မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆုရရန် ချုပ်တည်းမှုရှိလော့

ဆုရရန် ချုပ်တည်းမှုရှိလော့

ဆု​ရ​ရန် ချုပ်တည်း​မှု​ရှိ​လော့

“ပွဲ​၌​ပြိုင် . . . သော​သူ​မည်​သည်​ကား၊ အရာရာ၌ . . . ချုပ်တည်း​တတ်၏။” —၁ ကောရိန္သု ၉:၂၅

၁။ ဧဖက် ၄:၂၂-၂၄ နှင့်​အညီ သန်းနှင့်ချီ​သော​လူတို့သည် ယေဟောဝါ​အား လက်ခံ​သဘောတူ​သည်​ဟု မည်သို့​ဆို​ခဲ့​ကြ​သနည်း။

သင်သည် ယေဟောဝါသက်သေ​တစ်ဦး​အဖြစ် နှစ်ခြင်း​ခံ​ထား​လျှင် ထာဝရ​အသက်ဆု​ရရှိ​မည့် ပြိုင်ပွဲ​တွင် ပါဝင်​လို​ကြောင်း လူသိရှင်ကြား​ဖော်ပြ​ခဲ့ပြီ​ဖြစ်၏။ ယေဟောဝါ​၏​အလိုတော်ကို ဆောင်ရွက်ရန် သဘောတူ​ကြောင်း သင်​ပြောဆို​ခဲ့​သည်။ ကျွန်ုပ်​တို့​အများစု​သည် ယေဟောဝါ​ထံ ဆက်ကပ်​အပ်နှံမှု​မပြု​မီ မိမိတို့၏​အပ်နှံမှု​သည် စစ်မှန်​ပြီး ဘုရားသခင် လက်ခံနိုင်ဖွယ်​ဖြစ်စေ​ရန် သိသာ​ထင်ရှားသော ပြောင်းလဲမှု​များ ပြုလုပ်​ခဲ့​ကြ​ရသည်။ ခရစ်ယာန်​များ​အတွက် တမန်​တော်​ပေါလု​၏ ဤ​အကြံပြုချက်ကို ကျွန်ုပ်​တို့​လိုက်လျှောက်​ခဲ့​ကြသည်– “အထက်​က ကျင်လည်​ကြသည်​အရာ​မှာ လှည့်ဖြား​တတ်သော လောဘ​စိတ်​တို့​ဖြင့် ပုပ်ပျက်​သော လူဟောင်း [“ဥပဓိရုပ်​ဟောင်း၊” က​ဘ] ကို​ချွတ်ပယ်​၍ . . . မှန်သော​ဖြောင့်မတ်ခြင်း၊ သန့်ရှင်းခြင်း . . . အားဖြင့် ဘုရားသခင်​နှင့်အတူ​အမျှ ဖန်ဆင်း​သော လူသစ် [“ဥပဓိရုပ်​သစ်၊” က​ဘ] ကို​ယူတင်​ဝတ်ဆောင်” ကြလော့။ (ဧဖက် ၄:၂၂-၂၄) တစ်နည်း​အားဖြင့်​ဆို​သော်၊ ဘုရားသခင်​ထံ မအပ်နှံ​မီ လက်​သင့်​မခံနိုင်​သော ဘဝ​လမ်းစဉ်​ဟောင်း​ကို ငြင်းပယ်​ခဲ့​ရသည်။

၂၊ ၃။ ဘုရားသခင်​၏​မျက်နှာသာတော်​ရရှိရန် ပြုလုပ်​ရမည့် ပြောင်းလဲမှု​နှစ်မျိုးကို ၁ ကောရိန္သု ၆:၉-၁၂ က​မည်သို့​ဖော်ပြ​သနည်း။

ယေဟောဝါသက်သေ​ဖြစ်လာ​မည့်​သူများ စွန့်လွှတ်​ရမည့် ဥပဓိရုပ်​ဟောင်း​၏ ကြန်အင်​တချို့​ကို သမ္မာကျမ်းစာ​က တိုက်ရိုက်​ပြစ်တင်​ရှုတ်ချ​ထား​၏။ ကောရိန္သု​မြို့သား​များ​ထံ ရေးသားခဲ့​သော ပေါလု​၏​စာ​တွင် တချို့​ကို ဤသို့​ဖော်ပြ​ခဲ့​သည်– “မတရားသော​မေထုန်​၌​မှီဝဲ​သော​သူ၊ . . . ကိုကိုး​ကွယ်​သော​သူ၊ သူ့​မယား​ကို​ပြစ်မှား​သော​သူ၊ ယောက်ျား​ချင်း​မေထုန်​ကို​ပြုသောသူ၊ ထို​အမှုကို​ခံ​သော​သူ၊ သူ့​ဥစ္စာ​ကို​ခိုး​သော​သူ၊ လောဘ​လွန်ကျူး​သော​သူ၊ သေ​ရည်​သေ​ရက်​နှင့်​ယစ်​မူး​သော​သူ၊ ဆဲရေး​ကဲ့ရဲ့​သော​သူ၊ အနိုင်အထက်​လုယူ​သော​သူတို့သည် ဘုရားသခင်​၏​နိုင်ငံတော်​ကို အမွေမခံ​ရ​ကြ။” ထို့နောက် ပထမ​ရာစု​ရှိ​ခရစ်ယာန်​များသည် ဥပဓိရုပ်​ဟောင်း​ကို မဖြစ်​မနေ​ပြောင်းလဲ​ခဲ့​ကြ​ကြောင်း သူ​ဖော်ပြ​ပြီး ဤသို့​ထပ်ဆင့်​ဆို​၏– “အထက်​က သင်တို့တွင် အချို့​သော​သူတို့သည် ထိုသို့​သော​သူ​ဖြစ်​ကြ” သည်။ အထက်​က ထို​ဘဝ​လမ်းစဉ်​ကို သူတို့​လိုက်ခဲ့​ကြသော်လည်း ယခု ပြောင်းလဲ​ခဲ့​ကြပြီ​ဖြစ်​ကြောင်း သတိပြုပါ။—၁ ကောရိန္သု ၆:၉-၁၁

နောက်ထပ်​ပြောင်းလဲမှု​များ​ကို သူတို့ မဖြစ်​မနေ​ပြု​ရဦး​မည်​ဟု ပေါလု​အကြံပြု​ခဲ့​သည်၊ အကြောင်း​မှာ သူက ဤသို့​ဆက်ဆို​သည်– “ငါသည် အပြစ်​မသင့်​ဘဲ​လျက် ခပ်သိမ်း​သော​အမှုအရာ​ကို ပြု​နိုင်​သည်​မှန်​စေ​တော့။ ခပ်သိမ်း​သော​အမှုအရာ​ကို ပြုသင့်​သည်မဟုတ်။” (၁ ကောရိန္သု ၆:၁၂) သို့​ဖြစ်၍ ယနေ့ ယေဟောဝါသက်သေ​ဖြစ်​လို​သူများစွာ​သည် အပြစ်​မသင့်​သော်လည်း အကျိုးမရှိ​သည့်၊ သို့​မဟုတ် ရေရှည်​အတွက် တန်ဖိုး​မရှိသည့် အရာများ​ကို​ပင် ငြင်းပယ်​ရန်လို​သည်​ဟု သိရှိ​ကြသည်။ ယင်း​တို့သည် အချိန်ကို ဖြုန်းတီး​ရာ​ရောက်​ပေမည်၊ သာ၍​အရေးကြီး​ရာ​များ​မှ သွေဖည်​သွား​စေနိုင်​သည်။

၄။ ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များသည် အဘယ်အရာ​နှင့်​ပတ်သက်​၍ ပေါလု​နှင့်​သဘောတူ​ကြ​သနည်း။

ဘုရားသခင်​အား ဆက်ကပ်​အပ်နှံခြင်း​ကို စိတ်လို​ကိုယ်​လျောက် ပြုလုပ်​ကြ​ရ၏၊ အကြီးအကျယ်​အနစ်နာခံ​ရသည့်​အလား စိတ်​မ​ပါ့​တ​ပါ​ဖြင့် မအပ်နှံ​ရ​ချေ။ ဆက်ကပ်​အပ်နှံ​ခရစ်ယာန်​များသည် ခရစ်တော်​၏​နောက်လိုက် ဖြစ်လာ​ပြီး​နောက် ဤသို့​ဆို​ခဲ့​သော ပေါလု​နှင့် သဘောတူ​ကြသည်– “ထို​သခင် [ယေရှု] ကြောင့်​ခပ်သိမ်း​သော​အရာ​တို့ကို အရှုံး​ခံရ​ပြီ။ . . . ခရစ်တော်​ကို​အမြတ်ရ​၍ ထို​သခင်၌​တည်​ပါ​မည်​အကြောင်း ခပ်သိမ်း​သော​အရာ​တို့ကို မ​စင်​ကဲ့သို့ ငါ​ထင်မှတ်​၏။” (ဖိလိပ္ပိ ၃:၁၁) ပေါလု​သည် ဘုရားသခင် လက်ခံရန် တန်ဖိုး​မရှိ​လှ​သော​အရာများ​ကို အားရ​ဝမ်းသာ ငြင်းပယ်​ခဲ့​သည်။

၅။ ပေါလု​သည် အဘယ်​ပြေးပွဲ​မျိုး​တွင် အောင်မြင်စွာ​ပါဝင်​ခဲ့​သနည်း၊ ကျွန်ုပ်​တို့သည်​လည်း ထို​နည်းတူ မည်သို့​ပြု​နိုင်​သနည်း။

ပေါလု​သည် သူ၏​ဝိညာဉ်​ရေး​ပြေးပွဲ​ကို​ပြေး​ရာ​တွင် ချုပ်တည်း​မှု​ကျင့်သုံး​ခဲ့​ရာ နောက်ဆုံး​၌ သူ​ဤသို့​ပြော​နိုင်​ခဲ့​သည်– “ကောင်းစွာ​တိုက်လှန်​ခြင်း​ကို ငါ​ပြု​ပြီ။ ပြေး​ရသော​လမ်းကို အဆုံးတိုင်အောင်​ပြေး​ပြီ။ ယုံကြည်ခြင်း​တရားကို စောင့်ရှောက်​ပြီ။ ယခု​မှ​စ၍ ဓမ္မ​သရဖူ​သည် ငါ့​အဖို့ သိုထား​လျက်​ရှိ၏။ ထို​နေ့ရက်​၌ တရား​သဖြင့် စီရင်​သော​သူ​တည်း​ဟူသော သခင်​ဘုရား​သည် ထို​သရဖူ​ကို ငါ​၌​အပ်ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်ထွန်း​တော်​မူ​ခြင်း​ကို တောင့်တ​သော​သူအပေါင်း​တို့​၌​လည်း အပ်ပေး​တော်​မူ​မည်။” (၂ တိမောသေ ၄:၇၊ ၈) ကျွန်ုပ်​တို့သည်​လည်း တစ်ချိန်ချိန်​တွင် ထို​နည်းတူ​ပြော​နိုင်​ကြ​မည်​လော။ ကျွန်ုပ်​တို့သည် ခရစ်ယာန်​ပြေးပွဲ​တွင် အရှိန်​မလျှော့​ဘဲ ယုံကြည်ခြင်းဖြင့် အဆုံးတိုင်အောင်​ပြေး​နေစဉ် ချုပ်တည်း​မှု​ရှိ​မည်​ဆိုပါ​က ထိုသို့​ပြော​နိုင်​ကြ​ပါ​လိမ့်​မည်။

ကောင်းမှု​ပြု​ရန် ချုပ်တည်း​ခြင်း​လိုအပ်

၆။ ချုပ်တည်း​ခြင်း​ကား အဘယ်နည်း၊ အဘယ်နည်း​လမ်း​နှစ်ခု​တွင် ကျွန်ုပ်​တို့ ကြိုးစား​ရမည်​နည်း။

သမ္မာကျမ်းစာ​တွင် “ချုပ်တည်း​ခြင်း” ဟု​ပြန်ဆို​ထားသော ဟေဗြဲ​နှင့် ဂရိ​စကားလုံး​တို့​က လူတစ်ဦး​သည် သူ့ကိုယ်သူ​ထိန်းချုပ်​နိုင်စွမ်း​ရှိ၏​ဟု စာသား​အတိုင်း အဓိပ္ပာယ်​ရ၏။ ယင်း​စကားလုံး​များသည် များသောအားဖြင့် မကောင်းမှု​မပြု​ရန် မိမိကိုယ်ကို ထိန်းချုပ်​ထားခြင်း​သဘောဆောင်​လေ့​ရှိသည်။ သို့သော် ကောင်းမှု​ပြု​ရာ​တွင် ကျွန်ုပ်​တို့သည် မိမိတို့​ကိုယ်ခန္ဓာ​ကို အသုံးပြု​ဖို့​ဆိုလျှင် အတိုင်းအတာ​တစ်ခု​အထိ ချုပ်တည်း​မှု​ရှိဖို့လို​ကြောင်း ထင်ရှား​ပါ​သည်။ မစုံလင်​သော​လူသားများ​၏ မွေးရာပါ​ဉာဉ်​က အမှား​ပြု​လို​ရာ ကျွန်ုပ်​တို့​တွင် ရုန်းကန်​ခြင်း​နှစ်မျိုး​နှစ်​စား​ရှိ၏။ (ဒေ. ၇:၂၉; ၈:၁၁) မကောင်းမှု​ပြုခြင်း​မှ ရှောင်ကြဉ်​စဉ် တစ်ချိန်တည်း​တွင် ကောင်းမှု​ပြု​ရန် မိမိကိုယ်ကို​အတင်းအကျပ်​စေခိုင်း​ရမည်။ အမှန်​မှာ၊ ကောင်းမှု​ပြု​ရန် မိမိကိုယ်ကို ချုပ်ထိန်း​ထားခြင်း​သည် မကောင်းမှု​မပြုမိ​ရန် အကောင်းဆုံး​ကာကွယ်​နည်း​ဖြစ်၏။

၇။ (က) ဒါဝိဒ်​နည်းတူ ကျွန်ုပ်​တို့​အဘယ်အရာ​အတွက် ဆုတောင်း​သင့်​သနည်း။ (ခ) အဘယ်အရာကို တွေးတော​ဆင်ခြင်ခြင်း​သည် ချုပ်တည်း​မှု ပို​ရှိစေ​နိုင်​မည်​နည်း။

ဘုရားသခင်​ကို ကျွန်ုပ်​တို့​ဆက်ကပ်​အပ်နှံ​ထား​သည့်​အတိုင်း လုပ်ဆောင်​လိုလျှင် ချုပ်တည်း​ခြင်း​ရှိဖို့ အရေးကြီးကြောင်း ထင်ရှား​၏။ ဒါဝိဒ်​ကဲ့သို့ ကျွန်ုပ်​တို့​ဆုတောင်း​ရမည်– “အို​ဘုရားသခင် အကျွန်ုပ်​အထဲ​၌ စင်ကြယ်သော​နှလုံးကို ဖန်ဆင်း​တော်​မူ​ပါ။ မြဲမြံ​တည်ကြည်သော​သဘောကို အသစ်​ပြုပြင်​တော်​မူ​ပါ။” (ဆာလံ ၅၁:၁၀) ကိုယ်ကျင့်တရား​ပျက်ပြား​စေသည့်၊ သို့​မဟုတ် ကိုယ်ခန္ဓာ​အားနည်းစေ​သည့် အရာများ​ကို ရှောင်ခြင်း​၏​အကျိုးကျေးဇူးများ​ကို တွေးတော​ဆင်ခြင်​နိုင်​သည်။ ထိုသို့​သော​အရာများ​ကို မရှောင်​လျှင် ဖြစ်​နိုင်​ဖွယ်​ဆိုးကျိုး​ဖြစ်သည့် စိုးရိမ်​ရ​ဖွယ်​ကျန်းမာ​ရေး​ပြဿနာ​များ၊ ဆက်ဆံ​ရေး​ပြတ်တောက်​မှုများ၊ အချိန်မတန်​ဘဲ သေဆုံးရခြင်း​တို့ကို​ပင် စဉ်းစား​ကြည့်​ပါ။ တစ်ဖက်​တွင်​မူ၊ ယေဟောဝါ​ပြဋ္ဌာန်း​ထား​သည့် ဘဝ​လမ်းစဉ်​အတိုင်း နေထိုင်​လျှင် ခံစားရ​သည့်​အကျိုးကျေးဇူးများ​စွာ​ကို တွေးတော​ဆင်ခြင်​ပါ​လေ။ သို့သော် အရှိ​ကို​အရှိအတိုင်း​တွေ့မြင်​ပြီး ကျွန်ုပ်​တို့၏​စိတ်နှလုံး​သည် စဉ်းလဲ​တတ်​ကြောင်းကို​လည်း မမေ့​ပါ​နှင့်။ (ယေရမိ ၁၇:၉) ယေဟောဝါ​၏​စံနှုန်း​များ ကိုင်စွဲ​ထားခြင်း​၏ အရေးပါမှု​ကို လျှော့​တွက်​လို​သော​စိတ်​ကို ကျွန်ုပ်​တို့ ဇွဲရှိ​ရှိ​ငြင်းဆန်​ရမည်။

၈။ အဘယ်​အဖြစ်မှန်​အတွေ့အကြုံ​က ကျွန်ုပ်​တို့ကို သင်ပေး​သနည်း။ ဥပမာ​ပေး​ပါ။

ထက်သန်မှု​မရှိသော သွေးသား​သည် ထက်သန်​သော​စိတ်​ကို ငြိမ်းသတ်​လေ့​ရှိကြောင်း အများ​သိ​ဖြစ်သည်။ ဥပမာ၊ ဘုရားသခင့်​နိုင်ငံတော်​ဟောပြောခြင်းကို သုံးသပ်ကြည့်​ပါ။ ဤ​အသက်ပေး​လုပ်ငန်း​တွင် ပါဝင်လိုစိတ်​ထက်သန်ခြင်း​ကို ယေဟောဝါ အားရ​နှစ်သက်​တော်​မူ​၏။ (ဆာလံ ၁၁၀:၃; မဿဲ ၂၄:၁၄) လူ​တို့ကို​ဟောပြောရန် သင်ယူ​ရခြင်း​သည် ကျွန်ုပ်​တို့​အများစု​အတွက် မလွယ်ကူ​ချေ။ သို့သော် မဟောပြော​ဘဲ​နေ​မည့်​အစား၊ ထိုသို့​ပြု​ရန် မိမိကိုယ်ကို “ထိုး​၍​နှိပ်စက်” ပြီး​ချုပ်တည်း​ခဲ့​ရသည်၊ ယခု​တိုင်​လည်း ချုပ်တည်း​နေရ​ဆဲ​ဖြစ်​မည်။—၁ ကောရိန္သု ၉:၁၆၊ ၂၇; ၁ သက်သာလောနိတ် ၂:၂

“အရာရာ၌” လော

၉၊ ၁၀။ “အရာရာ၌ . . . ချုပ်တည်း” ခြင်း​တွင် အဘယ်အရာ​ပါဝင်​သနည်း။

“အရာရာ၌ . . . ချုပ်တည်း” ခြင်း​ရှိ​ရမည်ဟု သမ္မာကျမ်းစာ​၏ ဆုံးမ​စကား​တွင် ဒေါသ​ထိန်း​ခြင်း၊ အကျင့်​ယိုယွင်းမှု​ကို ရှောင်ခြင်း​တို့​ထက်မက ပြုလုပ်​ဖို့​လို​ကြောင်း ညွှန်ပြ​သည်။ အဆိုပါ​ကဏ္ဍ​များ​တွင် ကျွန်ုပ်​တို့​ကိုယ်ကို ချုပ်တည်း​နိုင်ပြီ​ဟု ယူမှတ်​ကြ​ပေမည်၊ သို့​ဆိုလျှင် အမှန်ပင် ကျေးဇူး​တင်​နိုင်၏။ သို့​တိုင် ချုပ်တည်း​မှု​ရှိဖို့လို​ကြောင်း မ​ပေါ်လွင်​သည့် အခြား​ဘဝ​ကဏ္ဍ​များနှင့်​ပတ်သက်​၍​ကော အသို့နည်း။ ဥပမာ၊ အဆင့်မြင့်မြင့်​နေထိုင်ပြီး အတော်အသင့်​ချမ်းသာ​သော နိုင်ငံ​တစ်နိုင်ငံ​တွင် ကျွန်ုပ်​တို့​နေထိုင်ကြ​သည်​ဆိုပါစို့။ မလိုအပ်ဘဲ သုံးဖြုန်း​ခြင်း​ကို ငြင်းဆို​တတ်​လျှင် ပညာရှိ​သည်မဟုတ်​ပေ​လော။ အသင့်​ရရှိနိုင်​၍ လိုချင်​စ​ရာ​ဖြစ်​ပြီး ဝယ်​နိုင်​သည့်​အနေအထား​တွင်​ရှိသဖြင့် တွေ့မြင်​ရာ​တိုင်း​ကို မဝယ်​ရန် သားသမီး​များ​အား မိဘများ​က ကောင်းစွာ​သွန်သင်ပေး​ထား​ရမည်။ ဤ​သွန်သင်​ဆုံးမ​စကား ထိရောက်​မှု​ရှိစေ​လျှင် မိဘများ​ကိုယ်တိုင် ပုံသက်သေ​ကောင်း​ပြ​ရမည်။—လုကာ ၁၀:၃၈-၄၂

၁၀ မရှိဘဲ​နေတတ်​ခြင်း​သည် ကျွန်ုပ်​တို့၏​စိတ်​တန်ခိုး​ကို ခိုင်မာ​စေနိုင်​သည်။ မိမိ​ပိုင်ဆိုင်ရာ​များ​ကို တန်ဖိုး​ထား​လေးမြတ်​စေပြီး အခြေအနေ​ကြောင့် မရှိ​ချို့တဲ့​သူများကို စာနာမှု ပို​ရှိစေ​နိုင်​သည်။ မှန်ပါသည်၊ တော်​သင့်​သော​ဘဝ​ပုံစံ​သည် “ကိုယ့်​ကိုယ်ကို ညှာ​ပါ” သို့​မဟုတ် “သင့်​မှာလည်း ရှိ​သင့်တယ်” အစ​ရှိသည့် ခေတ်​စား​သော ဤ​သဘောထားများ​နှင့် ဆန့်ကျင်​၏။ ကြော်ငြာ​လောကသည် အလိုဆန္ဒကို ချက်ချင်း​ဖြည့်ဆည်း​ပေး​သော်လည်း စီးပွားရေး​အကျိုးအမြတ်​အတွက် ထိုသို့​ပြုခြင်း​သာ​ဖြစ်သည်။ ဤ​အခြေအနေ​သည် ချုပ်တည်း​မှု​ရှိ​ရန် ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​နေခြင်း​ကို ဟန့်တား​နိုင်​သည်။ ကြီးပွား​ချမ်းသာ​သော ဥရောပ​နိုင်ငံ​တစ်နိုင်ငံ​မှ မဂ္ဂဇင်း​တစ်စောင်​သည် မကြာသေးမီ​က ဤသို့​ဆို​သည်– “မလိုလား​အပ်​ဖွယ် စေ့ဆော်​မှုများ​နောက် လိုက်​မပါ​ရန် ချုပ်တည်း​ထား​ရခြင်း​သည် လွန်​စွာ​ချို့တဲ့​သူများ​အတွက် အကြိတ်အနယ်​ကြိုးစား​ဖို့​လိုလျှင် မျက်မှောက်ခေတ် နို့​နှင့်​ပျားရည်​စီး​သည့် ချမ်းသာ​ကြွယ်ဝသော လူ့​အဖွဲ့အစည်း​တွင် နေထိုင်သူ​တို့အတွက် ပို​၍​ပင်​ခက်ခဲ​ပေမည်!”

၁၁။ မရှိဘဲ​နေတတ်​ခြင်း​သည် အဘယ်ကြောင့် အကျိုးရှိ​သနည်း၊ သို့သော် ထိုသို့​နေတတ်​ရန် ခက်ခဲ​စေသည့်​အရာ​ကား အဘယ်နည်း။

၁၁ ကျွန်ုပ်​တို့​လိုချင်ရာ​နှင့် အမှန်တကယ်​လိုအပ်ရာ​ကို မခွဲခြား​နိုင်​လျှင် မဆင်မခြင်​မပြုမိ​ရန် စဉ်းစား​ချင့်ချိန်​ခြင်း​သည် ကောင်း​ပေမည်။ ဥပမာ၊ ပရမ်းပတာ သုံးဖြုန်း​ခြင်း​ကို ချုပ်တည်း​လိုလျှင် အကြွေး​ယူ​စနစ်​နှင့် မဝယ်​ရန် ဆုံးဖြတ်​လို​ပေမည်၊ သို့​မဟုတ် ဈေးဝယ်​ထွက်​သည့်​အခါ ငွေ​အကန့်အသတ်​ဖြင့်​သာ ယူသွား​ပေမည်။ ပေါလု​က “ရောင့်ရဲသော​စိတ်ပါ​လျှင် ဘုရား[သခင်]ဝတ်၌ မွေ့လျော်ခြင်း​သည် ကြီးစွာ​သော​အကျိုး​စီးပွား​မှန်​၏” ဟု​ဆို​ခဲ့​ကြောင်း သတိရပါ။ သူက “ငါ​တို့သည် ဤ​လောက​ထဲ​သို့ အဘယ်အရာမျှ​မပါဘဲ လာ​သည်​ဖြစ်၍ ထွက်သွား​လျှင်​လည်း အဘယ်အရာကို​မျှ​ယူ၍ မသွား​နိုင်​ဟု ထင်ရှား​လျက်​ရှိ၏။ သို့​ဖြစ်၍ စား​ရန်၊ ဝတ်​ရန်​ရှိသမျှ​နှင့် ရောင့်ရဲ​လျက်​နေကြ​ကုန်​အံ့” ဟု​ကျိုးကြောင်း​ဆင်ခြင်​ပြ​ခဲ့​သည်။ (၁ တိမောသေ ၆:၆-၈) ကျွန်ုပ်​တို့ ရောင့်ရဲ​တင်းတိမ်​သလော။ နည်း​အမျိုးမျိုးဖြင့် စိတ်​အလိုလိုက်​ခြင်း​ကြောင့် ဖြစ်ပေါ်​လာသော ဝန်ထုပ်​ဝန်​ပို​မရှိစေရန် ရိုးရှင်း​သော​ဘဝဖြင့်​နေတတ်​ဖို့ စိတ်​တန်ခိုး​နှင့် ချုပ်တည်း​ခြင်း​ရှိ​ရန်လို​သည်။ ယင်းသည် သင်ယူ​ထား​သင့်​သော သင်ခန်းစာ​တစ်ခု​ဖြစ်၏။

၁၂၊ ၁၃။ (က) ခရစ်ယာန်​အစည်းအဝေး​များ တက်ရောက်ခြင်း​နှင့်​ပတ်သက်​၍ အဘယ်​နည်းများဖြင့် ချုပ်တည်း​ခြင်း​ရှိဖို့လို​သနည်း။ (ခ) ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​ရန်လို​သည့် တခြား​ကဏ္ဍ​အချို့​ကား အဘယ်နည်း။

၁၂ ခရစ်ယာန်​အစည်းအဝေး​များ၊ စည်းဝေးပွဲ​များနှင့် စည်းဝေးကြီး​များ​တက်​ဖို့​လည်း ချုပ်တည်း​ခြင်း​ရှိ​ရန်လို​သည်။ ဥပမာ၊ အစည်းအဝေး​အစီအစဉ်​အတွင်း စိတ်​မ​ပျံ့လွင့်​စေရန် ချုပ်တည်း​ထား​ရ၏။ (သု. ၁:၅) ဟောပြော​သူကို အပြည့်အဝ​အာရုံစိုက်​မည့်​အစား ဘေးနား​ထိုင်​သူနှင့် တိုးတိုး​စကားပြော​ခြင်း​ဖြင့် တခြား​သူကို အနှောင့်အယှက်​မဖြစ်စေ​ရန် ချုပ်တည်း​ရ​ပေမည်။ အချိန်မီ​ရောက်ရှိ​နိုင်​ရန် ကျွန်ုပ်​တို့၏​အချိန်ဇယား​ကို ပြုပြင်​ပြောင်းလဲ​ပေးဖို့​လည်း ချုပ်တည်း​ရ၏။ ထို့​ပြင် အစည်းအဝေး​များ​အတွက် ကြိုတင်​ပြင်ဆင်​ရန် အချိန်ဖယ်​ထားပြီး ပါဝင်​ဖြေဆို​ရန် ချုပ်တည်း​မှု​လို​၏။

၁၃ သေးငယ်သော​အမှု​တွင် ချုပ်တည်း​မှု​ရှိလျှင် ကြီးသော​အမှု​တွင်​လည်း ချုပ်တည်း​နိုင်စွမ်း​ရှိ​မည်။ (လုကာ ၁၆:၁၀) သို့​ဖြစ်၍ သမ္မာကျမ်းစာ​နှင့် ကျမ်းစာ​အခြေပြု​စာပေ​များ​ကို မှန်မှန်​ဖတ်ရှု​လေ့လာ​ပြီး သိရှိရာ​များ​ကို တွေးတော​ဆင်ခြင်​ရန် မိမိကိုယ်ကို ကြပ်မတ်​ပေးခြင်း​သည် တကယ်​ကို​ကောင်း​လိုက်​မည်​ဖြစ်​ခြင်း! မသင့်​တော်​သော အလုပ်အကိုင်​များ၊ မိတ်ဆွေ​အပေါင်းအသင်း​များ၊ စိတ်ထား​များနှင့် အကျင့်အကြံ​များ​တို့​နှင့်​ပတ်သက်ပြီး မိမိကိုယ်ကို ကြပ်မတ်​ပေးခြင်း၊ သို့​မဟုတ် ဘုရားသခင့်​လုပ်ငန်းတော်​အတွက် တန်ဖိုး​ရှိ​အချိန်ကို လုယူ​သွား​နိုင်​သည့် လုပ်ငန်းများ​ကို ငြင်းပယ်​နိုင်​ရန် မိမိကိုယ်ကို ဆုံးမ​ပဲ့ပြင်​ထားခြင်း​တို့သည် တကယ်​ကို​ပညာရှိ​လိုက်​လေ​ခြင်း! ယေဟောဝါ​၏​အမှုတော်တွင် အလုပ်​များနေ​ခြင်း​ဖြင့် ယေဟောဝါ​၏​ကမ္ဘာချီ​အသင်းတော် ဝိညာဉ်​ရေး​ပရဒိသု​မှ ဝေးကွာ​သွား​စေနိုင်​သည့် အရာများ​မှ အမှန်တကယ်​ပင် ကာကွယ်​ပေး​နိုင်​သည်။

ချုပ်တည်း​ခြင်း​ဖြင့် ရင့်ကျက်​လာ​လေ

၁၄။ (က) ကလေး​များသည် ချုပ်တည်း​ခြင်း​ကို မည်သို့​သင်ယူ​သင့်​သနည်း။ (ခ) ကလေး​ဘဝက​တည်း​က ဤ​သင်ခန်းစာ​ကို သင်ယူ​ထားခြင်း​က အဘယ်​အကျိုးကျေးဇူးများ ရရှိနိုင်​သနည်း။

၁၄ မွေးကင်းစ​နို့စို့​သူငယ်​သည် ချုပ်တည်း​ခြင်း​ကို မသိ​ရှိ​ချေ။ ကလေး​သဘာဝပါ​ရ​ဂူ​များ ထုတ်ဝေ​ထားသော စာတမ်း​တို​တစ်စောင်​က ဤသို့​ရှင်းပြသည်– “ချုပ်တည်း​ခြင်း​သည် အလိုအလျောက် သို့​မဟုတ် ရုတ်တရက်​ဖြစ်ပေါ်​လာ​သည်မဟုတ်။ နို့စို့​ကလေး​များနှင့် လမ်းလျှောက်​တတ်​ခါ​စ ကလေး​များသည် တဖြည်းဖြည်း​ချုပ်တည်း​တတ်လာ​ရန် မိဘများ​၏​လမ်းညွှန်မှု​နှင့် ထောက်မမှု​လို​သည်။ . . . မိဘများ​၏​လမ်းညွှန်မှုဖြင့် ကျောင်းနေ​စဉ်​တစ်လျှောက် ချုပ်တည်း​မှု​ရှိလာ​၏။” လေးနှစ်​အရွယ်​ကလေး​များ​ကို လေ့လာ​သုံးသပ်​ခဲ့​ရာ အတိုင်းအတာ​တစ်ခု​အထိ ချုပ်တည်း​တတ်လာ​သော ကလေး​များသည် “လူအများ​နှင့် လိုက်လျောညီထွေ​စွာ​နေတတ်​သော၊ ပို​၍​ရေပန်းစား​သော၊ စူးစမ်း​သိလိုစိတ်​ရှိသော၊ ယုံကြည်​စိတ်ချ​ရသော ဆယ်ကျော်သက်​များ​အဖြစ် တဖြည်းဖြည်း​ကြီးပြင်း​လာ​ကြသည်” ကို​တွေ့ရှိ​ရ၏။ ဤ​သင်ခန်းစာ​ကို မသင်ယူ​ခဲ့​သူများ​သည် “ပို​၍​အထီးကျန်​ဖြစ်​နိုင်​ပြီး စိတ်ပျက်​လွယ်​ကာ ခေါင်းမာ​သည်။ သူတို့သည် ဖိစီးမှုများ​ကို အရှုံးပေး​ကာ ခက်ခဲ​သော​အခြေအနေ​များ​ကို ရှောင်​ကြသည်။” အလိုက်အထိုက်​နေတတ်​သော လူကြီး​တစ်ဦး​ဖြစ်လာ​ရန် ကလေး​တစ်ဦး​သည် ချုပ်တည်း​တတ်​ရန် သင်ယူ​ရမည်။

၁၅။ ချုပ်တည်း​မှုမရှိ​ခြင်း​သည် အဘယ်အရာကို ဖော်ပြ​သနည်း၊ သမ္မာကျမ်းစာ​တွင် ဖော်ပြ​ထားသော အဘယ်​ပန်းတိုင်​နှင့် မတူ​သနည်း။

၁၅ ထို​နည်းတူ​စွာ ကျွန်ုပ်​တို့သည် ရင့်ကျက်သော​ခရစ်ယာန်​များ​ဖြစ်​လိုလျှင် ချုပ်တည်း​ခြင်း တင်ပြ​တတ်​ရမည်။ ချုပ်တည်း​ခြင်း​မ​ရှိလျှင် ဝိညာဉ်​ရေးသူ​ငယ်​အဆင့်​သာ ရှိသေး​ကြောင်း ဖော်ပြ​၏။ သမ္မာကျမ်းစာ​က “ဉာဏ်​အရာ​၌ အသက်ကြီး​သော​သူ​ဖြစ်​ကြလော့” ဟူ၍ ကျွန်ုပ်​တို့ကို ဆုံးမ​သည်။ (၁ ကောရိန္သု ၁၄:၂၀) ကျွန်ုပ်​တို့၏​ပန်းတိုင်​မှာ “ယုံကြည်ခြင်း​သို့​လည်းကောင်း၊ ဘုရားသခင်​၏​သားတော်ကို သိကျွမ်းခြင်း​သို့​လည်းကောင်း တညီတညွတ်​တည်း​ရောက်​၍ ခရစ်တော်​၏​ပြည့်စုံခြင်း​ပမာဏ​တည်း​ဟူသော ကြီးရင့်သော​လူ​၏​အဖြစ်သို့ ရောက်​ကြ” ရန်ဖြစ်​၏။ အဘယ်ကြောင့်​နည်း။ “အကြောင်း​မူ​ကား သူတစ်ပါး​တို့သည် လူ​ပရိယာယ်​နှင့် အပြစ်​သို့​သွေးဆောင်ခြင်း​ငှာ လှည့်ဖြား​ပြောဆို​သဖြင့် ငါ​တို့သည် နောက်​တစ်ဖန် ခပ်သိမ်း​သော[သွန်သင်ခြင်း]လေ​တိုက်၍ ဖရိုဖရဲ​လွင့်​သွားသော သူငယ်မ​ဖြစ်” ကြ​ရန်ဖြစ်​သည်။ (ဧဖက် ၄:၁၃၊ ၁၄) ချုပ်တည်း​တတ်​ရန် သင်ယူခြင်း​သည် ကျွန်ုပ်​တို့​ဝိညာဉ်​ရေး​အတွက် အရေးကြီးကြောင်း ထင်ရှား​သည်။

ချုပ်တည်း​မှု​ကို ပျိုးထောင်​ခြင်း

၁၆။ ယေဟောဝါ​သည် မည်သို့​ကူညီပေး​သနည်း။

၁၆ ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​ရန် ဘုရားသခင်​၏​အကူအညီ​လိုအပ်​ပြီး ယင်း​အကူအညီကို ရရှိနိုင်၏။ အနာအဆာ​ကင်း​သော မှန်​တစ်ချပ်​ကဲ့သို့ သမ္မာကျမ်းစာ​သည် ကျွန်ုပ်​တို့​ပြောင်းလဲ​ဖို့​လို​သည့်​နေရာကို ဖော်ပြ​ပေး​ပြီး မည်သို့​ပြုပြင်​ရမည်ကို​လည်း လမ်းညွှန်​ပေး​သည်။ (ယာကုပ် ၁:၂၂-၂၅) မေတ္တာ​ရှိ​ညီအစ်ကို​အသင်းအပင်း​က​လည်း အကူအညီ​ပေး​ရန် အသင့်ရှိ​၏။ ခရစ်ယာန်​အကြီးအကဲ​များ​ကိုယ်တိုင် ကူညီပေး​ရာ​တွင် နားလည်မှု​ပြ​ကြသည်။ ယေဟောဝါ​ထံ ဆုတောင်း၍ သန့်ရှင်းသော​ဝိညာဉ်​တော်​ကို တောင်းလျှင် ကိုယ်တော်တိုင် ရက်ရက်ရောရော ပေး​တော်​မူ​၏။ (လုကာ ၁၁:၁၃; ရောမ ၈:၂၆) ထို့​ကြောင့် အဆိုပါ​ပြင်ဆင်​ပေး​ချက်​များ​ကို အားရ​ဝမ်းသာ​အသုံးပြု​ကြ​စို့။ စာမျက်နှာ ၂၁ မှ အကြံပြုချက်များ​က အထောက်အကူ​ဖြစ်​ပေမည်။

၁၇။ နယပုံပြင် ၂၄:၁၆ က​ကျွန်ုပ်​တို့ကို မည်သို့​အားပေးထား​သနည်း။

၁၇ ယေဟောဝါ​၏​စိတ်တော်နှင့်​တွေ့​ရန် ကျွန်ုပ်​တို့​ကြိုးစား​အားထုတ်​သမျှ​ကို ကိုယ်တော်​တန်ဖိုး​ထား​ကြောင်း သိရှိ​ရခြင်း​သည် အမှန်ပင်​အားရှိစေ​သည်​တကား! ယင်းက ချုပ်တည်း​မှု​ပို​ရှိ​ရန် ဆက်​ကြိုးစား​ဖို့ စေ့ဆော်​ပေး​သင့်​သည်။ ကျွန်ုပ်​တို့သည် အကြိမ်ကြိမ်​ထိမိ​၍​လဲသွား​ပါစေ လက်မလျှော့​ဘဲ ဆက်​ကြိုးစား​အားထုတ်​ရမည်။ “ဖြောင့်မတ်​သော​သူသည် ခု​နစ်​ကြိမ်​လဲ​သော်လည်း ထ​ပြန်​လိမ့်​မည်။ မတရားသော​သူ​မူ​ကား လဲ​သောအခါ ဆုံးရှုံး​လိမ့်​မည်။” (သု. ၂၄:၁၆) ကျွန်ုပ်​တို့​ကိုယ်ကို ချုပ်တည်း​နိုင်​သည့်​အခါတိုင်း မိမိကိုယ်ကို ကျေနပ်​အားရစရာ​အကြောင်း​ရှိ၏။ ယေဟောဝါ​သည်လည်း ကျွန်ုပ်​တို့ကို ကျေနပ်​အားရ​လိမ့်​မည်​ဟု စိတ်ချ​နိုင်​သည်။ သက်သေခံ​တစ်ဦး​သည် ယေဟောဝါ​ထံ သူ၏​အသက်တာကို ဆက်ကပ်​အပ်နှံမှု​မပြု​မီ တစ်ပတ်တာ ဆေးလိပ်​မ​သောက်​ဘဲ​နေနိုင်​ခဲ့​သည့်​အခါတိုင်း ချုပ်တည်း​ခြင်း​ကြောင့် သူ​စု​မိ​သည့်​ငွေ​ကို အသုံးဝင်​မည့်​ပစ္စည်း​တစ်ခုခု ဝယ်​လိုက်ခြင်း​ဖြင့် သူ​ကိုယ်​သူ ဆုချ​ခဲ့​သည်​ဟု​ပြောပြ​၏။

၁၈။ (က) ချုပ်တည်း​ခြင်း​ကို တိုက်လှန်​ရာ​တွင် အဘယ်အရာ​ပါဝင်​ပတ်သက်​သနည်း။ (ခ) ယေဟောဝါ​သည် အဘယ်​အာမခံချက် ပေး​ထား​သနည်း။

၁၈ ထို့​ထက်​ကား၊ ချုပ်တည်း​ခြင်း​ဟု​ဆို​ရာ​တွင် စိတ်​လှုပ်ရှားမှု​ပိုင်း​လည်း ပါဝင်​ပတ်သက်​သည်ကို သတိရ​သင့်​သည်။ ယေရှု၏​ဤ​စကား​များ​က ထိုသို့​သဘောပေါက်​စေ​၏– ‘ကိ​လေ​သာ​စိတ်​နှင့် သူ့​မယား​ကို ကြည့်​သော​သူသည် စိတ်နှလုံး​ထဲ​၌ ထို​မိန်းမ​နှင့်​ပြစ်မှား​ပြီ။’ (မဿဲ ၅:၂၈; ယာကုပ် ၁:၁၄၊ ၁၅) မိမိ​စိတ်​နှင့် မိမိ၏​ခံစားချက်​များ​ကို ချုပ်တည်း​တတ်လာ​သူသည် သူ၏​ကိုယ်ခန္ဓာ​တစ်ခုလုံး​ကို အလွယ်တကူ​ချုပ်တည်း​နိုင်​လိမ့်​မည်။ သို့​ဖြစ်၍ အမှား​ပြု​မိ​ခြင်း​ကို​သာမက စဉ်းစားမိ​ခြင်း​ကို​ပင် ရှောင်ရှား​ရန် ကျွန်ုပ်​တို့၏​စိတ်​ဆုံးဖြတ်ချက်​ကို ခိုင်မာ​စေ​ကြပါစို့။ အတွေးအခေါ်​အမှား​များ ပေါ်လာ​ပါ​က ၎င်းတို့ကို ချက်ချင်း​ဖယ်ရှားပစ်​ကြ​ပါ။ ကျွန်ုပ်​တို့သည် ယေရှုကို​အာရုံစိုက်​ပြီး မပြတ်​ဆုတောင်းခြင်း​အားဖြင့် သွေးဆောင်မှု​မှ လွတ်မြောက်​နိုင်​မည်​ဖြစ်သည်။ (၁ တိမောသေ ၆:၁၁; ၂ တိမောသေ ၂:၂၂; ဟေဗြဲ ၄:၁၅၊ ၁၆) ကျွန်ုပ်​တို့သည် အတတ်နိုင်ဆုံး​ကြိုးစား​ကြ​စဉ် ဆာလံ ၅၅:၂၂ ပါ​ဤ​ဆုံးမ​စကား​ကို လိုက်နာ​ရာ​ရောက်​ကြလိမ့်မည်– “ထမ်းရွက်​ရသော​ဝန်ကို ထာဝရ​ဘုရား[သခင်]၌ ချထား​လော့။ သင့်ကို​မစ​တော်​မူ​မည်။ ဖြောင့်မတ်​သော​သူကို အစဉ်အမြဲ​လှုပ်ရှား​စေ​တော်​မ​မူ​ရာ။”

သင်​မှတ်မိ​သလော

• အဘယ်နည်း​နှစ်နည်း​ဖြင့် ချုပ်တည်း​ခြင်း​တင်ပြ​ရမည်​နည်း။

• “အရာရာ၌ . . . ချုပ်တည်း” ခြင်း​ရှိ​ရမည်​ဟူသည် အဘယ်အရာကို ဆိုလို​သနည်း။

• ဤသို့​လေ့လာ​စဉ် ချုပ်တည်း​ခြင်း​ကို ပြုစု​ပျိုးထောင်​နိုင်​ရန် အဘယ်​လက်တွေ့ကျ အကြံပြုချက်များ​ကို သင်​အထူး​ဂရုပြု မှတ်သား​ခဲ့​သနည်း။

• အဘယ်​နေရာ​မှ​စ၍ ချုပ်တည်း​ခြင်း​ရှိ​ရမည်​နည်း။

[လေ့လာ​ရန်​မေးခွန်းများ]

[စာမျက်နှာ ၂၁ ပါ လေးထောင့်ကွက်/ ရုပ်ပုံ]

ချုပ်တည်း​ခြင်း ပို​ရှိစေ​နိုင်​ပုံ

သေးငယ်သော​အရာများ​၌​ပင် ချုပ်တည်း​ခြင်း​ရှိဖို့ ယင်းကို ပြုစု​ပျိုးထောင်​ပေး​ပါ

ချုပ်တည်း​ခြင်း​ကြောင့် ယခု​နှင့်​နောင်​ရရှိ​မည့် အကျိုးကျေးဇူးများ​ကို တွေးတော​ဆင်ခြင်​ပါ

ဘုရားသခင်​တားမြစ်​ထား​ရာ​များ​ကို ကိုယ်တော်​တိုက်တွန်း​အားပေး ထား​ရာ​များနှင့် အစားထိုး​ပါ

မ​လျောက်ပတ်​သော​အတွေးအခေါ်​များ​ကို ချက်ချင်း​ဖယ်ရှားပစ်​ပါ

သင်၏​စိတ်ထဲ​တွင် ဝိညာဉ်​ရေး​တည်ဆောက်​စ​ရာ အတွေးအခေါ်​များနှင့် ပြည့်နေ​စေပါ

ရင့်ကျက်သော​ခရစ်ယာန်​ချင်း​များ​ပေး​နိုင်​သည့် အကူအညီကို လက်ခံပါ

သွေးဆောင်မှု​ဖြစ်စေ​သည့် အခြေအနေ​များ​ကို ရှောင်ရှားပါ

သွေးဆောင်​ခံရ​ချိန်​များ​တွင် ဘုရားသခင်​ထံ ဆုတောင်း၍ အကူအညီ​တောင်းဆို​ပါ

[စာမျက်နှာ ၂၁ ပါ​ရုပ်ပုံ]

ချုပ်တည်း​ခြင်း​သည် ကျွန်ုပ်​တို့ကို ကောင်းမှု​ပြု​ရန် လှုံ့ဆော်ပေး