မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စစ်မှန်သောခရစ်ယာန်ယုံကြည်ချက်တစ်ရပ် အဖြစ်မှန်

စစ်မှန်သောခရစ်ယာန်ယုံကြည်ချက်တစ်ရပ် အဖြစ်မှန်

စစ်မှန်သော​ခရစ်ယာန်​ယုံကြည်ချက်​တစ်ရပ် အဖြစ်မှန်

ယေရှု​ခရစ်​သည် ချာ့ခ်ျ သို့​မဟုတ် အသင်းတော်​တစ်ခု​တည်း​ကို​သာ တည်ထောင်​ခဲ့​၏။ အဆိုပါ​အသင်းတော်သည် ဝိညာဉ်​ရေးရာ​အဖွဲ့၊ ဝိညာဉ်​ရေးရာ​မိသားစု​တစ်ခု​ဖြစ်​ခဲ့​သည်။ ဤသို့​အားဖြင့် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော် ရွေးချယ်သော​လူ​တို့ကို အတူတကွ​စုရုံး​စေ​ခဲ့​သည်​ဟု ကျွန်ုပ်​တို့​ဆိုလိုခြင်း​ဖြစ်​ပြီး အားလုံး​ကို ဘုရားသခင်​၏ ‘သားများ’ အဖြစ် ကိုယ်တော်​အသိအမှတ်ပြု​တော်​မူ​ခြင်း​ဖြစ်သည်။—ရောမ ၈:၁၆၊ ၁၇; ဂလာတိ ၃:၂၆

လူ​တို့ကို အမှန်တရား​နှင့် အသက်​သို့ ပို့ဆောင်​လမ်းညွှန်​ရန် ဘုရားသခင်​သည် တစ်ခု​တည်း​သော​နည်းလမ်းကို​သာ အသုံးပြု​တော်​မူ​ကြောင်း ယေရှု​သွန်သင်​ခဲ့​၏။ ထို​အရေးပါသော အမှန်တရားကို​သရုပ်ဖော်​ပြ​ရန် ယေရှုသည် ထာဝရ​အသက်​သို့​ပို့ဆောင်သော​နည်းလမ်းကို လမ်း​တစ်​လမ်း​နှင့် နှိုင်းယှဉ်​ပြ​ခဲ့​သည်။ ကိုယ်တော်​ဤသို့​မိန့်တော်မူ၏– “ကျဉ်း​သော​တံခါး​ကို​ဝင်​ကြလော့။ ပျက်စီးခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် ကျယ်ဝန်း​သည်​ဖြစ်၍ ဝင်​သော​သူတို့သည် များ​ကြ​၏။ အသက်ရှင်ခြင်း​သို့​ရောက်​သော လမ်း​နှင့်​တံခါး​သည် အလွန်​ကျဉ်း​မြောင်း​သည်​ဖြစ်၍၊ တွေ့​ဝင်​သော​သူတို့သည် နည်း​ကြ​၏။”—မဿဲ ၇:၁၃၊ ၁၄; ယောဟန် ၁၄:၆; တမန်​တော် ၄:၁၁၊ ၁၂

တစည်းတလုံး​တည်း​ဖြစ်သော​အသင်းတော်

အဆိုပါ​ပထမ​ရာစု​ရှိ ခရစ်ယာန်​အသင်းတော်ကို “ယနေ့ . . . ချာ့ခ်ျ​ကဲ့သို့​သော ကမ္ဘာချီ၊ တစ်လောက​လုံး​တွင် ဖွဲ့စည်းထား​သော​အဖွဲ့အစည်း​မျိုး” အဖြစ် ကျွန်ုပ်​တို့​မယူမှတ်​သင့်​ပါ​ဟု ဘာသာရေးဆိုင်ရာ​အဘိဓာန်​ကျမ်း​သစ်​က ဖော်ပြ​သည်။ အဘယ်ကြောင့်​နည်း။ “အရိုးရှင်းဆုံး​အကြောင်းရင်း​ကား ထိုသို့​သော ဖွဲ့စည်းထား​သည့် တစ်လောက​လုံး​ဆိုင်ရာ​အဖွဲ့အစည်း မရှိခဲ့​သောကြောင့်​ပင်” ဟု​ဆို​၏။

ယနေ့ ကျွန်ုပ်​တို့​တွေ့မြင်​နေကြ​ရသည့် အတည်တကျ​ဖွဲ့စည်း သတ်မှတ်​ထားသော ချာ့ခ်ျ​စနစ်​များနှင့် အစောပိုင်း​ခရစ်ယာန်​အသင်းတော်သည် မတူညီ​ဟူ​သည့်​အချက်​ကို မည်သူကမျှ မှန်ကန်​စွာ ငြင်းဆို​နိုင်​မည်​မဟုတ်​ချေ။ သို့သော် ထို​ခရစ်ယာန်​အသင်းတော်သည် စနစ်တကျ​ဖွဲ့စည်းထား​ခဲ့​ပါ​သည်။ အသင်းတော်​တစ်ခု​ချင်း​စီ​သည် တစ်ခု​နှင့်​တစ်ခု အမှီအခို​ကင်းမဲ့​စွာ ဆောင်ရွက်​ခဲ့​ကြသည်​မဟုတ်။ ၎င်း​တို့အားလုံး​သည် ယေရုရှလင်​မြို့ရှိ အုပ်ချုပ်ရေး​အဖွဲ့​၏​သြဇာ​အာဏာကို အသိအမှတ်ပြု​ခဲ့​ကြသည်။ ယေရုရှလင်​အသင်းတော်​ရှိ တမန်​တော်​များနှင့် အသက်ကြီးသူတို့​ဖြင့်​ဖွဲ့စည်းထား​သော အဆိုပါ​အုပ်ချုပ်ရေး​အဖွဲ့​သည် ခရစ်တော်​၏ “ကိုယ်​တစ်ကိုယ်တည်း” ဖြစ်သော အသင်းတော်​၏​စည်းလုံးမှု​ကို ထိန်းသိမ်း​ပေး​ခဲ့​ကြသည်။—ဧဖက် ၄:၄၊ ၁၁-၁၆; တမန်​တော် ၁၅:၂၂-၃၁; ၁၆:၄၊ ၅

အဆိုပါ​တစ်ခု​တည်း​သော​အသင်းတော်​မှန်သည် မည်သို့​ဖြစ်သွား​သနည်း။ ၎င်း​သည် အင်အားကြီး​မား​သော ကက်သလစ်​ချာ့ခ်ျ​ကြီး​ဖြစ်လာ​ပါသလော။ သို့​မဟုတ် ယနေ့ ကျွန်ုပ်​တို့​တွေ့မြင်​နေကြ​ရသည့် ဂိုဏ်းဂဏ​ကွဲပြား​သော ပရိုတက်စတင့်​ချာ့ခ်ျ​စနစ်​အဖြစ်သို့ ပြောင်းလဲ​ခဲ့​သလော။ သို့​မဟုတ် အခြား​တစ်စုံတစ်ရာ​ဖြစ်ပျက်​ခဲ့​သလော။

“စပါးပင်” နှင့် “တောပင်”

အဖြေ​ရ​ရန် အဘယ်အရာ​ဖြစ်ပျက်​လာ​လိမ့်​မည်​ဟု ယေရှု​ခရစ်​ကိုယ်တော်တိုင် မိန့်တော်မူ​ခဲ့​သော​စကား​ကို အသေအချာ​သုံးသပ်ကြည့်​ကြပါစို့။ ယေရှုသည် သမိုင်းဝင်​မြင်ကွင်း​မှ မိမိ၏​အသင်းတော် ပျောက်ကွယ်​သွားဖို့ မျှော်လင့်​တော်​မူ​ခဲ့​ပြီး ထိုသို့​သော​ဝမ်းနည်းဖွယ်​အခြေအနေ​ကို ရာစုနှစ်ချီ ကိုယ်တော်​ခွင့်ပြု​မည်​ဖြစ်​ကြောင်း သင်​သိလာ​သောအခါ အံ့အားသင့်​ပေမည်။

မိမိ၏​အသင်းတော်ကို “ကောင်းကင်​နိုင်ငံတော်” နှင့်​ဆက်စပ်​လျက် ကိုယ်တော်​ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ကောင်းကင်​နိုင်ငံတော်​သည် ကောင်းသော​မျိုးစေ့ကို လယ်​၌​ကြဲ​သော​သူနှင့်​တူ​၏။ လူတို့သည်​အိပ်ပျော်​သောအခါ သူ၏​ရန်သူ​သည်​လာ၍၊ ကောင်းသော​စပါး​နှင့်​လက္ခဏာ​တူသော တော​မျိုးစေ့ကို စပါး​အထဲ​၌​ကြဲ​၍ သွား​လေ​၏။ အပင်ပေါက်​၍ အသီးအနှံ​ထွက်​သောအခါ၊ တောပင်​များလည်း​ထင်ရှား​လျှင်၊ ကျွန်​တို့သည် အိမ်ရှင်​ထံ​သို့​သွား​၍ ‘သခင်၊ ကောင်းသော​မျိုးစေ့ကို လယ်​၌​ကြဲ​တော်​မူ​သည်မဟုတ်​လော။ တောပင်​တို့သည် အဘယ်က​ဖြစ်သနည်း’ ဟု လျှောက်​ကြ​လျှင်၊ အိမ်ရှင်​က၊ ‘ဤ​အမှုသည် ရန်သူ​ပြုသော​အမှု​ဖြစ်​သတည်း’ ဟု ဆို​၏။ ‘အကျွန်ုပ်​တို့သည် သွား​၍ တောပင်​တို့ကို​ရွေးနုတ်​စေခြင်း​ငှာ အလိုတော်​ရှိသလော’ ဟု လျှောက်​ကြ​လျှင်၊ အိမ်ရှင်​က ‘ထိုသို့​ငါ​အလို​မရှိ။ တောပင်​တို့ကို​ရွေးနုတ်​လျှင် စပါးပင်​တို့ကို​ရောနှော​၍​နုတ်​မိ​မည် စိုးရိမ်​စ​ရာ​အကြောင်း​ရှိ၏။ စပါး​ရိတ်​သည်​ကာလ​တိုင်အောင် အပင်​နှစ်မျိုး​တို့သည် အတူ​ကြီးပွား​ပါ​လေ​စေ။ စပါး​ရိတ်​သည့်​ကာလ​ရောက်​လျှင်၊ တောပင်​တို့ကို ရှေးဦး​စွာ​ရွေးနုတ်​၍ မီးရှို့ခြင်း​ငှာ စည်း​နှောင်​ကြလော့။ စပါး​ကို​ကား ကျီ​၌​စုသိမ်း​သွင်းထား​ကြလော့​ဟု ရိတ်​သော​သူတို့အား ငါ​စီရင်​မည်’ ဟု အိမ်ရှင်​ဆို​သည်။”—မဿဲ ၁၃:၂၄-၃၀

ယေရှု​က မိမိသည် “လယ်​၌​ကြဲ​သော​သူ” ဖြစ်​ကြောင်း ရှင်းပြ​ခဲ့​၏။ “ကောင်းသော​မျိုးစေ့” မှာ ကိုယ်တော်​၏​တပည့်စစ်​များ​ကို ပုံဆောင်​သည်။ ကိုယ်တော်​၏ “ရန်သူ” သည် စာတန်​ဖြစ်သည်။ “တောပင်” ကား အစောပိုင်း​ခရစ်ယာန်​အသင်းတော်​သို့ စိမ့်ဝင်​လာ​ခဲ့​ကြသော ခရစ်ယာန်​အတုအယောင်​များ​ဖြစ်သည်။ ကိုယ်တော်​က မိမိသည် “စပါးပင်” နှင့် “တောပင်” ကို “စပါး​ရိတ်​သည်​ကာလ” ဖြစ်သော “ဤ​ကမ္ဘာ​ကုန်​သော​ကာလ” တိုင်အောင် အတူတကွ ကြီးထွား​စေမည်​ဟု မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၁၃:၃၇-၄၃) ဤ​အရာအားလုံး အဘယ်​အဓိပ္ပာယ်​ရှိ​သနည်း။

ခရစ်ယာန်​အသင်းတော် ဖောက်ပြန်​ယိုယွင်း​လာ

တမန်​တော်​များ​သေဆုံး​ပြီး​နောက် များ​မကြာမီ အသင်းတော်​အတွင်းရှိ အယူဖောက်ပြန်​သော​ဆရာများ​သည် အသင်းတော်ကို စတင်​ချုပ်ကိုင်​လာ​လေ​သည်။ သူတို့သည် ‘တပည့်​များ​ကို သွေးဆောင်ခြင်း​ငှာ၊ မှား​သော​စကား​ကို’ ပြောဆို​ကြ​၏။ (တမန်​တော် ၂၀:၂၉၊ ၃၀) ရလဒ်​အနေ​ဖြင့် ခရစ်ယာန်​များစွာ​သည် “ယုံကြည်ခြင်းကို​စွန့်ပယ်” ကြ​တော့​သည်။ သူတို့သည် “ဒဏ္ဍာရီ​စကား​ကို​နားထောင်​၍ လွဲသွား​ကြ” ၏။—၁ တိမောသေ ၄:၁-၃; ၂ တိမောသေ ၄:၃၊ ၄

စီ.အီး. လေး​ရာစု​တွင် “ကက်သလစ်​ခရစ်ယာန်​ဘာသာသည် . . . ရောမ​အင်ပါယာ​၏ တရားဝင်​ဘာသာ​ဖြစ်လာ​လေ​သည်” ဟု​ဘာသာရေးဆိုင်ရာ​အဘိဓာန်​ကျမ်း​သစ်​က​ဆို​၏။ ချာ့ခ်ျ​နှင့် အစိုးရ ရောယှက်​ပူးပေါင်း​မှု​ဖြစ်သော “ခရစ်ယာန်​အသင်းတော်​နှင့် ပြည်သူ​အဖွဲ့အစည်း​တို့၏ ပေါင်းစည်း​မှု” က အစောပိုင်း​ခရစ်ယာန်​တို့၏ ယုံကြည်ချက်များ​နှင့် လုံးလုံး​ဆန့်ကျင်​သည်။ (ယောဟန် ၁၇:၁၆; ယာကုပ် ၄:၄) အတန်ကြာ​လေ​သော် “သိ​လို​မြင်​လို​ဇော​နှင့် လုံးဝ​မပြု​အပ်​သည့် ဓမ္မဟောင်း​ကျမ်း​နှင့် ပ​လေ​တို​စံနှုန်း​တို့ ပေါင်းစပ်​လိုက်ခြင်း​ကြောင့်” ချာ့ခ်ျ​၏​ဖွဲ့စည်းမှု​စနစ်​တစ်ခုလုံး​နှင့် သဘောသဘာဝ​အပြင် ယင်း​၏​အခြေခံ​ယုံကြည်ချက် အများအပြား​သည် အကြီးအကျယ်​ပြောင်းလဲ​သွားခဲ့သည်​ဟု အထက်ပါ​စာအုပ်​က​ပင်​ဖော်ပြ​သည်။ ယေရှု​ခရစ် တင်ကူး​မိန့်တော်မူ​ခဲ့​သည့်​အတိုင်း ကိုယ်တော်​၏​တပည့်စစ်​များသည် ခရစ်ယာန်​အတု​များ ကြီးပွား​တိုးများ​လာစဉ် မြင်ကွင်း​မှ ဖုံးကွယ်​ခံ​ခဲ့​ရသည်။

ကြီးထွား​ချိန်​ကာလ​အတွင်း တောပင်​သည် စပါးပင်​နှင့် ပုံစံ​အလွန်​ဆင်တူ​သောကြောင့် အဆိပ်​ပြင်း​သည့်​မြက်​တစ်မျိုး​ကဲ့သို့​သော တောပင်​တို့​မှ ဂျုံ​စပါးပင်​ကို ခွဲခြား​ရန် ခက်ခဲ​ကြောင်း ယေရှု​စကား​နားထောင်သူ​တို့ သိထားကြသည်။ သို့​နှင့် ယေရှု​က ခရစ်ယာန်စစ်​များ​ကို အတုအယောင်​အဖုံဖုံ​မှ ခွဲထုတ်​ရန် အခိုက်အတန့် ခဲယဉ်း​လိမ့်​မည်​ဖြစ်​ကြောင်း သရုပ်ဖော်​နေခဲ့​ခြင်း​ဖြစ်သည်။ ယင်းကြောင့် ခရစ်ယာန်​အသင်းတော် မရှိတော့​ဟု ဆိုလို​နေခြင်း​မဟုတ်ပါ၊ အကြောင်း​မှာ ယေရှု​က မိမိ၏​ဝိညာဉ်​ရေး​ညီအစ်ကို​များ​ကို “ကပ်ကမ္ဘာ​ကုန်သည်​တိုင်အောင်” ဆက်လက်​ညွှန်ကြား​သွား​မည်​ဟု ကတိပြု​ထား​၍​ဖြစ်သည်။ (မဿဲ ၂၈:၂၀) ဂျုံ​စပါးပင်​သည် ဆက်လက်​ကြီးထွား​သွား​လိမ့်​မည်​ဟု ယေရှု​မိန့်တော်မူ​ခဲ့​သည်။ သို့​တ​စေ ခရစ်ယာန်စစ်​များသည် ခေတ်​ကာလ​များ​တစ်လျှောက် တစ်ဦးချင်း​ဖြစ်စေ၊ အုပ်စု​လိုက်​ဖြင့်​ဖြစ်စေ ခရစ်တော်​၏​သွန်သင်ချက်​များ​ကို သူတို့​အတတ်နိုင်ဆုံး တည်ကြည်​စွာ အမှန်​စွဲကိုင်​လိုက်နာ​ခဲ့​ကြသည်။ သို့သော် သူတို့သည် အထင်အရှား​ခွဲခြား​ထင်ပေါ်​သော မျက်မြင်ရ​အဖွဲ့​တစ်ခု​အဖြစ် မရှိခဲ့​ချေ။ ဤ​သူတို့သည် သမိုင်း​တစ်လျှောက်​တွင် ယေရှု​ခရစ်​၏​နာမတော်​ကို အရှက်တကွဲ​အကျိုး​နည်းစေ​၍ ဂုဏ်​အသရေပျက်​စေသော မျက်မြင်ရ​အယူဖောက်ပြန်​သည့် ဘာသာရေး​စနစ်​နှင့် လုံးဝ​မတူကြ​ချေ။—၂ ပေတရု ၂:၁၊ ၂

‘ဒုစရိုက်​လူ ပေါ်လာ​ရ​လိမ့်​မည်’

ဤ​အတုအယောင်​ဘာသာရေး​စနစ်​ကို မှတ်သား​ဖော်ပြ​မည့်​အရာတစ်ခု​အကြောင်း တမန်​တော်​ပေါလု တင်ကူး​ပြောဆို​ခဲ့​သည်။ သူ​ဤသို့​ရေးသားခဲ့​သည်– ‘အဘယ်သူမျှ သင်တို့ကို အဘယ်​သို့​သော​အားဖြင့် မ​လှည့်ဖြား​စေ​နှင့်။ [ယေဟောဝါ​၏] နေ့ရက်​မရောက်မီ ဖောက်ပြန်​သင်း​ခွဲခြင်း​သည်​အရင်​ဖြစ်၍၊ ဒုစရိုက်​လူ ပေါ်လာ​ရ​လိမ့်​မည်။’ (၂ သက်သာလောနိတ် ၂:၂-၄)ဤ“ဒုစရိုက်​လူ”သည် “ခရစ်ယာန်” အသင်းတော်​အထက် အုပ်ချုပ်ရေး​အရာ​၌ မိမိကိုယ်ကို ချီးမြှောက်​ခဲ့​သော ဓမ္မ​ဆရာ​အတန်းအစား​ပင်​ဖြစ်သည်။ *

အယူဖောက်ပြန်​ခြင်း​သည် တမန်​တော်​ပေါလု​ခေတ်တွင် စတင်​ခဲ့​သည်။ တမန်​တော်​များ သေဆုံး​သွားပြီး သူတို့၏​ထိန်းချုပ်မှု​သြဇာ ပျောက်ဆုံး​သွား​သည့်​နောက် ၎င်း​၏​အရှိန်အဟုန် တိုးမြှင့်​လာ​လေ​သည်။ ၎င်း​သည် “စာတန်​ပြုပြင်​သော​အားဖြင့် မုသာ​နှင့်​စပ်ဆိုင်​သော ထူးဆန်းသော​တန်ခိုး၊ နိမိတ်​လက္ခဏာ​ဖြစ်လာ​မည့်​အခြေအနေ၊ အံ့ဖွယ်သော​အမှု​အမျိုးမျိုးနှင့် . . . မတရားသော​လှည့်ဖြားခြင်း​အမျိုးမျိုး” တို့​ဖြင့် ခွဲခြား​မှတ်သား​ခံရ​လိမ့်​မည်​ဟု တမန်​တော်​ပေါလု​ပြော​ခဲ့​သည်။ (၂ သက်သာလောနိတ် ၂:၆-၁၂) ယင်းသည် သမိုင်း​တစ်လျှောက် [ခရစ်ယာန်]ဘာသာရေး​ခေါင်းဆောင်​များစွာ​၏ ဆောင်ရွက်မှု​တို့ကို အတိအကျ​ဖော်ပြ​ခဲ့​ခြင်း​ဖြစ်သည်!

ရိုမန်ကက်သလစ်​အသင်း​သည် တစ်ခု​တည်း​သော​ချာ့ခ်ျ​အစစ်အမှန်​ဖြစ်သည်​ဟူ​သည့် သူတို့၏​အဆိုကို ထောက်ခံ​သည့်​အနေ​နှင့် ကက်သလစ်​ခေါင်းဆောင်​များ​က သူတို့၏​ဘိရှော့များ​သည် “အစ​ပထမ​ကတည်းက အမွေဆက်ခံ​ခဲ့​ရာ ကနဦး​တမန်​တော်​များ​မှ ဆက်တိုက်​ဆင်းသက်လာ​ကြသည်” ဟု ဆို​၏။ အမှန်​မှာ တမန်​တော်​အရာ​ကို​ဆက်ခံခြင်း​ဟူသော​အဆို​သည် သမိုင်းဝင် သို့​မဟုတ် သမ္မာကျမ်း​ဆိုင်ရာ အခြေအမြစ်​မရှိ​ချေ။ ယေရှု၏​တမန်​တော်​များ သေဆုံး​ပြီး​နောက်​မှ ပေါ်ထွက်​လာ​သည့်​ချာ့ခ်ျ​စနစ်​သည် ဘုရားသခင့်​သန့်ရှင်းသော​ဝိညာဉ်​တော်​၏ ညွှန်ကြား​ခြင်း​ခံရ​၏​ဟု ယုံကြည်​စိတ်ချ​လောက်​သည့် သက်သေ​သာဓက​မရှိ​ချေ။—ရောမ ၈:၉; ဂလာတိ ၅:၁၉-၂၁

ထို့​ပြင် ပြုပြင်​ခွဲထွက်​ရေး​ဟု​ခေါ်ဆို​သည့်​အချိန်​နောက်ပိုင်း ဖြစ်ပွား​တည်ထောင်​လာသော အခြား​ချာ့ခ်ျ​များနှင့်​ပတ်သက်​၍​ကော အသို့နည်း။ ၎င်းတို့သည် အစောပိုင်း​ခရစ်ယာန်​အသင်းတော်​၏ စံပြ​ပုံစံ​အတိုင်း ပြန်​တည်ရှိ​ခဲ့​ကြ​သလော။ ကနဦး​ခရစ်ယာန်​အသင်းတော်​၏ သန့်ရှင်း​စင်ကြယ်မှု​အခြေအနေ​သို့ ၎င်း​တို့ ပြန်ရောက်​ရှိခဲ့​ကြ​သလော။ ပြုပြင်​ခွဲထွက်​ရေး​ပြီး​နောက် သာမန်​လူများစွာ​သည် သမ္မာကျမ်းစာ​ကို သူတို့၏​ဘာသာ​စကား​ဖြင့် ရရှိခဲ့​ကြသည်​မှန်​၏။ သို့​တိုင် ဤ​ချာ့ခ်ျ​များသည် မှားယွင်းသော​အယူဝါဒ​များ​ကို ဆက်လက်​သွန်သင်​ခဲ့​ကြောင်း သမိုင်းက ဖော်ပြ​သည်။ *မဿဲ ၁၅:၇-၉

သို့သော် ဤ​အချက်​ကို​သတိပြုပါ။ ယေရှု​ခရစ်​၏​စစ်မှန်​သည့် တစ်ခု​တည်း​သော​အသင်းတော်သည် ဤ​ကမ္ဘာ​ကုန်​သော​ကာလ​ဟု ကိုယ်တော်​ခေါ်ဆို​ခဲ့​သည့်​ကာလ​အတွင်း ပြန်လည်​ထူထောင်​လိမ့်​မည်​ဖြစ်​ကြောင်း ကိုယ်တော်​အတိအကျ​ပင် တင်ကူး​မိန့်တော်မူ​ခဲ့​သည်။ (မဿဲ ၁၃:၃၀၊ ၃၉) သမ္မာကျမ်းစာ​ပရောဖက်ပြုချက်​များ​၏ ပြည့်စုံချက်​က ကျွန်ုပ်​တို့သည် ယခု အဆိုပါ​အချိန်ကာလ​တွင် အသက်​ရှင်​နေကြ​ကြောင်း ဖော်ပြ​သည်။ (မဿဲ ၂၄:၃-၃၅) သို့​ဖြစ်သော​ကြောင့် ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ​အနေ​ဖြင့် ‘စစ်မှန်​သည့် တစ်ခု​တည်း​သော​ချာ့ခ်ျ​သည် အဘယ်​နေရာတွင်​ရှိ​သနည်း’ ဟု မေးမြန်း​ရန်လို​အပ်​ပေ​သည်။ ၎င်းကို ပို​၍​ပီပြင်​စွာ မြင်သာ​လာ​သင့်​သည်။

သင်သည် အဆိုပါ​ချာ့ခ်ျ၊ သို့​မဟုတ် အသင်းတော်ကို တွေ့​ထား​နှင့်​ပြီ​ဟု ယူမှတ်​ပေမည်။ သေချာ​ဖို့ အရေးကြီး​သည်။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ပထမ​ရာစု​ခေတ်​က​ကဲ့သို့​ပင် ယခု​လည်း စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​သာ​ရှိ​နိုင်​သည်။ သင်၏​ချာ့ခ်ျ​သည် ပထမ​ရာစု​ရှိ ခရစ်ယာန်​အသင်းတော် ချမှတ်​ထားခဲ့​သော ပုံစံ​အတိုင်း အနီးကပ်​လိုက်လျှောက်​သည်၊ မလိုက်လျှောက်​သည်ကို​ဖြစ်စေ၊ ယေရှု​ခရစ်​၏​သွန်သင်ချက်​များ​ကို တည်ကြည်​စွဲမြဲ​စွာ လိုက်နာ​သည်၊ မလိုက်နာ​သည်ကို​သေချာ​စေရန် အချိန်​ယူ​ခဲ့​ပြီးပြီ​လော။ ယခု​ပင် ထိုသို့ ဆန်းစစ်​ကြည့်​ပါ​လေ။ သို့​ပြုလုပ်​ရန် ယေဟောဝါသက်သေ​များသည် သင့်ကို ဝမ်းသာ​အားရ​စွာ အကူအညီ​ပေးဖို့ အသင့်ရှိ​ကြ​ပါ​လိမ့်​မည်။—တမန်​တော် ၁၇:၁၁

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 17 “ဒုစရိုက်​လူ” ကို သတ်မှတ်​ဖော်ပြခြင်း​နှင့်​ပတ်သက်​၍ နောက်ထပ်​အချက်အလက်​များ​ကို သ​စ​တ အပိုင်း ၁ စာမျက်နှာ ၂၇-၃၂ တွင် တွေ့ရှိ​နိုင်​သည်။

^ အပိုဒ်၊ 20 ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် ဘုရားသခင်​ကို လူသားများ​၏​ရှာပုံတော်[လိပ်]စာအုပ်၊ စာမျက်နှာ ၃၀၆-၂၈ တွင်​ပါ​သော “ပြုပြင်​ခွဲထွက်​ရေး—ရှာပုံတော်​က အသွင်သစ်​တစ်မျိုး​ပြောင်း​စေ” အခန်း​ကို​ရှု။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယေရှု၏ ဂျုံ​စပါး​နှင့် တော​မျိုးစေ့ ပုံ​ဥပမာ​သည် စစ်မှန်သော​အသင်းတော်​အကြောင်း အဘယ်အရာ သွန်သင်​သနည်း

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ပထမ​ရာစု​ခရစ်ယာန်​များ​၏ ဟောပြောခြင်း​နှင့် ဆည်းပူး​လေ့လာခြင်း​ပုံစံ​ကို သင်၏​ချာ့ခ်ျ ထင်ဟပ်​လုပ်ဆောင်​သလော