မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့

“ပရိသတ်အလယ်မှာ” ယေဟောဝါအား ချီးမွမ်းလော့

“ပရိသတ်​အလယ်မှာ” ယေဟောဝါ​အား ချီးမွမ်း​လော့

ခရစ်ယာန်​အစည်းအဝေး​များသည် ယေဟောဝါ​လူမျိုး၏​ဝိညာဉ်​ရေး ခိုင်ခံ့​စေရန် ကိုယ်တော်​ထံ​မှ ပြင်ဆင်​ပေး​ချက်​တစ်ခု​ဖြစ်သည်။ အစည်းအဝေး​များ​ကို မှန်မှန်​တက်ရောက်ခြင်း​အားဖြင့် ယေဟောဝါ​၏​ပြင်ဆင်​ပေး​ချက်​များ​ကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​လေးမြတ်​ကြောင်း ဖော်ပြ​၏။ ထို့​ပြင် “မေတ္တာ​စိတ်​ရှိစေ​ခြင်း​ငှာ​လည်းကောင်း၊ ကောင်းသော​အကျင့်ကို ကျင့်​စေခြင်း​ငှာ​လည်းကောင်း [ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို] တိုက်တွန်း​နှိုးဆော်” နိုင်​ခွင့်​ရပြီး ယင်းက အချင်းချင်း​မေတ္တာ​ပြသ​သည့် အရေးပါသော​နည်း​တစ်နည်း​ဖြစ်သည်။ (ဟေဗြဲ ၁၀:၂၄; ယောဟန် ၁၃:၃၅) သို့သော် အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို မည်သို့​တိုက်တွန်း​နှိုးဆော်​နိုင်​သနည်း။

လူအများရှေ့ ကြား​ပြော​ကြ

ရှင်ဘုရင်​ဒါဝိဒ်​သည် မိမိ​နှင့်​ပတ်သက်​၍ ဤသို့​ရေးသားခဲ့​သည်– “အကျွန်ုပ်သည် သတင်း​တော်​ကို ညီအစ်ကို​တို့အား ကြား​ပြောပါ​မည်။ ပရိသတ်​အလယ်မှာ ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်။ အကျွန်ုပ်သည် မဟာ​ပရိသတ်​အလယ်မှာ ကိုယ်တော်​ကို ချီးမွမ်း . . . ပါ​မည်။” “ကျေးဇူးတော်​ကြီး​လှ​ပါ​၏​ဟု မဟာ​ပရိသတ်​အလယ်မှာ အကျွန်ုပ်​ဝန်ခံ​ပါ​မည်။ များစွာသော​လူစု​တွင် ကိုယ်တော်​ကို ချီးမွမ်း​ပါ​မည်။” ‘ဖြောင့်မတ်ခြင်း​တရားကို ပရိသတ်​ကြီး​အလယ်မှာ အကျွန်ုပ်​ဟောပါ​ပြီ။ အို​ထာဝရ​ဘုရားသခင်၊ အကျွန်ုပ်သည် ကိုယ်​နှုတ်​ကို​ပိတ်​၍​မနေ’ ပါ။—ဆာလံ ၂၂:၂၂၊ ၂၅; ၃၅:၁၈; ၄၀:၉

တမန်​တော်​ပေါလု​ခေတ်တွင် ခရစ်ယာန်​များသည် ဝတ်ပြုရေး​အတွက် စုဝေး​လာ​ကြသောအခါ သူတို့သည် ယေဟောဝါ​ကို ယုံကြည်​ကြောင်း​နှင့် ကိုယ်တော်​၏​ဘုန်းတော်​အကြောင်း ထို​နည်းတူ ထုတ်ဖော်​ပြောပြ​ခဲ့​ကြသည်။ ဤနည်းဖြင့် သူတို့​အချင်းချင်း အားပေး​တိုက်တွန်း​၍ မေတ္တာ​စိတ်​ရှိ​ရန်​နှင့် ကောင်းသော​အကျင့်​များ​ကို​ကျင့်​ရန် နှိုးဆော်​ပေး​ခဲ့​ကြ​၏။ ဒါဝိဒ်​နှင့် ပေါလု​တို့၏​ခေတ်​နောက်ပိုင်း ရာစုနှစ်များစွာ​ကြာပြီးနောက် ကျွန်ုပ်​တို့၏​ခေတ်တွင် “[ယေဟောဝါ​၏] ကာလ​အချိန်​ရောက်လု​နီး” နေပြီ​ကို အမှန်တကယ် တွေ့မြင်​နေကြ​ရ၏။ (ဟေဗြဲ ၁၀:၂၄၊ ၂၅) စာတန်​၏​စနစ်​သည် ဖျက်ဆီး​ခံရ​ဖို့ ဦးတည်​နေပြီး ပြဿနာ​ပေါင်း​များစွာ ဖြစ်ပေါ်​လျက်​ရှိ၏။ တစ်ချိန်​တစ်ခါ​နှင့်​မျှ​မတူ​အောင် ကျွန်ုပ်​တို့​တွင် ‘ခံနိုင်ရည်​ရှိ’ ဖို့​လို​နေသည်။ (ဟေဗြဲ ၁၀:၃၆) ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​မှ​လွဲ​၍ မည်သူသည် ကျွန်ုပ်​တို့ကို ခံနိုင်ရည်​ရှိ​ရန် အားပေးနိုင်​သနည်း။

အစောပိုင်း​အချိန်​များ​မှာ​ကဲ့သို့ ယနေ့လည်း ယုံကြည်သူ​တစ်ဦးစီ​အနေ​နှင့် “ပရိသတ်​အလယ်” တွင် မိမိတို့၏​ယုံကြည်ခြင်းကို ဖော်ပြ​ခွင့်​ရရှိ​ထား​ကြသည်။ လူတိုင်း​ရရှိနိုင်​သည့် အခွင့်အရေး​တစ်ခု​မှာ အသင်းတော်​အစည်းအဝေး​များ​တွင် မှတ်ချက်​ပေးခြင်း​ဖြစ်သည်။ မှတ်ချက်​ပေးခြင်း​ဖြင့် ရရှိနိုင်​မည့် အကျိုးကျေးဇူးများ​ကို ဘယ်တော့​မျှ လျှော့မတွက်​လိုက်ပါ​နှင့်။ ဥပမာ၊ အခက်အခဲ​များ​ကို မည်သို့​ကျော်လွှား​အောင်မြင်​နိုင်​သည်၊ သို့​မဟုတ် ရှောင်ရှား​ရမည်ကို​ဖော်ပြ​သော မှတ်ချက်များ​သည် သမ္မာကျမ်းစာ​မူများ လိုက်လျှောက်ဖို့ ကျွန်ုပ်​တို့​ညီအစ်ကို​များ​၏​သန္နိ​ဋ္ဌာန်​ကို ခိုင်ခံ့​စေ​သည်။ ရည်ညွှန်း​ထား​သော်လည်း မကိုး​ကား​ထားသော ကျမ်းချက်​များ​ကို ရှင်းပြ​သည့်၊ သို့​မဟုတ် ကိုယ်ပိုင်​သုတေသန​ပြုချက်​မှ စုဆောင်း​ထားသော အချက်အလက်​များ​ပါဝင်​သည့် မှတ်ချက်များ​သည် လေ့လာမှု​ပြု​ရန် အခြား​သူများကို အားပေး​ရာ​ရောက်​ပေမည်။

အစည်းအဝေး​များ​တွင် ကျွန်ုပ်​တို့ မှတ်ချက်​ပေး​လျှင် ကျွန်ုပ်​တို့​ရော အခြားသူများ​ပါ အကျိုး​ရရှိ​မည်​ဖြစ်​ကြောင်း သိရှိ​ထားခြင်း​သည် ရှက်ကြောက်ခြင်း​ကို အောင်မြင်​ကျော်လွှား​ကြ​ရန် ယေဟောဝါသက်သေ​အားလုံး​အတွက် လှုံ့ဆော်မှု​ဖြစ်​ပေမည်။ အထူးသဖြင့် အကြီးအကဲ​များနှင့် ဓမ္မ​အမှုထမ်းများ​သည် အစည်းအဝေး​များ​တွင် ပါဝင်​ဖြေဆိုခြင်း​နှင့် တက်ရောက်ခြင်း​တွင် ဦးဆောင်​သူများ​ဖြစ်​ဖို့​လို​ကြ​ရာ အစည်းအဝေး​များ​တွင် သူတို့​မှတ်ချက်​ပေးခြင်း​သည် အရေးပါ​၏။ သို့သော် လူတစ်ဦး​သည် သူ၏​ခရစ်ယာန်​လုပ်ငန်း​နှင့်​ပတ်သက်​၍ ဤ​အပိုင်း​တွင် အခက်အခဲ​ကြုံနေ​ရ​လျှင် မည်သို့​တိုးတက်​စေနိုင်​မည်​နည်း။

တိုးတက်​ဖို့ အကြံပြုချက်များ

ယေဟောဝါ ပါဝင်​ပတ်သက်​နေသည်​ကို သတိရပါ။ ဂျာမနီ​နိုင်ငံ​တွင် နေထိုင်​သော ခရစ်ယာန်​ညီအစ်မ​တစ်ဦး​သည် မှတ်ချက်​ပေးခြင်း​ကို မည်သို့​ရှုမြင်​ကြောင်း ဤသို့​ရှင်းပြ​၏။ “ဘုရားသခင့်​လူမျိုးတော်ကို သူတို့ရဲ့​ယုံကြည်ခြင်း မဖော်​ပြ​နိုင်အောင် စာတန်​ကြိုးစား​လေ​သမျှ မအောင်မြင်​နိုင်ဘူး​ဆိုတာ​ကို ဒီလို​နည်းနဲ့ ကျွန်မ​ချေဖျက်​လိုက်တာပဲ။” ထို​အသင်းတော်​နှင့် ပူးပေါင်း​သော နှစ်ခြင်း​ခံ​ပြီး​ခါ​စ​ညီအစ်ကို​တစ်ဦး​က​လည်း ဤသို့​ဆို​သည်– “ကျွန်တော် အဖြေပေး​နိုင်​ဖို့ ခဏ​ခဏ​ဆုတောင်း​ရတယ်။”

ကောင်းစွာ​ကြိုတင်​ပြင်ဆင်​ပါ။ သင်သည် ကြိုတင်​လေ့လာမှု​မပြုလျှင် မှတ်ချက်​ပေး​ရန် အခက်တွေ့​နိုင်​ပြီး သင့်​မှတ်ချက်များ​သည်လည်း ထိရောက်​မှု​ရှိ​မည်​မဟုတ်​ချေ။ အသင်းတော်​အစည်းအဝေး​များ​တွင် မှတ်ချက်​ပေးခြင်း​နှင့်​ပတ်သက်​သည့် အကြံပြုချက်များ​ကို သီအိုကရက်တစ်​ဓမ္မ​အမှု​ကျောင်း​ပညာရေး​မှ​အကျိုး​ရယူ စာအုပ်​၏ စာမျက်နှာ ၇၀ တွင်​ဖော်ပြ​ထား​သည်။ *

အစည်းအဝေး​တိုင်း​တွင် အနည်းဆုံး မှတ်ချက်​တစ်ခု​ပေး​ရန် ပန်းတိုင်​ထား​ပါ။ ဤသို့​ပြု​နိုင်​ရန် အဖြေ​အတော်များများကို ကြိုတင်​ပြင်ဆင်​ထား​ရ​ပေမည်၊ အကြောင်း​မှာ၊ သင်,များများ​လက်ထောင်​ပါ​မှ ဦးစီးသူ​ညီအစ်ကို​က သင့်ကို ခေါ်​နိုင်​ဖွယ်​ရှိသောကြောင့်​ဖြစ်သည်။ သင်​အဖြေ​ပေးဖို့ ပြင်ဆင်​ထားသော မေးခွန်းများကို သူ့​အား ကြိုတင်​ပြောပြ​ထား​ပေမည်။ အထူးသဖြင့် သင်သည် လူသစ်​ဖြစ်ပါ​က ထိုသို့​ပြုခြင်း​သည် အထူး​ပင်​အထောက်အကူ​ပြု​လိမ့်​မည်။ “ပရိသတ်​အလယ်” တွင်​လက်ထောင်​ရန် မဝံ့မရဲ​ဖြစ်နေ​နိုင်ရာ ဤ​အပိုဒ်​သည် သင်​ပြင်ဆင်​ထားသော အပိုဒ်​ဖြစ်​ပြီး အစည်းအဝေး​ကိုင်​သူသည် သင်​လက်ထောင်​မည်​ကို ဂရုပြု​နေ​မည်​ဖြစ်​ကြောင်း သိရှိ​ထားခြင်း​က မှတ်ချက်​ပေး​ရန် အားရှိစေ​ပေ​လိမ့်​မည်။

စောစီး​စွာ​ဖြေဆိုပါ။ ခက်ခဲ​သော​အလုပ်​တစ်ခု​ကို ရွှေ့ဆိုင်း​ထားခြင်း​ဖြင့် လွယ်ကူ​သွား​မည်​မဟုတ်​ချေ။ အစည်းအဝေး​တွင် စောစီး​စွာ​အဖြေပေး​ခြင်း​သည် အထောက်အကူ​ဖြစ်စေ​နိုင်​သည်။ သင်သည် ပထမ​အကြိမ် မှတ်ချက်​ပေး​ရသော အခက်အခဲ​ကို အောင်မြင်​သည့်​အခါ ဒုတိယ၊ တတိယ​အကြိမ် မှတ်ချက်​ပေး​ရန် မည်မျှ​လွယ်ကူ​သွား​သည်ကို အံ့အားသင့်​လိမ့်​မည်။

လျောက်ပတ်​သော​ထိုင်ခုံ​ကို ရွေးချယ်​ပါ။ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​၏ ရှေ့တန်း​ခုံ​တွင် ထိုင်​ခြင်း​က မှတ်ချက်​ပေး​ရ​ပို​လွယ်ကူ​ကြောင်း အချို့​တွေ့ရှိ​ခဲ့​ကြသည်။ ထို​နေရာတွင် အာရုံ​ပျံ့လွင့်​စ​ရာ​အကြောင်း​နည်း​ပြီး အစည်းအဝေး​ကိုင်​သူကလည်း သတိပြုမိ​နိုင်​စ​ရာ​အကြောင်း ပို​များသည်။ ရှေ့တန်း​တွင် သင်​ထိုင်​လျှင် လူတိုင်း​ကြား​နိုင်​ရန် အသံ​ကျယ်ကျယ်​ဖြင့် ဖြေဆို​ဖို့သတိရပါ၊ အထူးသဖြင့် အသင်းတော်တွင် လှည့်ပတ်​မိုက်ခရို​ဖုန်း​အသုံး​မပြုလျှင်​ဖြစ်သည်။

ဂရုတစိုက်​နားထောင်ပါ။ ဤသို့​ပြုခြင်း​က တစ်ဦး​တစ်ယောက် ဖြေဆို​ပြီး​သား​အဖြေကို ထပ်မံ​မဖြေ​ဆို​မိ​ရန် ထောက်ကူ​ပေး​လိမ့်​မည်။ ထို့​ပြင် အခြားသူ​တို့​ပြော​သွားသော မှတ်ချက်များ​က တင်ပြ​လိုက်​သော​အကြောင်း​အပေါ် အခြေခံ​ပြောဆို​သွား​နိုင်​စေသည့် ကျမ်းချက်၊ သို့​မဟုတ် အချက်​တစ်ချက်​ကို သင့်​အား အမှတ်​ရစေ​ပေမည်။ တစ်ခါတစ်ရံ တိုတုတ်​သော​တွေ့ကြုံမှု​တစ်ခု​သည် ဆွေးနွေး​နေသော​အကြောင်းအရာကို သရုပ်ပေါ်​စေ​ပေမည်။ ဤသို့​သော​မှတ်ချက်များ​သည် အလွန်​အထောက်အကူ​ပြု​၏။

သင်၏​ကိုယ်ပိုင်​စကား​ဖြင့် ဖြေဆို​ရန် သင်ယူပါ။ လေ့လာ​နေသည့်​အကြောင်းအရာ​မှ မှတ်ချက်​တစ်ခု​ကို ဖတ်ပြခြင်း​က သင်သည် အဖြေ​မှန် ရှာတွေ့​ကြောင်း ဖော်ပြ​ပေမည်၊ မှတ်ချက်​စ​ပေး​ရန်​အတွက် နည်းလမ်း​ကောင်း​ဖြစ်​ပေမည်။ သို့ရာတွင် သင့်ကိုယ်​ပိုင်​စကား​ဖြင့် အဖြေပေး​သည့်​အထိ တိုးတက်လာ​ခြင်း​က လိုရင်းချက်​ကို သင်​သဘောပေါက်​ကြောင်း ဖော်ပြ​၏။ စာအုပ်​ပါ​စကားလုံး​များ​ကို လုံးကောက်​ကိုးကား​စ​ရာ​မလို​ပေ။ ယေဟောဝါသက်သေ​များသည် သူတို့၏​စာအုပ်​များ​ပြော​ရာ​ကို ရွတ်ဆို​ရုံ​မျှ​ပြု​ကြ​သူများ​မဟုတ်​ချေ။

အကြောင်းအရာ​နှင့်​သက်ဆိုင်​သည့် မှတ်ချက်များ​ပေး​ပါ။ အကြောင်းအရာ​နှင့် မသက်ဆိုင်​သည့်၊ သို့​မဟုတ် သုံးသပ်​နေသော အဓိက​အချက်အလက်​များ​မှ သွေဖည်​သွား​စေ​မည့် မှတ်ချက်များ​ပေးခြင်း​သည် မသင့်​လျော်​ချေ။ ဆိုလိုသည်မှာ သင်၏​မှတ်ချက်များ​သည် ဆွေးနွေး​သုံးသပ်​နေသော အကြောင်းအရာ​နှင့် ဆက်စပ်​သင့်​သည်။ ယင်း​သို့ပြုလျှင် မှတ်ချက်များ​သည် အဆင့်ဆင့်​တင်ဆက်​နေသည့် အဓိက​အကြောင်း​အပေါ် ဝိညာဉ်​ရေး​အရ တည်ဆောက်မှု​ဖြစ်စေ​သည့် ဆွေးနွေးခြင်း​ဖြစ်ပါ​လိမ့်​မည်။

အားပေး​ရန် ရည်ရွယ်​ပါ။ မှတ်ချက်​ပေး​ရသည့် အရေးပါသော​အကြောင်း​တစ်ခု​မှာ အခြား​သူများကို အားပေး​ရန်ဖြစ်​သောကြောင့် သူတို့ကို စိတ်ဓာတ်ကျ​စေ​မည့် အချက်များ​ကို မပြော​မိ​စေဖို့ သတိပြု​ရမည်။ ထို့​ပြင် အခြားသူများ ဖြေ​စ​ရာ​မရှိတော့​သည့်​အထိ အပိုဒ်​တစ်ခုလုံး​ကို မှတ်ချက်​မပေး​ပါ​နှင့်။ ရှည်လျား၍​ရှုပ်ထွေး​သည့် အဖြေ​များသည် အဓိပ္ပာယ်​ကို မသဲမကွဲ​ဖြစ်စေ​သည်။ အဖြေ​တို​များသည် အလွန်​ထိရောက်​မှု​ရှိ​နိုင်​ပြီး လူသစ်များ​ကို သူတို့​ပြင်ဆင်​ထားသော တိုတုတ်​သော​အဖြေ​များ​ပေး​ရန် အားပေးမှု​ဖြစ်​ပေ​လိမ့်​မည်။

အစည်းအဝေး​ကိုင်​သူများ​၏​အပိုင်းကဏ္ဍ

အားပေးမှု​နှင့်​ပတ်သက်​၍ အစည်းအဝေး​ကိုင်​သူ​တွင် ကြီး​လေး​သော​တာဝန်​ရှိသည်။ သူသည် အခြား​အရာ​တစ်ခုခု​ကို အာရုံစိုက်​မည့်​အစား အဖြေပေး​သူကို ဂရုတစိုက်​နားထောင်​ကာ ရည်​မွန်​စွာ​ကြည့်​ခြင်း​ဖြင့် မှတ်ချက်​တိုင်း​ကို အမှန်တကယ်​စိတ်ဝင်စား​ကြောင်း ဖော်ပြ​သည်။ အကယ်၍ သူသည် ဂရုတစိုက်​နားမထောင်​ဘဲ ယင်းကြောင့် ပြော​ပြီး​သား​စကား​ကို မလိုအပ်ဘဲ ပြန်​ပြော​ခြင်း၊ သို့​မဟုတ် ဖြေပြီး​သား​မေးခွန်း​ကို ပြန်​မေး​ခြင်း​သည် တကယ်​ပင်မ​သင့်တော်​ချေ!

မှတ်ချက်​သည် မပြည့်စုံ​ကြောင်း ပြော​လို​ဟန်​ဖြင့် အစည်းအဝေး​ကိုင်​သူသည် ဖြေပြီး​သား​မှတ်ချက်​ကို မသိမသာ​ကွဲပြား​သည့် စကားလုံး​များ​ဖြင့် ပုံမှန်​ပြန်​ပြော​လျှင်​လည်း စိတ်ပျက်​စ​ရာ​ဖြစ်​ပေ​လိမ့်​မည်။ အခြား​တစ်ဖက်​တွင်​မူ၊ မှတ်ချက်များ​သည် အရေးကြီးသော​အချက်​တစ်ချက်​ကို ဆက်လက်​ဆွေးနွေး​စ​ရာ​ဖြစ်စေ​လျှင် မည်မျှ​အားရစရာ​ပင်​နည်း။ ‘ကျွန်ုပ်​တို့​အသင်းတော်တွင် ယင်းကို မည်သို့​ကျင့်သုံး​နိုင်​မည်​နည်း’၊ သို့​မဟုတ် ‘အပိုဒ်​မှ အဘယ်​ကျမ်းချက်​သည် ဖြေလိုက်​သော​မှတ်ချက်​ကို ထောက်ခံ​သနည်း’ ဟူသော မေးခွန်း​မျိုး​တို့သည် အလွန်​ပင်ခွန်အား​ရှိစေ​မည့် အပြုသဘောဆောင်​သော​အဖြေ​များ​ပေး​ရန် အားပေးမှု​ဖြစ်စေ​၏။

လူသစ်များ၊ သို့​မဟုတ် ရှက်ကြောက်​တတ်​သူများ မှတ်ချက်​ပေး​သောအခါ သူတို့ကို အထူး​ချီးမွမ်း​ပေး​သင့်​သည်။ ယင်းကို သင်တန်း​ပြီး​နောက် နှစ်ကိုယ်ကြား​ပြု​နိုင်၏၊ ရှက်​ကိုး​ရှက်​ကန်း​မဖြစ်​သွားစေရန်​နှင့် သင့်လျော်​သည့်​အခါ သင်တန်းမှူး​က အကြံပြုချက်များ​ပေးဖို့ အခွင့်အရေး​ရနိုင်​ရန်​အ​လို့​ငှာ​ဖြစ်သည်။

သာမန်​စကားပြော​ဆို​ချိန်​တွင် တစ်ဦးတည်း​က ဒိုင်ခံ​စကားပြော​တတ်​လျှင် အပြန်အလှန်​စကားပြော​ဆိုနိုင်​မည်​မဟုတ်​ချေ။ နားထောင်​နေသူတို့​အား တင်ပြ​ပြောဆို​စ​ရာ​မလိုဟု ခံစား​စေ​၏။ နားထောင်​နေ​မည်​ဆိုလျှင်​လည်း စိတ်​မ​ပါ့​တ​ပါ​ဖြင့်​ဖြစ်​မည်။ သင်တန်းမှူး​ကိုယ်တိုင် ကြိမ်ဖန်​များစွာ မှတ်ချက်​ပေးခြင်း​ဖြင့် တစ်ဦးတည်း​ဒိုင်ခံ​ဆွေးနွေး​နေလျှင်လည်း အလားတူ​ဖြစ်​မည်။ သို့သော် အစည်းအဝေး​ကိုင်​သူသည် ရံဖန်ရံခါ ထပ်ဆင့်​မေးခွန်းများ​မေး​ခြင်း​ဖြင့် တက်ရောက်​သူများ​အား ဖော်ထုတ်​ပြော​စေ​ကာ ဆွေးနွေး​နေသည့်​အကြောင်းအရာ​အပေါ် သူတို့၏​တွေးတောမှု​ကို လှုံ့ဆော်ပေး​ပေမည်။ ဤသို့​သော​မေးခွန်းများကို များစွာ​အသုံးမပြု​သင့်​ချေ။

အစည်းအဝေး​ကိုင်​သူသည် ပထမ​ဆုံး​လက်ထောင်​သူကို ခေါ်​ချင်​မှ​ခေါ်​လိမ့်​မည်။ ချက်ချင်း​ခေါ်​လိုက်​မည်​ဆိုလျှင် အဖြေပေး​ရန် အရှိန်​ယူ​နေ​သူများကို စိတ်အား​လျော့​သွား​စေနိုင်​သည်။ ခေတ္တ​စောင့်​ပေးခြင်း​အားဖြင့် အဖြေ​မပေး​ရ​သေး​သူများကို အခွင့်​ရရှိစေ​သည်။ ထို့​ပြင် ကလေးငယ်​များ နားမလည်​နိုင်​သည့် အကြောင်းအရာ​နှင့်​ပတ်သက်သော မေးခွန်းများကို သူတို့အား မဖြေ​ဆို​စေ​လျှင် ပိုင်းခြား​သိမြင်မှု​ရှိကြောင်း ဖော်ပြ​သည်။

အဖြေမှား​နေလျှင်​ကော အသို့နည်း။ အစည်းအဝေး​ကိုင်​သူသည် အဖြေမှား​ပေး​သူကို ရှက်​ကိုး​ရှက်​ကန်း​မဖြစ်စေ​သင့်​ချေ။ မှတ်ချက်များ​သည် မှား​နေလျှင်​ပင် အမှန်​တစ်စိတ်​တစ်ပိုင်း​ပါ​တတ်​သည်။ မှန်ကန်​သည့်​အပိုင်း​ကို လိမ္မာ​ပါးနပ်​စွာ ရွေး​ဖော်ပြခြင်း​အားဖြင့်၊ မေးခွန်း​ကို ပြန်လှည့်​မေး​ခြင်း​အားဖြင့်၊ နောက်ထပ်​မေးခွန်း​တစ်ခု​ကို မေး​ခြင်း​အားဖြင့် သင်တန်း​ကိုင်​သူသည် အလွန်အမင်း​ကသိကအောက်​မဖြစ်စေ​ဘဲ အဖြေ​မှန်​ကို​ရစေ​နိုင်​သည်။

မှတ်ချက်​ပေး​ရန် အားပေး​သည့်​အခါ အစည်းအဝေး​ကိုင်​သူက ‘မှတ်ချက်​ပေး​မယ့်​သူ​ရှိသေး​သလား’ စ​သော ယေဘုယျ​မေးခွန်းများကို ရှောင်သင့်​သည်။ ‘ဘယ်သူ မဖြေ​ရ​သေး​ဘူး​လဲ။ ဒါဟာ နောက်ဆုံး​အခွင့်အရေး​ပဲ!’ ဟူသော​မေးခွန်း​သည် စေတနာ​နှင့်​ပြော​သော​စကား​ဖြစ်​နိုင်​သော်လည်း ပွင့်လင်း​စွာ​ဖြေဆို​ရန် အားပေး​ရာ​ရောက်မည်​မဟုတ်ပေ။ သင်တန်း​အစပိုင်း​တွင် မှတ်ချက်​မပေး​မိ​သည့်​အတွက် အပြစ်ရှိ​နေသည်​ဟု ညီအစ်ကို​များ​ကို မယူမှတ်​စေ​သင့်​ပေ။ ထိုသို့​ပြု​မည့်​အစား၊ ဝေမျှခြင်း​သည် မေတ္တာပြ​ရာ​ရောက်​သဖြင့် ကိုယ်​သိရှိရာ​ကို ဝေမျှ​ရန် အားပေး​သင့်​သည်။ ထို့​ပြင် အစည်းအဝေး​ကိုင်​သူက မှတ်ချက်​ပေး​ရန် တစ်ဦး​တစ်ယောက်ကို ခေါ်​ပြီး​နောက် “သူ​ပြီး​ရင် ညီအစ်ကို​ဘယ်သူ​ဘယ်ဝါ၊ ပြီး​ရင် ညီအစ်မ​ဘယ်သူ​ဘယ်ဝါ​တို့​ရဲ့ မှတ်ချက်​ကို ကြား​ရမယ်” ဟူ၍ မပြော​လျှင်​ကောင်း​မည်။ အစည်းအဝေး​ကိုင်​သူသည် မှတ်ချက်​ကို ပထမ​ဦးစွာ နားထောင်​သင့်​ပြီး နောက်ထပ်​မှတ်ချက်​ပေး​စ​ရာ​လို​မလို ဆုံးဖြတ်​သင့်​၏။

မှတ်ချက်​ပေးခြင်း​သည် အခွင့်ထူး​တစ်ခု​ဖြစ်

ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်ခြင်း​သည် ဝိညာဉ်​ရေး​အတွက် လိုအပ်ရာ​တစ်ခု​ဖြစ်၏; အစည်းအဝေး​များ​တွင် မှတ်ချက်​ပေးခြင်း​သည် အခွင့်ထူး​တစ်ခု​ဖြစ်သည်။ ကျွန်ုပ်​တို့သည် “ပရိသတ်​အလယ်” တွင်​ယေဟောဝါ​ကို ချီးမွမ်း​ခြင်း​၌ အဆိုပါ​ထူးခြားသော​နည်းဖြင့် ပါဝင်​သည့်​အတိုင်းအတာ​သည် ကျွန်ုပ်​တို့​ဘက်​မှ ဒါဝိဒ်​၏​ပုံ​နမူနာကို လိုက်လျှောက်ပြီး ပေါလု​၏​ဆုံးမ​စကား​ကို ဂရုပြု​နေသည့်​အတိုင်းအတာ​ဖြစ်၏။ အစည်းအဝေး​များ​တွင် ပါဝင်​ဖြေဆိုခြင်း​သည် ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​ကို ချစ်​မြတ်နိုး​ကြောင်း​ပြပြီး ယေဟောဝါ​၏​အသင်းတော်​ကြီး​တွင် တစ်ဦး​ပါဝင်​ကြောင်း ထင်ရှား​စွာ​ဖော်ပြ​သည်။ သင်သည် “ကာလ​အချိန်​ရောက်လု​နီး​သည်ကို​ထောက်” ပြ​ရန် အခြား​အဘယ်​နေရာတွင် ရှိ​လို​မည်​နည်း။—ဟေဗြဲ ၁၀:၂၅

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 10 ယေဟောဝါသက်သေ​များ ထုတ်ဝေ​သည်။

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ခရစ်ယာန်​အစည်းအဝေး​များ​တွင် နားထောင်ခြင်း​နှင့် မှတ်ချက်​ပေးခြင်း​နှစ်ခုစလုံး​သည် အရေးကြီး

[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]

အစည်းအဝေး​ကိုင်​သူသည် မှတ်ချက်​တိုင်း​ကို အမှန်တကယ်​စိတ်ဝင်စား​ကြောင်း​ပြသ