ကျွန်မတို့ကို ယေဟောဝါ အမြဲစောင့်ရှောက်
ဘဝအတ္ထုပ္ပတ္တိ
ကျွန်မတို့ကို ယေဟောဝါ အမြဲစောင့်ရှောက်
အဲန်လီစီ မဇာငါ ပြောပြသည်
၁၉၇၂ ခုနှစ်ကဖြစ်တယ်။ မာလာဝီလူငယ်အသင်းသား ဆယ်ယောက်ဟာ အိမ်ထဲအတင်းဝင်၊ ကျွန်မကို ဖမ်းချုပ်ပြီး အနားကကြံစိုက်ခင်းထဲ တရွတ်တိုက်ဆွဲခေါ်သွားတယ်။ အဲ့ဒီမှာ ကျွန်မကိုရိုက်နှက်ပြီး သေပြီအထင်နဲ့ ပစ်ထားခဲ့ကြတယ်။
မာလာဝီနိုင်ငံက ယေဟောဝါသက်သေအတော်များများ အဲ့ဒီလိုအမျိုးမျိုးနှိပ်စက်ခံခဲ့ရတယ်။ သူတို့ ဘာကြောင့်နှိပ်စက်ခံခဲ့ရတာလဲ။ သူတို့ခံနိုင်ရည်ရှိဖို့ ဘာကကူညီပေးခဲ့သလဲ။ ကျွန်မမိသားစုရဲ့အကြောင်းကို ကျေးဇူးပြု၍ ပြောပြပါရစေ။
၁၉၂၁၊ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုကနေ ကျွန်မမွေးဖွားလာတယ်။ အဖေက ဗဟိုအာဖရိက ပရက်စ်ဘီတေးရီးယန်းချာ့ခ်ျ သင်းအုပ်ဆရာဖြစ်တယ်။ မာလာဝီမြို့တော် လီလောင်ဝေအနားက နကိုမာမြို့လေးမှာ ကျွန်မကြီးပြင်းလာခဲ့တယ်။ ကျွန်မအသက် ၁၅ နှစ်အရွယ်မှာ အဲမာစ် မဇာငါနဲ့ အိမ်ထောင်ကျတယ်။
တစ်နေ့ကြတော့ ကျွန်မတို့ဆီကို အဖေရဲ့သူငယ်ချင်း သင်းအုပ်ဆရာတစ်ယောက် လာလည်တယ်။ အိမ်နားက ယေဟောဝါသက်သေတွေကို သူတွေ့သွားလို့ သူတို့နဲ့မပတ်သက်ဖို့ ကျွန်မတို့ကို သတိပေးခဲ့တယ်။ သက်သေခံတွေဟာ မကောင်းဆိုးဝါးပူးနေတဲ့သူတွေ၊ တကယ်လို့ ကျွန်မတို့ သတိမထားရင် ကျွန်မတို့ကိုလည်း မကောင်းဆိုးဝါး ပူးသွားနိုင်တယ်လို့ သူပြောပြတယ်။ အဲ့ဒီလိုသတိပေးလို့ ကျွန်မတို့အရမ်းထိတ်လန့်သွားပြီး နောက်ရွာတစ်ရွာကို ပြောင်းရွှေ့သွားခဲ့ကြတယ်၊ အဲ့ဒီမှာ အဲမာစ်က ဈေးဆိုင်အလုပ်တစ်ခုရခဲ့တယ်။ ဒါပေမဲ့လည်း ကျွန်မတို့အိမ်အသစ်နားမှာ ယေဟောဝါသက်သေတွေ နေထိုင်ကြမှန်း မကြာခင်မှာပဲ သိလိုက်ရတယ်။
ဒါနဲ့ သမ္မာကျမ်းစာကို အရမ်းမြတ်နိုးတဲ့ အဲမာစ်က သက်သေခံတစ်ယောက်နဲ့ စကားစမြည်ပြောဖြစ်တယ်။ အဲမာစ်ရဲ့မေးခွန်းတွေကို ကျေနပ်လောက်အောင် သက်သေခံတွေဖြေဆိုပြီးတဲ့နောက် သူတို့ကမ်းလှမ်းတဲ့ ကျမ်းစာသင်အံမှုကို လက်ခံလိုက်တယ်။ အစမှာတော့ အဲမာစ်ရဲ့ဆိုင်မှာ ကျမ်းစာသင်အံမှုပြုလုပ်ကြတယ်၊ နောက်ပိုင်းမှ ကျွန်မတို့အိမ်မှာပဲ အပတ်စဉ်သင်အံမှုပြုလုပ်ခဲ့တယ်။ ယေဟောဝါသက်သေတွေကို ကြောက်လွန်းလို့ သူတို့လာတိုင်း ကျွန်မအိမ်ထဲမှာမနေရဲဘူး။ အဲမာစ်ကတော့ ကျမ်းစာဆက်သင်နေတုန်းပဲ။ ကျမ်းစာစသင်ပြီး ခြောက်လလောက်ရှိတဲ့ ၁၉၅၁၊ ဧပြီလမှာ သူနှစ်ခြင်းခံလိုက်တယ်။ ဒါပေမဲ့ ကျွန်မတို့အိမ်ထောင်ရေး ပြိုကွဲသွားမှာစိုးလို့ သူနှစ်ခြင်းခံတဲ့အကြောင်း ကျွန်မကို မပြောပြဘူး။
ပြဿနာတက်သောရက်သတ္တပတ်များ
ဒါပေမဲ့ တစ်နေ့ကျတော့ ကျွန်မသူငယ်ချင်း အဲလန် ကာဇာလီရိုက ကျွန်မရဲ့ခင်ပွန်းဟာ ယေဟောဝါသက်သေတစ်ယောက်အဖြစ် နှစ်ခြင်းခံလိုက်ပြီလို့ ပြောပြတယ်။ ကျွန်မ ဒေါသပေါက်ကွဲတော့တာပဲ! အဲ့ဒီနေ့ကစပြီး သူနဲ့ ကျွန်မစကားမပြောတော့ဘူး၊ သူ့အတွက် ထမင်းဟင်းလည်း မချက်ပေးတော့ဘူး။ ကျွန်မတို့ရဲ့ယဉ်ကျေးမှုအရ ဇနီးသည်ရဲ့တာဝန်ဖြစ်တဲ့ ခင်ပွန်းရေချိုးဖို့ ရေခပ်တာ၊ ရေနွေးတည်တာတွေကိုလည်း ကျွန်မ,မလုပ်ပေးတော့ဘူး။
အဲ့ဒီလိုဆက်ဆံတာကို သုံးပတ်တိတိ အဲမာစ် သည်းခံပြီးတဲ့နောက် ကျွန်မကို ကြင်နာစွာနဲ့ သူ့ဘေးမှာ လာထိုင်ခိုင်းတယ်၊ သက်သေခံတစ်ယောက်ဖြစ်ဖို့ ဘာကြောင့်ဆုံးဖြတ်ရတာလဲဆိုတာ ကျွန်မကိုပြောပြတယ်။ ၁ ကောရိန္သု ၉:၁၆ အစရှိတဲ့ကျမ်းချက်တွေကို သူဖတ်ပြီး ရှင်းပြတယ်။ ကျွန်မလည်း သတင်းကောင်းဟောပြောဖို့လိုတယ်လို့ ခံစားမိတယ်။ ဒါကြောင့် ယေဟောဝါသက်သေတွေနဲ့ ကျမ်းစာစသင်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ အဲ့ဒီညနေမှာပဲ ကျွန်မချစ်ရတဲ့ခင်ပွန်းအတွက် ထမင်းဟင်းကောင်းကောင်း ချက်ပြုတ်ပေးလို့ သူစိတ်ပျော်သွားတယ်။
မိသားစုနှင့် မိတ်ဆွေများကို အမှန်တရားပြောပြခြင်း
ယေဟောဝါသက်သေတွေနဲ့ ကျွန်မတို့ပေါင်းသင်းနေကြတာကို ကျွန်မတို့မိဘတွေ သိသွားတဲ့အခါ အကြီးအကျယ်အတိုက်အခံလုပ်ကြတယ်။ ကျွန်မမိသားစုက ငါတို့ဆီ မလာနဲ့တော့ဆိုပြီး စာတစ်စောင်ပို့လိုက်တယ်။ သူတို့တုံ့ပြန်ပုံက ကျွန်မတို့ကို အရမ်းဝမ်းနည်းစေပေမဲ့ ကျွန်မတို့မှာ ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မ၊ မိခင်၊ ဖခင်တွေ အများကြီးရလာလိမ့်မယ်ဆိုတဲ့ ယေရှုရဲ့ကတိတော်ကို ယုံကြည်စိတ်ချခဲ့ကြတယ်။—မဿဲ ၁၉:၂၉။
ကျွန်မကျမ်းစာလေ့လာတာ မြန်မြန်ဆန်ဆန်တိုးတက်ခဲ့လို့ ကျွန်မခင်ပွန်းနှစ်ခြင်းခံပြီး သုံးလခွဲကြာပြီးနောက် ၁၉၅၁၊ ဩဂုတ်လမှာ ကျွန်မနှစ်ခြင်းခံခဲ့တယ်။ ကျွန်မသူငယ်ချင်း အဲလန်ကို အမှန်တရားပြောပြချင်လိုက်တာ။ ကျမ်းစာသင်အံမှုကို သူလက်ခံခဲ့လို့ ဝမ်းသာစရာပဲ။ ၁၉၅၂၊ မေလမှာ အဲလန်နှစ်ခြင်းခံလိုက်ပြီး ကျွန်မရဲ့ဝိညာဉ်ရေးညီအစ်မတစ်ယောက်ဖြစ်လာလို့ ကျွန်မတို့ဟာ ပိုရင်းနှီးချစ်ခင်လာကြတယ်။ ဒီနေ့အထိ သူဟာ ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းပဲ။
၁၉၅၄ ခုနှစ်မှာ အဲမာစ်ကို အသင်းတော်တွေဆီ လည်ပတ်ဖို့ တိုက်နယ်ကြီးကြပ်မှူးအဖြစ် ခန့်အပ်ခဲ့တယ်။ အဲ့ဒီအချိန်က ကျွန်မတို့ဆီမှာ သားသမီးခြောက်ယောက်ရှိနေပြီ။ အဲ့ဒီတုန်းက မိသားစုရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးတစ်ယောက်ဟာ အသင်းတော်တစ်ခုကို တစ်ပတ်လည်ပတ်ပြီး နောက်တစ်ပတ်မှာ မိသားစုနဲ့ ပြန်နေထိုင်ခွင့်ရှိတယ်။ ဒါပေမဲ့ အဲမာစ်နယ်လှည့်နေတုန်း မိသားစုနဲ့ ကျွန်မ ကျမ်းစာသင်အံမှုလုပ်ဖို့ အမြဲစီစဉ်ပေးခဲ့တယ်။ ကလေးတွေနဲ့ သင်အံမှုပြုလုပ်တာကို ပျော်ရွှင်စရာဖြစ်ရအောင် ကျွန်မတို့အမြဲကြိုးစားခဲ့တယ်။ ယေဟောဝါကိုရော၊ သမ္မာကျမ်းစာအမှန်တရားကိုပါ အခိုင်အမာယုံကြည်မြတ်နိုးတဲ့အကြောင်း နှလုံးပါပါ အမြဲပြောဆိုကြပြီး မိသားစုလိုက် ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခဲ့ကြတယ်။ အဲ့ဒီဝိညာဉ်ရေးလေ့ကျင့်မှုအစီအစဉ်က ကျွန်မတို့သားသမီးတွေရဲ့ ယုံကြည်ခြင်းကို ခိုင်ခံ့စေပြီး ကျွန်မတို့ရင်ဆိုင်ရမယ့် နှိပ်စက်မှုအတွက် ကြိုတင်ပြင်ဆင်ရာရောက်ခဲ့တယ်လေ။
ဘာသာရေးနှိပ်စက်မှုစတင်
၁၉၆၄ ခုနှစ်မှာ မာလာဝီနိုင်ငံဟာ လွတ်လပ်တဲ့နိုင်ငံဖြစ်လာတယ်။ အစိုးရပါတီအရာရှိတွေက နိုင်ငံရေးမှာ ကျွန်မတို့ရဲ့ ကြားနေရပ်တည်မှုကို သိသွားတဲ့အခါ ကျွန်မတို့ကို ပါတီအဖွဲ့ဝင်ကတ်ပြားတွေ အတင်းဝယ်ခိုင်းတော့တာပဲ။ * အဲ့ဒါကို အဲမာစ်နဲ့ကျွန်မ မဝယ်တဲ့အတွက် လူငယ်အသင်းသားတွေက ကျွန်မတို့ရဲ့ လာမယ့်နှစ်ဝမ်းစာ ပြောင်းစိုက်ခင်းကို ဖျက်ဆီးလိုက်တယ်။ လူငယ်အသင်းသားတွေက ပြောင်းပင်တွေကို ခုတ်နေရင်း “ကာမူဇူ [သမ္မတဘန်ဒါ] ရဲ့ပါတီကတ် မဝယ်တဲ့သူအားလုံး၊ မင်းတို့ရဲ့ပြောင်းစိမ်းတွေကို ခြတွေ စားပစ်ပါစေ၊ အဲ့ဒီအတွက် ငိုကြွေးကြရလိမ့်မယ်” ဆိုပြီး သီချင်းဆိုနေကြတယ်။ စားစရာမရှိတော့ပေမဲ့ ကျွန်မတို့ စိတ်မပျက်ခဲ့ကြပါဘူး။ ကျွန်မတို့ကို ယေဟောဝါ စောင့်ရှောက်နေတယ်လို့ ခံစားလိုက်ရတယ်။ ကျွန်မတို့ကို ကိုယ်တော် တကယ်မေတ္တာပြပြီး ခွန်အားပေးတယ်။—ဖိလိပ္ပိ ၄:၁၂၊ ၁၃။
၁၉၆၄၊ ဩဂုတ်လရဲ့ ညဉ့်နက်ပိုင်းတစ်ည အိမ်မှာ ကလေးတွေနဲ့ ကျွန်မပဲရှိနေတယ်။ ကျွန်မတို့အိပ်ပျော်နေကြပေမဲ့ သီချင်းဆိုသံသဲ့သဲ့ကြောင့် ကျွန်မနိုးသွားတယ်။ ဂူလီဝါမခူလူလို့ခေါ်တဲ့ လူတိုင်းကြောက်တဲ့လျှို့ဝှက်အဖွဲ့ရဲ့အသံပဲ၊ သူတို့ဟာ လူတွေကို ရန်မူတဲ့၊ ကွယ်လွန်သွားတဲ့ ဘိုးဘေးတွေရဲ့ဝိညာဉ်တွေလို ဟန်ဆောင်ကြတဲ့ လူမျိုးစုနွယ် ကချေသည်တွေဖြစ်တယ်။ ကျွန်မတို့ကို ရန်မူဖို့ လူငယ်အသင်းက ဂူလီဝါမခူလူအဖွဲ့ကို လွှတ်လိုက်တာ။ အဲ့ဒီလူတွေ ကျွန်မတို့အိမ်ကို မရောက်ခင် ကလေးတွေကို မြန်မြန်နှိုးပြီး ချုံပုတ်ထဲ ပြေးပုန်းနေလိုက်တယ်။
ကျွန်မတို့ပုန်းနေတဲ့နေရာကနေ ထိန်းလင်းနေတဲ့မီးရောင်ကို တွေ့လိုက်ရတယ်။ အဲ့ဒီဂူလီဝါမခူလူတွေက ကျွန်မတို့ရဲ့သက်ငယ်အိမ်ကို မီးရှို့ပစ်လိုက်ပြီလေ။ ကျွန်မတို့ပိုင်ပစ္စည်းအားလုံး ပြာကျသွားပြီ။ မီးလောင်နေတဲ့ ကျွန်မတို့ရဲ့အိမ်ကနေ အဲ့ဒီရန်မူသူတွေ ထွက်သွားတဲ့အခါ “ဒီသက်သေခံ နွေးနွေးထွေးထွေးနေရအောင် မီးအပူပေးလိုက်ပြီ” လို့ပြောသံကို ကြားလိုက်ရတယ်။ ကျွန်မတို့လွတ်သွားတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ! ကျွန်မတို့ပစ္စည်းတွေအားလုံးကို သူတို့ဖျက်ဆီးခဲ့ကြပေမဲ့ လူကိုမဟုတ်ဘဲ ယေဟောဝါကို ယုံကြည်ကိုးစားမယ်ဆိုတဲ့ ကျွန်မတို့ရဲ့သန္နိဋ္ဌာန်ကိုတော့ သူတို့မဖျက်ဆီးနိုင်ခဲ့ကြဘူး။—ဆာလံ ၁၁၈:၈။
ဂူလီဝါမခူလူအဖွဲ့ဟာ ကျွန်မတို့ဒေသမှာရှိတဲ့ နောက်ထပ်ယေဟောဝါသက်သေမိသားစု ငါးစုကိုလည်း အဲ့ဒီလိုပဲလုပ်ခဲ့တယ်ဆိုတာ သိလိုက်ရတယ်။ အနီးအနားအသင်းတော်တွေက ညီအစ်ကိုတွေ ကျွန်မတို့ဆီရောက်လာကြပြီး ကူညီပေးတဲ့အတွက် အရမ်းကျေးဇူးတင်တဲ့အပြင် ဝမ်းသာခဲ့တယ်! ကျွန်မတို့အိမ်တွေကို ပြန်ဆောက်ပေးပြီး ရက်သတ္တပတ်အတော်များများအတွက် စားစရာတွေ ယူလာပေးတယ်။
ညှဉ်းပန်းနှိပ်စက်မှု ပိုပြင်းထန်လာ
၁၉၆၇၊ စက်တင်ဘာလမှာ တစ်နိုင်ငံလုံးက ယေဟောဝါသက်သေအားလုံးကို ဖမ်းဆီးဖို့ ကင်ပိန်းတစ်ခုစတင်ခဲ့တယ်။ လူငယ်အသင်းနဲ့ မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြ အဖွဲ့ဝင်တွေဖြစ်တဲ့ ရက်ရက်စက်စက်လုယက်ဖျက်ဆီးတတ်တဲ့ လူငယ်တွေ ဓားမတွေကိုင်ပြီး သက်သေခံတွေကို တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်ရှာခဲ့ကြတယ်။ တွေ့တဲ့အခါ နိုင်ငံရေးပါတီကတ်တွေကို ရောင်းတယ်။
ကျွန်မတို့အိမ်ကို သူတို့ရောက်လာတဲ့အခါ ပါတီကတ်ရှိသလားလို့ မေးတယ်။ ကျွန်မက “မရှိဘူး၊ မဝယ်ထားဘူး။ အခုလည်း မဝယ်ဘူး၊ နောင်လည်း ဝယ်မှာမဟုတ်ဘူး” လို့ဖြေလိုက်တယ်။ ကျွန်မခင်ပွန်းနဲ့ကျွန်မကို ဖမ်းချုပ်ပြီး ဒေသန္တရရဲစခန်းကို ခေါ်သွားတယ်၊ ဘာမှယူခွင့်မပေးဘူး။ ကျောင်းကနေ ကလေးတွေ အိမ်ပြန်ရောက်လာတော့ ကျွန်မတို့ကိုမတွေ့လို့ အတော်လေးစိတ်ပူသွားကြတယ်။ တော်သေးတယ်၊ ခဏကြာတော့ သားကြီးဒယ်နီယယ်လ် အိမ်ပြန်ရောက်လာပြီးနောက် အိမ်နီးချင်းတစ်ယောက်ဆီက အကြောင်းစုံကို သူသိလိုက်ရတယ်။ ချက်ချင်းပဲ ကလေးငယ်တွေနဲ့ ရဲစခန်းကို လိုက်လာတယ်။ ရဲသားတွေက ကျွန်မတို့ကို လီလောင်ဝေမြို့ကိုပို့ဖို့ ကုန်တင်ကားပေါ်တက်ခိုင်းနေတုန်း သူတို့ရောက်လာကြတယ်။ ဒါနဲ့ ကလေးတွေလည်း လိုက်လာကြတယ်။
လီလောင်ဝေရဲစခန်းမှာ ဟန်ပြစစ်ဆေးခဲ့တယ်။ အရာရှိတွေက “မင်းတို့ ယေဟောဝါသက်သေတွေ ဆက်ဖြစ်ဦးမှာလား” လို့မေးတယ်။ “ဟုတ်ကဲ့” လို့ဖြေလိုက်ရင် ထောင်ဒဏ်ခုနစ်နှစ် ကျမယ်ဆိုတာသိပေမဲ့လည်း အဲ့ဒီလိုပဲ ကျွန်မတို့ဖြေလိုက်ကြတယ်။ အဖွဲ့အစည်း “ဦးစီး” သူတွေကို ထောင်ဒဏ် ၁၄ နှစ်ချတယ်။
ရဲသားတွေက ကျွန်မတို့ကို တစ်ညလုံး အစာလည်းမကျွေး၊ အနားလည်းမယူခိုင်းဘဲနဲ့ နောက်နေ့မနက်မှာ မအူလာအကျဉ်းထောင်ကို ခေါ်သွားတယ်။ အဲ့ဒီထောင်အခန်းကျဉ်းတွေထဲမှာ လူတွေပြွတ်သိပ်နေလို့ ကြမ်းပြင်ပေါ်မှာ အိပ်စရာနေရာတောင် မရှိဘူး။ ပြွတ်သိပ်နေတဲ့အခန်းတိုင်းမှာ အလေးသွားဖို့ ပုံးတစ်ပုံးပဲထားပေးတယ်။ အစားအသောက်ခွဲတမ်းက မလောက်ငတဲ့အပြင် ဖြစ်ကတတ်ဆန်း ချက်ပေးထားတယ်။ နှစ်ပတ်ကြာတော့ ကျွန်မတို့ဟာ အေးဆေးငြိမ်သက်သူတွေဖြစ်မှန်း ထောင်အာဏာပိုင်တွေ သိသွားကြလို့ ထောင်အပြင်ဘက် လေ့ကျင့်ခန်းဝင်းထဲ သွားခွင့်ပြုခဲ့တယ်။ ကျွန်မတို့လူအုပ်က အရမ်းများတော့ တစ်ယောက်ကိုတစ်ယောက် နေ့တိုင်းအားပေးနိုင်ကြတယ်၊ တခြားအကျဉ်းသားတွေကိုလည်း ကောင်းကောင်းသက်သေခံခွင့် ရခဲ့ကြတယ်။ ထောင်ထဲမှာ သုံးလလောက်ကြာတော့ မာလာဝီအစိုးရကို နိုင်ငံတကာက ဖိအားပေးတာကြောင့် ကျွန်မတို့လွတ်လာလို့ အံ့သြခဲ့ရတယ်။
ရဲအရာရှိတွေက ကျွန်မတို့ကို အိမ်ပြန်ခိုင်းပေမဲ့ မာလာဝီနိုင်ငံမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ပိတ်ပင်လိုက်ပြီလို့ ပြောကြတယ်။ အဲ့ဒီပိတ်ပင်မှုက ၁၉၆၇၊ အောက်တိုဘာ ၂၀ ရက်ကနေ ၁၉၉၃၊ ဩဂုတ် ၁၂ ရက်အထိ ၂၆ နှစ်နီးပါးကြာခဲ့တယ်။ အဲ့ဒီနှစ်တွေတုန်းက တကယ့်ကိုခက်ခဲခဲ့တယ်၊ ဒါပေမဲ့ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်မတို့ရဲ့ခိုင်မာပြတ်သားတဲ့ ကြားနေမှုကို ဆက်ထိန်းထားနိုင်ခဲ့ကြတယ်။
တိရစ္ဆာန်များကဲ့သို့ အမဲလိုက်ခံရ
၁၉၇၂၊ အောက်တိုဘာလမှာ အစိုးရထုတ်ပြန်တဲ့ အမိန့်တစ်ခုကြောင့် အကြမ်းဖက်နှိပ်စက်မှု ပြန်ဖြစ်လာပြန်တယ်။ ယေဟောဝါသက်သေအားလုံးကို အလုပ်ဖြုတ်ပစ်ဖို့၊ ရွာထဲမှာရှိတဲ့ သက်သေခံအားလုံးကို မောင်းထုတ်ဖို့ အမိန့်ထုတ်ပြန်ခဲ့တယ်။ တိရစ္ဆာန်တွေကို အမဲလိုက်သလို သက်သေခံတွေကို လိုက်ရှာကြတော့တာပဲ။
အဲ့ဒီအချိန်မှာ ခရစ်ယာန်ညီအစ်ကိုငယ်တစ်ယောက် ကျွန်မတို့အိမ်ကိုရောက်လာပြီး ‘လူငယ်အဖွဲ့ဟာ အဲမာစ်ရဲ့ခေါင်းကိုဖြတ်၊ တိုင်မှာချိတ်ပြီး ဒေသခံလူကြီးတွေဆီ ယူသွားဖို့ ကြံစည်နေကြတယ်’ လို့အရေးတကြီးသတင်းပို့သွားတယ်။ ဒါနဲ့ချက်ချင်းပဲ အိမ်ကနေ အဲမာစ်ထွက်သွားတယ်၊ ဒါပေမဲ့ မသွားခင်မှာ သူ့နောက်ကို ဖြစ်နိုင်တာနဲ့ လိုက်လာနိုင်ဖို့ စီစဉ်ပေးသွားတယ်။ ကလေးတွေကို မြန်မြန်ဆန်ဆန်ပဲ ပို့လိုက်တယ်။ ကျွန်မလည်း ထွက်ခါနီးမှာ လူငယ်အသင်းသား ဆယ်ယောက် ရောက်လာပြီး အဲမာစ်ကို ရှာပါလေရော။ အိမ်ထဲဝင်ပြီး အဲမာစ်ကိုရှာတာ မရှိတော့မှန်းသိလိုက်တယ်။ စိတ်ဆိုးမာန်ဆိုးနဲ့ ကျွန်မကို ကြံစိုက်ခင်းထဲ ဒရွတ်တိုက်ဆွဲခေါ်သွားပြီး ခြေနဲ့ကန်၊ ကြံရိုးတွေနဲ့ ရိုက်ကြတယ်။ အဲ့ဒီနောက် ကျွန်မကို သေပြီအထင်နဲ့ ပစ်သွားကြတယ်။ ကျွန်မ သတိပြန်ရလာတဲ့အခါ အိမ်ကို လေးဖက်တွား ပြန်ခဲ့ရတယ်။
ညအမှောင်ထဲမှာ အသက်စွန့်ပြီး ကျွန်မကို အဲမာစ်လာရှာတယ်။ ကျွန်မကို ရက်ရက်စက်စက် ရိုက်ထားတာတွေ့တော့ ကားတစ်စီးရှိတဲ့ သူ့သူငယ်ချင်းနဲ့ ကျွန်မကို ဖြည်းဖြည်းသာသာ ကားပေါ် မ,တင်ခဲ့ကြတယ်။ အဲ့ဒီနောက် လီလောင်ဝေမြို့က ညီအစ်ကိုတစ်ယောက်ရဲ့အိမ်ကို မောင်းသွားပြီး အဲ့ဒီမှာ ကျွန်မ ပြန်နာလန်ထူလာတဲ့အတွက် ဒီနိုင်ငံကနေ ထွက်ဖို့ အဲမာစ် အစီအစဉ်ဆွဲတော့တာပဲ။
သွားစရာနေရာမရှိသော ခိုလှုံသူများ
သမီးဒီနက်စ်နဲ့ သူ့ခင်ပွန်းဆီမှာ ငါးတန်ကုန်တင်ကားတစ်စီးရှိတယ်။ ဒရိုင်ဘာအဖြစ် သူတို့အလုပ်ခန့်ထားတဲ့သူက တစ်ခါတုန်းက မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြတစ်ယောက်ဖြစ်ပေမဲ့ အခု သက်သေခံတွေရဲ့အခြေအနေကို သိလာပြီး ကျွန်မတို့ကို စာနာမှုပြခဲ့တယ်။ ကျွန်မတို့ကိုရော၊ တခြားသက်သေခံတွေကိုပါ သူကူညီပေးခဲ့တယ်။ ညနေတိုင်း ကြိုတင်စီစဉ်ထားတဲ့ ပုန်းနေတဲ့နေရာတွေကနေ သက်သေခံတွေကို သူလိုက်ကြိုတယ်။ ပြီးတော့ သူ့ရဲ့မာလာဝီလူငယ်ရှေ့ဆောင်လမ်းပြ ယူနီဖောင်းကိုဝတ်ပြီး လူအပြည့်တင်ထားတဲ့ကုန်တင်ကားနဲ့ ရဲစစ်ဆေးရေးဂိတ်တချို့ကို ဖြတ်မောင်းခဲ့တယ်။ နယ်စပ်ကိုဖြတ်ပြီး ဇမ်ဘီယာနိုင်ငံကိုဝင်ဖို့ ရာနဲ့ချီသက်သေခံတွေကို သူ့အသက်စွန့်ပြီး ကူညီပေးခဲ့တယ်။
လအနည်းငယ်ကြာတော့ ဇမ်ဘီယာအာဏာပိုင်တွေက ကျွန်မတို့ကို မာလာဝီနိုင်ငံ ပြန်ပို့လိုက်တယ်; ဒါပေမဲ့ ကျွန်မတို့ရဲ့ဇာတိရွာကို မပြန်ဝံ့ဘူး။ ကျွန်မတို့ရဲ့ပစ္စည်းတွေအားလုံး အခိုးခံလိုက်ရပြီ။ သတ္တုခေါင်မိုးချပ်တွေကိုတောင် ခွာယူသွားကြတယ်။ ဘယ်နေရာမှ မလုံခြုံတဲ့အတွက် မိုဇမ်ဘစ်နိုင်ငံကို ထွက်ပြေးပြီး မလာဂင်နီခိုလှုံရေးစခန်းမှာ နှစ်နှစ်ခွဲ နေခဲ့ကြတယ်။ ဒါပေမဲ့ ၁၉၇၅၊ ဇွန်လမှာ မိုဇမ်ဘစ်အစိုးရအသစ်တက်တော့ အဲ့ဒီစခန်းကို ပိတ်လိုက်ပြီး ကျွန်မတို့ကို မာလာဝီနိုင်ငံ ပြန်ပို့တယ်၊ အဲ့ဒီမှာလည်း ယေဟောဝါသက်သေတွေအတွက် အခြေအနေတွေဟာ မထူးခြားသေးဘူး။ ဇမ်ဘီယာနိုင်ငံကိုပဲ ဒုတိယအကြိမ် ပြန်ထွက်ပြေးခဲ့ကြတယ်။ အဲ့ဒီက ချီဂူမူခီရ်ခိုလှုံရေးစခန်းကို ရောက်သွားကြတယ်။
နောက်နှစ်လကြာတော့ အစောင့်အကြပ်ပါတဲ့ ဘတ်စကားတွေနဲ့ စစ်ထရပ်ကားတွေ လမ်းမကြီးပေါ် ထိုးရပ်လိုက်ပြီး ရာနဲ့ချီတဲ့ ဇမ်ဘီယာလက်နက်ကိုင်စစ်သားတွေ ကျွန်မတို့ စခန်းထဲဝင်လာကြတယ်။ ကျွန်မတို့အတွက် အိမ်ကောင်းကောင်းလေးတွေ ဆောက်ထားပေးတဲ့နေရာကို လိုက်ပို့ပေးမယ်လို့ သူတို့ပြောကြတယ်။ သူတို့လိမ်ညာနေမှန်း ကျွန်မတို့ကောင်းကောင်းသိတယ်။ အဲ့ဒီစစ်သားတွေက ထရပ်ကားနဲ့ ဘတ်စကားတွေပေါ် လူတွေကို တွန်းတင်ကြတော့ အားလုံးအထိတ်တလန့် ဖြစ်ကုန်ကြတာပေါ့။ အဲ့ဒီအခါ စစ်သားတွေက သူတို့ရဲ့မောင်းပြန်သေနတ်တွေကို ထောင်ပစ်တာနဲ့ ထောင်နဲ့ချီကျွန်မတို့ညီအစ်ကို၊ ညီအစ်မတွေလည်း ကြောက်အားလန့်အားနဲ့ ဟိုပြေးဒီပြေးဖြစ်ကုန်ကြတယ်။
အဲ့ဒီလိုရှုပ်ယှက်ခတ်နေတဲ့အချိန်မှာ အဲမာစ် ချော်လဲသွားပြီး တက်နင်းခံရတယ်၊ ဒါပေမဲ့ ညီအစ်ကိုတစ်ယောက်က သူ့ကို ပြန်ထူပေးတယ်။ ဒါဟာ ကြီးစွာသောဆင်းရဲခြင်းအစပဲလို့ ကျွန်မတို့ထင်ခဲ့ကြတာ။ ခိုလှုံသူတွေအားလုံး မာလာဝီနိုင်ငံကို ပြန်ပြေးကြပြန်ရော။ ဇမ်ဘီယာနယ်မြေထဲမှာ ပြေးလွှားနေတုန်း မြစ်တစ်ခုနားရောက်လာကြတော့ ညီအစ်ကိုအချို့က ရေထဲဆင်း တန်းစီလက်ချင်းချိတ်ထားပြီး အခြားသူတွေကို ချောချောမောမောဖြတ်ကူးနိုင်ဖို့ ကူညီပေးခဲ့ကြတယ်။ ဒါပေမဲ့ မြစ်တစ်ဖက်ကမ်းမှာ ကျွန်မတို့ကို ဇမ်ဘီယာစစ်သားတွေ ဝိုင်းထားပြီး မာလာဝီကို အတင်းပြန်ပို့ခဲ့ကြတယ်။
မာလာဝီကိုပြန်ရောက်တဲ့အခါ ဘယ်ကိုသွားရမှန်း ကျွန်မတို့မသိကြတော့ဘူး။ ရွာထဲကို “မျက်နှာသစ်တွေ” ဝင်လာရင် သတိထားဖို့ နိုင်ငံရေးစည်းဝေးတွေမှာ၊ သတင်းစာတွေထဲမှာ သတိပေးနှိုးဆော်ထားတယ်လို့ ကျွန်မတို့သတင်းရထားတယ်၊ မျက်နှာသစ်တွေဆိုတာက ကျွန်မတို့ ယေဟောဝါသက်သေတွေကိုပြောနေတာ။ ဒါနဲ့ ရွာထဲမှာလို ကျွန်မတို့ကို ချက်ချင်းမသိနိုင်တဲ့ မြို့ပေါ်တက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အိမ်ငယ်လေးတစ်လုံးကို ငှားနေနိုင်ခဲ့ကြပြီး အဲမာစ်လည်း နယ်လှည့်ကြီးကြပ်မှူးအနေနဲ့ အသင်းတော်တွေဆီ သိုသိုသိပ်သိပ် ပြန်လည်ပတ်ခဲ့တယ်။
အသင်းတော်အစည်းအဝေးများ တက်ရောက်ခြင်း
ကျွန်မတို့ ဆက်တည်ကြည်နိုင်ခဲ့တာ ဘာကြောင့်လဲ။ အသင်းတော်အစည်းအဝေးတွေကြောင့်ပဲ! မိုဇမ်ဘစ်နဲ့ ဇမ်ဘီယာက ခိုလှုံရေးစခန်းတွေမှာရှိနေတုန်း မြက်ပင်တွေနဲ့မိုးထားတဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေမှာ ကျင်းပတဲ့ အစည်းအဝေးတွေကို ကျွန်မတို့ လွတ်လွတ်လပ်လပ်တက်ခဲ့ကြတယ်။ မာလာဝီနိုင်ငံမှာ အစည်းအဝေးလုပ်ဖို့ စုဝေးကြရတာ အန္တရာယ်များပေမဲ့ စုဝေးရကျိုးနပ်ပါတယ်။ အစိုးရမသိအောင် ဝေးခေါင်တဲ့နေရာတွေမှာ ညဉ့်နက်ပိုင်းမှ အစည်းအဝေးတွေကို ကျင်းပတတ်ကြတယ်။ အစည်းအဝေးတွေမှာ ဟောပြောချက်ပြီးရင် ကျေးဇူးတင်တဲ့အနေနဲ့ လက်ခုပ်မတီးဘဲ လက်ဝါးချင်းပွတ်ပြခဲ့ကြတယ်။
ညဉ့်နက်ပိုင်းမှ နှစ်ခြင်းပေးတယ်။ အဲ့ဒီလိုအချိန်မျိုးမှာ ကျွန်မတို့ရဲ့သား အဲဘီယူဒ် နှစ်ခြင်းခံခဲ့တယ်။ နှစ်ခြင်းဟောပြောချက်ပြီးတဲ့အခါ သားနဲ့တခြားနှစ်ခြင်းခံမယ့်သူတွေကို တွင်းတိမ်တိမ်လေးတူးထားတဲ့ ရွှံ့အိုင်ဆီကို ညအမှောင်ထဲမှာ ခေါ်သွားပြီး နှစ်ခြင်းပေးခဲ့တယ်။
လုံခြုံရာ ကျွန်မတို့အိမ်ငယ်လေး
အစိုးရပိတ်ပင်ထားတဲ့နှစ်တွေရဲ့ အကုန်ပိုင်းမှာ လီလောင်ဝေမြို့က ကျွန်မတို့အိမ်ကို လုံခြုံရာအိမ်အဖြစ် အသုံးပြုခဲ့ကြတယ်။ ဇမ်ဘီယာဌာနခွဲရုံးက စာတွေနဲ့ စာအုပ်စာတမ်းတွေကို ကျွန်မတို့အိမ်မှာ တိတ်တဆိတ်လာပို့တယ်။ စက်ဘီးနဲ့ ဆက်သားအဖြစ် စာလိုက်ပို့ပေးတဲ့ ညီအစ်ကိုတွေဟာ ဇမ်ဘီယာနိုင်ငံကနေ တင်ပို့လိုက်တဲ့ ပစ္စည်းတွေကိုယူပြီး မာလာဝီနိုင်ငံအနှံ့ ပြန်ဖြန့်ပေးတယ်။ အဲ့ဒီတုန်းက ဖြန့်ဝေတဲ့ ကင်းမျှော်စင်မဂ္ဂဇင်းတွေကို ကျမ်းစာပုံနှိပ်တဲ့စာရွက်တွေနဲ့ ပုံနှိပ်ထားတာမို့ ပါးပါးလေးတွေ။ ဒါကြောင့် စာပို့သူတွေက ရိုးရိုးစာရွက်နဲ့ပုံနှိပ်ထားတဲ့ မဂ္ဂဇင်းစာစောင်တွေထက် နှစ်ဆသယ်ပို့ပေးနိုင်ခဲ့တယ်။ လေ့လာရန်ဆောင်းပါးတွေပဲပါတဲ့ ကင်းမျှော်စင်မဂ္ဂဇင်း အသေးစားလေးတွေကိုလည်း စာပို့သူတွေ ဖြန့်ဝေပေးခဲ့တယ်။ စာရွက်တစ်ရွက်တည်းပဲဖြစ်တဲ့အတွက် အဲ့ဒီမဂ္ဂဇင်းအသေးစားတစ်စောင်ကို ရှပ်အင်္ကျီအိတ်ထဲထည့်ပြီး အလွယ်တကူဝှက်ထားနိုင်တယ်။
အဲ့ဒီစာပို့သူတွေက သူတို့ရဲ့လွတ်လပ်မှုနဲ့ အသက်ကိုစွန့်ပြီး ပိတ်ပင်ထားတဲ့ စာအုပ်စာတမ်းပုံးတွေကို စက်ဘီးပေါ် အထပ်လိုက်တင် ချုံတောထဲ၊ တစ်ခါတလေ ညအမှောင်ထဲမှာ လိုက်ပို့ခဲ့ကြတယ်။ ရဲတွေရဲ့ပိတ်ဆို့တားဆီးမှုတွေနဲ့ တခြားအန္တရာယ်တွေကြားကနေ သူတို့ရဲ့ညီအစ်ကိုတွေ ဝိညာဉ်အစာရရှိဖို့ ရာသီဥတုဒဏ်အမျိုးမျိုးခံပြီး မိုင်ပေါင်းများစွာ ခရီးနှင်ခဲ့ကြတယ်။ ချစ်စရာကောင်းတဲ့ အဲ့ဒီစာပို့သူတွေဟာ တကယ်ကိုသတ္တိရှိကြတယ်!
မုဆိုးမများကို ယေဟောဝါစောင့်ရှောက်
၁၉၉၂၊ ဒီဇင်ဘာလမှာ တိုက်နယ်လည်ပတ်ချိန်အတွင်း ဟောပြောချက်ပေးနေရင်း အဲမာစ်လေဖြတ်သွားတယ်။ အဲ့ဒီနောက် သူစကားမပြောနိုင်တော့ဘူး။ နောက်ပိုင်းမှာ ဒုတိယအကြိမ် လေဖြတ်တော့ သူ့ကိုယ်တစ်ပိုင်း သေသွားတယ်။ သူ့ရဲ့ကျန်းမာရေးမကောင်းတော့တဲ့အတွက် သူအတော်လေးခံရခက်ပေမဲ့ ကျွန်မတို့အသင်းတော်က မေတ္တာနဲ့ အမျိုးမျိုးထောက်ပံ့ကူညီပေးလို့ စိတ်သက်သာရာရခဲ့တယ်။ ၁၉၉၄၊ နိုဝင်ဘာလမှာ အသက် ၇၆ နှစ်ရှိတဲ့ ကျွန်မခင်ပွန်းကွယ်လွန်သွားတဲ့အထိ အိမ်မှာပဲ သူ့ကို ကြည့်ရှုပြုစုပေးနိုင်ခဲ့တယ်။ ကျွန်မတို့ရဲ့အိမ်ထောင်သက် ၅၇ နှစ်ရှိပြီ၊ အဲမာစ်မဆုံးခင် ပိတ်ပင်မှုဖျက်သိမ်းလိုက်တာကို သူသိလိုက်ရတယ်။ ဒါပေမဲ့ ကျွန်မရဲ့သစ္စာရှိအိမ်ထောင်ဖက်ကို အခုထိ လွမ်းနေတုန်းပါ။
ကျွန်မ မုဆိုးမဘဝရောက်တော့ ကျွန်မရဲ့သမက်က သူ့ရဲ့ဇနီးနဲ့ ကလေးငါးယောက်အပြင် ကျွန်မကိုပါ ကျွေးမွေးထောက်ပံ့ဖို့ တာဝန်ယူတယ်။ ဝမ်းနည်းစရာက သူဖျားနာပြီး သိပ်မကြာခင် ၂၀၀၀ ပြည့်နှစ် ဩဂုတ်လမှာ ဆုံးသွားရှာတယ်။ ကျွန်မတို့ရဲ့စားဝတ်နေရေးဖူလုံဖို့ ကျွန်မသမီး ဘယ်လိုရှာခဲ့သလဲ။ ယေဟောဝါဟာ ကျွန်မတို့ကို ကြည့်ရှုစောင့်ရှောက်တယ်ဆိုတာရယ်၊ “မိဘမရှိသောသူတို့၏အဘဖြစ်၍ မုဆိုးမတို့ဘက်မှာ တရားစီရင်” တယ်ဆိုတာကိုပါ နောက်ထပ်ခံစားရပြန်တယ်။ (ဆာလံ ၆၈:၅) ယေဟောဝါဟာ မြေကြီးပေါ်က ကိုယ်တော့်ရဲ့ကျေးကျွန်တွေကနေတစ်ဆင့် တကယ်လှတဲ့ အိမ်သစ်တစ်လုံးပေးတယ်။ ဘယ်လိုဖြစ်လာတာလဲ။ ကျွန်မတို့ရဲ့အခြေအနေကို အသင်းတော်က ညီအစ်ကို၊ ညီအစ်မတွေ မြင်တဲ့အခါ ငါးပတ်နဲ့ အိမ်တစ်လုံးပြီးအောင် ဆောက်ပေးခဲ့တယ်လေ! တခြားအသင်းတော်တွေက ပန်းရန်သမားညီအစ်ကိုတွေလည်း လာကူညီပေးကြတယ်။ အဲ့ဒီသက်သေခံတွေအားလုံးပြခဲ့တဲ့ မေတ္တာ၊ ကြင်နာမှုကြောင့် ကျွန်မတို့ အံ့အားသင့်သွားကြရတယ်၊ ဘာဖြစ်လို့လဲဆိုတော့ သူတို့ထဲကအများစုရဲ့ အိမ်တွေထက်တောင် ကျွန်မတို့အိမ်က ပိုကောင်းနေလို့ပဲ။ အသင်းတော်ကပြသတဲ့ မေတ္တာကြောင့် ကျွန်မတို့ရဲ့ရပ်ကွက်မှာ ကောင်းတဲ့သက်သေခံချက်တစ်ခုဖြစ်ခဲ့တယ်။ ညအိပ်ရာဝင်တဲ့အခါ ပရဒိသုရောက်နေသလို ခံစားရတယ်! ကျွန်မတို့ရဲ့လှပတဲ့အိမ်သစ်လေးဟာ အုတ်၊ အင်္ဂတေနဲ့ ဆောက်ထားတာမှန်ပေမဲ့ မေတ္တာနဲ့ဆောက်ထားတဲ့အိမ်လို့ လူအတော်များများက ပြောကြတယ်။—ဂလာတိ ၆:၁၀။
ယေဟောဝါဆက်ဂရုစိုက်နေ
တစ်ခါတလေ ကျွန်မအကြီးအကျယ်စိတ်ဓာတ်ကျပေမဲ့ ယေဟောဝါဟာ ကျွန်မကို တကယ်ထောက်ပံ့ကူညီခဲ့တယ်။ ကျွန်မရဲ့သားသမီးကိုးယောက်ထဲက ခုနစ်ယောက် အသက်ရှင်နေသေးတယ်၊ အခုဆိုရင် ကျွန်မရဲ့မိသားစုမှာ ၁၂၃ ယောက်တောင်ရှိနေပြီ။ သူတို့အများစုကလည်း ယေဟောဝါကို သစ္စာရှိရှိဝတ်ပြုကိုးကွယ်နေကြလို့ တကယ်ကိုကျေးဇူးတင်စရာပါ!
ဒီနေ့ ကျွန်မအသက် ၈၂ နှစ်အရွယ်မှာ ဘုရားသခင့်ဝိညာဉ်တော်က မာလာဝီနိုင်ငံမှာ ဖြစ်မြောက်အောင်မြင်စေတာတွေကိုမြင်ပြီး ဝမ်းသာပီတိဖြစ်မိတယ်။ လွန်ခဲ့တဲ့လေးနှစ်အတွင်းမှာပဲ ဘုရားသခင့်နိုင်ငံတော်ခန်းမ တစ်လုံးကနေ ၆၀၀ ကျော်အထိ တိုးများလာတာကို ကျွန်မတွေ့မြင်ခဲ့ရတယ်။ အခုဆိုရင် လီလောင်ဝေမြို့မှာ ဌာနခွဲရုံးအသစ်လည်း ရှိနေပြီ၊ ခွန်အားရှိစေတဲ့ ဝိညာဉ်အစာကိုလည်း အလျှံပယ်စားနေကြရပြီ။ “သင့်တစ်ဖက်၌လုပ်သော လက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ” လို့ဟေရှာယ ၅၄:၁၇ မှာအာမခံထားတဲ့ ဘုရားသခင်ရဲ့ကတိတော် ပြည့်စုံတာကို ကျွန်မတကယ်ပဲတွေ့ကြုံခံစားခဲ့ရတယ်။ အနှစ် ၅၀ ကျော် ယေဟောဝါကိုဝတ်ပြုကိုးကွယ်ပြီးနောက် ဘယ်စမ်းသပ်မှုမျိုးကိုမဆို ရင်ဆိုင်ရပါစေ ကျွန်မတို့ကို ယေဟောဝါအမြဲစောင့်ရှောက်တယ်ဆိုတာ ယုံကြည်စိတ်ချတယ်။
[အောက်ခြေမှတ်ချက်]
^ အပိုဒ်၊ 17 မာလာဝီနိုင်ငံမှ ယေဟောဝါသက်သေများ၏သမိုင်းကို ထပ်ဆင့်သိလိုပါက ယေဟောဝါသက်သေများ ထုတ်ဝေသည့် ၁၉၉၉ ယေဟောဝါသက်သေများ၏နှစ်ချုပ်စာအုပ် စာမျက်နှာ ၁၄၉-၂၂၃ ကိုရှု။
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၅၁၊ ဧပြီလတွင် ကျွန်မ၏ခင်ပွန်း အဲမာစ် နှစ်ခြင်းခံခဲ့
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သတ္တိရှိဆက်သားများအုပ်စု
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
မေတ္တာဖြင့်ဆောက်သောအိမ်