ဆုံးဖြတ်ချက်များချခြင်း မရှောင်လွှဲနိုင်သော စိန်ခေါ်ချက်တစ်ခု
ဆုံးဖြတ်ချက်များချခြင်း မရှောင်လွှဲနိုင်သော စိန်ခေါ်ချက်တစ်ခု
“ဆုံးဖြတ်ချက်ချတတ်ခြင်းလောက် ခက်သည့်အလုပ်မရှိချေ၊ ထို့ကြောင့် ယင်းသည် တန်ဖိုးထားစရာအကောင်းဆုံးဖြစ်သည်” ဟု ၁၉ ရာစုမှ ပြင်သစ်ဧကရာဇ် နပိုလီယံဘိုနာပတ် တစ်ကြိမ်က ပြောခဲ့ဖူးသည်။ ၎င်းဖော်ပြချက်နှစ်ခုစလုံးကို သင်သဘောတူပေမည်၊ အများအားဖြင့် လူတို့သည် မိမိတို့ဘဝကို ကိုယ်တိုင်ထိန်းချုပ်ကွပ်ကဲရခြင်းကို တန်ဖိုးထားတတ်သောကြောင့်ဖြစ်သည်။ တစ်ချိန်တည်းတွင် ဆုံးဖြတ်ချက်များချခြင်းသည် တစ်ခါတစ်ရံ လွယ်ကူသည့်ကိစ္စမဟုတ်ကြောင်း သူတို့သိထားကြသည်။
လွယ်သည်ဖြစ်စေ၊ ခက်သည်ဖြစ်စေ ဆုံးဖြတ်ချက်များချခြင်းကို ရှောင်လွှဲ၍မရနိုင်ပါ။ နေ့စဉ်ပင် ဆုံးဖြတ်ချက်ချရမည့်အလုပ်ကို ကျွန်ုပ်တို့ရင်ဆိုင်ကြရသည်။ နံနက်အိပ်ရာထပြီးနောက် အဘယ်အရာဝတ်ဆင်မည်၊ နံနက်စာဘာစားမည်နှင့် တစ်နေ့တာအတွင်း အခြားကိစ္စရပ်များစွာကို မည်သို့ကိုင်တွယ်ဖြေရှင်းမည် အစရှိသည်တို့ကို ကျွန်ုပ်တို့ဆုံးဖြတ်လုပ်ကိုင်ကြရပေမည်။ ဤဆုံးဖြတ်ချက်အများစုမှာ အသေးအဖွဲမျှသာဖြစ်သည်။ ၎င်းတို့ကို နှစ်ကြိမ်ပြန်စဉ်းစားခဲသည်။ အဆိုပါဆုံးဖြတ်ချက်များ ကောင်းမကောင်းဆိုသည်နှင့်ပတ်သက်၍ ကျွန်ုပ်တို့အအိပ်ပျက်ခံလေ့မရှိပါ။
အခြားတစ်ဖက်တွင်မူ ဆုံးဖြတ်ချက်အချို့သည် ပိုကျယ်ပြန့်သည်။ ယနေ့ လောကရှိ လူငယ်အများစုသည် အဘယ်လုပ်ငန်း လုပ်ကိုင်ရမည်ကို ဆုံးဖြတ်ကြရမည်။ အဘယ်သင်တန်းမျိုး တက်ရောက်ဖို့လိုပြီး မည်မျှကြာကြာ သင်ယူရမည်ကို သူတို့ဆုံးဖြတ်ရပေမည်။ သူတို့အများစုသည် နောင်တွင် အိမ်ထောင်ပြု မပြု၊ တစ်ကိုယ်ရေတစ်ကာယနေ မနေ၊ အနှေးနှင့်အမြန် ဆုံးဖြတ်ရတော့မည်။ အိမ်ထောင်ပြုဖို့ရွေးချယ်သူများက ‘ကျွန်ုပ်သည် အိမ်ထောင်ပြုနိုင်သည့် အရွယ်ရောက်ပြီလော၊ အိမ်ထောင်ပြုနိုင်လောက်အောင် ရင့်ကျက်မှုရှိပြီလော။ အဘယ်အိမ်ထောင်ဖက်မျိုးကို ကျွန်ုပ်အလိုရှိသနည်း၊ ထိုထက်ကား အဘယ်အိမ်ထောင်ဖက်မျိုးကို ကျွန်ုပ်လိုအပ်သနည်း’ အစရှိသည်တို့ကို ဆုံးဖြတ်ရတော့မည်ဖြစ်သည်။ အိမ်ထောင်ဖက်ရွေးချယ်ခြင်းလောက် ကျွန်ုပ်တို့၏ဘဝကို ဩဇာညောင်းသော ဆုံးဖြတ်ချက်မျိုး မရှိသလောက်ပင်။
အရေးကြီးသောကိစ္စများတွင် ပညာရှိရှိဆုံးဖြတ်ရန်လိုသည်၊ အကြောင်းမှာ ပျော်ရွှင်မှုသည် ထိုသို့ပြုခြင်းအပေါ် များစွာမူတည်သောကြောင့်ဖြစ်သည်။ အချို့က မိမိတို့ဘာသာ ဆုံးဖြတ်ပြုလုပ်နိုင်စွမ်းရှိသည်ဟု ယူမှတ်ကြပြီး အကူအညီကို လက်မခံ ငြင်းပယ်လိုက်ကြပေမည်။ ထိုသို့မပြုခြင်းသည် ပညာရှိသလော။ ကြည့်ကြပါစို့။
[Picture Credit Line on page 3]
Napoleon: From the book The Pictorial History of the World