မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စမ်းသပ်မှုများခံရစဉ် ခံနိုင်ရည်ရှိခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်းမှုဖြစ်စေ

စမ်းသပ်မှုများခံရစဉ် ခံနိုင်ရည်ရှိခြင်းက ယေဟောဝါအားဂုဏ်တင်ချီးမွမ်းမှုဖြစ်စေ

စမ်းသပ်မှု​များ​ခံရ​စဉ် ခံနိုင်ရည်​ရှိ​ခြင်း​က ယေဟောဝါ​အား​ဂုဏ်တင်​ချီးမွမ်းမှု​ဖြစ်စေ

“ကောင်းမွန်​စွာ​ပြု​၍ ဆင်းရဲခံ​ရသောအခါ သည်းခံ​လျှင်၊ ဘုရားသခင့်​ရှေ့တော်၌ ကျေးဇူးရှိ​၏။” —၁ ပေတရု ၂:၂၀

၁။ ခရစ်ယာန်စစ်​များသည် မိမိတို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ အသက်ရှင်​လို​ကြသော​ကြောင့် အဘယ်​မေးခွန်း​ကို ဆင်ခြင်​သုံးသပ်​ရမည်​နည်း။

ခရစ်ယာန်​များသည် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံထားသူ​များ​ဖြစ်​ကြ​ပြီး ကိုယ်တော့်​အလိုတော် ထမ်းဆောင်​လို​ကြသည်။ မိမိတို့၏​ဆက်ကပ်​အပ်နှံမှု​နှင့်​အညီ​နေထိုင်ရန် မိမိတို့၏​စံနမူနာရှင် ယေရှု​ခရစ်​၏​ခြေရာ​ကို​လိုက်လျှောက်ပြီး အမှန်တရားကို​သက်သေခံဖို့ အစွမ်းကုန်​ကြိုးပမ်း​အားထုတ်​ကြသည်။ (မဿဲ ၁၆:၂၄; ယောဟန် ၁၈:၃၇; ၁ ပေတရု ၂:၂၁) သို့ရာတွင် ယေရှု​နှင့် တခြား​တည်ကြည်သူ​တို့သည် သက်သေ (မာ​တ​စ္စ) များ​အဖြစ် အသက်​စွန့်ခဲ့​ကြသည်။ ထို့​ကြောင့် ခရစ်ယာန်​အားလုံး မိမိတို့၏​ယုံကြည်ခြင်း​အတွက် သေ​ရန်​မျှော်လင့်သင့်​သည်​ဟု ဆိုလို​ပါသလော။

၂။ စမ်းသပ်မှု​များနှင့် ဆင်းရဲ​ဝေဒနာ​ကို ခရစ်ယာန်​များ မည်သို့​သဘောထား​သနည်း။

ခရစ်ယာန်​များ​အနေ​နှင့် ကျွန်ုပ်​တို့သည် သေ​သည့်​တိုင် တည်ကြည်​ကြဖို့ သတိပေး​နှိုးဆော်​ခံရ​၏၊ ယုံကြည်ခြင်း​အတွက် အသေခံဖို့​လို​၏​ဟု မဆိုလို​ပေ။ (၂ တိမောသေ ၄:၇; ဗျာ. ၂:၁၀) ဆိုလိုသည်မှာ ကျွန်ုပ်​တို့၏​ယုံကြည်ခြင်း​အတွက် ဆင်းရဲခံ​ရန်၊ သို့​မဟုတ် လိုအပ်​လာ​လျှင် အသေခံရန် တလိုတလား​ရှိကြ​သော်လည်း ဆင်းရဲခံ​ရခြင်း၊ အသေခံ​ရခြင်း​ကို ကျွန်ုပ်​တို့​မနှစ်မြို့​ကြ​ချေ။ ဆင်းရဲခံ​ရခြင်း​ကို ကျွန်ုပ်​တို့​မနှစ်သက်​ကြ​ချေ၊ နာကျင်မှု သို့​မဟုတ် အရှက်ခွဲ​ခံရ​ခြင်း​မှ အားရ​နှစ်သက်ခြင်း​မရှိကြ​ပါ။ သို့ရာတွင် စမ်းသပ်မှု​ခံရ​ဖို့၊ နှိပ်စက်​ညှဉ်းပန်း​ခံရ​ဖို့ အကြောင်း​ရှိသဖြင့် ၎င်းကို​ကြုံ​ရ​လျှင် ကျွန်ုပ်​တို့​မည်သို့​တုံ့ပြန်​နိုင်​ကြောင်းကို အသေအချာ သုံးသပ်​ထား​ဖို့​လို​သည်။

စမ်းသပ်ခံ​ရ​စဉ် တည်ကြည်​ခြင်း

၃။ နှိပ်စက်​ညှဉ်းပန်းမှု​ကို ကိုင်တွယ်​ဖြေရှင်း​ခဲ့​ကြ​သည့် အဘယ်​ကျမ်းစာ​နမူနာ​များ​ကို သင်​ပြောပြ​နိုင်​သနည်း။ (နောက်​စာမျက်နှာ​ရှိ “နှိပ်စက်​ညှဉ်းပန်းမှု​ကို သူတို့​ကိုင်တွယ်​ဖြေရှင်း​ကြ​ပုံ” လေးထောင့်ကွက်​ကို​ရှု။)

အတိတ်​က ဘုရားသခင့်​ကျေးကျွန်​များ အသက်​အန္တရာယ်​ကြုံ​ရသည့်​အခါ မည်သို့​တုံ့ပြန်​ခဲ့​ကြောင်း ဖော်ပြ​သည့်​မှတ်တမ်း အမြောက်အမြား​ကို သမ္မာကျမ်းစာ​၌ ကျွန်ုပ်​တို့​တွေ့ရှိ​ရသည်။ သူတို့​တုံ့ပြန်​ခဲ့​သည့်​နည်း​အမျိုးမျိုး​က အလားတူ​စိန်ခေါ်ချက်​မျိုးကို မျက်မှောက်ခေတ် ခရစ်ယာန်​များ ရင်ဆိုင်​ရမည်​ဆိုလျှင် သူတို့ကို လမ်းညွှန်​ပေး​သည်။ “နှိပ်စက်​ညှဉ်းပန်းမှု​ကို သူတို့​ကိုင်တွယ်​ဖြေရှင်း​ကြ​ပုံ” လေးထောင့်ကွက်​ရှိ အဖြစ်အပျက်​များ​ကို​သုံးသပ်​ပြီး ၎င်း​မှ အဘယ်အရာ​သင်ယူ​နိုင်​ကြောင်း ကြည့်​ပါ။

၄။ ယေရှု​နှင့် အခြား​တည်ကြည်သော​ကျေးကျွန်​များ စမ်းသပ်မှု​ခံရသော​အခါ သူတို့​တုံ့ပြန်​ခဲ့​ကြ​ပုံ​နှင့်​ပတ်သက်​၍ မည်သို့​ဆိုနိုင်​သနည်း။

ယေရှု​နှင့် ဘုရားသခင်​၏ အခြား​တည်ကြည်သော​ကျေးကျွန်​တို့သည် အခြေအနေ​အလိုက် နှိပ်စက်​ညှဉ်းပန်းမှု​ကို အမျိုးမျိုး​တုံ့ပြန်​ခဲ့​ကြသော်လည်း သူတို့သည် မလိုအပ်ဘဲ စွန့်စား​ပြုမူ​ခဲ့​ခြင်း​မရှိကြောင်း ထင်ရှား​သည်။ အန္တရာယ်​ရှိသော​အခြေအနေ​များ​ကို သူတို့​ကြုံ​ရသည့်​အခါ ရဲစွမ်းသတ္တိ​တင်ပြ​ခဲ့​ကြသည်၊ တစ်ကြိမ်​တည်း​တွင် သတိရှိ​ခဲ့​ကြသည်။ (မဿဲ ၁၀:၁၆၊ ၂၃) သူတို့၏​ရည်ရွယ်ချက်မှာ ဟောပြောခြင်း​လုပ်ငန်း​ကို​တိုး၍​လုပ်ဆောင်ရန်​နှင့် ယေဟောဝါ​ကို​တည်ကြည်​ကြ​ရန်ဖြစ်​သည်။ အခြေအနေ​အမျိုးမျိုး​တွင် သူတို့၏​တုံ့ပြန်​ပုံ​များ​က ယနေ့ စမ်းသပ်မှု​များနှင့် နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံရ​သည့် ခရစ်ယာန်​များ​အတွက် ပုံ​နမူနာ​များ​ဖြစ်သည်။

၅။ ၁၉၆၀ ပြည့်လွန်​နှစ်များ​၌ မာလာဝီ​နိုင်ငံ​တွင် အဘယ်​နှိပ်စက်​ညှဉ်းပန်းမှု​ပေါ်ပေါက်​ခဲ့​သနည်း၊ ထို​နိုင်ငံ​ရှိ သက်သေခံ​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

မျက်မှောက်ခေတ်တွင် ယေဟောဝါ​၏​လူမျိုးတော်သည် စစ်၊ ပိတ်ပင်​မှု သို့​မဟုတ် ကိုယ်​ထိ​လက်ရောက်​ညှဉ်းပန်းမှု​ခံရ​ခြင်း​ကြောင့် ခဲယဉ်း​ကျပ်တည်း​သည့်​အခြေအနေ​များ​ကို ခံ​ခဲ့​ကြ​ရသည်။ ဥပမာ၊ ၁၉၆၀ ပြည့်လွန်​နှစ်များ​တွင် မာလာဝီ​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များသည် ခါးခါးသီးသီး ညှဉ်းပန်း​နှိပ်စက်​ခံ​ခဲ့​ကြ​ရသည်။ သူတို့၏ ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ၊ နေအိမ်များ၊ အစာရေစာ​နှင့် စီးပွားရေး​လုပ်ငန်းများ၊ သူတို့​ပိုင်ဆိုင်​သမျှ​အားလုံး​ပင် ဖျက်ဆီး​ခံ​ခဲ့​ရ၏။ သူတို့​ကိုယ်တိုင် ရိုက်နှက်​ခံရ​ပြီး အခြား​ဆိုးရွား​သော အတွေ့အကြုံ​များ​ကိုလည်း အလူးအလဲ​ခံ​ခဲ့​ရသည်။ ထို​အခါ ညီအစ်ကို​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။ ထောင်ပေါင်း​များစွာတို့သည် မိမိတို့​ရွာများ​မှ ထွက်ပြေး​ခဲ့​ကြ​ရသည်။ လူအများသည် အိမ်နီးချင်း​နိုင်ငံ​ဖြစ်သည့် မိုဇမ်ဘစ်​နိုင်ငံ​တွင် ခေတ္တ​ဝင်ရောက်​ခိုလှုံ​ခဲ့​ကြ​စဉ် အခြားသူ​တို့​မှာ​မူ တောတောင်​ထဲ​တွင် ခိုအောင်း​နေခဲ့​ကြ​ရ၏။ တည်ကြည်သူ​များစွာ အသက်ဆုံးရှုံး​ခဲ့​ရ၏၊ အခြားသူ​တို့​မှာ​မူ အန္တရာယ်​နယ်မြေ​မှ ထွက်ပြေး​ခဲ့​ကြသည်၊ ထိုသို့​သော​အခြေအနေ​မျိုး​တွင် ထွက်ပြေး​တိမ်းရှောင်​ခြင်း​က အကျိုးသင့်အကြောင်းသင့်​ရှိ လမ်းစဉ်​ဖြစ်ပုံရ​သည်။ ထိုသို့​ပြုခြင်း​အားဖြင့် အဆိုပါ​ညီအစ်ကို​များသည် ယေရှု​နှင့်​ပေါလု​တို့ ချမှတ်​ခဲ့​သည့် အစဉ်အလာ​ကို လိုက်လျှောက်​ခဲ့​ကြသည်။

၆။ မာလာဝီ​သက်သေခံ​များသည် ညှဉ်းပန်းမှု​ကို ရက်ရက်စက်စက်​ခံရ​သည့်​ကြား​မှ အဘယ်အရာကို မစွန့်​လွှတ်​ခဲ့​ကြ​သနည်း။

မာလာဝီ​ညီအစ်ကို​များသည် ထွက်ပြေး​ပုန်းရှောင်​နေခဲ့​ကြ​ရ​သော်လည်း သူတို့သည် သီအိုကရက်တစ်​လမ်းညွှန်မှုကို ကြိုးစား​လိုက်လျှောက်​ကြ​ပြီး ခရစ်ယာန်​လုပ်ဆောင်မှုများ​ကိုလည်း အတတ်နိုင်ဆုံး မထင်မရှား ဆက်​လုပ်ဆောင်ခဲ့​ကြသည်။ ရလဒ်​ကား​အဘယ်နည်း။ လုပ်ငန်း​မ​ပိတ်ပင်​မီ​လေး​တွင်​ဖြစ်သည့် ၁၉၆၇ ခုနှစ်​တွင် အများဆုံး ဘုရားသခင့်​နိုင်ငံတော်​ကြေညာသူ​အရေအတွက် ၁၈,၅၁၉ ဦး​ရှိခဲ့​သည်။ ပိတ်ပင်​မှု​အောက်​ရှိ​ဆဲ​တွင် လူများစွာ မိုဇမ်ဘစ်​နိုင်ငံ​သို့ ထွက်ပြေး​ခဲ့​ကြသော်လည်း ၁၉၇၂ ခုနှစ်​ရောက်​လေ​သော် ကြေညာသူ​နှုန်းသစ် ၂၃,၃၉၈ ဦး မှတ်တမ်းသွင်း​ခဲ့​ကြသည်။ ဓမ္မ​အမှု​တွင် သူတို့၏ လစဉ် ပျမ်းမျှ​နာရီ​မှာ ၁၆ နာရီ​ကျော်​ဖြစ်သည်။ သူတို့၏​လုပ်ဆောင်မှုများ​က ယေဟောဝါ​အား ဂုဏ်တင်​ချီးမွမ်းစရာ​ဖြစ်​ခဲ့​ပြီး ထို​အခက်ခဲဆုံး​ကာလ​တစ်လျှောက် အဆိုပါ​တည်ကြည်သော​ညီအစ်ကို​များ​ကို ယေဟောဝါ အမှန်​ကောင်းချီး​ပေး​ခဲ့​ပါ​သည်။ *

၇၊ ၈။ အတိုက်အခံပြု​မှု​ကြောင့် ပြဿနာ​များ​ပေါ်ပေါက်​နေ​သော်လည်း လူတချို့ အဘယ်ကြောင့်​ထွက်​မ​ပြေးကြ​သနည်း။

အခြား​တစ်ဖက်​တွင်​မူ၊ အတိုက်အခံပြု​မှု​ကြောင့် ပြဿနာ​များ​ဖြစ်ပေါ်​နေသည့်​နိုင်ငံ​များ​တွင် ညီအစ်ကို​အချို့​သည် ထွက်ပြေး​နိုင်​ကြ​လျက်​ကယ် ထွက်​မ​ပြေး​ဖို့ ဆုံးဖြတ်​ကြ​ပေမည်။ အခြား​တစ်​နေရာသို့ ပြောင်းရွှေ့​သွားခြင်းက ပြဿနာ​အချို့​ကို ဖြေရှင်း​နိုင်​မည်​ဖြစ်သော်လည်း အခြား​စိန်ခေါ်ချက်​များ ပေါ်ပေါက်​လာနိုင်​ပေ​သည်။ ဥပမာ၊ ဝိညာဉ်​ရေး​အရ အထီးကျန်​မနေ​ဘဲ ခရစ်ယာန်​ညီအစ်ကို​အသင်းအပင်း​နှင့် အဆက်အသွယ်​ရှိ​နိုင်​ကြ​ပါ​မည်​လော။ ဥပမာ၊ ပိုမို​ချမ်းသာ​သည့်​နိုင်ငံ​တစ်နိုင်ငံ၊ သို့​မဟုတ် စည်းစိမ်ဥစ္စာ များများ​စုဆောင်း​နိုင်​သည့်​နိုင်ငံ​တစ်နိုင်ငံ​တွင် ပြန်လည်​အခြေချ​ရန် ကြိုးစား​ရုန်းကန်​စဉ် ဝိညာဉ်​ရေး လုပ်ရိုးလုပ်စဉ်​ကို ထိန်းသိမ်း​ထား​နိုင်​ကြ​ပါ​မည်​လော။—၁ တိမောသေ ၆:၉

အခြားသူ​တို့​မှာ​မူ မိမိတို့​ညီအစ်ကို​များ​၏ ဝိညာဉ်​ရေး​ကောင်းကျိုး​ကို​ထောက်​ပြီး မ​ပြောင်းရွှေ့​ဖို့ ဆုံးဖြတ်​ပေမည်။ မိမိတို့​နယ်မြေ​ဒေသ​တွင် ဆက်​ဟောပြောနိုင်​ဖို့၊ ဝတ်ပြုသူချင်း​များ​ကို အားပေး​တည်ဆောက်​နိုင်​ဖို့ ရွှေ့​ပြောင်း​မသွား​ဘဲ ဖြစ်ပျက်​သမျှ​ကို​ရင်ဆိုင်ဖို့ ရွေးချယ်​ကြ​ပေမည်။ (ဖိလိပ္ပိ ၁:၁၄) ထိုသို့​ပြု​ရန်​ရွေးချယ်​လိုက်​ကြ​ခြင်း​ဖြင့် မိမိတို့​တိုင်းပြည်​တွင် အောင်မြင်မှု​များ​ရရှိခဲ့ကြ​ပြီ။ *

၉။ နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် ပြောင်းရွှေ့​မည်၊ မ​ပြောင်းရွှေ့​မည်​ကို ဆုံးဖြတ်​သည့်​အခါ အဘယ်​ကိစ္စ​များ​ကို ထည့်​သုံးသပ်​ရမည်​နည်း။

နေရစ်​ရန်၊ သို့​မဟုတ် ပြောင်းရွှေ့​သွား​ရန် ဆုံးဖြတ်ခြင်း​သည် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ဖြစ်သည်။ ထိုသို့​မဆုံးဖြတ်​မီ ယေဟောဝါ​၏​လမ်းညွှန်မှုကို​ရ​ရန် ကျွန်ုပ်​တို့​ဆုတောင်း​သင့်​၏။ သို့ရာတွင်၊ မည်သည့်​လမ်းစဉ်​ကို​ပင် ကျွန်ုပ်​တို့​ရွေးချယ်​ပါစေ တမန်​တော်​ပေါလု​၏ ဤ​စကား​ကို စိတ်​စွဲမှတ်​ထား​ရမည်– “ငါ​တို့​ရှိသမျှသည် ဘုရားသခင်​စစ်ကြော​တော်​မူ​ခြင်း​ကို ခံရ​ကြ​မည်။” (ရောမ ၁၄:၁၂) အစပိုင်း​တွင် ကျွန်ုပ်​တို့​သတိပြုမိ​သည့်​အတိုင်း ယေဟောဝါ​တောင်းဆို​တော်​မူ​ရာ​မှာ မိမိ၏​ကျေးကျွန်​တစ်ဦးစီ​သည် မည်သည့်​အခြေအနေ​တွင်​မဆို တည်ကြည်​ကြဖို့​ဖြစ်၏။ ကိုယ်တော့်​ကျေးကျွန်​အချို့​သည် ယနေ့ စမ်းသပ်မှု​များ၊ နှိပ်စက်​ညှဉ်းပန်းမှု​များ ခံ​နေကြ​ရသည်; အခြားသူ​တို့​မှာ​မူ နောက်နောင် တွေ့ကြုံ​ရ​ပေမည်။ လူတိုင်း တစ်နည်း​မဟုတ်​တစ်နည်း စမ်းသပ်ခံ​ရ​ပေမည်၊ မိမိ​မူ စမ်းသပ်ခံ​ရမည်​မဟုတ်​ဟု မည်သူမျှ မယူမှတ်​သင့်​ချေ။ (ယောဟန် ၁၅:၁၉၊ ၂၀) ယေဟောဝါ​၏​ဆက်ကပ်​အပ်နှံ​ကျေးကျွန်​များ​အနေ​နှင့် ယေဟောဝါ​၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေခြင်း​နှင့် ကိုယ်တော်​၏​ပိုင်သ​အုပ်စိုးမှု သံသယ​ကင်းရှင်း​စေခြင်း​တို့​နှင့်​ပတ်သက်​သည့် စကြဝဠာ​အရေးကိစ္စကို တိမ်းရှောင်​၍​မရနိုင်​ပေ။—ယေဇကျေလ ၃၈:၂၃; မဿဲ ၆:၉၊ ၁၀

“အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်”

၁၀။ ဖိစီးမှုများ​နှင့် အတိုက်အခံပြု​မှု​တို့ကို ကိုင်တွယ်​ဖြေရှင်းပုံ​နှင့်​ပတ်သက်​၍ ယေရှု​နှင့် တမန်​တော်​များသည် ကျွန်ုပ်​တို့အတွက် အဘယ်​အရေးပါသော​အစဉ်အလာ​ကို ချမှတ်​ပေး​ခဲ့​သနည်း။

၁၀ ဖိစီးမှု​ခံရ​ချိန်​တွင် ယေရှု​နှင့် တမန်​တော်​များ တုံ့ပြန်​ခဲ့​ပုံ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် အခြား​အရေးပါသော​မူ​တစ်ခု​မှာ ညှဉ်းဆဲ​သူတို့ကို လက်တုံ့မပြန်​ရန်ဖြစ်​သည်။ ယေရှု​ဖြစ်စေ၊ သူ၏​နောက်လိုက်​များ​ဖြစ်စေ မိမိတို့​အား​ညှဉ်းဆဲ​သူများကို လူစု​ဖွဲ့ ပြီး တစ်နည်း​နည်းဖြင့် တော်လှန်​မည် သို့​မဟုတ် အကြမ်းဖက်​မည်​ဟု အကြံပြု​ခြင်း​ကို ကျမ်းစာ​တွင် လုံးဝ​မ​တွေ့ရှိ​ရ​ပေ။ ထိုသို့​ပြု​မည့်​အစား “အဘယ်သူကိုမျှ ရန်​တုံ့​မ​မူ​ကြ​နှင့်။ ချစ်သူ​တို့၊ သူတစ်ပါး​သည် သင်တို့ကို​ပြစ်မှား​လျှင်၊ ကိုယ်တိုင်​အပြစ်​ပြန်၍​မတုံ့​ကြ​နှင့်။ အမျက်တော်ကို​အခွင့်ပေး​ကြလော့။ ကျမ်းစာ​လာ​သည်​ကား– ‘ငါသည် အပြစ်​တရားကို​စီရင်ပိုင်​၏။ အပြစ်​နှင့်​အလျောက်​ငါ​ဆပ်ပေး​မည်​ဟု ထာဝရ​ဘုရား​မိန့်တော်မူ၏’” ဟု ခရစ်ယာန်​များ​ကို တမန်​တော်​ပေါလု​ဆုံးမ​ခဲ့​သည်။ ထို့​အပြင်၊ “အဆိုး​အားဖြင့် အရှုံး​မခံ​နှင့်။ အကောင်း​အားဖြင့် အဆိုးကို​နိုင်​လော့။”—ရောမ ၁၂:၁၇-၂၁; ဆာလံ ၃၇:၁-၄; သု. ၂၀:၂၂

၁၁။ အစိုးရ​အပေါ် အစောပိုင်း​ခရစ်ယာန်​များ​ထား​ရှိသည့် သဘောထား​နှင့်​ပတ်သက်​၍ သမိုင်း​ပညာရှင်​တစ်ဦး​က အဘယ်​သို့​ပြောဆို​သနည်း။

၁၁ အစောပိုင်း​ခရစ်ယာန်​များသည် ထို​ဆုံးမ​စကား​ကို နှလုံး​သွင်း​ခဲ့​ကြ​၏။ သမိုင်း​ပညာရှင် စီ​စဲလ် ဂျေ. ကာ​ဒူ​က အစောပိုင်း​ချာ့ခ်ျ​နှင့် လောက​ဟူ​သည့် သူ၏​စာအုပ်​တွင် စီ.အီး. ၃၀-၇၀ ကာလ​အတွင်း အစိုးရ​အပေါ် ခရစ်ယာန်​များ​၏​သဘောထားကို ဖော်ပြ​ပေး​သည်။ သူ​ဤသို့​ရေး​သည်– “ဤ​ခေတ်​ရှိ​ခရစ်ယာန်​များသည် နှိပ်စက်​ညှဉ်းပန်းမှု​ကို အဓမ္မ​နည်းဖြင့်​တုံ့ပြန်​ခဲ့​သည့် အထောက်အထား ကျွန်ုပ်​တို့​မ​တွေ့ရှိ​ရ​ချေ။ သူတို့ အလွန်​ဆုံး​ပြုမူ​သည်​ကား အုပ်စိုးရှင်​များ​ကို ပြင်းပြင်းထန်ထန် ပြစ်တင်​ပြောဆိုခြင်း၊ သို့​မဟုတ် ထွက်ပြေး​ပုန်းရှောင်​ခြင်း​ဖြင့် သူတို့အား အကြံအိုက်​စေခြင်း​သာ​ဖြစ်သည်။ သို့ရာတွင် နှိပ်စက်​ညှဉ်းပန်းမှု​ကို သာမန်​ခရစ်ယာန်​တစ်ဦး​တုံ့ပြန်​ပုံ​သည် အစွန်း​မ​ရောက်​ပေ၊ သို့သော် ခရစ်တော်​အား​လက်အောက်ခံခြင်း​နှင့် ဖီ​လာ​ဆန့်ကျင်​သည်​ဟု သူတို့​ယူမှတ်​သော အုပ်စိုးရှင်​အမိန့်များ​ကို မနာခံဖို့ အခိုင်အမာ​ငြင်းဆို​ကြ​ခြင်း​ဖြစ်​ပေ​သည်။”

၁၂။ လက်တုံ့ပြန်​မည့်​အစား ဆင်းရဲခံ​ခြင်း​သည် အဘယ်ကြောင့်​ပို​ကောင်း​သနည်း။

၁၂ ထိုသို့​သော​လက်အောက်ခံ​သည့်​လမ်းစဉ်သည် ပညာ​အရှိဆုံး​လမ်းစဉ် အမှန်တကယ်​ဖြစ်ပုံရ​သလော။ ထိုသို့​တုံ့ပြန်​သူ မည်သူ​မဆို​ကို ချေမှုန်း​ပစ်​ဖို့ အလွန်​လွယ်ကူ​လိမ့်​မည်​မဟုတ်လော။ ကိုယ့်​ကိုယ်ကို​ကာကွယ်​ခြင်း​က ပညာရှိရာ​ရောက်မည်​မဟုတ်ပေ​လော။ လူ့​ရှုထောင့်​အရ​ကြည့်​မည်​ဆိုလျှင် ထိုသို့​ဖြစ်​ပုံ​ပေါ်​ပေမည်။ သို့ရာတွင်၊ ယေဟောဝါ​၏​ကျေးကျွန်​များ​အနေ​နှင့် ကိစ္စ​အရပ်ရပ်​တွင် ယေဟောဝါ​၏​လမ်းညွှန်မှုကို လိုက်လျှောက်ခြင်းက အကောင်းဆုံး​လမ်းစဉ်​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​ကြသည်။ ပေတရု​၏​ဤ​စကား​များ​ကို ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​ကြသည်– “ကောင်းမွန်​စွာ​ပြု​၍​ဆင်းရဲခံ​ရသောအခါ သည်းခံ​လျှင်၊ ဘုရားသခင့်​ရှေ့တော်၌ ကျေးဇူးရှိ​၏။” (၁ ပေတရု ၂:၂၀) အခြေအနေ​ကို ယေဟောဝါ​ကောင်းစွာ​သိကြောင်း​နှင့် ကိစ္စရပ်​များ​ကို အကန့်အသတ်​မရှိ ဆက်​ဖြစ်ခွင့်​ပြု​မည်​မဟုတ်​ကြောင်း ကျွန်ုပ်​တို့​ယုံကြည်​စိတ်ချ​သည်။ ထိုသို့​ဖြစ်​ကြောင်း ကျွန်ုပ်​တို့​မည်သို့​သေချာ​သိနိုင်​မည်​နည်း။ ဗာဗုလုန်​နိုင်ငံ​တွင် သုံ့ပန်း​ဖြစ်နေ​ရသည့် မိမိ၏​လူမျိုးတော်ကို ယေဟောဝါ ဤသို့​အလေးအနက်​မိန့်ဆိုခဲ့​၏– “သင်တို့ကို​ထိ​သော​သူသည် မျက်ဆန်​တော်​ကို​ထိ​သော​သူ​ဖြစ်၏။” (ဇာခရိ ၂:၈) မိမိ၏​မျက်ဆန်​ကို ကြာရှည်​ထိခိုက်​ခွင့်ပြု​မည့်​သူ ရှိပါ​မည်​လော။ ယေဟောဝါ​သည် အခန့်သင့်​အချိန်တွင် သက်သာရာ​ရစေပါ​လိမ့်​မည်။ ထိုသို့​ဖြစ်​မည်​ကို လုံးဝ သံသယ​ရှိ​စ​ရာ​မလို​ပေ။—၂ သက်သာလောနိတ် ၁:၅-၈

၁၃။ ရန်သူ​တို့ မိမိကို​ဖမ်းဆီး​ရန် ယေရှု အဘယ်ကြောင့် ကျိုးနွံ​စွာ ခွင့်ပြု​လိုက်​သနည်း။

၁၃ ဤ​ကိစ္စ​တွင် ယေရှုကို ကျွန်ုပ်​တို့၏​စံနမူနာရှင်​အဖြစ် မျှော်ကိုး​နိုင်​သည်။ ဂေသရှေမန်​ဥယျာဉ်​တွင် ရန်သူများ မိမိကို​ဖမ်းဆီး​ရန်​ခွင့်ပြု​ချိန်​က ကိုယ်တော်​သည် မိမိကိုယ်ကို မကာကွယ်​နိုင်​ခဲ့​ခြင်း​ကြောင့် မဟုတ်ပေ။ အမှန်​မှာ၊ မိမိ၏​တပည့်​နောက်လိုက်​များ​အား ကိုယ်တော်​ဤသို့​မိန့်ဆိုခဲ့​၏– “ယခု​ပင် ငါ့​အဘ​ကို​ငါ​တောင်း​နိုင်​သည်ကို​လည်းကောင်း၊ တောင်းလျှင် ကောင်းကင်တမန်​တစ်ဆယ့်​နှစ်​တပ်​မ​က ငါ့​ထံ​သို့​စေလွှတ်​တော်​မူ​သည်ကို​လည်းကောင်း သင်သည်​မထင်​သလော။ သို့​ဖြစ်​လျှင် ဤသို့​သော​အမှုအရာ​တို့သည် ဖြစ်​ရမည်​ဟူသော​ကျမ်းစာ​အချက်​သည် အဘယ်​သို့​ပြည့်စုံ​အံ့​နည်း။” (မဿဲ ၂၆:၅၃၊ ၅၄) ဆင်းရဲခံ​ရဖို့​အကြောင်း​ရှိခဲ့​လျှင်​ပင် ယေဟောဝါ​၏​အလိုတော် ပြီးမြောက်​စေ​ရေး​သည် ယေရှု​အတွက် အရေး​အကြီးဆုံး​ဖြစ်​ခဲ့​သည်။ ကိုယ်တော်​သည် ဒါဝိဒ်​၏​ပရောဖက်ပြုချက်​ဆိုင်ရာ ဆာလံကျမ်း​ပါ​ဤ​စကား​များ​ကို အပြည့်အဝ​ယုံကြည်​စိတ်ချ​ခဲ့​၏– “ကိုယ်တော်​သည် အကျွန်ုပ်​ကို မရ​ဏာ​နိုင်ငံ​အဖို့ စွန့်ပစ်​တော်​မ​မူ၊ ကိုယ်တော်​၏​သန့်ရှင်းသော​သူအား သင်္ချိုင်းတွင်း​သို့​ရောက်​စေ​တော်​မ​မူ။” (ဆာလံ ၁၆:၁၀သမ္မာ) နှစ်များ​စွာ​ကြာပြီးနောက် တမန်​တော်​ပေါလု​က ယေရှု​အကြောင်း ဤသို့​ပြောဆို​ခဲ့​သည်– “မိမိ​ရှေ့၌​ထားသော​ဝမ်းမြောက်ခြင်း​အကြောင်းကြောင့်၊ ရှက်ကြောက်​သော​အရာ​ကို​မ​မှတ်​ဘဲ လက်ဝါးကပ်တိုင်​၌​ခံ​ပြီး​မှ၊ ဘုရားသခင်​၏​ပလ္လင်တော်​လက်ယာဘက်​၌ ထိုင်​နေ​တော်​မူ​၏။”—ဟေဗြဲ ၁၂:၂

ယေဟောဝါ​၏​နာမတော်​ကို သန့်ရှင်း​မြင့်မြတ်​စေခြင်း​ဆိုင်ရာ ရွှင်လန်းမှု

၁၄။ အဘယ်​ရွှင်လန်းမှု​ကြောင့် စမ်းသပ်မှု​အားလုံး​ကို ယေရှု​ခံရပ်​နိုင်​ခဲ့​သနည်း။

၁၄ အဘယ်​ရွှင်လန်းမှု​ကြောင့် စဉ်းစား၍​ရနိုင်​သမျှ​တွင် အပြင်းထန်ဆုံး​စမ်းသပ်မှု​ကို ယေရှု​ခံရပ်​နိုင်​ခဲ့​သနည်း။ ယေဟောဝါ​၏​ကျေးကျွန်​အားလုံး​တို့​တွင် ဘုရားသခင်​၏​အချစ်ဆုံးသား​တော် ယေရှုသည် စာတန်​၏ အဓိက​ပစ်မှတ် အမှန်​ဖြစ်၏။ ထို့​ကြောင့် စမ်းသပ်မှု​ခံရ​သည့်​အခါ ယေရှု​ဆက်လက်​တည်ကြည်​ခြင်း​က ယေဟောဝါ​အား စာတန်​၏​ကဲ့ရဲ့​မှု​ကို အပြောင်မြောက်ဆုံး​နည်းဖြင့် ပြန်​ချေပ​ခြင်း​ဖြစ်​ပေမည်။ (သု. ၂၇:၁၁) မိမိ​ရှင်ပြန်ထမြောက်​လာသော​အခါ ယေရှု​ခံစား​ခဲ့​ရမည့် ရွှင်လန်းမှု​နှင့် ကျေနပ်​ရောင့်ရဲမှု​တို့ကို သင်​မြင်ယောင်​ခံစား​ကြည့်​နိုင်​ပါသလော။ ယေဟောဝါ​၏​အကြွင်းမဲ့​ပိုင်သ​အုပ်စိုးမှု​ကို သံသယ​ကင်းရှင်း​စေ​ရေး​နှင့် ကိုယ်တော့်​နာမတော်​အား သန့်ရှင်း​မြင့်မြတ်​စေ​ရေး​တို့တွင် စုံလင်သူ​လူသား​တစ်ဦး​အနေ​ဖြင့် မိမိ၏​ကဏ္ဍ​ကို တာဝန်​ကျေပွန်​စွာ​ထမ်းဆောင်​ခဲ့​ကြောင်း သိရ​သည့်​အခါ ကိုယ်တော်​အလွန်​ပျော်ရွှင်​လိုက်​မည်​ဖြစ်​ခြင်း! ထို့​ပြင် “ဘုရားသခင်​၏​ပလ္လင်တော်​လက်ယာဘက်​၌” ထိုင်​နေရ​ခြင်း​က ယေရှု​အတွက် အထူး​ဂုဏ်ယူဖွယ်​ရာ​နှင့် အလွန်​ရွှင်လန်း​အားရစရာ​အကြောင်း အမှန်​ဖြစ်သည်။—ဆာလံ ၁၁၀:၁၊ ၂; ၁ တိမောသေ ၆:၁၅၊ ၁၆

၁၅၊ ၁၆။ ဇာ​ခ်​စင်​ဟော​င်​ဇ​င်​၌ ထို​သက်သေခံ​များ အဘယ်​ရက်စက်​ကြမ်းကြုတ်​သော နှိပ်စက်​ညှဉ်းပန်းမှု​များ​ကို ခံ​ခဲ့​ကြ​ရပြီး ထိုသို့​ခံရပ်​နိုင်​ရန် အဘယ်အရာက သူတို့ကို ခွန်အား​ပေး​ခဲ့​သနည်း။

၁၅ ယေရှု၏​ပုံ​နမူနာ​အတိုင်း စမ်းသပ်မှု​များနှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့ကို ခံရပ်​ခြင်း​အားဖြင့် ယေဟောဝါ​၏​နာမတော် သန့်ရှင်း​မြင့်မြတ်​စေ​ရေး​တွင် ပါဝင်​ရခြင်း​က ခရစ်ယာန်​များ​အတွက်​လည်း အားရ​ရွှင်လန်းစရာ​ပင်​ဖြစ်သည်။ သာဓက​တစ်ခု​မှာ အလွန်​ဆိုးရွား​သော ဇာ​ခ်​စင်​ဟော​င်​ဇ​င်​ချွေး​တပ်​စခန်း​၌ ဆင်းရဲခံ​ခဲ့​ရပြီး ဒုတိယ​ကမ္ဘာ​စစ်​အပြီး​တွင် အားအင်ကုန်ခန်း​စေသော မရဏ​ခရီးစဉ်​မှ အသက်ရှင်​ကျန်ရစ်​ခဲ့​သော သက်သေခံ​တို့၏ အတွေ့အကြုံ​ပင်​ဖြစ်၏။ အဆိုပါ​ခရီးစဉ်​အတွင်း အကျဉ်းသား​ထောင်ပေါင်း​များစွာတို့သည် ပြင်းထန်သော​ရာသီဥတုဒဏ်၊ ရောဂါ၊ ငတ်ပြတ်​မှု သို့​မဟုတ် အက်စ်​အက်စ်​အစောင့်များ​က လမ်းဘေး​တွင်​ပင် လူ​မ​ဆန်​စွာ ပစ်သတ်​မှု​တို့​ကြောင့် သေဆုံး​ခဲ့​ကြ​ရသည်။ သက်သေခံ​စုစုပေါင်း ၂၃၀ တို့​မှာ​မူ ကိုယ့်​အသက်ကို​စွန့်ပြီး စည်းစည်းလုံးလုံး​နှင့် တစ်ဦး​ကိုတစ်​ဦး ကူညီပေး​ခဲ့​ကြ​သဖြင့် အားလုံး​ဆက်​အသက်ရှင်ခဲ့​ကြသည်။

၁၆ ထိုသို့​သော​ရက်စက်​ကြမ်းကြုတ်​သည့် နှိပ်စက်​ညှဉ်းပန်းမှု​ကို ခံရပ်​နိုင်​ကြ​ရန် အဆိုပါ​သက်သေခံ​များ​အား အဘယ်အရာက ခွန်အား​ပေး​ခဲ့​သနည်း။ ဘေးကင်း​လုံခြုံ​သွား​သည်​နှင့်​တစ်ပြိုင်နက် ယေဟောဝါ​အား​ကျေးဇူး​တင်​ကြောင်း သူတို့၏​ရွှင်လန်းမှု​ကို “ဆ​ကွေ​ရင်​မြို့အနီး မက်​ခ်​လင်​ဘာ့ဂ်​ဒေသ​ရှိ တောအုပ်​တွင် စုဝေး​ခဲ့​ကြ​သည့် နိုင်ငံ​ခြောက်​နိုင်ငံ​မှ ယေဟောဝါသက်သေ ၂၃၀ တို့၏ အဓိဋ္ဌာန်​ပြုချက်” ဟု​ခေါင်းစဉ်​တပ်ထား​သည့် မှတ်တမ်း​တစ်ခု​တွင် ဖော်ပြ​ထား​သည်။ ထို​တွင် သူတို့​ဤသို့​ဆို​သည်– “ခက်ခဲ​ရှည်လျား​သည့် စမ်းသပ်​ရာ​ကာလ​တစ်ခု အဆုံးသတ်​သွားပြီး မီး​ပြင်း​ဖို​မှ ရုတ်တရက်​နုတ်ယူ​ခံ​ခဲ့​ရသကဲ့သို့ ကာကွယ်​စောင့်ရှောက်​ခံ​လိုက်​ရသူ​တို့​ကိုယ်​ပေါ်​တွင် မီး​သင်း​နံ့​ပင်မ​ရှိ​ချေ။ (ဒံယေလ ၃:၂၇ ကို​ရှု။) သူတို့သည် ယေဟောဝါ​ထံ​မှ​ရသော အစွမ်း​ခွန်အား​နှင့်​ပြည့်လျက် သီအိုကရက်တစ်​ရေးရာ​၌ တိုးတက်​ရန် ရှင်ဘုရင်​ထံ​မှ မိန့်မှာချက်​အသစ်များ​ကို စိတ်အား​ထက်သန်​စွာ စောင့်မျှော်​လျက်​နေကြ​သည်။” *

၁၇။ ယခု ဘုရားသခင့်​လူမျိုးတော်သည် အဘယ်​စမ်းသပ်မှု​များ​ကို ရင်ဆိုင်​နေရ​ကြ​သနည်း။

၁၇ ထို တည်ကြည်သူ ၂၃၀ ကဲ့သို့ “အသွေး​ထွက်​သည်​တိုင်အောင် မခံရ​ကြ​သေး” သည့်​တိုင် ကျွန်ုပ်​တို့​လည်း ယုံကြည်ခြင်း​စမ်းသပ်​ခံရ​နိုင်​သည်။ (ဟေဗြဲ ၁၂:၄) သို့သော် ပုံစံ​အမျိုးမျိုးဖြင့် စမ်းသပ်ခံ​ရမည်။ အတန်းဖော်​များ​၏ သရော်​ပြောင်လှောင်မှု၊ သို့​မဟုတ် အကျင့်​ယိုယွင်းမှု​နှင့် အခြား​မှားယွင်းမှု​များ​ကို ကျူးလွန်​ရန် ရွယ်တူချင်း​က ဖိအားပေး​လာပေမည်။ ထို့​ပြင် သွေး​ကို​ကြ​ဉ်​ရှောင်ရန်၊ သခင်​ဘုရား​၌​သာ​လက်ထပ်​ရန်၊ သို့​မဟုတ် ကွဲပြား​နေသည့်​အိမ်ထောင်တွင် သားသမီး​များ​ကို ယုံကြည်ခြင်း​နှင့်​အညီ ပြုစု​ပျိုးထောင်​ရန် စိတ်ပိုင်းဖြတ်​ထားခြင်း​က တစ်ခါတစ်ရံ ပြင်းထန်သော ဖိစီးမှုများ​နှင့် စမ်းသပ်မှု​များ​ကို ဖြစ်ပေါ်​စေနိုင်​သည်။—တမန်​တော် ၁၅:၂၉; ၁ ကောရိန္သု ၇:၃၉; ဧဖက် ၆:၄; ၁ ပေတရု ၃:၁၊ ၂

၁၈။ အလွန်​ကဲ​ဆုံး​စမ်းသပ်မှု​ကို​ပင် ကျွန်ုပ်​တို့​ခံရပ်​နိုင်​ကြောင်း အဘယ်​အာမခံချက်​ရှိ​သနည်း။

၁၈ သို့ရာတွင် အဘယ်​စမ်းသပ်မှု​မျိုးကို​ခံရ​ပါစေ ယေဟောဝါ​နှင့် ကိုယ်တော့်​နိုင်ငံတော်​ကို ရှေးဦး​ထားသော​ကြောင့် ကျွန်ုပ်​တို့​ဆင်းရဲခံ​နေရ​ကြောင်း သိထား​ပြီး ယင်းကို တကယ့်​အခွင့်ထူး၊ အားရ​ရွှင်လန်းစရာ​အဖြစ် ကျွန်ုပ်​တို့​ယူမှတ်​ကြသည်။ ပေတရု​၏ ဤ​စကား​များ​မှ ကျွန်ုပ်​တို့အား​ယူ​နိုင်​ကြသည်– “ခရစ်တော်​၏​နာမ​ကြောင့် ကဲ့ရဲ့​ခြင်း​ကို​ခံရ​လျှင် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။ အကြောင်း​မူ​ကား ဘုန်းတော်​ဆိုင်ရာ ဝိညာဉ်​တော်​တည်း​ဟူသော ဘုရားသခင်​၏​ဝိညာဉ်တော်သည် သင်တို့​အပေါ်မှာ​ကျိန်းဝပ်​တော်​မူ​၏။” (၁ ပေတရု ၄:၁၄သမ္မာ) အခက်ခဲဆုံး​စမ်းသပ်မှု​များ​ခံရ​လျှင်​ပင် ယေဟောဝါ​၏​ဝိညာဉ်​တော်​တန်ခိုး​အားဖြင့် ခံရပ်​နိုင်​ကြ​ရာ ကိုယ်တော်​၏​ဘုန်း​ကျက်သရေ ထင်ရှား​သွားလေသည်။—၂ ကောရိန္သု ၄:၇; ဧဖက် ၃:၁၆; ဖိလိပ္ပိ ၄:၁၃

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 6 ၁၉၆၀ ပြည့်လွန်​နှစ်များ​မှ အဖြစ်အပျက်​များသည် မာလာဝီ​နိုင်ငံ​ရှိ သက်သေခံ​များ နှစ်ပေါင်း​သုံး​ဆယ်​နီးပါး​ခံ​ခဲ့​ရသည့် စိတ်နာ​ကြည်း​ဖွယ်​နှိပ်စက်​ညှဉ်းပန်းမှု​များ​၏ အစ​သာ​ဖြစ်သည်။ မှတ်တမ်း​အပြည့်အစုံကို ၁၉၉၉ ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ်၊ [လိပ်] စာမျက်နှာ ၁၇၁-၂၁၂ တွင်​ဖော်ပြ​ထား​၏။

^ အပိုဒ်၊ 8 ၂၀၀၃၊ ဧပြီ ၁ ရက်​နေ့​ထုတ် ကင်းမျှော်စင် စာမျက်နှာ ၁၁-၁၄ ရှိ “‘အာရာရတ်ပြည်’ ၌ စစ်မှန်သော​ဝတ်ပြုရေးကို အထက်​တရားရုံး ထောက်ခံ” ဟူသော​ဆောင်းပါး​ကို​ရှု။

^ အပိုဒ်၊ 16 ဤ​အဓိဋ္ဌာန်​ပြုချက်​၏ စာသား​အပြည့်အစုံကို ၁၉၇၄ ယေဟောဝါသက်သေ​များ​၏​နှစ်ချုပ်​စာအုပ်၊ [လိပ်] စာမျက်နှာ ၂၀၈-၉ ကို​ရှု။ အဆိုပါ​ခရီးစဉ်​မှ အသက်ရှင်​ကျန်ရစ်သူ​တစ်ဦး၏ ကိုယ်တွေ့​ဖြစ်ရပ်​ကို ၁၉၉၈၊ ဇန်နဝါရီ ၁ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅-၉ တွင် တွေ့ရှိ​နိုင်​ပါ​သည်။

သင်​ရှင်းပြ​နိုင်​သလော

• ဆင်းရဲ​ဝေဒနာ​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့ကို ခရစ်ယာန်​များ မည်သို့ ရှုမြင်ကြ​သနည်း။

• စမ်းသပ်ခံ​ရသည့်​အခါ ယေရှု​နှင့် အခြား​တည်ကြည်သူ​တို့၏ တုံ့ပြန်​ပုံ​မှ ကျွန်ုပ်​တို့ အဘယ်အရာ သင်ယူ​နိုင်​သနည်း။

• ကျွန်ုပ်​တို့ ညှဉ်းပန်း​နှိပ်စက်​ခံရ​ချိန်​တွင် လက်တုံ့မပြန်​ခြင်း​က အဘယ်ကြောင့် ပညာရှိရာ​ရောက်​သနည်း။

• အဘယ်​ရွှင်လန်းမှု​ကြောင့် စမ်းသပ်မှု​များ​ကို ယေရှု​ခံရပ်​နိုင်​ခဲ့​သနည်း၊ ယင်း​မှ ကျွန်ုပ်​တို့​အဘယ်အရာ​သင်ယူ​နိုင်​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၅ ပါ လေး​ထောင်​အကွက်/ ရုပ်ပုံ]

နှိပ်စက်​ညှဉ်းပန်းမှု​ကို သူတို့​ကိုင်တွယ်​ဖြေရှင်း​ခဲ့​ကြ​ပုံ

အသက်​နှစ်နှစ်​နှင့် နှစ်နှစ်​အောက်​ရှိ သား​ယောက်ျား​ကလေး​များ​အားလုံး​ကို သတ်ပစ်​ရန် ဟေရုဒ်​၏​စစ်သား​များ ဗက်လင်မြို့​သို့ မ​ရောက်လာ​မီ ယောသပ်​နှင့်​မာရိ​တို့သည် ကောင်းကင်တမန်​ညွှန်ကြားမှု​ဖြင့် သူငယ်​ယေရှုကို​ခေါ်ဆောင်​၍ အီဂျစ်​ပြည်​သို့ ထွက်ပြေး​ခဲ့​ကြသည်။—မဿဲ ၂:၁၃-၁၆

ယေရှု​ဓမ္မ​အမှုဆောင်ချိန်​အတောအတွင်း ကိုယ်တော်​၏​ရန်သူများ​သည် ကိုယ်တော်​၏​တန်ခိုး​ပါ​သည့် သက်သေခံချက်​ကြောင့် ကိုယ်တော်​ကို​သတ်ပစ်​ရန် အကြိမ်ပေါင်း​များစွာ ရှာကြံ​ခဲ့​ကြသည်။ အကြိမ်တိုင်း ယေရှု​တိမ်းရှောင်​နိုင်​ခဲ့​၏။—မဿဲ ၂၁:၄၅၊ ၄၆; လုကာ ၄:၂၈-၃၀; ယောဟန် ၈:၅၇-၅၉

ယေရှုကို​ဖမ်းဆီး​ရန် ဂေသရှေမန်​ဥယျာဉ်​သို့ စစ်သား​များနှင့် အရာရှိများ​ရောက်လာ​ခဲ့​ကြသောအခါ ကိုယ်တော်​က သူတို့ကို “ငါသည် ထို​သူ​ဖြစ်၏” ဟု နှစ်ကြိမ်​တိုင်တိုင် ပွင့်ပွင့်လင်းလင်း ဖော်ပြ​ခဲ့​သည်။ မခုခံ​ကြဖို့ မိမိ၏​နောက်လိုက်​များ​ကို မှာကြား​ပြီး လူအုပ်​ခေါ်ဆောင်​သွား​ရာ​နောက် လိုက်သွား​ခဲ့​သည်။—ယောဟန် ၁၈:၃-၁၂

ယေရုရှလင်​မြို့တွင် ပေတရု​နှင့် အခြားသူ​တို့သည် ဖမ်းဆီး​ခံ​ခဲ့​ရ၏၊ ကျာပွတ်​နှင့်​အရိုက်ခံ​ခဲ့​ရပြီး ယေရှု​အကြောင်း​မဟောပြော​ကြဖို့ အမိန့်ပေး​ခံ​ခဲ့​ရသည်။ သို့​တိုင် သူတို့​လွတ်မြောက်​လာ​သည်​နှင့် “ထွက်သွား​ကြ[ပြီး] ဗိမာန်တော်၌​လည်းကောင်း၊ အိမ်​၌​လည်းကောင်း နေ့တိုင်း​အစဉ်​ဆုံးမ​သွန်သင်​လျက်၊ ယေရှုသည် ခရစ်တော်​ဖြစ်၏​ဟူ၍ ဧဝံဂေလိတရား​ကို မပြတ်​ဟောပြောလျက်​နေကြ၏။”—တမန်​တော် ၅:၄၀-၄၂

နောက်ပိုင်း​တွင် တမန်​တော်​ပေါလု​ဖြစ်လာ​သူ ရှောလုသည် မိမိ​အား​သတ်ဖြတ်​လို​သည့် ဒမာသက်​မြို့ရှိ​ဂျူး​များ​၏ လျှို့ဝှက်​အကြံအစည်​ကို သိရှိ​သွားသော​အခါ ည​အချိန်၌ သူ့ကို ညီအစ်ကို​များ​က ခြင်းတောင်း​ထဲ​ထည့်၍ မြို့ရိုး​ပေါ်​မှ လျှောချ​လိုက်​ကြသည်။—တမန်​တော် ၉:၂၂-၂၅

နှစ်များ​စွာ​ကုန်လွန်​ပြီး​နောက် ပေါလု​၌ ဘုရင်ခံ ဖေတ္တု​နှင့် အဂြိပ္ပ​မင်းတို့​သည် “အသေ​သတ်​ခြင်း၊ ချည်နှောင်ခြင်း​ခံထိုက်သော​အမှု တစ်စုံတစ်ခု​ကို​မျှ” မ​တွေ့ ရှိခဲ့​သော်လည်း ပေါလု​သည် ကဲသာ​ထံ​အယူခံဝင်​ဖို့ ရွေးချယ်​ခဲ့​သည်။—တမန်​တော် ၂၅:၁၀-၁၂၊ ၂၄-၂၇; ၂၆:၃၀-၃၂

[စာမျက်နှာ ၁၆၊ ၁၇ ပါ ရုပ်ပုံ]

ပြင်းထန်သော နှိပ်စက်​ညှဉ်းပန်းမှု​ကြောင့် ထွက်ပြေး​ခဲ့​ရ​သော်လည်း ထောင်နှင့်ချီ​သော တည်ကြည်​သည့် မာလာဝီ​သက်သေခံ​များသည် ဘုရားသခင့်​နိုင်ငံတော်​လုပ်ငန်း​ကို ရွှင်လန်းစွာ ဆက်​လုပ်ဆောင်ခဲ့​ကြ

[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]

ယေဟောဝါ​၏​နာမတော် သန့် ရှင်း​မြင့်မြတ်​စေ​ရသည့် ရွှင်လန်းမှုက အဆိုပါ တည်ကြည်သူ​တို့ကို ချွေး​တပ်​စခန်း​များနှင့် နာဇီ​မရဏ​ခရီး​ကို ချီတက်​စေ​ခဲ့

[Credit Line]

Death march: KZ-Gedenkstä​tte Dachau, courtesy of the USHMM Photo Archives

[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]

ပုံစံ​အမျိုးမျိုးဖြင့် စမ်းသပ်​ဖိနှိပ်ခံ​ရနိုင်