မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း

ဆုံးမပဲ့ပြင်မှု၏ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း

ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း

“ဆုံးမ​ပဲ့ပြင်​မှု” ဟူသော စကားလုံး​ကို ကြား​ရသောအခါ စိတ်ထဲ​တွင် အဘယ်အရာ​ပေါ်လာ​သနည်း။ ဆုံးမ​ပဲ့ပြင်​မှု​ဟူသည် “အမူအကျင့်​စည်းကမ်း​များ သို့​မဟုတ် စံနှုန်း​များ​ကို လူ​တို့အား လိုက်နာ​စေခြင်း​နှင့် မလိုက်နာ​လျှင် အပြစ်ဒဏ်​ပေးခြင်း” ဖြစ်သည်ဟု အဘိဓာန်​စာအုပ်​တစ်အုပ်​က အနက်ဖွင့်ဆို​၏။ ယင်းသည် လူတကာ​လက်ခံသည့် တစ်ခု​တည်း​သော အနက်ဖွင့်ဆို​ချက်​မဟုတ်သော်လည်း ယနေ့ လူအများ​က မည်သည့်​ဆုံးမ​ပဲ့ပြင်​မှု​ကို​မဆို အပျက်​သဘောဖြင့် ရှုမြင်​ကြသည်။

သို့ရာတွင် သမ္မာကျမ်းစာ​က ဆုံးမ​ပဲ့ပြင်​မှု​ကို ခြားနား​စွာ​ဖော်ပြ​ထား​သည်။ ပညာရှိ​ရှင်ဘုရင် ရှောလမုန်က “ငါ့​သား ထာဝရ​ဘုရား[သခင်] ဆုံးမ​တော်​မူ​ခြင်း​ကို မ​မှတ်​ဘဲ​မနေ​နှင့်” ဟု​ရေးသားခဲ့​သည်။ (သု. ၃:၁၁) အဆိုပါ​စကား​များ​က ယေဘုယျ​ဆုံးမ​ပဲ့ပြင်​မှု​မဟုတ်ဘဲ ဘုရားသခင်​၏​မြင့်မြတ်​သော​မူများ​အပေါ် အခြေခံ​ထားသော ဆုံးမ​ပဲ့ပြင်​မှု​ဖြစ်သည့် ‘ထာဝရ​ဘုရားသခင် ဆုံးမ​တော်​မူ​ခြင်း’ ကို​ရည်ညွှန်း​နေခြင်း​ဖြစ်သည်။ ဤသို့​သော​ဆုံးမ​ပဲ့ပြင်​မှု​သာ​လျှင် ဝိညာဉ်​ရေး​အရ အကျိုး​ဖြစ်ထွန်း​ပြီး နှစ်လိုဖွယ်​ပင်​ကောင်း​၏။ ယင်း​နှင့်​ခြားနား​စွာ ယေဟောဝါ​၏​မြင့်မြတ်​သော​မူများ​နှင့် ဆန့်ကျင်​သည့် လူ့​အတွေးအခေါ်​အပေါ် အခြေခံ​ထားသော ဆုံးမ​ပဲ့ပြင်​မှု​သည် ကြမ်းတမ်း​ကာ စိတ်နာ​ကျင်​စေ​တတ်၏။ ၎င်း​ကြောင့် လူအများသည် ဆုံးမ​ပဲ့ပြင်​မှု​ကို အပျက်​သဘောဖြင့် ရှုမြင်ခြင်း​ဖြစ်သည်။

ယေဟောဝါ​၏​ဆုံးမ​ပဲ့ပြင်​မှု​ကို လက်ခံပါ​ဟု ကျွန်ုပ်​တို့ကို အဘယ်ကြောင့်​တိုက်တွန်း​ထား​သနည်း။ ဘုရားသခင့်​ရေးရာ ဆုံးမ​ပဲ့ပြင်​မှု​သည် လူသတ္တဝါ​များ​ကို ကိုယ်တော်​မေတ္တာ​ရှိကြောင်း တင်ပြခြင်း​ဖြစ်သည်ဟု သမ္မာကျမ်းစာ​က ဖော်ပြ​၏။ သို့​ဖြစ်၍ ရှောလမုန်က ဤသို့​ဆက်ဆို​သည်– “ထာဝရ​ဘုရား[သခင်]သည် ချစ်တော်မူ​သော​သူကို ဆုံးမ​တော်​မူ​တတ်၏။ နှစ်သက်​တော်​မူ​သော​သားကို ဒဏ်ခတ်​တော်​မူ​တတ်၏။”—သု. ၃:၁၂

ဆုံးမ​ပဲ့ပြင်​ခြင်း​လော၊ အပြစ်ပေးခြင်း​လော —အဘယ်အရာ​နည်း

သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထားသော ဆုံးမ​ပဲ့ပြင်​မှု​သည် အသွင်အမျိုးမျိုး​ရှိ၏၊ ၎င်းတို့မှာ လမ်းညွှန်​ခြင်း၊ သွန်သင်ခြင်း၊ လေ့ကျင့်ခြင်း၊ အပြစ်​တင်​ခြင်း၊ တည့်မတ်​ပေးခြင်း​နှင့် အပြစ်ဒဏ်​ပေးခြင်း​ပင်​ပါဝင်​သည်။ သို့သော် ယေဟောဝါ​သည် ဆုံးမ​ပဲ့ပြင်​ပေး​တိုင်း မေတ္တာ​နှင့်​ဆုံးမ​ပြီး ၎င်း​၏​ရည်ရွယ်ချက်မှာ လက်ခံ​နားထောင်သူ​ကို အကျိုးရှိ​စေရန်​ဖြစ်သည်။ ယေဟောဝါ​၏​ပဲ့ပြင်​တည့်မတ်​ပေး​မှု​သည် အပြစ်ဒဏ်​ပေးဖို့​သာ​မဟုတ်​ချေ။

တစ်ဖက်​တွင်​မူ၊ ဘုရားသခင်​အပြစ်ဒဏ်​ပေး​သည့်​အခါ အပြစ်ပေး​ခံရ​သူကို တည့်မတ်​ပေး​ရန် သို့​မဟုတ် ပညာပေး​ရန် အမြဲ​မရည်ရွယ်​ပါ။ ဥပမာ၊ အာဒံ​နှင့်​ဧဝ အပြစ်ပြု​သည့်​နေ့​မှ​စ၍ သူတို့၏​မနာခံမှု အကျိုးဆက်များ​ကို သူတို့​ခံစား​ခဲ့​ရသည်။ ယေဟောဝါ​သည် သူတို့ကို ပရဒိသု​ဧဒင်ဥယျာဉ်​မှ နှင်ထုတ်​လိုက်ပြီး၊ မစုံလင်မှု၊ ဖျားနာ​မှု​နှင့် အိုမင်း​ရင့်ရော်​မှု​တို့၏ အကျိုးဆက်များ​ကို သူတို့ မလွန်ဆန်​နိုင်​တော့​ချေ။ သူတို့သည် နှစ်​နှင့်​ချီ​၍ ဆင်းရဲ​ပင်ပန်း​စွာ နေထိုင်ခဲ့​ရပြီး​နောက် ထာဝရ​ဖျက်ဆီး​ခံ​ခဲ့​ရသည်။ ယင်း​တို့အားလုံး​သည် ဘုရားသခင်​၏​အပြစ်ဒဏ်​ပေးခြင်း​ဖြစ်သော်လည်း ယင်းသည် တည့်မတ်​ပေး​သော ပဲ့ပြင်​ခြင်း​မဟုတ်​ချေ။ တမင်တကာ​ကျူးလွန်​ပြီး နောင်တ​မယူ​ကြသော အာဒံ​နှင့်​ဧဝ​တို့ကို ပဲ့ပြင်​တည့်မတ်​ပေး​၍ မရနိုင်​ခဲ့​ချေ။

ယေဟောဝါ​အပြစ်ဒဏ်​ပေး​ခဲ့​သည့် တခြား​အဖြစ်အပျက်​များ​မှာ နောဧ​ခေတ် ရေလွှမ်းမိုးခြင်း၊ သောဒုံ​နှင့်​ဂေါမောရ​မြို့ကို ဖျက်ဆီးခြင်း​နှင့် ပင်လယ်နီ​တွင် အီဂျစ်​စစ်တပ်​ကို သုတ်သင်ခြင်း​တို့​ပါဝင်​သည်။ ယေဟောဝါ​အရေးယူ​ဆောင်ရွက်​ခဲ့​သည့် အဆိုပါ​လုပ်ရပ်များ​သည် ပြစ်ဒဏ်​ခံရ​သူများကို ညွှန်ကြား​ပေး​ရန်၊ သွန်သင်ပေး​ရန်၊ သို့​မဟုတ် လေ့ကျင့်ပေး​ရန် မဟုတ်​ချေ။ ထိုသို့ ဘုရားသခင်​အပြစ်ပေးခြင်း​နှင့်​စပ်လျဉ်း၍ တမန်​တော်​ပေတရု​က ဤသို့​ရေးသားခဲ့​သည်– ‘ရှေး​လောကဓာတ်​ကိုလည်း နှမြော​တော်​မ​မူ။ ဖြောင့်မတ်ခြင်း​တရားကို​ဟော​သော နောဧ​နှင့်​လူ​ခု​နစ်​ယောက်​တို့ကို စောင့်မ​တော်​မူ​၍ ဘုရားသခင်​ကို မကိုးကွယ်​သော လောကသား​အပေါင်း​တို့ကို ရေလွှမ်းမိုး​စေတော်မူ​၏။ သောဒုံ​မြို့​နှင့် ဂေါမောရ​မြို့​တို့ကို မီးရှို့​၍​ဖျက်ဆီး​ရာ၊ ဒဏ်​စီရင်တော်မူ​သဖြင့် နောင်​၌ မတရားသော​အကျင့်ကို ကျင့်​အံ့​သော​သူတို့အား ပုံသက်သေ​ကို​ထား​တော်​မူ​၏။’—၂ ပေတရု ၂:၅၊ ၆

အဆိုပါ​အပြစ်ဒဏ်​များသည် မည်သည့်​သဘော​မျိုး​ဖြင့် “နောင်​၌ မတရားသော​အကျင့်ကို ကျင့်​အံ့​သော​သူတို့အား ပုံသက်သေ​ကို ထား​တော်​မူ” သနည်း။ သက်သာလောနိတ်​မြို့သား​များ​ထံ ပေး​ပို့​သော ပေါလု​၏​စာ​တွင် ဘုရားသခင်​က မိမိ၏​သားတော် ယေရှု​ခရစ်​အားဖြင့် “ဘုရားသခင်​ကို မသိသော​သူ၊ . . . ဧဝံဂေလိတရား​ကို နားမထောင်​သော​သူတို့ကို . . . ဒဏ်ပေး​တော်​မူ” မည့်​အချိန်​သည် ကျွန်ုပ်​တို့၏​ခေတ်​ကာလ​ဖြစ်သည်ဟု ဖော်ပြ​၏။ ပေါလု​က “ထို​သူတို့သည် . . . ထာဝရ​ပျက်စီးခြင်း​တည်း​ဟူသော အပြစ်ဒဏ်​ကို ခံရ​ကြ​လတ္တံ့” ဟု​ထပ်လောင်း​ဖော်ပြ​ခဲ့​သည်။ (၂ သက်သာလောနိတ် ၁:၈-၁၀) ဤသို့​သော​အပြစ်ဒဏ်​ပေးခြင်း​သည် အပြစ်ဒဏ်​ခံယူ​သူများကို သွန်သင်ပေး​ရန် သို့​မဟုတ် တိုးတက်​ကောင်းမွန်​လာ​စေရန် မရည်ရွယ်​ပေ။ သို့သော် ယေဟောဝါ​သည် မိမိ​အား​ဝတ်ပြုသူ​များ မိမိ၏​ဆုံးမ​ပဲ့ပြင်​မှု​ကို ခံယူ​ရန် ဖိတ်ခေါ်​သောအခါ နောင်တ​မယူ​သော အပြစ်သား​များ​အား အပြစ်ဒဏ်​ပေးခြင်း​ကို ရည်ညွှန်း​နေခြင်း​မဟုတ်​ချေ။

သမ္မာကျမ်းစာ​က ယေဟောဝါ​အား အပြစ်ဒဏ်​ပေး​သူ​အဖြစ် အဓိက​မဖော်​ပြ​ထား​သည်​မှာ ထူးခြား​ပါ​သည်။ ၎င်း​အစား၊ ကိုယ်တော်​ကို မေတ္တာ​ရှိ​သွန်သင်ရှင်​နှင့် စိတ်ရှည်သော​လေ့ကျင့်ပေး​ရှင်​အဖြစ် အများဆုံး​ဖော်ပြ​လေ့​ရှိသည်။ (ယောဘ ၃၆:၂၂; ဆာလံ ၇၁:၁၇; ဟေရှာယ ၅၄:၁၃) မှန်ပါသည်၊ ပဲ့ပြင်​တည့်မတ်​ပေး​ရန် ရည်ရွယ်ချက်​ဖြင့် ဘုရားသခင့်​ရေးရာ​ဆုံးမ​ပဲ့ပြင်​မှု​သည် မေတ္တာ၊ စိတ်ရှည်မှု​တို့​နှင့် အစဉ်​ဒွန်တွဲ​နေ​၏။ ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်ကို သဘောပေါက်ခြင်း​အားဖြင့် ခရစ်ယာန်​များသည် စိတ်ထားမှန်​နှင့် ဆုံးမ​ပဲ့ပြင်​ခြင်း​ကို ခံယူ​ကျင့်သုံး​ရန် အသင့်ရှိ​စေ​၏။

မေတ္တာ​ရှိ​မိဘများ​၏​ဆုံးမ​ပဲ့ပြင်​မှု

မိသားစု​နှင့် ခရစ်ယာန်​အသင်းတော်​တွင်း​ရှိသူ​အားလုံး​သည် ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်ကို သဘောပေါက်​ရန်လို​၏။ မိဘများ​ကဲ့သို့​သော အခွင့်အာဏာ​ရှိသူ​များသည် ယင်းကို အထူးသဖြင့် သိရှိ​ရန်လို​သည်။ နယပုံပြင် ၁၃:၂၄ က​ဤသို့​ဖော်ပြ​၏– “ကြိမ်လုံး​ကို မ​သုံး​သော​သူသည် မိမိ​သားကို မုန်း​ရာ​သို့​ရောက်​၏။ သားကို​ချစ်သော​သူ​မူ​ကား ငယ်​သော​အရွယ်​မှ​စ၍ ဆုံးမ​တတ်၏။”

မိဘများသည် မည်သို့​ဆုံးမ​ပဲ့ပြင်​ရမည်​နည်း။ သမ္မာကျမ်းစာ​က ဤသို့​ရှင်းပြသည်– “အဘ​တို့၊ ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ မပြု​ကြ​နှင့်။ သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက် ကျွေးမွေး​ကြလော့။” (ဧဖက် ၆:၄) အဆိုပါ​ဆုံးမ​စကား​ကို ဤ​စကား​များ​ဖြင့် ထပ်လောင်း​ဖြည့်စွက်​ထား​သည်– “အဘ​တို့၊ ကိုယ်​သားသမီးကို စိတ်ဆိုး​စေခြင်း​ငှာ​မပြု​ကြ​နှင့်။ ထို​သို့ပြုလျှင်၊ သူတို့သည် အားလျော့​စိတ်ပျက်ခြင်း​သို့ ရောက်​ကြလိမ့်မည်။”—ကောလောသဲ ၃:၂၁

ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်ကို သဘောပေါက်​သော ခရစ်ယာန်​မိဘများသည် ကြမ်းတမ်း​စွာ ဆုံးမ​ကြ​မည်​မဟုတ်ပေ။ မိဘများသည် ဆုံးမ​ပဲ့ပြင်​သောအခါ ၂ တိမောသေ ၂:၂၄ တွင်​ဖော်ပြ​ထားသော​မူကို လိုက်နာ​နိုင်​သည်။ ပေါလု​က “သခင်​ဘုရား​၏​ကျွန်​သည် ရန်​မ​တွေ့ရ။ ခပ်သိမ်း​သော​သူတို့အား ဖြည်းညင်း​စွာ​ပြုသောသူ၊ ဆုံးမ . . . သော​သူ​ဖြစ်​ရမည်” ဟု​ရေးသားခဲ့​သည်။ ဒေါသ​ပေါက်ကွဲခြင်း၊ အော်ဟစ်​ငေါ​က်ငေါ်​ခြင်း​နှင့် စော်ကားခြင်း သို့​မဟုတ် သူ့​အသရေပျက်​အောင်​ပြောဆိုခြင်း​တို့သည် မေတ္တာပါ​ဆုံးမ​ပဲ့ပြင်​မှု​ဟု မဆို​နိုင်​သည့်​အပြင် ခရစ်ယာန်​တစ်ဦး၏​ဘဝ​နှင့် မအပ်စပ်​ချေ။—ဧဖက် ၄:၃၁; ကောလောသဲ ၃:၈

မိဘများ​၏​ပဲ့ပြင်​တည့်မတ်​ပေးခြင်း​တွင် စိတ်​မြန်​လက်​မြန် ပြတ်ပြတ်သားသား အပြစ်ဒဏ်​ပေးခြင်း​ထက်မက ပါဝင်​ပတ်သက်​သည်။ ကလေး​အများစု​သည် သူတို့၏​စဉ်းစား​တွေးခေါ်မှု​ကို မပြု​ပြင်​ကြ​မီ ထပ်ခါတလဲ​လဲ ဆုံးမ​စကားပြော​ပေးဖို့​လို​၏။ သို့​ဖြစ်၍ မိဘများသည် အချိန်ပေး​ရမည်၊ စိတ်ရှည်​ရမည်၊ ဆုံးမ​ပဲ့ပြင်​နည်းကို များစွာ​ဆင်ခြင်​ရမည်​ဖြစ်သည်။ ကလေး​များ​ကို “သခင်​ဘုရား​၏​အလိုတော်နှင့်​ညီသော ဆုံးမ​သွန်သင်ခြင်း​ကို​ပြုလျက်” ကျွေးမွေး​ရမည်ကို သူတို့​စိတ်ထဲ စွဲမှတ်​ထား​ရမည်။ ထို့​ကြောင့် ယင်းသည် နှစ်​နှင့်​ချီ​ကြာ​သည့် လေ့ကျင့်မှု​အစီအစဉ်​တစ်ခု​ဖြစ်သည်။

ခရစ်ယာန်​သိုးထိန်း​များ နူးညံ့​သိမ်မွေ့စွာ ဆုံးမ​ပဲ့ပြင်​ကြ

အလားတူ​မူများ​သည် ခရစ်ယာန်​အကြီးအကဲ​များနှင့်​လည်း သက်ဆိုင်​၏။ မေတ္တာပါ​သိုးထိန်း​များ​အနေ​နှင့် သူတို့သည် သိုးအုပ်​ကို သွန်သင်ခြင်း၊ ညွှန်ကြား​ခြင်း၊ လိုအပ်​သည့်​အခါ အပြစ်တင်​ဆုံးမခြင်း​အားဖြင့် အားပေး​တည်ဆောက်​ရန် ကြိုးစား​ကြသည်။ အကြီးအကဲ​များသည် ထိုသို့​ပြုခြင်း​ဖြင့် ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်​မှန်​ကို စိတ်ထဲ​စွဲမှတ်​ထား​ကြ​၏။ (ဧဖက် ၄:၁၁၊ ၁၂) အပြစ်​ပေးဖို့​သာ အာရုံစိုက်​နေ​မည်​ဆိုလျှင် အပြစ်​ပြုသူ​ကို အပြစ်ပေး​ရုံ​သာ​ရှိပြီး ထို့​ထက်​ပို​၍ ဘာမျှ​အကျိုးပြု​မည်​မဟုတ်​ချေ။ ဘုရားသခင့်​ရေးရာ ဆုံးမ​ပဲ့ပြင်​မှု​ကား ထို့​ထက်မက ပါဝင်​ပတ်သက်​၏။ မေတ္တာဖြင့်​လှုံ့ဆော်​ခံရ​ခြင်း​ကြောင့် အကြီးအကဲ​များသည် မိမိတို့၏​ဆုံးမ​စကား​နှင့်​အညီ ဆက်လက်​စွဲမြဲ​စွာ ကူညီပေး​သွား​ကြသည်။ သူတို့သည် အမှန်တကယ် စိုးရိမ်​ကြောင့်ကြ​မှု​ရှိသောကြောင့် အားပေး​ရန်၊ လေ့ကျင့်ပေး​ရန် အစီအစဉ်များ​စွာ ပြုလုပ်​လေ့​ရှိကြ​၏။

၂ တိမောသေ ၂:၂၅၊ ၂၆ တွင်​ပါ​သည့် ဆုံးမ​စကား​နှင့်​အညီ ဆုံးမ​ပဲ့ပြင်​မှု​ကို တလိုတလား​မခံယူ​သူများ​နှင့် ဆက်ဆံ​ရာ​တွင်​ပင် အကြီးအကဲ​များသည် “နူးညံ့​သိမ်မွေ့စွာ” သွန်သင်ပေး​ကြ​ရသည်။ ထို့နောက် ကျမ်းစာ​က ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်ကို ဤသို့​ဖော်ပြ​သည်– “[အမှန်]တရားကို ဝန်ခံခြင်း​အလို​ငှာ၊ နောင်တ​ကို ဘုရားသခင်​ပေး​ကောင်း​ပေး​တော်​မူ​၍ [စာတန်]၏ . . . ဖမ်းမိ​ရာ​မှ လွတ်ခြင်း​သို့ ရောက်​ကောင်း​ရောက်​ကြလိမ့်မည်။”

တစ်ခါတစ်ရံ နောင်တ​မယူ​သော အပြစ်ပြု​သူများကို အသင်းတော်​မှ နှင်ထုတ်​ရန်လို​ပေမည်။ (၁ တိမောသေ ၁:၁၈-၂၀) ဤသို့​ပြင်းထန်​စွာ​စီရင်ခြင်း​ကို​ပင် အပြစ်ဒဏ်​ပေးခြင်း​အဖြစ်​မျှ မယူမှတ်​ဘဲ ဆုံးမ​ပဲ့ပြင်​မှု​ဟု ယူမှတ်​သင့်​သည်။ အခါ​အား​လျော်​စွာ အကြီးအကဲ​များသည် အပြစ်​မပြု​တော့​သည့် နှင်ထုတ်​ခံ​ထား​သူများ​ထံ ကြိုးစား​လည်ပတ်​ကြသည်။ ဤသို့​လည်ပတ်ကြ​စဉ်​တွင် ခရစ်ယာန်​အသင်းတော်​သို့ သူတို့​ပြန်ဝင်​လာနိုင်​ရန် လိုအပ်​သည့် ခြေလှမ်း​များ​ကို ဖော်ပြ​ပေးခြင်း​အားဖြင့် အကြီးအကဲ​များသည် ဆုံးမ​ပဲ့ပြင်​မှု​၏​ရည်ရွယ်ချက်​မှန်​နှင့်​အညီ လုပ်ဆောင်ကြ​သည်။

ယေဟောဝါ​သည် စုံလင်သော​တရားသူကြီး​ဖြစ်

ဆုံးမ​ပဲ့ပြင်​ပေး​ရန် ကျမ်း​ဆိုင်ရာ​အခွင့်အာဏာ​ရှိသော မိဘများ၊ ခရစ်ယာန်​သိုးထိန်း​များနှင့် တခြားသူ​များသည် ဤ​တာဝန်​ကို အလေးအနက်​ထား​သင့်​သည်။ သူတို့သည် တခြားသူ​များ​ကို လုံးဝ​ပြုပြင်ပေး​၍​မရ​ဟု ရောင့်တက်စွာ တရား​မစီရင်​သင့်​ပါ။ ထို့​ကြောင့် သူတို့၏​ဆုံးမ​ပဲ့ပြင်​မှု​သည် လက်စားချေ​လို​သော သို့​မဟုတ် ရန်လိုသော အပြစ်ဒဏ်​ပေးခြင်း​မျိုး ဘယ်တော့​မျှ​မဖြစ်​သင့်​ပေ။

ယေဟောဝါ​သည် ပြင်းပြင်းထန်ထန် နောက်ဆုံး​အပြစ်ဒဏ်​ပေး​မည့်​သူ​အဖြစ် သမ္မာကျမ်းစာ​က ဖော်ပြ​ထား​သည်​မှာ​မှန်​၏။ “အသက်ရှင်​တော်​မူ​သော ဘုရားသခင်​၏​လက်တော်​သို့ ကျရောက်​ခြင်း​အမှုသည် ကြောက်မက်​ဖွယ်​သော​အမှု​ဖြစ်​သတည်း” ဟူ၍ပင် သမ္မာကျမ်းစာ​က​ဆို​၏။ (ဟေဗြဲ ၁၀:၃၁) သို့သော် ဤကိစ္စနှင့်​စပ်လျဉ်း၍​ဖြစ်စေ၊ မည်သည့်​ကိစ္စ​တွင်​မဆို အဘယ်သူမျှ မိမိကိုယ်ကို ယေဟောဝါ​အလား မနှိုင်းယှဉ်သင့်​ပေ။ မိဘ​တစ်ဦး၊ သို့​မဟုတ် တစ်စုံတစ်ရာ​သော အသင်းတော်​အကြီးအကဲ​၏​လက်​သို့ ရောက်ရှိခြင်း​သည် ကြောက်စရာ​ဟု မည်သူမျှ မယူဆ​သင့်​ပေ။

ယေဟောဝါ​သည် အပြစ်​ဆို​စ​ရာ​မရှိ​အောင် မျှတ​စွာ ဆုံးမ​ပဲ့ပြင်​နိုင်စွမ်း​ရှိ၏။ လူတို့ကား ထိုသို့​မပြု​နိုင်​ပေ။ ဘုရားသခင်​သည် နှလုံးကို သိနိုင်​သည့်​အတွက် တစ်ဦး​တစ်ယောက်ကို တည့်မတ်​ပေး​၍​မရနိုင်​သည့်​အခါ သူ့​အား အပြီး​အပြတ်​အပြစ်ဒဏ်​ပေး​သင့်​ကြောင်း ကိုယ်တော်​ဆုံးဖြတ်​နိုင်၏။ လူ​တို့​မူ​ကား ဤသို့​တရား​မစီရင်​နိုင်​ချေ။ ထို​အကြောင်းကြောင့် ဆုံးမ​ပဲ့ပြင်​ပေးဖို့​လို​သည့်​အခါ အခွင့်အာဏာ​ရှိသူ​များသည် ပဲ့ပြင်​တည့်မတ်​ပေး​လို​သော ရည်ရွယ်ချက်​ဖြင့် အမြဲ​ပြုသင့်​၏။

ယေဟောဝါ​၏​ဆုံးမ​ပဲ့ပြင်​မှု​ကို လက်ခံခြင်း

ကျွန်ုပ်​တို့အားလုံး ယေဟောဝါ​၏​ဆုံးမ​ပဲ့ပြင်​မှု လိုအပ်​ကြသည်။ (သု. ၈:၃၃) အမှန်​မှာ ဘုရားသခင့်​စကားတော်​အပေါ် အခြေပြု​သည့် ဆုံးမ​ပဲ့ပြင်​မှု​ကို ကျွန်ုပ်​တို့ ခံယူ​သင့်​၏။ ဘုရားသခင့်​စကားတော်​ကို ကျွန်ုပ်​တို့​ဖတ်ရှု​သောအခါ သမ္မာကျမ်းစာ​အားဖြင့် ယေဟောဝါ​၏​တိုက်ရိုက်​ဆုံးမ​စကား​ကို ခံယူ​နိုင်​ကြ​၏။ (၂ တိမောသေ ၃:၁၆၊ ၁၇) သို့ရာတွင် တစ်ခါတစ်ရံ ခရစ်ယာန်​ချင်း​များ​က ကျွန်ုပ်​တို့ကို ဆုံးမ​ပဲ့ပြင်​၏။ ဤသို့​ဆုံးမ​ပေးခြင်း​၏ ရည်ရွယ်ချက်​အမှန်​ကို သိရှိ​ထား​ရာ ထို​ဆုံးမမှု​ကို တလိုတလား​လက်ခံ​ပေ​လိမ့်​မည်။

တမန်​တော်​ပေါလု​က ဤသို့​ဝန်ခံခဲ့​သည်– “ဆုံးမခြင်း​မည်​သည်​ကား ခံရ​စဉ်​အခါ ဝမ်းမြောက်စရာ​မထင်၊ ဝမ်းနည်းစရာ​ထင်​တတ်၏။” ထို့နောက် သူက ဤသို့​ထပ်ဆင့်​ဆို​ခဲ့​သည်– “သို့သော်လည်း ဆုံးမခြင်း​ကို​ခံရ​သော​သူတို့သည် နောက်​မှ ငြိမ်သက်ခြင်း​နှင့်​စပ်ဆိုင်​သော ဖြောင့်မတ်ခြင်း​အကျိုးကို ခံရ​ကြ​၏။” (ဟေဗြဲ ၁၂:၁၁) ယေဟောဝါ​၏​ဆုံးမ​ပဲ့ပြင်​မှု​ခံရ​ခြင်း​က ကျွန်ုပ်​တို့ကို ကိုယ်တော်​အလွန်​ချစ်​ကြောင်း ဖော်ပြ​သည်။ ကျွန်ုပ်​တို့သည် ဆုံးမ​ပဲ့ပြင်​ခံရ​သည်​ဖြစ်စေ၊ ဆုံးမ​ပေး​ရသည်​ဖြစ်စေ ဘုရားသခင့်​ရေးရာ​ဆုံးမ​ပဲ့ပြင်​မှု​၏ ရည်ရွယ်ချက်ကို စိတ်ထဲ​စွဲမှတ်​ထားပြီး သမ္မာကျမ်းစာ​၏ ဤ​ပညာရှိ​ဆုံးမ​စကား​ကို ဂရုပြု​ကြ​စို့– “ဥပဒေသကို​ကိုင်ဆွဲ​လော့။ မလွှတ်​နှင့်။ စောင့်​ထား​လော့။ အသက်ရှင်ခြင်း​၏​အကြောင်း​ဖြစ်၏။”—သု. ၄:၁၃

[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]

နောင်တ​မယူ​သော အပြစ်ပြု​သူများ​သည် ဘုရားသခင်​၏​တည့်မတ်​ပေး​သော ဆုံးမ​ပဲ့ပြင်​မှု​ကို​မဟုတ်ဘဲ အပြစ်ဒဏ်​စီရင်ခြင်း​ကို​ခံရ​၏

[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]

ချစ်ခြင်း​မေတ္တာ​ကြောင့် အကြီးအကဲ​များသည် အချိန်​ယူ၍ ရှာဖွေ​လေ့လာ​ပြီး အပြစ်ပြု​သူများကို ကူညီပေး​ကြ​၏

[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]

မိဘများသည် စိတ်ရှည်​စွာ၊ မေတ္တာပါ​စွာ ‘ယေဟောဝါ​၏ အလိုတော်နှင့်​အညီ ဆုံးမ​သွန်သင် ပေး​ကြ​၏’