ကတိပြုချက်များကို ယုံကြည်စိတ်ချနိုင်မည့်အချိန်အခါ
ကတိပြုချက်များကို ယုံကြည်စိတ်ချနိုင်မည့်အချိန်အခါ
သမိုင်းတစ်လျှောက်တွင် ကတိပျက်မှုများနှင့် ပြည့်နေ၏။ တိုင်းနိုင်ငံများသည် မကျူးကျော်ရေး သဘောတူညီချက်များကို အလေးအနက်ထား လက်မှတ်ရေးထိုးပြီးနောက် ကတိပျက်လေ့ရှိကြရာ ကြောက်မက်ဖွယ်စစ်ပွဲများ ဖြစ်ပွားစေခဲ့ပြီ။ တစ်ချိန်က နပိုလီယံ ဤသို့ဆိုခဲ့သည်– “အစိုးရများသည် အတင်းအကျပ်ပြုခံရမှ၊ သို့မဟုတ် သူတို့ အကျိုးခံစားရမှ ကတိတည်ကြသည်။”
တစ်ဦးချင်းစီပြုသောကတိများကော အသို့နည်း။ လူတစ်ဦးသည် ကတိမတည်သောအခါ အမှန်တကယ်စိတ်ပျက်စရာကောင်းလိုက်လေခြင်း! အထူးသဖြင့် သင်သိကျွမ်းယုံကြည်စိတ်ချထားသူတစ်ဦးဖြစ်လျှင် ပိုစိတ်ပျက်စရာကောင်းသည်။ အချို့သူတို့သည် ကတိရှိသည်အတိုင်း မဆောင်ရွက်နိုင် သို့မဟုတ် မဆောင်ရွက်လိုသောကြောင့်ဖြစ်ပေမည်။
လူ့ကတိနှင့် ဘုရားသခင့်ကတိတော်များသည် ကွာခြားလိုက်လေခြင်း! ဘုရားသခင်၏ကတိတော်များကို လုံးဝစိတ်ချနိုင်၏၊ ယုံကြည်အားထားနိုင်၏။ ယေဟောဝါဘုရားသခင်ပြုသမျှကတိကို ယုံကြည်စိတ်ချရသည်။ မုချပြည့်စုံရမည်။ ဘုရားသခင်၏မပျက်ကွက်သော ကတိတော်ကိုရည်ညွှန်းလျက် ဟေရှာယ ၅၅:၁၁ ကဤသို့ဆိုသည်– “ထိုအတူ ငါ၏နှုတ်[မြွက်]စကားသည် ဖြစ်လိမ့်မည်။ အကျိုးမရှိဘဲ ငါ့ထံသို့မပြန်ရ။ ငါ့အလိုကို ပြည့်စုံစေမည်။ ငါစေခိုင်းသောအမှု၌ အောင်လိမ့်မည်။”
ထိုသို့ဆိုလျှင် သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသော ဘုရားသခင်၏ကတိတော်များကို ကျွန်ုပ်တို့ မည်သို့ရှုမြင်သင့်သနည်း။ ယင်းတို့ကို ကျွန်ုပ်တို့ အပြည့်အဝယုံကြည်စိတ်ချနိုင်ကြသည်။ ဥပမာ၊ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ဘုရားသခင်၏တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင်သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။” (ဗျာ. ၂၁:၃၊ ၄) သင်သည် ယေရှု၏ ဤမိန့်တော်မူချက်နှင့်အညီ ကျင့်ကြံပြုမူမည်ဆိုလျှင် ထိုသို့သောကောင်းချီးများကို ခံစားရပါလိမ့်မည်– “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်း ဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း။”—ယောဟန် ၁၇:၃။