မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းပန်းခံရ

ဖြောင့်မတ်ခြင်းတရားကြောင့် နှိပ်စက်ညှဉ်းပန်းခံရ

ဖြောင့်မတ်ခြင်း​တရား​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ

“ဖြောင့်မတ်ခြင်း​တရား​ကြောင့် နှောင့်ယှက်​ညှဉ်းဆဲခြင်း​ကို ခံရ​သော​သူတို့သည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။”—မဿဲ ၅:၁၀

၁။ ပုန္တိပိလတ်​မင်း​ရှေ့ ယေရှု အဘယ်ကြောင့်​ရောက်နေ​ရပြီး ကိုယ်တော် အဘယ်​သို့​မိန့်မြွက်​ခဲ့​သနည်း။

‘အမှန်တရား​ဘက်၌​သက်သေခံခြင်း​ငှာ ငါသည်​မွေးဖွားခြင်း​ကို​ခံ​၍ ဤ​လောက​သို့​ကြွလာ​ပြီ။’ (ယောဟန် ၁၈:၃၇) ထိုစကား​များ​ကို ယေရှု​မိန့်မြွက်​စဉ် ကိုယ်တော်​သည် ယုဒ​နယ် ရောမ​ဘုရင်ခံ ပုန္တိပိလတ်​ရှေ့ ရောက်ရှိ​နေ​၏။ ယေရှုသည် ထို​နေရာသို့ မိမိ​ဘာသာ​ရောက်လာ​ခဲ့​ခြင်း​မဟုတ်၊ ပိလတ်​မင်း​၏​ဖိတ်ခေါ်ချက်​ကြောင့် ရောက်လာ​ခဲ့​ခြင်း​လည်း မဟုတ်​ချေ။ သို့​အစား၊ ကိုယ်တော်​သည် သေဒဏ်​ခံထိုက်သော အပြစ်သား​တစ်ဦး​ဖြစ်၏​ဟု ဂျူး​ဘာသာရေး​ခေါင်းဆောင်​များ​က စွပ်စွဲ​သဖြင့် ထို​နေရာသို့ ရောက်ရှိ​နေရ​ခြင်း​ဖြစ်သည်။—ယောဟန် ၁၈:၂၉-၃၁

၂။ ယေရှုသည် အဘယ်​သို့​ပြုမူ​ခဲ့​ရာ အဘယ်​ရလဒ်​ရခဲ့​သနည်း။

ပိလတ်​မင်း​သည် မိမိကို လွှတ်​ပိုင်ခွင့်​ရှိကြောင်း၊ သို့​မဟုတ် သေဒဏ်​ပေး​ပိုင်ခွင့်​ရှိကြောင်း ယေရှု​ကောင်းစွာ​သိထား​သည်။ (ယောဟန် ၁၉:၁၀) သို့သော် ကိုယ်တော်​သည် ယင်းကြောင့် ပိလတ်​မင်း​အား ဘုရားသခင့်​နိုင်ငံတော်​အကြောင်း ရဲရင့်စွာ​မဟောဘဲ​မနေခဲ့ချေ။ ယေရှုသည် အသက်​အန္တရာယ်​ကြုံနေ​ရ​သော်လည်း ဒေသန္တရ​ဆိုင်ရာ အခွင့်အာဏာ​အများဆုံး​ရှိသူ​အား သက်သေ​ခံရန် အခွင့်အရေး​ကို မလွတ်​တမ်း​ယူ​ခဲ့​သည်။ ထိုသို့​သက်သေခံ​ခဲ့​သော်လည်း ယေရှုသည် ပြစ်ဒဏ်​စီရင်ခံ​ခဲ့​ရပြီး ညှဉ်းဆဲ​ရာ​နှက်တိုင်​ပေါ်​တွင် သူ၏​သက်ဝင်​ခံယူ​ချက်​အတွက် သေဆုံး​ရန်​အသင့်ရှိ​သူ​အဖြစ် ဝေဒနာ​ပြင်းထန်​စွာ​ခံ​ရင်း သေဆုံး​ရလေ​သည်။—မဿဲ ၂၇:၂၄-၂၆; မာကု ၁၅:၁၅; လုကာ ၂၃:၂၄၊ ၂၅; ယောဟန် ၁၉:၁၃-၁၆

သက်သေ​လော၊ မိမိ​ခံယူ​ချက်​အတွက် အသက်စွန့်​လွှတ်​သူ​လော

၃။ ကျမ်းစာ​ခေတ်​က မာ​တ​စ္စ ဟူသော​ဂရိ​စကားလုံး​သည် အဘယ်အရာကို​ဆိုလို​ခဲ့​သနည်း၊ သို့သော် ယနေ့ အဘယ်အရာကို​ဆိုလို​သနည်း။

မျက်မှောက်ခေတ်​ရှိ လူအများစု​သည် မိမိ​ခံယူ​ချက်​အတွက် အသက်စွန့်​လွှတ်​သူ​တစ်ဦး​ကို တစ်ယူသန်​သူ၊ တစ်ဖက်​စွန်း​ရောက်​သူ​အဖြစ် ယူမှတ်​ထား​ကြသည်။ မိမိတို့၏​ခံယူ​ချက်​အတွက်၊ အထူးသဖြင့် ဘာသာရေး​ခံယူ​ချက်​အတွက် အသက်ပေး​လို​သူတို့ကို အကြမ်းဖက်​သမားများ သို့​မဟုတ် လူ့​အဖွဲ့အစည်း​ကို ခြိမ်းခြောက်​အန္တရာယ်​ပြုသူ​များ​အဖြစ် ယူမှတ်​ပြီး မယုံ​သင်္ကာ​ဖြစ်လေ့​ရှိကြသည်။ သို့ရာတွင်၊ မိမိ​ခံယူ​ချက်​အတွက် အသက်စွန့်​လွှတ်​ခြင်း​ဟူသော ဂရိ​အသုံးအနှုန်း မာ​တ​စ္စ​သည် ကျမ်းစာ​ခေတ်​က မိမိ​ယုံကြည်ရာ အမှန်တရားအတိုင်း တရားရုံး​၌ အမှု​စစ်​ခံ​၍ သက်သေ​ထွက်ဆို​သူ၊ “သက်သေ” ကို​ဆိုလို​သည်။ နောက်ပိုင်း​တွင်​သာ အဆိုပါ​အသုံးအနှုန်း​သည် “သက်သေခံခြင်း​ကြောင့် မိမိ​အသက်ကို​စွန့်​သူ၊” သို့​မဟုတ် မိမိ​အသက်ကို​စွန့်​ခြင်း​ဖြင့် သက်သေခံခြင်း​ဟု​ပင် အဓိပ္ပာယ်​ရှိလာ​လေ​သည်။

၄။ ယေရှုသည် အဓိက​အနေ​နှင့် အဘယ်​သဘော​မျိုး​ဖြင့် သက်သေ (မာ​တ​စ္စ) တစ်ဦး​ဖြစ်​ခဲ့​သနည်း။

ယေရှုသည် ထိုစကား​လုံး​၏ အစောပိုင်း​ခေတ်​က အဓိပ္ပာယ်​အတိုင်း သက်သေ (မာ​တ​စ္စ) တစ်ဦး​ဖြစ်​ခဲ့​သည်။ ပိလတ်​မင်း​အား ကိုယ်တော်​မိန့်မြွက်​ခဲ့​သည့်​အတိုင်း ‘အမှန်တရား​ဘက်၌​သက်သေခံ’ ဖို့ ကိုယ်တော်​ကြွလာ​ခဲ့​သည်။ ကိုယ်တော်​၏​သက်သေခံချက်​က လူ​တို့​ထံ​မှ လွန်​စွာ​ကွဲပြား​သော တုံ့ပြန်မှု​များ​ကို ထွက်ပေါ်​စေ​ခဲ့​သည်။ သာမန်​လူတန်းစား​မှ​အချို့​သည် သူတို့​ကြားသိ​ခဲ့​ရာ၊ မြင်တွေ့ခဲ့​ရာ​တို့​ကြောင့် အကြီးအကျယ်​စိတ်​လှုံ့ဆော်​ခံ​ခဲ့​ရပြီး ယေရှုကို ယုံကြည်ခဲ့​ကြ​၏။ (ယောဟန် ၂:၂၃; ၈:၃၀) လူအများစု​နှင့် အထူးသဖြင့် . . . ခေါင်းဆောင်​တို့​က​လည်း ပြင်းပြင်းထန်ထန် တုံ့ပြန်​ခဲ့​ကြ​၏၊ သို့သော် အပြုသဘော​မ​ဆောင်​သည့် သဘော​မျိုး​ဖြင့်​ဖြစ်၏။ ယေရှုသည် မိမိ၏​မယုံကြည်​သူ ဆွေမျိုးသားချင်း​များ​ကို ဤသို့​ထောက်ပြ​ခဲ့​သည်– “လောကသား​တို့သည် သင်တို့ကို​မမုန်း​နိုင်။ ငါ့ကို​မုန်း​ကြ​၏။ အကြောင်း​မူ​ကား၊ ငါသည် သူတို့၏​အကျင့်ဆိုး​ညစ်​ကြောင်းကို သက်သေခံ​၏။” (ယောဟန် ၇:၇သမ္မာ) အမှန်တရားကို ယေရှု​သက်သေခံ​ခဲ့​သောကြောင့် ဣသရေလ​ခေါင်းဆောင်​များ​၏ အမျက်​ဒေါသ​သင့်​ခဲ့​ပြီး ယင်းက ကိုယ်တော်​၏​သေဆုံးမှု​ကို ဖြစ်စေ​ခဲ့​သည်။ ကိုယ်တော်​သည် အမှန်တကယ်​ပင် “သစ္စာ​ရှိ၍​ဟုတ်မှန်​သော​သက်သေ (မာ​တ​စ္စ)” ဖြစ်၏။—ဗျာ. ၃:၁၄

“သင်တို့ကို မုန်း​ကြလိမ့်မည်”

၅။ ခရစ်ယာန်​ဓမ္မ​အမှုဆောင်ချိန် အစပိုင်း​တွင် နှိပ်စက်​ညှဉ်းပန်းမှု​အကြောင်း ယေရှု​အဘယ်​သို့​ပြောဆို​ခဲ့​သနည်း။

ယေရှု​ကိုယ်တော်တိုင် အပြင်းအထန် နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည်​သာမက မိမိ၏​နောက်လိုက်​များ​ပါ ထပ်တူ​တွေ့ကြုံ​ခံစား​ကြ​ရမည်ဟု ကိုယ်တော်​သတိပေး​ခဲ့​၏။ ယေရှုသည် ခရစ်ယာန်​ဓမ္မ​အမှုဆောင်ချိန် အစပိုင်း​တွင် တောင်ပေါ်​တရားတော်​၌ မိမိ၏​စကား​ကို​နားထောင်သူ​တို့အား ဤသို့​မိန့်တော်မူ​ခဲ့​သည်– “ဖြောင့်မတ်ခြင်း​တရား​ကြောင့် နှောင့်ယှက်​ညှဉ်းဆဲခြင်း​ကို ခံရ​သော​သူတို့သည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။ အကြောင်း​မူ​ကား၊ ကောင်းကင်​နိုင်ငံတော်​သည် ထို​သူတို့၏​နိုင်ငံ​ဖြစ်၏။ ငါ့​ကြောင့် သင်တို့ကို ကဲ့ရဲ့​ညှဉ်းဆဲ​၍ မမှန်​ဘဲ​လျက် အပြစ်​တကာ​တင်​ကြသောအခါ၊ သင်တို့သည် မင်္ဂလာ​ရှိ [“ပျော်ရွှင်၊” က​ဘ] ကြ​၏။ ဝမ်းမြောက်​ရွှင်မြူး​ခြင်း​ရှိကြလော့။ အကြောင်း​မူ​ကား၊ ကောင်းကင်ဘုံ​၌ သင်တို့၏​အကျိုး​သည်​ကြီး​လှ​ပေ​၏။”—မဿဲ ၅:၁၀-၁၂

၆။ တမန်​တော် ၁၂ ပါး​ကို ယေရှု​စေလွှတ်​ချိန်​တွင် အဘယ်​သို့​သတိပေး​ခဲ့​သနည်း။

နောက်ပိုင်း တမန်​တော် ၁၂ ပါး​ကို ယေရှု​စေလွှတ်​တော်​မူ​သောအခါ သူတို့အား ဤသို့​မိန့်ဆိုခဲ့သည်– “လူ​တို့ကို​သတိပြု​ကြ။ အကြောင်း​မူ​ကား၊ သင်တို့ကို လွှတ်​ရုံး​သို့​အပ်နှံ​ကြလိမ့်မည်။ တရား​ဇရပ်​တို့​၌ ရိုက်​ကြလိမ့်မည်။ ထို​သူတို့​မှ​စ၍ တစ်ပါး​အမျိုးသား​တို့အား သက်သေ​ဖြစ်စေ​ခြင်း​ငှာ၊ မြို့ဝန်မင်း၊ ရှင်ဘုရင်​ထံ​သို့ ငါ့​ကြောင့် သင်တို့ကို​ပို့ဆောင်​ကြလိမ့်မည်။” သို့သော် ဘာသာရေး​အာဏာပိုင်​များ​သာ တပည့်​နောက်လိုက်​များ​ကို ညှဉ်းဆဲ​ကြ​မည်​မဟုတ်။ ယေရှု ဤသို့​မိန့်ဆိုခဲ့​သေး​၏– “ထို​အခါ ညီအစ်ကို​ချင်း တစ်ယောက်ကို​တစ်ယောက် သေစေ​ခြင်း​ငှာ​အပ်​ကြလိမ့်မည်။ အဘသည်​လည်း သားကို​အပ်​လိမ့်​မည်။ သားသမီးတို့​သည်လည်း မိဘ​ကိုရန်​ဘက်​ပြု​၍ သေစေ​ကြလိမ့်မည်။ လူအပေါင်း​တို့သည်​လည်း ငါ့​နာမ​ကြောင့် သင်တို့ကို​မုန်း​ကြလိမ့်မည်။ အကြင်သူသည် အဆုံးတိုင်အောင်​တည်ကြည်​၏။ ထို​သူသည် ကယ်တင်ခြင်း​သို့ ရောက်​လိမ့်​မည်။” (မဿဲ ၁၀:၁၇၊ ၁၈၊ ၂၁၊ ၂၂) ပထမ​ရာစု​ခရစ်ယာန်​များ​၏​သမိုင်းက အဆိုပါ​စကား​များ မှန်ကန်ကြောင်း သက်သေထူ​သည်။

တည်ကြည်​စွာ ကြံ့ကြံ့ခံ​နိုင်​ခြင်း​မှတ်တမ်း

၇။ သတေဖန်​သည် သက်သေ (မာ​တ​စ္စ) တစ်ဦး​ဖြစ်လာ​ရန် အဘယ်အရာက​ဦးတည်​ပေး​သနည်း။

ယေရှု​သေဆုံး​ပြီး​နောက်​မကြာမီ သတေဖန်​သည် အမှန်တရားကို​သက်သေခံ​သည့်​အတွက် အသေခံ​ရသော ပထမဦးဆုံး​ခရစ်ယာန်​ဖြစ်လာ​၏။ သူသည် “ကျေးဇူးတော်​နှင့်​လည်းကောင်း၊ တန်ခိုးတော်​နှင့်​လည်းကောင်း ပြည့်စုံ​သဖြင့် ကြီးစွာ​သော​နိမိတ်​လက္ခဏာ၊ အံ့ဖွယ်သော​အမှု​များ​ကို လူများ​တို့​တွင်​ပြု​လေ​၏။” သူ၏​ဘာသာ​ကို အတိုက်အခံပြု​သူများ​သည် “သူ​ဟောပြော​ရာ​တွင်​သုံးစွဲ​သော​ပညာ​နှင့် အမှီပြု​သော​ဝိညာဉ်​တော်​ကို မခံမရပ်​နိုင်​ကြ” ချေ။ (တမန်​တော် ၆:၈၊ ၁၀သမ္မာ) သူတို့သည် မနာလို​စိတ်​ပြင်းပြ​စွာ သတေဖန်​ကို ဂျူး​အထက်​တရားရုံး၊ ဆဲန်ဟီဒရင်​ရှေ့ တ​ရွတ်​တိုက်​ဆွဲခေါ်​သွားခဲ့​ကြ​ရာ ထို​တွင် သူ့ကို မမှန်မကန်​စွပ်စွဲသူ​များ​ရှေ့ အစွမ်း​ခွန်အား​အပြည့်​ဖြင့် သက်သေခံ​ခဲ့​သည်။ သို့ရာတွင် အဆုံး​၌ ဤ​တည်ကြည်သော​သက်သေ သတေဖန်​ကို သူ၏​ရန်သူများ​က သတ်ပစ်လိုက်​ကြသည်။—တမန်​တော် ၇:၅၉၊ ၆၀

၈။ သတေဖန်​သေဆုံး​ပြီး​နောက် သူတို့​ခံရ​သော နှိပ်စက်​ညှဉ်းပန်းမှု​ကို ယေရုရှလင်​မြို့ရှိ တပည့်​နောက်လိုက်​များ မည်သို့​တုံ့ပြန်​ခဲ့​ကြ​သနည်း။

သတေဖန် ကွပ်မျက်​ခံရ​ပြီး​နောက်​တွင် “ယေရုရှလင်​မြို့တွင်​ရှိသော အသင်းတော်သည် ပြင်းစွာ​သော​ညှဉ်းဆဲခြင်း​ကို​ခံရ​သဖြင့် တမန်​တော်​တို့​မှတစ်ပါး သင်းဝင်သူ​အပေါင်းတို့သည် ယုဒပြည်၊ ရှမာရိ​ပြည်​များ​တွင် အရပ်ရပ်​သို့ အနှံ့အပြား​ကွဲလွင့်​ကြ​၏။” (တမန်​တော် ၈:၁သမ္မာ) နှိပ်စက်​ညှဉ်းပန်း​ခြင်း​က ခရစ်ယာန်​သက်သေခံခြင်း​လုပ်ငန်း​ကို ရပ်တန့်​သွား​စေ​ခဲ့​သလော။ ထိုသို့​ဖြစ်​မည့်​အစား “အရပ်ရပ်​သို့​ကွဲလွင့်​သော​သူတို့သည် လှည့်လည်​၍ နှုတ်[မြွက်]တော်​တည်း​ဟူသော ဝမ်းမြောက်​ဖွယ်​သတင်းတရား​တော်​ကို ဟောပြောကြ​၏” ဟု​မှတ်တမ်းက​ဆို​သည်။ (တမန်​တော် ၈:၄) “လူ​၏​စကား​ထက် ဘုရားသခင်​၏​စကား​ကို နားထောင်​သင့်​ပါ​၏” ဟု အစောပိုင်းက တမန်​တော်​ပေတရု မိန့်ဆိုခဲ့​သည့်​အတိုင်း သူတို့​ခံစား​ခဲ့​ကြ​ရမည်။ (တမန်​တော် ၅:၂၉) နှိပ်စက်​ညှဉ်းပန်းမှု​ကြား အဆိုပါ​တည်ကြည်​၍ ရဲစွမ်းသတ္တိ​ရှိ တပည့်​နောက်လိုက်​များသည် အမှန်တရား သက်သေခံခြင်း​လုပ်ငန်း​ကို စွဲမြဲ​စွာ​လုပ်ဆောင်ကြ​သည်၊ ယင်းက ပို​၍​အခက်အခဲ​ဖြစ်ပေါ်​စေမည်​ကို သူတို့​သိရှိ​လျက်​ပင် ထိုသို့​ပြု​ခဲ့​ကြသည်။—တမန်​တော် ၁၁:၁၉-၂၁

၉။ ယေရှု၏​နောက်လိုက်​များ အဘယ်​နှိပ်စက်​ညှဉ်းပန်းမှု​ကို ဆက်ခံ​ခဲ့​ရသနည်း။

ခက်ခဲ​ကျပ်တည်း​မှု​အရှိန် လျော့​မသွား​ခဲ့​ပါ။ ဦးဆုံး​အနေ​နှင့် သတေဖန်​အား ခဲ​နှင့်​ပေါက်သတ်​ခြင်း​ကို ကျေနပ်​စွာ​ကြည့်ရှု​ခဲ့​သည့် ရှောလုသည် “သခင်​ဘုရား​၏ [နောက်လိုက်] တို့​တစ်ဖက်၌​ခြိမ်းခြောက်​၍၊ အသေ​သတ်​ခြင်း​ငှာ ပြင်းပြ​စွာ​အသက်ရှူ​သဖြင့်၊ ထို​ဘာသာဝင်​သော ယောက်ျား​မိန်းမတို့ကို​တွေ့လျှင်၊ ချည်နှောင်​၍ ယေရုရှလင်​မြို့​သို့ ပို့ဆောင်​ရမည်​အကြောင်း၊ ဒမာသက်​မြို့၌​ရှိသော တရား​ဇရပ်မှူး​တို့​ထံ​သို့ မှာ​စာ​ကို​ပေး​ပါ​ဟု ယဇ်ပုရောဟိတ်မင်း​ထံ​၌​ဝင်၍​တောင်း” ခဲ့​ကြောင်း ကျွန်ုပ်​တို့​သိရှိ​ရသည်။ (တမန်​တော် ၉:၁၊ ၂) ထို့နောက် စီ.အီး. ၄၄ ခန့်​တွင် “ဟေရုဒ်​မင်း​သည် သင်းဝင်သူ​အချို့​ကို ညှဉ်းဆဲခြင်း​ငှာ​စီရင်၍၊ ယောဟန်​၏​အစ်ကို​ဖြစ်သော ယာကုပ်​ကို ဓား​နှင့်​ကွပ်မျက်​လေ​၏။”—တမန်​တော် ၁၂:၁၊ ၂

၁၀။ တမန်တော်ဝတ္ထု​နှင့် ဗျာ. ကျမ်း​တို့​တွင် နှိပ်စက်​ညှဉ်းပန်းမှု​နှင့်​ပတ်သက်​၍ အဘယ်​မှတ်တမ်း​ကို တွေ့ရှိ​ရသနည်း။

၁၀ တမန်တော်ဝတ္ထု​၏ အခြား​ကျမ်းပိုဒ်​များ​တွင် ပေါလု​ကဲ့သို့​သော တည်ကြည်သူ​တို့ ခံ​ခဲ့​ရသည့် စမ်းသပ်မှု​များ၊ ထောင်ချ​ခံရ​ခြင်း​နှင့် နှိပ်စက်​ညှဉ်းပန်းမှု​တို့​အကြောင်း မှတ်တမ်း​တင်ထား​သည်၊ တမန်​တော်​ဖြစ်လာ​သည့် ယခင်​က ညှဉ်းဆဲ​ခဲ့​သူကိုယ်တိုင်​သည်လည်း စီ.အီး. ၆၅ ခန့်​တွင် ရောမ​ဧကရာဇ် နီ​ရိုး​၏​အမိန့်​ကြောင့် သက်သေ (မာ​တ​စ္စ) တစ်ဦး​အဖြစ် အသတ်ခံခဲ့ရ​ပုံ​ရှိသည်။ (၂ ကောရိန္သု ၁၁:၂၃-၂၇; ၂ တိမောသေ ၄:၆-၈) နောက်ဆုံး​အနေ​နှင့် ပထမ​ရာစု​အဆုံးပိုင်း​တွင်​ရေးသားခဲ့​သည့် ဗျာဒိတ်ကျမ်း​၌ ကျွန်ုပ်​တို့​ဖတ်ရှု​ရသည်မှာ သက်ကြီးရွယ်အို တမန်​တော်​ယောဟန်​သည် ‘ဘုရားသခင်​အကြောင်း​ဟော​၍ ယေရှု​ခရစ်​အကြောင်း သက်သေခံ​သောကြောင့်’ ပတ်မုကျွန်း​တွင် အကျဉ်း​ချ​ခံ​ခဲ့​ရသည်။ ထို့​ပြင် ပေရဂံ​မြို့တွင် “အသေ​သတ်​ခြင်း​ကို​ခံရ​သော ငါ​၏​သက်သေ၊ ငါ​၌ [တည်ကြည်] သူ၊ အန္တိပ” အကြောင်း ဗျာဒိတ်ကျမ်း​က​ဖော်ညွှန်း​ထား​သည်။—ဗျာ. ၁:၉; ၂:၁၃

၁၁။ နှိပ်စက်​ညှဉ်းပန်းမှု​နှင့်​စပ်လျဉ်း၍ ယေရှု၏​စကား​များ မှန်ကန်ကြောင်း အစောပိုင်း​ခရစ်ယာန်​များ​၏​လမ်းစဉ်​က မည်သို့​သက်သေထူ​ခဲ့​သနည်း။

၁၁ ၎င်း​တို့အားလုံး​က “သူတို့သည် ငါ့ကို​ညှဉ်းဆဲ​လျှင် သင်တို့ကို​ညှဉ်းဆဲ​ကြလိမ့်မည်” ဟု မိမိ၏​နောက်လိုက်​များ​အား ယေရှု​မိန့်တော်မူ​ခဲ့​သည့်​စကား မှန်ကန်ကြောင်း သက်သေထူ​သည်။ (ယောဟန် ၁၅:၂၀) “သင်တို့သည် ယေရုရှလင်​မြို့မှ​စ​သော ယုဒပြည်၊ ရှမာရိ​ပြည်၊ မြေကြီးစွန်း​တိုင်အောင် ငါ​၏​သက်သေ​ဖြစ်​ကြလိမ့်မည်” ဟူသော အရှင်သခင် ယေရှု​ခရစ် အပ်နှင်း​ထား​သည့်​တာဝန်​ကို ဆောင်ရွက်ရန် တည်ကြည်သော အစောပိုင်း​ခရစ်ယာန်​တို့သည် အပြင်းအထန်​ညှဉ်းဆဲ​ခံရ​ခြင်း၊ သားရဲတိရစ္ဆာန်​စာ​ဖြစ်​ရခြင်း၊ သို့​မဟုတ် အခြား​နည်း​တစ်ခုခု​ဖြင့် အဆုံးစွန်​စမ်းသပ်မှု​ဖြစ်သော သေခြင်းကို ရင်ဆိုင်ဖို့ အသင့်​ရှိခဲ့​ကြသည်။—တမန်​တော် ၁:၈

၁၂။ အတိတ်​ကာလ​တွင်​သာ ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည်​ဟု အဘယ်ကြောင့်​မဆို​နိုင်​သနည်း။

၁၂ ယေရှု၏​နောက်လိုက်​များ​ကို ထိုသို့​ရက်စက်​ကြမ်းကြုတ်​စွာ ပြုမူ​ဆက်ဆံခြင်း​သည် အတိတ်​ကာလ​တွင်​သာ ဖြစ်ပျက်​ခဲ့​ကြောင်း တစ်ဦးဦး​က ထင်မှတ်​မည်​ဆိုလျှင် ထို​သူ အမှား​ကြီး​မှား​ပေ​လိမ့်​မည်။ ကျွန်ုပ်​တို့​သိရှိ​ခဲ့​သည့်​အတိုင်း အတော်အတန်​အခက်အခဲ​ကြုံ​ခဲ့​ရသူ ပေါလု​က ဤသို့​ရေးသားခဲ့​သည်– “ယေရှု​ခရစ်​၏​တရားတော်​နှင့်​အညီ ဘုရား [သခင်] ဝတ်၌​မွေ့လျော်​၍​နေခြင်း​ငှာ အလိုရှိ​သော​သူအပေါင်း​တို့သည် ညှဉ်းဆဲခြင်း​ကို​ခံရ​ကြလိမ့်မည်။” (၂ တိမောသေ ၃:၁၂) နှိပ်စက်​ညှဉ်းပန်းမှု​ခံရ​ခြင်း​အကြောင်း ပေတရု​ဤသို့​ဆို​ခဲ့​သည်– “ထိုသို့​အ​လို့​ငှာ သင်တို့ကို​ခေါ်တော်မူ​ပြီ။ ခရစ်တော်​သည် ငါ​တို့အတွက်​ခံ​တော်​မူ​သည်​ဖြစ်၍၊ ခြေ . . . ရာ​ကို​လျှောက်လိုက်​စေခြင်း​ငှာ ပုံသက်သေ​ကို​ထား​တော်​မူ​ပြီ။” (၁ ပေတရု ၂:၂၁) ဤ​အစီအစဉ်​စနစ်​၏ “နောက်ဆုံးသော​နေ့ရက်​များ” အထိ ယေဟောဝါ​၏​လူမျိုးတော်သည် တစ်ခါ​နှင့်​မျှ​မတူ​အောင် ဆက်၍​ရန်လို​မုန်းတီးခြင်း​ကို​ခံရ​သည်။ (၂ တိမောသေ ၃:၁သမ္မာ) ယေဟောဝါသက်သေ​များသည် ကမ္ဘာ​တစ်ခွင်​တွင် အာဏာရှင်​ဆန်​သော အုပ်စိုးမှု​များ​လက်အောက်​၌ နေသည်​ဖြစ်စေ၊ ဒီမိုကရက်တစ်​နိုင်ငံ​များ​တွင် နေထိုင်​သည်​ဖြစ်စေ တစ်ချိန်​မဟုတ်​တစ်ချိန်​၌ တစ်ဦးချင်း​စီ​သော်လည်း​ကောင်း၊ အုပ်စု​လိုက်​သော်လည်း​ကောင်း နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည်။

အဘယ်ကြောင့် မုန်းတီး​ခံရ​ပြီး နှိပ်စက်​ညှဉ်းပန်း​ခံရ​သနည်း

၁၃။ နှိပ်စက်​ညှဉ်းပန်းမှု​နှင့်​စပ်လျဉ်း၍ မျက်မှောက်ခေတ် ယေဟောဝါ​၏​ကျေးကျွန်​များ အဘယ်အရာကို စိတ်​စွဲမှတ်​ထား​သင့်​သနည်း။

၁၃ ယနေ့ ကျွန်ုပ်​တို့​အများစု​သည် အတော်အသင့် လွတ်လပ်​ငြိမ်သက်​စွာ ဟောပြော​ရ​၍ အစည်းအဝေး​များ​တက်​နိုင်​ကြသော်လည်း “ဤ​လောက​၏​အဆင်းသဏ္ဌာန်​သည် ရွေ့သွား​ကွယ်ပျောက် [“ပြောင်းလဲ၊” က​ဘ] လျက်​ရှိ၏” ဟူသော ကျမ်းစာ​သတိပေး​ချက်​ကို နှလုံး​သွင်းထား​သင့်​သည်။ (၁ ကောရိန္သု ၇:၃၁) အခြေအနေ​သည် အလွန်​လျင်မြန်​စွာ ပြောင်းလဲ​သွား​နိုင်ရာ ကျွန်ုပ်​တို့သည် စိတ်ဓာတ်​ရေး၊ စိတ်​လှုပ်ရှားမှု​နှင့် ဝိညာဉ်​ရေး​ဘက် အသင့်​မ​ပြင်ဆင်​ထား​လျှင် အလွယ်တကူ ခြေလှမ်း​မှားသွား​နိုင်​သည်။ သို့​ဖြစ်​ရ​ကား မိမိတို့​ကိုယ်ကို​ကာကွယ်​ရန် အဘယ်အရာ​ပြုလုပ်​ထား​နိုင်​သနည်း။ ငြိမ်သက်မှု​ကို​မြတ်နိုးသည့် ဥပဒေ​လိုက်နာသူ ခရစ်ယာန်​များသည် အဘယ်ကြောင့် မုန်းတီး​ခံရ​ပြီး နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြောင်းကို ရှင်းလင်းစွာ​နားလည်​ထားခြင်း​က အစွမ်းထက်​သည့် ကာကွယ်​မှု​တစ်ရပ်​ဖြစ်သည်။

၁၄။ ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံရ​သည့်​အကြောင်းရင်း​ကား အဘယ်အရာ​ဖြစ်သည်ဟု ပေတရု​ထောက်ပြ​ခဲ့​သနည်း။

၁၄ ရောမ​အင်ပါယာ​တစ်လျှောက်​ရှိ ခရစ်ယာန်​များသည် စမ်းသပ်မှု​များနှင့် နှိပ်စက်​ညှဉ်းပန်းမှု​များ တွေ့ ကြုံ​ခံစား​နေရ​သော စီ.အီး. ၆၂-၆၄ ခန့်​တွင် ရေးခဲ့​သည့် သူ၏​ပထမ​စာစောင်​၌ ဤ​အကြောင်းကို တမန်​တော်​ပေတရု ထည့်​ရေးခဲ့​သည်။ သူက “ချစ်သူ​တို့၊ သင်တို့ကို​စုံစမ်း​စ​ရာ​ဖို့ ယခု​ခံရ​သော​မီး​စစ်​ခြင်း​အရာ​ကို​ကား၊ သင်တို့၌ အံ့သြဖွယ်​သော​အရာ​ဖြစ်သည်ဟု​ထင်​မှတ်၍၊ အံ့သြခြင်း​မရှိကြ​နှင့်” ဟု​ဆို​ခဲ့​သည်။ အဘယ်အရာကို သူ​ဆိုလို​ကြောင်း ရှင်းပြ​ရန် ပေတရု​က ဤသို့​ဆက်ဆို​သည်– “လူ​အသက်ကို​သတ်​သော​အပြစ်၊ သူ့​ဥစ္စာ​ကို​ခိုး​သော​အပြစ်၊ [မကောင်းမှု]ကို​ပြုသော​အပြစ်၊ သူတစ်ပါး​အမှု၌​ရောနှော​သော​အပြစ်​ရှိ၍၊ သင်တို့တွင် အဘယ်သူမျှ​မခံ​စေ​နှင့်။ ခရစ်ယာန်​ဖြစ်သော​ကြောင့်​ခံရ​လျှင်​မူ​ကား၊ ရှက်ကြောက်ခြင်း​မရှိစေ​နှင့်။ ထို​အမှု​ကြောင့်​ခံရ​လျှင် ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​စေ။” သူတို့သည် အမှား​တစ်ခုခု​ပြု​မိ​သောကြောင့်​မဟုတ်ဘဲ ခရစ်ယာန်​ဖြစ်နေ​ခြင်း​ကြောင့် ဆင်းရဲခံ​နေရ​ကြောင်း ပေတရု​ထောက်ပြ​ခဲ့​သည်။ သူတို့၏​ဝန်းကျင်ရှိ​လူများ​အတိုင်း “ကာ​မ​ဂုဏ်​၌ လွန်ကျူး​ညစ်ညူး” နေ​မည်​ဆိုလျှင် ဖက်​လဲ​တ​ကင်း​ကြိုဆို​ခံရ​ပေ​လိမ့်​မည်။ ယခု​မူ သူတို့သည် ခရစ်တော်​၏​နောက်လိုက်​များ​အဖြစ် ကြိုးစား​အသက်ရှင်နေ​ထိုင်​ကြသော​ကြောင့် ဆင်းရဲခံ​နေကြ​ရသည်။ မျက်မှောက်ခေတ် ခရစ်ယာန်စစ်​များလည်း အလားတူ​အခြေအနေ​မျိုး​တွင် ရှိနေကြ​၏။—၁ ပေတရု ၄:၄၊ ၁၂၊ ၁၅၊ ၁၆

၁၅။ ယနေ့ ယေဟောဝါသက်သေ​များ​အပေါ် ဆက်ဆံပုံ​တွင် အဘယ်​ဆန့်ကျင်ဘက်​အခြေအနေ​များ​ကို တွေ့ရ​သနည်း။

၁၅ ကမ္ဘာ့​ဒေသ​များစွာ​၌ ယေဟောဝါသက်သေ​များသည် စည်းဝေးကြီး​များနှင့် ဆောက်လုပ်ရေး​စီမံကိန်း​များ​တွင် သူတို့​တင်ပြ​ကြ​သည့် စည်းလုံးမှု​နှင့် ပူးပေါင်း​ဆောင်ရွက်မှု၊ ရိုးသားမှု​နှင့် လုံ့လ​ဝီရိယ၊ သူတို့၏ စံတင်​အပ်သော​အမူအကျင့်​နှင့် မိသားစု​ဘဝ၊ သူတို့၏​ရည်မွန်သော​အသွင်အပြင်​နှင့် ပြုမူ​ပြောဆို​ပုံ​တို့​ကြောင့် လူသိရှင်ကြား ချီးမွမ်း​ခံ​ခဲ့​ရသည်။ * သို့သော် ဤ​ဆောင်းပါး​ကို​ရေးချိန်​တွင် အနည်းဆုံး ၂၈ နိုင်ငံ​၌ လုပ်ငန်း​ပိတ်ပင်​ခံရ၊ သို့​မဟုတ် ကန့်သတ်​ခံရ​ရာ သက်သေခံ​များစွာ​တို့​မှာ မိမိတို့၏​ယုံကြည်ခြင်း​ကြောင့် ရိုက်ပုတ်​နှိပ်စက်​ခံရ​ပြီး ဆုံးရှုံးမှု​များ​ရှိကြသည်။ ဤသို့​သော ဆန့်ကျင်ဘက်​အခြေအနေ​များ အဘယ်ကြောင့်​ပေါ်လာ​ရသနည်း။ ယင်းကို ဘုရားသခင်​အဘယ်ကြောင့် ခွင့်ပြု​ရသနည်း။

၁၆။ ဘုရားသခင်​၏​လူမျိုး နှိပ်စက်​ညှဉ်းပန်း​ခံရ​ခြင်း​ကို ကိုယ်တော်​ခွင့်ပြု​ရသည့် အဓိက​အကြောင်းရင်း​ကား အဘယ်နည်း။

၁၆ ဦးဆုံး​အနေ​နှင့် နယပုံပြင် ၂၇:၁၁ ပါ​ဤ​စကား​ကို ကျွန်ုပ်​တို့​စိတ်​စွဲမှတ်​ထား​သင့်​သည်– “ငါ့​သား ပညာရှိ​လော့။ ကဲ့ရဲ့​သော​သူ၏​စကား​ကို ငါ​ချေ​နိုင်အောင် ငါ့​စိတ်​ကို ရွှင်လန်း​စေ​လော့။” ယင်းသည် ကြာမြင့်စွာ​ကတည်းက စကြဝဠာ​အုပ်စိုး​ပိုင်သ​ခွင့် အရေးကိစ္စ​ကြောင့်​ဖြစ်သည်။ ရာစုနှစ်များ​တစ်လျှောက် ယေဟောဝါ​အပေါ် တည်ကြည်မှု​တင်ပြ​ခဲ့​သူ များစွာ​ရှိ​လျက်​ကယ် ဖြောင့်မတ်​သူ​ယောဘ​လက်ထက်​၌ ယေဟောဝါ​အား စာတန်​အပြစ်တင်​ကဲ့ရဲ့​ခဲ့​သည်​နည်းတူ ဆက်​ပြုမူ​နေသည်။ (ယောဘ ၁:၉-၁၁; ၂:၄၊ ၅) ယခု​အခါ ဘုရားသခင့်​နိုင်ငံတော် အခိုင်အမာ​တည်ထောင်​ပြီ​ဖြစ်၍ မြေကြီး​တစ်ပြင်လုံး​တွင် တည်ကြည်​သည့် လက်အောက်ခံ​ပြည်သား​များနှင့် ကိုယ်စားလှယ်​များ​ရှိနေပြီ​ဖြစ်​ရာ စာတန်​သည် သူ၏​အဆို​မှန်ကန်ကြောင်း သက်သေပြ​ရန် နောက်ဆုံး​ကြိုးပမ်း​ချက်​အနေ​နှင့် ပို​၍​ပင် ဗျာများ​နေ​ပေမည်။ ဤသူတို့​အပေါ် အဘယ်​ဆင်းရဲ​ခက်ခဲ​မှု​ပင် ကျရောက်​လာပါစေ ဘုရားသခင်​ကို ဆက်လက်​တည်ကြည်​ကြ​ပါ​မည်​လော။ ဤ​မေးခွန်း​ကို ယေဟောဝါ​၏​ကျေးကျွန်​တစ်ယောက်စီ ကိုယ်တိုင်​ကိုယ်​ကျ ဖြေဆို​ကြ​ရ​လိမ့်​မည်။—ဗျာ. ၁၂:၁၂၊ ၁၇

၁၇။ “သင်တို့သည် သက်သေခံ​ရသော​အခွင့်​ရှိကြ​လိမ့်​မည်” ဟု​ယေရှု​ဆို​ရာ​၌ အဘယ်အရာကို​ဆိုလို​သနည်း။

၁၇ “အစီအစဉ်​စနစ်​ဆုံးခန်း” အတွင်း ဖြစ်ပျက်​မည့်​အရာများ​အကြောင်း တပည့်​နောက်လိုက်​များ​ကို ယေရှု​မိန့်ဆို​ရာ​တွင် မိမိ၏​ကျေးကျွန်​များ​အပေါ် ကျရောက်​မည့် နှိပ်စက်​ညှဉ်းပန်းမှု​ကို ယေဟောဝါ​ခွင့်ပြု​ရသည့် အခြား​အကြောင်းရင်း​တစ်ခု​ကို ကိုယ်တော်​ဤသို့​ဖော်ပြ​ခဲ့​၏– “ငါ​၏​နာမ​ကြောင့် သင်တို့ကို . . . ရှင်ဘုရင်၊ ဝန်မင်း​ထံ​သို့ ပို့ဆောင်​ကြလိမ့်မည်။ ထိုသို့​သော​အားဖြင့် သင်တို့သည် သက်သေခံ​ရသော​အခွင့်​ရှိကြ​လိမ့်​မည်။” (မဿဲ ၂၄:၃၊ ၉; လုကာ ၂၁:၁၂၊ ၁၃) ယေရှု​ကိုယ်တော်တိုင် ဟေရုဒ်​မင်း​နှင့် ပုန္တိပိလတ်​မင်း​ရှေ့ သက်သေခံ​တော်​မူ​ခဲ့​၏။ တမန်​တော်​ပေါလု​သည်လည်း “ရှင်ဘုရင်၊ ဝန်မင်း​ထံ​သို့ ပို့ဆောင်” ခံ​ခဲ့​ရ၏။ သခင်​ယေရှု​ခရစ်​၏ လမ်းညွှန်မှုဖြင့် ပေါလု​သည် ထို​ခေတ်​က အာဏာ​အရှိဆုံး​အုပ်စိုးရှင်​ကို သက်သေ​ခံနိုင်​ရန် “ကဲသာ​ဘုရင်​၏​အယူ​တော်​ကို​ခံ​ပါ​မည်!” ဟု​ကြေညာ​ခဲ့​သည်။ (တမန်​တော် ၂၃:၁၁; ၂၅:၈-၁၂) ယနေ့လည်း စိန်ခေါ်ချက်​ဖြစ်သော အခြေအနေ​များ​ပေါ်ပေါက်​ခဲ့​ရာ အစိုးရ​အရာရှိများ​နှင့် အများ​ပြည်သူ​တို့ကို သက်သေ​ခံရန် အခွင့်အရေး​ရစေ​ခဲ့ပြီ။ *

၁၈၊ ၁၉။ (က) စမ်းသပ်မှု​များ​ကို ကိုင်တွယ်​ဖြေရှင်း​တတ်​ခြင်း​က မည်သို့​အကျိုးပြု​မည်​နည်း။ (ခ) နောက်​ဆောင်းပါး​တွင် အဘယ်​မေးခွန်းများကို သုံးသပ်ကြ​မည်​နည်း။

၁၈ နောက်ဆုံး​အနေ​နှင့် စမ်းသပ်မှု​များ၊ ဆင်းရဲခြင်း​များ​ကို ကိုင်တွယ်​ဖြေရှင်း​နိုင်​ခြင်း​ဖြင့် ကျွန်ုပ်​တို့​ကိုယ်တိုင် အကျိုးကျေးဇူး​ခံစား​ခဲ့​ရပြီ။ အဘယ်​နည်းဖြင့်​နည်း။ တပည့်​ဖြစ်သူ ယာကုပ်​က ခရစ်ယာန်​ချင်း​များ​ကို ဤသို့​သတိပေး​ခဲ့​၏– “ငါ့​ညီအစ်ကို​တို့၊ သင်တို့၏​ယုံကြည်ခြင်းကို စစ်ကြော​စုံစမ်းခြင်း​အရာ​သည် သည်းခံခြင်း​ကို ပွား​စေ​တတ်​သည်​ဟု သိမှတ်​လျက်၊ အထူးထူး​အပြားပြား စုံစမ်း​နှောင့်ယှက်ခြင်း​နှင့်​တွေ့ကြုံ​သောအခါ ဝမ်းမြောက်စရာ​အကြောင်း​သက်​သက်​ဖြစ်သည်ဟု မှတ်​ကြလော့။” မှန်ပါသည်၊ နှိပ်စက်​ညှဉ်းပန်း​ခြင်း​သည် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို တိုးတက်​စေနိုင်​ပြီး ခံနိုင်ရည်​ပို​ရှိစေသည်။ သို့​ဖြစ်၍ ကျွန်ုပ်​တို့​မစိုးရိမ်​ကြ​ပါ၊ နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို လွှဲရှောင်​ရန်၊ မခံရ​စေရန် ကျမ်းစာ​နှင့်​မညီညွတ်​သော​နည်း​များ​ကိုလည်း ကျွန်ုပ်​တို့​ရှာဖွေကြ​မည်​မဟုတ်ပါ။ ယင်းအစား၊ ယာကုပ်​၏ ဤ​တိုက်တွန်းချက်​ကို ကျွန်ုပ်​တို့​လိုက်နာ​ကြသည်– “သင်တို့သည် အလျှင်း​မချို့တဲ့​ဘဲ စေ့စပ်​စုံလင်​မည်​အကြောင်း၊ သည်းခံခြင်း​စိတ်​သည် အကုန်အစင်​ပြုပြင်​ပါစေ။”—ယာကုပ် ၁:၂-၄

၁၉ ဘုရားသခင်​၏​တည်ကြည်သော ကျေးကျွန်​များ အဘယ်ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံရ​ကြောင်း​နှင့် ယင်းကို ယေဟောဝါ​အဘယ်ကြောင့်​ခွင့်ပြု​ရ​ကြောင်းကို ကျွန်ုပ်​တို့​သိ​နားလည်​ရန် သမ္မာကျမ်းစာ​က ကူညီပေး​သော်လည်း ယင်းက နှိပ်စက်​ညှဉ်းပန်း​ခြင်း​ကို​ခံရပ်​ရန် လွယ်ကူ​သွား​စေ​သည်မဟုတ်​ချေ။ နှိပ်စက်​ခံရ​စဉ် ခံရပ်​နိုင်​ရန် အဘယ်အရာက ကျွန်ုပ်​တို့ကို ခွန်အား​ပေး​နိုင်​မည်​နည်း။ နှိပ်စက်​ညှဉ်းပန်း​ခံရသော​အခါ အဘယ်အရာ​ပြုလုပ်​နိုင်​သနည်း။ ဤ​အရေးပါသော​အကြောင်း​များ​ကို နောက်​ဆောင်းပါး​တွင် သုံးသပ်ကြ​မည်။

[အောက်ခြေ​မှတ်ချက်များ]

^ အပိုဒ်၊ 15 ၁၉၉၅၊ ဒီဇင်ဘာ ၁၅ ရက်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၇-၉; ၁၉၉၄၊ ဧပြီ ၁၅၊ စာမျက်နှာ ၁၆-၁၇; နှင့် ၁၉၉၃၊ ဒီဇင်ဘာ ၂၂ နိုးလော့! [လိပ်] စာမျက်နှာ ၆-၁၃ တို့ကို​ရှု။

သင်​ရှင်းပြ​နိုင်​သလော

• ယေရှုသည် အဓိက အဘယ်​သဘောဖြင့် သက်သေ (မာ​တ​စ္စ) တစ်ဦး​ဖြစ်​ခဲ့​သနည်း။

• ပထမ​ရာစု​ခရစ်ယာန်​များ​အပေါ် နှိပ်စက်​ညှဉ်းပန်းမှု​က အဘယ်​သက်ရောက်မှု​ရှိခဲ့​သနည်း။

• ပေတရု​ရှင်းပြ​ခဲ့​သည့်​အတိုင်း အစောပိုင်း​ခရစ်ယာန်​များ အဘယ်ကြောင့် နှိပ်စက်​ညှဉ်းဆဲ​ခံရ​သနည်း။

• ယေဟောဝါ​သည် မိမိ၏​ကျေးကျွန်​များ​ကို အဘယ်​အကြောင်း​များ​ကြောင့် နှိပ်စက်​ညှဉ်းပန်း​ခံစေ​သနည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၁၀၊ ၁၁ ပါ ရုပ်ပုံ]

ပထမ​ရာစု​ခရစ်ယာန်​များသည် အမှား​တစ်စုံတစ်ရာ ပြု​မိ​သောကြောင့်​မဟုတ်ဘဲ ခရစ်ယာန်​များ ဖြစ်​ကြ​ခြင်း​ကြောင့် ဆင်းရဲခံ​ခဲ့​ရ​ကြ

ပေါလု

ယောဟန်

အန္တိပ

ယာကုပ်

သတေဖန်