မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို သင်တန်ဖိုးထားသလော

သက်ကြီးရွယ်အို ယုံကြည်သူချင်းများကို သင်တန်ဖိုးထားသလော

သက်ကြီးရွယ်အို ယုံကြည်သူချင်း​များ​ကို သင်​တန်ဖိုး​ထား​သလော

ရှေး​ဣသရေလ​လူမျိုး​နှင့် ဘုရားသခင် ပဋိညာဉ်ဖွဲ့​ခဲ့​စဉ်​က သူတို့ကို ဤသို့​မိန့်မှာ​ထား​သည်– “ဆံပင်​ဖြူ​သော​သူ​ရှေ့မှာ ထ​ရမည်။ အသက်ကြီး​သော​သူ၏​မျက်နှာကို ရိုသေ​ရမည်။ သင်၏​ဘုရားသခင်​ကို ကြောက်ရွံ့​ရမည်။” (ဝတ်ပြုရာ ၁၉:၃၂) သို့​ဖြစ်၍ သက်ကြီးရွယ်အို​များ​ကို ရိုသေ​လေးစားခြင်း​သည် မြင့်​မြတ်သော​တာဝန်​တစ်ခု​ဖြစ်​ပြီး ဘုရားသခင်​ကို လက်အောက်ခံခြင်း​နှင့် ဆက်စပ်​သည်။ ယနေ့ ခရစ်ယာန်​များသည် မောရှေ​ပညတ်​အောက်တွင် မရှိကြ​တော့​သော်လည်း ယေဟောဝါ​သည် မိမိ၏​အမှုတော်ကို ထမ်းဆောင်​နေကြ​သော သက်ကြီးရွယ်အို​များ​ကို တန်ဖိုး​ထားပြီး အလွန်​မြတ်နိုး​အပ်​သူများ​အဖြစ် ရှုမြင်တော်မူ​၏။ (သု. ၁၆:၃၁; ဟေဗြဲ ၇:၁၈) ကျွန်ုပ်​တို့သည် ယေဟောဝါ​ရှုမြင်​သကဲ့သို့ ရှုမြင်​သလော။ သက်ကြီးရွယ်အို ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များ​ကို ကျွန်ုပ်​တို့ တန်ဖိုး​ထား​သလော။

သက်ကြီးရွယ်အို​မိတ်ဆွေ​ကို တန်ဖိုး​ထား​သူ

သက်ကြီးရွယ်အို​များ​အား ရိုသေ​လေးစားခြင်း​ကို ပေါ်လွင်​စေသည့် ကျမ်းစာ​မှတ်တမ်း​တစ်ခု​ကား ဓမ္မရာဇဝင်စတုတ္ထစောင်​ဖြစ်သည်။ လူငယ်​ပရောဖက်​ဧလိရှဲ​သည် ပရောဖက်​ဧလိယ​၏​အရိုက်အရာကို ဆက်ခံ​ခဲ့​ပုံ​အကြောင်း ထို​တွင်​ဖော်ပြ​ထား​သည်။ ဣသရေလ​ဆယ်နွယ်​နိုင်ငံ​၏ ပရောဖက်​တစ်ပါး​အဖြစ် ဧလိယ​၏​နောက်ဆုံး​နေ့ရက်​တွင် အဘယ်အရာ​ဖြစ်ပျက်​ခဲ့​ကြောင်း သုံးသပ်ကြည့်​ပါ။

ထို​နေ့ရက်​တွင် ယေဟောဝါ​က သက်ကြီးရွယ်အို​ပရောဖက်​ကို ဂိလဂါလ​မြို့မှ ဗေသလ​မြို့​သို့၊ ဗေသလ​မြို့မှ ယေရိခေါမြို့​သို့၊ ယေရိခေါမြို့​မှ ယော်ဒန်​မြစ်​သို့​သွား​ရန် ညွှန်ကြား​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၂:၁၊ ၂၊ ၄၊ ၆) မိုင် ၃၀ နီးပါး​ရှိ ထို​ခရီးစဉ်​အတွင်း ဧလိယ​က မိမိ​နောက်​မလိုက်​ရန် ဧလိရှဲ​ကို သုံးကြိမ်​တိုင် တား​ခဲ့​သည်။ သို့သော် အစောပိုင်း​ရာစုနှစ်များစွာ​က အမျိုးသမီးငယ် ရုသ​သည် နောမိ​ကို မစွန့်ခွာ​နိုင်​ဟု ပြောဆို​ခဲ့​သကဲ့သို့ ဧလိရှဲ​သည်လည်း သက်ကြီးရွယ်အို​ပရောဖက်​ကို လုံးဝ​မစွန့်ခွာ​ခဲ့​ချေ။ (ရုသ ၁:၁၆၊ ၁၇) ဧလိရှဲ​က “ထာဝရ​ဘုရား[သခင်]အသက်၊ ကိုယ်တော်​အသက် ရှင်​တော်​မူ​သည်​အတိုင်း ကိုယ်တော်​နှင့်​အကျွန်ုပ် မ​ကွာ​ရ​ပါ” ဟု​သုံးကြိမ်​ပြန်​ပြော​ခဲ့​သည်။ (၄ ဓမ္မ​ရာဇဝင် ၂:၂၊ ၄၊ ၆) ထို​အချိန်တွင် ဧလိရှဲ​သည် ဧလိယ​ကို ခြောက်​နှစ်​ခန့် ကူညီပေး​ခဲ့ပြီ​ဖြစ်သည်။ သို့​တိုင် သူသည် ဖြစ်​နိုင်​သရွေ့ ဧလိယ​နှင့်​တွဲ၍ ကြာရှည်​အမှုဆောင်​လို​၏။ မှတ်တမ်းက ဤသို့​ထပ်ဆင့်​ဖော်ပြ​သည်– “ထိုသို့​နှုတ်ဆက်​လျက်​သွား​ကြ​စဉ်​တွင် . . . ဧလိယ​သည် . . . တက်​လေ​၏။” (အခန်းငယ် ၁၁) ဣသရေလ​နိုင်ငံ​တွင် ဧလိယ​၏​ဓမ္မ​အမှု ပြီးဆုံးချိန်​အထိ ဧလိယ​နှင့် ဧလိရှဲ​တို့ စကားပြော​ဆို​နေကြ​ဆဲ​ရှိသည်။ လူငယ်​ပရောဖက်​သည် အတွေ့အကြုံ​များစွာ​ရှိသော သက်ကြီးရွယ်အို​ပရောဖက်​ထံ​မှ ဆုံးမ​စကား​များနှင့် အားပေး​စကား​များ​ကို ဖြစ်​နိုင်​သရွေ့ ကြား​လို​ခဲ့​သည်​မှာ ထင်ရှား​၏။ သက်ကြီးရွယ်အို​မိတ်ဆွေ​ကို ဧလိရှဲ​တန်ဖိုး​ထား​ကြောင်း ထင်ရှား​သည်။

‘အဘ၊ အမိ​ကဲ့သို့’

ဧလိရှဲ​သည် သက်ကြီးရွယ်အို​ပရောဖက်​ကို မိတ်ဆွေ​တစ်ဦး​ကဲ့သို့၊ ဝိညာဉ်​ရေး​အဘ​ကဲ့သို့​ပင် ချစ်​ရသည့်​အကြောင်းရင်းကို နားလည်​ရန်​မ​ခက်​ပေ။ (၄ ဓမ္မ​ရာဇဝင် ၂:၁၂) ဣသရေလ​နိုင်ငံ​တွင် ဧလိယ​၏​တာဝန် မပြီး​ဆုံး​မီ​လေး​တွင် သူက “သင်​နှင့်​ငါ​မ​ကွာ​မီ ငါ​၌​တစ်စုံတစ်ခု​သော​ဆု​ကို တောင်း​လော့” ဟု​ဧလိရှဲ​ကို ပြော​ခဲ့​သည်။ (အခန်းငယ် ၉) သို့​ဖြစ်၍ ဧလိယ​သည် အဆုံးတိုင်အောင် မိမိ၏​အရိုက်အရာကို ဆက်ခံ​မည့်​သူ၏​ဝိညာဉ်​ရေး​နှင့် ဘုရားသခင်​၏​လုပ်ငန်း ဆက်​တည်ရှိရေး​အတွက် စိုးရိမ်​ပူပန်​ခဲ့​သည်။

ယနေ့ သက်ကြီးရွယ်အို​ခရစ်ယာန်​ညီအစ်ကို၊ ညီအစ်မ​များသည် လူငယ်များ​အား သူတို့၏​အသိပညာနှင့် ဉာဏ်ပညာ​ကို ရက်ရက်ရောရော​ဝေမျှပေး​ပုံ​တွင် အဘ၊ အမိ​ကဲ့သို့ ဂရုစိုက်​မှု​ရှိကြ​ကြောင်း တွေ့ရှိ​ရခြင်း​သည် ဝမ်းသာ​အားရစရာ​ပင်။ ဥပမာ၊ ယေဟောဝါသက်သေ​များ​၏ ဌာနခွဲရုံး​များ​တွင် အမှုဆောင်​နေကြ​သော လုပ်​သက်​ရ​င့် စေတနာ့​ဝန်ထမ်း​များသည် ဗေသလ​အိမ်သား​အသစ်များ သူတို့၏​တာဝန်​ထမ်းဆောင်​နိုင်​ရန် လိုအပ်​သည့်​အတတ်ပညာ​များ​ရရှိဖို့ တလိုတလား​ကူညီပေး​ကြ​၏။ ထို​နည်းတူ​စွာ၊ အသင်းတော်များ​ထံ နှစ်ပေါင်း​များစွာ လည်ပတ်​ခဲ့​ကြသော နယ်လှည့်​ကြီးကြပ်မှူး​များနှင့် သူတို့၏​ဇနီး​များသည် နယ်လှည့်​အမှုဆောင်​များ​ဖြစ်​မည့်​သူတို့အား မိမိတို့​သိရှိရာ​များစွာကို ဝမ်းသာ​အားရ​ဝေမျှပေး​ကြသည်။ ထို့​ပြင် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​တွင် ဆယ်စုနှစ်​များစွာ ယေဟောဝါ​အပေါ် သစ္စာရှိ​စွာ​ဝတ်ပြု​ခဲ့​ကြသော၊ အသင်းတော်​သား​အသစ်များ​ကို မိမိတို့၏​လက်တွေ့ကျ​ဉာဏ်ပညာ​နှင့် အတွေ့အကြုံကို ဝမ်း​ပန်း​တ​သာ​ပြောပြ​ကြသော သက်ကြီးရွယ်အို​ညီအစ်ကို၊ ညီအစ်မ​များစွာ​ရှိသည်။—သု. ၂:၇; ဖိလိပ္ပိ ၃:၁၇; တိတု ၂:၃-၅

အဆိုပါ​ချစ်​ရသော သက်ကြီးရွယ်အို​ခရစ်ယာန်​များ​တင်ပြ​သည့် စိတ်ဝင်စားမှု​ကြောင့် ဤ​ကဲ့သို့​သော​သက်ကြီးရွယ်အို​များ​ကို လေးစား​ရခြင်း​သည် အမှန်ပင် ကျေနပ်​အားရစရာ​ဖြစ်၏။ ထို့​ကြောင့် ကျွန်ုပ်​တို့သည် ဧလိရှဲ​နည်းတူ သက်ကြီးရွယ်အို ယုံကြည်သူချင်း​များ​ကို အလွန်​တန်ဖိုး​ထား​လို​ကြ​ပါ​သည်။ ကျွန်ုပ်​တို့ကို တမန်​တော်​ပေါလု သတိပေး​ခဲ့​သည့်​အတိုင်း “အသက်ကြီး​သော​သူကို . . . အဘ​ကဲ့သို့” “အသက်ကြီး​သော​မိန်းမတို့ကို အမိ​ကဲ့သို့” အမြဲ​ဆက်ဆံ​ကြပါစို့။ (၁ တိမောသေ ၅:၁၊ ၂) ထိုသို့​ပြုမူခြင်း​အားဖြင့် ကမ္ဘာ​တစ်ဝန်း​ရှိ ခရစ်ယာန်​အသင်းတော်​၏ လျောက်ပတ်​စွာ​လည်ပတ်မှု​နှင့် တိုးတက်မှု​အတွက် အထူး​အကူအညီ​ဖြစ်စေ​သည်။

[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]

ဧလိရှဲ​သည် ဖြစ်​နိုင်​သရွေ့ ဧလိယ​နှင့်​တွဲ၍ ကြာရှည်​အမှုဆောင်​လို​ခဲ့

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

လူငယ်များသည် သက်ကြီးရွယ်အို​ခရစ်ယာန် များ​မှ အကျိုးကျေးဇူး​များစွာ​ရရှိ