မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း

အဘယ်ကြောင့်မခြားမလပ် ဆုတောင်းသင့်သနည်း

အဘယ်ကြောင့်​မခြားမလပ် ဆုတောင်း​သင့်​သနည်း

‘မခြားမလပ်​ဆုတောင်း​ကြလော့။ အရာရာ၌ ကျေးဇူးတော်​ကို ချီးမွမ်း​ကြလော့။’—၁ သက်သာလောနိတ် ၅:၁၇၊ ၁၈

၁၊ ၂။ ဆုတောင်းခြင်း​အခွင့်ထူး​ကို ဒံယေလ​တန်ဖိုး​ထား​ကြောင်း သူ​မည်သို့​ဖော်ပြ​ခဲ့​သနည်း၊ ယင်းက ဘုရားသခင်​နှင့်​သူ၏​ဆက်ဆံ​ရေး​အပေါ် အဘယ်​အကျိုး​သက်ရောက်​စေ​ခဲ့​သနည်း။

ပရောဖက်​ဒံယေလ​သည် တစ်နေ့​လျှင်​သုံးကြိမ် ဘုရားသခင်​ထံ​ဆုတောင်း​လေ့​ရှိ၏။ သူသည် ယေရုရှလင်​မြို့​သို့ မျက်နှာမူ​သည့် အထက်ခန်း​ပြတင်းပေါက်​ကို​ဖွင့်​၍ ဒူးထောက်ပြီး ဆုတောင်း​လေ့​ရှိသည်။ (၃ ဓမ္မ​ရာဇဝင် ၈:၄၆-၄၉; ဒံယေလ ၆:၁၀) မေဒိ​ရှင်ဘုရင်​ဒါရိ​မင်း​မှတစ်ပါး အခြား​မည်​သူ့​ထံ​မျှ​ဆု​မ​တောင်း​ရ​ဟု ဘုရင့်​အမိန့်​ရှိသည့်​တိုင် ဒံယေလ​သည် မယိမ်းမယိုင်​ဆက်​ဆုတောင်း​ခဲ့​သည်။ အသက်​အန္တရာယ်​ရှိ​ရှိ၊ မရှိ​ရှိ ဆုတောင်းခြင်း​အလေ့အထ​ရှိသူ ဤ​အမျိုးသား​သည် ယေဟောဝါ​ထံ မခြားမလပ်​ဆုတောင်း​ခဲ့​သည်။

ဒံယေလ​ကို ယေဟောဝါ​မည်သို့​ရှုမြင်ခဲ့​သနည်း။ ဒံယေလ​၏​ဆုတောင်းချက်​တစ်ခု​ကို ဖြေဆို​ဖို့ ကောင်းကင်တမန်​ဂါဗြေလ ရောက်လာသော​အခါ အဆိုပါ​ပရောဖက်​ကို “အလွန်​ချစ်အပ်သော​သူ” ဟု ခေါ်ဆို​ခဲ့​၏။ (ဒံယေလ ၉:၂၀-၂၃) ယေဇကျေလ​ပရောဖက်ပြုချက်​တွင် ဒံယေလ​ကို ဖြောင့်မတ်​သူ​ဟု ယေဟောဝါ​ရည်ညွှန်း​ခေါ်ဆို​ခဲ့​သည်။ (ယေဇကျေလ ၁၄:၁၄၊ ၂၀) နှစ်များ​တစ်လျှောက် ဒံယေလ​၏​ဆုတောင်းချက်​များသည် သူ၏​ဘုရားသခင်​နှင့် ရင်းနှီး​သည့်​ဆက်ဆံ​ရေး ရှိစေခဲ့​သည်​မှာ ထင်ရှား​သည်၊ ယင်းကို ဒါရိ​မင်းကြီး​ပင် အသိအမှတ်ပြု​ခဲ့​သည်။—ဒံယေလ ၆:၁၆

၃။ ခရစ်ယာန်​သာသနာပြု​တစ်ဦး၏ အတွေ့အကြုံ​က​ဖော်ပြ​ခဲ့​သည့်​အတိုင်း ဆက်​တည်ကြည်​ရန် ဆုတောင်းခြင်း​က မည်သို့​ကူညီပေး​နိုင်​သနည်း။

မှန်မှန်​ဆုတောင်းခြင်း​က ပြင်းထန်သော​စမ်းသပ်မှု​များ ရင်ဆိုင်ဖို့​လည်း ကျွန်ုပ်​တို့ကို ထောက်ကူ​ပေး​နိုင်​သည်။ ဥပမာ၊ တရုတ်​ပြည်​တွင် ခရစ်ယာန်​သာသနာပြု​ခဲ့​၍ ငါး​နှစ်​ကြာ​တစ်ကိုယ်တည်း​အကျဉ်း​ချ​ခံ​ခဲ့​ရသူ ဟ​ယ်​ရ​ယ်ဒ်​ကင်း​၏​အကြောင်းကို သုံးသပ်ကြည့်​ပါ။ မိမိ၏​တွေ့ကြုံမှု​အကြောင်း ညီအစ်ကို​ကင်း ဤသို့​ပြော​ခဲ့​သည်– “လူတွေနဲ့ ကျွန်တော်​ကင်းကွာ​နေခဲ့ရ​ပေမဲ့ ဘုရားသခင်​နဲ့​ကင်းကွာ​သွား​ရအောင် ဘယ်သူမှ​မ​လုပ်နိုင်​ပါ​ဘူး။ . . . ဒါ​ကြောင့် ကျမ်းစာ​မှာ​ဖော်ပြ​ထား​တဲ့ ဒံယေလ​ကို သတိ​ရပြီး ကျွန်တော့်​အကျဉ်းခန်းကို ဖြတ်သွား​ဖြတ်​လာ​လုပ်တဲ့​သူတွေ​ရှေ့မှာပဲ တစ်နေ့​ကို​သုံးခါ အသံ​ကျယ်ကျယ်​နဲ့ ဆုတောင်း​ခဲ့တယ်။ . . . အဲဒီလို​အခါမျိုးမှာ ဘုရားသခင့်​ဝိညာဉ်​တော်​က ကျွန်တော့်​အတွက် အကျိုး​အရှိဆုံး​အရာ​တွေ​ကို သတိ​ရစေ​ပုံ​ပေါက်​တယ်၊ အဲ့ဒီ​အခါ ကျွန်တော် စိတ်​တည်ငြိမ်​သွားတော့တယ်။ ဆုတောင်းခြင်း​ကနေ ကျွန်တော် ဝိညာဉ်​ခွန်အား​နဲ့ စိတ်သက်သာ​မှု တကယ်​ရခဲ့တယ်!”

၄။ ဤ​ဆောင်းပါး​တွင် ဆုတောင်းခြင်း​နှင့်​စပ်လျဉ်း၍ အဘယ်​မေးခွန်းများကို ကျွန်ုပ်​တို့​သုံးသပ်ကြ​မည်​နည်း။

သမ္မာကျမ်းစာ​က ‘မခြားမလပ်​ဆုတောင်း​ကြလော့။ အရာရာ၌ ကျေးဇူးတော်​ကို​ချီးမွမ်း​ကြလော့’ ဟု​ဆို​၏။ (၁ သက်သာလောနိတ် ၅:၁၇၊ ၁၈) ဤ​အကြံပေး​ချက်​ကို​ထောက်၍ အောက်ပါ​မေးခွန်းများကို ဆင်ခြင်​သုံးသပ်ကြ​ပါ​စို့– ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို အဘယ်ကြောင့်​ဂရုစိုက်​သင့်​သနည်း။ ယေဟောဝါ​ထံ​အစဉ်မပြတ်​ချဉ်းကပ်​ဖို့ အဘယ်​အကြောင်းကောင်း​များ​ရှိ​သနည်း။ ကျွန်ုပ်​တို့၏​ချွတ်ယွင်းချက်​များ​ကြောင့် ဘုရားသခင်​ထံ​ဆုတောင်း​ဖို့ မထိုက်တန်​ဟု​ခံစားရ​လျှင် အဘယ်အရာ​ပြုလုပ်​သင့်​သနည်း။

ဆုတောင်းခြင်း​ဖြင့် မိတ်ဆွေဖွဲ့ပါ

၅။ ဆုတောင်းခြင်း​က အဘယ်​ထူးခြားသော​ဆက်ဆံ​ရေး​ရရှိစေ​သနည်း။

သင့်ကို ယေဟောဝါ​၏​မိတ်ဆွေ​အဖြစ် ကိုယ်တော်​အား ယူမှတ်​စေ​လို​သလော။ ဘိုးဘေး​အာဗြဟံ​ကို ကိုယ်တော်​ထိုသို့​ယူမှတ်ခဲ့​၏။ (ဟေရှာယ ၄၁:၈; ယာကုပ် ၂:၂၃) ယေဟောဝါ​နှင့် ထိုသို့​သော​ဆက်ဆံ​ရေး​မျိုးကို ကျွန်ုပ်​တို့အား ကိုယ်တော်​ရရှိစေ​လို​သည်။ အမှန်​မှာ ကိုယ်တော့်​ထံ​ချဉ်းကပ်​ကြ​ရန် ကျွန်ုပ်​တို့ကို ကိုယ်တော်​အမှန်တကယ်​ဖိတ်ခေါ်​တော်​မူ​၏။ (ယာကုပ် ၄:၈) ထို​ဖိတ်ခေါ်ချက်​က ကျွန်ုပ်​တို့ကို ထူးခြား​လှ​သည့် ဆုတောင်းခြင်း​ပြင်ဆင်​ပေး​ချက်​အကြောင်း အသေအချာ စဉ်းစား​စေ​သင့်​သည်။ အရေးပါ​အရာရောက်​သော အစိုးရ​အရာရှိ​တစ်ဦး​နှင့် မိတ်ဆွေ​ဖြစ်​ဖို့​မဆို​ထား​နှင့် သူနှင့်​စကားပြော​ဆို​ခွင့်​ရ​ရန်​ပင် အလွန်​ခဲယဉ်း​လိုက်​လေ​ခြင်း! သို့​တိုင်၊ စကြဝဠာ​ဖန်ဆင်း​ရှင်​သည် ကျွန်ုပ်​တို့​ဆန္ဒရှိ​သည့်​အချိန်တိုင်း၊ အလိုရှိ​သည့်​အချိန်​အခါတိုင်း ကိုယ်တော့်​ထံ လွတ်လွတ်လပ်လပ် ဆုတောင်းခြင်း​ဖြင့် ချဉ်းကပ်​ဖို့ အားပေး​တော်​မူ​သည်။ (ဆာလံ ၃၇:၅) ကျွန်ုပ်​တို့​အဆက်မပြတ်​ဆုတောင်းခြင်း​က ယေဟောဝါ​နှင့် ရင်းနှီးသော​ဆက်ဆံ​ရေး​ရှိလာ​စေ​သည်။

၆။ “ဆုတောင်း​လျက်” နေဖို့လို​ကြောင်း ယေရှု၏​ပုံသက်သေ​က အဘယ်အရာ​သွန်သင်ပေး​သနည်း။

သို့ရာတွင် ဆုတောင်းခြင်း​ကို ကျွန်ုပ်​တို့​လျစ်လျူရှု​ရန် အလွန်​လွယ်ကူ​ပေ​၏! နေ့စဉ်​ဘဝ​အသက်တာ​၏​ဖိစီးမှုများ​ကို ရင်ဆိုင်​ဖြေရှင်း​နေရ​ခြင်း​ကို အာရုံစိုက်​နေရ​၍ ဘုရားသခင်​နှင့်​စကားပြော​ဆို​ဖို့ မကြိုးစား​တော့​ဘဲ​နေ​မည်။ ယေရှု​က မိမိ၏​နောက်လိုက်​များ​ကို “ဆုတောင်း​လျက်” နေကြ​ဖို့ အားပေးခဲ့​၏၊ ကိုယ်တော်တိုင်​လည်း ထိုသို့​ပြုလုပ်​တော်​မူ​ခဲ့​သည်။ (မဿဲ ၂၆:၄၁) ကိုယ်တော်​သည် နေ့ရောညပါ အမြဲ​အလုပ်များလျက်​ရှိသော်လည်း မိမိ၏​ကောင်းကင်​ခမည်းတော်​နှင့် စကားပြော​ဆို​ဖို့ အချိန်​သတ်မှတ်​ထား​၏။ တစ်ခါတစ်ရံ “နံနက်​အချိန်၊ မိုး​မ​လင်း​မီ” ထ၍ ယေရှု​ဆုတောင်း​ခဲ့​၏။ (မာကု ၁:၃၅) အခြား​အချိန်​အခါ​များ​၌ ယေဟောဝါ​နှင့်​စကားပြော​ဆို​ရန် တစ်နေ့တာ​အကုန်ပိုင်း​တွင် လူဆိတ်ညံ​ရာ​သို့ ထွက်သွား​ခဲ့​သည်။ (မဿဲ ၁၄:၂၃) ယေရှုသည် အမြဲ​အချိန်​ယူ​ဆုတောင်း​ခဲ့​သကဲ့သို့ ကျွန်ုပ်​တို့​လည်း ထိုသို့​ပြုသင့်​သည်။—၁ ပေတရု ၂:၂၁

၇။ အဘယ်​အခြေအနေ​များ​က ကျွန်ုပ်​တို့၏​ကောင်းကင်​ခမည်းတော်​နှင့် နေ့စဉ်​စကားပြော​ဆို​သင့်​သနည်း။

ပြဿနာ​များ​ကြုံတွေ့​ရသည့်​အခါ၊ သွေးဆောင်​ခံရ​သည့်​အခါ၊ ဆုံးဖြတ်ချက်​ချ​ရသည့်​အခါ​တို့​တွင် သီးသန့်​ဆုတောင်း​ရန် သင့်လျော်​သည့်​အခါသမယ​များ ရ​တတ်ကြ​သည်။ (ဧဖက် ၆:၁၈) ဘဝ​ကဏ္ဍအသီးသီး​တွင် ဘုရားသခင့်​လမ်းညွှန်မှုကို ကျွန်ုပ်​တို့​ရှာဖွေ​ယူ​လျှင် ကိုယ်တော်​နှင့်​ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး ပို​တိုးတက်လာ​မည်​မှာ​သေချာ​ပါ​သည်။ မိတ်ဆွေ​နှစ်ဦး​သည် ပြဿနာ​များ​ကို အတူတကွ​ရင်ဆိုင်​ကြ​မည်​ဆိုလျှင် သူတို့ ပိုမို​ရင်းနှီး​ချစ်ခင်​လာ​မည်​မဟုတ်ပေ​လော။ (သု. ၁၇:၁၇) ယေဟောဝါ​ကို ကျွန်ုပ်​တို့အား​ကိုး​ပြီး ကိုယ်တော့်​အကူအညီ​ရရှိ​မည်​ဆိုလျှင် ထို​အတိုင်း​ဖြစ်လာ​ပေမည်။—၂ ရာဇဝင်ချုပ် ၁၄:၁၁

၈။ နေဟမိ၊ ယေရှု​နှင့် ဟန္န​တို့၏ ပုံသက်သေ​များ​မှ ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များ​၏ အတို​အရှည်​နှင့်​ပတ်သက်​၍ အဘယ်အရာ​သိရှိ​ရသနည်း။

ဘုရားသခင်​ကို​ဆုတောင်းရာ​တွင် အချိန်​မည်မျှ​ကြာ​ရမည်၊ အကြိမ်ပေါင်း​မည်မျှ​ရှိ​ရမည်​ဟူ၍ ကိုယ်တော်​ကန့်သတ်​မထား​သဖြင့် အလွန်​ဝမ်းသာစရာ​ပင်​ဖြစ်၏! နေဟမိ​သည် ပါးရှား​ဘုရင်​ထံ အသနား​မခံ​မီ အလျင်အမြန် တိတ်တဆိတ်​ဆုတောင်း​ခဲ့​၏။ (နေဟမိ ၂:၄၊ ၅) လာဇရု​ကို​ရှင်ပြန်ထမြောက်​စေနိုင်​ရန် အစွမ်း​တန်ခိုး​ပေးသနား​ဖို့ ယေဟောဝါ​ထံ ယေရှု တိုတိုတုတ်တုတ်​ဆုတောင်း​တော်​မူ​ခဲ့​သည်။ (ယောဟန် ၁၁:၄၁၊ ၄၂) အခြား​တစ်ဖက်​တွင်​မူ၊ ဟန္န​သည် ယေဟောဝါ​ထံ ရင်ဖွင့်​ကာ “ရှေ့တော်၌ ကြာမြင့်စွာ​ဆုတောင်း​ခဲ့” သည်။ (၁ ဓမ္မ​ရာဇဝင် ၁:၁၂၊ ၁၅၊ ၁၆) ကျွန်ုပ်​တို့၏​ကိုယ်ပိုင်​ဆုတောင်းချက်​များသည် လိုအပ်​သလို အခြေအနေ​အရ တိုတိုတုတ်တုတ်၊ သို့​မဟုတ် ရှည်လျား​နိုင်​ပါ​သည်။

၉။ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​တွင် ယေဟောဝါ​ပြု​လုပ်ပေးသမျှကို ကျေးဇူး​တင်​ချီးမွမ်း​ကြောင်း အဘယ်ကြောင့် ထည့်​ပြော​သင့်​သနည်း။

ကျမ်းစာ​ပါ ဆုတောင်းချက်​များစွာ​သည် ယေဟောဝါ​၏ အမြင့်မြတ်ဆုံး​ရာထူး​နှင့် ကိုယ်တော်​၏​အံ့ဖွယ်အမှု​တော်​တို့ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူး​တင်​ကြောင်း ဖော်ပြ​သည်။ (ထွက်မြောက်ရာ ၁၅:၁-၁၉; ၁ ရာဇဝင်ချုပ် ၁၆:၇-၃၆; ဆာလံ ၁၄၅) တမန်​တော်​ယောဟန်​သည် အဆင်းအာရုံ​တစ်ခု​၌ အသက်ကြီးသူ ၂၄ ပါး​ဖြစ်သူ ကောင်းကင်​ရာထူး​ရရှိ​ထားသော ဘိသိက်ခံ​ခရစ်ယာန်​များ​၏ အရေအတွက်​အပြည့်အစုံကို မြင်တွေ့ခဲ့​၍ သူတို့က ယေဟောဝါ​အား ဤသို့​ချီးမွမ်း​သီဆို​နေကြ​သည်– “အို​ထာဝရ​ဘုရား[သခင်] [“ယေဟောဝါ၊” က​ဘ]၊ ကိုယ်တော်​သည် ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​ပြီ။ ထို​အရာ​တို့သည် အလိုတော်​ကြောင့်​ဖြစ်၍ ဖန်ဆင်း​လျက်​ရှိကြပါ​၏။ ထို့​ကြောင့်၊ ကိုယ်တော်​သည် ဘုန်း​အသရေ​တန်ခိုးတော်​ကို ခံစား​ထိုက်​တော်​မူ​၏။” (ဗျာ. ၄:၁၀၊ ၁၁) ကျွန်ုပ်​တို့​လည်း ဖန်ဆင်း​ရှင်​ကို မှန်မှန်​ချီးမွမ်းစရာ​အကြောင်း​ရှိသည်။ ကလေး​တစ်ဦး​သည် မိမိ​အတွက် မိဘများ​ပြုလုပ်​ပေး​ခဲ့​သော​အရာ​ကို ကျေးဇူး​တင်​ကြောင်း လှိုက်လှိုက်လှဲလှဲ​ပြောဆို​သည့်​အခါ သူ၏​မိဘများ အလွန်​ပျော်ရွှင်​ကြသည်! ယေဟောဝါ​၏​သနား​ကြင်နာ​မှုများ​ကို ကျေးဇူး​တင်​စွာ ဆင်ခြင်​သုံးသပ်​ပြီး ၎င်း​တို့အတွက် အလွန်​ကျေးဇူး​တင်​ကြောင်း ဆုတောင်းချိန်​တွင် လှိုက်လှိုက်လှဲလှဲ ဖော်ပြခြင်း​သည် ဆုတောင်းခြင်း​အရည်အသွေးကို တိုးတက်စေ​သည့် နည်းလမ်း​ကောင်း​တစ်ခု​ဖြစ်သည်။

‘မခြားမလပ်​ဆုတောင်း​ကြလော့’—အဘယ်ကြောင့်​နည်း

၁၀။ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း ခိုင်ခံ့​လာဖို့ ဆုတောင်းခြင်း​သည် မည်မျှ​အရေးကြီး​သနည်း။

၁၀ မှန်မှန်​ဆုတောင်းခြင်း​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​အတွက် အလွန်​အရေးကြီး​သည်။ “အား​မ​လျော့​ဘဲ ကြိုး​စား၍​ဆုတောင်း” ဖို့​လိုကြောင်း ပုံ​ဥပမာ​ဖြင့် ရှင်းလင်း​ဖော်ပြ​ပြီး​နောက် ယေရှု​က “လူသား​သည် ကြွလာ​သောအခါ ယုံကြည်ခြင်းကို မြေကြီး​ပေါ်မှာ​တွေ့​မည်​လော” ဟု​မေးခဲ့သည်။ (လုကာ ၁၈:၁-၈) အဓိပ္ပာယ်​ပြည့်ဝ​ပြီး လှိုက်လှဲ​စွာ​တောင်း​သော​ဆုတောင်းချက်​သည် ယုံကြည်ခြင်းကို တည်ဆောက်​ပေး​၏။ ဘိုးဘေး​အာဗြဟံ​သည် အသက်အရွယ်​ကြီးရင့်​လာပြီး သားသမီး​မ​ထွန်းကား​သေး​သောအခါ အဆိုပါ​ကိစ္စ​အကြောင်း ဘုရားသခင်​အား တင်ပြ​ပြောဆို​ခဲ့​သည်။ ယေဟောဝါ​ဖြေဆို​ရာ​တွင် သူ့ကို ကောင်းကင်​သို့ ဦးဆုံး​မျှော်ကြည့်​စေပြီး ကြယ်​များ​ကို ရေတွက်​နိုင်​လျှင် ရေတွက်​ဖို့​ပြော​ခဲ့​သည်။ ထို့နောက် ဘုရားသခင်​က “သင်၏​အမျိုးအနွယ်​သည် ထိုသို့​ဖြစ်​လိမ့်​မည်” ဟု အာဗြဟံ​ကို စိတ်ချ​စေ​ခဲ့​ရာ အာဗြဟံ​သည် “ [“ယေဟောဝါ၊” က​ဘ] ကို​ယုံကြည်​သည်​ဖြစ်၍ သူ၏​ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်း​ကဲ့သို့​မှတ်တော်မူ​၏။” (ကမ္ဘာဦး ၁၅:၅၊ ၆) ကျွန်ုပ်​တို့သည် ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​အား​ရင်ဖွင့်​ကာ သမ္မာကျမ်းစာ​မှ ကိုယ်တော်​၏​အာမခံချက်​များ​ကို​လက်ခံ​၍ ကိုယ်တော့်​စကား​ကို​နားထောင်​မည်​ဆိုလျှင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို ခိုင်ခံ့​စေတော်မူ​လိမ့်​မည်။

၁၁။ ပြဿနာ​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ဆုတောင်းခြင်း​က မည်သို့​ကူညီပေး​နိုင်​မည်​နည်း။

၁၁ ဆုတောင်းခြင်း​သည် ပြဿနာ​များ​ကို ကျွန်ုပ်​တို့​ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန်​လည်း ကူညီပေး​နိုင်​ပါ​သည်။ ကျွန်ုပ်​တို့၏​ဘဝ​အခြေအနေ​သည် ဝန်လေး၍​ပင်ပန်း​စ​ရာ​ဖြစ်​ပြီး ရင်ဆိုင်​ရသော​အခက်အခဲ​များသည် ကြမ်းတမ်း​သလော။ သမ္မာကျမ်းစာ​က ဤသို့​အားပေး​သည်– “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား[သခင်]၌​ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ။” (ဆာလံ ၅၅:၂၂) ဆုံးဖြတ်ချက်​ချ​ရ​ခက်​သော​အချိန်​အခါ​မျိုး​တွင် ယေရှု၏​ပုံသက်သေ​ကို အတုယူ​နိုင်​ပါ​သည်။ ကိုယ်တော်​သည် တမန်​တော် ၁၂ ပါး​ကို မရွေးချယ်​မီ တစ်ညလုံး သီးသန့်​ဆုတောင်း​ခဲ့​၏။ (လုကာ ၆:၁၂-၁၆) ကိုယ်တော်​မသေဆုံးမီ​ည​၌ ယေရှုသည် အပြင်းအထန် ဆုတောင်း​ခဲ့​ရာ ‘ကိုယ်တော်​၏​ချွေး​သည် မြေပေါ်​၌​ကျ​သော သွေးစက်​ခဲ​ကဲ့သို့​ဖြစ်’ ခဲ့​သည်။ (လုကာ ၂၂:၄၄) ရလဒ်​ကား အဘယ်နည်း။ ကိုယ်တော်​သည် “ဘုရားသခင်​ကို​ကြောက်ရွံ့ ခြင်း​သဘော​ကြောင့် နားညောင်း​တော်​မူ​ခြင်း​ကို​ခံရ” သည်။ (ဟေဗြဲ ၅:၇၊ ၈သမ္မာ) ဖိစီးမှု​ပြင်းထန်သော​အခြေအနေ​များနှင့် ခက်ခဲ​သော​စမ်းသပ်မှု​များ​ကို​ကြုံ​ရသည့်​အခါ ကျွန်ုပ်​တို့​စိတ်​ထက်ထက်သန်သန်​နှင့် အဆက်မပြတ်​တောင်းလျှောက်​သော ဆုတောင်းချက်​များ​က ၎င်းတို့ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ရန် ကူညီပေး​ပါ​လိမ့်​မည်။

၁၂။ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​အလွန်​စိတ်ဝင်စား​ကြောင်း ဆုတောင်းခြင်း​အခွင့်ထူး​က မည်သို့​ဖော်ပြ​သနည်း။

၁၂ ဆုတောင်းခြင်း​ဖြင့် ယေဟောဝါ​ထံ ပို​၍​နီးကပ်​စွာ​ချဉ်းကပ်​ရမည့် နောက်​အကြောင်း​တစ်ခု​မှာ ကိုယ်တော်​သည်လည်း ကျွန်ုပ်​တို့​ထံ​ချဉ်းကပ်​လာ​မည်​ဖြစ်သော​ကြောင့်​ပင်။ (ယာကုပ် ၄:၈) ကျွန်ုပ်​တို့သည် ယေဟောဝါ​ထံ​ရင်ဖွင့်​ဆုတောင်း​သည့်​အခါ ကျွန်ုပ်​တို့၏​လိုအပ်ရာ​များ​ကို ကိုယ်တော်​စိတ်ဝင်စား​ပြီး ကျွန်ုပ်​တို့ကို ကြင်နာ​စွာ ဂရုစိုက်​ကြည့်ရှု​နေ​တော်​မူ​၏​ဟု ခံစားရ​သည်မဟုတ်​ပေ​လော။ ဘုရားသခင်​၏​မေတ္တာတော်ကို ကျွန်ုပ်​တို့​ကိုယ်စီ​ကိုယ်​င တွေ့ ကြုံ​ခံစား​နေကြ​ရ၏။ ယေဟောဝါ​သည် ကောင်းကင်​ခမည်းတော်​ဖြစ်၍ ကိုယ်တော်​၏​ကျေးကျွန်​များ ဦး​တိုက်​တောင်းဆို​ကြ​သည့် ဆုတောင်းချက်​မှန်သမျှကို နားထောင်​ပေးဖို့ အခြား​မည်​သူ့ကို​မျှ တာဝန်​လွှဲအပ်​ထားခြင်း​မရှိ​ချေ။ (ဆာလံ ၆၆:၁၉၊ ၂၀; လုကာ ၁၁:၂) ထို့​ပြင် ‘ကိုယ်တော်​သည် ကျွန်ုပ်​တို့ကို သတိ​နှင့်​ကြည့်ရှု​တော်​မူ​သောကြောင့် ကျွန်ုပ်​တို့​၌ စိုးရိမ်ခြင်း​အမှု​ရှိသမျှ​တို့ကို ကိုယ်တော်၌ အပ်နှံ​ကြ’ ရန် ဖိတ်ခေါ်​တော်​မူ​၏။—၁ ပေတရု ၅:၆၊ ၇

၁၃၊ ၁၄။ မခြားမလပ်​ဆုတောင်း​ရန် အဘယ်​အကြောင်း​ရှိ​သနည်း။

၁၃ ဆုတောင်းခြင်း​က အမှုဆောင်ခြင်း​တွင် ပိုမို​စိတ်အား​ထက်သန်​စေနိုင်​ပြီး လျစ်လျူရှု​မှု သို့​မဟုတ် ဆန့်ကျင်မှု​ကြောင့် လက်လျှော့​လို​စိတ်​ပေါ်လာ​သည့်​အခါ ကျွန်ုပ်​တို့ကို ခွန်အား​ပေး​နိုင်​ပါ​သည်။ (တမန်​တော် ၄:၂၃-၃၁) ထို့​ပြင် ဆုတောင်းခြင်း​သည် “[စာတန်]၏​ပရိယာယ်​များ” မှ ကျွန်ုပ်​တို့ကို ကာကွယ်​ပေး​နိုင်​သည်။ (ဧဖက် ၆:၁၁၊ ၁၇၊ ၁၈) နေ့စဉ်​စမ်းသပ်မှု​များ​ကို ကိုင်တွယ်​ဖြေရှင်းရန် ကြိုးစား​ရာ​တွင် ခွန်အား​ပေး​တော်​မူ​ပါ​ဟု ဘုရားသခင်​ထံ အမြဲ​ဆုတောင်း​နိုင်​ပါ​သည်။ ယေရှု၏​စံပြ​ဆုတောင်းချက်​တွင် “မကောင်းသော​အမှုအရာ” စာတန်​၏​လက်​မှ “ကယ်နုတ်​တော်​မူ​ပါ” ဟု​ယေဟောဝါ​အား​တောင်းခံ​ချက် ပါဝင်​သည်။—မဿဲ ၆:၁၃

၁၄ ကျွန်ုပ်​တို့၏​အပြစ်ပြု​လို​သော စိတ်​သဘောထားများကို ထိန်းချုပ်​နိုင်​ရန် ဆက်​ဆုတောင်း​နေ​မည်​ဆိုလျှင် ယေဟောဝါ​၏​ကူညီ​မစမှု​ကို ခံစားရ​ပါ​လိမ့်​မည်။ ကျွန်ုပ်​တို့​၌ ဤ​အာမခံချက်​ရှိပါ​သည်– “ဘုရားသခင်​သည် [တည်ကြည်မှု] နှင့်​ပြည့်စုံ​တော်​မူ​သည်​ဖြစ်၍၊ သင်တို့​မခံနိုင်​သော​စုံစမ်း​နှောင့်ယှက်ခြင်း​ကို သင်တို့၌​ရောက်​စိမ့်​သော​ငှာ အခွင့်ပေး​တော်​မ​မူ။ သင်တို့သည် ခံနိုင်​မည်​အကြောင်း စုံစမ်း​နှောင့်ယှက်ခြင်း​အရာ​နှင့်​တကွ၊ ထွက်မြောက်​သော​လမ်းကို​လည်း စီရင်​ပြုပြင်​တော်​မူ​လိမ့်​မည်။” (၁ ကောရိန္သု ၁၀:၁၃) တမန်​တော်​ပေါလု​ကိုယ်တိုင် အခြေအနေ​အမျိုးမျိုး​တွင် ယေဟောဝါ​၏ အားရှိစေ​သော​ဂရုစိုက်​မှု​ကို ခံစား​ခဲ့​ရ၏။ “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော​အရှင်​အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏” ဟု သူ​ဆို​ခဲ့​သည်။—ဖိလိပ္ပိ ၄:၁၃သမ္မာ; ၂ ကောရိန္သု ၁၁:၂၃-၂၉

ချွတ်ယွင်းချက်​များ​ရှိ​လင့်​ကစား ဆုတောင်းခြင်း​အမှုကို အမြဲ​ပြု​ပါ

၁၅။ ကျွန်ုပ်​တို့၏​အမူအကျင့်​သည် ဘုရားသခင့်​စံနှုန်း​များ​ကို မမီ​သောအခါ အဘယ်အရာ​ဖြစ်ပျက်​လာနိုင်​သနည်း။

၁၅ ကျွန်ုပ်​တို့၏​ဆုတောင်းချက်​များ​ကို နားညောင်း​စေ​လိုလျှင် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​၏ သွန်သင်ချက်​ကို မ​ပယ်​ရ​ပေ။ တမန်​တော်​ယောဟန်​က “ငါ​တို့သည် ပညတ်တော်​တို့ကို​စောင့်ရှောက်​၍၊ နှစ်သက်​တော်​မူ​သော​အကျင့်​တို့ကို ကျင့်​သောကြောင့်၊ ဆုတောင်း​သမျှ​တို့ကို ဘုရားသခင့်​ထံ​တော်​မှ​ရ​ကြ​၏” ဟု ရေးသားခဲ့​သည်။ (၁ ယောဟန် ၃:၂၂) သို့​ဖြစ်​လင့်​ကစား ကျွန်ုပ်​တို့၏​အမူအကျင့်​သည် ဘုရားသခင့်​စံနှုန်း​များ​ကို မမီ​သောအခါ အဘယ်အရာ​ဖြစ်ပျက်​လာ​မည်​နည်း။ ဧဒင်ဥယျာဉ်​တွင် အာဒံ​နှင့်​ဧဝ​တို့ အပြစ်ပြု​ပြီး​နောက် သူတို့​ပုန်း​နေခဲ့​ကြသည်။ ကျွန်ုပ်​တို့​လည်း ယေဟောဝါ​၏ “မျက်မှောက်​တော်​မှ” ပုန်းရှောင်​လို​စိတ်ဖြင့် ဆု​မ​တောင်း​တော့​ဘဲ​နေ​ပေမည်။ (ကမ္ဘာဦး ၃:၈သမ္မာ) အတွေ့အကြုံ​ရှိ နယ်လှည့်​ကြီးကြပ်မှူး​တစ်ဦး​ဖြစ်သူ က​လော့​စ်​က​ဤသို့​ဆို​သည်– “ယေဟောဝါ​နဲ့ ကိုယ်တော်​ရဲ့​အဖွဲ့အစည်း​ကနေ တဖြည်းဖြည်း ရွေ့လျား​သွား​သူတွေရဲ့ ဦးဆုံး​ခြေလှမ်း​အမှား​က​တော့ ဆု​မ​တောင်း​တော့​ဘဲ​နေတာကို အမြဲလိုလို ကျွန်တော်​သတိထား​မိတယ်။” (ဟေဗြဲ ၂:၁) ဟို​စေး အန်​ကဲ​လ် ထိုသို့​ပင်​ဖြစ်​ခဲ့​သည်။ သူက ဤသို့​ပြောပြ​သည်– “ယေဟောဝါ​ကို ကျွန်တော်​ဆု​မ​တောင်း​ဘဲ​နေတာ ရှစ်နှစ်​နီးပါး​ပဲ။ ကိုယ်တော့်​ကို ကျွန်တော့်​ရဲ့ ကောင်းကင်​အဘ​အဖြစ် သတ်မှတ်​ထား​တုန်း​ပဲ​ဖြစ်​ပေမဲ့ ကိုယ်တော်​နဲ့​စကားပြော​ဆို​ဖို့ မထိုက်တန်ဘူးလို့ ကျွန်တော်​ခံစား​မိတယ်။”

၁၆၊ ၁၇။ ဝိညာဉ်​ရေး​အားနည်းမှု​ကို အနိုင်ယူ​နိုင်​ဖို့ မှန်မှန်​ဆုတောင်းခြင်း​က မည်သို့​ကူညီပေး​နိုင်​ကြောင်း ဥပမာ​များ​ပေး​ပါ။

၁၆ အချို့​တို့သည် ဝိညာဉ်​ရေး​အားနည်းမှု​ကြောင့် သို့​မဟုတ် အမှား​ကျူးလွန်​မိ​သောကြောင့် ဆု​မ​တောင်း​ထိုက်​ဟု ခံစားရ​ပေမည်။ သို့သော် ဤ​အချိန်​သည် ဆုတောင်းခြင်း​အစီအစဉ်ကို အခွင့်ကောင်း​ယူဖို့​လို​သည့်​အချိန်​ပင်​ဖြစ်၏။ ယောန​သည် သူ၏​တာဝန်​မှ ရှောင်ထွက်​သွားခဲ့​၏။ သို့သော် ‘ဆင်းရဲ​ကို​ခံရ​သောကြောင့် ယောန​သည် ယေဟောဝါ​ကို​ဟစ်ခေါ်​ခဲ့​ပြီး သူ့​စကား​ကို ကိုယ်တော်​ဖြေကြား​တော်​မူ​၏။ ရှီး​အိုး​လ်​၏​ဝမ်း​ထဲ​က ယောန​ဟစ်ခေါ်​သော​စကားသံ​ကို ယေဟောဝါ​နားထောင်​တော်​မူ​၏။’ (ယောန ၂:၂) ယောန​ဆုတောင်း​ခဲ့​ရာ သူ၏​ဆုတောင်းချက်​ကို ယေဟောဝါ​ဖြေကြား​ပေး​သည်​နှင့် ယောန​၏​ဝိညာဉ်​ရေး ပြန်ကောင်း​လာ​လေ​သည်။

၁၇ ဟို​စေး အန်​ကဲ​လ်​လည်း အကူအညီ​ရဖို့ လှိုက်လှိုက်လှဲလှဲ​ဆုတောင်း​ခဲ့​သည်။ သူ​ဤသို့​ပြောပြ​သည်– “ဘုရားသခင်​ခွင့်လွှတ်​ပါ​ရန် ကျွန်တော်​ရင်ဖွင့်​အသနားခံ​ခဲ့တယ်။ ကျွန်တော့်​ကို ကိုယ်တော်​တကယ်ပဲ ကူညီပေး​ပါ​တယ်။ ဆုတောင်းခြင်း​အကူအညီ​မရခဲ့​ရင် အမှန်တရား​ဘက် ကျွန်တော်​ပြန်လှည့်​လာလိမ့်မယ် မထင်​ဘူး။ အခု​ဆိုရင် ကျွန်တော် နေ့တိုင်း မှန်မှန်​ဆုတောင်း​တယ်၊ ဆုတောင်းခွင့်​ရမယ့်​အချိန်တွေကို​လည်း အမြဲ​မျှော်​တယ်။” ကျွန်ုပ်​တို့၏​အမှား​များ၊ အပြစ်​များ​ကို ဘုရားသခင်​အား ပွင့်ပွင့်လင်းလင်း၊ လွတ်လွတ်လပ်လပ် အမြဲ​ပြောဆို​သင့်​ပြီး ခွင့်လွှတ်​တော်​မူ​ပါ​ဟု နှိမ့်ချစွာ အမြဲ​အသနားခံ​သင့်​သည်။ ဘုရင်​ဒါဝိဒ်​သည် မိမိ​အပြစ်ကို​ဝန်ခံ​လိုက်​သောအခါ သူ့ကို ယေဟောဝါ​ခွင့်လွှတ်​တော်​မူ​ခဲ့​၏။ (ဆာလံ ၃၂:၃-၅) ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို​ပြစ်တင်​ရှုတ်ချ​မည့်​အစား ကူညီ​လို​တော်​မူ​၏။ (၁ ယောဟန် ၃:၁၉၊ ၂၀) ထို့​ပြင် အသင်းတော်​အကြီးအကဲ​များ​၏ ဆုတောင်းချက်​များ​က​လည်း ဝိညာဉ်​ရေး​အရ ကူညီပေး​နိုင်​ပါ​သည်၊ အကြောင်း​မှာ ထိုသို့​သော​ဆုတောင်းချက်​များသည် “အလွန်​တန်ခိုး​ပါ” ၏။—ယာကုပ် ၅:၁၃-၁၆

၁၈။ ဘုရားသခင့်​ကျေးကျွန်​များသည် မည်မျှ​ပင်​လမ်းလွဲ​ခဲ့​ပါစေ အဘယ်အရာကို ယုံကြည်​စိတ်ချ​နိုင်​သနည်း။

၁၈ အမှား​ပြုပြီး​နောက် အကြံဉာဏ်​ပေးဖို့ နှိမ့်ချစွာ အကူအညီ​တောင်းခံ​လာ​သည့်​သားကို ငြင်းပယ်​မည့်​ဖခင်​မျိုး​ရှိပါ​မည်​လော။ ကျွန်ုပ်​တို့သည် မည်မျှ​ပင် လမ်းလွဲ​ခဲ့​ပါစေ ကောင်းကင်​ခမည်းတော်​ထံ ပြန်​လှည့်လာ​လျှင် ကိုယ်တော်​ဝမ်းမြောက်​တော်​မူ​ကြောင်း ဖြုန်းတီးသော​သား​ပုံ​ဥပမာ​က ဖော်ပြ​သည်။ (လုကာ ၁၅:၂၁၊ ၂၂၊ ၃၂) ယေဟောဝါ​သည် “အထူးသဖြင့် အပြစ်ကို​လွှတ်တော်​မူ” သောကြောင့် အမှား​ပြု​မိ​သူအား​လုံး​ကို ဆုတောင်း​ကြ​ရန် ကိုယ်တော်​တိုက်တွန်း​တော်​မူ​၏။ (ဟေရှာယ ၅၅:၆၊ ၇) ကြီး​လေး​သော​အပြစ်​များ​ကို ဒါဝိဒ်​ကျူးလွန်​မိ​ခဲ့​သော်လည်း ယေဟောဝါ​ထံ သူ​ဤသို့​ဆုတောင်း​ခဲ့​သည်– “အို​ဘုရားသခင် အကျွန်ုပ်​ဆုတောင်း​သော​စကား​ကို နားထောင်​တော်​မူ​ပါ။ အသနားတော်ခံ​သောအခါ ရှောင်​၍​နေ​တော်​မ​မူ​ပါ​နှင့်။” ထို့​ပြင် သူက “ည​ဦး​အချိန်၊ နံနက်​အချိန်၊ မွန်းတည့်​အချိန်​တို့​၌ ငါသည် ညည်းတွား​မြည်တမ်း​၍ ငါ​၏​အသံကို [ယေဟောဝါ] ကြား​တော်​မူ” ၏​ဟု​လည်း ဆို​ခဲ့​သည်။ (ဆာလံ ၅၅:၁၊ ၁၇) အလွန်​အားရှိစရာ​ပါ​တကား!

၁၉။ ဆုတောင်းချက်​များ ဖြေကြား​ခံရ​ပုံ​မ​ပေါက်​လျှင် ဘုရားသခင့်​အလိုတော်နှင့်​မ​တွေ့​ဟု ကျွန်ုပ်​တို့​အဘယ်ကြောင့် ကောက်ချက်​မချ​သင့်​သနည်း။

၁၉ ကျွန်ုပ်​တို့၏​အသနားခံချက်​သည် ချက်ချင်း​အဖြေ​ရ​ပုံ​မ​ပေါက်​လျှင်​ကော အသို့နည်း။ သို့​ဆိုလျှင် ကျွန်ုပ်​တို့​တောင်းဆိုချက်​သည် ယေဟောဝါ​၏​အလိုတော်နှင့်​ညီ​ပြီး ယေရှု၏​နာမတော်​မှ​တစ်ဆင့် တောင်းဆို​ထားခြင်း​ဖြစ်​ရမည်။ (ယောဟန် ၁၆:၂၃; ၁ ယောဟန် ၅:၁၄) ခရစ်ယာန်​အချို့​သည် “အ​လွဲ​တောင်း​သောကြောင့်” သူတို့၏​ဆုတောင်းချက်​များ မပြည့်​ခဲ့​ကြောင်း တပည့်​ဖြစ်သူ​ယာကုပ် ရည်ညွှန်း​ပြောဆို​ခဲ့​ဖူး​သည်။ (ယာကုပ် ၄:၃) အခြား​တစ်ဖက်၌​မူ ပြည့်စုံ​ပုံ​မရ​သည့်​ဆုတောင်းချက်​များသည် ဘုရားသခင်​၏​အလိုတော်နှင့်​မ​တွေ့သော​ကြောင့်​ဖြစ်၏​ဟု အလျင်အမြန်​ကောက်ချက်​မချ​သင့်​ချေ။ တစ်ခါတစ်ရံ ယေဟောဝါ​သည် ကိစ္စ​တစ်ရပ်​ကို မဖြေ​ကြား​မီ တည်ကြည်သော​ခရစ်ယာန်​များ​အား အတန်ကြာ ဆက်​ဆုတောင်း​စေ​ပေမည်။ “ဆက်​သာ​တောင်း​နေ၊ တောင်းလျှင်​ရမည်” ဟု ယေရှု​မိန့်ဆိုခဲ့​၏။ (မဿဲ ၇:၇က​ဘ) ထို့​ကြောင့် ကျွန်ုပ်​တို့သည် ‘ဆုတောင်းခြင်း​အမှုကို အမြဲ​ပြု’ ဖို့​လို​သည်။—ရောမ ၁၂:၁၂

မှန်မှန်​ဆုတောင်း​ပါ

၂၀၊ ၂၁။ (က) ဤ “နောက်ဆုံးသော​နေ့ရက်​များ​၌” ကျွန်ုပ်​တို့သည် အဘယ်ကြောင့် မခြားမလပ်​ဆုတောင်း​ဖို့​လို​သနည်း။ (ခ) ယေဟောဝါ​၏​ကျေးဇူး​ပလ္လင်တော်​သို့ ကျွန်ုပ်​တို့ နေ့စဉ်​ချဉ်းကပ်​သောအခါ အဘယ်အရာကို ကျွန်ုပ်​တို့​ရရှိကြ​မည်​နည်း။

၂၀ “ခဲယဉ်း​သော​ကာလ” ဖြစ်သည့် ဤ “နောက်ဆုံးသော​နေ့ရက်​များ​၌” ဖိအားပေး​မှုများ​နှင့် ပြဿနာ​များ တိုးပွား​များပြား​လျက်​ရှိ၏။ (၂ တိမောသေ ၃:၁သမ္မာ) ထို့​ပြင် စမ်းသပ်မှု​များသည် ကျွန်ုပ်​တို့​စိတ်​စွဲလမ်း​ရာ​ဖြစ်​ဖို့​လွယ်ကူ​နိုင်​သည်။ သို့ရာတွင် ပြဿနာ​များ၊ သွေးဆောင်မှုများ​နှင့် စိတ်ဓာတ်ကျ​စ​ရာ​များ​ကို အမြဲ​တွေ့ ကြုံ​ခံစား​နေရ​သည့်​ကြား​မှ ကျွန်ုပ်​တို့ မခြားမလပ်​ဆုတောင်း​နေ​မည်​ဆိုလျှင် ဝိညာဉ်​ရေး​လမ်းစဉ်​ပေါ် ကျွန်ုပ်​တို့​ဆက်​တည်ရှိ​နေပါ​လိမ့်​မည်။ ယေဟောဝါ​အား ကျွန်ုပ်​တို့ နေ့စဉ်​ဆုတောင်းခြင်း​က ကျွန်ုပ်​တို့​လိုအပ်​သည့် အရေးပါသော အထောက်အပံ့​ကို ရရှိ​စေနိုင်​သည်။

၂၁ ‘ဆုတောင်းခြင်း​ကို နားထောင်​တော်​မူ​သော’ ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို နားထောင်ပေး​ရန် မည်သည့်​အခါ​မျှ အလုပ်များ​လွန်း​ခြင်း​မရှိပေ။ (ဆာလံ ၆၅:၂) ကျွန်ုပ်​တို့သည် ကိုယ်တော်​နှင့်​စကားပြော​ဆို​ရန် ဘယ်​သောအခါ​မျှ အလုပ်များ​လွန်း​ခြင်း​မရှိကြ​စို့​နှင့်။ ဘုရားသခင်​နှင့်​ကျွန်ုပ်​တို့၏ ဆက်ဆံ​ရေး​သည် ကျွန်ုပ်​တို့​ပိုင်ဆိုင်​သမျှ​တွင် အဖိုး​အထိုက်ဆုံး ပိုင်ဆိုင်မှု​ဖြစ်​ပေ​သည်။ ၎င်းကို ဘယ်​သောအခါ​မျှ ပေါ့ပေါ့တန်တန်​သဘော​မထား​ကြ​စို့​နှင့်။ “ထို့​ကြောင့် ငါ​တို့သည် သနားခြင်း . . . ကိုလည်း​ကောင်း၊ တော်လျော်​သော​အချိန်၌ မစခြင်း​ကျေးဇူးတော်​ကိုလည်း​ကောင်း ခံရ​မည်​အကြောင်း ရဲရင့်​သော​စိတ်​နှင့် ကျေးဇူး​ပလ္လင်တော်​သို့ တိုးဝင်​ချဉ်းကပ်​ကြ​ကုန်​အံ့။”—ဟေဗြဲ ၄:၁၆

သင်​မည်သို့​ဖြေဆို​မည်​နည်း

• ဆုတောင်းခြင်း​၏​တန်ဖိုး​အကြောင်း ပရောဖက်​ဒံယေလ​မှ ကျွန်ုပ်​တို့ အဘယ်အရာ​သိရှိ​ခဲ့​ရသနည်း။

• ယေဟောဝါ​နှင့် ကျွန်ုပ်​တို့၏​ဆက်ဆံ​ရေး​ကို မည်သို့​ခိုင်ခံ့​စေနိုင် မည်​နည်း။

• ကျွန်ုပ်​တို့ အဘယ်ကြောင့် မခြားမလပ်​ဆုတောင်း​သင့်​သနည်း။

• မထိုက်တန်​ဟု​ခံစားရ​သောကြောင့် ယေဟောဝါ​ထံ​ဆု​မ​တောင်း​ဘဲ အဘယ်ကြောင့်​မနေ​သင့်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

နေဟမိ​သည် ရှင်ဘုရင်​နှင့်​စကား​မပြော​ဆို​မီ တိုတိုတုတ်တုတ် တိတ်တဆိတ်​ဆုတောင်း​ခဲ့​၏

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ဟန္န​သည် ‘ယေဟောဝါ ရှေ့တော်၌ ကြာမြင့်စွာ ဆုတောင်း​ခဲ့​၏’

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

တမန်​တော် ၁၂ ပါး​ကို​မခန့်အပ်​မီ ယေရှု တစ်ညလုံး ဆုတောင်း​ခဲ့​၏

[စာမျက်နှာ ၂၀ ပါ ရုပ်ပုံ]

ဆုတောင်း​ဖို့​အခွင့်အရေး​များ တစ်နေ့တာ​လုံး​ရရှိ