မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မတိုင်မီနှင့် ပြီးနောက်—သမ္မာကျမ်းစာက ဤသူကို ပြောင်းလဲပေးပုံ

မတိုင်မီနှင့် ပြီးနောက်—သမ္မာကျမ်းစာက ဤသူကို ပြောင်းလဲပေးပုံ

“ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်။”

မတိုင်မီ​နှင့် ပြီး​နောက်​—သမ္မာကျမ်းစာ​က ဤ​သူကို ပြောင်းလဲ​ပေး​ပုံ

တေးဂီတ​သည် ရိုဖ်​မိုက်ကယ်​လ်​၏​အသက်​ဖြစ်သည်။ မူးယစ်​​ဆေးဝါး​သည် သူ၏​စွဲလမ်း​ရာ​ဖြစ်သည်။ ​ဂျာမနီ​နိုင်ငံ​မှ ​လူငယ်​တစ်ဦး​အနေ​ဖြင့် အရက်သောက်​ကြူး​ခဲ့​ပြီး အဲလ်​အက်စ်​ဒီ၊ ​ကို​ကင်း၊ ဆေးခြောက်​နှင့် ထုံထိုင်း​စေသည့်​အခြား​ဆေးဝါး​များ​ကို ပရမ်းပတာ​သုံးစွဲ​ခဲ့​၏။

ရိုဖ်​မိုက်ကယ်​လ်​သည် အာဖရိက​နိုင်ငံ​တစ်နိုင်ငံ​သို့ မူးယစ်​ဆေး​များ ခိုး​သွင်း​ရန် ကြိုးစား​နေစဉ် အဖမ်း​ခံရ​ပြီး ထောင်ဒဏ် ၁၃ လ​ကျ​ခဲ့​သည်။ ထောင်ကျ​နေစဉ် ဘဝ၏​စစ်မှန်သော​ရည် ရွယ်​ချက်​ကို သူ​တွေးတော​ချိန်​ရရှိခဲ့​၏။

ထို့နောက် ရိုဖ်​မိုက်ကယ်​လ်​နှင့် သူ့​ဇနီး​အာစူလာ​တို့သည် ဘဝ​အဓိပ္ပာယ်​နှင့် အမှန်တရားကို ​သဲ​သဲ​မဲ​မဲ​ရှာဖွေခဲ့​ကြသည်။ ခရစ်ယာန်​ချာ့ခ်ျ​များ​ကြောင့် စိတ်ပျက်ဖွယ်​တွေ့ ကြုံ​မှုများ ရရှိခဲ့ကြ​သော်လည်း သူတို့သည် ဘုရားသခင်​ကို သိလိုစိတ်​ပြင်းပြ​ခဲ့​ကြ​၏။ သို့ရာတွင် ​ဘာသာ​တရား​အမျိုးမျိုး​က သူတို့၏​မေးခွန်းများကို ကျေနပ်​လောက်​အောင် အဖြေ​များ မပေးနိုင်​ကြ​ပေ။ ထို့​ပြင် အဆိုပါ​​ဘာသာ​တရား​များ​က သူတို့၏​အသက်တာကို ပြောင်းလဲ​ပေး​နိုင်စွမ်း​မရှိ​ကြ​ချေ။

နောက်ဆုံး​တွင် ရိုဖ်​မိုက်ကယ်​လ်​နှင့် အာစူလာ​တို့သည် ယေဟောဝါသက်သေ​များနှင့် အဆက်အသွယ်​ရလေ​သည်။ သမ္မာကျမ်းစာ,စ​သင်​ကြသောအခါ ရိုဖ်​မိုက်ကယ်​လ်​သည် “ဘုရားသခင်​၌ ချဉ်းကပ်​ကြလော့။ သို့ပြုလျှင် သင်တို့ ၌ ချဉ်းကပ်​တော်​မူ​လိမ့်​မည်” ဟူသော ဆုံးမ​စကား​ကို အလွန်​စွဲမှတ်​သွားခဲ့​၏။ (ယာကုပ် ၄:၈) ​ထို​အခါ သူသည် ‘ဥပဓိရုပ်​ဟောင်း​ကို​ချွတ်ပယ်​၍ မှန်သော​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်​နှင့်အတူ​အမျှ ​ဖန်ဆင်း​သော ဥပဓိရုပ်​သစ်​ကို ယူတင်​ဝတ်ဆောင်’ ရန်​သန္နိ​ဋ္ဌာန်​ချ​​​ခဲ့သည်။​—ဧဖက် ၄:​၂၂-၂၄

ရိုဖ်​မိုက်ကယ်​လ်​သည် ဥပဓိရုပ်​သစ်​ကို မည်သို့​ယူတင်​ဝတ်ဆောင်​နိုင်​ခဲ့​သနည်း။ လူတစ်ဦး​၏​ဥပဓိရုပ်​ကို ‘တိကျ​မှန်ကန်သော​အသိပညာ​အားဖြင့်’ “ဖန်ဆင်း​တော်​မူ​သော​သူ” ယေဟောဝါ​ဘုရားသခင်​၏ “ပုံသဏ္ဌာန်​နှင့်​အညီ” ဝတ်ဆောင်​နိုင်​ကြောင်း သမ္မာကျမ်းစာ​မှ ​သူသိ​နားလည်​လာ​ခဲ့​သည်။​—ကောလောသဲ ၃:​၉-၁၁

ရိုဖ်​မိုက်ကယ်​လ်​သည် တိကျ​မှန်ကန်သော​အသိပညာကို​ရလာ​လေ သူ၏​အသက်တာကို သမ္မာကျမ်းစာ​မူများ​နှင့်​အညီ​ဖြစ်စေ​ရန် ကြိုးစား​အားထုတ်​လေ​ဖြစ်၏။ (ယောဟန် ၁၇:၃) ​မူးယစ်​ဆေးဖြတ်​ခြင်း​သည် မလွယ်ကူ​သော်လည်း ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ​​ချဉ်းကပ်​ပြီး ကိုယ်တော်​၏​အကူအညီ​ရရှိ​ခြင်း​​တန်ဖိုး​ကို ​ရိုဖ်​မိုက်ကယ်​လ် သဘောပေါက်​လာ​လေ​သည်။ (၁ ယောဟန် ၅:​၁၄၊ ၁၅) ဘုရားသခင်​၏​အလိုတော်ကို ကြိုးစားပမ်းစား​ဆောင်ရွက်​နေကြ​သော ယေဟောဝါသက်သေ​များနှင့် အနီးကပ်​ပူးပေါင်း​လုပ်ဆောင်ခြင်းဖြင့်​လည်း နောက်ထပ်​အကူအညီ​ရရှိခဲ့သည်။

ဤ​လောကသည် ရွေ့သွား​ကွယ်ပျောက်​သွားပြီး ဘုရားသခင့်​အလိုတော်​ဆောင်ရွက်​သူများ​သည် ထာဝစဉ်​တည်ရှိ​လိမ့်​မည်​ကို ​ရိုဖ်​မိုက်ကယ်​လ်​သိထားခြင်းက​လည်း အကူအညီ​ဖြစ်​ခဲ့​၏။ ဤ​လောကကို ခေတ္တ​ခဏ​မချစ်​ဘဲ မေတ္တာရှင်​ဘုရားသခင် ယေဟောဝါ​နှင့် အနီးကပ်​ဆက်ဆံမှု ရှိ​ခြင်း​မှ​ရမည့် ထာဝရ​ကောင်းချီး​ကို သူ​ရွေးချယ်​နိုင်​ခဲ့​သည်။ (၁ ယောဟန် ၂:​၁၅-၁၇) “ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို ရွှင်လန်း​စေ​လော့” ဟူ​သည့် နယပုံပြင် ၂၇:၁၁ ပါ​စကား​များ​က ရိုဖ်​မိုက်ကယ်​လ်​အတွက် အလွန်​စိတ်​စွဲမှတ်စရာ​ဖြစ်​ခဲ့​သည်။ ကျေးဇူး​တင်​လေးမြတ်​စွာ​ဖြင့် သူ​ဤသို့​ဆို​၏– “လူသားတွေကို ယေဟောဝါ​ရဲ့​စိတ်​ရွှင်လန်း​စေ​ခွင့်​ပေး​တဲ့​အတွက် ကိုယ်တော်​ရဲ့​မေတ္တာ ဘယ်လောက်​ကြီးမား​တယ်​ဆိုတာ​ကို ​ဒီ​အခန်းငယ်​က ဖော်ပြ​တယ်။”

ရိုဖ်​မိုက်ကယ်​လ်၊ သူ၏​ဇနီး​နှင့် သားသမီး​သုံးဦး​တို့​ကဲ့သို့​ပင် ထောင်သောင်း​မ​က​သော​သူတို့သည် သမ္မာကျမ်းစာ​မူများ​ကို လိုက်လျှောက်ခြင်း​အားဖြင့် အကျိုးကျေးဇူး​ခံစား​ခဲ့​ကြ​ရပြီ။ ဤသို့​သော​သူများကို ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါသက်သေ​များ​၏ အသင်းတော်များ​တွင် တွေ့ ရှိ​နိုင်၏။ ဝမ်းနည်းစရာမှာ၊ နိုင်ငံ​အချို့​တွင် သက်သေခံ​များသည် မိသားစု​များ​ကို ဖြိုခွဲ​နေသော အန္တရာယ်​ဂိုဏ်း​ဖြစ်သည်ဟု မဟုတ်မမှန် စွပ်စွဲ​ခံ​နေကြ​ရသည်။ ရိုဖ်​မိုက်ကယ်​လ်​၏​ကိုယ်တွေ့​အဖြစ်အပျက်က ထိုသို့​မဟုတ်​ကြောင်း ဖော်ပြ​သည်။​—ဟေဗြဲ ၄:၁၂

ဝိညာဉ်​ရေးရာ​များ​ကို ရှေးဦး​ထား​ရန် တိုက်တွန်း​ထားသော မဿဲ ၆:၃၃ သည် မိမိ၏​မိသားစုကို လမ်းမှန်​ပေါ်​ရောက်စေသည့် ​“သံ​လိုက်​အိမ်မြှောင်” နှင့်​တူ​သည်​ဟု ရိုဖ်​မိုက်ကယ်​လ်​က ပြောပြ​သည်။ ​ရိုဖ်​မိုက်ကယ်​လ်​နှင့် သူ၏​မိသားစု​သည် ခရစ်ယာန်​များ​အနေ​နှင့် ပျော်ရွှင်သော​မိသားစု​ဘဝ​ရရှိ​သည့်​အတွက် ယေဟောဝါ​ကို အလွန်​ကျေးဇူး​တင်​လျက်​ရှိကြ​၏။ “ငါ​၌ ထာဝရ​ဘုရား[သခင်]ပြု​တော်​မူ​သော ကျေးဇူး​အလုံးစုံ​တို့ကို အဘယ်​သို့​ဆပ်​ရမည်​နည်း” ဟူ၍ သီဆို​ခဲ့​သော ဆာလံဆရာ​၏​ခံစားချက်​ကို သူတို့ မျှဝေ​ခံစား​နေကြ​သည်။​—ဆာလံ ၁၁၆:၁၂

[စာမျက်နှာ ၉ ပါ အကျဉ်း​ဖော်ပြချက်]

ဘုရားသခင်​သည် မိမိ၏​စိတ်​ကို ရွှင်လန်း​စေရန် လူသားများ​ကို လုပ်ဆောင်ခွင့်​ပေး​ထား

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်]

သမ္မာကျမ်းစာ​မူများ အကျိုး​သက်ရောက်

လူများစွာကို သေစေနိုင်​သော​မူးယစ်​ဆေးဖြတ်​စေ​ခဲ့​သည့် သမ္မာကျမ်းစာ​မူများ​အနက် အချို့​သည် ​အောက်ပါ​အတိုင်း​ဖြစ်သည်–

“ထာဝရ​ဘုရား[သခင်]ကို ချစ်သော​သူတို့ မကောင်းသော​အမှုကို ရွံရှာ​ကြလော့။” (ဆာလံ ၉၇:၁၀) လူ​တစ်ဦး​သည် သေစေနိုင်​သော​အမူအကျင့်များ​၏ မကောင်းမှုကို သိရှိပြီး ၎င်းတို့ကို အမှန်တကယ်​မုန်းတီး​လာပြီ​ဆိုလျှင် ဘုရားသခင်​နှစ်သက်ရာ​များ​ကို လုပ်ဆောင်ရန် သာ၍​လွယ်ကူ​လာ​သည်။

“ပညာရှိ​တို့​နှင့်​ပေါင်းဖော်သော​သူသည် ပညာရှိ​တတ်၏။ လူ​မိုက်​တို့​နှင့်​ပေါင်းဖော်သော​သူ​မူ​ကား ပျက်စီး​တတ်၏။” (သု. ၁၃:၂၀) လူတစ်ဦး​သည် ​မူးယစ်​ဆေး​နှင့် အခြား​အရာများ​စွဲ​ခြင်း​ကို ငြင်းပယ်​ရန် အပေါင်းအသင်းများကို ဂရုတစိုက် ရွေးချယ်​ပေါင်းသင်း​ဖို့​လို​သည်။ သူ၏​သန္နိ​ဋ္ဌာန်​ကို ထောက်ခံ​ပေး​မည့် ခရစ်ယာန်​များနှင့် မိတ်ဆွေဖွဲ့​ခြင်း​သည် အမှန်ပင်​အကျိုး​ရှိ၏။

“အဘယ်​အမှုကို​မျှ စိုးရိမ်ခြင်း​မရှိဘဲ အရာရာ၌ ကျေးဇူးတော်​ကို ချီးမွမ်း​ခြင်း​နှင့်​တကွ ဆုတောင်း . . . သော​အားဖြင့် သင်တို့​တောင်းပန်​လို​သော​အရာများ​တို့ကို ဘုရားသခင်​အား ကြားလျှောက်​ကြလော့။ ထို​သို့ပြုလျှင် အဘယ်သူမျှ​ကြံ​၍​မမီ​နိုင်သော ဘုရားသခင်​၏​ငြိမ်သက်ခြင်း​သည် ယေရှု​ခရစ်​အားဖြင့် သင်တို့၏​စိတ်နှလုံး​တို့ကို စောင်မ​လိမ့်​မည်။” (ဖိလိပ္ပိ ၄:​၆၊ ၇) ဤသို့​သော​စိတ်​ငြိမ်သက်မှု​မျိုးကို မူးယစ်​ဆေး​မှီဝဲခြင်း​မှ မရရှိ​နိုင်​ချေ။ ထို့​ပြင် မူးယစ်​ဆေး​မ​သုံးစွဲ​ဘဲ ဘုရားသခင်​ကို ​ဆုတောင်း​အားကိုးခြင်း​ဖြင့် ဘဝ​ပြဿနာ​များ​ကို ​ကိုင်တွယ်​ဖြေရှင်း​နိုင်​ပေ​သည်။