မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘုရားသခင် ကြားဝင်ဆောင်ရွက်ပေးမှု မည်သို့ပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း

ဘုရားသခင် ကြားဝင်ဆောင်ရွက်ပေးမှု မည်သို့ပြုမည်ဟု ကျွန်ုပ်တို့မျှော်လင့်နိုင်သနည်း

ဘုရားသခင် ကြားဝင်​ဆောင်ရွက်​ပေး​မှု မည်သို့​ပြု​မည်​ဟု ကျွန်ုပ်​တို့​မျှော်လင့်​နိုင်​သနည်း

ဘီ.စီ.အီး. ရှစ်ရာစု​တွင် အသက် ၃၉ နှစ်အရွယ်​ရှိ ယုဒ​ရှင်ဘုရင်​ဟေဇကိ​သည် မိမိ​သေ​နာ​စွဲ​နေကြောင်း သိရှိ​ခဲ့​သည်။ ဟေဇကိ​သည် ထို​သတင်း​ကြောင့် ဝမ်းနည်း​ပက်လက်​ဖြစ်သွား​ရာ မိမိ၏​ရောဂါ​ကို​ပျောက်ကင်း​စေဖို့ ဘုရားသခင်​ထံ ဆုတောင်း​အသနားခံ​ခဲ့​သည်။ ဘုရားသခင်​က မိမိ၏​ပရောဖက်​မှ​တစ်ဆင့် “သင်၏[ဆုတောင်း]စကား​ကို ငါ​ကြား​ပြီ။ သင်၏​မျက်ရည်​ကိုလည်း ငါ​မြင်ပြီ။ သင်၏​အသက်​၌ တစ်ဆယ့်​ငါး​နှစ်ကို ငါ​ဆက်၍​ပေး​မည်” ဟု​ဖြေဆိုခဲ့သည်။—ဟေရှာယ ၃၈:၁-၅

ဘုရားသခင်​သည် အဆိုပါ​အခါသမယ​တွင် အဘယ်ကြောင့်​ကြားဝင် ဆောင်ရွက်​ပေး​ခဲ့​သနည်း။ ရာစုနှစ်များ​အစောပိုင်းက ဖြောင့်မတ်​သော​ဘုရင်​ဒါဝိဒ်​ကို ဘုရားသခင်​က “သင်၏​အမျိုးအနွယ်​နှင့်၊ သင်၏​နိုင်ငံ​သည် ငါ့​ရှေ့မှာ​အစဉ်အမြဲ​တည်​လိမ့်​မည်။ သင်၏​ရာဇ​ပလ္လင်​သည်လည်း အစဉ်အမြဲ​တည်​လိမ့်​မည်” ဟု​ကတိပြု​ခဲ့​သည်။ မေရှိယ​သည် ဒါဝိဒ်​၏​မျိုးနွယ်​မှ ဆင်းသက်လာ​မည်​ဟု​လည်း ဘုရားသခင်​ဖော်ပြ​ခဲ့​သည်။ (၂ ဓမ္မ​ရာဇဝင် ၇:၁၆; ဆာလံ ၈၉:၂၀၊ ၂၆-၂၉; ဟေရှာယ ၁၁:၁) ဟေဇကိ​ဖျားနာ​ချိန်​တွင် သူ၌ သား​မရှိ​သေး​ချေ။ ထို့​ကြောင့် ဒါဝိဒ်​မင်းဆက် ပြတ်​သွား​မည့်​အန္တရာယ်​ရှိ​နေသည်။ ဟေဇကိ​ကိစ္စ​တွင် ဘုရားသခင့်​ကြားဝင်​ပေး​မှု​က မေရှိယ​ပေါ်ထွန်း​မည့်​မျိုးနွယ်​အား ထိန်းသိမ်း​ပေး​သည့်​အထူး​ရည်ရွယ်ချက်ကို ဖြစ်မြောက်​စေ​ခဲ့​၏။

ယေဟောဝါ​သည် မိမိ၏​ကတိတော်​များ​ပြည့်စုံစေရန် ခရစ်ယာန်​ခေတ်​မတိုင်မီ​တစ်လျှောက်​တွင် မိမိ၏​လူမျိုးတော်​အတွက် မကြာခဏ​ကြားဝင် ဆောင်ရွက်​ပေး​ခဲ့​သည်။ အီဂျစ်​ပြည်​တွင် ကျွန်ခံ​ရသော​ဘဝ​မှ ဣသရေလ​လူမျိုး လွတ်မြောက်​လာ​ခြင်း​နှင့်​စပ်လျဉ်း၍ မောရှေ ဤသို့​အတိအလင်း​ပြော​ခဲ့​သည်– “ထာဝရ​ဘုရား​သည် သင့်ကို​ချစ်သော​ကြောင့်​လည်းကောင်း၊ သင်၏​ဘိုးဘေး​တို့အား ကျိန်ဆို​တော်​မူ​သော အ​ကျိန်​ကို​မ​ဖျက်​လို​သောကြောင့်​လည်းကောင်း . . . အား​ကြီးသော​လက်တော်​နှင့် သင့်ကို​ရွေးနုတ်​ဆောင်ယူ​ခဲ့​တော်​မူ​ပြီ။”—တရားဟောရာ ၇:၈

ပထမ​ရာစု​တွင်​လည်း ဘုရားသခင့်​ကြားဝင်​မှု​သည် ကိုယ်တော်​၏​ရည်ရွယ်ချက်များ​ကို ပြည့်စုံ​စေ​ခဲ့​သည်။ သာဓက​အနေ​နှင့် ရှောလု​အမည်​ရှိသူ ဂျူး​တစ်ဦး​သည် ဒမာသက်​မြို့​သို့​အသွား လမ်း​တွင် အံ့ဖွယ်​အဆင်းအာရုံ​တစ်ခု​ကို ရရှိခဲ့သည်၊ ခရစ်တော်​၏​တပည့်​များ​ကို နှိပ်စက်​ညှဉ်းဆဲခြင်း​မှ သူ​ရပ်တန့်​သွား​စေဖို့​ဖြစ်၏။ တမန်​တော်​ပေါလု​ဖြစ်လာ​သူ၏ ဘာသာ​ပြောင်းလဲခြင်း​သည် လူမျိုးခြား​တို့​ထံ သတင်းကောင်း​ပျံ့နှံ့​သွား​ရန် အလွန်​အရေးပါ​ခဲ့​သည်။—တမန်​တော် ၉:၁-၁၆; ရောမ ၁၁:၁၃

ကြားဝင်​ခြင်း ဖြစ်ရိုးဖြစ်စဉ်​လော

ဘုရားသခင့်​ကြားဝင်​မှု​သည် ထုံး​နည်း​အတိုင်း​လော၊ ဖြစ်ရိုးဖြစ်စဉ်​နှင့် ကွဲလွဲ​သည့်​အရာ​လော။ သမ္မာကျမ်းစာ​က ယင်းသည် ဖြစ်ရိုးဖြစ်စဉ်​မဟုတ်​ကြောင်း အတိအလင်း​ဖော်ပြ​သည်။ ဘုရားသခင်​သည် ဟေဗြဲ​လူငယ်​သုံးဦး​ကို မီးဖို​ထဲ ကွပ်မျက်​ခံရ​ခြင်း​မှ၊ ပရောဖက်​ဒံယေလ​ကို ခြင်္သေ့​တွင်း​ထဲ​မှ ကယ်လွှတ်​ခဲ့​သော်လည်း အခြားသော​ပရောဖက်​များ​ကို သေခြင်း​မှ မကာကွယ်​ပေး​ခဲ့​ပါ။ (၂ ရာဇဝင်ချုပ် ၂၄:၂၀၊ ၂၁; ဒံယေလ ၃:၂၁-၂၇; ၆:၁၆-၂၂; ဟေဗြဲ ၁၁:၃၇) ပေတရု​သည် ဟေရုဒ်အဂြိပ္ပ ၁ အကျဉ်း​ချထား​သော​ထောင်​ထဲ​မှ အံ့ဖွယ်​နည်းဖြင့် လွတ်မြောက်​ခဲ့​သည်။ သို့​တိုင် အဆိုပါ​မင်းကြီး​က တမန်​တော်​ယာကုပ်​ကို သေဒဏ်​ပေး​ခဲ့​ရာ ၎င်း​ရာဇဝတ်မှု​ကို တားဆီး​ဖို့ ဘုရားသခင်​ကြားဝင် ဆောင်ရွက်​မပေးခဲ့​ချေ။ (တမန်​တော် ၁၂:၁-၁၁) ဘုရားသခင်​သည် လူနာများ​ကို​ကုသ​ရန်​နှင့် သေလွန်သူ​များ​ကို ထမြောက်​စေရန်​ပင် တမန်​တော်​များ​ကို တန်ခိုး​ပေးသနား​သော်လည်း တမန်​တော်​ပေါလု​ကို ဖိစီး​နေသော ရောဂါ​ဝေဒနာ​တစ်မျိုး​ဖြစ်​ကောင်း​ဖြစ်​မည့် “ကိုယ်​၌​စူးသော​ဆူး​ကို” ဖယ်ရှား​ရန် ကိုယ်တော်​သဘောမတူ​ခဲ့​ပါ။—၂ ကောရိန္သု ၁၂:၇-၉; တမန်​တော် ၉:၃၂-၄၁; ၁ ကောရိန္သု ၁၂:၂၈

ရောမ​ဧကရာဇ်​နီရို​က ခရစ်တော်​၏​တပည့်​များ​အပေါ် နှိပ်စက်​ညှဉ်းပန်းမှု​လှိုင်းလုံး​ကြီး ကျရောက်​စေခြင်း​ကို ဘုရားသခင် ကြား​ဝင်၍​မတားဆီး​ပေး​ခဲ့​ချေ။ ခရစ်ယာန်​များသည် အပြင်းအထန်​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရ၊ အရှင်လတ်လတ်​မီးရှို့​ခံ​ခဲ့​ရပြီး သားရဲတိရစ္ဆာန်​များ​အစာ​ဖြစ်​ခဲ့​ကြ​ရသည်။ သို့သော် ဤ​အတိုက်အခံပြု​မှု​က အစောပိုင်း​ခရစ်ယာန်​များ​ကို အံ့အား​မသင့်​စေ​ခဲ့​သည်​နည်းတူ ဘုရားသခင်​တည်ရှိ​ကြောင်း သူတို့၏​ယုံကြည်မှုကို​လည်း လုံးဝ​အားမနည်း​စေ​ခဲ့​ချေ။ အမှန်​မှာ မိမိ၏​တပည့်​များသည် တရားရုံး​များ​ရှေ့ ရောက်မည်​ဖြစ်​ကြောင်း၊ မိမိတို့​ယုံကြည်ခြင်း​အတွက် ဆင်းရဲ​ဝေဒနာ​ခံရ​ပြီး သေ​ဖို့​ပင် အသင့်ရှိ​သင့်​ကြောင်း ယေရှု​သတိပေး​ခဲ့​သည်။—မဿဲ ၁၀:၁၇-၂၂

ဘုရားသခင်​သည် အတိတ်​က​ပြုလုပ်​ခဲ့​သည့်​နည်းတူ ယနေ့ မိမိ၏​ကျေးကျွန်​များ​ကို အန္တရာယ်​ရှိသည့်​အခြေအနေ​များ​မှ အမှန်​ကယ်လွှတ်​နိုင်​ပါ​သည်၊ မိမိတို့ကို ကိုယ်တော်​ကာကွယ်​ပေး​ခဲ့​သည်​ဟု ယူမှတ်​သူများကို ဝေဖန်​အကဲဖြတ်​စ​ရာ​မဟုတ်ပါ။ သို့သော် အဆိုပါ​ကိစ္စ​များ​တွင် ဘုရားသခင်​ကြားဝင်​ခဲ့၊ မဝင်​ခဲ့​ဆို​သည်ကို အခိုင်အမာ​ပြော​ဖို့​ခက်​သည်။ တူ​လူ့​စ်​မြို့​ပေါက်ကွဲ​မှု​တွင် ယေဟောဝါ​၏​တည်ကြည်သော​ကျေးကျွန် အတော်များများ ဒဏ်ရာ​ရခဲ့​ကြ​ရ၏၊ ထောင်နှင့်ချီ​သော​သစ္စာရှိ​ခရစ်ယာန်​များသည် နာဇီ​နှင့် ကွန်မြူနစ်​စခန်း​များ​တွင် သို့​မဟုတ် အခြား​ကြေကွဲဖွယ်​ဖြစ်ရပ်​များ​ကြောင့် သေဆုံး​ခဲ့​ရာ​တွင် ဘုရားသခင်​၏ ကြားဝင်​ကာကွယ်​မှု​မခံခဲ့​ရ​ချေ။ ဘုရားသခင်​သည် မျက်နှာသာ​ရသူ​အားလုံး​အတွက် အဘယ်ကြောင့် စနစ်တကျ​ကြားဝင်​ဆောင်ရွက်​မပေး​သနည်း။—ဒံယေလ ၃:၁၇၊ ၁၈

‘အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှု’

ရုတ်တရက်​ကပ်​ဆိုက်​သောအခါ မည်သူ​မဆို​ဘေးဒဏ်​ခံရ​နိုင်​ဖွယ်​ရှိ၏၊ ဘုရားသခင်​အပေါ် တည်ကြည်မှု​ရှိ​ခြင်း​နှင့် မဆိုင်​ပါ။ တူ​လူ့​စ်​မြို့ ပေါက်ကွဲ​မှု​တွင် အပြစ်မဲ့​သူ လူ ၃၀ သေဆုံး​ခဲ့​ပြီး ရာ​နှင့်​ချီ​ဒဏ်ရာ​ရခဲ့​သော်လည်း အလဲ​န်း​နှင့် လေး​လီယံ​တို့​လွတ်မြောက်​ခဲ့​ကြသည်။ ထို​ထက်မက လူပေါင်း ထောင်သောင်း​ချီ​၍ ရာဇဝတ်မှု​ဒဏ်၊ မဆင်မခြင်​မောင်းနှင်မှု​ဒဏ် သို့​မဟုတ် စစ်​ဘေးဒဏ်​များ​ကို​ခံရ​ကြ​၏၊ ဤသူတို့​၏​အကြောင်း​မလှ​မှု​သည် ဘုရားသခင်​ကြောင့်​ဟု မဆို​နိုင်​ပါ။ ခပ်သိမ်း​သော​သူတို့၌ ‘အချိန်​နှင့်​ကြိုတင်​မမြင်​ရသော​ဖြစ်ပျက်​မှုများ ဖြစ်တတ်​၏’ ဟု​သမ္မာကျမ်းစာ​က သတိပေး​ထား​ပါ​သည်။—ဒေ. ၉:၁၁က​ဘ။

ထို့​အပြင် ဖျားနာခြင်း၊ အသက်​ကြီးရင့်​လာ​ခြင်း​နှင့် သေခြင်း​တို့ကို လူ​တို့​ကြုံတွေ့​ကြ​ရသည်။ ဘုရားသခင်​သည် မိမိတို့​အသက်ကို အံ့ဖွယ်​နည်းဖြင့်​ကယ်​ခဲ့​သည်​ဟု ယူဆ​သူများ၊ မမျှော်လင့်​ဘဲ ပြန်​ကျန်းမာ​လာ​ခြင်း​သည် ကိုယ်တော့်​ကြောင့်​ဟု ယူမှတ်​သူများ​ပင် နောက်ဆုံး​တွင် သေရ​ကြသည်။ ဖျားနာခြင်း​နှင့် သေခြင်း​မရှိ၊ လူတို့၏​မျက်စိ​မှ ‘မျက်ရည်​ရှိသမျှကို သုတ်​တော်​မူ’ မည့်​အချိန်​သည် အနာဂတ်​တွင်​ဖြစ်၏။—ဗျာ. ၂၁:၁-၄

ထိုသို့​ဖြစ်ပျက်​ရန် တစ်ခါတစ်ရံ ကြားဝင်​ဆောင်ရွက်​ပေးခြင်း​ထက် သာ၍​ကြီးမား​ကျယ်ပြန့်​သော ကြားဝင်​ဆောင်ရွက်မှု​လိုအပ်​သည်။ သမ္မာကျမ်းစာ​က ‘ယေဟောဝါ​၏​နေ့ကြီး’ အကြောင်း ဖော်ပြ​သည်။ (ဇေဖနိ ၁:၁၄က​ဘ) ကြီးမား​ကျယ်ပြန့်​သော ဤ​ကြားဝင်​ဆောင်ရွက်မှု​တွင် ဘုရားသခင်​သည် ဆိုးသွမ်းမှု​ဟူသ၍​ကို ဖယ်ရှားပစ်​မည်။ လူအပေါင်း​သည် စုံလင်သော​အခြေအနေ​များ​အောက် ထာဝစဉ်​အသက်ရှင်ဖို့ အခွင့်အလမ်း​ရရှိကြ​ပါ​လိမ့်​မည်၊ ထို​အခါ “အရင်​ဖြစ်​ဖူး​သော​အရာများ​ကို​သတိမရ၊ မှတ်မိ​တော့​မည်​မဟုတ်။” (ဟေရှာယ ၆၅:၁၇သမ္မာ) သေလွန်သူ​များ​ပင် အသက်ပြန်ရှင်​လာ​ကြ​မည်​ဖြစ်​ရာ လူတို့၏ အကြီးမားဆုံး​ဝမ်းနည်းပူဆွေးမှု​မရှိတော့ဘဲ ပြောင်းပြန်​အခြေအနေ​သာ ရှိလာ​ပါ​လိမ့်​မည်။ (ယောဟန် ၅:၂၈၊ ၂၉) ထို​အခါ ဘုရားသခင်​၏ အဆုံးမဲ့​မေတ္တာ​နှင့် ကောင်းမြတ်​ခြင်း​တို့​ကြောင့် လူ့​ပြဿနာ​များ​အားလုံး အပြီးသတ် ဖြေရှင်း​ပေး​ပြီး​သား ဖြစ်ပါ​လိမ့်​မည်။

ယနေ့ ဘုရားသခင်​ကြားဝင်​ဆောင်ရွက်​ပုံ

သို့သော် ဤသို့​ဆို​သောကြောင့် ဖန်ဆင်း​ခံရ​သူများ ဝေဒနာ​ခံစား​နေရ​ခြင်း​ကို လောလောဆယ်​အချိန်တွင် ဘုရားသခင်​လက်ပိုက်​ကြည့်​နေသည်​ဟု မဆိုလို​ပါ။ ယနေ့ လူမျိုး​မရွေး၊ လူမှုရေး​နောက်ခံ​မရွေး လူအပေါင်း ဘုရားသခင်​ကို သိကျွမ်း​လာပြီး ကိုယ်တော်​နှင့် နှစ်ကိုယ်ကြား​ဆက်ဆံ​ရေး​ရှိ​နိုင်​ကြဖို့ အခွင့်အလမ်း​ကို ကိုယ်တော်​ကမ်း​လှမ်းနေ​တော်​မူ​၏။ (၁ တိမောသေ ၂:၃၊ ၄) ၎င်း​အစီအစဉ်ကို ယေရှု​ဤသို့​ထုတ်ဖော်​ပြောဆို​ခဲ့​သည်– “ငါ့ကို​စေလွှတ်​တော်​မူ​သော ခမည်းတော်​သည် သွေးဆောင်​တော်​မ​မူလျှင်၊ အဘယ်သူမျှ ငါ့​ထံ​သို့​မလာ​နိုင်။” (ယောဟန် ၆:၄၄) ဘုရားသခင်​သည် စိတ်​ရိုး​ဖြောင့်​သူတို့ကို ကိုယ်တော်​၏​ကျေးကျွန်​များ ကမ္ဘာ​တစ်ဝန်း​တွင်​ကြေညာ​နေသော နိုင်ငံတော်​သတင်း​အားဖြင့် သွေးဆောင်​တော်​မူ​၏။

ထို့​ပြင် ဘုရားသခင့်​လမ်းပြမှု ခံယူ​လို​သူတို့ကို ကိုယ်တော်တိုင် လမ်းညွှန်​ပေး​တော်​မူ​၏။ ဘုရားသခင်​သည် သန့်ရှင်းသော​ဝိညာဉ်​တော်​အားဖြင့် အလိုတော်ကို​နားလည်စေ​ပြီး ကိုယ်တော်​တောင်းဆိုရာ​တို့ကို လက်တွေ့​ကျင့်သုံး​နိုင်​ကြ​စေရန် ‘သူတို့၏​စိတ်နှလုံး​ကို​ဖွင့်ပေး’ လျက်​ရှိသည်။ (တမန်​တော် ၁၆:၁၄) ဘုရားသခင်​သည် ကိုယ်တော့်​ကိုလည်း​ကောင်း၊ ကိုယ်တော်​၏​နှုတ်မြွက်​စကားတော်​နှင့် ကိုယ်တော်​၏​ရည်ရွယ်ချက်များ​ကိုလည်း​ကောင်း သိရှိ​ခွင့်​ပေးခြင်း​အားဖြင့် ကျွန်ုပ်​တို့​တစ်ယောက်စီ​ကို မေတ္တာပါပါ စိတ်ဝင်စား​ကြောင်း သက်သေပြ​တော်​မူ​၏။—ယောဟန် ၁၇:၃

နောက်ဆုံး​အနေ​ဖြင့် ဘုရားသခင်​သည် မျက်မှောက်ခေတ်တွင် မိမိ၏​ကျေးကျွန်​များ​ကို အံ့ဖွယ်​နည်းဖြင့်​လွတ်မြောက်​စေ​သည်မဟုတ်​ဘဲ သူတို့​ကြုံတွေ့​နေကြ​ရသော မည်သည့်​အခြေအနေ​မျိုးကို​မဆို ခံရပ်​နိုင်​ဖို့ သန့်ရှင်းသော​ဝိညာဉ်​တော်​နှင့် ‘သာမန်​ထက်​ထူးကဲ​သော တန်ခိုးတော်’ ကို​ပေးခြင်း​ဖြင့် ထောက်မ​တော်​မူ​၏။ (၂ ကောရိန္သု ၄:၇က​ဘ) တမန်​တော်​ပေါလု​က “ငါ့ကို​ခွန်အား​နှင့် ပြည့်စုံ​စေတော်မူ​သော​အရှင် [ယေဟောဝါ​ဘုရားသခင်] အားဖြင့် ခပ်သိမ်း​သော​အမှုကို ငါ​တတ်စွမ်း​နိုင်၏” ဟု​ရေးသားခဲ့​သည်။—ဖိလိပ္ပိ ၄:၁၃သမ္မာ။

ထို့​ကြောင့် ကျွန်ုပ်​တို့သည် အသက်ရှင်​ရသည့်​အတွက်၊ ဆင်းရဲခြင်း​ဝေဒနာ​ကင်း​သည့် ကမ္ဘာ​တွင် ထာဝစဉ်​အသက်ရှင်ဖို့​မျှော်လင့်ချက် ကမ်း​လှမ်းပေး​သည့်​အတွက် ဘုရားသခင်​ကို နေ့စဉ်​ကျေးဇူး​တင်စရာ​အကြောင်း များစွာ​ရှိသည်။ “ငါ​၌ ထာဝရ​ဘုရား​ပြု​တော်​မူ​သော ကျေးဇူး​အလုံးစုံ​တို့ကို အဘယ်​သို့​ဆပ်​ရမည်​နည်း” ဟု​ဆာလံဆရာ​မေးခဲ့သည်။ “ကယ်တင်ခြင်း​ခွက်ဖလား​ကို​ကိုင်​ယူ၍ ထာဝရ​ဘုရား​၏​နာမတော်​ကို [ဆုတောင်း] မည်။” (ဆာလံ ၁၁၆:၁၂၊ ၁၃) ဤ​မဂ္ဂဇင်း​ကို မှန်မှန်​ဖတ်ရှုခြင်း​က ဘုရားသခင်​ပြုလုပ်​ခဲ့​သည့်​အရာများ၊ ပြုလုပ်​နေသော​အရာများ​နှင့် ပြုလုပ်​ပေး​မည့်​အရာ​တို့ကို သင့်​အား သိ​နားလည်စေ​မည်​ဖြစ်​ပြီး လောလောဆယ်​ပင် သင်​ပျော်ရွှင်​နိုင်​မည်​ဖြစ်၍ အနာဂတ်​အတွက် ခိုင်ခံ့​သော​မျှော်လင့်ချက် ရှိစေ​နိုင်​ပါ​လိမ့်​မည်။—၁ တိမောသေ ၄:၈

[စာမျက်နှာ ၆ ပါ အကျဉ်း​ဖော်ပြချက်]

“အရင်​ဖြစ်​ဖူး​သော​အရာများ​ကို သတိမရ၊ မှတ်မိ​တော့​မည် မဟုတ်။”—ဟေရှာယ ၆၅:၁၇၊ သမ္မာ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ကျမ်းစာ​ခေတ်တွင် ကျောက်ခဲ​နှင့် ဇာခရိ​အား ပေါက်သတ်​ခြင်း​ကို ယေဟောဝါ​မတားဆီး​ခဲ့ . . .

အပြစ်မဲ့​သူများကို ဟေရုဒ်​သိမ်း​ရုံး​သတ်ဖြတ်​ခြင်း​ကိုလည်း မတားဆီး​ခဲ့

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ဆင်းရဲခြင်း​ဝေဒနာ မရှိတော့​မည့်​အချိန် ရောက်လု​နီးပြီ; သေလွန်သူ​များ​ပင် ပြန်ရှင်​လာ​ကြလိမ့်မည်