“ပညာရှိသောသူ၏ တရားသည်” အသက်စမ်းရေတွင်းဖြစ်
“ပညာရှိသောသူ၏ တရားသည်” အသက်စမ်းရေတွင်းဖြစ်
တမန်တော်ပေါလုက “ဘုရားသခင်၏ပညာနှင့် ဉာဏ်တော်သည် အလွန်ကျယ်ဝန်းနက်နဲစွတကား။ စီရင်တော်မူချက်တို့ကို အဘယ်သူမျှစစ်၍မကုန်နိုင်။ ကြွတော်မူရာလမ်းတို့ကို လိုက်၍ရှာသော်လည်း မတွေ့မမီနိုင်” ဟုဟစ်ကြွေးခဲ့သည်။ (ရောမ ၁၁:၃၃) တည်ကြည်သူဘိုးဘေးယောဘကလည်း ဤသို့ဆိုသည်– “[ယေဟောဝါ] ဘုရားသခင်သည် ထူးဆန်းသောဉာဏ် . . . နှင့်ပြည့်စုံတော်မူသည်။” (ယောဘ ၉:၄) မှန်ပေသည်၊ ကောင်းကင်မြေကြီးဖန်ဆင်းရှင်၏ဉာဏ်ပညာသည် ပြိုင်ဘက်ကင်း၏။ ဤဖန်ဆင်းရှင်၏ ပညတ် သို့မဟုတ် ရေးသားထားသော စကားတော်နှင့်ပတ်သက်၍ မည်သို့ဆိုနိုင်သနည်း။
ဆာလံဆရာက ဤသို့သီဆိုခဲ့သည်– “ထာဝရဘုရား[သခင်]၏တရားတော်သည် စုံလင်သည်ဖြစ်၍ စိတ်ဝိညာဉ်ကို ပြုပြင်တတ်၏။ ထာဝရဘုရား[သခင်]၏ သက်သေခံတော်မူချက်သည် ဟုတ်မှန်သည်ဖြစ်၍ မလိမ္မာသောသူတို့ကို လိမ္မာစေတတ်၏။ ထာဝရဘုရား[သခင်]၏ နည်းဥပဒေသတို့သည် ဖြောင့်မတ်သည်ဖြစ်၍ စိတ်နှလုံးကို ရွှင်လန်းစေတတ်၏။ ထာဝရဘုရား[သခင်]၏ပညတ်တော်သည် စင်ကြယ်သည်ဖြစ်၍ မျက်စိကို ရှင်းလင်းစေတတ်၏။” (ဆာလံ ၁၉:၇၊ ၈) ရှေးဣသရေလရှင်ဘုရင် ရှောလမုန်သည် အဆိုပါစကားများ၏အမှန်တရားကို နားလည်သဘောပေါက်ထားပြီဖြစ်ရမည်! သူက “ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာအသက်စမ်းရေတွင်းဖြစ်၏” ဟုဆိုခဲ့သည်။ (သု. ၁၃:၁၄) သမ္မာကျမ်းစာတွင် တွေ့ရှိရသော ဆုံးမစကားသည် ကျွန်ုပ်တို့၏ဘဝအရည်အသွေးကို မည်သို့တိုးတက်စေနိုင်ပြီး ဘေးသင့်စေမည့်ဘဝကို မည်သို့ရှောင်ရှားနိုင်ကြောင်း နယပုံပြင်ကျမ်းအခန်းကြီး ၁၃ ၏ရှေ့အခန်းငယ် ၁၃ ခုတွင် ရှောလမုန်က ဖော်ပြခဲ့သည်။
သွန်သင်၍ရသောသူဖြစ်ပါ
“ပညာရှိသောသားသည် အဘ၏သွန်သင်ခြင်း [“ဆုံးမပဲ့ပြင်မှု၊” ကဘ] ကို နားထောင်တတ်၏။ မထီမဲ့မြင်ပြုသောသားမူကား အပြစ်တင်ခြင်းကို နားမထောင်တတ်” ဟူ၍ နယပုံပြင် ၁၃:၁ ကဆို၏။ ဖခင်၏ဆုံးမပဲ့ပြင်မှုသည် နူးညံ့သိမ်မွေ့နိုင်၏ သို့မဟုတ် ပြင်းထန်နိုင်၏။ ပထမဦးစွာ၊ လေ့ကျင့်ပေးသည့်ပုံစံဖြင့် လာနိုင်ပြီး ၎င်းကို လက်မခံပါက နောက်ဆုံးတွင် အပြစ်ပေးခြင်းဖြစ်သွားနိုင်သည်။ ဖခင်၏ဆုံးမပဲ့ပြင်မှုကို လက်ခံသောသားသည် ပညာရှိ၏။
“ထာဝရဘုရား[သခင်]သည် ချစ်တော်မူသောသူကို ဆုံးမတော်မူတတ်၏။ လက်ခံတော်မူသမျှသောသားတို့ကို ဒဏ်ခတ်တော်မူတတ်၏” ဟုကျမ်းစာကဆိုသည်။ (ဟေဗြဲ ၁၂:၆) ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော် ဆုံးမပဲ့ပြင်သည့် နည်းတစ်နည်းမှာ ရေးသားထားသော ကိုယ်တော်၏စကားတော် သမ္မာကျမ်းစာအားဖြင့်ဖြစ်သည်။ သမ္မာကျမ်းစာကို တန်ဖိုးထားလေးစားစွာ ဖတ်ရှုပြီး ၎င်းမှသိရှိရာများကို လိုက်လျှောက်သောအခါ ကိုယ်တော်၏စကားတော်သည် ကျွန်ုပ်တို့ကို အမှန်တကယ် ဆုံးမရာရောက်၏။ ယင်းသည် ကျွန်ုပ်တို့အတွက်ဖြစ်၏၊ အကြောင်းမှာ ယေဟောဝါမိန့်ဆိုသမျှသည် ကျွန်ုပ်တို့၏အကျိုးအတွက် ဖြစ်သောကြောင့်တည်း။—ဟေရှာယ ၄၈:၁၇။
ဆုံးမပဲ့ပြင်မှုသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးကောင်းကျိုးကို စိတ်ဝင်စားသော ယုံကြည်သူချင်းတစ်ဦးထံမှ ပြုပြင်တည့်မတ်ပေးသည့် ပုံစံဖြင့်လည်း လာနိုင်သည်။ ဘုရားသခင်၏စကားတော်နှင့်ကိုက်ညီသော မည်သည့်အကျိုးပြုအကြံပေးချက်ကိုမဆို ထိုသူထံမှမဟုတ်ဘဲ ကြီးမြတ်သောအမှန်တရား၏ ရင်းမြစ်ထံမှဖြစ်သည်ဟု ရှုမြင်နိုင်၏။ ယင်းကို ယေဟောဝါထံတော်မှလာသော ဆုံးမပဲ့ပြင်မှုအဖြစ် လက်ခံလျှင် ပညာရှိရာရောက်၏။ ယင်းကို ဤအတိုင်းရှုမြင်လက်ခံပြီး ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုကို လွှမ်းမိုးထားစေမည်၊
ကျမ်းစာစောင်များအပေါ် မိမိတို့၏နားလည်သဘောပေါက်မှု တိုးတက်စေမည်၊ ကျွန်ုပ်တို့လမ်းစဉ်များကို တည့်မတ်ပေးစေမည်ဆိုလျှင် ထိုဆုံးမပဲ့ပြင်မှုမှ အကျိုးကျေးဇူးရရှိပါလိမ့်မည်။ ခရစ်ယာန်အစည်းအဝေးများနှင့် ကျမ်းစာအခြေပြုစာပေများမှ ရရှိသောဆုံးမစကားသည်လည်း ထိုနည်းထပ်တူပင်ဖြစ်သည်။ ဤသို့ရေးသားထားသော သို့မဟုတ် မိန့်ဆိုထားသော စကားများမှတစ်ဆင့် ကျွန်ုပ်တို့သိရှိရာများကို လက်ခံတုံ့ပြန်ခြင်းသည် အလွန်ကောင်းသော ကိုယ့်ကိုယ်ကိုဆုံးမပဲ့ပြင်နည်းဖြစ်၏။တစ်ဖက်တွင်မူ၊ မထီမဲ့မြင်ပြုသူသည် ဆုံးမပဲ့ပြင်မှုကို လက်ခံတုံ့ပြန်တတ်ခြင်းမရှိချေ။ ကိုးကားဖော်ပြချက်တစ်ခုက “မထီမဲ့မြင်ပြုသူသည် မိမိသာ အတော်ဆုံးအတတ်ဆုံးဟု ထင်သောကြောင့် သူသည် သွန်သင်၍ရသောသူမဟုတ်” ဟုဆိုသည်။ ထိုသူမျိုးသည် သာ၍ပြင်းထန်သည့် ဆုံးမပဲ့ပြင်မှုဖြစ်သော အပြစ်တင်ဆုံးမခြင်းကိုပင် မသိကျိုးကျွန်ပြုတတ်၏။ သို့သော် သူ့တွင် ဖခင်၏ဆုံးမပဲ့ပြင်မှု မှားသည်ဟု သက်သေပြနိုင်မည့်တစ်ချိန် ရှိလာနိုင်၍လော။ ယေဟောဝါသည် တစ်ခါမျှမမှားခဲ့၊ နောင်လည်း ဘယ်တော့မျှ မှားလိမ့်မည်မဟုတ်ပေ။ မထီမဲ့မြင်ပြုသူသည် ဆုံးမပဲ့ပြင်မှုကို ငြင်းပယ်ခြင်းအားဖြင့် သူ့ကိုယ်သူ မထီမဲ့မြင်ပြုသူသာ ဖြစ်စေသည်။ ရှောလမုန်သည် ထိမိသော စကားလုံးအနည်းငယ်ဖြင့် သွန်သင်၍ရသူဖြစ်ခြင်းသည် မည်မျှတန်ဖိုးရှိကြောင်းကို လှပစွာစီကုံးထားခြင်းပေတည်း!
သင့်နှုတ်ကို စောင့်စည်းလော့!
ဘုရင်ရှောလမုန်သည် အပြောအဆိုနှင့်ပတ်သက်၍ ဘုရားသခင့်စကားတော်၏ လမ်းညွှန်မှုကိုခံယူဖို့ အရေးကြီးကြောင်း ဖော်ပြရန် နှုတ်ကို အသီးပင်တစ်ပင်နှင့် ခိုင်းနှိုင်းပြသည်။ သူက “လူသည် နှုတ်၏အသီးနှင့်အညီ အကောင်းကိုလည်းကောင်း၊ သစ္စာမဲ့သောသူတို့ကား ကြမ်းကြုတ်ခြင်းကိုလည်းကောင်း ခံစားရ၏” ဟုဆိုသည်။ (သု. ၁၃:၂၊ သမ) ပြောလိုက်သည့် စကားလုံးများကား နှုတ်၏အသီးဖြစ်သည်။ ထို့ပြင် လူတစ်ဦးသည် သူ၏စကားလုံးများဖြင့် စိုက်ခဲ့သည့်အတိုင်း ရိတ်ရ၏။ “အိမ်နီးချင်းများနှင့် ရင်းနှီးစွာမိတ်ဆွေဖွဲ့ရန် မိမိ၏စကားလုံးများကို ကြင်နာစွာဖြင့် နည်းလမ်းတကျပြောလျှင် ကောင်းစွာစားရပြီး ပျော်ရွှင်ငြိမ်သက်မှုကို စံစားရလိမ့်မည်” ဟုကျမ်းပညာရှင်တစ်ဦးက ဆိုသည်။ သစ္စာမဲ့သူ၏အခြေအနေနှင့် တခြားစီပင်။ သူသည် သူတစ်ပါးကို အကြမ်းဖက်၍ နစ်နာစေလို၏။ သူကြိတ်ကြံစည်သည့် အကြမ်းဖက်မှုကို သူပြန်ခံရ၏။ အသေခံရာကျော့ကွင်းများသည် သူ၏တံခါးဝနားတွင်ရှိ၏။
“မိမိနှုတ်ကိုစောင့်သောသူသည် မိမိအသက်ကိုစောင့်၏။ မိမိနှုတ်ကို ကျယ်ကျယ်ဖွင့်သောသူမူကား ပျက်စီးခြင်းသို့ရောက်တတ်၏” ဟူ၍ ရှောလမုန်က ဆက်ဆိုသည်။ (သု. ၁၃:၃) မဆင်မခြင် ရူးမိုက်သောအပြောအဆိုကြောင့် နာမည်ပျက်ခြင်း၊ စိတ်ဒဏ်ရာရခြင်း၊ ဆက်ဆံရေးတင်းမာခြင်းနှင့် ထိခိုက်အနာတရပင် ဖြစ်လာနိုင်သည်။ အထိန်းအကွပ်မဲ့ပြောဆိုခြင်းသည် ဘုရားသခင်၏အလိုတော်နှင့်မညီပါ၊ အကြောင်းမှာ ဘုရားသခင်သည် လူတိုင်းကို သူတို့ပြောဆိုမှုအတွက် တရားစီရင်မည်ဖြစ်သောကြောင့်တည်း။ (မဿဲ ၁၂:၃၆၊ ၃၇) ကျွန်ုပ်တို့၏နှုတ်ကို ကြပ်မတ်ချုပ်ထိန်းပေးခြင်းသည် ပျက်စီးခြင်းဘေးမှ လွတ်ကင်းနိုင်သည်။ သို့ရာတွင် ကျွန်ုပ်တို့၏နှုတ်ကို စောင့်စည်းတတ်ရန် မည်သို့သင်ယူနိုင်သနည်း။
ထိုသို့ချုပ်တည်းရန် ရိုးရှင်းသောနည်းတစ်နည်းမှာ စကားများများမပြောခြင်းဖြစ်သည်။ “စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသောသူမူကား ပညာရှိ၏” ဟုသမ္မာကျမ်းစာကဆိုသည်။ (သု. ၁၀:၁၉) နောက်တစ်နည်းမှာ စဉ်းစားပြီးမှ ပြောဆိုခြင်းဖြစ်သည်။ “သန်လျက်နှင့်ထိုးသကဲ့သို့ [“မစဉ်းစားဘဲ၊” ကဘ] စကားပြောတတ်သော လူတချို့ရှိ၏” ဟုမှုတ်သွင်းခံရသော ကျမ်းရေးသူကဆိုသည်။ (သု. ၁၂:၁၈) မစဉ်းစားမဆင်ခြင်ပြောဆိုလျှင် ပြောသူရော၊ နားထောင်သူများပါ ထိခိုက်နာကြည်းမှုဖြစ်နိုင်၏။ ထို့ကြောင့် သမ္မာကျမ်းစာတွင် ဤလက်တွေ့ကျအကြံဉာဏ်ပေးထားသည်– “ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏။”—သု. ၁၅:၂၈။
လုံ့လဝီရိယစိုက်ထုတ်လော့
ရှောလမုန်က “ပျင်းရိသောသူသည် အဘယ်အရာကိုမျှ တောင့်တ၍မရတတ်။ လုံ့လဝီရိယပြုသောသူမူကား မိမိအလိုဆန္ဒပြည့်စုံရ၏” ဟုဆိုသည်။ (သု. ၁၃:၄) “[ဤနယပုံပြင်ကျမ်း၏] ဆိုလိုရင်းအချက်မှာ တောင့်တရုံဖြင့် ဘာမျှဖြစ်လာမည်မဟုတ်၊ လုံ့လဝီရိယရှိမှသာ တန်ဖိုးရှိ၏။ ပျင်းရိသူများသည် ဖြစ်မြောက်အောင်မြင်မှုပြစရာဟူ၍ ဘာမျှမရှိ၊ တောင့်တမှုနှင့်သာ အချိန်ကုန်၍နစ်မျောနေသူများဖြစ်သည်” ဟုအကိုးအကားစာအုပ်တစ်အုပ်က ဆိုသည်။ သို့သော် လုံ့လဝီရိယရှိသူ၏ စိုးလ် သို့မဟုတ် အလိုဆန္ဒသည် ပြည့်ဝပြီး လိုတရ၏။
တာဝန်မယူလိုသောကြောင့် ယေဟောဝါထံ ဆက်ကပ်အပ်နှံရန် ရှောင်ဖယ်နေသူများနှင့်ပတ်သက်၍ကော မည်သို့ဆိုနိုင်သနည်း။ သူတို့သည် ဘုရားသခင်၏ကမ္ဘာသစ်တွင် နေထိုင်လိုကြသော်လည်း ထိုတွင်နေနိုင်ရန် ကြိုးစားလိုစိတ် ရှိကြပါသလော။ ‘ကြီးစွာသောဆင်းရဲခြင်းအထဲက ထွက်မြောက်’ လာကြသူများကို တောင်းဆိုထားသည့် အချက်တစ်ချက်မှာ ယေရှု၏ရွေးနုတ်ဖိုးပူဇော်ရာယဇ်ကို ယုံကြည်၍ ယေဟောဝါထံ ဆက်ကပ်အပ်နှံကာ ရေတွင်နှစ်ခြင်းခံရန်ဖြစ်သည်။—ဗျာ. ၇:၁၄၊ ၁၅။
အသင်းတော်တွင် ကြီးကြပ်မှူးအရာကို တက်လှမ်းရာတွင် အဘယ်အရာလုပ်ဆောင်ရန် လိုကြောင်းကိုလည်း သုံးသပ်ကြည့်ပါ။ ဤမွန်မြတ်သောအလုပ်ကို တက်လှမ်းလိုခြင်းသည် အမှန်ပင် ချီးမွမ်းဖွယ်ကောင်းပြီး သမ္မာကျမ်းစာတွင်လည်း အားပေးတိုက်တွန်းထားသည်။ (၁ တိမောသေ ၃:၁) သို့သော် တောင့်တနေရုံမျှဖြင့် မလုံလောက်ပေ။ အရည်အချင်းပြည့်မီရန် လိုအပ်သောအရည်အသွေးများနှင့် အရည်အချင်းများကို ပျိုးထောင်ပေးဖို့လိုသည်။ လုံ့လဝီရိယစိုက်ထုတ်၍ ကိုယ်တိုင်ကြိုးစားအားထုတ်မှုလို၏။
ဖြောင့်မတ်ခြင်း—အကွယ်အကာဖြစ်
ဖြောင့်မတ်သူသည် ဘုရားသခင့်ရေးရာ အရည်အချင်းများကို ပြုစုပျိုးထောင်ပြီး အမှန်ကိုသာ ပြောဆို၏။ မုသားစကားသည် ယေဟောဝါ၏ပညတ်ကို ဆန့်ကျင်ရာကျသည်ဟု သူသဘောပေါက်သည်။ (သု. ၆:၁၆-၁၉; ကောလောသဲ ၃:၉) ယင်းနှင့်စပ်လျဉ်း၍ ရှောလမုန်က ဤသို့ဆိုသည်– “ဖြောင့်မတ်သောသူသည် မုသာစကားကို မုန်းတတ်၏။ မတရားသောသူမူကား စက်ဆုပ်ဖွယ်ဖြစ်၍ အရှက်ကွဲခြင်းသို့ ရောက်တတ်၏။” (သု. ၁၃:၅) ဖြောင့်မတ်သူသည် မုသားမပြောရုံမျှမက ယင်းတို့ကို အမှန်ပင် ရွံမုန်း၏။ မုသားစကားသည် မည်မျှပင်အပြစ်မရှိဟုထင်ရပါစေ၊ လူလူချင်းဆက်ဆံရေးပြေပြစ်မှုကို ထိခိုက်စေကြောင်း သူသိထားသည်။ ထို့ပြင် မုသားပြောသူကို ယုံကြည်စိတ်ချမှုမရှိကြတော့ချေ။ ဆိုးညစ်သူသည် မုသားပြောခြင်း သို့မဟုတ် တခြားနည်းဖြင့် ရှက်ဖွယ်အမှုပြုနေရာ မိမိကိုယ်တိုင် အရှက်တကွဲအကျိုးနည်းလိမ့်မည်။
ဘုရားသခင်၏မျက်မှောက်တော်တွင် မှန်ကန်ရာကို လုပ်ဆောင်ခြင်းသည် အကျိုးကျေးဇူးရရှိမည်ကို ဖော်ပြရန် ပညာရှိရှင်ဘုရင်က ဤသို့ဆို၏– “ဖြောင့်မတ်ခြင်းတရားသည် လမ်းမလွှဲသောသူကို စောင့်တတ်၏။ ဒုစရိုက်တရားမူကား အပြစ်ရှိသောသူကို လှဲတတ်၏။” (သု. ၁၃:၆) ဖြောင့်မတ်ခြင်းသည် ခံတပ်သဖွယ် ကွယ်ကာပေးပြီး ဆိုးညစ်ခြင်းမူကား ဖျက်ဆီးတတ်သည်။
ဟန်မဆောင်နှင့်
ဣသရေလရှင်ဘုရင်သည် လူ့သဘောသဘာဝကို နားလည်ကြောင်း ဖော်ပြရာတွင် ဤသို့ဆို၏– “အလွန်ဆင်းရဲလျက်နှင့် ရတတ်ဟန်ဆောင်သောသူရှိ၏။ အလွန်ရတတ်လျက်နှင့် ဆင်းရဲဟန်ဆောင်သောသူလည်းရှိ၏။” (သု. ၁၃:၇) လူတစ်ဦးသည် သူပုံစံဖမ်းသည့်အတိုင်း ဖြစ်ချင်မှဖြစ်မည်။ ဆင်းရဲသူအချို့သည် ကြွားဝါရန်၊ အောင်မြင်နေသူဟု ထင်မြင်စေရန်၊ သို့မဟုတ် သိက္ခာဆည်ရန်အတွက် ချမ်းသာဟန်ဆောင်နေမည်။ ချမ်းသာသူတစ်ဦးသည် မိမိ၏ကြွယ်ဝမှုကို လူသိမခံလို၍ ဆင်းရဲဟန်ဆောင်လျက်နေပေမည်။
မဟုတ်မမှန်ဝါကြွားခြင်းရော၊ လျှို့ဝှက်ဖုံးကွယ်ထားခြင်းပါ မသင့်လျော်ချေ။ ငွေကြေးမရှိဘဲနှင့် ချမ်းသာပုံဖမ်းလို၍သာ ဇိမ်ခံပစ္စည်းများအတွက် ငွေဖြုန်းပစ်ခြင်းသည် ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့မိသားစု၏ တမန်တော် ၂၀:၃၅) ရိုးသားစွာနေထိုင်လေ သာ၍ကောင်းသောဘဝကို ရရှိလေဖြစ်သည်။
ဘဝလိုအပ်ရာများကို ဆုံးရှုံးစေသည်။ ထို့ပြင် ချမ်းသာသော်လည်း ဆင်းရဲဟန်ဆောင်ခြင်းသည် မရက်ရောသူဖြစ်စေပြီး သူ၏ဂုဏ်သိက္ခာကျဆင်းကာ ရက်ရက်ရောရောပေးကမ်းခြင်းမှ ရရှိလာသော ပျော်ရွှင်မှုလည်း မရဘဲဖြစ်စေ၏။ (ဆန္ဒများရိုးရှင်းစေလော့
“လူ၏စည်းစိမ်ဥစ္စာသည် ကိုယ့်အသက်ရွေးရန် အဖိုးဖြစ်၏။ ဆင်းရဲသောသူ၌မူကား ရွေးနုတ်ရန် အဖိုးမရှိချေ” ဟုရှောလမုန်ကဆို၏။ (သု. ၁၃:၈၊ သမ္မာ) ဤပညာရှိစကားတွင် အဘယ်သင်ခန်းစာ ပေးသနည်း။
ချမ်းသာကြွယ်ဝမှုသည် တစ်ပန်းသာသော်လည်း ဥစ္စာပစ္စည်းရှိခြင်းသည် ပြီးပြည့်စုံသောကောင်းချီးတစ်ခု မဟုတ်ချေ။ ကျွန်ုပ်တို့အသက်ရှင်နေရသည့် ဆင်းရဲခက်ခဲသည့်ကာလတွင် လူကုံထံများသည် သူတို့နှင့် သူတို့မိသားစု ပြန်ပေးဆွဲခံရပြီး ပြန်ရွေးရသည့်အန္တရာယ်နှင့် ကြုံတွေ့ရတတ်သည်။ တစ်ခါတစ်ရံ ချမ်းသာသူသည် သူ့အသက် သို့မဟုတ် အိမ်သားတစ်ဦး၏အသက်ကို ပြန်ရွေးနိုင်ခဲ့သည်။ သို့သော် များသောအားဖြင့် ပြန်ပေးဆွဲခံရသူသည် အသတ်ခံရလေ့ရှိ၏။ ဤခြိမ်းခြောက်မှုကို ချမ်းသာသူတို့ အမြဲကြုံရတတ်သည်။
ဆင်းရဲသူမှာမူ ဤသို့သောစိုးရိမ်မှု မရှိချေ။ သူ့တွင် ချမ်းသာသူတို့ စံစားနေကြရသည့် ဇိမ်ခံပစ္စည်းများစွာ ရှိမည်မဟုတ်သောကြောင့် ပြန်ပေးဆွဲသူများ၏ ပစ်မှတ်ဖြစ်လာနိုင်စရာ အကြောင်းမရှိချေ။ ယင်းသည် ကျွန်ုပ်တို့လိုအပ်ရာများနှင့်သာ ရောင့်ရဲပြီး စည်းစိမ်ဥစ္စာရှာဖွေခြင်းတွင် ကျွန်ုပ်တို့၏အချိန်နှင့် ခွန်အားကို နှစ်မြှုပ်မထားခြင်း၏ အကျိုးကျေးဇူးတစ်ခုဖြစ်သည်။—၂ တိမောသေ ၂:၄။
“အလင်း” ၌ရွှင်လန်းလော့
ယေဟောဝါ၏နည်းလမ်းတော်အတိုင်း အရာရာကို လုပ်ဆောင်ခြင်းသည် ကျွန်ုပ်တို့၏အကောင်းဆုံးအကျိုးအတွက်ဖြစ်ကြောင်း ရှောလမုန်ဆက်ဖော်ပြသည်။ သူက “ဖြောင့်မတ်သောသူ၏အလင်းသည် ရွှင်လန်း၏။ မတရားသောသူ၏မီးခွက်မူကား သေရလိမ့်မည်” ဟုဆို၏။—သု. ၁၃:၉။
မီးခွက်သည် ကျွန်ုပ်တို့၏လမ်းခရီးကို အလင်းပေးသော ကျွန်ုပ်တို့မှီခိုအားထားရာကို ပုံဆောင်၏။ ‘ဘုရားသခင်၏နှုတ်မြွက်စကားတော်သည် ဖြောင့်မတ်သူ၏ခြေရှေ့မှာ မီးခွက်ဖြစ်၍ သူ၏လမ်းခရီးကို လင်းစေပါ၏။’ (ဆာလံ ၁၁၉:၁၀၅) ထိုတွင် ဖန်ဆင်းရှင်၏မကုန်ခန်းနိုင်သော အသိပညာနှင့် ဉာဏ်ပညာတော်ပါရှိသည်။ ဘုရားသခင်၏အလိုတော်နှင့် ရည်ရွယ်ချက်တို့ကို ကျွန်ုပ်တို့ ပိုမိုသဘောပေါက်လာလေ ကျွန်ုပ်တို့ကို လမ်းညွှန်ပေးသည့် ဝိညာဉ်ရေးအလင်းသည် ပိုမိုတောက်ပလာလေဖြစ်သည်။ ၎င်းမှ ရွှင်လန်းမှု အမှန်တကယ်ရရှိသည်တကား! လောကဉာဏ်ပညာ သို့မဟုတ် “မှားယွင်းစွာခေါ်ဆိုသည့် ‘အသိပညာ’” ကြောင့် ကျွန်ုပ်တို့ အဘယ်ကြောင့် အာရုံပြောင်းရမည်နည်း။—၁ တိမောသေ ၆:၂၀၊ ကဘ; ၁ ကောရိန္သု ၁:၂၀; ကောလောသဲ ၂:၈။
ဆိုးသွမ်းသူ၏မီးခွက်မူကား မည်မျှပင်ထွန်းလင်းတောက်ပပုံရပြီး သူသည် မည်မျှပင်ကြွယ်ဝချမ်းသာနေပုံရပါစေ သူ၏မီးခွက်သည် ငြိမ်းသွားလိမ့်မည်။ သူသည် တစ်နေ့နေ့တွင် အမှောင်ထဲရောက်သွားပြီး ခလုတ်တိုက်လဲကျသွားလိမ့်မည်။ ထို့ပြင် ထိုသူသည် အဘယ် “အကျိုး” ကိုမျှ ရရှိလိမ့်မည်မဟုတ်ပေ။—သု. ၂၄:၂၀။
သို့သော် အခြေအနေတစ်ခုခုတွင် မည်သို့လုပ်ဆောင်သင့်သည်ကို မသေချာလျှင် အဘယ်အရာပြုသင့်သနည်း။ လုပ်ဆောင်ပိုင်ခွင့်ရှိမရှိ မသေချာလျှင်ကော အသို့နည်း။ နယပုံပြင် ၁၃:၁၀ [ကဘ] ကဤသို့သတိပေး၏– “ရောင့်တက်ခြင်းကြောင့်သာ ရန်တွေ့ ခြင်းဖြစ်၏။” အသိပညာမရှိ၊ လုပ်ပိုင်ခွင့် မရှိဘဲနှင့် လုပ်ဆောင်ခြင်းသည် ရောင့်တက်ခြင်းဖြစ်ပြီး စိတ်ဝမ်းကွဲစေသည်။ ထို့ကြောင့် အသိပညာ၊ ပိုင်းခြားသိမြင်မှုရှိသူတို့နှင့် ဆွေးနွေးတိုင်ပင်ခြင်းသည် သာ၍ကောင်းမည်မဟုတ်ပေလော။ ပညာရှိရှင်ဘုရင်က “အချင်းချင်းတိုင်ပင်သောသူတို့မူကား ပညာရှိ၏” ဟုဆိုသည်။
လွဲမှားသော မျှော်လင့်ချက်များကို သတိပြု
ငွေသည် အကျိုးပြုနိုင်၏။ ငွေကြေးအလုံအလောက်ရှိခြင်းသည် ခြစ်ခြုတ်စွာ၊ သို့မဟုတ် ဆင်းရဲစွာ နေထိုင်ရခြင်းထက် သာ၍ကောင်း၏။ (ဒေ. ၇:၁၁၊ ၁၂) သို့ရာတွင် မတရားသဖြင့် ရရှိထားသော စည်းစိမ်သည် လှည့်ဖြားတတ်၏။ ရှောလမုန်က ဤသို့သတိပေးသည်– “လျှပ်ပေါ်ခြင်းအားဖြင့် [“ပေါ့ပေါ့ဆဆရသော၊” သမ] ဥစ္စာသည် လျော့တတ်၏။ ကြိုးစားအားထုတ်၍ ဆည်းပူးသောသူ၏ ဥစ္စာမူကား ပြန့်ပွားတတ်၏။”—သု. ၁၃:၁၁။
ဥပမာ၊ လောင်းကစားခြင်း၏ဆွဲဆောင်မှုကို သုံးသပ်ကြည့်ပါ။ လောင်းကစားတတ်သူသည် ငွေအပုံလိုက်ရရှိမည် မျှော်လင့်ချက်ဖြင့် သူကြိုးစားပမ်းစားရှာဖွေထားသောငွေကို လောင်းကစားလိုက်ပေမည်။ သို့သော် ဤသို့ပြုခြင်းကြောင့် သူ့မိသားစုသည် ကြိမ်ဖန်များစွာ အကျိုးယုတ်ခဲ့လေပြီ! ထိုလောင်းကစားတတ်သူ နိုင်လျှင်ကော အသို့နည်း။ ထိုငွေကို အလွယ်တကူရထားသည့်အတွက် တန်ဖိုးထားချင်မှထားပေမည်။ ထို့ပြင် ရရှိခါစငွေကို ကျွမ်းကျင်လိမ္မာစွာ သုံးစွဲတတ်လိမ့်မည်မဟုတ်ပေ။ လျှပ်တစ်ပြက်အတွင်း ရရှိခဲ့သောငွေကို လျှပ်တစ်ပြက်အတွင်း ပျောက်ဆုံးသွားစေနိုင်မည် မဟုတ်ပေလော။ အခြားတစ်ဖက်တွင်မူ၊ ဝီရိယရှိရှိလုပ်ဆောင်ခြင်းအားဖြင့် တဖြည်းဖြည်းစုဆောင်းခဲ့သော စည်းစိမ်ဥစ္စာသည် ပုံမှန်တိုးများလာပြီး ယင်းကို ကောင်းစွာသုံးစွဲနိုင်မည်ဖြစ်သည်။
“မျှော်လင့်သောအရာသည် ဖင့်နွှဲလျှင် စိတ်နှလုံးကို ပူပန်စေတတ်၏။ အလိုပြည့်စုံသောအခါမူကား အသက်ပင်ဖြစ်၏” ဟုရှောလမုန်ဖော်ပြသည်။ (သု. ၁၃:၁၂) မျှော်လင့်သည့်အတိုင်း ဖြစ်မလာလျှင် စိတ်ဓာတ်ကျစေ၏။ ထိုသို့နေ့စဉ်ဖြစ်ပျက်တတ်သည်။ သို့သော် ဘုရားသခင့်နှုတ်မြွက်စကားတော်အပေါ် အခိုင်အမာအခြေပြုထားသည့် မျှော်လင့်ချက်များသည် ထိုသို့မဟုတ်ချေ။ ၎င်းမျှော်လင့်ချက်များ ပြည့်စုံလာမည်ကို လုံးလုံးလျားလျား ယုံကြည်စိတ်ချနိုင်သည်။ ဖင့်နွှဲနေပုံရလျှင်ပင် စိတ်ဓာတ်ကျစရာ အကြောင်းမရှိပေ။
ဥပမာ၊ ဘုရားသခင်၏ကမ္ဘာသစ် ရောက်လုနီးပြီကို ကျွန်ုပ်တို့သိထားကြသည်။ (၂ ပေတရု ၃:၁၃) ဘုရားသခင်၏ကတိတော်များ ပြည့်စုံလာမည်ကို ရွှင်လန်းအားရစွာဖြင့် ကျွန်ုပ်တို့မျှော်လင့်တကြီး စောင့်မျှော်နေကြသည်။ ဤစောင့်မျှော်နေရသောအချိန်အတွင်း ကျွန်ုပ်တို့သည် “သခင်ဘုရား၏အမှုတော်ကို ဆောင်ရွက်” ခြင်း၌ အလုပ်များနေမည်၊ ယုံကြည်သူချင်းများကို အားပေးတိုက်တွန်းနေမည်၊ ယေဟောဝါနှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် ကြိုးစားနေမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။ ကျွန်ုပ်တို့ ‘စိတ်နှလုံးပူပန်’ မည့်အစား ပျော်ရွှင်အားရကြလိမ့်မည်။ (၁ ကောရိန္သု ၁၅:၅၈; ဟေဗြဲ ၁၀:၂၄၊ ၂၅; ယာကုပ် ၄:၈) ကြာမြင့်စွာစောင့်မျှော်ခဲ့သည့် အလိုဆန္ဒ ပြည့်စုံလာသောအခါ ယင်းသည် အမှန်ပင် ကြံ့ခိုင်သန်စွမ်းပြီး လန်းဆန်းစေသော အသက်ပင်ဖြစ်၏။
ဘုရားသခင်၏ပညတ်—အသက်ပင်ရင်းဖြစ်
ဘုရားသခင်ကို နာခံဖို့လိုကြောင်း ဖော်ပြကာ နယပုံပြင် ၁၃:၁၃ ကဤသို့ဆိုသည်– “ [“စကား၊” ကဘ]ကို မထီမဲ့မြင်ပြုသောသူသည် ပျက်စီးလိမ့်မည်။ ပညတ်တရားတော်ကို ခန့်ညားသောသူမူကား ချမ်းသာရလိမ့်မည်။” အကြွေးယူသူသည် ပြန်မဆပ်ခြင်းဖြင့် ကတိစကားကို မထီလေးစားပြုလျှင် သူပေးထားသည့် အပေါင်ပစ္စည်းကို ဆုံးရှုံးလိမ့်မည်။ ထိုနည်းထပ်တူ ဘုရားသခင်၏ပညတ်များကို ကျွန်ုပ်တို့မနာခံလျှင် တစ်စုံတစ်ရာ ဆုံးရှုံးရလိမ့်မည်။ အဘယ်အရာဆုံးရှုံးမည်နည်း။
“ပညာရှိသောသူ၏တရားသည် အသေခံရာကျော့ကွင်းတို့မှ လွှဲရှောင်ရာ အသက်စမ်းရေတွင်းဖြစ်၏။” (သု. ၁၃:၁၄) ပညာအရှိဆုံးဘုရားသခင် ယေဟောဝါ၏ပညတ်တော်နှင့်အညီ အသက်မရှင်လျှင် သာ၍ကောင်းစားပြီး အသက်ပိုရှည်စေသည့် လမ်းညွှန်မှုကို ဆုံးရှုံးရာရောက်၏။ ထိုသို့ဖြစ်ခြင်းသည် တကယ့်ဆုံးရှုံးမှုကြီးပင်ဖြစ်သည်! သို့ဖြစ်၍ ကျွန်ုပ်တို့အတွက် ပညာရှိလမ်းစဉ်သည် သမ္မာကျမ်းစာကို အာရုံစိုက်လေ့လာပြီး ကျွန်ုပ်တို့၏အတွေးအခေါ်၊ အပြောအဆိုနှင့် လုပ်ရပ်တို့အပေါ် လွှမ်းမိုးခွင့်ပြုခြင်းဖြစ်သည်။—၂ ကောရိန္သု ၁၀:၅; ကောလောသဲ ၁:၁၀။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ကျမ်းစာဆုံးမစကားကို လက်ခံခြင်းသည် မိမိကိုယ်ကို ဆုံးမပဲ့ပြင်သည့် အကောင်းဆုံးနည်းဖြစ်
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
“ဖြောင့်မတ်သောသူသည် အဘယ်သို့ပြန်ပြောရမည်ကို စိတ်နှလုံးထဲမှာ ဆင်ခြင်တတ်၏”
[စာမျက်နှာ ၂၄၊ ၂၅ ပါ ရုပ်ပုံ]
“သခင်ဘုရား၏အမှုတော်” ၌အလုပ်များနေခြင်းသည် ရွှင်လန်းမှုအပြည့်အဝရရှိစေ၏