မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင့်အိမ်ထောင်ရေးကို မြဲမြံခိုင်ခံ့ စေနိုင်ပုံ

သင့်အိမ်ထောင်ရေးကို မြဲမြံခိုင်ခံ့ စေနိုင်ပုံ

သင့်​အိမ်ထောင်ရေး​ကို မြဲမြံ​ခိုင်ခံ့ စေနိုင်​ပုံ

အလွန်​ပျက်စီး​ယိုယွင်း​နေ​ကာ ပြိုလဲ​တော့​မည့် အိမ်တစ်လုံး​ကို မြင်ယောင်​ကြည့်​ပါ။ သုတ်ဆေး​ကွာ​နေ၍ ခေါင်မိုး​လည်း​ပျက်စီး​နေသည့်​အပြင် မြက်ခင်းပြင်​ကို​ကြည့်​လျှင်​လည်း ဖရိုဖရဲ​ဖြစ်နေ​သည်။ ဤ​အဆောက်အအုံ​သည် နှစ်ကာလ​တစ်လျှောက် ပြင်းထန်သော​မုန်တိုင်း​ဒဏ်​ခံ​ခဲ့​ရ​ပုံ​ရှိပြီး ၎င်းကို မပြု​ပြင်​ဘဲ လျစ်လျူရှု​ထားခဲ့​သည်။ ဤ​အိမ်ကို ဖြိုဖျက်​သင့်​သလော။ ထိုသို့​ပြု​စ​ရာ​မလိုပါ။ အဆိုပါ​အဆောက်အအုံ​၏ အုတ်မြစ်​ခိုင်ခံ့​ပြီး အဆောက်အအုံ​မ​ယို​င်​သေး​သရွေ့ ၎င်းကို ပြန်​ပြုပြင်​မွမ်းမံ​၍​ရနိုင်​ဖွယ်​ရှိသည်။

ထို​အိမ်​၏​အခြေအနေ​က သင့်​အိမ်ထောင်ရေး​ကို သတိ​ရစေ​သလော။ စကား​အားဖြင့် ပြင်းထန်သော​မုန်တိုင်း​များ​က သင့်​အိမ်ထောင်ရေး​ကို နှစ်ကာလ​များ​တစ်လျှောက် ဆိုးဆိုးရွားရွား​ထိခိုက်​ခဲ့​ပေမည်။ သင် သို့​မဟုတ် သင်တို့​နှစ်ဦးစလုံး​သည် သင်တို့၏​အိမ်ထောင်ရေး​ကို အနည်း​နှင့်​အများ လျစ်လျူရှု​ခဲ့​ပေမည်။ စ​န္ဒီ​နည်းတူ သင်​ခံစား​နေရ​ပေမည်။ အိမ်ထောင်သက် ၁၅ နှစ်​ကြာပြီးနောက် “ကျွန်မ​တို့​ဟာ လက်ထပ်​ထား​တာ​က​လွဲလို့ တစ်ဦး​နဲ့​တစ်ဦး သဘောတူညီ​တာ ဘာ​တစ်ခု​မှ​မရှိဘူး။ ဒါ​လောက်​နဲ့​ပဲ စခန်း​သွား​လို့​မရတော့ဘူး” ဟု​ပြော​သည်။

သင့်​အိမ်ထောင်ရေး​သည် ဤ​အဖြစ်မျိုး​သို့ ရောက်နေ​မည်​ဆိုလျှင်​ပင် ကွာရှင်း​မည်​ဟု အလျင်စလို မဆုံးဖြတ်​ပါ​နှင့်။ သင့်​အိမ်ထောင်ရေး ပြန်ကောင်း​လာနိုင်​စ​ရာ​အကြောင်း​ရှိသည်။ သင်​နှင့် သင့်​အိမ်ထောင်ဖက်သည် တစ်ဦး​နှင့်​တစ်ဦး ကတိကဝတ်​ပြု​မှု​နှင့်​ပတ်သက်​၍ မည်မျှ​အလေးထား​ခြင်း​အပေါ် များစွာ​မူတည်​သည်။ ကတိကဝတ်​ပြု​ထားခြင်း​က အကျပ်အတည်း​ကြုံရ​ချိန်​တွင် အိမ်ထောင်ရေး​ကို ခိုင်ခံ့​မြဲမြံ​စေ​သည်။ သို့သော် ကတိကဝတ်​ပြုခြင်း​ဟူသည် အဘယ်နည်း။ ၎င်းကို ပို​ခိုင်ခံ့​စေရန် သမ္မာကျမ်းစာ​က သင့်​အား မည်သို့​အကူအညီ​ပေး​နိုင်​သနည်း။

ကတိကဝတ်​ပြုခြင်း​တွင် တာဝန်​ဝတ္တရား​ပါဝင်

အဘိဓာန်​တစ်ခု​အရ ကတိကဝတ်​ပြုခြင်း​သည် “တာဝန်​ရှိသော​အခြေအနေ၊ သို့​မဟုတ် စိတ်နှလုံး​စေ့ဆော်​ခံရ​ခြင်း” ဖြစ်သည်ဟု​ဆို​သည်။ တစ်ခါတစ်ရံ အဆိုပါ​စကားလုံး​ကို စီးပွားရေး​သဘော​တူညီချက်​ကဲ့သို့​သော ပုဂ္ဂိုလ်စွဲ​နှင့်​မဆိုင်​သည့်​ကိစ္စ​နှင့်​ပတ်သက်ပြီး အသုံးပြု​တတ်ကြ​သည်။ ဥပမာ၊ အိမ်ဆောက်​လုပ်​သူ​တစ်ဦး​သည် အိမ်တစ်လုံး​ဆောက်​ပေး​ရန် သူ​လက်မှတ်​ရေးထိုး​ထား​သည့် စာချုပ်​ပါ တောင်းဆိုချက်​များ​ကို ပြုလုပ်​ဆောင်ရွက်​ပေး​ရန် တာဝန်​ရှိသည်​ဟု ယူဆ​ပေမည်။ အဆိုပါ​အလုပ်​အပ်နှင်း​သူကို သူကိုယ်တိုင် သိချင်​မှ​သိမည်။ သို့​တိုင် မိမိ​ကတိတည်​ရမည်ဟု သူ​ခံစားရ​ပေမည်။

အိမ်ထောင်ပြုခြင်း​သည် ခံစားချက်​ကင်းမဲ့​သော စီးပွားရေး​ကိစ္စ​တစ်ခု​မဟုတ်သော်လည်း ထို​တွင်​ပါဝင်​သည့် ကတိကဝတ်​ပြုခြင်း၌ တာဝန်​ကျေပွန်ခြင်း​အကျုံးဝင်​သည်။ သင်​နှင့် သင့်​အိမ်ထောင်ဖက်သည် အဘယ်​အခြေအနေ​မျိုး​၌​မဆို အတူတကွ​ပေါင်းသင်း​နေထိုင်ပါ​မည်​ဟု ဘုရားသခင်​ရှေ့၊ လူရှေ့​တွင် ထုံးတမ်း​စဉ်​လာ​နှင့်​အညီ အလေးအနက်​ကတိပြု​ခဲ့​ကြပြီ။ ယေရှု​က “အစအဦး​၌ ဖန်ဆင်း​တော်​မူ​သော​သူသည် ယောက်ျား​နှင့်​မိန်းမ​နှစ်ယောက်​တည်း​ကို ဖန်ဆင်း​တော်​မူ​၏။ ‘ထို​အကြောင်းကြောင့် ယောက်ျား​သည် ကိုယ်​မိဘကို​စွန့်​၍ ကိုယ်​ခင်ပွန်း​၌​မှီဝဲ​သဖြင့်၊ ထို​သူ​နှစ်ယောက်တို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်​မည်’ ” ဟု​မိန့်တော်မူ​သည့်​အပြင် “ဘုရားသခင်​ဖက်စပ်၍ ထမ်းပိုး​တင်သော​အရာ​ကို လူ​မခွဲခွာ​စေ​နှင့်” ဟူ၍​ပါ​မိန့်ဆိုခဲ့​၏။ (မဿဲ ၁၉:၄-၆) ထို့​ကြောင့် ပြဿနာ​များ​ပေါ်ပေါက်​လာသော​အခါ သင်​နှင့် သင့်​အိမ်ထောင်ဖက်သည် သင်တို့​ပြု​ခဲ့​သော​ကတိကဝတ်​အတိုင်း မပျက်​မ​ကွက်​ဆောင်ရွက်​သင့်​သည်။ * ဇနီး​တစ်ဦး​က ဤသို့​ပြောပြ​သည်– “ကွာရှင်း​မှ​ဖြစ်​မယ်​လို့ မစဉ်း​စား​တော့​တဲ့​အခါ​ကျ​မှ အခြေအနေ တိုးတက်​ကောင်းမွန်​လာတယ်။”

သို့သော် အိမ်ထောင်ရေး​ကတိကဝတ်​ပြုခြင်း​တွင် တာဝန်​ကျေပွန်ခြင်း​ထက်မက သာ၍​အကျုံးဝင်​သည်။ အခြား​အဘယ်အရာ ပါဝင်​သေး​သနည်း။

ပူးပေါင်း​ဆောင်ရွက်မှု​က အိမ်ထောင်ရေး ကတိကဝတ်​ကို ခိုင်ခံ့​မြဲမြံ​စေ

အိမ်ထောင်ရေး​တွင် ကတိကဝတ်​ပြု​ထားခြင်း​က အိမ်ထောင်ဖက်​များ တစ်ဦး​နှင့်​တစ်ဦး မည်သည့်​အခါ​မျှ သဘောထား​ကွဲလွဲ​မည်​မဟုတ်​ဟု ဆိုလို​နေခြင်း​မဟုတ်​ချေ။ လင်မယား​ချင်း အငြင်းပွား​သောအခါ ရှိနေ​သောက​တိ​တာဝန်​အရ​ကြောင့်​သာ​မဟုတ်ဘဲ စိတ်​ခံစားမှု​ဆိုင်ရာ​နှောင်ကြိုး​ကြောင့် ဖြေရှင်းခြင်း​ဖြစ်​သင့်​သည်။ လင်၊ မယား​နှင့်​ပတ်သက်​၍ ယေရှု​က “ထို​သူ​နှစ်ယောက်​တို့သည် တစ်​သား​တစ်ကိုယ်တည်း​ဖြစ်​ရ​လိမ့်​မည်” ဟု​မိန့်တော်မူ​ခဲ့​သည်။

သင့်​အိမ်ထောင်ဖက်​နှင့် “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်​ခြင်း​ဟူသည် အဘယ်အရာကို​ဆိုလို​သနည်း။ တမန်​တော်​ပေါလု​က “ယောက်ျား​တို့သည် မိမိကိုယ်ကို​ချစ်​သကဲ့သို့ မိမိ​ခင်ပွန်း​တို့ကို​ချစ်​ရ​ကြ​မည်” ဟူ၍​ရေးသားခဲ့​သည်။ (ဧဖက် ၅:၂၈၊ ၂၉) သို့​ဖြစ်၍ “တစ်​သား​တစ်ကိုယ်တည်း” ဖြစ်​ခြင်း​က သင့်​အကျိုးကို​သင်​ကြည့်​တတ်​သကဲ့သို့ သင့်​အိမ်ထောင်ဖက်​၏​အကျိုးကို သင်​စိတ်ဝင်စားခြင်း​ဖြစ်သည်။ အိမ်ထောင်သည်​တို့သည် “ငါ့​ပစ္စည်း” အစား “ငါ​တို့၏​ပစ္စည်း” “ငါ” အစား “ငါ​တို့” ဟူ၍ စဉ်းစားတတ်​လာ​ရမည်။ အကြံပေး​တိုင်ပင်​ခံ​တစ်ဦး​က ဤသို့​ရေးသားခဲ့​သည်– “အိမ်ထောင်ဖက်​နှစ်ဦးစလုံး​သည် မိမိတို့​ကိုယ်ကို နှလုံးထဲတွင် လက်မ​ထပ်​ထား​သည့်​အလား မယူမှတ်​ဘဲ အိမ်ထောင်သည်​ဟု နှလုံးထဲတွင် ယူမှတ်​ကြ​ရမည်။”

သင်​နှင့် သင့်​ကြင်ဖော်​တို့သည် “အိမ်ထောင်သည်​ဟု နှလုံးထဲတွင်​ယူမှတ်​ကြ” သလော။ နှစ်ချီ​အတူတကွ ပေါင်းသင်း​နေထိုင်ခဲ့​ကြပြီ​ဖြစ်သော်လည်း ထို​သဘောထားမျိုး​ဖြင့် “တစ်​သား​တစ်ကိုယ်တည်း” မဖြစ်​ဘဲ ရှိ​နေနိုင်​သည်။ မှန်ပါသည်၊ ထိုသို့​ဖြစ်​နိုင်​သော်လည်း အချိန်ကို​အခွင့်ပေး​စာအုပ်​က ဤသို့​ဆို​သည်– “အိမ်ထောင်​ဟူသည် ဘဝတစ်ခု​ကို ဝေမျှ​ခံစားခြင်း​ဖြစ်၏၊ လူ​နှစ်ဦး သာ၍​ဝေမျှ​ခံစား​ကြ​လေ အိမ်ထောင်ရေး သာ၍​စိုပြေ​လာ​လေ​ဖြစ်သည်။”

ပျော်ရွှင်မှု​မရှိသော​မောင်နှံစုံ​အချို့​သည် သားသမီး​များ​ကြောင့်၊ သို့​မဟုတ် ငွေကြေး​ဖူလုံ​မှု​အတွက် အတူတကွ​နေထိုင်ကြ​သည်။ အခြားသူ​တို့​မှာ​မူ ကွာရှင်း​ခြင်း​ကို ကျင့်ဝတ်​အရ လုံးဝ​မပြု​လို​၍​ဖြစ်စေ၊ ခွဲခွာ​ကြ​မည်​ဆိုလျှင် မိမိတို့​အပေါ် အခြားသူ​တို့ မည်သို့​ထင်မြင်​ယူဆကြ​မည်​ကို စိုးရိမ်​၍​ဖြစ်စေ၊ တစ်ဦး​ကိုတစ်​ဦး​သည်းခံ၍ ဆက်​ပေါင်း​တတ်ကြ​သည်။ ဤ​အိမ်ထောင်များ တည်မြဲ​နေခြင်း​ကို ချီးကျူး​စ​ရာ​ကောင်း​သော်လည်း သင်၏​ပန်းတိုင်​မှာ အဓွန့်ရှည်​စွာ​ပေါင်းသင်း​နိုင်​ရုံ​မျှ​သာ​မဟုတ်ဘဲ မေတ္တာ​ရှိ​ရှိ​ပေါင်းသင်း​ဆက်ဆံ​နိုင်​ခြင်း​ဖြစ်​သင့်​ကြောင်း သတိရပါ။

ကိုယ်ကျိုး​မ​ရှာ​သော​လုပ်ရပ်များ​က အိမ်ထောင်ရေး​ကတိကဝတ်​အတိုင်း ပြုမူ​စေ

“နောက်ဆုံးသော​နေ့ရက်” ကာလ​တွင် လူတို့သည် “ကိုယ်ကို​ချစ်သော​သူ” ဖြစ်​ကြလိမ့်မည်​ဟု သမ္မာကျမ်းစာ​က တင်ကူး​ပြော​ထား​သည်။ (၂ တိမောသေ ၃:၁၊ ၂သမ္မာ) ထို​ပရောဖက်ပြုချက်​အတိုင်း ယနေ့ ကိုယ့်​ကိုယ်ကို​သာ အလေးပေး​ဂရုစိုက်​ကြ​ပုံ​ရှိသည်။ အိမ်ထောင်​အတော်များများ​တွင် အတုံ့အလှည့်​ပြန်လည်​အကျိုးပြု​မှု​ရှိမရှိ စိတ်မချ​ကြ​ရာ မိမိကိုယ်ကို​ပေးဆက်ခြင်း​ကို အားနည်းချက်​ဟု ရှုမြင်​တတ်ကြ​သည်။ သို့သော် သာယာသော​အိမ်ထောင်တွင်​မူ​ကား အိမ်ထောင်ဖက်​နှစ်ဦးစလုံး​သည် ကိုယ်ကျိုး​စွန့်​စိတ်ဓာတ်​ကို တင်ပြ​ကြသည်။ သင်​ကော မည်သို့​တင်ပြ​နိုင်​သနည်း။

‘ဒီ​ဆက်ဆံ​ရေး​ကနေ ငါ ဘာ​အကျိုးအမြတ်​ရမလဲ’ ဟူသော​မေးခွန်း​ကို အာရုံစိုက်​နေ​မည့်​အစား ‘ငါ့​အိမ်ထောင်ရေး​ကို ပို​ခိုင်ခံ့​စေဖို့ ငါ​ကိုယ်တိုင် ဘာလုပ်​နေသလဲ’ ဟူ၍​သင့်ကိုယ်​သင်​မေးမြန်းပါ။ သမ္မာကျမ်းစာ​က ခရစ်ယာန်​များသည် “[သူတို့၏]ကိုယ်​အမှုအရာ​ကို​သာ​မ​ရှု​မ​မှတ်​ဘဲ၊ သူ့​အမှုအရာ​ကို အချင်းချင်း​ရှုမှတ်​ကြ” ရမည်ဟု ဖော်ပြ​ထား​သည်။ (ဖိလိပ္ပိ ၂:၄) ဤ​သမ္မာကျမ်းစာ​မူကို စေ့စေ့​သုံးသပ်​စဉ် လွန်ခဲ့သော​အပတ်​အတွင်း သင်​ပြုမူ​ခဲ့​သည့်​လုပ်ရပ်များ​ကို ဆန်းစစ်​ကြည့်​ပါ။ သင့်​အိမ်ထောင်ဖက်​၏​အကျိုးအတွက် ကြင်နာ​သော​လုပ်ရပ်​ပေါင်း မည်မျှ​ပြုလုပ်​ဆောင်ရွက်​ပေး​ခဲ့​သနည်း။ သင့်​အိမ်ထောင်ဖက်​က သင်​နှင့်​စကားပြော​ဆိုလို​သောအခါ အထူးသဖြင့် သင်​နားထောင်​လို​စိတ်​မရှိသည့်​အခါ​၌​ပင် သင် နားထောင်ပေး​သလော။ သင်​စိတ်ဝင်စား​ရာ​ထက် သင့်​အိမ်ထောင်ဖက်​စိတ်ဝင်စား​ရာ လုပ်ဆောင်မှုများ မည်မျှ​တွင် သင်​ပါဝင်​လုပ်ဆောင်​သနည်း။

ဤ​မေးခွန်းများကို ချင့်တွက်​ရာ​တွင် သင်၏​ကောင်းသော​အပြု​အမူ​များ​ကို အသိအမှတ်​မပြု၊ အတုံ့အလှည့်​ပြန်လည်​အကျိုး​မခံစား​ရမည်ကို မစိုးရိမ်​ပါ​နှင့်။ ရည်ညွှန်း​ကိုးကားချက်​တစ်ရပ်​က ဤသို့​ဆို​သည်– “ဆက်ဆံ​ရေး​အများစု​တွင် အပြုသဘောဆောင်​သော​လုပ်ရပ်​ကို တုံ့ပြန်​လေ့​ရှိကြ​ရာ သင်၏​အိမ်ထောင်ဖက်​အား အပြုသဘောပါပါ​ပြုမူ​စေရန် အတတ်နိုင်ဆုံး​အားပေးမှု​ဖြစ်စေ​ဖို့ သင်​ကိုယ်တိုင် အပြုသဘောပါပါ ပြုမူ​လုပ်ဆောင်ပါ။” ကိုယ်ကျိုး​စွန့်​လုပ်ရပ်များ​က သင့်​အိမ်ထောင်ရေး​ကို ခိုင်ခံ့​မြဲမြံ​စေ​၏၊ အကြောင်း​မှာ သင့်​အိမ်ထောင်ရေး​ကို သင်​တန်ဖိုး​ထား​ကြောင်း​နှင့် အဓွန့်ရှည်​တည်မြဲ​စေ​လို​ကြောင်း ထိုသို့​ပြုမူခြင်း​အားဖြင့် တင်ပြ​သည်။

ရေရှည်​အမြင် ရှိဖို့လို

ယေဟောဝါ​သည် တည်ကြည်​ခြင်း​ကို တန်ဖိုး​ထား​တော်​မူ​၏။ သမ္မာကျမ်းစာ​က ဤသို့​အမှန်​ဆို​သည်– ‘သစ္စာစောင့်သိ​သူကို ကိုယ်တော် [ယေဟောဝါ] သစ္စာစောင့်သိ​မည်။’ (၂ ဓမ္မ​ရာဇဝင် ၂၂:၂၆က​ဘ) ဘုရားသခင်​အား သစ္စာ​စောင့်သိ​ခြင်း​တွင် ကိုယ်တော်​အစပြု​တည်ထောင်​ပေး​ခဲ့​သည့် အိမ်ထောင်ရေး​အစီအစဉ်ကို သစ္စာ​စောင့်သိ​ခြင်း​အကျုံးဝင်​သည်။—ကမ္ဘာဦး ၂:၂၄

သင်​နှင့် သင့်​အိမ်ထောင်ဖက်သည် တစ်ဦး​ကိုတစ်​ဦး သစ္စာရှိ​ကြ​မည်​ဆိုလျှင် သင်တို့၏​ပေါင်းစည်း​မှု​ခိုင်မြဲ​သည်​ဟု ခံစားရ​လေ​သည်။ နောင်​အနာဂတ် လ​များ၊ နှစ်များ​နှင့် ဆယ်စုနှစ်​များ​ကို သင်​စဉ်းစား​ကြည့်​လိုက်​သောအခါ သင်တို့​နှစ်ဦးစလုံး​ပေါင်းဖက်​နေခြင်း​ကို သင်​မြင်ယောင်​နေ​မည်။ တစ်ဦး​နှင့်​တစ်ဦး မ​ပေါင်း​တော့​ခြင်း​ကို လုံးဝ​စိတ်​မ​ကူး​သည့်​အတွက် သင်တို့၏​ဆက်ဆံ​ရေး ပြတ်တောက်​မည်​ကို စိုးရိမ်​စ​ရာ​မရှိပေ။ ဇနီးသည်​တစ်ဦး​က ဤသို့​ဆို​သည်– “ကျွန်မ [ခင်ပွန်း​သည်ကို] စိတ်​အရမ်း​ဆိုး​ပြီး ကျွန်မ​တို့​ဖြစ်ပျက်​နေတဲ့​အပေါ် စိတ်မကောင်း​တအား​ဖြစ်နေ​တဲ့​အချိန်​မှာ​တောင် ကျွန်မ​တို့​ရဲ့​အိမ်ထောင်ရေး ပြိုကွဲ​တော့​မယ်​လို့ မစိုးရိမ်​ဘူး။ အရင်​အခြေအနေ​မျိုးကို ကျွန်မ​တို့ ဘယ်လို​လုပ်​ပြန်ရောက်​လာနိုင်​ပါ့​မလဲ​ဆိုတာ​ကိုပဲ စိုးရိမ်​မိ​တာ။ အဲဒီအချိန်မှာ ဘယ်လို​ပြန်ကောင်း​လာမလဲ​ဆိုတာ​ကိုပဲ ကျွန်မ မသိ​သေး​တာ၊ ပြန်ကောင်း​လာမယ်​ဆိုတာ​ကို​တော့ သံသယ​မရှိပါဘူး။”

မိမိ​အိမ်ထောင်ဖက်​အပေါ် ကတိကဝတ်​ပြုခြင်း​၏ မရှိမဖြစ်​လိုအပ်ရာ​မှာ ရေရှည်​အမြင်​ဖြစ်သည်၊ သို့သော် ဝမ်းနည်းစရာ​ကား အိမ်ထောင်​အတော်များများ​တွင် ထို​ရေရှည်​အမြင်​မရှိကြ​ချေ။ ဒေါသ​အိုး​ပေါက်ကွဲ​သောအခါ အိမ်ထောင်ဖက်​တစ်ဦး​က ရှေ့နောက်​မစဉ်း​စား​ဘဲ “ငါ မင်းကို​ကွာ​လိုက်​တော့​မယ်” သို့​မဟုတ် “ငါ့ကို တကယ်​တန်ဖိုး​ထား​တဲ့​သူကို​ပဲ ငါ​သွား​ရှာတော့မယ်” ဟူ၍ ပြော​ချ​လိုက်​ပေမည်။ ထိုသို့ တကယ်​ဆိုလို​နေခြင်း​မဟုတ်သော်လည်း လျှာ​သည် “သေစေတတ်သော​အဆိပ်အတောက်​နှင့် ပြည့်စုံ” နိုင်၏​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ (ယာကုပ် ၃:၈) ခြိမ်းခြောက်​မှုများ​နှင့် ရာဇ​သံ​များသည် ‘ငါ​တို့​ရဲ့​အိမ်ထောင်ရေး တစ်သက်လုံး​မြဲ​ရမယ်​လို့ ငါ​မယူမှတ်​ဘူး၊ အချိန်မရွေး ငါ​ထွက်သွား​နိုင်တယ်’ ဟု​သဘော​သက်ရောက်​စေသည့်​အတွက် အိမ်ထောင်ရေး ပျက်ပြား​စ​ရာ​အကြောင်း​ရှိစေသည်။

သင့်​အိမ်ထောင်ရေး​အပေါ် ရေရှည်​အမြင်​ထား​ရှိ​မည်​ဆိုလျှင် အေး​အတူ ပူ​အမျှ​ပေါင်းဖက်​သွား​မည်။ ၎င်း​က အကျိုးကျေးဇူး​နောက်တစ်ခု ဖြစ်ပွား​စေ​၏။ သင်​နှင့် သင့်​အိမ်ထောင်ဖက်​အား အချင်းချင်း​၏​အားနည်းချက်များ​နှင့် အပြစ်​အနာအဆာ​များ​ကို လက်ခံရန်၊ တစ်ယောက်ကို​တစ်ယောက်​သည်းခံ၍ အချင်းချင်း​ခွင့်လွှတ်​တတ်​ရန် ပို​လွယ်ကူ​စေ​ပေ​လိမ့်​မည်။ (ကောလောသဲ ၃:၁၃) လက်စွဲ​စာစောင်​တစ်စောင်​က ဤသို့​ဆို​သည်– “သာယာ​သည့်​အိမ်ထောင်​တစ်ခု​တွင် အိမ်ထောင်ဖက်​နှစ်ဦးစလုံး အမှားအယွင်း​များ ပြု​မိ​နိုင်​ကြသည်၊ သို့​တိုင် အိမ်ထောင်​တည်မြဲ​နိုင်​သည်” ဟု​ဆို​သည်။

သင့်​မင်္ဂလာဆောင်​ရက်​တွင် အိမ်ထောင်မင်္ဂလာ​အစီအစဉ်​အပေါ် သင်​ကတိကဝတ်​ပြု​ခဲ့​သည်မဟုတ်​ဘဲ သက်ရှိ​ပုဂ္ဂိုလ်​တစ်ဦး​ဖြစ်သော သင့်​အိမ်ထောင်ဖက်​အပေါ် ကတိကဝတ်​ပြုခြင်း​ဖြစ်သည်။ ယင်းက အိမ်ထောင်ရှင်​တစ်ဦး​အနေ​ဖြင့် ယခု သင်၏​စဉ်းစား​တွေးခေါ်​လုပ်ဆောင်ပုံကို များစွာ​အကျိုး​သက်ရောက်​စေ​သင့်​သည်။ သင်သည် အိမ်ထောင်ရေး​၏​မြင့်မြတ်မှု​ကို အခိုင်အမာ​ယုံကြည်​သောကြောင့်​သာမက သင်​လက်ထပ်​ထိမ်းမြား​ထားသော​ပုဂ္ဂိုလ်​ကို ချစ်​မြတ်နိုးသော​ကြောင့် သင့်​အိမ်ထောင်ဖက်​နှင့်အတူ ဆက်​ပေါင်းသင်း​နေ​သင့်​သည် မဟုတ်ပေ​လော။

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 7 အစွန်းရောက်​သော​ကိစ္စရပ်​များ​တွင် ဇနီး​မောင်နှံစုံ​တစ်စုံ​သည် ခွဲနေ​ရန်​အကြောင်း​ရှိ​နိုင်​ပေ​သည်။ (၁ ကောရိန္သု ၇:၁၀၊ ၁၁; ယေဟောဝါသက်သေ​များ​ထုတ်ဝေ​သည့် မိသားစု​ပျော်ရွှင်မှု​၏​လျှို့ဝှက်ချက်​စာအုပ် စာမျက်နှာ ၁၆၀-၁ ကို​ရှု။) ထို့​အပြင် မတရားသော​မေထုန်​မှီဝဲခြင်း (လိင်ဆိုင်ရာ​အကျင့်​ယိုယွင်းမှု) အပြစ်​ကျူးလွန်​မှ​သာ ကွာရှင်း​ရန် သမ္မာကျမ်းစာ​၌ ခွင့်ပြု​ထား​သည်။—မဿဲ ၁၉:၉

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ယခု သင်​ပြုလုပ်​နိုင်ရာ

ကတိကဝတ်​ပြုခြင်း​နှင့်​ပတ်သက်​၍ သင်၏​အိမ်ထောင်ရေး​သည် မည်သို့ ရှိ​သနည်း။ တိုးတက်စရာ​လို​ကြောင်း သင်​တွေ့​ကောင်း​တွေ့​မည်။ သင်၏​ကတိကဝတ်​ကို တိုး၍​ခိုင်ခံ့​​စေရန် အောက်ပါ​တို့ကို ကြိုးစား​လုပ်ဆောင်ပါ–

● မိမိကိုယ်ကို  ဆန်းစစ်​ကြည့်​ပါ။ ဤသို့ ကိုယ့်​ကိုယ်ကို​​မေးမြန်းပါ– ‘ငါဟာ  အိမ်ထောင်သည်​ပဲ​လို့ စိတ်နှလုံး​ထဲ​ကနေ ​တကယ်​ယူမှတ်​ထား​သလား၊  ဒါမှ​မဟုတ် တစ်ကိုယ်ရေ​လို လုပ်​နေတုန်းပဲ​လား။’  ယင်း​ကိစ္စ​နှင့်​ပတ်သက်​၍  သင့်​​အိမ်ထောင်ဖက်သည် သင်​နှင့်​စပ်လျဉ်း၍ မည်သို့​ခံစားရ​သည်ကို စူးစမ်း​မေးမြန်းပါ။

● ဤ​ဆောင်းပါး​ကို သင့်​အိမ်ထောင်ဖက်​နှင့်အတူ ဖတ်ရှု​ပါ။ ထို​နောက် အေးဆေး​တည်ငြိမ်​စွာ​ဖြင့် သင်တို့၏​အိမ်ထောင်ရေး​တွင် သင်တို့ ပြုထားသော​ကတိကဝတ်​ကို ခိုင်ခံ့​အားဖြည့်ပေး​နိုင်​သည့်​နည်းလမ်းများ​ကို ဆွေးနွေး​ကြည့်​ပါ။

● သင်တို့၏​ကတိကဝတ်​ကို ခိုင်ခံ့​အားဖြည့်ပေး​မည့်​လုပ်ရပ်များ​ကို သင့်​အိမ်ထောင်ဖက်​နှင့်အတူ လုပ်ဆောင်ပါ။ ဥပမာ၊ သင်တို့​မင်္ဂလာဆောင်​ချိန်​နှင့် အခြား​အမှတ်တရ​ဖြစ်ရပ်​များ​မှ ဓာတ်​ပုံ​များ​ကို အတူ​ကြည့်​ပါ။ ပိုးပန်း​စဉ်​ကာလ​အတွင်း ​သို့​မဟုတ် သင်တို့​အိမ်ထောင်ကျ​စ​အချိန်​က သင်တို့​ပျော်ရွှင်​ခဲ့​ရာ​များ​ကို လုပ်ဆောင်ပါ။ ကင်းမျှော်စင် နှင့် နိုးလော့! မှ အိမ်ထောင်ရေး​နှင့်​စပ်ဆိုင်​သည့် ကျမ်းစာ​အခြေပြု​ဆောင်းပါး​များ​ကို အတူတကွ​လေ့လာ​ပါ။

[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

အိမ်ထောင်ရေး​တွင် ကတိကဝတ်​ပြုခြင်း​တွင် အောက်ပါ​တို့ အကျုံးဝင်

တာဝန်​ဝတ္တရား “သစ္စာ​ကတိပြု​သည်​အတိုင်း ဝတ်​ကို​ဖြေလော့။ သစ္စာ​ကတိပြု​၍ ဝတ်​ကို​မဖြေ​ဘဲ​နေသည်​ထက် သစ္စာ​ကတိ​အလျှင်း​မပြု​ဘဲ​နေ​သော် သာ၍​ကောင်း​၏။” —ဒေ. ၅:၄၊ ၅

ပူးပေါင်း​ဆောင်ရွက်မှု “လူသည် တစ်ယောက်တည်း​ထက် နှစ်ယောက်​သာ၍​ကောင်း​၏။ . . . တစ်ယောက်​လဲ​လျှင် တစ်ယောက်​ထူ​လိမ့်​မည်။”—ဒေ. ၄:၉၊ ၁၀

ကိုယ်ကျိုး​စွန့်​ခြင်း “အ​စွန့်​အ​ကြဲ​ခံ​ခြင်း​အရာ​ထက် စွန့်ကြဲ​ခြင်း​အရာ​သည် သာ၍​မင်္ဂလာ​ရှိသည်။”—တမန်​တော် ၂၀:၃၅

ရေရှည်​အမြင် “မေတ္တာသည် . . . ခပ်သိမ်း​သော​အရာ​ကို​သည်းခံ​တတ်၏။”—၁ ကောရိန္သု ၁၃:၄၊ ၇

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

သင်၏​အိမ်ထောင်ဖက် စကားပြော​ဆိုလို​သောအခါ သင် နားထောင်ပါ​သလော