စိတ်နှိမ့်ချသူများကို အမှန်တရားသို့ ယေဟောဝါဆွဲဆောင်
ဘဝအတ္ထုပ္ပတ္တိ
စိတ်နှိမ့်ချသူများကို အမှန်တရားသို့ ယေဟောဝါဆွဲဆောင်
အာဆာနို ကိုဆီနိုပြောပြသည်
ဒုတိယကမ္ဘာစစ်ပြီးလို့ နှစ်အနည်းငယ်အကြာ ၁၉၄၉ ခုနှစ်မှာ အရပ်ရှည်ရှည်နဲ့ ဖော်ရွေတဲ့ နိုင်ငံခြားသားတစ်ယောက် ကိုဘေးမြို့က ကျွန်မအလုပ်လုပ်နေတဲ့ မိသားစုထံ လာလည်တယ်။ သူဟာ ဂျပန်ကိုရောက် လာတဲ့ ယေဟောဝါသက်သေတွေရဲ့ ပထမဦးဆုံး ခရစ်ယာန်သာသနာပြုဖြစ်တယ်။ သူရဲ့လည်ပတ် မှုကြောင့် ကျွန်မကို ကျမ်းစာအမှန်တရားဆီ ဆွဲဆောင်ဖို့ လမ်းစပွင့်ခဲ့တယ်။ ဒါပေမဲ့ ကျွန်မရဲ့ နောက်ခံအကြောင်း အရင်ဆုံးပြောပြပါရစေ။
၁၉၂၆ ခုနှစ်၊ မြောက်ပိုင်း အိုကာယာမာစီရင်စုနယ်ရွာလေးတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့တယ်။ သားသမီးရှစ်ယောက်ထဲမှာ ကျွန်မက ငါးယောက်မြောက်ဖြစ်တယ်။ အဖေက ဒေသန္တရရှင်တိုဝတ်ပြုရာအိမ်က ဘုရားသခင်ကို သက်ဝင်ယုံကြည်သူဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ကလေးတွေဟာ တစ်နှစ်ပတ်လုံး အခမ်းအနားတွေ၊ ဝတ်ပြုပွဲတွေမှာ မိသားစုလိုက် ပြန်ပေါင်းဆုံပြီး ပျော်ရွှင်ခဲ့ကြတယ်။
ကျွန်မအရွယ်ရောက်လာတဲ့အခါ ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရှိလာတယ်၊ ဒါပေမဲ့ သေခြင်းတရားကို အသိချင်ဆုံးပဲ။ ထုံးစံအရ အိမ်မှာ သေဆုံးရပြီး သေဆုံးသူရဲ့ဘေးမှာ သားသမီးတွေအားလုံး ရှိနေရမယ်။ အဘွားဆုံးတုန်းကရော၊ တစ်နှစ်တောင်မပြည့်သေးတဲ့ မောင်လေးဆုံးတုန်းကပါ ကျွန်မ အကြီးအကျယ်ဝမ်းနည်းခဲ့ရတယ်။ ကျွန်မမိဘတွေ ဆုံးပါးသွားမှာကို အရမ်းကြောက်နေတယ်။ ‘သေဖို့ပဲရှိသလား။ လူ့ဘဝဆိုတာ ဒီထက်ပိုပြီး ဘာမှမရှိနိုင်တော့ဘူးလား။’ ကျွန်မ သိပ်သိချင်ခဲ့တယ်။
မူလတန်းကျောင်းမှာ ကျွန်မ ခြောက်တန်းတက်နေတုန်း ၁၉၃၇ ခုနှစ်မှာ တရုတ်-ဂျပန်စစ်ပွဲ ဖြစ်ပါလေရော။ အမျိုးသားတွေကို စစ်ထဲဝင်ခိုင်းပြီး တရုတ်စစ်မြေပြင်ကို လွှတ်လိုက်တယ်။ ကျောင်းသူကျောင်းသားလေးတွေက ဧကရာဇ်မင်း “ဘာန်ဇိုင်!” (သက်တော်ရာကျော်ရှည်ပါစေ) လို့အော်ပြီး သူတို့ရဲ့အဖေတွေ၊ အစ်ကိုတွေကို နှုတ်ဆက်ရတယ်။ သက်ရှိထင်ရှားနေတဲ့ဘုရားသခင် ဧကရာဇ်မင်း အုပ်ချုပ်တဲ့ ဂျပန်နိုင်ငံပဲ စစ်နိုင်မယ်လို့ လူတွေထင်ကြတယ်။
မကြာခင်မှာပဲ မိသားစုတွေက ရှေ့တန်းမှာ ကျဆုံးသူတွေရဲ့စာရင်း ရခဲ့ကြတယ်။ ဝမ်းနည်းကြေကွဲနေကြတဲ့ မိသားစုတွေကို နှစ်သိမ့်ပေးလို့မရဘူး။ တဖြည်းဖြည်းမုန်းတီးစိတ်တွေ များလာပြီး ရန်သူဘက်က အကျအရှုံးများတဲ့အခါ သူတို့အရမ်းပျော်ကြတယ်။ ဒါပေမဲ့ ‘ရန်သူဘက်ကလူတွေလည်း သူတို့ချစ်ရတဲ့သူတွေ ကျဆုံးတဲ့အခါ ကျွန်မတို့လိုပဲ ဝမ်းနည်းကြေကွဲကြမှာပဲ’ လို့ကျွန်မစဉ်းစားမိတယ်။ ကျွန်မ မူလတန်းကျောင်း အောင်တဲ့အချိန်မှာ စစ်ပွဲက တရုတ်ပြည်ထဲရောက်နေပြီ။
နိုင်ငံခြားသားတစ်ဦးနှင့် တွေ့ဆုံခြင်း
လယ်သမားတွေဖြစ်ကြတဲ့ ကျွန်မတို့မိသားစုက ဆင်းရဲတယ်၊ ဒါပေမဲ့ ပညာသင်စရိတ် မကုန်ရင် ပညာဆက်သင်နိုင်တယ်လို့ အဖေက ခွင့်ပြုခဲ့တယ်။ ဒါနဲ့ ၁၉၄၁ ခုနှစ်မှာမိုင် ၆၀ လောက်ဝေးတဲ့ အိုကာယာမာမြို့က မိန်းကလေးကျောင်းကို ကျွန်မတက်ခဲ့တယ်။ အဲ့ဒီကျောင်းက မိန်းကလေးတွေကို အစွမ်းအစရှိတဲ့ ဇနီးကောင်း၊ မိခင်ကောင်းတွေဖြစ်လာအောင် သင်ပေးတယ်၊ အိမ်မှုကိစ္စအလုပ်သင်တွေအနေနဲ့ ကျောင်းသူတွေကို မြို့ပေါ်က လူကုံထံမိသားစုတွေနဲ့နေဖို့ စီစဉ်ပေးတယ်။ မနက်ပိုင်းမှာ ကျောင်းသူတွေက အဲ့ဒီအိမ်တွေမှာ အလုပ်လုပ်ပြီး သင်တန်းဆင်းကြတယ်၊ နေ့လယ်ပိုင်းမှာ ကျောင်းတက်ရတယ်။
ကျောင်းဖွင့်ပွဲပြီးတာနဲ့ ကီမိုနိုဝတ်ထားတဲ့ဆရာမက ကျွန်မကို အိမ်ကြီးတစ်အိမ်ကို ခေါ်သွားတယ်။ ဒါပေမဲ့ အဲ့ဒီအိမ်ရှင်မက ဘာအတွက်ကြောင့် ကျွန်မကို လက်မခံတာလည်းမသိဘူး။ ဒါနဲ့ ဆရာမက “မစ္စက်ကိုဒါအိမ်ကို သွားကြရအောင်” တဲ့။ ဆရာမက အနောက်တိုင်းပုံစံအိမ်ကို ခေါ်သွားပြီး ဘဲလ်နှိပ်လိုက်တယ်။ ခဏလေးကြာတော့ ငွေရောင်ဆံပင်နဲ့ အရပ်ရှည်ရှည် အမျိုးသမီးတစ်ယောက် ထွက်လာတယ်။ ကျွန်မ အံ့အားသင့်သွားတယ်! သူက ဂျပန်လူမျိုးမဟုတ်ဘူး၊ အနောက်တိုင်းသားကိုလည်း ကျွန်မတစ်သက်မှာ တစ်ခါမှမမြင်ဖူးဘူး။ ဆရာမက ကျွန်မကို မစ္စက်မော့ဒ်ကိုဒါနဲ့ မိတ်ဆက်ပေးပြီး ခပ်သွက်သွက်ထွက်သွားပါလေရော။ ကျွန်မအိတ်တွေကိုဆွဲပြီး ခပ်လန့်လန့်နဲ့ အိမ်ထဲကို ဝင်သွားတယ်။ မစ္စက်မော့ဒ်ကိုဒါဟာ ယူနိုက်တက်စတိတ်မှာ ပညာသင်ခဲ့တဲ့ ဂျပန်တစ်ယောက်နဲ့ လက်ထပ်ထားတဲ့ အမေရိကန်လူမျိုးဖြစ်တယ်ဆိုတာ နောက်မှသိခဲ့ရတယ်။ သူက စီးပွားရေးကျောင်းတွေမှာ အင်္ဂလိပ်စာသင်ပေးတယ်။
နောက်နေ့မနက်ကစပြီး အလုပ်များပါလေရော။ မစ္စက်ကိုဒါရဲ့ခင်ပွန်းက ဝက်ရူးပြန်ရောဂါရှိတဲ့အတွက် သူ့ကို ကြည့်ရှုစောင့်ရှောက်ပေးရတယ်။ ကျွန်မက အင်္ဂလိပ်စာတစ်လုံးမှ မတတ်တော့ နည်းနည်းစိုးရိမ်လာတယ်။ မစ္စက်ကိုဒါက ကျွန်မကို ဂျပန်လိုပြောမှပဲ စိတ်အေးရတော့တယ်။ သူတို့အချင်းချင်း အင်္ဂလိပ်လိုပဲပြောကြတာကို နေ့တိုင်း ကြားနေရတော့ တဖြည်းဖြည်းနဲ့ နားယဉ်လာတယ်။ သူတို့အိမ်ထောင်ရေး အဆင်ပြေတာကိုလည်း ကျွန်မသဘောကျမိတယ်။
ရောဂါခံစားနေရတဲ့ခင်ပွန်းကို မော့ဒ်က မေတ္တာနဲ့ဆက်ဆံတာကို အထင်ကြီးလေးစားမိတယ်။ သူ့ရဲ့ခင်ပွန်းက သမ္မာကျမ်းစာဖတ်တာ ဝါသနာပါတယ်။ ဒီဇနီးမောင်နှံက စာအုပ်အဟောင်းဆိုင်တစ်ဆိုင်ကနေ ဂျပန်ဘာသာစကားနဲ့ ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် စာအုပ်ကိုဝယ်ထားပြီး အင်္ဂလိပ်ကင်းမျှော်စင်ကို နှစ်စဉ်ကြေးယူထားတာ အတော်ကြာပြီဆိုတာ ကျွန်မနောက်မှသိခဲ့ရတယ်။
တစ်နေ့ကျတော့ ကျွန်မ သမ္မာကျမ်းစာတစ်အုပ် လက်ဆောင်ရတယ်။ ကျွန်မအသက်တာမှာ ကိုယ်ပိုင်ကျမ်းစာအုပ်ကို ပထမဆုံးရလိုက်လို့ ဝမ်းသာလိုက်တာ။ ကျောင်းအသွားအပြန်မှာ ကိုယ့်ဘာသာကိုယ်ဖတ်ပေမဲ့ သိပ်နားမလည်ဘူး။ ဂျပန်ရှင်တိုဘာသာဝင်တစ်ယောက်အနေနဲ့ ကျွန်မကြီးပြင်းလာတော့ ယေရှုခရစ်နဲ့ ကျွန်မစိမ်းနေပုံရတယ်။ ဒါဟာ ဘဝနဲ့ရော၊ သေခြင်းတရားနဲ့ပါ ပတ်သက်တဲ့ ကျွန်မရဲ့မေးခွန်းတွေကို အဖြေပေးမယ့် ကျမ်းစာအမှန်တရားကို နောက်ဆုံးမှာ သက်ဝင်ယုံကြည်စေမယ့် လမ်းစပဲဆိုတာ ကျွန်မ,မသိခဲ့ဘူး။
ဝမ်းနည်းစရာအဖြစ်အပျက်သုံးခု
မကြာခင် အလုပ်သင်နှစ်နှစ်ကုန်သွားတဲ့အတွက် အဲ့ဒီမိသားစုကို နှုတ်ဆက်ခွဲခွာခဲ့ရတယ်။ ကျောင်းပြီးသွားတဲ့အခါ မိန်းကလေး
စေတနာ့ဝန်ထမ်းတပ်ဖွဲ့ထဲ ကျွန်မဝင်ပြီး ရေတပ်ယူနီဖောင်းတွေ ချုပ်ခဲ့တယ်။ အမေရိကန် ဘီ-၂၉ ဗုံးကြဲလေယာဉ်တွေ ချင်းနင်းဝင်ရောက်ပြီး ၁၉၄၅၊ ဩဂုတ် ၆ ရက်နေ့မှာ ဟီရိုရှီးမားမြို့ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ အဲ့ဒီနောက်မှာ အမေ အသည်းအသန်ဖျားနေတယ်ဆိုတဲ့ ကြေးနန်းရောက်လာတယ်။ အိမ်ကို အမြန်ဆုံးရောက်နိုင်တဲ့ ရထားနဲ့ပြန်သွားတယ်။ ရထားပေါ်ကလည်းဆင်းရော ကျွန်မကိုလာကြိုတဲ့ ဆွေမျိုးတစ်ယောက်က အမေဆုံးသွားပြီလို့ပြောတယ်။ အမေက ဩဂုတ် ၁၁ ရက်နေ့မှာ ဆုံးသွားတာတဲ့။ နှစ်တွေတစ်လျှောက် ကျွန်မစိုးရိမ်ခဲ့တာတွေ တကယ်ဖြစ်လာပြီကိုး! ကျွန်မကို အမေဘယ်တော့မှ စကားပြောနိုင်တော့မှာမဟုတ်ဘူး၊ ပြုံးပြနိုင်တော့မှာမဟုတ်ဘူး။ဩဂုတ် ၁၅ ရက်နေ့မှာ ဂျပန်စစ်ရှုံးတယ်လို့ သိလိုက်ရတယ်။ ဒါကြောင့် ဆယ်ရက်တာအချိန်တိုလေးမှာ အဏုမြူဗုံးပေါက်ကွဲတာရယ်၊ အမေဆုံးသွားတာရယ်၊ ပြီးတော့ ဂျပန်စစ်ရှုံးပြီဆိုတဲ့ သမိုင်းဝင်သတင်းရယ် ဝမ်းနည်းစရာအဖြစ်အပျက်သုံးခုကို ကျွန်မကြုံခဲ့ရတယ်။ စစ်ပွဲမှာ နောက်ထပ်လူတွေ သေစရာမလိုတော့ဘူးဆိုတော့ စိတ်သက်သာစရာပါပဲ။ ဝမ်းနည်းကြေကွဲစွာနဲ့ပဲ အလုပ်က ထွက်ပြီး ကျွန်မရဲ့တောရွာအိမ်ကို ပြန်လာခဲ့တယ်။
အမှန်တရားသို့ ဆွဲဆောင်ခံရ
တစ်နေ့ကျတော့ အိုကာယာမာမြို့က မော့ဒ်ကိုဒါဆီကနေ စာတစ်စောင် မမျှော်လင့်ဘဲ ရောက်လာတယ်။ သူက အင်္ဂလိပ်ကျောင်းတစ်ကျောင်းဖွင့်မှာမို့ အိမ်မှုကိစ္စတွေကို လာကူညီပေးနိုင်မလားလို့ မေးတယ်။ ဘာလုပ်ရမလဲလို့ စဉ်းစားလိုက်ပေမဲ့ သူ့ရဲ့ဖိတ်ကြားချက်ကို ကျွန်မလက်ခံလိုက်တယ်။ နောက်နှစ်အနည်းငယ်ကြာတော့ ကိုဒါတို့ဇနီးမောင်နှံနဲ့အတူ ကိုဘေးမြို့ကို ပြောင်းရွှေ့လာခဲ့တယ်။
၁၉၄၉၊ နွေဦးရာသီမှာ အရပ်ရှည်ရှည်နဲ့ ဖော်ရွေတဲ့ လူကြီးလူကောင်းတစ်ယောက် ကိုဒါတို့မိသားစုဆီ လာလည်တယ်။ သူ့ရဲ့နာမည်က ဒေါန်နယ် ဟက်စ္စလက်တဲ့၊ သူက ကိုဘေးမြို့မှာ ခရစ်ယာန်သာသနာပြုတွေအတွက် အိမ်တစ်လုံးရှာဖို့ တိုကျိုမြို့ကနေ ကိုဘေးမြို့ကို ရောက်လာတာ။ သူဟာ ဂျပန်ကို ရောက်လာတဲ့ ပထမဦးဆုံး ယေဟောဝါသက်သေသာသနာပြုတစ်ယောက်ပါ။ အိမ်တစ်လုံးရှာတွေ့ပြီး ၁၉၄၉၊ နိုဝင်ဘာလမှာ ကိုဘေးမြို့ကို ခရစ်ယာန်သာသနာပြုတချို့ ရောက်လာကြတယ်။ တစ်နေ့ကျတော့ ကိုဒါတို့အိမ်ကို သူတို့ထဲကငါးယောက် လာလည်ကြတယ်။ အိမ်ကိုရောက်လာတဲ့သူတွေထဲက လွိုက် ဘယ်ရီနဲ့ ပါရ်စီ အစ္စလောဗ်တို့က ဆယ်မိနစ်စီ အင်္ဂလိပ်လို ဟောပြောခဲ့ကြတယ်။ ခရစ်ယာန်သာသနာပြုတွေက မော့ဒ်ကို ခရစ်ယာန်ညီအစ်မတစ်ယောက်လို ပေါင်းသင်းခဲ့ပုံရတယ်။ အဲ့ဒီအချိန်မှာ ကျွန်မဟာ အင်္ဂလိပ်စာသင်ချင်တဲ့စိတ်ပေါ်လာတယ်။
စိတ်အားထက်သန်တဲ့ ခရစ်ယာန်သာသနာပြုတွေအကူအညီနဲ့ ကျမ်းစာအမှန်တရားရဲ့ အခြေခံအကြောင်းတွေကို ကျွန်မ တဖြည်းဖြည်းနားလည်လာတယ်။ ကျွန်မ,ကလေးဘဝကရှိခဲ့တဲ့ မေးခွန်းတွေရဲ့ အဖြေတွေရတယ်။ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ရမယ့် မျှော်လင့်ချက်နဲ့ “သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့” ရှင်ပြန်ထမြောက်လာမယ့် ကတိတော်ကို သမ္မာကျမ်းစာမှာ ဖော်ပြထားတယ်။ (ယောဟန် ၅:၂၈၊ ၂၉; ဗျာ. ၂၁:၁၊ ၄) သားတော်ယေရှုခရစ်ရဲ့ ပူဇော်ရာယဇ်ကြောင့် ဒီမျှော်လင့်ချက်ရှိစေတဲ့အတွက် ယေဟောဝါကို ကျေးဇူးတင်လိုက်တာ။
ပျော်ရွှင်စရာသီအိုကရက်တစ်လှုပ်ရှားမှုများ
ဂျပန်နိုင်ငံမှာ ပထမဦးဆုံးသီအိုကရက်တစ်စည်းဝေးပွဲကို ၁၉၄၉၊ ဒီဇင်ဘာ ၃၀ ရက်ကနေ ၁၉၅၀၊ ဇန်နဝါရီ ၁ ရက်နေ့အထိ ကိုဘေးမြို့က ခရစ်ယာန်သာသနာပြုအိမ်မှာ ကျင်းပခဲ့တယ်။ မော့ဒ်နဲ့ ကျွန်မလိုက်သွားတယ်။ အဲ့ဒီအိမ်ကြီးကို အရင်တုန်းက နာဇီတစ်ယောက်ပိုင်ခဲ့ပြီး ကုန်းတွင်းပင်လယ်နဲ့ အဝါဂျီကျွန်းကို အပေါ်စီးကနေ မြင်ရတယ်။ ကျွန်မမှာ ကျမ်းစာအသိပညာနည်းသေးတဲ့အတွက် သိပ်နားမလည်ခဲ့ဘူး။ ဒါပေမဲ့ ဂျပန်လူမျိုးတွေနဲ့ ရင်းရင်းနှီးနှီးပေါင်းသင်းကြတဲ့ ခရစ်ယာန်သာသနာပြုတွေကို ကျွန်မအတော်လေးသဘောကျမိတယ်။ အဲ့ဒီစည်းဝေးပွဲတုန်းက လူထုဟောပြောပွဲမှာ စုစုပေါင်း ၁၀၁ ယောက်တက်ရောက်ခဲ့ကြတယ်။
အဲ့ဒီနောက်မကြာခင်မှာပဲ လယ်ကွင်းဓမ္မအမှုမှာပါဝင်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။ ကျွန်မက အရမ်းရှက်တတ်လို့ တစ်အိမ်မှတစ်အိမ်သွားဖို့ သတ္တိမွေးခဲ့ရတယ်။ တစ်မနက်မှာ အိမ်ကို ညီအစ်ကိုလွိုက်ဘယ်ရီရောက်လာပြီး အမှုဆောင်ထွက်ဖို့ ကျွန်မကို လာခေါ်တယ်။ ညီအစ်မကိုဒါရဲ့ ဘေးအိမ်ကနေ သူစဟောပါလေရော။ သူ့အနောက်နားမှာကပ်ပြီး သူဟောတာကို ကျွန်မနားထောင်ခဲ့တယ်။ ဒုတိယအကြိမ် အမှုဆောင်ထွက်တဲ့အခါ ခရစ်ယာန်သာသနာပြု နောက်နှစ်ယောက်နဲ့ တွဲခဲ့တယ်။ အသက်ခပ်ကြီးကြီး ဂျပန်အမျိုးသမီးတစ်ယောက်က ကျွန်မတို့ကို အိမ်ထဲဝင်ခွင့်ပေးပြီး နားထောင်တယ်၊ နောက်တော့ နွားနို့တစ်ခွက်စီတိုက်တယ်။ အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံလိုက်ပြီး နောက်ဆုံးမှာ နှစ်ခြင်းခံခရစ်ယာန်တစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့တိုးတက်မှုကိုမြင်ရတာ အားရစရာကောင်းလိုက်တာ။
၁၉၅၁၊ ဧပြီလမှာ ဘရွတ်ကလင်ဌာနချုပ်ကနေ ညီအစ်ကို နေသန် အိပ်ခ်ျ. နောရ် ဂျပန်နိုင်ငံကို ပထမဦးဆုံးအကြိမ် လာ
ရောက်လည်ပတ်ခဲ့တယ်။ တိုကျိုမြို့၊ ကာန်ဒါက ကယိုရီတ်ဆူဇာတ်ရုံမှာ သူဟောပြောခဲ့တဲ့ လူထုဟောပြောပွဲကိုလူ ၇၀၀ လောက်တက်ခဲ့တယ်။ ဒီအထူးစည်းဝေးပွဲမှာ ဂျပန်စကားနဲ့ ကင်းမျှော်စင် ထုတ်လိုက်လို့ တက်ရောက်သူအားလုံး ဝမ်းသာခဲ့ကြတယ်။ နောက်လမှာ ကိုဘေးမြို့ကို ညီအစ်ကိုနောရ်ရောက်လာပြီး အဲ့ဒီမှာကျင်းပတဲ့ အထူးစည်းဝေးပွဲမှာ ယေဟောဝါကို ကျွန်မ ဆက်ကပ်အပ်နှံပြီးကြောင်းပြဖို့ နှစ်ခြင်းခံခဲ့တယ်။နောက်တစ်နှစ်မှာ အချိန်ပြည့်ဓမ္မအမှုရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်မကို အားပေးကြတယ်။ အဲ့ဒီအချိန်တုန်းက ဂျပန်မှာ ရှေ့ဆောင်နည်းနည်းလေးပဲရှိသေးတဲ့အတွက် ကျွန်မကိုယ်ကျွန်မ ဘယ်လိုထောက်ပံ့ရမလဲလို့ စဉ်းစားမိတယ်။ ကျွန်မအိမ်ထောင်ပြုဖို့ အလားအလာတွေ ဘယ်လိုဖြစ်သွားမလဲဆိုတာကိုလည်း တွေးမိတယ်။ ဒါပေမဲ့ ဘဝမှာ ယေဟောဝါရဲ့အမှုတော်ကို ရှေးဦးထားရမယ်ဆိုတာ သဘောပေါက်လာတဲ့အခါ ၁၉၅၂ ခုနှစ်မှာ ကျွန်မရှေ့ဆောင်ဖြစ်လာတယ်။ ကျွန်မရှေ့ဆောင်နေတုန်း ညီအစ်မကိုဒါအတွက် အချိန်ပိုင်းအလုပ်,လုပ်ပေးနိုင်ခဲ့လို့ တော်သေးတယ်။
အဲ့ဒီအချိန်လောက်မှာ စစ်ပွဲမှာကျဆုံးသွားပြီလို့ ကျွန်မတို့ထင်ခဲ့တဲ့အစ်ကိုက ထိုင်ဝမ်ကနေ သူ့မိသားစုနဲ့အတူ အိမ်ကိုပြန်ရောက်လာတယ်။ ကျွန်မရဲ့မိသားစုက ခရစ်ယာန်ဘာသာတရားကို တစ်ခါမှစိတ်မဝင်စားခဲ့ဘူး၊ ဒါပေမဲ့ ကျွန်မရဲ့ရှေ့ဆောင်ဇွဲနဲ့ သူတို့ဆီကို မဂ္ဂဇင်းတွေနဲ့ စာအုပ်ငယ်တွေ ပို့ပေးခဲ့တယ်။ နောက်ပိုင်းမှာ အစ်ကိုရဲ့အလုပ်ကြောင့် သူ့မိသားစုနဲ့အတူ ကိုဘေးမြို့ကို ပြောင်းရွှေ့လာတယ်။ “မဂ္ဂဇင်းတွေ ဖတ်ပြီးပြီလား” လို့ကျွန်မရဲ့ယောင်းမကို မေးလိုက်တော့ သူက “တော်တော်စိတ်ဝင်စားစရာကောင်းတဲ့ မဂ္ဂဇင်းတွေပဲ” လို့ဖြေလိုက်တဲ့အခါ ကျွန်မအံ့အားသင့်သွားတယ်။ ခရစ်ယာန်သာသနာပြုတစ်ယောက်နဲ့ သူကျမ်းစာစသင်ပြီး သူတို့နဲ့အတူနေတဲ့ ကျွန်မညီမလေးလည်း သင်အံမှုမှာ ပါဝင်ခဲ့တယ်။ အတန်ကြာတော့ သူတို့နှစ်ယောက်စလုံး နှစ်ခြင်းခံပြီးတဲ့ ခရစ်ယာန်တွေ ဖြစ်လာကြတယ်။
အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းကြောင့် စိတ်စွဲမှတ်စရာဖြစ်ခဲ့
သိပ်မကြာခင်မှာပဲ ၂၂ ကြိမ်မြောက် ကင်းမျှော်စင် သမ္မာကျမ်းစာ ဂိလဒ်ကျောင်းကိုတက်ဖို့ ဖိတ်စာရလို့ ကျွန်မမှင်သက်မိသွားခဲ့တယ်။ ညီအစ်ကိုစူတိုမူ ဖူကာစေနဲ့ ကျွန်မဟာ အဲ့ဒီကျောင်းကိုတက်ဖို့ ဂျပန်နိုင်ငံကနေ ဖိတ်ခေါ်ခံရတဲ့ ပထမဦးဆုံးသူတွေဖြစ်တယ်။ ၁၉၅၃ ခုနှစ်မှာ ကျောင်းမတက်ခင် နယူးယောက်မြို့၊ ရန်ကီးအားကစားကွင်းမှာကျင်းပတဲ့ ကမ္ဘာသစ်အဖွဲ့အစည်း စည်းဝေးပွဲကြီးကို ကျွန်မတို့ တက်ရောက်ခွင့်ရခဲ့ကြတယ်။ ယေဟောဝါလူမျိုးရဲ့ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းကို ကျွန်မအရမ်းသဘောကျသွားခဲ့တယ်။
စည်းဝေးကြီးရဲ့ငါးရက်မြောက်နေ့မှာ ခရစ်ယာန်သာသနာပြုအများစုဖြစ်တဲ့ ဂျပန်ကိုယ်စားလှယ်တွေက ကီမိုနိုဝတ်စုံတွေကို ဝတ်ထားကြဖို့ဖြစ်တယ်။ သင်္ဘောနဲ့ ကျွန်မတင်ပို့လိုက်တဲ့ ကီမိုနိုဝတ်စုံက အချိန်မီမရောက်လာတဲ့အတွက် ညီအစ်မနောရ်ဆီက ငှားဝတ်ခဲ့ရတယ်။ စည်းဝေးကျင်းပနေတုန်း မိုးရွာလာတော့ ကီမိုနိုဝတ်စုံ စိုသွားမှာကို ကျွန်မစိုးရိမ်မိတယ်။ အဲ့ဒီအချိန်မှာပဲ လူတစ်ယောက်က ကျွန်မအနောက်ကနေ ညင်ညင်သာသာလေး မိုးကာအင်္ကျီခြုံပေးခဲ့တယ်။ “သူဘယ်သူလဲ သိလား” ဆိုပြီး ကျွန်မဘေးနားမှာ ရပ်နေတဲ့ ညီအစ်မတစ်ယောက်က မေးတယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ညီအစ်ကိုဖရက်ဒရစ်ခ် ဒဗလျူ. ဖရန့်ဇ်ဖြစ်မှန်း နောက်မှ ကျွန်မသိလိုက်ရတယ်။ ယေဟောဝါအဖွဲ့အစည်းရဲ့ နွေးထွေးပျူငှာမှုကို အမှန်ပဲခံစားလိုက်ရတယ်!
၃၇ နိုင်ငံကနေ ကျောင်းသား ၁၂၀ ပါဝင်တဲ့ ၂၂ ကြိမ်မြောက် ဂိလဒ်သင်တန်းဟာ အမှန်တကယ်ပဲ အပြည်ပြည်ဆိုင်ရာ သင်တန်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဘာသာစကားကြောင့် စကားပြောရတာခက်ပေမဲ့ အပြည်ပြည်ဆိုင်ရာ ညီအစ်ကိုအသင်းအပင်းကြောင့် ကျွန်မတို့ပျော်ခဲ့ကြရတယ်။ ၁၉၅၄၊ ဖေဖော်ဝါရီလ နှင်းကျတဲ့နေ့တစ်နေ့မှာ ကျွန်မသင်တန်းဆင်းခဲ့ပြီး ဂျပန်ကိုပြန်ရမယ့်တာဝန်ရခဲ့တယ်။ အတန်းဖော်ဖြစ်တဲ့ ဆွီဒင်ညီအစ်မ အင်ယာဘရန့်တ်က နာဂိုယာမြို့မှာ ကျွန်မနဲ့တွဲပြီး တာဝန်ကျတယ်။ စစ်ကြောင့် ကိုရီးယားနိုင်ငံကနေ ထွက်လာခဲ့ကြရတဲ့ ခရစ်ယာန်သာသနာပြု
အုပ်စုနဲ့ အဲ့ဒီမြို့မှာ ကျွန်မတို့ ပူးပေါင်းအမှုဆောင်ခဲ့ကြရတယ်။ ခရစ်ယာန်သာသနာပြုလုပ်ငန်းမှာ ကျွန်မပါဝင်ခဲ့ရတဲ့ နှစ်အနည်းငယ်ဟာ ကျွန်မအတွက် တကယ်တန်ဖိုးရှိခဲ့တယ်။ဇနီးမောင်နှံအဖြစ် ရွှင်လန်းစွာအမှုဆောင်ခြင်း
၁၉၅၇၊ စက်တင်ဘာလမှာ တိုကျိုဗေသလမှာအမှုဆောင်ဖို့ ကျွန်မကိုဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီတုန်းက ဂျပန်ဌာနခွဲရုံးဟာ နှစ်ထပ်သစ်သားအိမ်တစ်လုံးဖြစ်တယ်။ ဌာနခွဲမှာ ဌာနခွဲကြီးကြပ်မှူး ညီအစ်ကိုဘယ်ရီအပါအဝင် အိမ်သားလေးယောက်ပဲရှိသေးတယ်။ ကျန်တဲ့အိမ်သားတွေက ခရစ်ယာန်သာသနာပြုတွေ။ ကျွန်မကို ဘာသာပြန်ပြီး ပရုဖတ်ခိုင်းတဲ့အပြင် သန့်ရှင်းရေး၊ လျှော်ဖွပ်ရေး၊ ချက်ပြုတ်ရေးနဲ့ တခြားအလုပ်တွေပါလုပ်ဖို့ တာဝန်ပေးတယ်။
ဂျပန်မှာ အလုပ်တိုးချဲ့လာလို့ ဗေသလကို နောက်ထပ်ညီအစ်ကိုတွေ ထပ်ဖိတ်ခေါ်ခဲ့တယ်။ အဲ့ဒီထဲကတစ်ယောက်က ကျွန်မတက်နေတဲ့ အသင်းတော်မှာ ကြီးကြပ်မှူးဖြစ်လာတယ်။ ၁၉၆၆ ခုနှစ်မှာ အဲ့ဒီညီအစ်ကိုဂျွန်ဂျီ ကိုရှီနိုနဲ့ ကျွန်မလက်ထပ်ခဲ့တယ်။ ကျွန်မတို့လက်ထပ်ပြီးတဲ့နောက်မှာ ဂျွန်ဂျီကို တိုက်နယ်လုပ်ငန်းမှာ တာဝန်ပေးခဲ့တယ်။ ကျွန်မတို့ရောက်ခဲ့တဲ့ အသင်းတော်အသီးသီးက ညီအစ်ကို၊ ညီအစ်မတွေနဲ့ သိကျွမ်းခွင့်ရလို့ ပျော်စရာကောင်းလိုက်တာ။ ကျွန်မကို ဘာသာပြန်တာဝန်ဆက်ပေးတဲ့အတွက် တစ်ပတ်တာအတွင်း ကျွန်မတို့တည်းတဲ့အိမ်မှာပဲ ဘာသာပြန်ခဲ့ရတယ်။ ခရီးထွက်ရင် ကျွန်မတို့ရဲ့အဝတ်အစားအိတ်တွေနဲ့ တခြားအိတ်တွေအပြင် အဘိဓာန်အလေးကြီးတွေကိုပါ သယ်သွားခဲ့ကြရတယ်။
တိုက်နယ်လုပ်ငန်းမှာ လေးနှစ်တိုင်ပါဝင်ခဲ့ရတာပျော်စရာပဲ၊ အဖွဲ့အစည်း တိုးတက်လာတာကိုလည်း ကျွန်မတို့ မြင်တွေ့ခဲ့ကြရတယ်။ နောက်ပိုင်းမှာ ဌာနခွဲရုံးကို နူးမာဇူးမြို့ကို ပြောင်းရွှေ့လိုက်တယ်၊ နှစ်တွေအတော်ကြာတော့မှ လက်ရှိဌာနခွဲအဆောက်အဦတွေရှိတဲ့ အဘီနာကို ပြောင်းလာခဲ့တာ။ ဂျွန်ဂျီနဲ့ကျွန်မဟာ ဗေသလလုပ်ငန်းမှာ ပါဝင်တာ နှစ်ပေါင်းအတော်ကြာပြီ၊ အခုဆိုရင် ဗေသလအိမ်သား ၆၀၀ နီးပါးနဲ့ အမှုဆောင်နေကြတယ်။ ၂၀၀၂၊ မေလမှာ ဗေသလမိတ်ဆွေတွေက ကျွန်မရဲ့အချိန်ပြည့်လုပ်ငန်း အနှစ် ၅၀ မြောက်ကို ချစ်ခင်စွာ ကျင်းပပေးခဲ့ကြတယ်။
တိုးတက်မှုကို မြင်တွေ့ရသည့်အတွက် ဝမ်းသာအားရ
ယေဟောဝါ၏အမှုတော်ကို ကျွန်မစထမ်းဆောင်ခဲ့တဲ့ ၁၉၅၀ ပြည့်နှစ်တုန်းက ဂျပန်မှာ ကြေညာသူလက်တစ်ဆုပ်စာပဲရှိသေးတယ်။ အခုဆိုရင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၂၁၀,၀၀၀ ကျော်ရှိသွားပြီ။ ထောင်နဲ့ချီတဲ့ သိုးလိုစိတ်ထားရှိသူတွေဟာ ကျွန်မလိုပဲ ယေဟောဝါထံ ဆွဲဆောင်ခံခဲ့ရတယ်။
၁၉၄၉ ခုနှစ်က ညီအစ်မကိုဒါရဲ့အိမ်ကို လာလည်ပတ်ခဲ့တဲ့ ခရစ်ယာန်သာသနာပြု ညီအစ်ကိုလေးယောက်၊ ညီအစ်မတစ်ယောက်နဲ့ ညီအစ်မမော့ဒ်ကိုဒါတို့အားလုံးဟာ အဆုံးတိုင် သစ္စာရှိရှိ ကွယ်လွန်သွားခဲ့ကြပါပြီ။ ဓမ္မအမှုထမ်းဖြစ်တဲ့ ကျွန်မအစ်ကိုနဲ့ ၁၅ နှစ်လောက် ရှေ့ဆောင်လုပ်ငန်းမှာ ပါဝင်ခဲ့တဲ့ ကျွန်မယောင်းမလည်း ဆုံးသွားခဲ့ပါပြီ။ ကျွန်မကလေးဘဝက သေဆုံးသွားမှာကို စိုးရိမ်ခဲ့တဲ့ ကျွန်မမိဘတွေရဲ့ အနာဂတ်ဟာ ဘယ်လိုနေမလဲ။ သမ္မာကျမ်းစာရဲ့ ရှင်ပြန်ထမြောက်ခြင်း ကတိတော်က ကျွန်မကို မျှော်လင့်ချက်ရှိစေပြီး စိတ်သက်သာစေတယ်။—တမန်တော် ၂၄:၁၅။
ပြန်ပြောင်းကြည့်လိုက်တဲ့အခါ ၁၉၄၁ ခုနှစ်မှာ မော့ဒ်နဲ့ကျွန်မဆုံစည်းခဲ့ရတာ ကျွန်မဘဝရဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ခဲ့တယ်။ တကယ်လို့ အဲ့ဒီအချိန်မှာ သူနဲ့သာမတွေ့ခဲ့ဘူးဆိုရင်၊ စစ်ပြီးတဲ့နောက် နောက်တစ်ခေါက် သူပြန်ခေါ်တာကို ကျွန်မ လက်မခံခဲ့ဘူးဆိုရင် ဝေးခေါင်တဲ့ရွာသိမ်လေးက လယ်တောထဲမှာပဲ ကျွန်မအခြေချနေထိုင်ပြီး အဲ့ဒီအစောပိုင်းအချိန်က ခရစ်ယာန်သာသနာပြုတွေနဲ့ ဆုံတွေ့မိခဲ့မှာမဟုတ်ဘူး။ မော့ဒ်နဲ့ အစောပိုင်း ခရစ်ယာန်သာသနာပြုတွေကနေတစ်ဆင့် ကျွန်မကို အမှန်တရားနှစ်သက်ဖို့ ဆွဲဆောင်ခဲ့တဲ့အတွက် ယေဟောဝါကို ကျွန်မအရမ်းကျေးဇူးတင်တယ်!
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
မော့ဒ်ကိုဒါ၊ သူ့ခင်ပွန်းတို့နှင့်အတူ။ အရှေ့လက်ဝဲဘက်၌ ကျွန်မ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၅၃ ခုနှစ်၊ ရန်ကီးအားကစားကွင်းတွင် ဂျပန်နိုင်ငံမှ ခရစ်ယာန်သာသနာပြုများနှင့်အတူ။ လက်ဝဲစွန်း၌ ကျွန်မ
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
ဗေသလတွင် ကျွန်မခင်ပွန်း ဂျွန်ဂျီနှင့်အတူ