နွမ်းပါးသူတို့အတွက် အမှန်တကယ်အကူအညီ
နွမ်းပါးသူတို့အတွက် အမှန်တကယ်အကူအညီ
ယေရှုခရစ်၊ ဘုရားသခင့်သားတော်သည် မြေကြီးပေါ်ရှိစဉ် နွမ်းပါးသူတို့ကို ကူညီပေးရန် အမှန်တကယ်စိတ်ဝင်စားခဲ့သည်။ ယေရှု၏ဓမ္မအမှုနှင့်ပတ်သက်၍ မျက်မြင်သက်သေတစ်ဦးက ဤသို့ပြောဆိုခဲ့သည်– “မျက်စိကန်းသောသူတို့သည် မျက်စိမြင်ရကြ၏။ ခြေမစွမ်းသောသူတို့သည် လှမ်းသွားရကြ၏။ နူနာစွဲသောသူတို့သည် သန့်ရှင်းခြင်းသို့ရောက်ရကြ၏။ နားပင်းသောသူတို့သည် နားကြားရကြ၏။ သေသောသူတို့သည် ထမြောက်ခြင်းသို့ရောက်ရကြ၏။ ဆင်းရဲသားတို့သည်လည်း ဝမ်းမြောက်စရာသတင်းကို ကြားရကြ၏။” (မဿဲ ၁၁:၅) သို့သော် ယနေ့ သန်းနှင့်ချီသော နွမ်းပါးသူများနှင့်ပတ်သက်၍ အသို့နည်း။ သူတို့အတွက် သတင်းကောင်းတစ်စုံတစ်ရာ ရှိသလော။ မျှော်လင့်ချက်သတင်းစကားတစ်ရပ် အမှန်ပင်ရှိပါသည်!
ယေဘုယျအားဖြင့် ကမ္ဘာပေါ်တွင် နွမ်းပါးသူတို့သည် လျစ်လျူရှု၊ မေ့လျော့ထားခြင်းခံရလေ့ရှိသော်လည်း ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာက ဤသို့ကတိပြုသည်– “ငတ်မွတ်သောသူတို့ကို အစဉ်မေ့လျော့တော်မမူ။ ဆင်းရဲသောသူတို့သည်မျှော်လင့်၍ မရဘဲအစဉ်မနေရကြ။” (ဆာလံ ၉:၁၈) စိတ်သက်သာရာရစေသော ဤစကားများသည် လူ့အုပ်ချုပ်မှုအားလုံးကို ဘုရားသခင့်နိုင်ငံတော်၊ စစ်မှန်သောကောင်းကင်အစိုးရဖြင့် အစားထိုးသောအခါတွင် ယင်းတို့ ပြည့်စုံလာလိမ့်မည်ဖြစ်သည်။ (ဒံယေလ ၂:၄၄၊ ၄၅) ကောင်းကင်အစိုးရ၏ရှင်ဘုရင်အဖြစ် ယေရှုသည် “ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကိုသနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။”—ဆာလံ ၇၂:၁၃၊ ၁၄။
ကမ္ဘာတစ်ဝန်း ခရစ်တော်အုပ်ချုပ်သောအခါ လူနေမှုအခြေအနေများ အဘယ်သို့ဖြစ်လာလိမ့်မည်နည်း။ ခရစ်တော်အုပ်ချုပ်သောကမ္ဘာတွင် အသက်ရှင်နေထိုင်ရသူတို့သည် မိမိတို့လုပ်ကိုင်သည့်အတိုင်း အကျိုးအမြတ်ကို ရရှိခံစားရလိမ့်မည်ဖြစ်သည်။ မိက္ခာ ၄:၃၊ ၄ တွင် သမ္မာကျမ်းစာက ဤသို့ဆိုသည်– ‘လူအပေါင်းတို့သည် ကိုယ်ပိုင်သော စပျစ်ပင်၊ ကိုယ်ပိုင်သောသင်္ဘောသဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မည်။ ကြောက်စေသောသူ တစ်ယောက်မျှမရှိရ။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားသခင်၏ နှုတ်တော်ထွက်အမိန့်တော်ရှိ၏။’ ဘုရားသခင့်နိုင်ငံတော်သည် ဖျားနာမှုနှင့် သေခြင်းပြဿနာတို့ကိုပင် ဖြေရှင်းပေးလိမ့်မည်။ (ဟေရှာယ ၂၅:၈) အခြားနားကြီး ခြားနားလွန်းလှသော ကမ္ဘာမြေတစ်ခု ဖြစ်မည်တကား! ဤသမ္မာကျမ်းစာကတိပြုချက်များကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည့်အကြောင်းရင်းမှာ ယင်းတို့ကို ဘုရားသခင်ကိုယ်တော်တိုင် မှုတ်သွင်းထားသောကြောင့်ဖြစ်၏။
မျှော်လင့်ချက်သတင်းစကားတစ်ရပ်ပေးရုံသာမက နွမ်းပါးခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့် ကိုယ့်သိက္ခာ ကိုယ်လေးစားမှုမရှိခြင်း အစရှိသော နေ့စဉ်အခက်အခဲပြဿနာတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ သမ္မာကျမ်းစာက ကူညီပေးသည်။ နွမ်းပါးသောခရစ်ယာန်တစ်ဦးသည် သမ္မာကျမ်းစာကို လေ့လာဖတ်ရှုရာမှ မိမိသည် ဘုရားသခင့်မျက်မှောက်တော်တွင် ချမ်းသာကြွယ်ဝသောခရစ်ယာန်တစ်ဦးကဲ့သို့ပင် တန်ဖိုးရှိကြောင်း သိလာရသည်။ ယောဘကျမ်းက ဘုရားသခင်သည် “မှူးမတ်တို့၏မျက်နှာကို ထောက်တော်မမူ။ အကြောင်းမူကား ထိုသူအပေါင်းသည် လက်တော်ဖြင့်လုပ်သောသူ ဖြစ်ကြသတည်း” ဟု ဖော်ပြထား၏။ (ယောဘ ၃၄:၁၉၊ သမ္မာ) ဘုရားသခင်သည် သူတို့ကို တန်းတူမေတ္တာထားတော်မူသည်။—တမန်တော် ၁၀:၃၄၊ ၃၅။