မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘စစ်မှန်သောချာ့ခ်ျ’တစ်ခုတည်းသာရှိသလော

‘စစ်မှန်သောချာ့ခ်ျ’တစ်ခုတည်းသာရှိသလော

‘စစ်မှန်သော​ချာ့ခ်ျ’တစ်ခု​တည်း​သာ​ရှိသလော

“ခရစ်တော်​တစ်ပါး​တည်း​ရှိသည့်​နည်းတူ ခရစ်တော်​၏​ကိုယ်​တစ်ခု​တည်း၊ ခရစ်တော်​၏​သတို့သမီး​တစ်ဦးတည်း​ရှိသည်– ‘တစ်ခု​တည်း​သော​ကက်သလစ်​နှင့် တမန်​တော်​ဆိုင်ရာ​ချာ့ခ်ျ​သာ​တည်း။’”—ဒို​မိ​နပ်စ် ယေ​စူ။

ရိုမန်ကက်သလစ်​ကာ​ဒီ​နယ် ဂျိုးဇက်​ရက်​ဇ​င်​ဂါ​က စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​သာ​ရှိ​နိုင်​ကြောင်း မိမိ​ချာ့ခ်ျ​၏​သွန်သင်ချက်​ကို ထိုသို့ အလေးအနက်​ဖော်ပြ​ခဲ့​၏။ သူက အဆိုပါ​ချာ့ခ်ျ​မှာ “ကက်သလစ်​ချာ့ခ်ျ​အတွင်းရှိ​သော ခရစ်တော်​၏​တစ်ခု​တည်း​သော​ချာ့ခ်ျ” ဖြစ်၏​ဟု ဆို​သည်။

“အမှန်​အားဖြင့် ချာ့ခ်ျ​များ​မဟုတ်”

ဒုတိယ​မြောက် ပုပ်ဂျွန်ပေါလ်​က ဒို​မိ​နပ်စ် ယေ​စူ​စာပေ​တွင် အခြား​ဘာသာရေး​များ​ထက် သာလွန်​သည့်​သဘော သို့​မဟုတ် အရိုအသေ​မဲ့​ခြင်း​မပါ​ရှိ” ဟု အခိုင်အမာ​ဆို​သော်လည်း ပရိုတက်စတင့်​ချာ့ခ်ျ​ခေါင်းဆောင်​များ​က ၎င်း​အဆိုကို ပြင်းထန်​စွာ​တန်ပြန်​ခဲ့​ကြသည်။ ဥပမာ၊ ၂၀၀၁ ခုနှစ်​တွင် မြောက်ပိုင်း​အိုင်ယာလန်၊ ဘဲ​လ​ဖတ်​စ်​မြို့၌ အထွေထွေ​ပ​ရက်စ်​ဘီ​တီး​ရီး​ယန်း​ချာ့ခ်ျ​စည်းဝေးပွဲ​မှ အမှုဆောင်​တစ်ဦး​က အဆိုပါ​စာပေ​သည် “ဒုတိယ​ဗက်​တီ​ကန် အဆို​တင်သွင်း​သည့် သဘောထားကြီး​ရမည်​ဟူသော​စိတ်ထား​ကို အလွန်အမင်း​ကြောက်လန့်​သည့် . . . ရို​မင်​ကက်သလစ်​ချာ့ခ်ျ​ရှိ အလွန်​အာဏာ​ရှိသော​ဂိုဏ်း​တစ်ခု . . . ၏​လုပ်ဆောင်မှု​တစ်ရပ်” ဖြစ်သည်ဟု ဆို​၏။

အိုင်ယာလန်​ချာ့ခ်ျ​ဂိုဏ်းချုပ် ရော​ဘင် အင်​မ်စ်​က အကယ်၍ အဆိုပါ​စာပေ​သည် “ဒုတိယ​မြောက်​ဗက်​တီ​ကန်​မတိုင်မီ​က အတွေးအခေါ်​သို့ နောက်ကြောင်းပြန်​ခြင်း” ဖြစ်​မည်​ဆိုလျှင် သူသည် “လွန်​စွာ​ပင်​စိတ်ပျက်” ရ​လိမ့်​မည်​ဟု ဆို​သည်။ . . . အယူဝါဒ​အချို့​ကို ငြင်းပယ်​သော​ချာ့ခ်ျ​များသည် “ချာ့ခ်ျ​ဟု အမှန်​မ​ခေါ်​ထိုက်​ပါ” ဟူ​သည့် ဗက်​တီ​ကန်​၏​အဆို​နှင့်​ပတ်သက်​၍ အင်​မ်စ်​က “ကျွန်တော်​အတွက်​တော့ ဒါဟာ ထိခိုက်တာ​ပဲ။”

ဒို​မိ​နပ်စ် ယေ​စူ​ကို ဖြစ်ပေါ်​လာ​စေ​သည်​ကား အဘယ်အရာ​နည်း။ အကြွင်းမဲ့​အမှန်တရား​ဟူ၍​မရှိ​ဟု​ဆို​သော [ခရစ်ယာန်] ဘာသာရေးဆိုင်ရာ နှိုင်း​ရ​အယူအဆ​က ရို​မင်​ကက်သလစ်​ပုပ်​ရဟန်း​မင်း​ရုံး​ကို စိတ်​အနှောင့်အယှက်​ဖြစ်စေ​ခဲ့​ပုံ​ရှိသည်။ အိုင်း​ရ​စ်​တိုင်းမ်​စ်​အရ “အခြေခံ​အားဖြင့် [ခရစ်ယာန်]ဘာသာ​တရား​အားလုံး​အကောင်း​ချည်း​ပဲ​ဟု ပြောဆိုခြင်း​ဖြစ်သည့် မူ​မတူ ယှဉ်တွဲ​နေနိုင်​မှု​ဝါဒီ ဘာသာ​တရား ပေါ်ထွက်​လာ​ခြင်း​က . . . ကာ​ဒီ​နယ် ရက်​ဇ​င်​ဂါ​ကို တိုး၍​တိုး၍​စိတ်​အနှောင့်အယှက်​ပေး​ခဲ့​သည်။” ဤ​ရှုထောင့်​ကြောင့် စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​နှင့်​စပ်လျဉ်း၍ သူ၏​မှတ်ချက် ပေါ်ထွက်​လာပုံ​ရသည်။

မည်သည့်​ချာ့ခ်ျ​တွင် သင်​ရှိနေခြင်းက အရေးကြီး​သလော

မှန်ပါသည်၊ အချို့​သူတို့​အတွက် စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​သာ​ရှိ​နိုင်​သည်​ဟူသော မည်သည့်​ထောက်ခံချက်​ထက်​မဆို “[ခရစ်ယာန်]ဘာသာရေးဆိုင်ရာ​နှိုင်း​ရ​သဘော” သို့​မဟုတ် “မူ​မတူ ယှဉ်တွဲ​နေနိုင်​မှု​ဝါဒီ​ဆိုင်ရာ [ခရစ်ယာန်]ဘာသာ​တရား” သည် သာ၍​ကျိုးကြောင်း​ညီညွတ်​ပြီး နှစ်လိုဖွယ်​ကောင်း​ပေ​သည်။ ထို​သူတို့​အတွက် [ခရစ်ယာန်]ဘာသာရေး​သည် ကိုယ်တိုင်​ကြိုက်​နှစ်သက်ရာ​အကြောင်း​သက်​သက်​မျှ​သာ ဖြစ်​သင့်​သည်။ သူတို့က ‘အဆုံး​ကျ​တော့ ဘယ်​ချာ့ခ်ျ​မှာပဲ သင်​ရှိနေ​ရှိနေ ဒါ​တကယ်​အရေး​မကြီး​ပါ​ဘူး’ ဟု ဆို​တတ်ကြ​သည်။

ယင်း​၏​အကျိုး​သက်ရောက်မှု​တစ်ခု​မှာ [ခရစ်ယာန်]ဘာသာရေးဆိုင်ရာ ဂိုဏ်း​အမျိုး​ပေါင်း​ဒုနှင့်ဒေး အစိတ်စိတ်အမြွှာမြွှာ ကွဲပြား​နေ​လင့်​ကစား ယင်းက သာ၍​အမြင်​ကျယ်​သော​သဘောထား ဖြစ်​ပုံ​ရှိသည်။ လူအများ​က ‘ထိုသို့ [ခရစ်ယာန်]ဘာသာရေး​တွင် ကွဲပြား​ခြားနား​ခြင်း​သည် တစ်ဦး​တစ်ယောက်ချင်း​စီ လွတ်လပ်​စွာ ခြေမြစ်​ခိုင်လုံ​သော​နည်းဖြင့် ဖော်ပြ​ပြောဆိုခြင်း​သာ​ဖြစ်၏’ ဟု​ဆို​သည်။ သို့သော် စာရေး​ဆရာ စ​တီ​ဗ် ဘ​ရူစ်​အဆို​အရ ထိုသို့​သော “နှစ်သက်မှု​အလျောက် သက်ဝင်​ယုံကြည်​ကိုးကွယ်​ခြင်း” သည် အမှန်​အားဖြင့် “ဘာသာရေး​အလေးမမူ ဂ​ရု​မပြုခြင်း” နှင့် ထူး​မခြားနား​ပင်။—ကွဲပြား​နေသော​အိမ်ထောင်​တစ်ခု– ပရိုတက်စတင့်​ဝါဒ၊ ဂိုဏ်းကွဲ​နှင့် လောက​အမြင်​တိုးများ​ခြင်း။

ထိုသို့​ဆိုလျှင် ရှုမြင်ပုံ​အမှန်​ကား အဘယ်နည်း။ စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​သာ ရှိသလော။ . . . အခြား​ချာ့ခ်ျ​များ​ကိုလည်း ဘုရားသခင် ထပ်တူ​လက်ခံ​နိုင်​သလော။ ဤ​မေးခွန်း​များသည် ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​အတွက် အရေးပါသော​ကြောင့် ထို​ကိစ္စ​နှင့်​ပတ်သက်​၍ ကိုယ်တော်​၏​ရှုမြင်ပုံကို သိရှိ​ထားခြင်း​က အမှန်ပင်​အရေးကြီး​သည်။ ထိုသို့ ကျွန်ုပ်​တို့ မည်သို့​ပြုလုပ်​နိုင်​သနည်း။ ဘုရားသခင့်​မှုတ်သွင်းခံ သမ္မာကျမ်းစာ​ကို ဖတ်ရှု​ကြည့်​ခြင်း​အားဖြင့် ဖြစ်သည်။ (တမန်​တော် ၁၇:၁၁; ၂ တိမောသေ ၃:၁၆၊ ၁၇) စစ်မှန်သော​ချာ့ခ်ျ​တစ်ခု​တည်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​တွင် မည်သို့​ဆို​ထား​ကြောင်း သုံးသပ်ကြည့်​ကြပါစို့။

[Picture Credit Line on page 2]

COVER: Mark Gibson/Index Stock Photography