မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

“မိမိ​၌​အသက်​ရှိ” ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။

ယေရှု​ခရစ်​သည် “မိမိ​၌​အသက်​ရှိ” ခြင်း​အဖြစ်​နှင့် ကိုယ်တော်​၏​နောက်လိုက်​များလည်း ‘သူတို့၌​အသက်​ရှိ’ ၏​ဟု သမ္မာကျမ်းစာ​က​ဖော်ပြ​ထား​သည်။ (ယောဟန် ၅:၂၆; ၆:၅၃) သို့သော် ဤ​ကျမ်းချက်​နှစ်ချက်​သည် အဓိပ္ပာယ်​ချင်း​မတူ​ပေ။

“ခမည်းတော်​သည် ကိုယ်​၌​အသက်​ရှိ​တော်​မူ​သည့်​နည်းတူ၊ သားတော်​သည် မိမိ​၌​အသက်​ရှိ​ရသော​အခွင့်​ကို ပေး​တော်​မူ​၏” ဟု ယေရှု​က မိန့်တော်မူ​ခဲ့​သည်။ ထို​မှတ်သားလောက်ဖွယ် ဖော်ပြချက်​ကို​မ​မိန့်မြွက်​မီ ယေရှု​က ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ငါ​အမှန်အကန်​ဆိုသည်ကား၊ ငါ့​စကား​ကို​နားထောင်​၍ ငါ့ကို​စေလွှတ်​တော်​မူ​သော​သူကို ယုံကြည်​သော​သူသည် ထာဝရ​အသက်ကို​ရသည်၊ . . . သေလွန်​သော​သူတို့သည် ဘုရားသခင်​သားတော်​၏​စကားသံ​ကို​ကြား​၍၊ ကြား​သော​အားဖြင့် အသက်ရှင်​ရမည့်​အချိန်ကာလ​သည် လာ၍ ယခု​ပင်​ရောက်​လျက်​ရှိ၏။” ဤ​တွင် ယေရှု​က ဘုရားသခင့်​ရှေ့တော်၌ မျက်နှာသာ​ရ ရပ်တည်မှု​ကို လူသားတို့အား ပေး​နိုင်စွမ်း​ရှိ​ခြင်း​ဖြစ်သည့် မိမိကို ခမည်းတော်​ပေးသနား​တော်​မူ​သော သာမန်​ထက်​ထူးကဲ​သည့်​တန်ခိုးတော်​ကို ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ထို​ထက်မက ယေရှုသည် သေခြင်း​၌​အိပ်ပျော်နေသူ​တို့ကို ပြန်ရှင်​စေပြီး သူတို့၌​အသက်​ရှိစေ​နိုင်​သည်။ ယေရှုသည် “မိမိ​၌​အသက်​ရှိ” ခြင်း​အဖြစ်​က ဤ​တန်ခိုးတော်​များ​ကို ကိုယ်တော်​ရထား​ကြောင်း ဆိုလိုခြင်း​ဖြစ်သည်။ ခမည်းတော်​ကဲ့သို့​ပင် သားတော်​သည်လည်း “မိမိ​၌​အသက်​ရှိ​ရသော​အခွင့်” ရှိ​တော်​မူ​၏။ (ယောဟန် ၅:၂၄-၂၆) ကိုယ်တော့်​နောက်လိုက်​များနှင့်​ပတ်သက်​၍​ကော အသို့နည်း။

တစ်နှစ်​ခန့်​ကြာပြီးနောက် ကိုယ်တော့်​ကို နားထောင်​နေသူတို့​အား ယေရှု ဤသို့​တိုက်ရိုက်​မိန့်တော်မူသည်– “ငါ​အမှန်အကန်​ဆိုသည်ကား၊ လူသား​၏​အသားကို​မစား၊ အသွေးကို​မသောက်လျှင် သင်တို့ ၌​အသက်မရှိ။ ငါ​၏​အသားကို​စား၍ ငါ​၏​အသွေးကို​လည်း သောက်​သော​သူသည် ထာဝရ​အသက်ကို​ရ၏။ ထို​သူကို​နောက်ဆုံးသော​နေ့၌ ငါ​ထမြောက်​စေမည်။” (ယောဟန် ၆:၅၃၊ ၅၄) ဤ​တွင် ယေရှု​က ‘သင်တို့ ၌​အသက်​ရှိ’ ခြင်း​ကို “ထာဝရ​အသက်” ရခြင်း​နှင့် တူညီ​စေ​၏။ ‘သင်တို့ ၌​အသက်​ရှိ’ ခြင်း ဟူသော အလားတူ​သဒ္ဒါ​တည်ဆောက်​ပုံ​များ​ကို ဂရိ​ကျမ်း​စာစောင်​များ​၏ အခြား​နေရာများ​တွင်​လည်း တွေ့ရှိ​ရသည်။ ဥပမာ​နှစ်ခု​မှာ “သင်တို့ ၌​ဆား​ရှိစေ” နှင့် “အပြစ်ဒဏ်​ကို ကိုယ်တိုင်​၌​ခံရ​ကြ​၏” တို့ ဖြစ်သည်။ (မာကု ၉:၅၀; ရောမ ၁:၂၇သမ္မာ) ဤဥပမာ​များ​တွင် အဆိုပါ​စကားစု​များ​က အခြား​သူများကို ဆား​ပေး​နိုင်​ခြင်း၊ သို့​မဟုတ် တစ်ဦး​တစ်ယောက်​အား အပြစ်ဒဏ်​ပေး​နိုင်​ခြင်း​ကို သတ်မှတ်​ဖော်ပြခြင်း​မဟုတ်​ချေ။ ယင်းအစား အတွင်းပိုင်း​ပြည့်စုံခြင်း သို့​မဟုတ် အပြည့်အဝဖြစ်မှု​ကို ရည်ညွှန်း၏။ သို့​ဖြစ်၍ ယောဟန် ၆:၅၃ တွင် အသုံးပြု​ထားသော ‘သင်တို့ ၌​အသက်​ရှိ​ခြင်း’ က တကယ့်​ပြည့်ဝသော​အသက်တာ​ရရှိ​ခြင်း​ကို​သာ ဆိုလို​သည်။

ယေရှု၏​နောက်လိုက်​များ​ကိုယ်နှိုက်​၌ အသက်​ရှိ​ခြင်း​အကြောင်း ရည်ညွှန်းခြင်း​နှင့်​စပ်လျဉ်း၍ ယေရှု​က ကိုယ်တော်​၏​အသား​နှင့် အသွေးကို ဖော်ပြ​ခဲ့​သည်။ နောက်ပိုင်း​တွင် သခင့်​ညစာ​စားပွဲ​ကို အစပြုချိန်​၌ ယေရှုသည် ကိုယ်တော်​၏​အသား​နှင့် အသွေး​အကြောင်း ထပ်မံ​မိန့်တော်မူ​ပြီး ပဋိညာဉ်တရား​သစ်​အတွင်း​သို့ ဆောင်ကြဉ်း​ခံရ​လိမ့်​မည့် ကိုယ်တော်​၏​နောက်လိုက်​များ​အား တဆေးမဲ့​မုန့်​နှင့် စပျစ်​ရည်​၏​အထိမ်းအမှတ်​တို့ကို စားသုံး​ရန် ညွှန်ကြား​ခဲ့​သည်။ ယင်းကြောင့် ယေဟောဝါ​ဘုရားသခင်​နှင့်​ဖွဲ့​သော ပဋိညာဉ်တရား​သစ်​တွင်​ပါဝင်သူ ကောင်းကင်​အတန်းအစား​ခရစ်ယာန်​များ​သာ ထိုသို့​သော​အသက်တာ​အပြည့်အဝ​ကို ဝင်စား​ခွင့်​ရှိ​မည်​ဟု ဆိုလို​ပါသလော။ လုံးဝ​မဟုတ်ပါ။ အဆိုပါ​အဖြစ်အပျက်​နှစ်ခု​သည် တစ်နှစ်​ခြား​သည်။ ယောဟန် ၆:၅၃၊ ၅၄ တွင် မှတ်တမ်း​တင်ထားသော ယေရှု၏​စကား​ကို​ကြား​ခဲ့​သူတို့သည် ခရစ်တော်​၏​အသား​နှင့် အသွေးကို​ကိုယ်စား​ပြု​သည့် အထိမ်းအမှတ်​များနှင့် ကျင်းပ​သော​နှစ်ပတ်လည်​ပွဲ​အကြောင်း မသိ​ရှိခဲ့​ကြ​ချေ။

ယောဟန် အခန်းကြီး ၆ အရ ယေရှုသည် မိမိ၏​အသားကို မန္နမုန့်​နှင့် အစ​ပထမ​ခိုင်းနှိုင်း​၍ ဤသို့​မိန့်တော်မူသည်– “သင်တို့​ဘိုးဘေး​များသည် တော​၌ မန္န​ကို​စား​လျက်​သေကြ​၏။ ကောင်းကင်​မှ​ဆင်းသက်​သော မုန့်ကို​စား​သော​သူသည် သေခြင်းနှင့်​ကင်းလွတ်​၏။ ငါသည် ကောင်းကင်​မှ​ဆင်းသက်​သော အသက်မုန့်​ဖြစ်၏။ ဤ​မုန့်ကို​စား​သော​သူ​မည်​သည်​ကား၊ အစဉ်မပြတ်​အသက်ရှင်​လိမ့်​မည်။” ယေရှု၏​အသား​နှင့်အတူ ကိုယ်တော်​၏​အသွေး​သည် ပကတိ​မန္နမုန့်​ထက် သာ၍​အရေးပါ​သည်။ မည်သို့​နည်း။ ကိုယ်တော်​၏​အသားကို ‘လောကသား​တို့​အသက်’ ရဖို့​အတွက် ပေး​ခဲ့​သဖြင့် ထာဝရ​အသက်​ရ​ရန်​အကြောင်း​ရှိစေသည်။ * သို့​ဖြစ်၍ ယောဟန် ၆:၅၃ တွင်​ပါရှိ​သော ‘သင်တို့ ၌​အသက်​ရှိ’ ခြင်း​ဟူ​သည့် မိန့်တော်မူချက်​သည် ကောင်းကင်​တွင်​ဖြစ်စေ၊ မြေကြီးပေါ်​တွင်​ဖြစ်စေ ထာ​ဝ​အသက်​ရမည့်​သူအား​လုံး​နှင့် သက်ဆိုင်​သည်။—ယောဟန် ၆:၄၈-၅၁

ခရစ်တော်​၏​နောက်လိုက်​များသည် ‘သူတို့ ၌​အသက်​ရှိ’ ခြင်း​အဖြစ်၊ သို့​မဟုတ် အသက်တာ​အပြည့်အဝ​ခံစားခွင့်​ကို အဘယ်​အချိန်တွင်​ရရှိကြ​မည်​နည်း။ ဘုရားသခင့်​နိုင်ငံတော်​အမွေခံ ကောင်းကင်​အတန်းအစား​များ​အတွက်​မူ မသေ​နိုင်သော​ဝိညာဉ်​သတ္တဝါများ​အဖြစ် ကောင်းကင်​အသက်တာ​သို့ ထမြောက်​သွား​ချိန်​တွင် ရရှိ​ကြသည်။ (၁ ကောရိန္သု ၁၅:၅၂၊ ၅၃; ၁ ယောဟန် ၃:၂) ယေရှု၏ “အခြားသိုး​တို့” မှာ​မူ ကိုယ်တော်​၏​အနှစ်​တစ်ထောင်​အုပ်စိုးမှု ကုန်ဆုံး​ပြီး​နောက် အသက်တာ​အပြည့်အဝ​ကို ခံစား​ကြ​မည်​ဖြစ်သည်။ ထို​အချိန်​အခါ​တွင် သူတို့သည် စမ်းသပ်မှု​ခံရ​ကြ​ပြီး​သား​ဖြစ်​ကာ တည်ကြည်​မြဲမြံ​သူများ​ဖြစ်​ကြောင်း ထင်ရှား​၍ မြေကြီး​ပရဒိသု​တွင် ထာဝစဉ်​အသက်ရှင်​ရန် ဖြောင့်မတ်​သူများ​ဖြစ်​ကြောင်း ကြေညာ​ခံရ​ကြ​ပြီး​သူများ​ဖြစ်​မည်။—ယောဟန် ၁၀:၁၆; ဗျာ. ၂၀:၅၊ ၇-၁၀

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 တောကန္တာရ​ထဲ​တွင် ဣသရေလလူ​တို့​နှင့်​ရောနှော​နေသော “အမျိုးမျိုးသော​လူအများ” ဖြစ်သည့် လူစု​နှစ်စု​စ​လုံး​သည် အသက်ဆက်ရှင်​နိုင်​ရန် မန္နမုန့်​စားဖို့​လို​ခဲ့​သည်။ (ထွက်မြောက်ရာ ၁၂:၃၇၊ ၃၈; ၁၆:၁၃-၁၈) ထို​နည်းတူ ကောင်းကင်​အတန်းအစား​ဟုတ်​ဟုတ်၊ မဟုတ်​ဟုတ် ခရစ်ယာန်​အားလုံး​သည် ထာဝစဉ်​အသက်ရှင်ဖို့ ပူဇော်ရာ​ယဇ်​အဖြစ် ယေရှု စွန့်​တော်​မူ​ခဲ့​သော အသား​နှင့် အသွေး​၏​ကယ်တင်ခြင်း​တန်ခိုး​ကို ယုံကြည်ခြင်း​အားဖြင့် ကောင်းကင်​မန္နမုန့်​၏​အကျိုးကျေးဇူး​ကို ကိုယ်တိုင် ခံယူ​ကြ​ရမည်​ဖြစ်သည်။—၁၉၈၈၊ ဖေဖော်ဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၃၀-၁ ကို​ရှု။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

စစ်မှန်သော​ခရစ်ယာန်​အားလုံး ‘သူတို့ ၌ အသက်​ရှိ’ နိုင်