစ်ခြင်း​ခံ​ဖို့​လို​သည်။—၅/၁၅၊ စာမျက်နှာ ၃၀-၁။

ယနေ့ စစ်မှန်သော​ဝတ်ပြုရေးတွင် နံ့သာပေါင်း​မီးရှို့ခြင်း ပါဝင်​သလော။

ရှေး​ဣသရေလ​နိုင်ငံ​တွင် နံ့သာပေါင်း အသုံးပြုခြင်း​သည် စစ်မှန်သော​ဝတ်ပြုရေး​၏ အခန်းကဏ္ဍ​တစ်ခု​ဖြစ်​ခဲ့​သည်။ (ထွက်မြောက်ရာ ၃၀:၃၇၊ ၃၈; ဝတ်ပြုရာ ၁၆:၁၂၊ ၁၃) သို့သော် နံ့သာပေါင်း​အသုံးပြုခြင်း​အပါအဝင် ပညတ်ပဋိညာဉ်​သည် ခရစ်တော်​၏​သေခြင်းနှင့်​အတူ အဆုံးတိုင်​ခဲ့​သည်။ ခရစ်ယာန်​များသည် ဝတ်ပြုရေး​နှင့်​မဆိုင်သော အခမ်းအနား​များ​တွင် နံ့သာပေါင်း​အသုံးပြု​မည်၊ မပြု​မည်​ကို မိမိတို့​ဘာသာ​ဆုံးဖြတ်​နိုင်​သည်၊ သို့သော် ယင်းသည် စစ်မှန်သော​ဝတ်ပြုရေး​၏ အစိတ်အပိုင်း​တစ်ခု​မဟုတ်ပါ။ ထိမိ​၍​မလဲ​စေဖို့ အခြား​သူတို့၏ ခံစားချက်​များ​ကိုလည်း ထည့်တွက်​သင့်ပါသည်။—၆/၁၊ စာမျက်နှာ ၂၈-၃၀။

အဘယ်​မကြာသေးမီ သတင်းက ယေရှုသည် မြေကြီးပေါ် အမှန်​သက်​တော်​ထင်ရှား​ခဲ့​ကြောင်း လူများစွာကို ပို​၍​စဉ်းစား​စေ​ခဲ့ပြီ​နည်း။

အစ္စရေး​နိုင်ငံ​တွင်​တွေ့ ရှိခဲ့​သော အရိုး​အိုး၊ သေတ္တာ​တစ်လုံး​ကို လူအများ​အာရုံစိုက်​နေကြ​သည်။ အဆိုပါ​အရိုး​အိုး​သည် စီ.အီး. ပထမ​ရာစု​မှ​ဖြစ်ဖွယ်​ရှိပြီး ၎င်း​ပေါ်​တွင် “ဂျိမ်းစ်၊ ဂျိုးဇက်​၏​သား၊ ဂျီး​ဇ​က်စ်​၏​ညီ” ဟု​ကမ္ပည်း​အက္ခရာ​ရေးထိုး​ထား​၏။ အချို့​က ယင်းသည် ယေရှု​သက်​တော်​ထင်ရှား​ခဲ့​ကြောင်းကို “သမ္မာကျမ်းစာ​အပြင် သက်သေထူ​သည့် ရှေးအကျဆုံး အထောက်အထား​တစ်ခု” ဖြစ်သည်ဟု ယူဆကြ​သည်။—၆/၁၅၊ စာမျက်နှာ ၃-၄။

လူတစ်ဦး​သည် မည်သို့​ချစ်ခင်​တတ်လာ​သနည်း။

လူသည် သူတို့​မိဘများ​၏​ပုံသက်သေ​နှင့် လေ့ကျင့်ပေး​မှု​အားဖြင့် ဦးဆုံး​ချစ်တတ်​လာ​ကြ​၏။ လင်​နှင့်​မယား တစ်ဦး​ကိုတစ်​ဦး ချစ်​မည်၊ ရိုသေ​လေးစားမှု​ပြ​ကြ​မည်​ဆိုလျှင် သားသမီးတို့​သည် ချစ်ခင်​တတ်လာ​မည်။ (ဧဖက် ၅:၂၈; တိတု ၂:၄) လူတစ်ဦး​သည် မေတ္တာ​မရှိသော မိသားစုတွင် ကြီးပြင်း​လာ​သည့်​တိုင် ယေဟောဝါ​၏ ဖခင်​တစ်ဦး​သဖွယ်​ပေး​သော လမ်းညွှန်မှုကို​လက်ခံခြင်း၊ သန့်ရှင်းသော​ဝိညာဉ်​တော်​၏ အကူအညီကို​ရခြင်း​နှင့် ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​၏ နွေးထွေး​သော​ထောက်မ​ကူညီ​မှု​မှ အကျိုး​ခံစား​ရခြင်း​အားဖြင့် ချစ်ခြင်း​ရှိလာ​ပေမည်။—၇/၁၊ စာမျက်နှာ ၄-၇။

ယူစီဘီးယပ်စ်​ကား မည်သူ​နည်း၊ သူ၏​ဘဝ​မှ ကျွန်ုပ်​တို့ အဘယ်​သင်ခန်းစာ​ရနိုင်​သနည်း။

ယူစီဘီးယပ်စ်​သည် ရှေးခေတ် သမိုင်း​ပညာရှင်​တစ်ဦး​ဖြစ်​ပြီး ခရစ်ယာန်​ချာ့ခ်ျ​သမိုင်း​ဟု ခေါင်းစဉ်​တပ်ထား​သော အတွဲ​ဆယ်​တွဲ​ပါ​စာအုပ်​ကို စီ.အီး. ၃၂၄ ခုနှစ်​တွင် ပြုစုရေး​သား​ပြီး​ခဲ့​သူ​ဖြစ်သည်။ ခမည်းတော်​သည် သားတော်​မတိုင်မီ တည်ရှိ​တော်​မူ​ကြောင်းကို ယူစီဘီးယပ်စ် ယုံကြည်​လက်ခံ​သော်လည်း နိုင်​စီ​ယာ​မြို့ ကောင်စီ​အစည်းအဝေး​တွင် ခြားနား​သော​အမြင်ကို သူ​လက်ခံခဲ့သည်။ ယေရှု၏​နောက်လိုက်​များသည် “ဤ​လောက​နှင့်​မဆက်ဆံ” ရ​ဟူသော ကိုယ်တော်​၏​တောင်းဆိုချက်​ကို သူ မသိကျိုးကျွန်​ပြု​ခဲ့​ပုံ​ရသည်။ (ယောဟန် ၁၇:၁၆)—၇/၁၅၊ စာမျက်နှာ ၂၉-၃၁။

မယား​အများယူ​စနစ်​အပေါ် ယေဟောဝါ​၏​ရှုမြင်ပုံ ပြောင်းလဲ​ခဲ့ပြီ​လော။

မယား​အများယူ​စနစ်​အပေါ် ယေဟောဝါ​၏​ရှုမြင်ပုံ မပြောင်းလဲ​ပါ။ (မာလခိ ၃:၆) ပထမ​လူယောက်ျား​အတွက် ဘုရားသခင့်​အစီအစဉ်မှာ “ကိုယ်​ခင်ပွန်း​၌​မှီဝဲ” ပြီး တစ်​သား​တစ်ကိုယ်တည်း​ဖြစ်လာ​ရန်ဖြစ်​၏။ (ကမ္ဘာဦး ၂:၂၄) ယေရှု​က မတရားမေထုန်​မှတစ်ပါး လင်မယား​ကွာရှင်း​၍ နောက်​အိမ်ထောင်ပြုခြင်း​သည် သူ့​သား​အိမ်ရာ​ပြစ်မှားခြင်း​ဖြစ်သည်ဟု​ဆို​၏။ (မဿဲ ၁၉:၄-၆၊ ၉) မယား​အများယူ​စနစ်​ကို ယေဟောဝါ​သည်းခံခြင်း​သည် ခရစ်ယာန်​အသင်းတော် ဖွဲ့စည်း​တည်ထောင်​ချိန်​တွင် အဆုံးတိုင်​ခဲ့​သည်။—၈/၁၊ စာမျက်နှာ ၂၈။