မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မေးခွန်းများစွာ စိတ်ကျေနပ်ဖွယ်အဖြေ နည်းလှ

မေးခွန်းများစွာ စိတ်ကျေနပ်ဖွယ်အဖြေ နည်းလှ

မေးခွန်း​များစွာ စိတ်​ကျေနပ်ဖွယ်​အဖြေ နည်း​လှ

၁၇၅၅၊ နိုဝင်ဘာ ၁ ရက်၊ သူတော်စင်​များ​နေ့ နံနက်ပိုင်း​တွင် မြို့သူ​မြို့သား​အများစု ချာ့ခ်ျ​တက်​နေချိန်​၌ လ​စ္စ​ဘ​န်​မြို့တွင် အင်အား​ပြင်းထန်သော ငလျင်​ဘေး ဆိုက်ရောက်​ခဲ့​သည်။ ထောင်နှင့်ချီ​သော အဆောက်အအုံ​များ​ပြိုကျ​ပြီး လူ​ထောင်သောင်း​ချီ​၍ သေဆုံး​ခဲ့​သည်။

ထို​အဖြစ်ဆိုး​ဖြစ်​ပြီး မကြာမီ ပိုး​အဲ​မ် စူး​လ ဒီ​ဇာ​စ​တာ ဒ​လိ​ဇ်​ဘ​န် (လ​စ္စ​ဘ​န်​မြို့​ကပ်​ဆိုက်​ခြင်း​ကဗျာ) တစ်ပုဒ်​ကို ပြင်သစ်​စာရေး​ဆရာ ဗော်လ်​တဲ​ယား​က ရေးသား​ထုတ်ဝေ​ခဲ့​ပြီး ထို​တွင် သူက ၎င်း​ကပ်ဘေး​သည် လူတို့၏​အပြစ်ကို ဘုရားသခင်​ဒဏ်ခတ်​ခြင်း​ဖြစ်၏ ဟူသော​အဆိုကို ငြင်းပယ်​ခဲ့​သည်။ အဆိုပါ​ကပ်ဘေး​များသည် လူ့​ဉာဏ်မမီ​နိုင်သော သို့​မဟုတ် မရှင်းပြ​နိုင်သော​ဖြစ်ရပ်​များ​ဖြစ်သည်ဟု ဗော်လ်​တဲ​ယား​က​ဆို​၍ ဤသို့​ရေးသားခဲ့​သည်–

သဘာဝ​က အသံ​မပြု၊ မေးမြန်း၍​မရ;

လူ​တို့အား အသံပြု​ပြောဆို​မည့်​ဘုရားသခင်​တစ်ပါး ကျွန်ုပ်​တို့​လိုအပ်​နေသည်။

မှန်ပါသည်၊ ဗော်လ်​တဲ​ယား​သည် ဘုရားသခင်​နှင့်​ပတ်သက်​၍ မေးခွန်းများ​မေး​သူတို့တွင် ပထမဦးဆုံး​မဟုတ်ပေ။ လူ့​သမိုင်း​တစ်လျှောက် ကြေကွဲဖွယ်​ဖြစ်ရပ်​များနှင့် ကပ်​ဆိုက်​မှုများ​ကြောင့် လူ​တို့​စိတ်​တွင် မေးခွန်းများ​ပေါ်ပေါက်​ခဲ့ပြီ။ လွန်ခဲ့သော​နှစ်​ထောင်ချီ​အချိန်​က သားသမီး​အားလုံး ဆုံးပါး​ပြီး​ခါ​စ​တွင် အနာ​ရောဂါဆိုး​ကို မချိမဆံ့​ခံစား​ခဲ့​ရသူ ဘိုးဘေး​ယောဘ​က ဤသို့​မေးမြန်းခဲ့​သည်– “[ဘုရားသခင်​သည်] . . . ဆင်းရဲခံ​ရသော​သူအား အဘယ်ကြောင့်​အလင်း​ကို​ပေး​သနည်း။ စိတ်နှလုံး​ခါး​သော​သူအား အဘယ်ကြောင့်​အသက်ကို​ပေး​သနည်း။” (ယောဘ ၃:၂၀) ယနေ့၊ ဆင်းရဲခြင်း​ဝေဒနာ​နှင့် မတရားမှု ဤမျှ​များပြားနေ​သည်ကို ကောင်းမြတ်​သည့် မေတ္တာရှင်​ဘုရားသခင်​သည် မည်သို့​လျစ်လျူရှု​နေနိုင်​ကြောင်း သိ​လို​သူ များစွာ​ရှိ၏။

အစာ​ခေါင်းပါး​ခြင်း၊ စစ်၊ ဖျားနာ​မှု​နှင့် သေခြင်း​တို့ကို ကိုယ်တွေ့​ကြုံ​ရသောအခါ လူကို ဂရုစိုက်သော​ဖန်ဆင်း​ရှင်​တစ်ပါး​ရှိသည် ဟူသော​အယူအဆကို လုံးလုံး​ငြင်းပယ်​သူ များ​၏။ ဘုရားသခင်​မဲ့​ဝါဒီ​အတွေးအခေါ်​ပညာရှင်​တစ်ဦး​က ဤသို့​ဆို​ခဲ့​သည်– “ကလေး​တစ်ဦး​ကို ဝေဒနာ​ခံစား​စေသည့်​အတွက် ဘုရားသခင်​ကို ခွင့်လွှတ်​နိုင်​စ​ရာ​အကြောင်း​မရှိ၊ . . . ဘုရား​သခင်မ​ရှိ၍​သာ ထိုသို့​ဖြစ်​ရမည်။” ဒုတိယ​ကမ္ဘာ​စစ်​အတွင်း မီးလောင်​တိုက်​သွင်း​ခြင်း​ကဲ့သို့​သော ဝမ်းနည်းဖွယ်​ဖြစ်ရပ်ဆိုး​ကြီး​များ​က​လည်း အလားတူ​ကောက်ချက်​ချ​စေ​သည်။ သတင်း​လွှာ​တစ်ခု​၌​ပါ​သော ဂျူး​စာရေး​ဆရာ​တစ်ဦး၏ ဤ​သုံးသပ်ချက်​ကို​ဂရုပြုပါ– “အောက်​ရှ​ဝိဇ်​ချွေး​တပ်​စခန်း​ကို အရိုးရှင်းဆုံး ရှင်းလင်း​ဖော်ပြ​ရ​လျှင် လူ့​ကိစ္စရပ်​များ​တွင် ကြားဝင်​ဆောင်ရွက်​ပေး​မည့် ဘုရား​သခင်မ​ရှိ၍​သာ​ဖြစ်သည်။” ၁၉၉၇ ခုနှစ်​တွင် ချာ့ခ်ျ​စိုးမိုး​သော ပြင်သစ်​နိုင်ငံ​၌​ပြုလုပ်​ခဲ့​သည့် ဆန်းစစ်​လေ့လာချက်​တစ်ခု​အရ၊ ၁၉၉၄ ခုနှစ်​၌ ရဝမ်ဒါ​နိုင်ငံ​တွင်​ကဲ့သို့ အမျိုး​ဖြုတ်​သတ်ဖြတ်မှု​များ ဖြစ်ပျက်​ခဲ့​ခြင်း​ကြောင့် ဘုရားသခင်​တည်ရှိခြင်း​ကို သံသယဝင်​သူ ၄၀ ရာခိုင်နှုန်း​ခန့်​ရှိ၏။

ယုံကြည်​ရန် အတားအဆီး​တစ်ခု​လော

ဘုရားသခင်​သည် ဆိုးဝါး​သော​ဖြစ်ရပ်​များ မဖြစ်ရ​လေ​အောင် အဘယ်ကြောင့် ကြားဝင်​ဆောင်ရွက်ခြင်း​မပြု​သနည်း။ ဤ​မေးခွန်း​သည် လူများစွာ​အတွက် “ယုံကြည်​ရန် တကယ့်​အတားအဆီး​တစ်ခု” ဖြစ်သည်ဟု ကက်သလစ်​ရာဇဝင်​ရေးသားသူ​တစ်ဦး​က​ဆို​၏။ သူက “အပြစ်မဲ့​သူ သန်းပေါင်း​များစွာ သေဆုံး​၍ ကမ္ဘာ့​လူထု သိမ်း​ရုံး​သတ်ဖြတ်​ခံရ​စဉ် လက်ပိုက်​ကြည့်​နေပြီး တားဆီးခြင်း​မပြု​သည့် ဘုရားသခင်​ကို အမှန်​ယုံကြည်​နိုင်​ပါ​မည်​လော” ဟု​မေးခွန်းထုတ်​သည်။

ကက်သလစ်​သတင်းစာ လာ​ခ​ဝါး​၏ အယ်ဒီတာ​အာဘော်​က​လည်း အလားတူ​ကောက်ချက်​ချ​သည်– “အတိတ်​မှ ဝမ်းနည်းဖွယ်​ဖြစ်ရပ်​များ​ဖြစ်စေ၊ နည်း​ပညာ​ဆိုင်ရာ​တိုးတက်မှု​ကြောင့် ဖြစ်ပေါ်​လာသော​ဖြစ်ရပ်​များ​ဖြစ်စေ၊ သဘာဝဘေးဒဏ်​များ​ဖြစ်စေ၊ ရာဇဝတ်ဂိုဏ်း​များ​ဖြစ်စေ၊ ချစ်ရသူ​တစ်ဦး​သေဆုံး​ခြင်း​ပင်​ဖြစ်စေ၊ ဤ​ဖြစ်ရပ်​တစ်ခုစီ​တွင် ထိတ်လန့်​သော​မျက်လုံး​များ​က ကောင်းကင်​ကို​မော့ကြည့်​ကြသည်။ ဘုရားသခင် အဘယ်​မှာ​ရှိ​သနည်း။ သူတို့ အဖြေ​လိုချင်​နေကြ​သည်။ ကိုယ်တော်​သည် လျစ်လျူရှု​တတ်သော၊ ဂရုမစိုက်​တတ်သော ပုဂ္ဂိုလ်​ကြီး မဟုတ်ပေ​လော။”

၁၉၈၄ ခုနှစ်​က ပုပ်​ရဟန်း​မင်း​၏​စဲလ်ဗီဗစ်ကီ ဒို​လ​ရီး​စ်​ဟူသော စာ​တွင် ပုပ်ဂျွန်ပေါလ် ၂ က ထို​ကိစ္စ​ကို​ဖြေရှင်း​ခဲ့​သည်။ သူ​ဤသို့​ရေးခဲ့​သည်– “ဤ​လောက​တည်ရှိခြင်း​က ဘုရားသခင့်​တည်ရှိမှု၊ ကိုယ်တော်​၏​ဉာဏ်ပညာ၊ တန်ခိုးတော်​နှင့် မြင့်မြတ်မှု​တို့ကို ပုံဆောင်​သဘော​အရ လူ​တို့အား သိမြင်​စေ​သော်လည်း ဆိုးသွမ်းမှု​နှင့် ဆင်းရဲခြင်း​ဝေဒနာ​များ​က အဆိုပါ​ဂုဏ်ရည်တော်​များ​ကို ဖုံးကွယ်​မှေးမှိန်​သွား​စေ​ပုံ​ရသည်၊ လွန်​စွာ​ပင် မှေးမှိန်​စေသော​အခါ​များလည်း​ရှိသည်၊ အထူးသဖြင့် နေ့စဉ်​ဖြစ်ပျက်​နေသော မဆီမဆိုင်​ခံရ​သည့်​အဖြစ်​များစွာ​နှင့် ထိုက်သင့်သော​ပြစ်ဒဏ်​မခံရ​သည့် ကျူးလွန်​မှုများ​စွာ​ကို မြင်တွေ့ရ​၍​ဖြစ်သည်။”

သမ္မာကျမ်းစာ​တွင်​ဖော်ပြ​ထားသော မေတ္တာတော်​ရှင် တန်ခိုး​အကြီးမားဆုံး​ဘုရားသခင် တည်ရှိခြင်း​သည် လူ့​ဆင်းရဲ​ဝေဒနာ​ပျံ့နှံ့​နေခြင်း​နှင့် ဆီလျော်​အပ်စပ်​ပါ​၏​လော။ ဘုရားသခင်​သည် တစ်ဦးချင်း​စီ၊ သို့​မဟုတ်​စုပေါင်း​ခံရ​သော​အဖြစ်ဆိုး​များ မဖြစ်စေ​ရန် ကြားဝင်​တားဆီး​ပေး​ပါသလော။ ယနေ့ ကျွန်ုပ်​တို့အတွက် ကိုယ်တော်​တစ်စုံတစ်ရာ လုပ်ဆောင်ပေး​ပါသလော။ ဤ​မေးခွန်းများကို​ဖြေဆို​ပေး​ရန် ဗော်လ်​တဲ​ယား​၏​စကား​အရ “လူ​တို့အား အသံပြု​ပြောဆို​မည့်​ဘုရားသခင်​တစ်ပါး” ရှိပါ​သလော။ အဖြေ​ရရှိရန် ကျေးဇူးပြု​၍ နောက်​ဆောင်းပါး​ကို​ဖတ်​ကြည့်​ပါ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

၁၇၅၅ ခုနှစ်​တွင် လ​စ္စ​ဘ​န်​မြို့​ပျက်စီးခြင်း​က အဆိုပါ​ဖြစ်ရပ်​များသည် လူ့​ဉာဏ်မမီ​နိုင်ရာ​များ ဖြစ်သည်ဟု​ပြောဆို​ရန် ဗော်လ်​တဲ​ယား​ကို လှုံ့ဆော်ပေး​ခဲ့

[Credit Lines]

Voltaire: From the book Great Men and Famous Women; Lisbon: J.P. Le Bas, Praç​a da Patriarcal depois do terramoto de 1755. Foto: Museu da Cidade/Lisboa

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ရဝမ်ဒါ​နိုင်ငံ​တွင်​ကဲ့သို့ အမျိုး​ဖြုတ်​သတ်ဖြတ်မှု​၏ ဝမ်းနည်းဖွယ်​အဖြစ်ဆိုး​များ​ကြောင့် ဘုရားသခင် တည်ရှိခြင်း​ကို သံသယဝင်​သူ များစွာ​ရှိ

[Credit Line]

AFP PHOTO

[Picture Credit Line on page 2]

COVER, children: USHMM, courtesy of Main Commission for the Prosecution of the Crimes against the Polish Nation