မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစားလော့

စိတ်သောကရောက်နေချိန်တွင် ယေဟောဝါကို လုံးလုံးယုံကြည်ကိုးစားလော့

စိတ်သောက​ရောက်နေ​ချိန်​တွင် ယေဟောဝါ​ကို လုံးလုံး​ယုံကြည်​ကိုးစား​လော့

“ဘုရားသခင်​သည် ငါ​တို့​ခိုလှုံရာ​ဖြစ်၍ ခွန်အား​ကို​ပေး​တော်​မူ​၏။ ဘေးရောက်​သည်​ကာလ အထူးသဖြင့်​ကူမ​တော်​မူ​ကြောင်း ထင်ရှား​လျက်​ရှိ၏။”—ဆာလံ ၄၆:၁

၁၊ ၂။ (က) ဘုရားသခင်​ကို ယုံကြည်​ကိုးစား​သည်​ဟု ပြော​ရုံ​ဖြင့်​မလုံလောက်​ကြောင်း အဘယ်​ဥပမာ​က တင်ပြ​သနည်း။ (ခ) ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြောင်း ပြော​ရုံ​နှင့် အဘယ်ကြောင့်​မလုံလောက်​သနည်း။

ဘုရားသခင်​အား ယုံကြည်​ကိုးစား​သည်​ဟု​ဆို​ခြင်း​သည် တစ်​ကဏ္ဍ​ဖြစ်​ပြီး ယင်းကို လုပ်ရပ်​ဖြင့်​တင်ပြခြင်း​သည် နောက်​တစ်​ကဏ္ဍ​ဖြစ်သည်။ ဥပမာ၊ “ဘုရားသခင်​ကို ငါ​တို့​ကိုးစား​၏” ဟူသော​စကားစု​ကို ကြာမြင့်စွာ​ကတည်းက ယူ.အက်စ်. ငွေ​စက္ကူ​နှင့် အ​ကြွေ​စေ့​များ​ပေါ်​တွင် တွေ့ရှိ​ခဲ့​ကြ​ရပြီ။ * ၁၉၅၆ ခုနှစ်​တွင် ယူ.အက်စ်. ကွန်ဂရက်​က ထိုစကား​စု​သည် အမေရိကန်​ပြည်ထောင်စု​၏ အမျိုးသား​ဆောင်ပုဒ်​ဖြစ်၏​ဟု ကြေညာ​သည့် ဥပဒေ​တစ်ရပ်​ထုတ်ပြန်ခဲ့​သည်။ ဖြစ်​ပုံ​မှာ ထို​နိုင်ငံ​၌​သာမက ကမ္ဘာ​တစ်ဝန်း​ရှိ လူအများသည် ဘုရားသခင်​ထက် ငွေ​နှင့် စည်းစိမ်ဥစ္စာ​ကို ပို​၍​ယုံကြည်​ကိုးစား​ကြသည်။—လုကာ ၁၂:၁၆-၂၁

၂  ခရစ်ယာန်စစ်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ပြော​ရုံ​မျှ​နှင့် မလုံလောက်​ပေ။ “အကျင့်​နှင့်​ကင်း​သော​ယုံကြည်ခြင်း​သည် အသေ​ဖြစ်” သကဲ့သို့ ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ကြောင်း ကျွန်ုပ်​တို့၏​လုပ်ရပ်များ​ဖြင့် မတင်ပြ​ပါ​က အဓိပ္ပာယ်​မရှိ​ချေ။ (ယာကုပ် ၂:၂၆) ကျွန်ုပ်​တို့သည် ကိုယ်တော်​ထံ ဆုတောင်း​သောအခါ၊ သမ္မာကျမ်းစာ​မှ ညွှန်ကြားချက်​ရှာယူ​သောအခါ၊ ကိုယ်တော်​၏​အဖွဲ့အစည်း​ထံ​မှ လမ်းညွှန်မှု​ရ​ရန် မျှော်ကိုး​သောအခါ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း​တင်ပြ​ကြသည်​ဟု ရှေ့​ဆောင်းပါး​၌ ကျွန်ုပ်​တို့​သိရှိ​ခဲ့​ရပြီ။ အဆိုပါ​အချက်​သုံးချက်​ကို စိတ်သောက​ရောက်နေ​ချိန်​၌ မည်သို့​လုပ်ဆောင်​နိုင်​ကြောင်း ယခု သုံးသပ်ကြည့်​ကြ​စို့။

အလုပ်ပြုတ်​သွားသော​အခါ သို့​မဟုတ် ဝင်ငွေ​နည်းသော​အခါ

၃။ ဤ “ခဲယဉ်း​သော​ကာလ” တွင် ယေဟောဝါ​၏​ကျေးကျွန်​များသည် အဘယ်​စီးပွားရေး​အကျပ်အတည်း​များ ကြုံ​ရ​ကြ​သနည်း၊ ကျွန်ုပ်​တို့ကို ဘုရားသခင်​ကူညီပေး​လို​ကြောင်း မည်သို့​သိနိုင်​သနည်း။

ဤ “ခဲယဉ်း​သော​ကာလ” တွင် ခရစ်ယာန်​များသည် အခြားသူများ​ကဲ့သို့​ပင် စီးပွားရေး​အကျပ်အတည်း​များ​ရှိကြသည်။ (၂ တိမောသေ ၃:၁) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ရုတ်တရက် အလုပ်ပြုတ်​သွား​နိုင်​သည်။ သို့​မဟုတ် လခ​နည်းနည်း​နှင့် နာရီ​ပေါင်း​များစွာ​လုပ်​ရသော အလုပ်​မျိုး လုပ်ကိုင်​ရ​ပေမည်။ ဤ​အခြေအနေ​မျိုး​တွင် ‘ကျွန်ုပ်​တို့၏​အိမ်သား​များ​ကို ပြုစု’ ရန်​အခက်တွေ့​နိုင်​သည်။ (၁ တိမောသေ ၅:၈) ဤ​အချိန်​မျိုး​တွင် အမြင့်ဆုံး​သော​ဘုရားသခင်​သည် ကျွန်ုပ်​တို့ကို ကူညီ​မစ​ပေး​လို​သလော။ ဧကန်​အမှန်ပင်​ကူညီ​လို​၏! ဤ​အစီအစဉ်​စနစ်​တွင် ဘဝ​အခက်အခဲ​များ​ကို ကျွန်ုပ်​တို့​မခံစား​ရ​ရန် ယေဟောဝါ​မကာကွယ်​ထား​ချေ။ သို့သော် ကိုယ်တော့်​ကို ကျွန်ုပ်​တို့ ယုံကြည်​ကိုးစား​ကြ​မည်​ဆိုလျှင် “ဘုရားသခင်​သည် ငါ​တို့​ခိုလှုံရာ​ဖြစ်၍ ခွန်အား​ကို​ပေး​တော်​မူ​၏။ ဘေးရောက်​သည်​ကာလ အထူးသဖြင့်​ကူမ​တော်​မူ​ကြောင်း ထင်ရှား​လျက်​ရှိ၏” ဟူသော ဆာလံ ၄၆:၁ ပါ​စကား​များ​မှန်ကန်ကြောင်း ကိုယ်တိုင်​တွေ့ကြုံ​ရ​ပါ​လိမ့်​မည်။ သို့သော် စီးပွားရေး​အကျပ်အတည်း​ရောက်ချိန်​၌ ယေဟောဝါ​ကို လုံးလုံး​ယုံကြည်​ကိုးစား​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

၄။ ငွေကြေး​အခက်အခဲ​များ ကြုံတွေ့​ရသောအခါ အဘယ်အရာ​အတွက် ကျွန်ုပ်​တို့​ဆုတောင်း​နိုင်​သနည်း၊ ထိုသို့​သော​ဆုတောင်းချက်​များ​ကို ယေဟောဝါ​မည်သို့​ဖြေဆို​သနည်း။

ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း​ပြ​သည့် နည်း​တစ်နည်း​မှာ ဆုတောင်းခြင်း​ဖြင့်​ဖြစ်သည်။ အဘယ်အရာ​အတွက် ကျွန်ုပ်​တို့​ဆုတောင်း​နိုင်​သနည်း။ ငွေကြေး​အခက်အခဲ​များ​ကြုံရ​ချိန်​တွင် ကျွန်ုပ်​တို့သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် လက်တွေ့ကျ​ဉာဏ်ပညာ​ကို လိုအပ်​ပေမည်။ သို့​ဖြစ်၍ ထို​ဉာဏ်ပညာ​ရရှိဖို့ ဆုတောင်း​ပါ​လေ။ ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​က ဤသို့​စိတ်ချ​စေ​သည်– “သင်တို့တွင် တစ်စုံ​တစ်ယောက်​သော​သူသည် ပညာ​ကို​လိုလျှင်၊ ကဲ့ရဲ့​ပြစ်တင်ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ၊ ခပ်သိမ်း​သော​သူတို့အား စေတနာ​စိတ်​နှင့်​ပေးသနား​တော်​မူ​သော ဘုရားသခင်​ကို​တောင်း​စေ။ တောင်းလျှင်​ရ​လိမ့်​မည်။” (ယာကုပ် ၁:၅) ပညာ​ရှိသော​ဆုံးဖြတ်ချက်​များနှင့် မှန်ကန်သော​ရွေးချယ်မှု​များ​ပြု​နိုင်​ဖို့ ဉာဏ်ပညာ​ဖြစ်သော အသိပညာ၊ သိမြင်​နားလည်မှု​နှင့် ပိုင်းခြား​သိမြင်မှု​တို့ကို ကောင်းစွာ​အသုံးချ​နိုင်စွမ်း​ရှိဖို့ ယေဟောဝါ​ကို​တောင်းလျှောက်​ပါ။ ထိုသို့​တောင်းလျှောက်​သည့်​အခါ ကိုယ်တော်​နားညောင်း​မည်​ဟု ကျွန်ုပ်​တို့၏ မေတ္တာရှင်​ကောင်းကင်​ခမည်းတော် အာမခံ​သည်။ စိတ်နှလုံး​အကြွင်းမဲ့​ဖြင့် ကိုယ်တော်​အား ယုံကြည်​ကိုးစား​သူတို့၏ လမ်းခရီး​ကို​ဖြောင့်​စေရန် ကိုယ်တော်​အစဉ်​လိုလား​တော်​မူ​၏။—ဆာလံ ၆၅:၂; သု. ၃:၅၊ ၆

၅၊ ၆။ (က) စီးပွားရေး​အကျပ်အတည်း​များ​ကို ဖြေရှင်း​နိုင်​ဖို့ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို အဘယ်ကြောင့်​မျှော်ကိုး​နိုင်​သနည်း။ (ခ) အလုပ်ပြုတ်​သွားသော​အခါ စိုးရိမ်​ပူပန်မှု​လျော့နည်းစေ​ရန် ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း​ဖော်ပြ​သော နောက်တစ်နည်း​မှာ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​မှ လမ်းညွှန်မှု​ရှာယူ​ခြင်း​ဖြစ်သည်။ သမ္မာကျမ်းစာ​၌​တွေ့ရှိ​ရသော ကိုယ်တော်​၏​ပညာရှိ​သတိပေး​ချက်​များသည် ‘အလွန်​ယုံကြည်​စိတ်ချ​ထိုက်’ ကြောင်း​ထင်ရှား​သည်။ (ဆာလံ ၉၃:၅) လွန်ခဲ့သော​အနှစ် ၁,၉၀၀ ကျော်​က ရေးသား​ပြီးစီး​ခဲ့​သော​စာအုပ်​ဖြစ်သော်လည်း ထို​မှုတ်သွင်းခံစာ​အုပ်​တွင် စီးပွားရေး​အကျပ်အတည်း​များ​ကို သာ၍​ကောင်းစွာ​ဖြေရှင်း​စေနိုင်​သော အားထား​လောက်​သည့်​အကြံဉာဏ်​နှင့် ထိုးထွင်း​သိမြင်မှု​တို့​ပါရှိ​သည်။ သမ္မာ​ကျမ်းစာ​ပါ ဉာဏ်ပညာ​နှင့်​ဆိုင်သော ပုံ​နမူနာ​အချို့​ကို သုံးသပ်ကြည့်​ပါ။

ပညာရှိ​ရှောလမုန်​ဘုရင်​က “အလုပ်လုပ်​သော​သူသည် များစွာ​စား​သည်​ဖြစ်စေ၊ အနည်းငယ်​စား​သည်​ဖြစ်စေ အ​အိပ်​မြိ​န်​တတ်၏။ ရ​တတ်သော​သူ၏​စည်းစိမ်​မူ​ကား စည်းစိမ်​ရှင်​ကို အအိပ်ပျက်​စေ​တတ်” ၏​ဟု​ဆို​ခဲ့​သည်​မှာ ကြာမြင့်​ပြီ။ (ဒေ. ၅:၁၂) ကျွန်ုပ်​တို့၏​ပစ္စည်းဥစ္စာ​များ​ကို ပြုပြင်​ရန်၊ ဆေးကြော​သန့်ရှင်း၊ ထိန်းသိမ်း​စောင့်ရှောက်​ရန် အချိန်​နှင့် ငွေ​လို​သည်။ ထို့​ကြောင့် အလုပ်ပြုတ်​သွားသော​အခါ ကျွန်ုပ်​တို့၏​ဘဝ​ပုံစံ​ကို ပြန်လည်​ဆန်းစစ်​ပြီး လိုအပ်ရာ​နှင့် လိုချင်ရာ​များ​ကို ခွဲခြား​သိမြင်ဖို့​ကြိုးစား​လျှင် ကောင်း​ပေမည်။ စိုးရိမ်​ပူပန်မှု​လျော့နည်း​သွားစေရန် အပြောင်းအလဲ​အချို့​ပြုလုပ်ခြင်း​သည် ပညာရှိရာ​ရောက်​ပေမည်။ ဥပမာ၊ အိမ်​ငယ်​တစ်လုံး​သို့ ပြောင်းရွှေ့ခြင်း​ဖြင့်​ဖြစ်စေ၊ မလို​အပ်သော​ပစ္စည်း​များ​ကို ရော​င်း​ပစ်​ခြင်း​ဖြင့်​ဖြစ်စေ ကျွန်ုပ်​တို့၏​ဘဝကို ရိုးရှင်း​စေနိုင်​မည်​လော။—မဿဲ ၆:၂၂

၇၊ ၈။ (က) မစုံလင်သူ​များသည် ပစ္စည်းဥစ္စာ​နှင့်​ပတ်သက်​၍ အလွန်အမင်း​ပူပန်​တတ်​သည်ကို ယေရှု​သိကြောင်း မည်သို့​ဖော်ပြ​ခဲ့​သနည်း။ (အောက်ခြေမှတ်ချက်ကို​လည်း​ရှု။) (ခ) အစိုးရိမ်လွန်​ခြင်း​ကို​ရှောင်ရန် အဘယ်​ပညာရှိ​အကြံဉာဏ်​ကို ယေရှု​ပေး​ခဲ့​သနည်း။

တောင်ပေါ်​တရားတော်​၌ ယေရှု​ဤသို့​သွန်သင်​ခဲ့​သည်– “အဘယ်​သို့​စားသောက်​ရမည်ဟု အသက်​အဖို့ မစိုးရိမ်​ကြ​နှင့်။ အဘယ်​သို့​ဝတ်​ရမည်ဟု ကိုယ်​အဖို့ မစိုးရိမ်​ကြ​နှင့်။” * (မဿဲ ၆:၂၅) မစုံလင်သူ​လူသားများ​သည် အခြေခံ​လိုအပ်ရာ​များ​ရရှိဖို့ စိုးရိမ်​ပူပန်​လေ့​ရှိကြောင်း ယေရှု​သိတော်မူ၏။ ထို​အရာများ​အတွက် မည်သို့ “မစိုးရိမ်” ဘဲ​နေနိုင်​မည်​နည်း။ ယေရှု​က “ဘုရားသခင်​၏​နိုင်ငံတော်​နှင့် ဖြောင့်မတ်ခြင်း​တရားတော်​ကို ရှေ့​ဦးစွာရှာ​ကြလော့” ဟု​မိန့်တော်မူ​ခဲ့​သည်။ မည်သည့်​ပြဿနာ​များနှင့်​ပင် ကြုံတွေ့​နေရ​ပါစေ ကျွန်ုပ်​တို့​ဘဝတွင် ယေဟောဝါ​၏​ဝတ်ပြုရေးကို ဆက်၍​ရှေးဦး​ထား​ရ​ကြ​မည်။ ထိုသို့​ပြု​မည်​ဆိုလျှင် ကောင်းကင်​ခမည်းတော်​သည် ကျွန်ုပ်​တို့၏​နေ့စဉ်​လိုအပ်ရာ​ဟူသ၍​ကို “ထပ်၍ ပေး​တော်​မူ​လတ္တံ့။” ကျွန်ုပ်​တို့​ဆက်​အသက်ရှင်​နိုင်​ရန် တစ်နည်း​နည်းဖြင့် ကိုယ်တော်​ကူညီပေး​ပါ​လိမ့်​မည်။—မဿဲ ၆:၃၃

ယေရှု​က ဤသို့​အကြံ​ထပ်​ပေး​သည်– “နက်ဖြန်​အဖို့ မစိုးရိမ်​ကြ​နှင့်။ နက်ဖြန်နေ့​သည် မိမိ​အဖို့​စိုးရိမ်​လိမ့်​မည်။” (မဿဲ ၆:၃၄) နက်ဖြန်နေ့​တွင် ဖြစ်​ကောင်း​ဖြစ်​မည်​အရာ​အတွက် အစိုးရိမ်လွန်​ခြင်း​သည် ပညာရှိရာ​မ​ရောက်​ပါ။ ကျမ်း​ပညာရှင်​တစ်ဦး​က ဤသို့​ဖော်ပြ​ခဲ့​သည်– “အနာဂတ်​တွင် အမှန်​ဖြစ်ပျက်​ရာ​သည် ကျွန်ုပ်​တို့​ကြိုတွေး​ပြီး စိုးရိမ်​ကြောင့်ကြ​သလော​က် မဆိုး​ဝါး​ပေ။” ဦးစားပေး​ထိုက်​ရာ​များ​ကို အာရုံစိုက်​ကာ တစ်နေ့တာ​အတွက် အသက်ရှင်ပါ​ဟူသော ကျမ်းစာ​အကြံပေး​ချက်​ကို နှိမ့်ချစွာ​လိုက်နာခြင်း​ဖြင့် အစိုးရိမ်လွန်​ခြင်း​ကို ရှောင်ရှား​နိုင်​သည်။—၁ ပေတရု ၅:၆၊ ၇

၉။ ငွေကြေး​အကျပ်အတည်း​များ ကြုံတွေ့​ရသောအခါ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ၏​စာအုပ်စာတမ်း​များ​မှ အဘယ်​အကူအညီ​ရနိုင်​သနည်း။

ငွေကြေး​အကျပ်အတည်း​များ ကြုံတွေ့​ရသောအခါ ‘သစ္စာ​နှင့်​သတိ​ပညာရှိ​ကျေးကျွန်’ ၏​စာအုပ်စာတမ်း​များ​မှ အကူအညီ​ရှာယူ​ခြင်း​ဖြင့် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​နိုင်​ကြသည်။ (မဿဲ ၂၄:၄၅) နိုးလော့!မဂ္ဂဇင်း​တွင် စီးပွားရေး​အခက်အခဲ​များ​ဖြေရှင်းဖို့ အထောက်အကူ​ပြု အကြံပေး​ချက်​များ မကြာမကြာ​ပါ​သည်။ ၁၉၉၂၊ မေ ၈ ရက်ထုတ်​တွင် “အလုပ်​လက်မဲ့​ဖြစ်​ခြင်း—မည်သို့​ဖြေရှင်း​မည်​နည်း” ဟူသော​ဆောင်းပါး​က အလုပ်​လက်မဲ့​ဖြစ်​ချိန်​၌ များစွာသော​သူတို့ကို ငွေ​ရေး​ကြေး​ရေး​နှင့် စိတ်ဓာတ်​ရေး​အရ တည်ငြိမ်မှု​ရှိစေခဲ့​သော လက်တွေ့ကျ​လမ်းညွှန်ချက်​ရှစ်​ချက်​ကို ဖော်ပြ​ထား​သည်။ * မှန်ပါသည်၊ အဆိုပါ​လမ်းညွှန်ချက်များ​ကို ငွေ​၏​အရေးပါမှု​အပေါ် မှန်ကန်​သည့်​အမြင်​ရှိ​ခြင်း​နှင့် ချိန်ညှိ​ရ​ပေမည်။ ဤ​အကြောင်းကို အဆိုပါ​မဂ္ဂဇင်း​၌ “ငွေ​ထက် အရေးကြီး​သည့်​အရာ” ဟူသော​ဆောင်းပါး​တွင် ဆွေးနွေး​တင်ပြ​ထား​သည်။—ဒေ. ၇:၁၂

ကျန်းမာ​ရေး​ပြဿနာ​ကြောင့် စိတ်သောက​ရောက်​သောအခါ

၁၀။ အသည်းအသန်​ဖျားနာ​သောအခါ ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​သည် လက်တွေ့ကျ​ကြောင်း ဒါဝိဒ်​မင်း​၏​ဖြစ်ရပ်​က မည်သို့​ဖော်ပြ​သနည်း။

၁၀ အသည်းအသန်​ဖျားနာ​သောအခါ ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​သည် လက်တွေ့ကျပါ​သလော။ ဧကန်​အမှန် လက်တွေ့ကျ​၏! မိမိလူ​မျိုး​တော်​တွင်​ရှိ ဖျားနာသူ​များ​ကို ယေဟောဝါ​စာနာ​တော်​မူ​၏။ ထို​ထက်မက ကိုယ်တော်​သည် ကူညီ​ပေးဖို့​လည်း အသင့်ရှိ​တော်​မူ​၏။ သာဓက​အနေ​နှင့် ဒါဝိဒ်​မင်းကြီး​ကို သုံးသပ်ကြည့်​ပါ။ ရိုး​ဖြောင့်သော​လူနာ​တစ်ဦး​နှင့် ဘုရားသခင်​ဆက်ဆံပုံ​အကြောင်း သူ​ရေးသားခဲ့​ချိန်​တွင် သူကိုယ်တိုင် အသည်းအသန်​ဖျားနာ​နေ​ပေမည်။ “သူသည် နာ​ဖျား​၍​တုံးလုံး​နေသော​အခါ ထာဝရ​ဘုရား​သည်​ထောက်ပင့်​တော်​မူ​မည်။ နာ​၍​နေစဉ်​ကာလ ကိုယ်တော်​သည် သူ၏​အိပ်ရာရှိသမျှ​ကို လှန်​ပြန်​တော်​မူ​မည်” ဟု​သူ​မြွက်ဆို​ခဲ့​သည်။ (ဆာလံ ၄၁:၁၊ ၃၊ ၇၊ ၈) ဒါဝိဒ်​သည် ဘုရားသခင်​ကို အခိုင်အမာ​ယုံကြည်​ကိုးစား​ခဲ့​ရာ နောက်ဆုံး​တွင် ပြန်​နာလန်ထူ​ခဲ့​သည်။ သို့သော် ကျန်းမာ​ရေး​ပြဿနာ​များ​ကြောင့် စိတ်သောက​ရောက်​နေလျှင် ဘုရားသခင်​ကို မည်သို့​ယုံကြည်​ကိုးစား​နိုင်​မည်​နည်း။

၁၁။ ဖျားနာ​ချိန်​တွင် ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​ထံ​မှ အဘယ်အရာ​တောင်းလျှောက်​နိုင်​သနည်း။

၁၁ ဖျားနာ​ချိန်​တွင် ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​သည့်​နည်း​တစ်နည်း​မှာ ခံရပ်​နိုင်​ရန်​အကူအညီ​အတွက် ကိုယ်တော့်​ထံ ဆုတောင်း​အသနားခံခြင်း​ဖြစ်သည်။ ကျွန်ုပ်​တို့၏​အခြေအနေ​ခွင့်ပြု​သည့်​အတိုင်း ကျန်းမာ​နေ​စေရန် “လက်တွေ့ကျ​ဉာဏ်ပညာ” ကို​အသုံးပြု​ဖို့ ကိုယ်တော်​အား အကူအညီ​တောင်းဆို​နိုင်​သည်။ (သု. ၃:၂၁က​ဘ) ဖျားနာ​မှု​ကို​ကြံ့ကြံ့ခံ​နိုင်​ရန် စိတ်ရှည်ခြင်း​နှင့် ခံနိုင်ရည်​ရှိဖို့လည်း ကိုယ်တော်​ထံ​မှ အကူအညီ​တောင်း​နိုင်​သည်။ ထို့​ထက်​ကား ကျွန်ုပ်​တို့ကို ယေဟောဝါ​ထောက်မ​ပေး​ရန်၊ မည်သို့​ပင်​ဖြစ်ပျက်​လာပါစေ ကိုယ်တော်​အား ဆက်​သစ္စာ​ရှိ၍ ဟန်ချက်ညီ​နေ​စေရန် ကျွန်ုပ်​တို့ကို ခွန်အား​ပေးဖို့ တောင်းလျှောက်​လို​ကြ​ပေမည်။ (ဖိလိပ္ပိ ၄:၁၃) ဘုရားသခင်​အား ဆက်၍​တည်ကြည်​ခြင်း​သည် ကျွန်ုပ်​တို့၏​လက်ရှိ​အသက်ရှင်ရေး​ထက်​ပင် သာ၍​အရေးပါ​၏။ ကျွန်ုပ်​တို့​ဆက်၍​တည်ကြည်​မည်​ဆိုလျှင် ဆုချ​တော်​မူ​သော ကြီးမြတ်​သည့်​အရှင်​သည် ထာဝရ​စုံလင်​ကျန်းမာ​သော​အသက်ကို ပေး​သနားပါ​လိမ့်​မည်။—ဟေဗြဲ ၁၁:၆

၁၂။ ဆေး​ကုသမှု​နှင့်​ပတ်သက်​လျှင် အဘယ်​ကျမ်းစာ​မူများ​က ပညာရှိရှိ​ဆုံးဖြတ်ချက်​ချ​စေနိုင်​သနည်း။

၁၂ ယေဟောဝါ​အား ကျွန်ုပ်​တို့​ယုံကြည်​ကိုးစားခြင်း​က ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်၊ သမ္မာကျမ်းစာ​မှ လက်တွေ့ကျ​သော​လမ်းညွှန်မှုကို​ရှာ​ယူဖို့​လည်း လှုံ့ဆော်ပေး​သည်။ သမ္မာ​ကျမ်းစာ​ပါ မူများ​က ဆေး​ကုသမှု​နှင့်​ပတ်သက်​၍ ပညာရှိ​ဆုံးဖြတ်ချက်​များ​ချ​စေနိုင်​သည်။ ဥပမာ၊ သမ္မာကျမ်းစာ​က ‘နတ်ဆိုး​အတတ်’ ကို​တားမြစ်​ထား​ကြောင်း​သိထား​ရာ နတ်ဆိုး​အတတ်​ပါဝင်​သည့် မည်သည့်​ဆေးစစ်ချက် သို့​မဟုတ် ဆေးကု​ထုံး​ကို​မဆို ကျွန်ုပ်​တို့​ရှောင်ကြဉ်​မည်။ (ဂလာတိ ၅:၁၉-၂၁; တရားဟောရာ ၁၈:၁၀-၁၂) ဤ​တွင် သမ္မာကျမ်းစာ​၏ ယုံကြည်​စိတ်ချ​ရသော ဉာဏ်ပညာ​နှင့်​ဆိုင်​သည့် နမူနာ​နောက်တစ်ခု​ကို​ဖော်ပြ​လို​သည်– “ဉာဏ်​တိမ်​သော​သူသည် သူတစ်ပါး​ပြော​သမျှ​ကို​ယုံတတ်​၏။ ပညာသတိ​ရှိသောသူ​မူ​ကား မိမိ​သွားရာလမ်းကို စေ့စေ့​ကြည့်ရှု​တတ်၏။” (သု. ၁၄:၁၅) ထို့​ကြောင့် ဆေး​ကုသ​နည်းခံ​ယူဖို့ စဉ်းစား​ဆင်ခြင်​သောအခါ “ပြော​သမျှ​ကို​ယုံ” မည့်​အစား ယုံကြည်​စိတ်ချ​ရသော သတင်း​အချက်အလက်​များ​ကို ရှာယူ​ခြင်း​သည် ပညာရှိရာ​ရောက်​၏။ ဤသို့ “[ကောင်းသော]သတိရှိခြင်း” က ရွေးချယ်​နိုင်သော​ကုသ​နည်း​များ​ကို စေ့စေ့​ဆင်ခြင်​ပြီး အသိပညာ​ကြွယ်​စွာ ဆုံးဖြတ်ချက်​များ​ချရန် ကူညီပေး​နိုင်​သည်။—တိတု ၂:၁၂က​ဘ။

၁၃၊ ၁၄။ (က) ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​တွင် ကျန်းမာ​ရေး​ဆိုင်ရာ ဗဟုသုတ​ပေး​သော အဘယ်​ဆောင်းပါး​များ​ကို ထုတ်ဝေ​ခဲ့ပြီ​နည်း။ (စာမျက်နှာ ၂၃ ရှိ​လေးထောင့်ကွက်​ကို​ရှု။) (ခ) ၂၀၀၂၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့!မဂ္ဂဇင်း​တွင် နာတာရှည်​ရောဂါ​နှင့်​ပတ်သက်​၍ အဘယ်​အကြံပြုချက် ပါရှိ​သနည်း။

၁၃ သစ္စာရှိ​ကျွန်​၏ စာပေ​စာတမ်း​များ​ကို ရှာဖွေ​လေ့လာခြင်း​အားဖြင့်လည်း ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​နိုင်​ကြသည်။ ကင်းမျှော်စင်​နှင့် နိုးလော့! မဂ္ဂဇင်း​များ​တွင် ကျန်းမာ​ရေး​အခက်အခဲ​များနှင့် ရောဂါ​အမျိုးမျိုး​အကြောင်း သတင်း​အချက်အလက်​များ မကြာမကြာ​ပါ​သည်။ * ဤ​ဂျာနယ်​များ​တွင် ရောဂါ​ဝေဒနာ​များ၊ ဖျားနာ​မှု​နှင့် မသန်မစွမ်းမှု​အမျိုးမျိုးကို အောင်မြင်​ကျော်လွှား​ခဲ့​သူတို့​အကြောင်း ရံဖန်ရံခါ​ဖော်ပြ​ပေး​သည်။ ထို့​အပြင် ဆောင်းပါး​အချို့​က နာတာရှည်​ရောဂါ​သည်​များ​အတွက် ကျမ်းစာ​ဆိုင်ရာ​အကြံပြုချက်များ​နှင့် လက်တွေ့ကျ​အကြံဉာဏ်​ကိုလည်း ဖော်ပြ​ပေး​သည်။

၁၄ ဥပမာ၊ ၂၀၀၂၊ ဇန်နဝါရီ ၈ ရက်ထုတ် နိုးလော့!မဂ္ဂဇင်းက “နာမကျန်း​သူ​အတွက် နှစ်သိမ့်မှု” ဟူသော မျက်နှာဖုံး​ပါ ဆောင်းပါးတွဲ​များ​ကို ဖော်ပြ​သည်။ ၎င်း​ဆောင်းပါး​များသည် အထောက်အကူ​ပြု​ကျမ်းစာ​မူများ​ကို ဖော်ပြ​ပေး​ရုံ​သာမက နှစ်ချီ၍​မသန်မစွမ်း​ဖြစ်​ခဲ့​သော အကြောင်းစုံ​သိ​သူများ​အား လူတွေ့မေးမြန်း​ပြီး ရရှိခဲ့​သည့် ကိုယ်တွေ့​သတင်း​အချက်အလက်​များ​ကို တင်ဆက်​ထားခြင်း​ဖြစ်သည်။ “ရောဂါ​ဝေဒနာ​နှင့် အောင်မြင်စွာ အသက်ရှင်​နေထိုင်ခြင်း—မည်သို့​နည်း” ဟူသော​ဆောင်းပါး​က ဤသို့​အကြံပြု​ထား​သည်– သင့်​ရောဂါ​အကြောင်း သိနိုင်​သလော​က် သိအောင်​ကြိုးစား​ပါ။ (သု. ၂၄:၅) သူတစ်ပါးကို​ကူညီပေး​နိုင်​ဖို့ ပန်းတိုင်​များ​အပါအဝင် လက်တွေ့ကျ​သည့်​ပန်းတိုင်​များ​ထား​ပါ၊ သို့သော် အခြားသူ​တို့ လိုက်မီ​နိုင်​သည့်​ပန်းတိုင်​များ​ကို သင်​လိုက်မီ​နိုင်​လိမ့်​မည်​မဟုတ်​ကြောင်း သိထားပါ။ (တမန်​တော် ၂၀:၃၅; ဂလာတိ ၆:၄) သီးခြားနေ​ခြင်း​ကို ရှောင်ပါ။ (သု. ၁၈:၁) အခြားသူများ သင့်ထံ​အလည်​လာ​ခြင်း​ကို ပျော်ရွှင်ဖွယ်​အတွေ့အကြုံ ဖြစ်စေ​ပါ။ (သု. ၁၇:၂၂) ထို့​ထက်​ကား၊ ယေဟောဝါ​နှင့်​လည်းကောင်း၊ အသင်းတော်​နှင့်​လည်းကောင်း ဆက်၍​ရင်းရင်းနှီးနှီး​နေပါ။ (နာဟုံ ၁:၇; ရောမ ၁:၁၁၊ ၁၂) ယေဟောဝါ​၏​အဖွဲ့အစည်း​မှ​တစ်ဆင့် ကိုယ်တော်​ပြင်ဆင်​ပေး​သော ယုံကြည်​အားထား​လောက်​သည့် လမ်းညွှန်မှု​အတွက် ကျေးဇူး​မတင်​ပေ​လော။

သွေးသား​အားနည်းချက်​တစ်ခု စွဲမြဲ​နေသော​အခါ

၁၅။ တမန်​တော်​ပေါလု​သည် မစုံလင်​သော​သွေးသား​အားနည်းချက်များ​ကို တိုက်လှန်​ရာ​တွင် မည်သို့​အနိုင်​ရခဲ့​သနည်း၊ အဘယ်အရာကို ကျွန်ုပ်​တို့ ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၅ တမန်​တော်​ပေါလု​က “ငါ့​အထဲမှာ . . . ကောင်းသော​အရာ​တစ်စုံတစ်ခု​မျှ​မတည်” ဟု​ရေးသားခဲ့​သည်။ (ရောမ ၇:၁၈) မစုံလင်​သော​သွေးသား​ဆန္ဒ​များနှင့် အားနည်းချက်များ​ကို တွန်းလှန်​ရခြင်း​သည် မည်မျှ​ခက်ခဲ​ကြောင်း ပေါလု​ကိုယ်တွေ့​ခံစား​ခဲ့​ရသည်။ သို့သော် သူ​အောင်နိုင်​မည်​ဟု​လည်း ပေါလု​ယုံကြည်​စိတ်ချ​သည်။ (၁ ကောရိန္သု ၉:၂၆၊ ၂၇) မည်သို့​အားဖြင့်​နည်း။ ယေဟောဝါ​ကို လုံးလုံးလျားလျား ယုံကြည်​ကိုးစားခြင်း​အားဖြင့်​တည်း။ ထို့​ကြောင့် ပေါလု​ဤသို့​ပြော​နိုင်​ခဲ့​သည်– “ငါသည် ငြိုငြင်​သော​သူ​ဖြစ်ပါ​သည်​တကား။ ဤ​အသေကောင်​မှ ငါ့ကို​အဘယ်သူ​ကယ်လွှတ်​မည်​နည်း။ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့် ကယ်လွှတ်​တော်​မူ​သော​ဘုရားသခင်​၏ ကျေးဇူးတော်​ကြီး​လှ​ပေ​၏။” (ရောမ ၇:၂၄၊ ၂၅) ကျွန်ုပ်​တို့​ကော။ ကျွန်ုပ်​တို့​လည်း သွေးသား​အားနည်းချက်များ​ကို တွန်းလှန်​တိုက်ခိုက်​နေကြ​ရသည်။ အဆိုပါ​အားနည်းချက်များ​ကို နိုင်နင်း​ဖို့​ကြိုးပမ်း​နေကြ​စဉ် ကျွန်ုပ်​တို့ ဘယ်တော့​မျှ​အောင်နိုင်​တော့​မည်​မဟုတ်​ဟု ယူဆ​လာပြီး ယုံကြည်​ကိုးစားမှု​ပျောက်ဆုံး​ဖို့ လွယ်ကူ​သည်။ သို့သော် ပေါလု​ကဲ့သို့ ကျွန်ုပ်​တို့သည် မိမိတို့​အစွမ်း​ခွန်အား​ကို​မဟုတ်ဘဲ ယေဟောဝါ​အပေါ် အမှန်​မှီခို​အားထား​မည်​ဆိုလျှင် ကိုယ်တော်​ကူညီပေး​ပါ​လိမ့်​မည်။

၁၆။ သွေးသား​အားနည်းမှု​တစ်ခု စွဲမြဲ​နေ​မည်​ဆိုလျှင် အဘယ်အရာ​အတွက် ကျွန်ုပ်​တို့​ဆုတောင်း​ရမည်​နည်း၊ ဒုံရင်း​အခြေအနေ​သို့​ပြန်ရောက်​ပါ​က ကျွန်ုပ်​တို့ အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

၁၆ ကျွန်ုပ်​တို့​တွင် သွေးသား​အားနည်းချက်​တစ်ခု စွဲမြဲနေသည့်​အခါ ယေဟောဝါ​ထံ တိုးလျှိုး​တောင်းပန်​ဆုတောင်းခြင်း​အားဖြင့် ကိုယ်တော်​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​နိုင်​သည်။ ယေဟောဝါ​၏ သန့်ရှင်းသော​ဝိညာဉ်​တော် အကူအညီကို​တောင်းဆို​၍ အသနားခံ​ဖို့​ပင်​လို​သည်။ (လုကာ ၁၁:၉-၁၃) ဘုရားသခင့်​ဝိညာဉ်​တော်​အသီး​တစ်လုံး​ဖြစ်သော စိတ်​ချုပ်တည်း​ခြင်း​ကို အထူးပြု​တောင်းဆို​နိုင်​သည်။ (ဂလာတိ ၅:၂၂၊ ၂၃) ဒုံရင်း​အခြေအနေ​ဆိုး​သို့ ကျွန်ုပ်​တို့ ပြန်ရောက်​နေပါက မည်သို့​ပြုသင့်​သနည်း။ မည်သို့​ဆို​စေ ကျွန်ုပ်​တို့​အရှုံးမပေး​သင့်​ပါ။ သနား​ကြင်နာ​တတ်သော ကျွန်ုပ်​တို့၏​ဘုရားသခင်​ထံ နှိမ့်ချစွာ​ဆုတောင်း၍ ကိုယ်တော်​၏​ခွင့်လွှတ်​မှု​နှင့် အကူအညီကို​တောင်းလျှောက်​ရန် ဘယ်​သောအခါ​မျှ ပင်ပန်း​ငြီးငွေ့​ခြင်း​မရှိကြ​စို့​နှင့်။ ယေဟောဝါ​သည် အပြစ်ရှိ​သည်​ဟု​ခံစား​နေရ​သော​သိစိတ်​၏​ဝန်​ကြောင့် “ကျိုးပဲ့​ကြေမွ” သော​နှလုံးကို ဘယ်​သောအခါ​မျှ ငြင်းပယ်​မည်​မဟုတ်ပါ။ (ဆာလံ ၅၁:၁၇) အမှန်တကယ်၊ နောင်​ကြ​ဉ်​သော​နှလုံးဖြင့် ကျွန်ုပ်​တို့​တိုးလျှိုး​တောင်းပန်​မည်​ဆိုလျှင် သွေးဆောင်မှုများ​ကို တွန်းလှန်​နိုင်​ရန် ကျွန်ုပ်​တို့ကို ယေဟောဝါ​ကူညီပေး​ပါ​လိမ့်​မည်။—ဖိလိပ္ပိ ၄:၆၊ ၇

၁၇။ (က) ကျွန်ုပ်​တို့​တွန်းလှန်​တိုက်ခိုက်​နေသော အားနည်းချက်​တစ်ခုခု​ကို ယေဟောဝါ​မည်သို့​ယူမှတ်​ကြောင်း ပြန်​သုံးသပ်ခြင်း​သည် အဘယ်ကြောင့်​အကျိုးရှိ​သနည်း။ (ခ) အမျက်ထွက်​လွယ်​သော​စိတ်​ကို ထိန်းချုပ်​ရန်၊ လျှာ​ကို​ထိန်း​ရန်​နှင့် အကျိုးမပြုသော အပန်းဖြေမှု​ဘက်​သို့ စိတ်​ယိမ်းယိုင်​ခြင်း​ကို တွန်းလှန်​နေကြ​ရ​လျှင် အဘယ်​ကျမ်းချက်​များ​ကို ကျွန်ုပ်​တို့ အလွတ်ကျက်​မှတ်ထား​နိုင်​သနည်း။

၁၇ သမ္မာကျမ်းစာ​မှ အကူအညီ​ရှာယူ​ခြင်း​ဖြင့်​လည်း ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ကျွန်ုပ်​တို့​တင်ပြ​နိုင်​ကြ​ပါ​သည်။ ကျမ်းစာ​မှန်​ပြ​မာတိကာ သို့​မဟုတ် နှစ်ကုန်ပိုင်း​၌ ကင်းမျှော်စင်​နှင့်​နိုးလော့!တွင်​ပါ​သော အကြောင်းအရာ​မာတိကာ​တို့ကို​သုံးပြီး ‘ကျွန်ုပ်​တွန်းလှန်​နေတဲ့ ဒီ​အားနည်းချက်ကို ယေဟောဝါ​ဘယ်လို​ယူမှတ်​သလဲ’ ဟူသော​မေးခွန်း​ကို အဖြေရှာ​ယူ​နိုင်​သည်။ ထို​ကိစ္စ​ကို ယေဟောဝါ​မည်သို့​ယူဆ​ကြောင်း ပြန်​စဉ်းစား​သုံးသပ်ခြင်းက ကိုယ်တော်​၏​အလိုတော်နှင့်​တွေ့​လို​စိတ် ပို​ထက်သန်​လာ​စေ​ပေမည်။ သို့ဖြင့် ကိုယ်တော်​ကဲ့သို့ ကျွန်ုပ်​တို့​တွေးတော​ယူဆ​လာပြီး ကိုယ်တော်​မုန်းတီး​ရာ​ကို ကျွန်ုပ်​တို့​မုန်းတီး​တတ်လာ​မည်။ (ဆာလံ ၉၇:၁၀) အချို့​သူတို့သည် သူတို့​တွန်းလှန်​တိုက်ခိုက်​နေသော အားနည်းချက်​နှင့်​သက်ဆိုင်​သည့် ကျမ်းချက်​များ​ကို အလွတ်ကျက်​ထားခြင်း​က အထောက်အကူ​ပြု​ကြောင်း တွေ့ရှိ​ခဲ့​ကြပြီ။ အမျက်ထွက်​လွယ်​သော​စိတ်​ကို ထိန်းချုပ်​ရန် ကြိုးစား​နေကြ​ရ​သလော။ သို့​ဖြစ်​လျှင် နယပုံပြင် ၁၄:၁၇ နှင့် ဧဖက် ၄:၃၁ စ​သည့်​ကျမ်းချက်​များ​ကို အလွတ်ကျက်​ထား​နိုင်​လျှင်​ကောင်း​မည်။ လျှာ​ကို​ထိန်း​ဖို့ အခက်တွေ့​နေ​သလော။ နယပုံပြင် ၁၂:၁၈ နှင့် ဧဖက် ၄:၂၉ အစ​ရှိသော​ကျမ်းချက်​များ​ကို အလွတ်ကျက်​နိုင်​သည်။ အကျိုးမပြုသော အပန်းဖြေမှု​ဘက်​သို့ စိတ်​ယိမ်းယိုင်​နေ​သလော။ ဧဖက် ၅:၃ နှင့် ကောလောသဲ ၃:၅ စ​သည့်​ကျမ်းပိုဒ်​များ​ကို စွဲမှတ်​ထား​နိုင်​ဖို့ ကြိုးစား​ပါ။

၁၈။ ကျွန်ုပ်​တို့၏​အားနည်းချက်ကို အနိုင်​ရ​ရန် အကြီးအကဲ​များ​ထံ​မှ အကူအညီ​တောင်းခံ​ဖို့ အဘယ်ကြောင့် ကသိကအောက်​မဖြစ်​သင့်​သနည်း။

၁၈ ဝိညာဉ်တော်ဖြင့်​ခန့်အပ်​ထားသော အသင်းတော်​အကြီးအကဲ​များ​ထံ​မှ အကူအညီယူ​ခြင်း​သည် ယေဟောဝါ​ကို အားကိုး​အားထား​ကြောင်း တင်ပြ​သည့်​နည်း နောက်​တစ်မျိုး​ဖြစ်သည်။ (တမန်​တော် ၂၀:၂၈) အမှန်​မှာ ဤ ‘လူ့​အသွင်​ဆုလာဘ်များ’ သည် ကိုယ်တော်​၏​သိုးများ​ကို ကာကွယ်​စောင့်ရှောက်​ရန် ခရစ်တော်​မှ​တစ်ဆင့် ယေဟောဝါ​၏​ပြင်ဆင်​ပေး​မှု​ဖြစ်သည်။ (ဧဖက် ၄:၇၊ ၈၊ ၁၁-၁၄) မှန်ပါသည်၊ အားနည်းချက်​တစ်ခု​ကို ကိုင်တွယ်​နိုင်​ရန် အကူအညီ​တောင်း​ဖို့​မလွယ်​ပါ။ ကျွန်ုပ်​တို့ကို အကြီးအကဲ​များ​က အထင်သေး​မှာ​စိုးရိမ်​ပြီး စိတ်​ကသိကအောက်​ဖြစ်​နိုင်​သည်။ သို့သော် ဝိညာဉ်​ရေး​ဘက်​ရင့်ကျက်သော ဤ​အမျိုးသားများသည် သူတို့​ထံ​မှ​အကူအညီ​တောင်းခံ​ဝံ့​သော ကျွန်ုပ်​တို့ကို အမှန်​လေးစား​ပေမည်။ ထို့​ပြင် အကြီးအကဲ​များသည် သိုးတော်စု​နှင့်​ဆက်ဆံ​ရာ​တွင် ယေဟောဝါ​၏​အရည်အသွေးများ​ကို ကြိုးစား​ထင်ဟပ်ပြ​ကြသည်။ သူတို့​ပေး​သော​နှစ်သိမ့်မှု​နှင့် လက်တွေ့ကျ​သည့်​ဆုံးမမှု​အပြင် သမ္မာကျမ်းစာ​မှ​သွန်သင်ချက်​များသည် ကျွန်ုပ်​တို့၏​အားနည်းချက်ကို အနိုင်​ရ​ရန် လိုအပ်​နေသည့်​ခွန်အား ဖြစ်နေ​နိုင်​သည်။—ယာကုပ် ၅:၁၄-၁၆

၁၉။ (က) ဤ​အစီအစဉ်​စနစ်​တွင် အသက်ရှင်ခြင်း​၏ အချည်းနှီး​ဖြစ်မှု​ကို စာတန် အဘယ်​နည်းဖြင့်​ကြိုးစား​အသုံးပြု​သနည်း။ (ခ) ယုံကြည်​ကိုးစားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း၊ ကျွန်ုပ်​တို့ မည်သို့​အခိုင်အမာ​ဆုံးဖြတ်​သင့်​သနည်း။

၁၉ စာတန်​သည် သူ့​အချိန်​တစ်ခဏ​သာ​ရှိသည်​ကို သိထား​ကြောင်း ဘယ်​သောအခါ​မျှ​မမေ့​ပါ​နှင့်။ (ဗျာ. ၁၂:၁၂) ဤ​လောကတွင် အသက်ရှင်ခြင်း​၏ အချည်းနှီး​ဖြစ်မှု​ကို အသုံးချ​ကာ ကျွန်ုပ်​တို့အား စိတ်ပျက်​အားလျော့​ပြီး အရှုံးပေး​စေ​လို​သည်။ ရောမ ၈:၃၅-၃၉ ပါ​ဤ​ဖော်ပြချက်​ကို ကျွန်ုပ်​တို့ အပြည့်အဝ​ယုံကြည်​စိတ်ချ​ကြပါစို့– “ခရစ်တော်​၏​ချစ်ခြင်း​မေတ္တာ​နှင့် ငါ​တို့ကို​အဘယ်သူ​ကွာ​စေမည်​နည်း။ . . . ဆင်းရဲ​ငြိုငြင်​ခြင်း၊ ညှဉ်းဆဲ​နှိပ်စက်ခြင်း၊ မွတ်သိပ်ခြင်း၊ အဝတ်အချည်းစည်း​ရှိ​ခြင်း၊ ဘေး​နှင့်​တွေ့ကြုံ​ခြင်း၊ ကွပ်မျက်ခြင်း​ကို​ခံရ​သော်လည်း၊ ထို​အမှုတို့​တွင် အဘယ်​အမှုသည် ခရစ်တော်​၏​ချစ်ခြင်း​မေတ္တာတော်​နှင့် ငါ​တို့ကို​ကွာ​စေမည်​နည်း။ မကွာစေ​သည်​သာမက၊ ငါ​တို့ကို​ချစ်တော်မူ​သော​သူ၏ ကျေးဇူးတော်​ကြောင့်၊ ငါ​တို့သည် ထို​အမှု​ခပ်သိမ်း​တို့ကို​ခံ​စဉ်​တွင်​ပင် အထူးသဖြင့်​အောင်မြင်​ကြ​၏။ အကြောင်း​မူ​ကား၊ သေခြင်း​ဖြစ်စေ၊ အသက်ရှင်ခြင်း​ဖြစ်စေ၊ ကောင်းကင်တမန်​ဖြစ်စေ၊ အထွတ်အမြတ်​ဖြစ်စေ၊ အာဏာတန်ခိုး​ဖြစ်စေ၊ မျက်မှောက်​အရာ​ဖြစ်စေ၊ နောင်​လာ​လတ္တံ့​သော​အရာ​ဖြစ်စေ၊ အမြင့်​ဖြစ်စေ၊ အနိမ့်​ဖြစ်စေ၊ ဤ​အရာ​မှ​စ၍ အဘယ် . . . အရာ​မျှ​သည်၊ ငါ​တို့​သခင်​ယေရှု​ခရစ်​အားဖြင့်​ခံရ​သော ဘုရားသခင်​၏​မေတ္တာတော်​နှင့် ငါ​တို့ကို​မကွာစေ​နိုင်​ဟု ငါသည်​သဘောကျ​လျက်​ရှိ၏။” ယေဟောဝါ​ကို အလွန်​ယုံကြည်​ကိုးစားခြင်း​ပါ​တကား! သို့သော် ဤ​ယုံကြည်​ကိုးစားမှု​သည် ခံစားချက်​တစ်ခုမျှသာ​မကပါ။ ယင်းအစား ကျွန်ုပ်​တို့​နေ့စဉ် အသေအချာ​စဉ်းစား​ပြီး​ပြုသော ဆုံးဖြတ်ချက်​များ​ပါဝင်​သည့် ယုံကြည်​ကိုးစားမှု​ဖြစ်သည်။ သို့​ဖြစ်၍ စိတ်သောက​ရောက်နေ​ချိန်​တွင် ယေဟောဝါ​ကို လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ဖို့ အခိုင်အမာ​စိတ်​ဆုံးဖြတ်ထား​ကြ​စို့​လေ။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 1 ဘဏ္ဍာရေး​ဝန်ကြီး စဲ​မွန် ပီ. ချေ့စ်​သည် ၁၈၆၁၊ နိုဝင်ဘာ ၂၀ ရက်စွဲ​ဖြင့် ယူ.အက်စ်. ဒ င်္ဂါး​သွန်း​စက်ရုံ​သို့ ဤသို့​စာရေး​ခဲ့​သည်– “ဘုရားသခင့်​ခွန်အား​ကြောင့်​မဟုတ်လျှင် အဘယ်​နိုင်ငံ​မျှ အင်အား​မ​တော​င့်​နိုင်၊ ကိုယ်တော်​မကာကွယ်​လျှင် လုံခြုံမှု​မရှိ​နိုင်​ပေ။ ကျွန်ုပ်​တို့​လူမျိုး​သည် ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ကြောင်း ကျွန်ုပ်​တို့​နိုင်ငံ​၏ ဒ င်္ဂါး​များ​ပေါ်​တွင် ကြေညာ​သင့်​သည်။” သို့ဖြင့် “ဘုရားသခင်​ကို ငါ​တို့​ကိုးစား​၏” ဟူသော​ဆောင်ပုဒ်​ကို ၁၈၆၄ ခုနှစ်​ထုတ် ယူ.အက်စ်. ဒ င်္ဂါး​ပေါ်​တွင် ဦးဆုံး​တွေ့ရှိ​ခဲ့​ရသည်။

^ အပိုဒ်၊ 7 ဤ​တွင်​ဖော်ပြ​ထားသော​စိုးရိမ်မှု​သည် “ဘဝ၏​ရွှင်လန်းမှု​အားလုံး​ကို ပျောက်ဆုံး​သွား​စေသော စိုးရိမ်​ကြောင့်ကြ​မှု” ဖြစ်သည်။ ‘မစိုးရိမ်​ကြ​နှင့်’ သို့​မဟုတ် ‘မ​ပူပန်​ကြ​နှင့်’ စ​သည့်​ပြန်ဆိုချက်​များ​က ကျွန်ုပ်​တို့သည် ၍​စိုးရိမ်ခြင်း၊ ပူပန်ခြင်း​မဖြစ်​သင့်​ဟု ဆိုလို​ပါ​သည်။ ကိုးကားချက်​တစ်ခု​က ဤသို့​ဆို​၏– “ဂရိ​ကြိယာ​သဏ္ဌာန်​မှာ ပစ္စုပ္ပန်​ကာလ​ပြ စေခိုင်း​ဝိဘတ်​ဖြစ်​ကာ အစ​ပြုပြီး​ဖြစ်သော​လုပ်ရပ်​တစ်ခု​ကို ရပ်တန့်​ရန်​အမိန့်ပေး​ခြင်း​ဖြစ်သည်။”

^ အပိုဒ်၊ 9 အချက်​ရှစ်​ချက်​မှာ– (၁) ထိတ်ထိတ်ပျာပျာ​မဖြစ်​ပါ​နှင့်; (၂) အကောင်း​ဘက်​မှ တွေးပါ; (၃) အသွင်ကွဲ​အလုပ်များ​ကို လက်ခံရန် ပြောင်း​သာ​လွဲ​သာ​ရှိပါ; (၄) သူတစ်ပါး​လူနေမှု​ကို လိုက်​မ​တု​ဘဲ ရှိသမျှ​နှင့်​လောက်​င​အောင်​နေပါ; (၅) အကြွေး​ယူခြင်း​ကို သတိပြုပါ; (၆) မိသားစု​စည်းလုံးမှု​ကို ထိန်းသိမ်းပါ; (၇) ကိုယ့်​သိက္ခာ ကိုယ်​ထိန်းပါ; နှင့် (၈) ဝင်ငွေ ထွက်​ငွေ​စာရင်း​ထား​ပါ တို့​ဖြစ်သည်။

^ အပိုဒ်၊ 13 သမ္မာကျမ်းစာ​ကို​အခြေပြု​သော ဤ​ဂျာနယ်​များသည် ဆေးဝါး​ကုသ​နည်း​တစ်ခုခု​ကို ထောက်ခံ​ခြင်း၊ သို့​မဟုတ် အားပေးခြင်း​မရှိပါ၊ ဆေး​ကုသ​ခြင်း​သည် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်​ကြောင်း အသိအမှတ်ပြု​ပါ​သည်။ ရောဂါ​တစ်ခုခု​အကြောင်း ဆွေးနွေး​တင်ပြ​သည့်​ဆောင်းပါး​များသည် လောလောဆယ်​သိရှိ​ထားသော အကြောင်းအချက်​များ​ကို စာရှုသူ​များ​အား အသိပေး​လို​၍​သာ​ဖြစ်သည်။

သင်​မှတ်မိ​သလော

• စီးပွားရေး​အကျပ်အတည်း​များ ကြုံတွေ့​ရသောအခါ ယေဟောဝါ​ကို ကျွန်ုပ်​တို့​ယုံကြည်​ကိုးစား​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

• ကျန်းမာ​ရေး​ပြဿနာ​များ​ကြောင့် ကျွန်ုပ်​တို့ စိတ်သောက​ရောက်​သောအခါ ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

• သွေးသား​အားနည်းချက်​တစ်ခု စွဲမြဲ​နေသော​အခါ ယေဟောဝါ​ကို ကျွန်ုပ်​တို့ အမှန်​မှီခို​အားထား​ကြောင်း မည်သို့​တင်ပြ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၃ ပါ လေးထောင့်ကွက်]

ဤ​ဆောင်းပါး​များ​ကို သင်​မှတ်မိ​သလော

ကျန်းမာ​ရေး​အခက်အခဲ​များ​ကြောင့် စိတ်သောက​ရောက်​သောအခါ ရောဂါ​ဝေဒနာ​များ၊ ဖျားနာခြင်း​နှင့် မသန်မစွမ်း​ဖြစ်​ခြင်း​တို့ကို အောင်မြင်စွာ​ကိုင်တွယ်​ဖြေရှင်း​ခဲ့​ကြ​သူတို့​အကြောင်း ဖတ်ရှုခြင်း​က အားရှိစေ​သည်။ အောက်ပါ​တို့​မှာ ကင်းမျှော်စင်​နှင့်​နိုးလော့!မဂ္ဂဇင်း​များ​မှ ဆောင်းပါး​အချို့​ဖြစ်သည်။

“ကျွန်ုပ်​၏​အားနည်းချက်များ​ကို ရင်ဆိုင်​ဖြေရှင်းခြင်း” ဆောင်းပါး​က အပျက်သဘော​တွေးတောခြင်း​နှင့် စိတ်ဓာတ်ကျ​ခြင်း​တို့ကို ကိုင်တွယ်​ဖြေရှင်း​သည့်​အကြောင်း အဓိက​ထား​သည်။—ကင်းမျှော်စင်၊ မေ ၁၊ ၁၉၉၀ [လိပ်]။

“သံ​အဆုတ်​အတွင်း ရှိနေ​စေ​ကာ​မူ ဆက်လက်​ဟောပြော​၏။”—နိုးလော့!၊ ဇွန် ၈၊ ၁၉၉၃။

“ကျည်ဆန်​တစ်​တော​င့်​က ကျွန်မ​ဘဝကို​ပြောင်းလဲ​စေ​ခဲ့” ဆောင်းပါး​က သွက်ချာပါဒ​ရောဂါ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း​အကြောင်း အဓိက​ဖော်ပြ​သည်။—နိုးလော့!၊ အောက်တိုဘာ ၂၂၊ ၁၉၉၅၊ [လိပ်]။

“နက်ဖြန်နေ့​၌ အဘယ်​သို့​ဖြစ်​မည်​ကို သင်တို့​မသိကြ” ဆောင်းပါး​က စိတ်​ရွ​စိတ်ကျ​ရောဂါ​ကို ကိုင်တွယ်​ဖြေရှင်းခြင်း​အကြောင်း ဆွေးနွေး​ထား​သည်။—ကင်းမျှော်စင်၊ ဒီဇင်ဘာ ၁၊ ၂၀၀၀။

“ဆိတ်ညံ​ကမ္ဘာ​မှ လ​ဝါ​ဒါ​၏​ခရီးစဉ်” ဆောင်းပါး​က ဦးနှောက်​သွက်ချာပါဒ​ရောဂါ​ကို ရင်ဆိုင်​ဖြေရှင်းခြင်း​အကြောင်း အဓိက​ထား​သည်။—နိုးလော့!၊ မေ ၈၊ ၂၀၀၀၊ [လိပ်]။

“သား​အိမ်​အတွင်း​မြှေး နယ်​ကျွံ​ရောဂါ​နှင့် လုံးပန်း​ခြင်း။”—နိုးလော့!၊ ဇူလိုင် ၂၂၊ ၂၀၀၀၊ [လိပ်]။

“အရေပြား​မာ​ရောဂါ​ကို တိုက်လှန်​ခြင်း။”—နိုးလော့!၊ ဩဂုတ် ၈၊ ၂၀၀၁၊ [လိပ်]။

“ကလေး​မီးဖွား​ပြီး​နောက် စိတ်ကျ​ရောဂါ​ကို​တိုက်လှန်​ရာ​၌ ကျွန်မ​အောင်နိုင်​ခဲ့။”—နိုးလော့!၊ ဇူလိုင် ၂၂၊ ၂၀၀၂၊ [လိပ်]။

[စာမျက်နှာ ၁၉ ပါ ရုပ်ပုံ]

အလုပ်ပြုတ်​သွားသော​အခါ ကျွန်ုပ်​တို့၏ ဘဝ​ပုံစံ​ကို ပြန်လည်​ဆန်းစစ်ခြင်း​သည် ပညာရှိ​ပေမည်

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​သည် လူတစ်ဦးကို ခံနိုင်ရည်​ရှိစေ​ကြောင်း လ​ဝါ​ဒါ​၏​အတ္ထုပ္ပတ္တိ​က တင်ပြ။ (စာမျက်နှာ ၂၃ လေးထောင့်ကွက်​ကို​ရှု)

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

ကျွန်ုပ်​တို့၏​အားနည်းချက်များ​ကို အနိုင်​ရ​ရန် အကူအညီ​တောင်းခံ​ဖို့ စိတ်​ကသိကအောက်​ဖြစ်စရာ​မလိုပါ