မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဝိညာဉ်ရေးအကြောင်းပြောဆိုခြင်းက တည်ဆောက်ပေး

ဝိညာဉ်ရေးအကြောင်းပြောဆိုခြင်းက တည်ဆောက်ပေး

ဝိညာဉ်​ရေး​အကြောင်း​ပြောဆိုခြင်း​က တည်ဆောက်​ပေး

“ညစ်ညူး​သော​စကား​တစ်ခွန်း​ကို​မျှ သင်တို့​နှုတ်​ထဲ​က​မ​ထွက်​စေ​နှင့်။ ကြားနာ​သော​သူတို့၏​အကျိုးကို​ပြုစု​စေခြင်း​ငှာ၊ တည်ဆောက်​စ​ရာ​ဖို့ ကောင်းသော​စကား​ကို​သာ သုံးဆောင်​ကြလော့။”—ဧဖက် ၄:၂၉

၁၊ ၂။ (က) လူ့​စကား​သည် မည်မျှ​အဖိုးထိုက်​သနည်း။ (ခ) ယေဟောဝါသက်သေ​များသည် မိမိတို့​လျှာ​ကို မည်သို့​အသုံးပြု​လို​ကြ​သနည်း။

“လူ့​စကား​သည် လျှို့ဝှက်​ရာ​ဖြစ်သည်; ယင်းသည် ဘုရားသခင်​ပေး​သည့်​ဆုကျေးဇူး၊ အံ့ဖွယ်ရာ​တစ်ခု​ဖြစ်သည်” ဟု အဘိဓာန်​ပြုစုသူ လု​ဒ်​ဝ​စ်ခ်ျ​ခို​လာ​က ရေးသားခဲ့​သည်။ ဘုရားသခင်​ထံ​မှ​ရရှိသော ဤ​အဖိုးထိုက်​ဆုကျေးဇူး​ကို ကျွန်ုပ်​တို့​အရေးမထား​မိ​ဘဲ​နေ​ပေမည်။ (ယာကုပ် ၁:၁၇) သို့သော် ချစ်​မြတ်နိုး​ရသူ​တစ်ဦး လေဖြတ်​သွားသော​ကြောင့် စကား​မပြော​နိုင်​တော့​သည့်​အခါ​တွင် သူ၏​ဆုံးရှုံးမှု မည်မျှ​ကြီးမား​သည်ကို စဉ်းစား​ကြည့်​လိုက်ပါ။ “ကျွန်မ​တို့​မှာ အလွန်​ကောင်း​တဲ့ ဆက်သွယ်ရေး​နှောင်ကြိုး​ရှိခဲ့တယ်။ ကျွန်မ​တို့ စကားစမြည်​ပြောဆို​ခဲ့​ကြ​တာတွေကို လွမ်း​လိုက်တာ!” ဟု ဂျုံး​က​ရှင်းပြသည်၊ သူ၏​ခင်ပွန်း​မှာ မကြာသေးမီ​ကမှ လေဖြတ်​သွားခဲ့​၏။

စကားစမြည်​ပြောဆိုခြင်း​က မိတ်ဆွေ​အဖြစ် ခိုင်မြဲ​စေနိုင်​သည်၊ အထင်လွဲ​မှား​မှုများ​ကို ဖြေရှင်း​နိုင်​သည်၊ စိတ်​ညှိုးငယ်​နေသူကို အားပေးနိုင်​သည်၊ ယုံကြည်ခြင်း ခိုင်ခံ့​စေနိုင်​ပြီး ဘဝကို တိုးတက်​ကောင်းမွန်​စေနိုင်​သည်၊ သို့ရာတွင် စကားစမြည်​ပြောဆို​ရုံ​ဖြင့် ထိုသို့​အလိုအလျောက်​ဖြစ်လာ​မည်​မဟုတ်ပါ။ ပညာရှိ​ရှောလမုန်​ဘုရင်​က ဤသို့​ဆို​ခဲ့​၏– “သန်လျက်နှင့်​ထိုး​သကဲ့သို့ မစဉ်း​စား​ဘဲ​ပြောဆို​တတ်သော​သူ​အချို့​ရှိ၏။ ပညာရှိ​တို့၏​လျှာ​မူ​ကား အနာ​ကို​ငြိမ်း​စေ​တတ်၏။” (သု. ၁၂:၁၈သမ္မာ) ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် စိတ်နာ​စေပြီး ဖြိုဖျက်​မည့်​စကား​များ​ကို မပြော​ဆိုလို​ဘဲ စိတ်သက်သာရာ​ရစေ​ပြီး တည်ဆောက်မှု​ပေး​သော​စကား​များ​ကို​သာ ပြောဆို​လို​ကြသည်။ ထို့​ပြင် လူ​တို့ကို​ဟောပြော​ချိန်​တွင်​ဖြစ်စေ၊ အချင်းချင်း​စကားစမြည်​ပြောဆိုချိန်​တွင်​ဖြစ်စေ ကျွန်ုပ်​တို့၏​လျှာ​ဖြင့် ယေဟောဝါ​အား ချီးမွမ်း​လို​ကြသည်။ ဆာလံဆရာ​က “အကျွန်ုပ်​တို့သည် မခြားမလပ်​ဘုရားသခင်​၌​ဝါကြွား​၍ နာမတော်​ကို အစဉ်​ချီးမွမ်း​ကြ​ပါ​လိမ့်​မည်” ဟု​သီဆို​ခဲ့​၏။—ဆာလံ ၄၄:၈

၃၊ ၄။ (က) ကျွန်ုပ်​တို့အားလုံး စကားပြော​ဆို​ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​ပြဿနာ ရင်ဆိုင်​ကြ​ရသနည်း။ (ခ) ကျွန်ုပ်​တို့၏​အပြောအဆို​သည် အဘယ်ကြောင့်​အရေးကြီး​သနည်း။

“လျှာ​ကို​ကား အဘယ်​လူ​မျှ မအောင်​နိုင်” ဟု တပည့်​ဖြစ်သူ​ယာကုပ် သတိပေး​ခဲ့​၏။ ထို့​ပြင် သူက “ငါ​တို့​ရှိသမျှသည် အများ​သော​အားဖြင့် မှား​တတ်ကြ​၏။ စကား​အားဖြင့် မှား​ခြင်း​မရှိသော​သူ​မည်​သည်​ကား၊ စုံလင်သော​သူ​ဖြစ်၏။ မိမိ​ကိုယ်​တစ်ကိုယ်လုံး​ကို ချုပ်တည်း​နိုင်သော​သူ​ဖြစ်၏” ဟု ကျွန်ုပ်​တို့ကို သတိပေး​နှိုးဆော်​သေး​သည်။ (ယာကုပ် ၃:၂၊ ၈) ကျွန်ုပ်​တို့​တစ်ယောက်မျှ မစုံလင်​ပေ။ ထို့​ကြောင့် ကျွန်ုပ်​တို့​တွင်​သဘော​မှန်​ရှိလျှင်​ပင် ကျွန်ုပ်​တို့​ပြောဆို​သော​စကား​ဖြင့် သူတစ်ပါးကို အမြဲ​တည်ဆောက်​ပေး​သည်မဟုတ်၊ ဖန်ဆင်း​ရှင်​အား အမြဲ​ချီးမွမ်း​သည်မဟုတ်​ပေ။ သို့​ဖြစ်​ရ​ကား ကျွန်ုပ်​တို့၏​အပြောအဆိုကို ဂရုစိုက်​ရ​ပေမည်။ ထို့​ပြင် ယေရှု​ဤသို့​မိန့်ဆိုခဲ့သည်– “ငါ​ဆိုသည်ကား၊ လူတို့သည် အကျိုးမဲ့​သော​စကား​ကို ပြော​သမျှ​အတွက်၊ တရား​ဆုံးဖြတ်​သော​နေ့၌ စစ်ကြော​ခြင်း​ကို ခံရ​ကြ​လတ္တံ့။ သင့်​စကား​များ​အားဖြင့် သင်သည် အပြစ်​လွတ်​လိမ့်​မည်။ သို့​မဟုတ် သင့်​စကား​များ​အားဖြင့် အပြစ်စီရင်​ခြင်း​ကို​ခံရ​လိမ့်​မည်။” (မဿဲ ၁၂:၃၆၊ ၃၇) မှန်ပါသည်၊ စစ်မှန်သော​ဘုရားသခင်​သည် ကျွန်ုပ်​တို့အား မိမိတို့​အပြောအဆို​အတွက် တာဝန်​ယူ​စေ​သည်။

ထိခိုက်​နစ်နာ​စေ​တတ်သော​အပြောအဆိုကို ရှောင်ကြဉ်​ရန် အကောင်းဆုံး​နည်းလမ်း​တစ်ခု​မှာ ဝိညာဉ်​ရေး​အကြောင်း​ပြောဆို​သည့်​အကျင့်ကို မွေးမြူ​ပေးခြင်း​ဖြစ်သည်။ ထိုသို့ ကျွန်ုပ်​တို့​မည်သို့​ပြုလုပ်​နိုင်​ကြောင်း၊ အဘယ်​အကြောင်းအရာများ​ကို ပြောဆို​နိုင်​ကြောင်း​နှင့် တည်ဆောက်မှု​ပေး​သော​စကား​များ​မှ အဘယ်​အကျိုးကျေးဇူးများ​ရရှိနိုင်​ကြောင်း​တို့ကို ဤ​ဆောင်းပါး​တွင် သုံးသပ်​ဆင်ခြင်​ကြ​မည်။

နှလုံးကို​ဂရုပြု​လော့

၅။ တည်ဆောက်မှု​ဖြစ်စေ​သော စကားစမြည်​ပြောဆိုခြင်း​ကို ပြုစု​ပျိုးထောင်​ရာ​တွင် နှလုံး​သည် မည်သို့​အဓိကကျ​သနည်း။

တည်ဆောက်မှု​ပေး​သော​စကား​ကို ပြောဆို​သည့်​အကျင့် မွေးမြူရာ​တွင် ကျွန်ုပ်​တို့​ပြောဆို​သည့်​စကား​သည် ကျွန်ုပ်​တို့​နှလုံး​တွင် အဘယ်အရာ​ရှိကြောင်း​ဖော်ပြ​သည်ကို ဦးဆုံး အသိအမှတ်ပြု​ရမည်။ ယေရှု​က “စိတ်နှလုံး​အပြည့်​ရှိသည်​အတိုင်း နှုတ်မြွက်​တတ်၏” ဟု​ဆို​ခဲ့​၏။ (မဿဲ ၁၂:၃၄) ရိုးရိုး​ပြော​ရ​လျှင် ကျွန်ုပ်​တို့အတွက် အရေးကြီး​သည့်​အကြောင်းအရာများ​ကို ကျွန်ုပ်​တို့​ပြောဆို​တတ်ကြ​သည်။ သို့​ဖြစ်၍ မိမိတို့​ကိုယ်ကို ဤသို့​မေးမြန်း​ဖို့​လို​သည်– ‘ငါ့ရဲ့​အပြောအဆို​တွေ​က ငါ့​နှလုံး​အခြေအနေ​နဲ့​ပတ်သက်ပြီး ဘာကို​ဖော်ပြ​နေသလဲ။ ငါ့​မိသားစု၊ ဒါမှ​မဟုတ် ယုံကြည်သူချင်းတွေနဲ့ ငါ​အတူ​ရှိနေတဲ့​အခါ ဝိညာဉ်​ရေး​အကြောင်းကို အဓိက​ထား​ပြောဆို​သလား၊ ဒါမှ​မဟုတ် အားကစား၊ အဝတ်အစား၊ ရုပ်ရှင်၊ အစားအသောက်၊ ငါ​နောက်ဆုံး​ဝယ်​တဲ့​ပစ္စည်း​တွေ​နဲ့ တခြား​အရေး​မကြီးတဲ့​အကြောင်း​တွေ​ကိုပဲ အမြဲ​ပြောတတ်​သလား။’ ကျွန်ုပ်​တို့၏​အသက်တာ​နှင့် ကျွန်ုပ်​တို့၏​အတွေးအခေါ်​များသည် မရည်ရွယ်​ဘဲ​နှင့် အရေးမပါ​သည့်​ကိစ္စရပ်​များ​အပေါ် အဓိက​ထား​နေ​ပေမည်။ ကျွန်ုပ်​တို့​ဦးစားထားရာ​များ​ကို ပြုပြင်​ပြောင်းလဲ​ပေးခြင်း​ဖြင့် ကျွန်ုပ်​တို့​ပြောဆို​သော​စကား​အပြင် ကျွန်ုပ်​တို့၏​အသက်တာ​ပါ တိုးတက်​ကောင်းမွန်​လာ​ပေ​လိမ့်​မည်။—ဖိလိပ္ပိ ၁:၁၀က​ဘ။

၆။ ကျွန်ုပ်​တို့​စကားစမြည်​ပြောဆို​ရာ​တွင် တွေးတော​ဆင်ခြင်မှု​သည် အဘယ်​အပိုင်းကဏ္ဍ​တွင် ပါဝင်​သနည်း။

ရည်ရွယ်ချက်​ရှိ​ရှိ တွေးတော​ဆင်ခြင်ခြင်း​သည် ကျွန်ုပ်​တို့၏​အပြောအဆိုကို​တိုးတက်စေ​သည့် နောက်တစ်နည်း​ဖြစ်၏။ ဝိညာဉ်​ရေးရာ​ကို သတိရှိရှိ ကြိုးစား​တွေးတော​မည်​ဆိုလျှင် ဝိညာဉ်​ရေး​စကား​ကို အလိုအလျောက်​ပြောဆို​လာပေမည်။ ဤ​ဆက်နွှယ်မှု​ကို ဘုရင်​ဒါဝိဒ်​သဘောပေါက်​သဖြင့် သူ​ဤသို့​သီကုံး​စပ်ဆို​ခဲ့​သည်– “အကျွန်ုပ်​ပြော​သော​စကား​နှင့် စိတ်နှလုံး​၏​အကြံအစည်​သည် ရှေ့တော်၌​နှစ်သက်ဖွယ်​ဖြစ်ပါစေ​သော။ အို​ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ]။” (ဆာလံ ၁၉:၁၄) ဆာလံဆရာ​အာသပ်​က​လည်း ဤသို့​ဆို​ခဲ့​၏– “[ဘုရားသခင်] ပြု​တော်​မူသမျှ​တို့ကို​ဆင်ခြင်​၍ စီရင်တော်မူ​သော​အရာ​တို့ကို မြွက်ဆို​ပါ​မည်။” (ဆာလံ ၇၇:၁၂) စိတ်နှလုံး​ထဲ​၌ ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ဆိုင်ရာ အမှန်တရား​များ​ကို အလွန်​စိတ်​စွဲလမ်း​နေလျှင် ချီးမွမ်းဖွယ်​သော​စကား​များ နှုတ်​မှ​အလိုလို​ထွက်​လာ​မည်။ ယေရမိ​သည် ယေဟောဝါ​သွန်သင်​ပေး​ခဲ့​သမျှ​ကို မပြော​ဘဲ​မနေနိုင်​ခဲ့​ချေ။ (ယေရမိ ၂၀:၉) ကျွန်ုပ်​တို့​လည်း ဝိညာဉ်​ရေးရာ​များ​ကို မှန်မှန်​စဉ်းစား​ဆင်ခြင်​နေကြ​မည်​ဆိုလျှင် ထိုသို့​ပင်​ဖြစ်​လိမ့်​မည်။—၁ တိမောသေ ၄:၁၅

၇၊ ၈။ အဘယ်​တည်ဆောက်​စ​ရာ​အကြောင်း​များ​ကို ပြောဆို​ဆွေးနွေး​လျှင် ကောင်း​မည်​နည်း။

ဝိညာဉ်​ရေးရာ​များ​အတွက် အစီအစဉ်​ကောင်း​တစ်ခု​ရှိ​ထားခြင်း​က တည်ဆောက်မှု​ဖြစ်စေ​သော စကား​များ​ပြောဆို​ရန် အကြောင်းအရာ​မြောက်မြားစွာ ရှိစေ​လိမ့်​မည်။ (ဖိလိပ္ပိ ၃:၁၆) စည်းဝေးပွဲ​များ၊ စည်းဝေးကြီး​များ၊ အသင်းတော်​အစည်းအဝေး​များ၊ နောက်ဆုံး​ထုတ်​စာပေ​များ၊ နေ့စဉ်​ကျမ်းချက်​နှင့် သက်ဆိုင်ရာ​ပုံနှိပ်​ထား​သည့်​မှတ်ချက်​တို့သည် အခြား​သူတို့ကို ကျွန်ုပ်​တို့​မျှဝေ​ပြောဆို​နိုင်​သည့် ဝိညာဉ်​ရေး​အဖိုးတန်​စကား​များစွာ​ရှိစေသည်။ (မဿဲ ၁၃:၅၂) ထို့​ပြင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​မှ​ရရှိ​သည့် တွေ့ကြုံမှု​များသည်​လည်း ဝိညာဉ်​ရေး​တိုးတက်​ဖို့​အတွက် တကယ်​အားရှိစရာ​များ ဖြစ်​ပေ​လိမ့်​မည်!

ဣသရေလ​နိုင်ငံ​တွင် ရှောလမုန်​ဘုရင်​တွေ့မြင်​ခဲ့​သည့် အမျိုးမျိုးသော သစ်ပင်​များ၊ တိရစ္ဆာန်​များ၊ ငှက်​များနှင့် ငါး​များ​တို့​က သူ့​အတွက် စိတ်ဝင်စားစရာ​ဖြစ်​ခဲ့​၏။ (၃ ဓမ္မ​ရာဇဝင် ၄:၃၃) ဘုရားသခင့်​ဖန်ဆင်း​ခြင်း လက်ရာတော်​များ​အကြောင်း ပြောဆို​ဖို့ သူ​အထူး​နှစ်ခြိုက်​ခဲ့​သည်။ ကျွန်ုပ်​တို့​လည်း ထပ်တူ​ပြောဆို​နိုင်​ပါ​သည်။ ယေဟောဝါ​၏​ကျေးကျွန်​များသည် အကြောင်းအရာ​အမျိုးမျိုးကို ပြောဆို​လို​ကြ​၏၊ သို့သော် ဝိညာဉ်​ရေး​စိတ်ထား​ရှိ​သူများ​၏​စကား​တွင် ဝိညာဉ်​ရေးရာ​နှင့်​ဆိုင်သော​အကြောင်းအရာများ​သည် အမြဲ​ပင် နှစ်လိုဖွယ်​အစိတ်အပိုင်း​တစ်ခု​ဖြစ်​နိုင်​သည်။—၁ ကောရိန္သု ၂:၁၃

“ဤ​အရာများ​ကို ဆက်လက်​ဆင်ခြင်​သုံးသပ်ကြ​လော့”

၉။ ဖိလိပ္ပိ​မြို့သား​တို့အား ပေါလု​အဘယ်​သို့​ဆို​ဆုံးမ​ခဲ့​သနည်း။

မည်သည့်​အကြောင်းအရာ​ပင်​ဖြစ်ပါစေ၊ ဖိလိပ္ပိ​အသင်းတော်ကို တမန်​တော်​ပေါလု​ပေး​ခဲ့​သည့် ဆုံးမ​စကား​ကို လိုက်နာ​ပြီး စကားပြော​ဆို​ကြ​မည်​ဆိုလျှင် သူတစ်ပါးကို တည်ဆောက်​ပေး​နိုင်​ပါ​လိမ့်​မည်။ သူ​ဤသို့​ရေးသားခဲ့​၏– “မှန်ကန်သော​အရာရှိသမျှ၊ အလေးအနက်​ထား​ရသော​အရာရှိသမျှ၊ ဖြောင့်မတ်​သော​အရာရှိသမျှ၊ စင်ကြယ်သော​အရာရှိသမျှ၊ ချစ်ဖွယ်သော​အရာရှိသမျှ၊ အသရေရှိသော​အရာရှိသမျှ၊ မွန်မြတ်သော​အရာရှိသမျှ၊ ချီးမွမ်းဖွယ်​သော​အရာရှိသမျှ​တို့ကို ဆက်လက်​ဆင်ခြင်​သုံးသပ်ကြ​လော့။” (ဖိလိပ္ပိ ၄:၈က​ဘ) ပေါလု​ဖော်ပြ​ခဲ့​သည့် အဆိုပါ​အကြောင်းအရာများ​သည် အလွန်​အရေးပါ​သဖြင့် သူက ဤ​အရာများ​ကို ဆက်လက်​ဆင်ခြင်​သုံးသပ်ကြ​လော့” ဟု​မှာကြား​သည်။ ကျွန်ုပ်​တို့​စိတ်နှလုံး​ထဲ​တွင် ထို​အကြောင်းအရာများ အပြည့်​ရှိနေ​သင့်​သည်။ ထို့​ကြောင့် ပေါလု​ကိုးကား​ဖော်ပြ​ထား​သည့် ထို​အရာ​ရှစ်​မျိုး​မှ တစ်ခု​ချင်း​စီ​သည် ကျွန်ုပ်​တို့၏​စကားစမြည်​ပြောဆိုမှု​ကို မည်သို့​အကူအညီ​ပေး​နိုင်​ကြောင်း ကြည့်​ကြ​စို့။

၁၀။ ကျွန်ုပ်​တို့​ပြောဆို​သော​စကား​တွင် မှန်ကန်သော​စကား​များ မည်သို့​ပါဝင်​စေနိုင်​မည်​နည်း။

၁၀ မှန်ကန်​သည့်​အရာများ​တွင် ဟုတ်မှန်​၍ မ​မှားယွင်း​သည့်​အကြောင်း​ထက်မက ပါဝင်​သည်။ ယင်းသည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ အမှန်တရား​ကဲ့သို့​သော ဖြောင့်မတ်​မှန်ကန်​ပြီး ယုံကြည်​စိတ်ချ​နိုင်​သည့်​အရာများ​ကို ရည်ညွှန်း​သည်။ ထို့​ကြောင့် ကျွန်ုပ်​တို့​စွဲမှတ်​သွား​သည့် ကျမ်းစာ​အမှန်တရား​များ၊ ကျွန်ုပ်​တို့၏​စိတ်ဓာတ်​ကို​မြှင့်တင်​ပေး​သည့် ဟောပြောချက်​များ၊ သို့​မဟုတ် ကျွန်ုပ်​တို့ကို ကူညီပေး​ခဲ့​သည့် ကျမ်းစာ​အကြံပေး​ချက်​များ​ကို သူတစ်ပါး​အား ပြောပြ​ကြသောအခါ ကျွန်ုပ်​တို့သည် မှန်ကန်သော​အရာများ​ကို ဆင်ခြင်​သုံးသပ်​နေခြင်း​ဖြစ်သည်။ အခြား​တစ်ဖက်​တွင်​မူ ကျွန်ုပ်​တို့သည် မှန်ကန်ပုံ​ပေါက်​သော “လူ​အချို့​တို့ မှားယွင်းစွာ​ခေါ်ဆို​သည့် ‘အသိပညာ’” ကို ငြင်းပယ်​ကြသည်။ (၁ တိမောသေ ၆:၂၀သတင်းကောင်း) မှန်ကန်ကြောင်း​အသေအချာ​မသိ​သည့် သံသယဖြစ်ဖွယ် တွေ့ကြုံမှု​များ​ကိုလည်း​ကောင်း၊ အတင်းအဖျင်း​စကား​ကိုလည်း​ကောင်း တစ်ဆင့်​မပြော​ဆို​မိဖို့ သတိထား​ကြသည်။

၁၁။ ကျွန်ုပ်​တို့​စကား​လက်ဆုံ​ကျ​သည့်​အချိန်​အခါ​များ​တွင် အဘယ်​အလေးအနက်​ထား​ရသော​အရာများ​ကို ပြောဆို​နိုင်​သနည်း။

၁၁ အလေးအနက်​ထား​ရသော​အရာများ​မှာ ပေါ့​တန်​၍ အသေးအဖွဲ​မဟုတ်ဘဲ အသရေ​ရှိပြီး အရေးပါသည့်​အကြောင်းအရာများ​ဖြစ်သည်။ ၎င်း​တို့​တွင် ကျွန်ုပ်​တို့၏​ခရစ်ယာန်​ဓမ္မ​အမှု​အကြောင်း၊ ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည့် ခဲယဉ်း​သော​အချိန်ကာလ​အကြောင်း​နှင့် အမူအကျင့်ကောင်း​ကို ထိန်းသိမ်းဖို့​လို​သည့်​အကြောင်း​များ ပါဝင်​ပေ​သည်။ ထိုသို့​သော​အလေးအနက်​ထား​ရမည့် ကိစ္စရပ်​များ​ကို ကျွန်ုပ်​တို့​ဆွေးနွေး​ပြောဆို​ကြသောအခါ ဝိညာဉ်​ရေး​ဘက် ဆက်​နိုး​ကြားနေ​ရန် ကျွန်ုပ်​တို့၏​စိတ်ပိုင်းဖြတ်​ချက်​ကို ခိုင်ခံ့​စေ​သည်၊ ကျွန်ုပ်​တို့၏​တည်ကြည်မှု​ကို ထိန်းသိမ်း​ထားပြီး သတင်းကောင်းကို ဆက်​ဟောပြော​စေ​သည်။ ဓမ္မ​အမှု​တွင်​ကြုံတွေ့​ရသည့် စိတ်ဝင်စားစရာ​ကောင်းသော တွေ့ကြုံမှု​များနှင့် နောက်ဆုံးသော​နေ့ရက်​များ​တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ကြောင်း သတိပေး​သည့် လတ်တလော​ဖြစ်ရပ်​များ​ကြောင့် ပြော​ချင်​စ​ရာ​အကြောင်း​အဖုံဖုံ ရလာ​သည်။—တမန်​တော် ၁၄:၂၇; ၂ တိမောသေ ၃:၁-၅သမ္မာ။

၁၂။ ဖြောင့်မတ်​ပြီး စင်ကြယ်သော​အရာများ​ကို ဆင်ခြင်​သုံးသပ်ပါ​ဟု ပေါလု​အကြံပေး​ထား​ရာ အဘယ်အရာကို မပြော​ဆို​သင့်​သနည်း။

၁၂ ဖြောင့်မတ်​သည်​ဟူသော​စကားလုံး​၏​အဓိပ္ပာယ်​မှာ ဘုရားသခင်​ရှေ့တွင် မှန်ကန်​ခြင်း၊ ကိုယ်တော့်​စံနှုန်း​များ​ကို​မီ​ခြင်း​ဖြစ်သည်။ စင်ကြယ်​ခြင်း​ဟူ​သည့်​စကားလုံး​မှာ​မူ အတွေးအခေါ်​နှင့် အမူအကျင့်​တို့​တွင် သန့်ရှင်း​စင်ကြယ်​သည့်​သဘောဆောင်​သည်။ ကျွန်ုပ်​တို့​စကားပြော​ဆို​ကြ​ရာ​တွင် အသရေ​ရှုတ်ချ​သည့်​စကား၊ ညစ်ညမ်း​သော​ပြက်လုံး​များ၊ လိင်​နှင့်​ပတ်သက်ပြီး စောင်း​ချိတ်​ပြောဆို​သည့်​စကားလုံး​များ​ကို မပြော​ဆို​သင့်​ချေ။ (ဧဖက် ၅:၃; ကောလောသဲ ၃:၈) အလုပ်ခွင်​တွင်​ဖြစ်စေ၊ ကျောင်းတွင်​ဖြစ်စေ ဝိုင်းဖွဲ့​စကားပြော​ဆို​ရာ​တွင် ဤသို့​သော​အပြောအဆို​မျိုး​ပါဝင်​လာ​လျှင် ပညာရှိ​ခရစ်ယာန်​များသည် ပညာရှိ​စွာ ရှောင်​ထွက်သွား​ကြသည်။

၁၃။ ချစ်ဖွယ်သော​အရာများ​နှင့် အသရေရှိသော​အရာ​တို့ကို အာရုံစိုက်​ပြောဆို​သည့် ပုံ​နမူနာ​များ​ပေး​ပါ။

၁၃ ချစ်ဖွယ်သော​အရာများ​ကို ဆင်ခြင်​သုံးသပ်​ဖို့ ပေါလု​အကြံပြု​သောအခါ မုန်းတီးမှု၊ ခါးသီး​နာကြည်းမှု၊ အငြင်းပွားမှု​တို့ကို ဖြစ်ပေါ်​စေသည့်​အရာများ​အစား နှစ်လိုဖွယ်​ဖြစ်​ပြီး ဖော်ရွေ​ပျူ​ငှာ​၍ မေတ္တာပါ​သည့် အကြောင်းအရာများ​ကို သူ​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ အသရေရှိသော​အရာများ​သည် ဂုဏ်​သတင်း​မွှေး​သော သတင်း​အချက်အလက်​တို့ကို​ဆိုလို​သည်။ ထိုသို့​ကောင်းသော​သတင်း​များ​တွင် ကင်းမျှော်စင်​နှင့် နိုးလော့!မဂ္ဂဇင်း​များ​ပါ တည်ကြည်သော ညီအစ်ကို​ညီအစ်မ​များ​၏ ဘဝ​အတ္ထုပ္ပတ္တိ​များ​ပါဝင်​သည်။ ယုံကြည်ခြင်း​ခိုင်ခံ့​စေသည့် ဤ​ဆောင်းပါး​များ​ကို သင်​ဖတ်ရှု​ပြီး​နောက် သင်​စွဲမှတ်​သွား​သည့်​အကြောင်းအရာများ​ကို အခြားသူများ​အား မျှဝေ​ပြောဆို​ပါ​လေ။ သူတစ်ပါး​၏ ဝိညာဉ်​ရေး​ဘက် ဖြစ်မြောက်အောင်​မြင်​မှုများ​အကြောင်း ကြားသိ​ရခြင်း​က အလွန်​အားရှိစေ​ပါ​သည်! ဤသို့​သော အကြောင်းအရာများ​ကို​ပြောဆိုခြင်း​က အသင်းတော်တွင် မေတ္တာ​နှင့်​စည်းလုံးမှု ဖြစ်ပေါ်​စေပါ​လိမ့်​မည်။

၁၄။ (က) မွန်မြတ်သော​အရာ​ကို ကျွန်ုပ်​တို့​တင်ပြ​ကြ​ရန် အဘယ်အရာ​လို​သနည်း။ (ခ) ကျွန်ုပ်​တို့​စကားပြော​ဆို​ရာ​တွင် ချီးမွမ်းဖွယ်​သော​အရာများ​ကို မည်သို့​ထည့်​ပြော​နိုင်​သနည်း။

၁၄ “မွန်မြတ်သော​အရာရှိသမျှ” အကြောင်း ပေါလု​ပြောဆို​သေး​သည်။ မွန်မြတ်​ခြင်း​သည် ကောင်းမြတ်​ခြင်း သို့​မဟုတ် ကိုယ်ကျင့်တရား​အလွန်​ကောင်းမွန်​ခြင်း​ကို ရည်ညွှန်း​သည်။ ကျွန်ုပ်​တို့သည် ကျမ်းစာ​မူများ​၏​လမ်းညွှန်မှု​အတိုင်း စကားပြော​ဆို​ကြ​ကာ ဖြောင့်မတ်၊ စင်ကြယ်​ပြီး မွန်မြတ်​သည့်​အရာများ​မှ မ​သွေဖည်​သွား​ကြဖို့ ဂရုစိုက်​ရမည်။ ချီးမွမ်းဖွယ်​သော​အရာ​သည် “ချီးကျူး​သင့်​သည့်​အရာ” ကို​ဆိုလို​သည်။ သင်သည် အသင်းတော်တွင် ဟောပြောချက်​ကောင်း​တစ်ခု​ကို​ကြားနာ​ရသည့်​အခါ သို့​မဟုတ် တည်ကြည်မှု​ကို​တင်ပြ​သည့် ပုံသက်သေ​ကောင်း​တစ်ခု​ကို သတိပြုမိ​သောအခါ သက်ဆိုင်သူ​ကို​ရော အခြားသူ​တို့ကို​ပါ ချီးမွမ်း​စကားပြော​ဆို​သင့်​သည်။ တမန်​တော်​ပေါလု​သည် ဝတ်ပြုသူချင်း​များ​၏ မွန်မြတ်သော​အရည်အသွေးများ​ကို ရံဖန်ရံခါ ချီးမွမ်း​ပြောဆို​လေ့​ရှိ၏။ (ရောမ ၁၆:၁၂; ဖိလိပ္ပိ ၂:၁၉-၂၂; ဖိလေမုန် ၄-၇) ကျွန်ုပ်​တို့​ဖန်ဆင်း​ရှင်​၏​လက်ရာတော်​သည် အမှန်ပင် ချီးမွမ်းဖွယ်​ဖြစ်သည်။ ကိုယ်တော့်​ဖန်ဆင်း​ခြင်း​လက်ရာများ​တွင် တည်ဆောက်မှု​ဖြစ်စေ​မည့် ပြောဆို​စ​ရာ​အကြောင်း​များစွာ​ရှိသည်။—သု. ၆:၆-၈; ၂၀:၁၂; ၂၆:၂

တည်ဆောက်မှု​ဖြစ်စေ​သော​စကား​ကို ပြောဆို​ပါ

၁၅။ မိဘများသည် သားသမီး​များ​ကို အဓိပ္ပာယ်​ပြည့်ဝသော စကား​များ​ပြောဆို​ပေး​ကြ​ရန် အဘယ်​ကျမ်းစာ​မိန့်မှာချက်​ရှိ​သနည်း။

၁၅ တရားဟောရာ ၆:၆၊ ၇ က ဤသို့​ဆို​သည်– “ယနေ့​ငါ​မှာ​ထားသော​စကား​ကို နှလုံး​သွင်း​ရမည်။ ထိုစကား​ကို သင်၏​သားသမီးတို့​အား ကြိုး​စား၍​သွန်သင်​ရမည်။ အိမ်​၌​ထိုင်​လျက်​နေသည်​ဖြစ်စေ၊ ခရီး​၌​သွား​သည်​ဖြစ်စေ၊ အိပ်​လျက်၊ ထ​လျက်​ရှိသည်​ဖြစ်စေ၊ ထိုစကား​ကို​ပြော​ရမည်။” ဤ​မိန့်မှာချက်​အရ မိဘများသည် သားသမီး​များ​ကို အဓိပ္ပာယ်​ပြည့်ဝသော ဝိညာဉ်​ရေး​စကား​များ ပြောဆို​ပေးဖို့​လို​ကြောင်း ထင်ရှားစေ​သည်။

၁၆၊ ၁၇။ ယေဟောဝါ​နှင့်​အာဗြဟံ​တို့၏ ပုံသက်သေ​မှ ခရစ်ယာန်​မိဘများ အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

၁၆ ယေရှုသည် မိမိ၏​မြေကြီးဆိုင်ရာ​တာဝန်​အကြောင်း မိမိ၏​ကောင်းကင်​ခမည်းတော်​နှင့် ကြာမြင့်စွာ​ဆွေးနွေး​ပြောဆို​ခဲ့​ခြင်း​ကို ကျွန်ုပ်​တို့​မြင်ယောင်​ကြည့်​နိုင်​ပါ​သည်။ ယေရှု​က “ငါ့ကို​စေလွှတ်​တော်​မူ​သော​ခမည်းတော်​သည် အဘယ်​သို့​ငါ​ဆုံးမ​ဟောပြော​ရမည်ကို ပညတ်​ပေး​တော်​မူ​ပြီ” ဟု မိမိ၏​နောက်လိုက်​များ​အား ပြောဆို​ခဲ့​သည်။ (ယောဟန် ၁၂:၄၉; တရားဟောရာ ၁၈:၁၈) ဘိုးဘေး​အာဗြဟံ​သည် သား​ဣဇာက်​အား မိမိတို့​နှင့် မိမိတို့၏​ဘိုးဘေး​များ​ကို ယေဟောဝါ​မည်သို့​ကောင်းချီး​ပေး​ခဲ့​ကြောင်း အချိန်​ယူ​ပြောပြ​ခဲ့​ပေမည်။ ထိုသို့​အပြန်အလှန်​စကားပြော​ဆို​ခဲ့​ခြင်း​က ယေရှု​နှင့် ဣဇာက်​ကို​ပါ ဘုရားသခင့်​အလိုတော်ကို နှိမ့်ချစွာ​ဆောင်ရွက်ရန် အမှန်တကယ် ကူညီပေး​ခဲ့​သည်။—ကမ္ဘာဦး ၂၂:၇-၉; မဿဲ ၂၆:၃၉

၁၇ ကျွန်ုပ်​တို့၏​သားသမီး​များလည်း တည်ဆောက်မှု​ပေး​သော စကား​များ​ကြား​ရဖို့​လို​သည်။ မိဘများသည် အလုပ်များ​ကြသော်လည်း သားသမီး​များ​ကို စကားပြော​ဆို​ဖို့ အချိန်​ရှာယူ​ရမည်။ ဖြစ်​နိုင်​မည်​ဆိုလျှင် တစ်နေ့​လျှင် အနည်းဆုံး​တစ်ကြိမ် မိသားစု​လိုက် အတူတကွ​အစာ​စားဖို့ စီစဉ်​ပါ​လေ။ ဤသို့​အစာစား​စဉ်​ဖြစ်စေ၊ အစာစား​ပြီး​နောက်​၌​ဖြစ်စေ တည်ဆောက်မှု​ပေး​သော​စကား​များ ပြောဆို​ဆွေးနွေး​ကြ​ရန် အခွင့်အရေး​ရမည်၊ သို့​ပြုခြင်း​က မိသားစု​၏ ဝိညာဉ်​ရေး​ကျန်းမာ​မှု​အတွက် အဖိုး​မ​ဖြတ်​နိုင်​ပေ။

၁၈။ မိဘ​နှင့်​သားသမီး​များ​စပ်ကြား အဆက်အသွယ်​ကောင်းခြင်း​၏ အကျိုးကျေးဇူးများ​ကို​ဖော်ပြ​သည့် တွေ့ကြုံမှု​တစ်ခု​ကို ပြောပြ​ပါ။

၁၈ အသက် ၂၀ ကျော်​အရွယ်​ရှိ ရှေ့ဆောင်​တစ်ဦး​ဖြစ်သူ အ​လီ​ဂျန်ဒရို​က သူ​အသက် ၁၄ နှစ်အရွယ်​တွင် သံသယများ​ရှိခဲ့​သည်ကို ပြန်သတိရ​၏။ သူ​ဤသို့​ပြန်​ပြောပြ​သည်– “ကျောင်းနေ​ဖက်​တွေ​နဲ့ ဆရာ​ဆရာမ​တွေ​ရဲ့ ဩဇာ​လွှမ်းမိုးမှု​ကြောင့် ဘုရားသခင်​ရှိတယ်၊ ကျမ်းစာ​မှန်တယ်​ဆိုတာ​ကို ကျွန်တော်​သံသယဝင်​ခဲ့တယ်။ ကျွန်တော့်​မိဘတွေက ကျွန်တော်​နဲ့​အတူ အချိန်​အများကြီး​ပေး​ပြီး စိတ်ရှည်ရှည်​နဲ့ ကျိုးကြောင်း​ဆင်ခြင်​ခဲ့​ကြတယ်။ ဒီလို​အပြန်အလှန်​စကားပြော​ဆို ဆွေးနွေး​ခဲ့​တဲ့​အတွက် အဲ့ဒီ​ခက်ခဲ​တဲ့​အချိန်​မှာ ကျွန်တော့်​ရဲ့​သံသယတွေကို ဖျောက်ဖျက်​နိုင်​ရုံ​မ​က ကျွန်တော့်​ရဲ့​ဘဝမှာ​လည်း ဆုံးဖြတ်ချက်​ကောင်း​တွေ​ချ​စေနိုင်​ခဲ့တယ်။” ယခု​ကော မည်သို့​နည်း။ အ​လီ​ဂျန်ဒရို​က ဤသို့​ဆက်​ပြောပြ​၏– “ကျွန်တော် အခုထိ အိမ်မှာ​ပဲ​နေတယ်။ ဒါပေမဲ့ အဖေ​ရော ကျွန်တော်​ပါ အရမ်း​အလုပ်များ​တဲ့​အတွက် စကား​အတူတူ​ပြောဆို​ဖို့​တောင် အချိန်​မ​ရသလောက်​ပဲ။ ဒါ​ကြောင့် အဖေ့​ရဲ့​အလုပ်ခွင်မှာ တစ်ပတ်​တစ်ခါ နှစ်ယောက်​သား အတူတူ နေ့လယ်​စာ​စား​ကြတယ်။ အဖေနဲ့​စကားပြော​ဆို​ရတာကို ကျွန်တော်​သိပ်​တန်ဖိုး​ထား​တယ်။”

၁၉။ ကျွန်ုပ်​တို့အားလုံး ဝိညာဉ်​ရေး​အကြောင်းအရာများ အဘယ်ကြောင့်​ပြောဆို​ဖို့​လို​သနည်း။

၁၉ ကျွန်ုပ်​တို့​လည်း ယုံကြည်သူချင်း​များနှင့် အကျိုးရှိ​ဝိညာဉ်​ရေး​အကြောင်းအရာများ​ကို ပြောဆို​ရသည့် အခွင့်အရေး​များ​ကို တန်ဖိုး​ထား​ကြသည်​မဟုတ်ပေ​လော။ အစည်းအဝေး​များ​တွင်​ဖြစ်စေ၊ လယ်ကွင်း​ဓမ္မ​အမှု​နှင့် မိတ်​ဆုံ​စားပွဲ​များ၊ ခရီး​သွားစဉ်​အခါ​တို့​တွင်​ဖြစ်စေ ဤ​အခွင့်အရေး​များ​ရရှိ​ကြသည်။ ပေါလု​သည် ရောမမြို့​ရှိ​ခရစ်ယာန်​များနှင့် ပြန်တွေ့​ဆုံ​ပြီး စကားစမြည်​ပြောဆို​လို​ခဲ့​သည်။ “သင်တို့ကို အလွန်​တွေ့မြင်​လို​ပါ​၏။ ထိုသို့​ဆို​သော် ငါ​နှင့်​သင်တို့သည် ယုံကြည်​သော​အားဖြင့် အချင်းချင်း​အားရ​သက်သာခြင်း​သို့ ရောက်​ကြ​မည်​အကြောင်းကို ဆိုလို​သတည်း” ဟု သူ​ရေးသားခဲ့​သည်။ (ရောမ ၁:၁၁၊ ၁၂) “ခရစ်ယာန်​ချင်း​တွေ​နဲ့ ဝိညာဉ်​ရေး​အကြောင်း​ပြောဆို​ကြ​တာ​တွေ​ဟာ အရေးကြီးတဲ့​လိုအပ်ချက်​ကို ဖြည့်ဆည်း​ပေး​တာ​ပဲ” ဟု ခရစ်ယာန်​အကြီးအကဲ​တစ်ဦး​ဖြစ်သူ ဂျို​ဟန်​နက်​စ်​က​ဆို​သည်။ “နှလုံးကို​နွေးထွေး​စေပြီး နေ့စဉ်​ကြုံတွေ့​နေရ​တဲ့​ဝန်ထုပ်ဝန်ပိုး​တွေ​ကို ပေါ့ပါး​စေတယ်။ အသက်ကြီးသူ​တွေ​ကို သူတို့​ဘဝ​အကြောင်း၊ သူတို့ကို ဘာက အခုလို​တည်ကြည်​စေ​တဲ့​အကြောင်း ကျွန်တော်​မေး​တတ်တယ်။ အသက်ကြီးသူ​အတော်များများ​နဲ့ ကျွန်တော်​စကားပြော​ဆို​ခွင့်​ရခဲ့လို့ သူတို့​တစ်ယောက်ချင်း​ထံ​က ကျွန်တော်​အားယူနိုင်​တဲ့ ပညာရှိ​စကား​တွေ ကြား​ခဲ့​ရတယ်၊ ဉာဏ်​လည်း​ပွင့်​လာခဲ့တယ်။”

၂၀။ ရှက်ကြောက်​တတ်​သူ​တစ်ဦးဦး​နှင့် တွေ့ဆုံ​ရသည့်​အခါ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။

၂၀ ဝိညာဉ်​ရေးရာ​စကား​များ​ကို သင်​ထုတ်ဖော်​ပြောဆို​သည့်​အခါ တုံ့ပြန်မှု​မရ​လျှင်​ကော အသို့နည်း။ လက်မလျှော့​ပါ​နှင့်။ နောက်ပိုင်း​တွင် ပို​၍​အခွင့်သာ​သည့်​အချိန် တစ်ချိန်ချိန်​ကို သင်​ရကောင်းရ​ပေမည်။ “အခန့်သင့်​ပြောဆို​သော​စကား​တစ်ခွန်း​သည် ငွေထည်​တွင်ရှိသော ရွှေ​ပန်းသီး​များနှင့်​တူ​သည်” ဟု​ရှောလမုန်က​ဆို​ခဲ့​၏။ (သု. ၂၅:၁၁က​ဘ) ရှက်ကြောက်​တတ်​သူတို့ကို နားလည်မှု​တင်ပြ​ပါ​လေ။ “လူ​စိတ်နှလုံး​၌ ပညာ​အကြံ​သည် နက်​သော​ရေ​နှင့်​တူ​သော်လည်း ဉာဏ်​ကောင်းသော​သူသည် ခပ်ယူ​လိမ့်​မည်။” * (သု. ၂၀:၅) အခြား​သူတို့၏​စိတ်သဘောထား​များ​က သင့်​စိတ်နှလုံး​ကို​ထိမိ​စေသည့် အကြောင်းအရာများ​ကို မပြော​ဆို​ဘဲ​မနေ​စေပါ​နှင့်။

ဝိညာဉ်​ရေး​အကြောင်းအရာများ​ပြောဆိုခြင်း​က အကျိုး​ဖြစ်ထွန်း

၂၁၊ ၂၂။ ဝိညာဉ်​ရေး​အကြောင်း​များ​ပြောဆို​ကြ​သည့်​အခါ အဘယ်​အကျိုးကျေးဇူးများ​ရရှိ​သနည်း။

၂၁ ပေါလု​က “ညစ်ညူး​သော​စကား​တစ်ခွန်း​ကို​မျှ သင်တို့​နှုတ်​ထဲ​က​မ​ထွက်​စေ​နှင့်။ ကြားနာ​သော​သူတို့၏​အကျိုးကို​ပြုစု​စေခြင်း​ငှာ၊ တည်ဆောက်​စ​ရာ​ဖို့ ကောင်းသော​စကား​ကို​သာ သုံးဆောင်​ကြလော့” ဟု သွန်သင်​ဆုံးမ​ခဲ့​၏။ (ဧဖက် ၄:၂၉; ရောမ ၁၀:၁၀) အားရှိစေသည့်​စကား​များ​ကို​ပြောဆို​ဖို့ ဦးတည်​ပေး​ရန် ကြိုးစား​အားထုတ်​ရ​ပေမည်၊ သို့သော်လည်း အကျိုးများစွာ​ရှိပါ​သည်။ ဝိညာဉ်​ရေးရာ​အကြောင်း​များ​ကို ပြောဆိုခြင်း​က ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​အကြောင်း တင်ပြ​ပြောဆို​ခွင့်​ရရှိ​စေပြီး ညီအစ်ကို​များ​ကိုလည်း တည်ဆောက်မှု​ဖြစ်စေ​နိုင်​သည်။

၂၂ သို့​ဖြစ်၍ စကား​ပြောနိုင်စွမ်း​ကို အသုံးပြု၍ သူတစ်ပါးကို အားပေး​တည်ဆောက်​ကာ ဘုရားသခင်​အား​ချီးမွမ်း​ကြ​စို့။ ထိုသို့​စကားပြော​ဆို​ခြင်း​က ကျွန်ုပ်​တို့ကို စိတ်​ကျေနပ်မှု​ပေး​ပြီး အခြား​သူများကို အားပေး​တည်ဆောက်မှု​ဖြစ်စေ​မည်။ ထို​ထက်မက ယေဟောဝါ​၏​နှလုံးကို ရွှင်လန်း​စေပါ​လိမ့်​မည်၊ အကြောင်း​မှာ ကိုယ်တော်​သည် ကျွန်ုပ်​တို့​ပြောဆို​သော​စကား​ကို ဂရုစိုက်​နားထောင်ပြီး လျှာ​ကို ကျွန်ုပ်​တို့​လျောက်ပတ်​စွာ​အသုံးပြု​ကြသောအခါ ကိုယ်တော်​ဝမ်းမြောက်​တော်​မူ​၏။ (ဆာလံ ၁၃၉:၄; သု. ၂၇:၁၁) ဝိညာဉ်​ရေး​အကြောင်း​များ ကျွန်ုပ်​တို့​ပြောဆို​ကြသောအခါ ကျွန်ုပ်​တို့ကို ယေဟောဝါ​မေ့လျော့​မည်​မဟုတ်ပါ။ ကျွန်ုပ်​တို့​ခေတ်တွင် ယေဟောဝါ​၏​အမှုတော် ထမ်းဆောင်သူ​တို့ကို​ရည်ညွှန်း​၍ ကျမ်းစာ​ဤသို့​ဆို​သည်– “ထို​အခါ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့​သော​သူတို့သည် တစ်ယောက်ကို​တစ်ယောက်​နှုတ်​ဆက်၍ ပြောဆို​ကြ​၏။ ထာဝရ​ဘုရား​သည်လည်း​နားထောင်​၍ ကြား​တော်​မူ​၏။ ထာဝရ​ဘုရား​ကို​ကြောက်ရွံ့ ၍ နာမတော်​ကို​အောက်မေ့​သော​သူတို့​အဖို့ ရှေ့တော်တွင် စာရင်း​၌​မှတ်သား​လျက်​ရှိ၏။” (မာလခိ ၃:၁၆; ၄:၅) ကျွန်ုပ်​တို့​ပြောဆို​သော​စကား​သည် ဝိညာဉ်​ရေး​တည်ဆောက်မှု​ဖြစ်စေ​ဖို့ အလွန်​အရေးကြီး​လှ​သည်​တကား!

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 20 ဣသရေလ​နိုင်ငံ​ရှိ ရေတွင်း​အချို့​သည် အလွန်​နက်​၏။ ရှေးဟောင်း​သုတေသန​ပညာရှင်​များသည် ပေ ၈၀ ခန့်​နက်​သည့် ရေ​လှောင်​ကန်​တစ်ခု​ကို ဂိဗောင်​မြို့၌ တွေ့ရှိ​ခဲ့​ကြသည်။ ထို​တွင် လှေကား​တစ်ခု​ရှိ၏၊ ၎င်း​မှ လူ​တို့ ရေ ဆင်း​ခပ်​ခဲ့​ကြသည်။

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ကျွန်ုပ်​တို့​ပြောဆို​သော​စကား​က ကျွန်ုပ်​တို့​အကြောင်း အဘယ်အရာ​ဖော်ပြ​သနည်း။

• တည်ဆောက်မှု​ဖြစ်စေ​သော အဘယ်​အကြောင်း​များ​ကို ကျွန်ုပ်​တို့​ပြောဆို​နိုင်​ကြ​သနည်း။

• မိသားစု​အတွင်း​နှင့် ခရစ်ယာန်​အသင်းတော်တွင် စကားစမြည် ပြောဆိုခြင်း​သည် အဘယ်​အရေးကြီးသော​အပိုင်းကဏ္ဍ​တွင် ပါဝင်​သနည်း။

• တည်ဆောက်မှု​ဖြစ်စေ​သော စကား​များ​ပြောဆိုခြင်း​က အဘယ်​အကျိုးကျေးဇူးများ ဖြစ်ထွန်း​စေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၂ ပါ ရုပ်ပုံ]

တည်ဆောက်မှု​ဖြစ်စေ​သော စကား ပြောဆိုခြင်း​သည်

“မှန်ကန်သော​အရာများ​ရှိသမျှ”

“အလေးအနက်​ထား​ရသော​အရာများ​ရှိသမျှ”

“အသရေရှိသော​အရာများ​ရှိသမျှ” တို့​အပေါ် အာရုံစိုက်​၏

“ချီးမွမ်းဖွယ်​သော​အရာရှိသမျှ”

[Credit Lines]

Video cover, Stalin: U.S. Army photo; Creator book cover, Eagle Nebula: J. Hester and P. Scowen (AZ State Univ.), NASA

[စာမျက်နှာ ၁၃ ပါ ရုပ်ပုံ]

အစာ​စားချိန်​များသည် ဝိညာဉ်​ရေး အကြောင်းအရာများ​ပြောဆို​ရန် အလွန်​ကောင်းသော အခွင့်အရေး​များ​ဖြစ်၏