မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့

ယေဟောဝါကို သင်၏ယုံကြည်ကိုးစားရာဖြစ်စေလော့

ယေဟောဝါ​ကို သင်၏​ယုံကြည်​ကိုးစားရာ​ဖြစ်စေ​လော့

“အရှင်​ထာဝရ​ဘုရား[သခင်] ကိုယ်တော်​သည် အကျွန်ုပ်​မျှော်လင့်​ရာ​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​ငယ်​သော​အရွယ်​မှ​စ၍ အကျွန်ုပ်​ကိုးစားရာ​ဖြစ်​တော်​မူ​၏။”—ဆာလံ ၇၁:၅

၁။ သိုးထိန်း​လုလင်​ဒါဝိဒ်​သည် အဘယ်​စိန်ခေါ်ချက်​ကို ရင်ဆိုင်ခဲ့​သနည်း။

ဂေါလျတ်​သည် အရပ်​ကိုးပေ​ကျော် မြင့်​သည်။ ဣသရေလ​ရှေ့တန်း​ရှိ စစ်သည်​အားလုံး သူ့ကို​ထိပ်တိုက်​မ​ရင်ဆိုင်​ဝံ့​ကြ​ခြင်း​သည် အံ့ဩစရာ​မဟုတ်ပေ! အပတ်စဉ်​အပတ်​တိုင်း၊ နံနက်​တိုင်း၊ ညနေ​တိုင်း၊ ထို​ဖိလိတ္တိ​ဘီလူးကြီး ဂေါလျတ်​သည် မိမိ​နှင့်​တိုက်ခိုက်​ရန် ယှဉ်ပြိုင်​မည့်​သူ​တစ်ဦး​ကို​စေလွှတ်​ဖို့ ဣသရေလ​စစ်တပ်​ကို စိန်ခေါ်​၍ မခံ​ချင်​အောင်​ပြောဆို​လျက်​ရှိသည်။ နောက်ဆုံး​တွင် စစ်သည်​တစ်ဦး​မဟုတ်ဘဲ လူငယ်​တစ်ဦးမျှ​သာ​ဖြစ်သူက သူ၏​စိန်ခေါ်ချက်​ကို လက်ခံ​လိုက်​လေ​သည်။ သိုးထိန်း​လုလင်​ဒါဝိဒ်​သည် သူ၏​ပြိုင်ဘက်​ရှေ့တွင် ပို​၍​ပင်​သေးငယ်​သွား​သည်။ အမှန်စင်စစ်၊ သူ့​ကိုယ်​အလေးချိန်​သည် ဂေါလျတ်​၏​သံချပ်​အင်္ကျီ​နှင့် လက်နက်များ​လောက်​ပင် လေး​မည်​မဟုတ်​ချေ! သို့​တိုင် ထို​လုလင်​ငယ်​သည် လူ့​ဘီလူးကြီး​နှင့် ထိပ်တိုက်​ရင်ဆိုင်ခဲ့​ရာ ရဲစွမ်းသတ္တိ​အထိမ်းအမှတ်​အဖြစ် ကျော်ကြား​လာ​လေ​သည်။—၁ ဓမ္မ​ရာဇဝင် ၁၇:၁-၅၁

၂၊ ၃။ (က) ဒါဝိဒ်​သည် ဂေါလျတ်​ကို ယုံကြည်​စိတ်ချမှု​အပြည့်​ဖြင့် အဘယ်ကြောင့် ရင်ဆိုင်​နိုင်​ခဲ့​သနည်း။ (ခ) ယေဟောဝါ​ကို ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားရာ​ဖြစ်စေ​ဖို့ အဘယ်​အကြောင်း​နှစ်ခု​ကို ကျွန်ုပ်​တို့​ဆွေးနွေး​ကြ​မည်​နည်း။

ဒါဝိဒ်​ကို အဘယ်အရာက ဤမျှ​သတ္တိ​ရှိစေခဲ့သနည်း။ သက်ကြီး​ပိုင်း​တွင် ဒါဝိဒ်​ရေးသားခဲ့​ပုံ​ရသော ဤ​စကား​အချို့​ကို သုံးသပ်ကြည့်​ပါ– “အရှင်​ထာဝရ​ဘုရား[သခင်] ကိုယ်တော်​သည် အကျွန်ုပ်​မျှော်လင့်​ရာ​ဖြစ်​တော်​မူ​၏။ အကျွန်ုပ်​ငယ်​သော​အရွယ်​မှ​စ၍ အကျွန်ုပ်​ကိုးစားရာ​ဖြစ်​တော်​မူ​၏။” (ဆာလံ ၇၁:၅) ဒါဝိဒ်​သည် လူငယ်​ဘဝက​တည်း​က ယေဟောဝါ​ကို လုံးလုံးလျားလျား​အားကိုးခဲ့​သည်။ သူသည် ဂေါလျတ်​ကို​မျက်နှာ​ချင်း​ဆိုင်၍ “သင်သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ​၏။ ငါသည် သင်​ကြိမ်း​ပ​သော ဣသရေလ​ဗိုလ်ခြေ​တို့၏​ဘုရားသခင်၊ ကောင်းကင်​ဗိုလ်ခြေ​အရှင် ထာဝရ​ဘုရား[သခင်]၏ နာမတော်​ပါ​လျက် သင်​ရှိရာသို့​လာ​၏” ဟု ဆို​ခဲ့​သည်။ (၁ ဓမ္မ​ရာဇဝင် ၁၇:၄၅) ဂေါလျတ်​သည် သူ၏​ကြီးမားသော​အစွမ်း​ခွန်အား​နှင့် လက်နက်များ​ကို အားကိုးခဲ့​သည်၊ ဒါဝိဒ်​မှာ​မူ ယေဟောဝါ​အား ယုံကြည်​ကိုးစား​ခဲ့​သည်။ စကြဝဠာ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးရှင်​သည် ဒါဝိဒ်​ဘက်၌ ရှိသည်​ဖြစ်​ရာ မည်မျှ​ပင်​ထွား​ကြို​င်း၍ လက်နက်စုံ​ပါစေ လူတစ်ဦး​မျှ​သာ​ဖြစ်သော​သူကို အဘယ်ကြောင့် သူ​ကြောက်ရွံ့​ရမည်​နည်း။

ဒါဝိဒ်​အကြောင်း သင်​ဖတ်ရှု​စဉ် ယေဟောဝါ​၌ သင်​ကိုယ်တိုင်​၏ ယုံကြည်​ကိုးစားမှု ပိုမို​ခိုင်ခံ့​ဖို့​လိုလား​သလော။ ကျွန်ုပ်​တို့​အများစုမှာ ထိုသို့​ဖြစ်​လို​ကြသည်။ ထို့​ကြောင့် ယေဟောဝါ​ကို ကျွန်ုပ်​တို့၏​ယုံကြည်​ကိုးစားရာ​ဖြစ်စေ​ရန် ကျွန်ုပ်​တို့​ပြုလုပ်​နိုင်သော​အရာ​နှစ်ခု​ကို ဆန်းစစ်​ကြည့်​ကြ​စို့။ ဦးဆုံး၊ ထိုသို့​သော​ယုံကြည်​ကိုးစားမှု​ကို တားဆီး​လေ့​ရှိသည့် အကြောင်း​တစ်ခု​ကို အနိုင်​ယူပြီး ဆက်​ထိန်းချုပ်ဖို့​လို​သည်။ ဒုတိယ​အနေ​နှင့် ယေဟောဝါ​ကို ယုံကြည်​ကိုးစားခြင်း​တွင် အဘယ်အရာ​ပါဝင်​ပတ်သက်​ကြောင်း အတိအကျ​သိရှိ​ရန်လို​သည်။

ယေဟောဝါ​အား ယုံကြည်​ကိုးစား​ရန် တားဆီး​လေ့​ရှိရာ​ကို ကျော်လွှား​ခြင်း

၄၊ ၅။ ဘုရားသခင်​အား ယုံကြည်​ကိုးစား​ရန် လူအများ အဘယ်ကြောင့်​အခက်တွေ့​ကြ​သနည်း။

ဘုရားသခင်​အား ယုံကြည်​ကိုးစားမှု​မရှိစေရန် အဘယ်အရာက တားဆီး​သနည်း။ မကောင်းမှု​များ အဘယ်ကြောင့်​ဖြစ်ပျက်​ရ​ကြောင်း လူ​အချို့ ဝေခွဲမရ​ဖြစ်လေ့​ရှိသည်။ ဆင်းရဲခြင်း​ဝေဒနာ​များသည် ဘုရားသခင်​ကြောင့်​ဖြစ်သည်ဟု သွန်သင်ခံ​ရသူ​များစွာ​ရှိ၏။ ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​နှင့်​ကြုံ​ရသောအခါ ဓမ္မ​ဆရာများ​က ဘုရားသခင်​သည် မိမိ​နှင့်အတူ​ရှိဖို့ ကပ်​သင့်​သူတို့ကို ကောင်းကင်​သို့ “ခေါ်သွား” သည်​ဟု​ဆို​ကြ​ပေမည်။ ထို့​အပြင် [ခရစ်ယာန်]ဘာသာရေး​ခေါင်းဆောင်​များစွာက ဘုရားသခင်​သည် ကြေကွဲဖွယ်​အဖြစ်ဆိုး​နှင့် ဆိုးသွမ်း​သော​လုပ်ရပ်​အပါအဝင် ဤ​လောက​၌​ဖြစ်ပျက်​နေသော ဖြစ်ရပ်​တိုင်း​ကို ကြာမြင့်စွာ​ကတည်းက တင်ကူး​ပြဋ္ဌာန်း​ထား​သည်​ဟု သွန်သင်​ကြသည်။ ဤသို့​သော​ခံစားချက်​မဲ့သည့် ဘုရားသခင်​ကို ယုံကြည်​ကိုးစား​ဖို့ အလွန်​ခက်ခဲ​လိမ့်​မည်။ မယုံကြည်​သူတို့၏ ဉာဏ်​မျက်စိ​ကို​ကွယ်​စေသော စာတန်​သည် ယင်း​သို့​သော ‘နတ်ဆိုး​တို့၏​သွန်သင်ချက်​များ’ ဟူ​သမျှ​ကို အားပေး​အား​မြှောက်​ပြုလိုစိတ်​ပြင်းပြ​သည်။—၁ တိမောသေ ၄:၁၊ ၂; ၂ ကောရိန္သု ၄:၄

ယေဟောဝါ​၌ လူ​တို့​ယုံကြည်​ကိုးစားမှု​ပျောက်​ရန် စာတန်​လိုလား​သည်။ ဘုရားသခင်​၏ ထို​ရန်သူကြီး​သည် လူ့​ဆင်းရဲခြင်း​ဝေဒနာ​၏ အကြောင်းရင်း​မှန်​ကို ကျွန်ုပ်​တို့အား မသိ​စေ​လို​ပါ။ ဝေဒနာ​ခံစား​ရခြင်း​နှင့်​ပတ်သက်​၍ ကျမ်းစာ​မှ​အကြောင်းပြချက်​များ​ကို ကျွန်ုပ်​တို့​သိရှိ​ထားပြီ​ဆိုလျှင်​လည်း ၎င်းတို့ကို စာတန်​မေ့လျော့​စေ​လို​သည်။ ထို့​ကြောင့် ဤ​လောက​၌ ဝေဒနာ​ခံစားရ​သည့် အခြေခံ​အကြောင်းရင်း​သုံးချက်​ကို ကျွန်ုပ်​တို့ အခါ​အား​လျော်​စွာ သုံးသပ်​ဖို့ သင့်လျော်​ပေ​သည်။ သို့​ပြုခြင်း​ဖြင့် ကျွန်ုပ်​တို့​ရင်ဆိုင်​နေရ​သော ဘဝ​ပြဿနာ​များသည် ယေဟောဝါ​ကြောင့်​မဟုတ်​ကြောင်း မိမိကိုယ်ကို အားပေးနိုင်​ပေမည်။—ဖိလိပ္ပိ ၁:၉၊ ၁၁

၆။ လူ​တို့ ဝေဒနာ​ခံစားရ​သည့် အကြောင်းရင်း​တစ်ခု​ကို ၁ ပေတရု ၅:၈ က မည်သို့​ဖော်ပြ​သနည်း။

ဝေဒနာ​ခံစားရ​သည့် အကြောင်းရင်း​တစ်ခု​မှာ ယေဟောဝါ​၏ တည်ကြည်သော​လူမျိုးတော်​သမာဓိကို စာတန်​ချိုးဖျက်​လို​သောကြောင့်​ဖြစ်သည်။ ယောဘ​၏​သမာဓိကို​ချိုးဖျက်​ဖို့ စာတန်​ကြိုးပမ်း​ခဲ့​သည်။ ထို​အချိန်​က စာတန်​မအောင်မြင်​ခဲ့​သော်လည်း ယခု​တိုင် သူ​အရှုံးမပေး​သေး​ပါ။ ဤ​လောက​၏​အုပ်စိုးရှင်​အနေ​နှင့် သူသည် ယေဟောဝါ​၏​တည်ကြည်သော​ကျေးကျွန်​များ​ကို “မျို” ရန်​ရှာဖွေ​လျက်​ရှိ၏။ (၁ ပေတရု ၅:၈) ထို​တွင် ကျွန်ုပ်​တို့​ယောက်စီ​ယောက်​တိုင်း​ပါဝင်​သည်! ကျွန်ုပ်​တို့ ယေဟောဝါ​အမှုတော်ထမ်း​နေခြင်း​ကို စာတန်​မလိုလား​ပါ။ ထို့​ကြောင့် နှိပ်စက်​ညှဉ်းပန်းမှု​ဖြစ်ပေါ်​လာ​စေရန် သူ​လှုံ့ဆော်ပေး​လေ့​ရှိသည်။ ထိုသို့​ဝေဒနာ​ခံရ​ခြင်း​သည် နာကျင်​သည်​မှန်​သော်လည်း ၎င်းတို့ကို​ခံရပ်​ဖို့ ကျွန်ုပ်​တို့​၌ ခိုင်လုံ​သော​အကြောင်းရင်း​ရှိ၏။ သို့​ပြုခြင်း​ဖြင့် စာတန်​သည် မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ရာ​ရောက်​ပြီး ယေဟောဝါ​အား ကျွန်ုပ်​တို့​ပျော်ရွှင်​စေ​ကြသည်။ (ယောဘ ၂:၄; သု. ၂၇:၁၁) နှိပ်စက်​ညှဉ်းပန်းမှု​ကို​ခံရပ်​နိုင်​ဖို့ ကျွန်ုပ်​တို့ကို ယေဟောဝါ​ခွန်အား​ပေး​လေ ကိုယ်တော်၌ ကျွန်ုပ်​တို့၏​ယုံကြည်​စိတ်ချမှု တိုးပွား​လာ​လေ​ဖြစ်၏။—ဆာလံ ၉:၉၊ ၁၀

၇။ ဂလာတိ ၆:၇ က ဝေဒနာ​ခံစား​ရခြင်း​၏ အဘယ်​အကြောင်းရင်းကို ကျွန်ုပ်​တို့အား သိစေ​သနည်း။

“လူသည် မျိုးစေ့ကြဲ​သည်​အတိုင်း အသီးအနှံ​ကို​ရိတ်​ရ​လိမ့်​မည်” ဟူသော​မူ​တွင် ဝေဒနာ​ခံစား​ရသော ဒုတိယ​အကြောင်းရင်းကို တွေ့ရ​သည်။ (ဂလာတိ ၆:၇) တစ်ခါတစ်ရံ လူတို့သည် ရွေးချယ်မှု​မှား​ခြင်း​ဖြင့် မျိုးကြဲ​ကြ​ကာ အတိုင်းအတာ​တစ်ခု​အထိ ဝေဒနာ​များ ရိတ်​ကြ​ရသည်။ မဆင်မခြင်​ယာဉ်မောင်း​ကြ​သဖြင့် မတော်တဆ​ကားတိုက်မှု​ဖြစ်သည်။ အများ​သည် စီးကရက်​သောက်​ကြ​သဖြင့် နှလုံး​ရောဂါ သို့​မဟုတ် အဆုတ်​ကင်ဆာ​ဖြစ်​ကြသည်။ လိင်​အကျင့်​ယိုယွင်းမှု​ကို ရွေးချယ်​ပြုလုပ်​ကြ​သူတို့သည် မိသားစု​ဆက်ဆံ​ရေး​ပျက်ပြား​ခြင်း၊ ကိုယ့်​ကိုယ်ကို​လေးစားမှု ပျောက်ဆုံး​ခြင်း၊ လိင်ဆိုင်ရာ​ကူးစက်​ရောဂါ​များ​ရခြင်း၊ မလိုချင်​သော​ကိုယ်ဝန်​များ​ရခြင်း​တို့ကို ခံစားရ​ကြသည်။ ဘုရားသခင်​ကြောင့် ဤသို့​သော​ဝေဒနာ​များ​ခံစား​ရခြင်း​ဖြစ်သည်ဟု အချို့​အပြစ်​ဖို့​ကြ​ပေမည်၊ အမှန်​မှာ မိမိတို့​ကိုယ်တိုင်​၏ ပညာ​မဲ့​သော​ဆုံးဖြတ်ချက်​များ​ကြောင့်​သာ ထိုသို့​ခံရ​ခြင်း​ဖြစ်သည်။—သု. ၁၉:၃

၈။ ဒေ. ၉:၁၁ အရ၊ အဘယ်ကြောင့် လူ​တို့​ဝေဒနာ​ခံစားရ​ကြ​သနည်း။

ဝေဒနာ​ခံစား​ရသော တတိယ​အကြောင်းရင်းကို ဒေ. ၉:၁၁ ၌​ဤသို့​ဖော်ပြ​ထား​သည်– “နေ​အောက်မှာ​ရှိသော​အမှုအရာ​တို့ကို ငါ​ပြန်၍​ကြည့်ရှု​သောအခါ လျင်မြန်​သော​သူသည် ပြိုင်​၍​ပြေး​သော်လည်း မ​နိုင်​တတ်။ ခွန်အား​ကြီးသော​သူသည် စစ်​တိုက်၍​မအောင်​တတ်။ ပညာရှိ​သော​သူသည် ဝ​စွာ​မစား​တတ်။ လိမ္မာ​သော​သူသည် သူတစ်ပါး​ရှေ့၌ မျက်နှာ​မရ​တတ်။ ခပ်သိမ်း​သော​သူတို့၌ ကာလ​အချိန်စေ့​ခြင်း၊ အဆင်သင့်​ခြင်း​ရှိသည်​အတိုင်း ဖြစ်တတ်​သည်ကို​ငါ​မြင်​၏။” တစ်ခါတစ်ရံ လူတို့သည် မရှိသင့်​သော​နေရာတွင် မရှိသင့်​သော​အချိန်၌ ရောက်ရှိ​နေကြ​ခြင်း​မျှ​ဖြစ်သည်။ ကျွန်ုပ်​တို့၏​အားသာချက်​များ၊ အားနည်းချက်များ မည်သို့​ပင်​ရှိပါစေ မည်သူ​မဆို​သည် ဆင်းရဲခြင်း​ဝေဒနာ​နှင့် သေခြင်းကို မမျှော်လင့်​ဘဲ အချိန်မရွေး​ကြုံတွေ့​ရနိုင်​သည်။ သာဓက​အနေ​နှင့် ယေရှု​ခေတ်တွင် ယေရုရှလင်​မြို့ရှိ ပြအိုးပြိုလဲ​ပြီး လူ ၁၈ ယောက်​သေဆုံး​ခဲ့​သည်။ သူတို့၏​ယခင်​အပြစ်​များ​ကြောင့် သူတို့ကို ဘုရားသခင်​ဒဏ်ခတ်​ခြင်း​မဟုတ်​ကြောင်း ယေရှု​ဖော်ပြ​ခဲ့​သည်။ (လုကာ ၁၃:၄) ထိုသို့​သော​ဝေဒနာ​များ ဖြစ်ပေါ်​ရခြင်း​သည် ယေဟောဝါ​ကြောင့်​မဟုတ်ပါ။

၉။ ဝေဒနာ​ခံစား​ရခြင်း​နှင့်​ပတ်သက်​၍ အဘယ်​အချက်​ကို လူအများ နားမလည်​နိုင်​ကြ​သနည်း။

ဝေဒနာ​ခံစားရ​သည့် အကြောင်းရင်း​အချို့​ကို နားလည်​သဘောပေါက်​ဖို့ အရေးကြီး​သည်။ သို့​တိုင် လူအများ နားလည်​ရ​ခက်​သော အချက်​တစ်ချက်​ရှိသည်။ ၎င်းမှာ– ယေဟောဝါ​ဘုရားသခင်​သည် ဆင်းရဲခြင်း​ဝေဒနာ​ကို အဘယ်ကြောင့်​ခွင့်ပြု​ထား​သနည်း။

ယေဟောဝါ​သည် အဘယ်ကြောင့် ဝေဒနာ​ခံစား​စေ​သနည်း

၁၀၊ ၁၁။ (က) ရောမ ၈:၁၉-၂၂ အရ ‘ဖန်ဆင်း​ရာ​ရှိသမျှ’ သည် မည်သို့​ဖြစ်သွား​သနည်း။ (ခ) မည်သူက ဖန်ဆင်း​ရာ​များ​ကို အချည်းနှီး​သို့​ရောက်​စေ​ကြောင်းကို မည်သို့​စိစစ်​သိရှိ​နိုင်​သနည်း။

၁၀ ဤ​အရေးပါသော​အကြောင်းကို ရောမမြို့​သားများ​ထံ တမန်​တော်​ပေါလု​ရေးခဲ့​သော​စာ​မှ အပိုဒ်​တစ်​ပိုဒ်​က အလင်းဖြာ​ပေး​သည်။ ပေါလု​ဤသို့​ရေးခဲ့​သည်– “ဖန်ဆင်း​တော်​မူ​သော​အရာများ​သည် ဘုရားသခင့်​သားတို့​၏​ပေါ်ထွန်းခြင်း​ကို အလွန်​တောင့်တ​မျှော်လင့်​လျက် စောင့်နေ​ကြ​၏။ အကြောင်း​မူ​ကား ထို​အရာများ​သည် . . . [“အချည်းနှီး၊” က​ဘ] သို့ အလိုလို​လိုက်​ကြသည်​မဟုတ်။ ဘုရားသခင့်​သားတို့​၏ ဘုန်း​ဖြစ်သော လွတ်ခြင်း​ချမ်းသာ​တည်း​ဟူသော ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်လွှတ်​ခြင်း​ချမ်းသာ​ကို​ဝင်စား​မည်​ဟု မျှော်လင့်​ရသော​အခွင့်​ကို​ပေး​၍ . . . လိုက်​စေတော်မူ​သော အရှင်​၏​အလိုတော်​ကြောင့်​သာ လိုက်ရ​ကြ​၏။ ထို​အရာရှိသမျှ​သည် ယခု​တိုင်အောင် တညီတညွတ်​တည်း​ညည်းတွား​၍ ဆင်းရဲခြင်း​ဝေဒနာ​ကို​ခံရ​သည်​ဟု ငါ​တို့​သိ​ကြ​၏။”—ရောမ ၈:၁၉-၂၂သမ္မာ။

၁၁ ၎င်း​အခန်းငယ်​များ​ကို သဘောပေါက်​နားလည်​ရန် အဓိက​မေးခွန်း​အချို့​၏​အဖြေကို ဦးဆုံး သိရှိ​ထား​ဖို့​လို​သည်။ ဥပမာ၊ ဖန်ဆင်း​ရာ​များ​ကို အချည်းနှီး​သို့​ရောက်​စေ​သူ​ကား မည်သူ​နည်း။ အချို့​က စာတန်​ဟု​ဆို​ကြသည်; အခြားသူ​တို့​မူ အာဒံ​ဟု​ဆို​၏။ သို့သော် ထို​သူ​နှစ်ဦးစလုံး​က အချည်းနှီး​သို့​မ​ရောက်​စေနိုင်​ပါ။ အဘယ်ကြောင့်​နည်း။ အကြောင်း​မှာ ဖန်ဆင်း​တော်​မူ​ရာ​များ​ကို အချည်းနှီး​သို့​ရောက်​စေ​သူသည် “မျှော်လင့်​ရသော​အခွင့်​ကို​ပေး​၍” ပြုလုပ်ခဲ့​သောကြောင့်​ဖြစ်သည်။ နောက်ဆုံး​တွင် “ဖောက်ပြန်​ပျက်စီးခြင်း​အနှောင်အဖွဲ့​မှ ကယ်လွှတ်​ခြင်း​ချမ်းသာ” ဝင်စား​ရမည့်​အခွင့်​ကို တည်ကြည်သူ​များ​အား ကိုယ်တော်​ပေး​သည်။ ထိုသို့​သော​မျှော်လင့်ချက်ကို အာဒံ​ကော၊ စာတန်​ပါ မပေးနိုင်​ပေ။ ယေဟောဝါ​သာ​လျှင် ပေး​နိုင်​သည်။ ထို့​ကြောင့် ကိုယ်တော်​သာ​လျှင် ဖန်ဆင်း​ရာ​များ​ကို အချည်းနှီး​သို့​ရောက်​စေ​ကြောင်း ထင်ရှား​သည်။

၁၂။ ‘ဖန်ဆင်း​ရာ​ရှိသမျှ’ ဟူသည် အဘယ်အရာ​ဖြစ်​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ရှုပ်ထွေးမှု​ပေါ်လာ​သနည်း၊ ဤ​မေးခွန်း​ကို မည်သို့​ဖြေဆို​နိုင်​သနည်း။

၁၂ သို့သော် ဤ​ကျမ်းပိုဒ်​ပါ ‘ဖန်ဆင်း​ရာ​ရှိသမျှ’ သည် အဘယ်အရာကို ရည်ညွှန်း​သနည်း။ အချို့​က ‘ဖန်ဆင်း​ရာ​ရှိသမျှ’ သည် တိရစ္ဆာန်​များနှင့် သစ်ပင်​မြက်​ပင်​များ​အပါအဝင် သဘာဝ​လောက​တစ်ခုလုံး​ကို ရည်ညွှန်း​သည်​ဟု​ဆို​၏။ သို့သော် တိရစ္ဆာန်​များနှင့် အပင်များ​သည် “ဘုရားသခင့်​သားတို့​၏ ဘုန်း​ဖြစ်သော လွတ်ခြင်း​ချမ်းသာ” ကို​ရဖို့ မျှော်လင့်​ကြ​သလော။ မမျှော်လင့်​ကြ​ပါ။ (၂ ပေတရု ၂:၁၂) သို့​ဖြစ်၍ ‘ဖန်ဆင်း​ရာ​ရှိသမျှ’ သည် လူသားများ​ကို​သာ ရည်ညွှန်း​နိုင်​သည်။ ဤ​ဖန်ဆင်း​ရာ​များသည် ဧဒင်​အရပ်၌ ပုန်ကန်မှု​ကြောင့် အပြစ်​နှင့် သေခြင်း​ဖြင့်​ထိခိုက်​ကာ မျှော်လင့်ချက် လွန်​စွာ​ပင်​လိုအပ်​နေသော သူတို့​ဖြစ်သည်။—ရောမ ၅:၁၂

၁၃။ ဧဒင်​တွင် ပုန်ကန်မှု​က လူသား​တို့ကို မည်သို့​ဖြစ်စေ​ခဲ့​သနည်း။

၁၃ အမှန်​အားဖြင့် ထို​ပုန်ကန်မှု​သည် လူသား​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​စေ​ခဲ့​သနည်း။ ယင်း​၏​အကျိုး​ရလဒ်ကို ပေါလု​က အချည်းနှီး​ဖြစ်​ခြင်း *ဟု ရိုးရှင်း​စွာ​ဖော်ပြ​ခဲ့​သည်။ ရှင်းလင်းချက်​တစ်ခု​အရ ဤ​စကားလုံး​သည် “ပုံစံ​ပြု​ထား​သည့်​အတိုင်း အလုပ်​မလုပ်သည့်​အရာတစ်ခု အချည်းနှီး​ဖြစ်​ခြင်း” ကို​ဆိုလို​၏​ဟု ဖော်ပြ​သည်။ လူတို့သည် ထာဝစဉ်​အသက်ရှင်​ရန်၊ စုံလင်သော၊ စည်းလုံး​သော​မိသားစု​တစ်စု​အဖြစ် မြေကြီး​ပရဒိသု​ကို အတူတကွ​ကြည့်ရှု​စောင့်ရှောက်​ရန် ပုံစံ​ပြု​ခံရ​ကြသည်။ ထိုသို့​ဖြစ်​မည့်​အစား သူတို့သည် အသက်​တို​၍ နာကျင်မှု​နှင့် စိတ်ပျက်​စ​ရာ​ကောင်း​လေ့​ရှိသော​ဘဝမျိုး ကြုံနေ​ကြ​ရသည်။ ယောဘ​ဆို​သည့်​အတိုင်း “လူသည် မိန်းမ​ဖွား​သော​သူ​ဖြစ်​သဖြင့် အသက်​တို​၍ [ဆင်းရဲခြင်း​ဝေဒနာ] နှင့်​ပြည့်စုံ​ပါ​၏။” (ယောဘ ၁၄:၁) တကယ့်ကို အချည်းနှီး​ပါ​တကား!

၁၄၊ ၁၅။ (က) လူသား​တို့​အပေါ် ယေဟောဝါ​စီရင်ချက်​ချ​ရာ​တွင် အဘယ်​တရား​မျှတမှု​သာဓက​ကို ကျွန်ုပ်​တို့​တွေ့ရှိ​ရသနည်း။ (ခ) ပေါလု​က ဖန်ဆင်း​ခံ​များသည် အချည်းနှီး​သို့ “အလိုလို​လိုက်​သည်မဟုတ်” ဟု​အဘယ်ကြောင့်​ဆို​ခဲ့​သနည်း။

၁၄ ယခု​တွင် အဓိက​မေးခွန်း​သို့ ရောက်လာ​ပေ​ပြီ– “မြေကြီး​လုံး​ကို​စီရင်တော်မူ​သော​သခင်” သည် လူ​တို့ကို နာကျင်မှု​နှင့် စိတ်ပျက်​စ​ရာ​ကောင်းသော​ဘဝသို့ အဘယ်ကြောင့်​ရောက်​စေ​ခဲ့​သနည်း။ (ကမ္ဘာဦး ၁၈:၂၅) ထိုသို့ ကိုယ်တော်​ပြုခြင်း​သည် တရား​မျှတပါ​သလော။ ကျွန်ုပ်​တို့၏​ကနဦး​မိဘများ ပြုလုပ်​ခဲ့​ရာ​ကို​သတိရပါ။ ဘုရားသခင်​ကို​ပုန်ကန်ခြင်း​အားဖြင့် သူတို့သည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​နှင့်​ပတ်သက်​၍ ကျယ်ပြန့်​သော​စိန်ခေါ်ချက်​တစ်ခု ပေါ်ပေါက်​စေ​ခဲ့​သူ စာတန်​ဘက်​ပါ​ခဲ့​ကြသည်။ လူသည် ယေဟောဝါ​အကူအညီ​မပါဘဲ ပုန်ကန်​သော​ဝိညာဉ်​သတ္တဝါ​၏ လမ်းညွှန်မှုဖြင့် မိမိကိုယ်ကို​အုပ်ချုပ်​လျှင် သာ၍​ကောင်း​သည်​ဟူသော​အဆိုကို သူတို့၏​လုပ်ရပ်များ​အားဖြင့် ထောက်ခံ​ခဲ့​ကြသည်။ ယေဟောဝါ​သည် ပုန်ကန်​သူများကို​စီရင်ချက်​ချ​သောအခါ တစ်နည်း​အားဖြင့် သူတို့​တောင်းဆိုရာ​ကို ပေး​ခဲ့​ခြင်း​ဖြစ်သည်။ စာတန့်​ဩဇာ​အောက်​၌ သူတို့​ဘာသာ အုပ်ချုပ်ခွင့်​ပေး​ခဲ့​သည်။ အခြေအနေ​အရ လူသားကို မျှော်လင့်ချက်​အခြေခံ​ပေါ်​မူတည်၍ အချည်းနှီး​သို့​ရောက်​စေခြင်း​ထက် သာ၍​တရား​မျှတသော ဆုံးဖြတ်ချက်​ရှိ​နိုင်​ဦး​မည်​လော။

၁၅ ၎င်း​သည် ဖန်ဆင်း​ခံ​များ​၏ ‘အလိုဆန္ဒ’ အမှန်​မဟုတ်ပါ။ ကျွန်ုပ်​တို့သည် ရွေးချယ်ခွင့်​တစ်စုံတစ်ရာ​မျှ​မရှိဘဲ အပြစ်​နှင့် ဖောက်ပြန်​ပျက်စီးခြင်း​၏​ကျွန်​များ​အဖြစ် မွေးဖွား​လာ​ကြသည်။ သို့သော် ယေဟောဝါ​သည် သနား​ကြင်နာ​သောကြောင့် အာဒံ​နှင့်​ဧဝ​ကို ဆက်​အသက်ရှင်​စေပြီး သားသမီး​များ​မွေးဖွားခွင့်​ပေး​ခဲ့​သည်။ သူတို့၏​သားစဉ်မြေးဆက်​များ​ဖြစ်​ကြသော ကျွန်ုပ်​တို့သည် အပြစ်​နှင့်​သေခြင်း​၏ အချည်းနှီး​ဖြစ်​ခြင်း​သို့​ရောက်​ခဲ့​ကြသော်လည်း အာဒံ​နှင့်​ဧဝ​တို့ ပျက်ကွက်​ခဲ့​ရာ​ကို လုပ်ဆောင်ခွင့်​ရှိကြသည်။ ယေဟောဝါ​စကား​ကို နားထောင်​ကာ ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု​သည် ဖြောင့်မတ်​ရုံ​မ​က စုံလင်​ကြောင်း၊ ယေဟောဝါ​နှင့်​ကင်းကွာ​သော လူ့​အုပ်ချုပ်မှု​မှာ​မူ နာကျင်ခြင်း၊ စိတ်ပျက်ခြင်း​နှင့် အချည်းနှီး​ဖြစ်​ခြင်း​တို့ကို​သာ ခံစား​စေ​ကြောင်း သင်ယူ​နိုင်​ကြသည်။ (ယေရမိ ၁၀:၂၃; ဗျာ. ၄:၁၁) ၎င်း​ပြင် စာတန့်​သြဇာလွှမ်း​မှု​က အခြေအနေ​ကို ပို​၍​ဆိုးရွား​စေ​သည်။ ဤ​အမှန်တရား​များ​ကို လူ့​သမိုင်းက သက်သေထူ​သည်။—ဒေ. ၈:၉

၁၆။ (က) ယနေ့ လောက​၌​တွေ့မြင်​နေရ​သော ဆင်းရဲ​ဝေဒနာ​များသည် ယေဟောဝါ​ကြောင့်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့ အဘယ်ကြောင့်​စိတ်ချ​နိုင်​သနည်း။ (ခ) ယေဟောဝါ​သည် တည်ကြည်သူ​များ​အတွက် မေတ္တာဖြင့် အဘယ်​မျှော်လင့်ချက်​စီစဉ်​ထားပြီ​နည်း။

၁၆ လူကို အချည်းနှီး​သို့​ရောက်​စေခြင်း​အတွက် ယေဟောဝါ​၌ ခိုင်လုံ​သော​အကြောင်းရင်း​များ​ရှိသည်​မှာ ထင်ရှား​သည်။ ယင်းကြောင့် ယေဟောဝါ​သည် အချည်းနှီး​ဖြစ်စေ​သူ၊ ယနေ့ ကျွန်ုပ်​တို့​တစ်ဦးချင်း​စီ ခံစား​နေရ​သော ဆင်းရဲခြင်း​ဝေဒနာ​ကို ဖြစ်ပေါ်​စေ​သူ​ဟု ဆိုလို​ပါသလော။ ရာဇဝတ်သား​တစ်ဦး​ကို တရား​မျှတသော​ပြစ်ဒဏ်ချ​မှတ်​သည့် တရားသူကြီး​တစ်ဦး​ကို မြင်ယောင်​ကြည့်​ပါ။ ဒဏ်​စီရင်ခံ​ရသူ​သည် ထောင်ဒဏ်​ခံရ​ချိန်​၌ အတော်ပင်​ဝေဒနာ​ခံ​ခဲ့​ရ​ပေမည်၊ သို့သော် သူ​ဝေဒနာ​ခံရ​ခြင်း​အကြောင်း​မှာ တရားသူကြီး​ကြောင့်​ဟု အမှန်​ဆိုနိုင်​မည်​လော။ လုံးဝ​မဆို​နိုင်​ပါ! ထို့​အပြင် ယေဟောဝါ​သည် တစ်ကြိမ်​တစ်ခါမျှ ဆိုးသွမ်းမှု​၏​ရင်းမြစ် မဖြစ်ခဲ့​ပါ။ ယာကုပ် ၁:၁၃ က “မကောင်းသော​အရာ​သည် ဘုရားသခင်​ကို​မ​သွေးဆောင်​နိုင်ရာ။ ကိုယ်တော်​သည်လည်း အဘယ်သူကိုမျှ အပြစ်​သို့​သွေးဆောင်​တော်​မ​မူ” ဟု​ဆို​၏။ ယေဟောဝါ​သည် “မျှော်လင့်​ရသော​အခွင့်​ကို​ပေး​၍” စီရင်ချက်​ချ​ခဲ့​ကြောင်းကို​လည်း သတိရ​ကြ​စို့။ ကိုယ်တော်​သည် အာဒံ​နှင့်​ဧဝ​တို့၏ တည်ကြည်သော​သားစဉ်မြေးဆက်​များ​အား အချည်းနှီး​ဖြစ်​ခြင်း​၏​အဆုံးကို မြင်တွေ့​ရန်​နှင့် “ဘုရားသခင့်​သားတို့​၏ ဘုန်း​ဖြစ်သော လွတ်ခြင်း​ချမ်းသာ” ကို​မွေ့လျော်​ခံစားရ​ရန် မေတ္တာဖြင့် စီစဉ်​ထား​တော်​မူ​ပြီ။ ထာဝရ​ကာလ​တစ်လျှောက်​တွင် ဖန်ဆင်း​တော်​မူ​ရာ​ရှိသမျှသည် စိတ်​ဆင်းရဲ​ဖွယ်​ကောင်းသော အချည်းနှီး​ဘဝသို့ တစ်ဖန်​ပြန်ရောက်​မည်​ကို တည်ကြည်သူ​များ​အနေ​နှင့် ဘယ်​သောအခါ​မျှ စိုးရိမ်​စ​ရာ​လို​တော့​မည်​မဟုတ်ပါ။ အခြေအနေ​ကို ဖြောင့်မှန်​စွာ ယေဟောဝါ​ကိုင်တွယ်​ပုံ​က ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးထိုက်​မှု​ကို အစဉ်​သက်သေထူ​ပြီး​ဖြစ်​မည်။—ဟေရှာယ ၂၅:၈

၁၇။ ယနေ့ လောက​၌ ဝေဒနာ​ခံ​နေရ​သော အကြောင်းရင်း​များ​ကို ပြန်​သုံးသပ်ခြင်းက ကျွန်ုပ်​တို့​အပေါ် အဘယ်​အကျိုး​သက်ရောက်​စေ​သင့်​သနည်း။

၁၇ လူ​တို့​ဝေဒနာ​ခံစား​ရသော ဤ​အကြောင်းရင်း​များ​ကို ကျွန်ုပ်​တို့​ပြန်​သုံးသပ်ကြည့်​သောအခါ ယေဟောဝါ​ကြောင့် ဆိုးသွမ်းမှု​များ​ရှိသည်​ဟု အပြစ်​တင်​ခြင်း​အတွက် သို့​မဟုတ် ကိုယ်တော်​အား ယုံကြည်​ကိုးစား​သည့်​စိတ် ပျောက်​ခြင်း​အတွက် ခြေမြစ်​သော​အကြောင်း တစ်စုံတစ်ရာ​တွေ့ရှိ​သလော။ ယင်းအစား ထိုသို့​လေ့လာ​ကြည့်​ခြင်း​က မောရှေ​ပြော​ခဲ့​သော ဤ​စကား​များ​ကို ပဲ့တင်ထပ်​စေ​သည်– “ဘုရားသခင်​သည် မူလအမြစ်​ဖြစ်၍ အမှုတော်​သည် စုံလင်​ပေ​၏။ စီရင်တော်မူ​သမျှ​တို့သည် တရား​နှင့်​ညီ​လျက် သစ္စာစောင့်​သော​ဘုရား[သခင်]၊ အပြစ်ကင်း​လွတ်​၍ ဟုတ်မှန်​ဖြောင့်မတ်​သော​ဘုရား[သခင်]ဖြစ်​တော်​မူ​၏။” (တရားဟောရာ ၃၂:၄) ဤ​အချက်များ​ကို ဆင်ခြင်​သုံးသပ်ခြင်း​အားဖြင့် ၎င်း​တို့​နှင့်​ပတ်သက်သော ကျွန်ုပ်​တို့၏​သိနားလည်မှုကို အခါ​အား​လျော်​စွာ အားသစ်လောင်း​ကြပါစို့။ ဤသို့​ပြုခြင်း​အားဖြင့် စမ်းသပ်မှု​များ​ကို ကျွန်ုပ်​တို့​ရင်ဆိုင်​ရသောအခါ သံသယစိတ်​ဝင်​စေသော စာတန်​၏​ကြိုးပမ်းမှု​များ​ကို ကျွန်ုပ်​တို့​တွန်းလှန်​နိုင်​ကြ​မည်။ သို့သော် အစပိုင်း​၌​ဖော်ပြ​ထားသော ဒုတိယ​အချက်​ကား အဘယ်နည်း။ ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​သည် အဘယ်အရာကို​ဆိုလို

၁၈၊ ၁၉။ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ရန် သမ္မာကျမ်းစာ​က မည်သို့သော​စကားလုံး​များ​ဖြင့် တိုက်တွန်း​ထား​သနည်း၊ သို့သော် ယင်း​နှင့်​ပတ်သက်​၍ အချို့ မည်သို့ တလွဲ​ယူဆကြ​သနည်း။

၁၈ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ကျွန်ုပ်​တို့ကို ဤသို့​တိုက်တွန်း​သည်– “ထာဝရ​ဘုရား[သခင်]ကို စိတ်နှလုံး​အကြွင်းမဲ့​ကိုးစား​လော့။ ကိုယ်​ဉာဏ်​ကို​အ​မှီ​မပြု​နှင့်။ သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား[သခင်]ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” (သု. ၃:၅၊ ၆) အားတက်စေ​သော နှစ်လိုဖွယ်​စကား​များ​ပင်​တည်း။ စကြဝဠာ​တစ်ခွင်လုံး​တွင် ကျွန်ုပ်​တို့၏ ချစ်လှစွာ​သော​ကောင်းကင်​ခမည်းတော်​ထက် သာ၍​ယုံကြည်​ကိုးစား​ထိုက်​သော​ပုဂ္ဂိုလ် လုံးဝ​မရှိပါ။ သို့​တိုင် နယပုံပြင်​ကျမ်း​ပါ အဆိုပါ​စကား​များ​ကို ဖတ်ရှု​ရလွယ်​သော်လည်း လက်တွေ့​ကျင့်သုံး​ရန် ခက်ခဲ​သည်။

၁၉ ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​၏​ဆိုလိုရင်း​ကို တလွဲ​ထင်မြင်​ယူဆ​သူ များစွာ​ရှိ၏။ အချို့​က ထိုသို့​သော​ယုံကြည်​ကိုးစားခြင်း​သည် ခံစားချက်​တစ်ခု​မျှ​ဖြစ်၏၊ နှလုံးထဲတွင် အလိုလို​ပေါက်ပွား​လာ​သင့်​သော ဘဝင်ခိုက်​ခြင်း​မျှ​ဖြစ်၏​ဟု ယူမှတ်​ကြသည်။ အခြားသူ​တို့​က​မူ ဘုရားသခင်​ကို ယုံကြည်​ကိုးစားခြင်း​ဟူသည် အခက်အခဲ​ဟူသ၍​မှ ကျွန်ုပ်​တို့ကို ကိုယ်တော်​ကာကွယ်​ပေး​မည်၊ ကျွန်ုပ်​တို့၏​ပြဿနာ​အားလုံး​ကို ဖြေရှင်း​ပေး​မည်၊ နေ့စဉ်​ကြုံတွေ့​ရသော အခက်အခဲ​ဟူသ၍ ကျွန်ုပ်​တို့​မျှော်လင့်သည့်​အတိုင်း ကိုယ်တော်​ချက်ချင်း ပြောင်းလဲ​သွား​စေမည်​ဟု ယူဆကြ​ဟန်​ရှိသည်! သို့သော် အဆိုပါ​ယူဆချက်များ​သည် ယုတ္တိမရှိ​ချေ။ ယုံကြည်​ကိုးစားခြင်း​သည် ခံစားချက်​တစ်ခု​မျှ​မ​က​ပေ၊ လက်တွေ့​မကျ​သော​အရာ​လည်း မဟုတ်ပါ။ လူ​လား​မြောက်​သူများ​အနေ​နှင့် ယုံကြည်​ကိုးစား​သည်​ဟု​ဆို​ရာ​တွင် သေချာ​စွာ စဉ်းစား​ဆင်ခြင်​ပြီး ဆုံးဖြတ်ချက်​များ​ချ​ခြင်း​ကို​ဆိုလို​သည်။

၂၀၊ ၂၁။ ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။ ရှင်းပြပါ။

၂၀ နယပုံပြင် ၃:၅ က အဘယ်​သို့​ဆို​သည်ကို ထပ်၍​သတိပြုပါ။ ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​နှင့် ကိုယ်​ဉာဏ်​ကို​အမှီပြု​ခြင်း​သည် ခြားနား​ကြောင်း​ဖော်ပြ​ပြီး နှစ်ခုစလုံး​ကို ကျွန်ုပ်​တို့​မပြု​လုပ်နိုင်​ကြောင်း တင်ပြ​ထား​သည်။ ယင်းကြောင့် ကျွန်ုပ်​တို့၏​ဉာဏ်​ကို အသုံးပြုခွင့်​မရှိ​ဟု ဆိုလို​သလော။ မဟုတ်ပါ၊ ထို​ဉာဏ်​ကို ကျွန်ုပ်​တို့အား ပေးသနား​တော်​မူ​သော ယေဟောဝါ​သည် ကိုယ်တော်​၏​အမှုတော်ထမ်း​ရာ​၌ ၎င်းတို့ကို အသုံးပြု​စေ​လို​တော်​မူ​၏။ (ရောမ ၁၂:၁) သို့သော် ကျွန်ုပ်​တို့​ဆုံးဖြတ်ချက်​ချ​သောအခါ အဘယ်အရာ​အပေါ် အမှီပြု​သနည်း၊ အားကိုး​အားထား​ပြု​သနည်း။ ကျွန်ုပ်​တို့၏​တွေးခေါ်ပုံ​သည် ယေဟောဝါ​၏​စဉ်းစား​တွေးခေါ်ပုံ​နှင့် မညီညွတ်​သည့်​အခါ ကိုယ်တော်​၏​ဉာဏ်ပညာ​သည် ကျွန်ုပ်​တို့​အသိဉာဏ်​ထက် အတိုင်းအဆ​မရှိ သာလွန်​ကြောင်း လက်ခံ​ပါသလော။ (ဟေရှာယ ၅၅:၈၊ ၉) ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​ဟူသည် ကျွန်ုပ်​တို့၏​စဉ်းစား​တွေးခေါ်ပုံ​ကို ကိုယ်တော်​၏​စဉ်းစား​တွေးခေါ်ပုံ​ဖြင့် ထိန်းကျောင်း​ပေး​စေခြင်း​ဖြစ်သည်။

၂၁ ဥပမာ​အနေ​နှင့်၊ ကား​နောက်ခန်း​တွင် ထိုင်​နေသော ကလေးငယ်​တစ်ဦး​ကို စဉ်းစား​ကြည့်​ပါ၊ ကား​ရှေ့​ခန်း​တွင် သူ့​မိဘများ​ထိုင်​ကြ​ပြီး ဖခင်​ဖြစ်သူက ကားမောင်း​နေသည်။ ခရီးစဉ်​တွင် သွား​ရမည့်​လမ်း​နှင့်​ပတ်သက်​၍​ဖြစ်စေ၊ ရာသီဥတု​မကောင်းသော​ကြောင့်​ဖြစ်စေ၊ လမ်း​၏​အခြေအနေ​နှင့်​ပတ်သက်​၍​ဖြစ်စေ အခက်အခဲ​ပြဿနာ​များ​ပေါ်လာ​သောအခါ နာခံမှု​ရှိသော၊ ယုံကြည်​အားကိုး​တတ်သော ကလေး​တစ်ဦး​သည် မည်သို့​တုံ့ပြန်​မည်​နည်း။ ကားမောင်း​နေ​သူ ဖခင်​အား နောက်​ခုံ​မှ အော်ဟစ်​ညွှန်ကြား​နေ​မည်​လော။ ထိုင်ခုံ​ခါးပတ်​ပတ်​ထား​ဖို့ သူ့ကို​သတိပေး​သောအခါ မိဘ​၏​ဆုံးဖြတ်ချက်​များ​ကို သူ​သံသယ​ဖြစ်​မည်​လော၊ ငြင်းဆို​ပါ​မည်​လော။ ထိုသို့​ပြု​မည်​မဟုတ်ပါ၊ မိဘများ​မစုံလင်​ကြသော်လည်း ထို​ကိစ္စ​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​မည်​ဟု အလိုလို​ယုံကြည်​စိတ်ချ​လိမ့်​မည်။ ယေဟောဝါ​မူ​ကား ကျွန်ုပ်​တို့၏​စုံလင်သော​ခမည်းတော်​ဖြစ်​တော်​မူ​၏။ အထူးသဖြင့် ခက်ခဲ​သော​အခြေအနေ​များ​ကို ရင်ဆိုင်​ရသောအခါ ကိုယ်တော်​အား အကြွင်းမဲ့ယုံ​ကြည်​ကိုးစား​သင့်​သည် မဟုတ်ပေ​လော။—ဟေရှာယ ၃၀:၂၁

၂၂၊ ၂၃။ (က) ပြဿနာ​များ​ရင်ဆိုင်​ကြုံတွေ့​ရသောအခါ ယေဟောဝါ​ကို အဘယ်ကြောင့် ယုံကြည်​ကိုးစား​သင့်​သနည်း၊ ယင်းကို မည်သို့​တင်ပြ​နိုင်​မည်​နည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​အကြောင်း သုံးသပ်​မည်​နည်း။

၂၂ သို့သော် ကျွန်ုပ်​တို့သည် ခက်ခဲ​သော​အခြေအနေ​များ ကြုံတွေ့​ရ​မှ​သာ​မဟုတ်ဘဲ ‘သွား​လေ​ရာ​ရာ​၌ ယေဟောဝါ​ကို​မျက်မှောက်ပြု’ သင့်​သည်​ဟု နယပုံပြင် ၃:၆ က​ဖော်ပြ​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​ဘဝတွင် နေ့စဉ်​ပြုလုပ်​သော​ဆုံးဖြတ်ချက်​များ​က ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း ပေါ်လွင်​စေ​သင့်​သည်။ ပြဿနာ​များ​ပေါ်လာ​သည့်​အခါ စိတ်ပျက်​အားလျော့၊ ချောက်ချားခြင်း​မဖြစ်​သင့်၊ ကိစ္စရပ်​များ​ကို အကောင်းဆုံးနည်း​ဖြင့်​ကိုင်တွယ်​ရန် ယေဟောဝါ​လမ်းညွှန်​ပေး​မှု​ကို ကျွန်ုပ်​တို့ မငြင်းပယ်​သင့်​ပါ။ စမ်းသပ်မှု​များသည် ယေဟောဝါ​၏​ပိုင်သ​အုပ်စိုးမှု​ကို ထောက်ခံ​ရန်၊ စာတန်​သည်​မုသာကောင်​ဖြစ်​ကြောင်း သက်သေထူ​ရန်၊ နာခံမှု​နှင့် ယေဟောဝါ​နှစ်သက်သော အခြား​အရည်အသွေးများ​ကို တိုးပွား​ရင့်သန်​စေရန် အခွင့်အလမ်း​များ​ဖြစ်၏​ဟု ကျွန်ုပ်​တို့​ရှုမြင်ဖို့​လို​သည်။—ဟေဗြဲ ၅:၇၊ ၈။ 

၂၃ ကျွန်ုပ်​တို့သည် ရှေ့လျှောက်​အဘယ်​အတားအဆီး​များ​ပင် ကြုံ​ရ​ပါစေ ယေဟောဝါ​ကို ယုံကြည်​ကိုးစား​ကြောင်း တင်ပြ​နိုင်​ကြသည်။ ကျွန်ုပ်​တို့​ဆုတောင်းပုံ​အားဖြင့်၊ လမ်းညွှန်မှု​ရ​ရန် ယေဟောဝါ​၏​နှုတ်မြွက်​စကားတော်​နှင့် ကိုယ်တော့်​အဖွဲ့အစည်း​ကို အားကိုး​မျှော်လင့်​ပုံ​အားဖြင့် ထိုသို့​တင်ပြ​ကြသည်။ သို့သော် ယနေ့ ဤ​လောက​၌ ပေါ်ပေါက်​နေသော​ပြဿနာ​များ​ကို ရင်ဆိုင်​ကြုံတွေ့​ရသောအခါ ယေဟောဝါ​အား ယုံကြည်​ကိုးစား​ကြောင်း ကျွန်ုပ်​တို့​မည်သို့ သတ်သတ်မှတ်မှတ်​တင်ပြ​နိုင်​ကြ​မည်​နည်း။ ထို​အကြောင်းကို နောက်​ဆောင်းပါး​တွင် သုံးသပ်ပါ​မည်။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 13 ‘အချည်းနှီး’ ဟူသော​စကားလုံး​အတွက် ပေါလု​အသုံးပြုသည့် ဂရိ​စကားလုံး​သည် ဒေ.ကျမ်း​တွင် ရှောလမုန်​အထပ်ထပ်​သုံးခဲ့​သော အသုံးအနှုန်း​ကို​ဘာသာ​ပြန်ဆို​ရာ​တွင် ဂရိ​စက်ပ်တွားဂျင့်​ကျမ်း​၌ သုံး​ထားသော​စကားလုံး​နှင့် အတူတူ​ဖြစ်သည်၊ “ခပ်သိမ်း​သော​အရာ​တို့သည် [“အချည်းနှီး၊” က​ဘ] ဖြစ်​ကြ​၏” ဟူသော​အသုံးအနှုန်း​မှာ​ကဲ့သို့​ဖြစ်သည်။—ဒေ. ၁:၂၊ ၁၄; ၂:၁၁၊ ၁၇; ၃:၁၉; ၁၂:၈

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ယေဟောဝါ​အား မိမိ၏​ယုံကြည်​ကိုးစားရာ​ဖြစ်စေ​ကြောင်း ဒါဝိဒ်​မည်သို့​တင်ပြ​ခဲ့​သနည်း။

• ယနေ့ လူ​တို့ ဝေဒနာ​ခံစားရ​သည့် အကြောင်းရင်း​သုံးခု​ကား အဘယ်နည်း၊ ၎င်းတို့ကို အခါ​အား​လျော်​စွာ ပြန်​သုံးသပ်ခြင်း​သည် အဘယ်ကြောင့်​သင့်လျော်​သနည်း။

• ယေဟောဝါ​သည် လူသား​မျိုးနွယ်​အပေါ် အဘယ်​စီရင်ချက်​ချ​ခဲ့​သနည်း၊ ထို​စီရင်ချက်​သည် အဘယ်ကြောင့်​တရား​မျှတ​သနည်း။

• ယေဟောဝါ​အား ယုံကြည်​ကိုးစားခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ဒါဝိဒ်​သည် ယေဟောဝါ​ကို သူ၏​ယုံကြည်​ကိုးစားရာ​ဖြစ်စေ​ခဲ့

[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]

ယေရုရှလင်​မြို့ရှိ ပြအိုး​တစ်ခု ပြိုလဲ​ခဲ့​ခြင်း​သည် ယေဟောဝါ​ကြောင့်​မဟုတ်​ကြောင်း ယေရှု​ဖော်ပြ​ခဲ့