စာရှုသူများထံမှ မေးခွန်းလွှာ
စာရှုသူများထံမှ မေးခွန်းလွှာ
ကမ္ဘာ့ဒေသများစွာတွင် မင်္ဂလာလက်ဖွဲ့များပေးခြင်းမှာ ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်သည်။ ထိုသို့သောလက်ဆောင်မျိုးကို ပေးကမ်းရာ၌ဖြစ်စေ၊ လက်ခံရာ၌ဖြစ်စေ အဘယ်သမ္မာကျမ်းစာမူများကို ကျွန်ုပ်တို့ ထည့်စဉ်းစားသင့်သနည်း။
စိတ်သဘောထားမှန်နှင့် မှန်ကန်သောသမယတွင် လက်ဆောင်ပေးခြင်းကို သမ္မာကျမ်းစာက မကန့်ကွက်ပါ။ ပေးကမ်းကြရာတွင် ခရစ်ယာန်စစ်များသည် မိမိတို့၏ရက်ရောစွာပေးသော ယေဟောဝါကို တုပရန် သမ္မာကျမ်းစာက အားပေးသည်။ (ယာကုပ် ၁:၁၇) တမန်တော်ပေါလုက ခရစ်ယာန်ချင်းတို့အား ဤသို့တိုက်တွန်းခဲ့သည်– “ကျေးဇူးပြုခြင်း၊ ဥစ္စာဝေမျှခြင်းအမှုတို့ကို မမေ့မလျော့ကြနှင့်။ ထိုသို့သောယဇ်ကို ဘုရားသခင်သည် အားရနှစ်သက်တော်မူ၏။” သို့ဖြင့် ခရစ်ယာန်တို့သည် ရက်ရောကြရမည်ဟု အားပေးခံရ၏။—ဟေဗြဲ ၁၃:၁၆; လုကာ ၆:၃၈။
သို့သော် အမေရိကန်ပြည်ထောင်စုတွင် ပြုလေ့ပြုထရှိသည့် လက်ဖွဲ့စာရင်းပြုစုခြင်းကိစ္စကို မည်သို့ယူမှတ်ကြရမည်နည်း။ အင်္ဂလန်နိုင်ငံတွင် ၎င်းကို မင်္ဂလာပွဲစာရင်းဟု ခေါ်ဆိုကြ၏။ ထိုနိုင်ငံများတွင် ထုံးစံရှိသည့်အတိုင်း မင်္ဂလာဆောင်မည့်စုံတွဲသည် စတိုးဆိုင်တစ်ဆိုင်သို့သွား၍ ၎င်းစတိုးဆိုင်ရှိကုန်ပစ္စည်းများကို ကြည့်ရှုလေ့လာထားကြပြီး လက်ဖွဲ့များအဖြစ် သူတို့ရလိုသောပစ္စည်းစာရင်းတစ်ခု ပြုစုမှတ်သားထားတတ်ကြသည်။ အဆိုပါစုံတွဲ၏ဆွေမျိုးများနှင့် မိတ်ဆွေများသည် ၎င်းစတိုးဆိုင်သို့သွားပြီး လက်ဖွဲ့စာရင်းပါ ပစ္စည်းတစ်ခုခုကိုဝယ်ခြမ်းပေးကြသည်။ လက်ဖွဲ့စာရင်းပြုစုခြင်းကို လက်တွေ့ကျရှုထောင့်မှကြည့်လျှင် လက်ဖွဲ့သူအတွက် အချိန်ကုန်သက်သာစေပြီး တစ်ချိန်တည်းတွင်လည်း လက်ဖွဲ့လက်ခံရရှိသူ မလိုချင်သောလက်ဖွဲ့များကို စတိုးဆိုင်သို့ပြန်သွင်းရသည့် အဆင်မပြေမှုများ မရှိစေပါ။
လက်ထပ်မည့်စုံတွဲသည် လက်ဖွဲ့စာရင်း ပြုစုထားလို၊ မလိုကိစ္စကို သူတို့ကိုယ်တိုင် ဆုံးဖြတ်ပြုလုပ်ကြရမည်။ သို့ရာတွင် ခရစ်ယာန်တစ်ဦးသည် သမ္မာကျမ်းစာမူများကို ချိုးဖောက်သည့် အပြုအမူများကိုမပြုမိရန် သတိပြုလိုမည်။ ဥပမာ၊ စေ့စပ်ထားသောစုံတွဲတစ်တွဲသည် အလွန်ဈေးကြီးသော ပစ္စည်းအမျိုးအမည်စာရင်း ပြုစုထားသည်ဆိုပါစို့။ ထိုသို့ဆိုလျှင် ငွေအနည်းအကျဉ်းသာရှိသူတို့သည် လက်ဖွဲ့မဝယ်နိုင်ဘဲနေမည်၊ သို့မဟုတ် တန်ဖိုးနည်းသောလက်ဖွဲ့ကို ပေးရသည့်အတွက် မျက်နှာငယ်မည်စိုး၍ မင်္ဂလာဆောင်ပွဲမတက်ဘဲနေလျှင် ပိုကောင်းမည်ဟု ယူမှတ်သွားနိုင်သည်။ ခရစ်ယာန်အမျိုးသမီးတစ်ဦး ဤသို့ရေးသားခဲ့သည်– “ဒါတွေက ဝန်လေးလွန်းလာစေတယ်။ ကျွန်မစေတနာထားချင်ပေမဲ့ အရင်တုန်းကလို ပေးကမ်းခြင်းကနေ ပျော်ရွှင်မှုမရနိုင်တော့ဘူး။” မင်္ဂလာဆောင်ပွဲတစ်ခုသည် စိတ်ပျက်စရာဖြစ်လာလျှင် အမှန်တကယ်ဝမ်းနည်းစရာပင်!
လက်ဖွဲ့ပေးသူများကို သူတို့၏လက်ဖွဲ့သည် လက်သင့်ခံနိုင်ရာဖြစ်ဖို့ ယင်းကို သတ်မှတ်ထားသောစတိုးဆိုင်မှ ဝယ်ပေးရမည် သို့မဟုတ် သတ်မှတ်ထားသည့်ဈေးနှုန်းအတွင်းရှိသော လက်ဖွဲ့ ဖြစ်ရမည်ဟု ယူမှတ်မသွားစေသင့်ပါ။ အမှန်မှာ၊ ဘုရားသခင့်ရှေ့မှောက်တွင် အဖိုးတန်ဆုံးကား လက်ဆောင်ပစ္စည်း၏တန်ဖိုးမဟုတ်ဘဲ ပေးကမ်းသူ၏နှလုံးသဘောထားဖြစ်ကြောင်း ယေရှုခရစ်ဖော်ပြတော်မူခဲ့သည်။ (လုကာ ၂၁:၁-၄) အလားတူ၊ လိုအပ်သူတို့ကို ပေးကမ်းစွန့်ကြဲခြင်းနှင့်ပတ်သက်၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “လူတိုင်း ကိုယ်အလိုအလျောက်လှူရ၏။ နှမြောသောစိတ်နှင့်မလှူရ၊ မလှူဘဲမနေရဟု စိတ်ထင်နှင့်မလှူရ၊ အကြောင်းမူကား၊ စေတနာစိတ်နှင့်လှူသောသူကိုသာ ဘုရားသခင်နှစ်သက်တော်မူ၏။”—၂ ကောရိန္သု ၉:၇။
သမ္မာကျမ်းစာအရ လက်ဆောင်ပေးသူသည် လက်ဆောင်နှင့်အတူ စာတိုလေးတစ်စောင် ထည့်ပို့ခြင်းဖြင့် မည်သူမည်ဝါပေးကြောင်း ဖော်ပြခြင်းသည် အခြေခံအားဖြင့်ဆိုရလျှင် မမှားချေ။ သို့ရာတွင် အချို့သောဒေသများ၌ ဧည့်ပရိသတ်ရှေ့ ပေးကမ်းသူအမည်ဖော်သည့် ဒေသခံဓလေ့ထုံးစံရှိသည်။ ဤဓလေ့ထုံးစံကြောင့် ပြဿနာတက်နိုင်သည်။ လက်ဆောင်ပေးသူအချို့သည် မိမိတို့ကို အာရုံမစိုက်စေလိုသဖြင့် အမည်ဖော်ခြင်းကို ကြိုက်နှစ်သက်မည်မဟုတ်ပေ။ ဤသို့သောသူတို့သည် မဿဲ ၆:၃ ပါမူအတိုင်း ပြုမူနေကြ၏၊ ထိုတွင် ယေရှုက ဤသို့မိန့်တော်မူသည်– “သင်သည် အလှူ . . . ကိုပေးသောအခါ ပေးကြောင်းကိုမထင်ရှားစေခြင်းငှာ၊ လက်ယာလက်ပြုသည်အမှုကို လက်ဝဲလက်မျှမသိစေနှင့်။” အခြားသူတို့မူ လက်ဆောင်ပေးခြင်းသည် ပေးကမ်းသူနှင့် လက်ခံရရှိသူတို့သာ သိသင့်သည့် ကိုယ်ရေးကိုယ်တာကိစ္စဖြစ်သည်ဟု ယူမှတ်ပေမည်။ ထို့ပြင် ပေးကမ်းသူတို့၏အမည်ကို ဖော်ပြခြင်းက လက်ဆောင်ပစ္စည်းများ နှိုင်းယှဉ်ကြည့်စရာဖြစ်စေပြီး “အပြိုင်အဆိုင်စိတ်ဓာတ်ကို နှိုးဆွ” ပေးရာရောက်သွားနိုင်သည်။ (ဂလာတိ ၅:၂၆၊ ကဘ) ခရစ်ယာန်များသည် ပေးကမ်းသူတို့၏အမည်ကို လူသိရှင်ကြားကြေညာခြင်းအားဖြင့် မည်သူ့ကိုမျှ အနေရခက်ခြင်း၊ သို့မဟုတ် ကသိကအောက်ဖြစ်စေခြင်း ပြုလိုမည်မဟုတ်ပေ။—၁ ပေတရု ၃:၈။
မှန်ပါသည်၊ ဘုရားသခင့်နှုတ်မြွက်စကားတော်တွင် တွေ့ ရှိရသောမူများအတိုင်း ပြုမူဆောင်ရွက်ခြင်းအားဖြင့် လက်ဆောင်ပေးကမ်းခြင်းမှ ပျော်ရွှင်မှုအမှန်တကယ်ရနိုင်ပါလိမ့်မည်။—တမန်တော် ၂၀:၃၅။