မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူများထံမှ မေးခွန်းလွှာ

စာရှုသူ​များ​ထံ​မှ မေးခွန်းလွှာ

ကမ္ဘာဦး ၃:၂၂ တွင် ယေဟောဝါ​က “ငါ​တို့​တွင်​တစ်ပါးပါး” ဟု​ဆို​ရာ​၌ မည်​သူ့ကို​ရည်ညွှန်း​နေခြင်း​ဖြစ်သနည်း။

“လူသည် ငါ​တို့​တွင်​တစ်ပါးပါး​ကဲ့သို့​ဖြစ်၍ ကောင်း​မကောင်း​ကို သိတတ်၏” ဟု ယေဟောဝါ​ဘုရားသခင်​မိန့်ဆို​သောအခါ မိမိ​ကိုယ်တော်တိုင်​နှင့် တစ်ပါး​တည်း​သော​သားတော်ကို ကိုယ်တော်​ရည်ညွှန်း​နေ​ပုံ​ရသည်။ (ကမ္ဘာဦး ၃:၂၂) အကြောင်းရင်းကို သုံးသပ်ကြည့်​ကြ​စို့။

ကနဦး​လူသား​မောင်နှံ​ကို အပြစ်စီရင်​ပြီး​နောက် အဆိုပါ​စကား​များ​ကို ယေဟောဝါ​မိန့်ဆိုခဲ့သည်။ တချို့က “ငါ​တို့​တွင်​တစ်ပါးပါး” ကို အရှင်​မြတ်​၏​ဗဟုဝုစ်ကိန်း​ဟု နားလည်​ထားခဲ့​ကြသည်။ သို့ရာတွင် ကမ္ဘာဦး ၁:၂၆ နှင့် ၃:၂၂ နှင့်​စပ်လျဉ်း၍ ကျမ်း​ပညာရှင် ဒေါ်နယ်​လ် အီး. ဂို​ဝင်​က ဤသို့​ဆို​သည်– “ဓမ္မဟောင်း​ကျမ်း​တွင် ‘ငါ​ကိုယ်တော်မြတ်​တို့’ ဟူ၍ ထီး​သုံး​နန်း​သုံး သုံး​ခြင်း၊ ‘ငါ​တို့’ ဟူ၍ ချင့်ချင့်ချိန်ချိန်​သုံး​ခြင်း၊ အထူး​လေးနက်မှု​ပြ ဗဟုဝုစ်ကိန်း၊ သို့​မဟုတ် တစ်ပါး​ထက်မက​ပေါင်းစပ်​နေသော​ဘုရားသခင်​ဟူသော ဤ​ရှင်းလင်း​တင်ပြချက်​အများစု​အတွက် သက်သေ​အထောက်အထား​မရှိ။ . . . အဆိုပါ​ရှင်းပြချက်​တစ်ခု​မျှ ‘ငါ​တို့​တွင်​တစ်ပါးပါး’ ဟု​ဆို​ထား​သည့် ၃:၂၂ နှင့် ကျိုးကြောင်း​ညီညွတ်​ပုံ​မရချေ။”

“ကောင်း​မကောင်း” ကို ကိုယ့်​သဘော​နှင့်​ကိုယ် စတင်​ဆုံးဖြတ်​ခဲ့​ပြီး အလားတူ​ပြုမူ​ရန် ကနဦး​လူသား​တို့ကို​သြဇာလွှမ်း​မိုး​ခဲ့​သည့် စာတန်​ကို ယေဟောဝါ​ရည်ညွှန်းခဲ့​ခြင်း​လော။ ယင်းသည် အကျိုးသင့်အကြောင်းသင့်​မရှိ​ချေ။ ဤ​တွင် ယေဟောဝါ​က “ငါ​တို့​တွင်​တစ်ပါးပါး” ဟူသော​အသုံးအနှုန်း​ကို အသုံးပြု​တော်​မူ​ခဲ့​၏။ စာတန်​သည် ယေဟောဝါ​၏ တည်ကြည်သော​ကောင်းကင်တမန်​အုပ်စုအဝင်​မဟုတ်​တော့​ပေ၊ ထို့​ကြောင့် ယေဟောဝါ​ဘက်၌​ရှိနေကြ​သူတို့တွင် သူ​မပါဝင်နိုင်​တော့​ချေ။

ဘုရားသခင်​သည် တည်ကြည်သော​ကောင်းကင်တမန်​များ​ကို​ရည်ညွှန်း​နေခြင်း​လော။ ကျွန်ုပ်​တို့ အတိအကျ​မပြော​နိုင်​ပေ။ သို့ရာတွင်၊ ကမ္ဘာဦး ၁:၂၆ နှင့် ၃:၂၂ ပါ ဆင်တူ​သော​အသုံးအနှုန်း​များ​က ကျွန်ုပ်​တို့ကို သဲလွန်စ​ပေး​သည်။ ကမ္ဘာဦး ၁:၂၆ တွင် “ငါ​တို့​ပုံသဏ္ဌာန်​နှင့် တညီ​တသဏ္ဌာန်တည်း လူကို​ဖန်ဆင်း​ကြ​စို့” ဟူ၍ ယေဟောဝါ မိန့်မြွက်​ခဲ့​ကြောင်း ကျွန်ုပ်​တို့​ဖတ်​ရသည်။ မည်​သူ့ကို ကိုယ်တော်​ပြောဆို​နေသနည်း။ စုံလင်သော လူသား​ယေရှု​ဖြစ်လာ​သည့် ဝိညာဉ်​သတ္တဝါ​တစ်ပါး​ကို​ရည်ညွှန်း​လျက် တမန်​တော်​ပေါလု​က ဤသို့​ဆို​လေ​သည်– “ထို​သားတော်​သည် မျက်မြင်မရ​သော ဘုရားသခင်​၏​ပုံသဏ္ဌာန်​တော်​ဖြစ်၏။ . . . သတ္တဝါ​အပေါင်းတို့တွင်​လည်း သားဦး​ဖြစ်​တော်​မူ​၏။ အကြောင်း​မူ​ကား၊ ထို​သားတော်​သည် ကောင်းကင်ပေါ်၊ မြေကြီး​ပေါ်မှာ​ရှိသမျှ​သော . . . ခပ်သိမ်း​သော​အရာ​တို့ကို ဖန်ဆင်း​တော်​မူ​၏။” (ကောလောသဲ ၁:၁၅၊ ၁၆) မှန်ပါသည်၊ ကမ္ဘာဦး ၁:၂၆ ၌ ယေဟောဝါ​သည် မိမိ၏​တစ်ပါး​တည်း​သော​သားတော်၊ မိမိ​အပါး​တွင်​နေ၍ ကောင်းကင်​နှင့်​မြေကြီးကို ဖန်ဆင်း​ခဲ့​သည့် “လုပ်သား​ချုပ်” ကို​ပြောဆို​နေခြင်း​ဖြစ်​မည်​ကား ယုတ္တိတန်​ပေ​သည်။ (သု. ၈:၂၂-၃၁က​ဘ) ကမ္ဘာဦး ၃:၂၂ တွင်​ပါ​သော​စကား​၏​ဆင်တူချက်​က ယေဟောဝါ​သည် မိမိ​နှင့်​အရင်းနှီးဆုံး​သော​သူ၊ မိမိ၏​တစ်ပါး​တည်း​သော​သားတော်​နှင့် တစ်ဖန်​စကားပြော​ဆို​နေကြောင်း တင်ပြ​သည်။

ဘုရားသခင့် တစ်ပါး​တည်း​သော​သားတော်​သည် “ကောင်း​မကောင်း” ကို​သိကျွမ်း​ထား​ကြောင်း ထင်ရှား​သည်။ ကိုယ်တော်​သည် ယေဟောဝါ​နှင့် ကြာမြင့်စွာ ရင်းရင်းနှီးနှီး​နေခဲ့​ရာ မိမိ​ခမည်းတော်​၏ အတွေးအခေါ်၊ မူများ​နှင့် စံနှုန်း​များ​ကို စေ့စေ့စပ်စပ် သိရှိ​ထား​သည်။ မိမိ၏​သားတော်​သည် ဤ​အရာများ​နှင့်​အကျွမ်းတဝင်​ရှိပြီး ယင်း​တို့ကို တည်ကြည်​ကြောင်း ယေဟောဝါ​ယုံကြည်​စိတ်ချ​သဖြင့် ဖြစ်ရပ်​တိုင်း​တွင် မိမိ​နှင့်​တိုက်ရိုက်​မတိုင်ပင်​စေ​ဘဲ ကိစ္စရပ်​များ​ကို အတော်အတန်​လွတ်လပ်​စွာ ကိုင်တွယ်​ဖြေရှင်း​စေ​ခွင့် ပေး​ခဲ့​ပေမည်။ ထို့​ကြောင့် သားတော်​သည် အတိုင်းအတာ​တစ်ခု​ထိ ကောင်းသော​အရာ​နှင့် မကောင်းသော​အရာ​တို့ကို သတ်မှတ်​ဆုံးဖြတ်​နိုင်​ကာ ထိုသို့​ဆုံးဖြတ်​ပိုင်ခွင့်​ရှိ​ခြင်း​ဖြစ်သည်။ သို့ရာတွင် ယေရှုသည် စာတန်၊ အာဒံ၊ ဧဝ​တို့​နှင့်​မတူဘဲ ယေဟောဝါ​၏​စံနှုန်း​များနှင့် ဆန့်ကျင်​သွေဖည်​သည့် ကောင်း​မကောင်း​စံနှုန်း​ကို မသတ်မှတ်​ခဲ့​ချေ။