မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကို ထက်သန်တက်ကြွစေသော ဖြစ်ရပ်မှန်

ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကို ထက်သန်တက်ကြွစေသော ဖြစ်ရပ်မှန်

ယုံကြည်ခြင်း​နှင့် ရဲစွမ်းသတ္တိကို ထက်သန်​တက်ကြွ​စေသော ဖြစ်ရပ်မှန်

ယူကရိန်း​နိုင်ငံ​ရှိ ယေဟောဝါသက်သေ​များ

ပထမ​ရာစု​ခရစ်ယာန်​များ နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ရသည့်​နည်းတူ ဘုရားသခင်​၏ မျက်မှောက်ခေတ် လူမျိုးတော်သည်​လည်း နှိပ်စက်​ခံ​နေရ​ကြသည်။ (မဿဲ ၁၀:၂၂; ယောဟန် ၁၅:၂၀) ဘုရားသခင့်​နိုင်ငံတော်​သတင်း ဟောပြောခြင်း​လုပ်ငန်း​ကို ၅၂ နှစ်​တိုင် ပိတ်ပင်​ခံ​ခဲ့​ရသော ယူကရိန်း​နိုင်ငံ​ကဲ့သို့ ကြာရှည်​ဆင်းရဲခံ​ရသော၊ သို့​မဟုတ် သာ၍​ပြင်းထန်​စွာ နှိပ်စက်​ခံရ​သော​နိုင်ငံ မရှိသလောက်​ပင်။

ထို​နိုင်ငံ​ရှိ ဘုရားသခင့်​လူမျိုးတော်​၏ ဖြစ်ရပ်မှန်​ကို ၂၀၀၂ ယေဟောဝါသက်သေ​များ​၏ နှစ်ချုပ်​စာအုပ်​က ဖော်ပြ​သည်။ ဆင်းရဲ​ခက်ခဲ​ချိန်​တွင် ယုံကြည်ခြင်း၊ ရဲစွမ်းသတ္တိနှင့် ခံနိုင်ရည်​တင်ပြ​ခဲ့​သော အဖြစ်အပျက်​များ​ပင်​ဖြစ်သည်။ ယေဟောဝါသက်သေ​များ​၏ ယူကရိန်း​ဌာနခွဲရုံး​က ရရှိခဲ့​သော ကျေးဇူး​တင်​ချီးမွမ်း​စကား​အချို့​ကို အောက်တွင်​ဖော်ပြ​ထား​ပါ​သည်–

၂၀၀၂ နှစ်ချုပ်​စာအုပ်​ကို ကျွန်မ​ဖတ်​ပြီးပြီ။ ယူကရိန်း​နိုင်ငံ​မှာ သင်တို့​လုပ်ဆောင်ခဲ့တဲ့ အမှု​များ​အကြောင်း​ဖတ်​ရင်း ကျွန်မ​မျက်ရည် မထိန်းနိုင်​ခဲ့​ဘူး။ သင်တို့ရဲ့ ဇွဲ​နဲ့ ခိုင်ခံ့​တဲ့​ယုံကြည်ခြင်း​ကြောင့် ကျွန်မ ဘယ်လောက်​အားတက်​မိတယ်​ဆိုတာ​ကို သိစေချင်တယ်။ သင်တို့နဲ့​အတူ ဝိညာဉ်​ရေး​မိသားစု​တစ်ခု​တည်း​မှာ ပါဝင်​ရတဲ့​အတွက် ကျွန်မ​ဂုဏ်ယူမိ​တယ်။ သင်တို့ကို လှိုက်လှိုက်လှဲလှဲ​ကျေးဇူး​တင်​ပါ​တယ်!”—အန်ဒရေ၊ ပြင်သစ်။

၂၀၀၂ နှစ်ချုပ်​စာအုပ်​အတွက် သင်တို့နဲ့ ယေဟောဝါ​ကို ဘယ်လောက်​ကျေးဇူး​တင်​တယ်​ဆိုတာ စကား​နဲ့​ဖော်ပြ​နိုင်​မှာ​မဟုတ်ဘူး။ အရွယ်​ကောင်း​တဲ့​အချိန်​မှာ အကျဉ်းထောင်​တွေ၊ ချွေး​တပ်​စခန်း​တွေ​မှာ အကျဉ်း​ကျနေ​ကြ​ရတဲ့ ညီအစ်ကို​တွေ​ရဲ့ တွေ့ကြုံမှု​တွေ​ကို​ဖတ်​ရင်း ကျွန်မ​မျက်ရည်ကျ​မိတယ်။ သူတို့ရဲ့​သတ္တိ​ကို ကျွန်မ​ချီးကျူး​ပါ​တယ်။ ကျွန်မ​သက်သေခံ​ဖြစ်တာ ၂၇ နှစ်​ရှိနေပြီ​ဖြစ်​ပေမဲ့ အဲဒီ​ညီအစ်ကို၊ ညီအစ်မ​တွေ​ဆီကနေ သင်ယူစရာ​ရှိ​တုန်း​ပဲ။ ကောင်းကင်​ခမည်းတော်၊ ယေဟောဝါ​အပေါ် ကျွန်မ​ရဲ့​ယုံကြည်ခြင်းဟာ သူတို့​ကြောင့် ပို​ခိုင်ခံ့​လာခဲ့တယ်။”—ဗီရာ၊ ယခင်​ယူ​ဂို​စ​လား​ဗီး​ယား။

“အတိုက်အခံပြု​ခံရ​တဲ့​နှစ်တွေ​မှာ သင်တို့ဟာ ခံနိုင်ရည်​နဲ့ တည်ကြည်မှု​ရှိ​ရှိ ကောင်း​တဲ့​ပုံသက်သေ​ပြ​ခဲ့​တဲ့​အတွက် ဝမ်းသာ​အားရ စာရေး​လိုက်ပါ​တယ်။ ယေဟောဝါ​ကို သင်တို့ လုံးလုံးလျားလျား​ယုံကြည်​ကိုးစား​ပြီး ဆက်​တည်ကြည်​ဖို့ စိတ်ပိုင်းဖြတ်​ထား​တာ ဂုဏ်ယူ​စ​ရာ​ပဲ။ အဲဒီအပြင် စမ်းသပ်မှု​တွေ​ခံရ​ချိန်မှာ သင်တို့ရဲ့​စိတ်​နှိမ့်ချမှု​က မိမိရဲ့​လူမျိုးတော်ကို ယေဟောဝါ​စွန့်ပစ်​မထားဘူးဆို​တဲ့ ကျွန်မ​ရဲ့​ခံယူ​ချက်​ကို ပို​ပြီး​ခိုင်ခံ့​စေတယ်။ သင်တို့ရဲ့ ရဲစွမ်းသတ္တိ၊ တည်ကြည်​ခိုင်မာ​မှု​နဲ့ ဇွဲ​ရှိတဲ့​ပုံသက်သေ​ကောင်း​ကြောင့် ကျွန်မ​တို့​ရဲ့​ပြဿနာ အသေးအဖွဲ​လေး​တွေ​ကို ပို​ပြီး​တည်တည်ငြိမ်ငြိမ် လက်ခံနိုင်စရာ​အကြောင်း​ရှိတယ်။”—တူ​တေ​ရီ​ဟီ​အာ၊ ပြင်သစ်​ပိုင် ပေါ်လနီးရှား။

နှစ်ချုပ်​စာအုပ်​ကို​ဖတ်​ပြီး​တဲ့​နောက် သင်တို့​ထံ စာရေး​ချင်​လာတယ်။ အားရှိစရာ​တွေ့ကြုံမှု​တွေ​ကြောင့် ကျွန်မ​သိပ်​ကို​စိတ်ထိခိုက် လှုပ်ရှား​ခဲ့​ရတယ်။ အခန့်သင့်​အချိန်​မှာ ကျွန်မ​တို့ကို​ခွန်အား​ပေး​သူ၊ မေတ္တာရှင်၊ ထောက်ထား​စာနာ​တတ်​တဲ့​ခမည်းတော် ဦးဆောင်​နေတဲ့ ဒီလောက်​တည်ကြည်၊ စည်းလုံး​တဲ့​အဖွဲ့အစည်း​ဝင်​တစ်ဦး​ဖြစ်​ရတာကို ကျွန်မ​ဂုဏ်ယူမိ​တယ်။ ယေဟောဝါ​ရဲ့ ကျေးကျွန်​ကောင်း အတော်များများ ဝေဒနာ​ခံရ​ပြီး အသက်​တောင် ဆုံးရှုံး​ခဲ့​ကြ​ရတဲ့​အတွက် ကျွန်မ​ဝမ်းနည်း​လိုက်တာ။ ဒါပေမဲ့ သူတို့ရဲ့​သတ္တိ​နဲ့ စိတ်​ထက်သန်မှု​ကြောင့် လူ​အတော်များများ အမှန်တရားကို​သိရှိ​လာပြီး ကျွန်မ​တို့​ရဲ့​မေတ္တာရှင် ခမည်းတော်​ကို​သိကျွမ်း​လာ​ကြ​လို့ ကျွန်မ​ဝမ်းသာ​မိ​ပါ​တယ်။”—ကို​လက်​ထ်၊ နယ်သာလန်။

နှစ်ချုပ်​စာအုပ်​ထဲမှာ ယူကရိန်း​နိုင်ငံ​အကြောင်း​က ကျွန်တော်​တို့​ဇနီး​မောင်နှံရဲ့​စိတ်​ကို တကယ်​လှုပ်ရှား​စေ​ခဲ့​ကြောင်း ပြောပြ​ချင်​လို့ ကျွန်တော်​တို့ စာရေး​လိုက်တာပါ။ အခက်အခဲ​အကျပ်အတည်း​တွေ​ကို အကြီးအကျယ် ဒီလောက်​အကြာကြီး​ခံ​ခဲ့​ရတဲ့ အသင်​သစ္စာရှိ​ညီအစ်ကို​များ​ဟာ တကယ်​ထူးခြား​ထင်ရှား​တဲ့ ပုံသက်သေ​ပြ​ခဲ့​ကြတယ်။ နယပုံပြင် ၂၇:၁၁ ပါ​စကား​နဲ့​အညီ၊ ယူကရိန်း​နိုင်ငံ​က သစ္စာရှိ​ညီအစ်ကို​ဒီလောက်​များများ စာတန်​ရဲ့​ဆိုးသွမ်း​တဲ့လုပ်ရပ်တွေ​ကြား ဆက်​ပြီး​မယိမ်းမယိုင် တည်ကြည်​ခဲ့လို့ ယေဟောဝါ ဘယ်လောက်​ဝမ်းမြောက်​လိုက်မလဲ။”—အယ်​လဲ​န်၊ ဩစတြေးလျ။

“ယူကရိန်း​နိုင်ငံ​က ညီအစ်ကို​တွေ​အကြောင်း ဖတ်​လိုက်ရ​တဲ့​အခါ ကျွန်တော်​မျက်ရည်ဝဲ​လာတယ်။ သူတို့ ထောင်ဒဏ်၊ နှိပ်စက်​ညှဉ်းပန်းမှု၊ ဖိနှိပ်မှု​နဲ့ မိသားစု​ကွဲကွာ​ခြင်း​စတဲ့ စိတ်မချ​မ်း​သာ​စ​ရာ အတော်များများကို ခံ​ခဲ့​ကြရတယ်။ သင်တို့ရဲ့​အသင်းတော်​တွေ​မှာ အခုထိ အမှုထမ်း​နေကြ​ဆဲ​ဖြစ်​တဲ့ ညီ​အစ်​တွေ​ကို ကျွန်တော်​တကယ်​ချစ်တယ်၊ လေးစားတယ်​ဆိုတာ ပြောပြ​ချင်​တယ်။ သူတို့ရဲ့ ရဲစွမ်းသတ္တိ​နဲ့ တည်ကြည်​ခိုင်မာ​မှု​ကို ကျွန်တော်​တကယ် နှစ်သက်​သဘောကျ​တယ်။ ယေဟောဝါ​ရဲ့​ဝိညာဉ်​တော်​က သူတို့ကို ခွန်အား​ပေး​တယ်​ဆိုတာ ကျွန်တော်​သိတယ်။ ယေဟောဝါ​ဟာ ကျွန်တော်​တို့​အနီးအပါး​မှာ​ရှိပြီး ကျွန်တော်​တို့ကို တကယ်​ကူညီ​ချင်​တာ။”—စ​ယ်ရ်​ဂေ၊ ရုရှား။

၂၀၀၂ နှစ်ချုပ်​စာအုပ်​ကို​ဖတ်​ပြီး ကျွန်မ​ငို​မိတယ်။ ကျွန်မ​တို့​အသင်းတော်က ညီအစ်ကို​ညီအစ်မ အတော်များများ သင်တို့​အကြောင်း​ပြော​နေကြ​တယ်။ သင်တို့ဟာ တကယ်​အဖိုးတန်​တဲ့​သူတွေ​ပဲ။ ဒီလောက်​ကြီးမား​တဲ့​ဝိညာဉ်​ရေး​မိသားစုမှာ ပါဝင်​ရလို့ ကျွန်မ​ဝမ်းသာ​လိုက်တာ။”—ယွန်​ဟီ၊ တောင်ကိုရီးယား။

“ယေဟောဝါ​နဲ့ ကိုယ်တော်​ရဲ့​နိုင်ငံတော်​အပေါ် သင်တို့​ယုံကြည်ခြင်း၊ ခံနိုင်ရည်​နဲ့ မေတ္တာ​အပြည့်​ရှိတဲ့ သင်တို့ရဲ့​အကြောင်း​တွေ​က ကျွန်တော့်​ကို အကြီးအကျယ်​စိတ်​လှုပ်ရှား​စေ​ခဲ့တယ်။ ကျွန်တော်​တို့​ရထားတဲ့ လွတ်လပ်မှုနဲ့ ယေဟောဝါ​ပေးသနား​တဲ့ ဝိညာဉ်​အစာ​တွေ​ကို တစ်ခါ​တ​လေ ကျွန်တော်​တို့​တန်ဖိုး​မထား​မိ​ကြဘူး။ သင်တို့​ကျ​တော့ အဲဒီလို​မဟုတ်​ကြဘူး။ သင်တို့ရဲ့​ယုံကြည်ခြင်း​ပုံသက်သေ​က ကျွန်တော်​တို့ကို ဘာသိ​စေ​သလဲ​ဆိုတော့ ဘုရားသခင်​နဲ့ ရင်းနှီးတဲ့​ဆက်ဆံ​ရေး​ရှိမယ်ဆိုရင် ဘယ်လို​စမ်းသပ်မှု​မျိုးကို​ပဲ​ခံရ​ပါစေ ရင်ဆိုင်​ကျော်လွှား​နိုင်​ဖို့​ခွန်အား​ကို ကိုယ်တော်​ပေး​မယ်​ဆိုတာ​ပါ​ပဲ။”—ပေါ​လူး၊ ဘရာဇီး။

၂၀၀၂ နှစ်ချုပ်​စာအုပ်​ထဲမှာ သင်တို့ရဲ့​တွေ့ကြုံမှု​တွေ​ကို ကျွန်မ​ဖတ်​ခွင့်​ရခဲ့တယ်။ ကျွန်မ​ကို အကြီးအကျယ်​စိတ်​လှုပ်ရှား ထိမိ​စေ​ခဲ့တယ်၊ အထူးသဖြင့် ညီအစ်မ​လေ​ဒီ​ယာ ခဲ​ဒတ်​စ်​ရဲ့ ကြေကွဲဖွယ်​တွေ့ကြုံမှု​ပေါ့။ အဲဒီ​ညီအစ်မ​ကို ကျွန်မ​အရမ်း​ချစ်ခင်​မိတယ်။”—နီ​ဒ​ယေ၊ ကော့စ်တာရီကာ။

၂၀၀၂ နှစ်ချုပ်​စာအုပ်​ကို ဒီနေ့​ပဲ ကျွန်မ​ဖတ်​ပြီး​တယ်။ အဲဒီ​အကြောင်းကို ဖတ်နေ​တုန်း ယေဟောဝါ​အပေါ် ကျွန်မ​ရဲ့​ယုံကြည်ခြင်း ပို​ခိုင်ခံ့​လာတယ်။ ကျွန်မ​ဘယ်တော့မှ​မေ့​မှာ​မဟုတ်တဲ့ အကြောင်း​တစ်ခု​က​တော့ ဦးဆောင်​နေသူတွေကို သံသယစိတ်​ဝင်လာတဲ့​အကြောင်း​ပဲ။ အဲဒီ​အကြောင်း​က ဦးဆောင်​နေတဲ့​ညီအစ်ကို​တွေ​ကို ဘယ်တော့မှ​သံသယ​မရှိဖို့ ကျွန်မ​ကို​သွန်သင်​ပေး​ခဲ့တယ်။ သင်တို့ကို ကျေးဇူး​အများကြီး​တင်​ပါ​တယ်! ဒီ​ဝိညာဉ်​အစာ​ဟာ အားရှိစရာ​ဖြစ်​ပြီး ယုံကြည်ခြင်း​စမ်းသပ်ခံ​ရမယ့်​အချိန်​အတွက် ကျွန်မ​တို့ကို အသင့်ပြင်​ဆင်​ပေး​တယ်။”—လက်တီ​ရှ​ယေ၊ ယူနိုက်တက်​စ​တိတ်။

“အထူး​ဖတ်​၍​ကောင်းသော နှစ်ချုပ်​စာအုပ်​အတွက် ကျေးဇူး​တင်​ပါ​သည်။ ကြေညာသူ​အများ​သည် ယူကရိန်း​နိုင်ငံ​မှ ကျွန်ုပ်​တို့၏​ညီအစ်ကို​များ​၏ လုပ်ငန်း​အကြောင်း ဦးဆုံး​အကြိမ် ဖတ်ရှု​ခဲ့​ရ​ကြသည်။ အသင်းတော်​မှ​ညီအစ်ကို​များ အလွန်​အားရှိ​လာ​ခဲ့​ကြသည်။ အတော်များများ၊ အထူးသဖြင့် လူငယ်များသည် အမှုဆောင်​လုပ်ငန်း​တွင် တိုး၍​ပါဝင်​ခဲ့​ကြပြီ။ အချို့​သည် မှန်မှန်ရှေ့ဆောင်​များ၊ သို့​မဟုတ် အရန်ရှေ့ဆောင်​များ​အဖြစ် စတင်​အမှုဆောင်​နေကြပြီ။ လုပ်ငန်း​ပိတ်ပင်​ထား​စဉ်​အတွင်း ယေဟောဝါ​အမှုတော်ကို​ထမ်း​ခဲ့​ကြသော ညီအစ်ကို၊ ညီအစ်မ​များ​၏ အဖြစ်အပျက်​များ​က ကျွန်ုပ်​တို့အားလုံး​အတွက် အားပေး​တည်ဆောက်မှု​ဖြစ်​ခဲ့​ပါ​သည်။”—အသင်းတော်​တစ်ခု​၏ လုပ်ငန်းတော်​ကော်မတီ၊ ယူကရိန်း။

ယူကရိန်း​နိုင်ငံ​ရှိ ညီအစ်ကို​များ​၏​တည်ကြည်မှု​သည် ကမ္ဘာ​တစ်ဝန်း​ရှိ ယေဟောဝါ​၏​လူမျိုးတော်​အတွက် အမှန်ပင်​အားရှိစရာ​ဖြစ်သည်။ အမှန်​မှာ၊ နှစ်ချုပ်​စာအုပ်​ပါ ကြည်နူး​အားရဖွယ်​အကြောင်း​များ​ကို နှစ်စဉ် မှန်မှန်​ဖတ်ရှု​ကြည့်​ခြင်း​သည် ဤ​အရေးပါသော​အချိန်တွင် ကျွန်ုပ်​တို့၏​ယုံကြည်ခြင်းကို​ခိုင်ခံ့​စေပြီး ခံနိုင်ရည်​ရှိစေ​သည့် အလွန်​ကောင်းသော နည်း​တစ်နည်း​ဖြစ်သည်။—ဟေဗြဲ ၁၂:၁