မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ပညာရှိဆုံးဖြတ်ချက်များ သင်မည်သို့ချနိုင်သနည်း

ပညာရှိဆုံးဖြတ်ချက်များ သင်မည်သို့ချနိုင်သနည်း

ပညာရှိ​ဆုံးဖြတ်ချက်​များ သင်​မည်သို့​ချ​နိုင်​သနည်း

“ပညာရှိ​သော​သူသည် နားထောင်​သဖြင့် ပညာ​အတတ်​တိုးပွား​ရ​လိမ့်​မည်” ဟု​ရှေးခေတ်​ဣသရေလ​ရှင်ဘုရင် ရှောလမုန်​ဆို​၏။ ကျွန်ုပ်​တို့​အများစု​သည် အခြား​သူတို့၏​အကြံပေး​ချက်​ကို နားမထောင်​သောကြောင့်​သာ တစ်ခါတစ်ရံ ပညာ​မဲ့​စွာ​ဆုံးဖြတ်​ခဲ့​ကြပြီ။—သု. ၁:၅

ရှောလမုန်​၏​အဆိုပါ​စကား​များ​ကို သူ​စီ​ကုံး​ခဲ့​သော အခြား “နယပုံပြင်​နည်း​သုံး​ထောင်” နှင့်အတူ သမ္မာကျမ်းစာ​တွင် နောက်ပိုင်း၌ မှတ်တမ်းတင်​ခဲ့​သည်။ (၃ ဓမ္မ​ရာဇဝင် ၄:၃၂သ​မ) သူ၏​ပညာရှိ​အဆို​အမိန့်များ​ကို သိရှိပြီး လိုက်နာခြင်း​မှ ကျွန်ုပ်​တို့​အကျိုး​ရရှိနိုင်​သလော။ ရနိုင်​ပါ​သည်။ ကျွန်ုပ်​တို့သည် “ဉာဏ်ပညာ​နှင့် ဆုံးမ​သွန်သင်ခြင်း​ကို​သိ၍ ဉာဏ်​နှင့်ယှဉ်သော​စကား​ကို နားလည်​မည်​အကြောင်း၊ ပညာသတိ​ရှိ​ခြင်း၊ ရိုးသား​ဖြောင့်မတ်​စွာ​ကျင့်​ခြင်း၊ ဖြောင့်မှန်​စွာ​ပြုမူခြင်း​အရာ​၌ ဆုံးမ​သွန်သင်ခြင်း​ခံရ​မည်​အကြောင်း” ၎င်း​တို့​က ကူညီပေး​သည်။ (သု. ၁:၁၊ ၂သမ္မာ) ပညာရှိရှိ​ဆုံးဖြတ်​တတ်​ရန် အထောက်အကူ​ဖြစ်​မည့် ကျမ်းစာ​အခြေပြု​လမ်းညွှန်ချက်​ငါး​ခု​ကို ဆွေးနွေး​ကြည့်​ကြပါစို့။

ရေရှည်​အကျိုးဆက်များ​ကို စဉ်းစား​သုံးသပ်ပါ

ဆုံးဖြတ်ချက်​အချို့​သည် သိသာ​ထင်ရှားသော အကျိုးဆက်များ​ရှိ​ပေမည်။ ထို့​ကြောင့် ၎င်း​တို့ အဘယ်အရာ​များ​ဖြစ်​နိုင်​မည်​ကို ကြိုတင်​သိထားဖို့​ကြိုးစား​ပါ။ မလိုလား​ဖွယ် ရေရှည်​အကျိုးဆက်များ​ကို မမြင်​စေသည့်​အထိ ဆွဲဆောင်မှု​ရှိသော ရေ​တို​အကျိုးဆက်များ​ကို သတိပြု​ဖို့​လို​သည်။ “[ကောင်းသော] သတိရှိ​သော​သူသည် အမှုကို​မြော်မြင်​၍ ပုန်း​နေတတ်​၏။ ဉာဏ်​တိမ်​သော​သူ​မူ​ကား အစဉ်​အတိုင်း​သွား​၍ အမှု​နှင့်​တွေ့​တတ်၏” ဟု နယပုံပြင် ၂၂:၃ က​သတိပေး​သည်။

ဖြစ်ပေါ်​လာနိုင်​သော ရေ​တို​နှင့် ရေရှည်​အကျိုးဆက်များ​ကို စာရင်း​ဇယား​ပြုစု​ထားခြင်း​သည် အထောက်အကူ​ပြု​နိုင်​သည်။ အလုပ်အကိုင်​တစ်ခု​၏ ရေ​တို​အကျိုးဆက်​မှာ လခ​ကောင်းပြီး ပျော်ရွှင်စရာ​ဖြစ်​နိုင်​သည်။ သို့သော် ရေရှည်​အကျိုးဆက်​မှာ တက်လမ်း​မရှိသော​အလုပ် ဖြစ်နေ​နိုင်​သလော။ နောက်ဆုံး​တွင် မိတ်ဆွေများ သို့​မဟုတ် မိသားစု​နှင့် အလှမ်းဝေး​သော နေရာ​တစ်​နေရာသို့ ပြောင်းရွှေ့​ရမည့်​အကြောင်း ရှိနေ​မည်​လော။ အကျင့်ပျက်​ပြား​သော​ဝန်းကျင်​တွင် အလုပ်လုပ်​ကိုင်​နေရ​မည်​လော၊ သို့​မဟုတ် သင့်ကို စိတ်ပျက်လက်ပျက်​ဖြစ်စေ​သည့်​အထိ အလွန်​ငြီးငွေ့​ဖွယ်​ကောင်းသော​အလုပ် ဖြစ်​လိမ့်​မည်​လော။ ကောင်းကျိုး၊ ဆိုးကျိုး​များ​ကို လေ့လာချိန်​ဆ​ပြီး​နောက် ဦးစားပေး​သင့်​ရာ​ကို ဦးစားပေး ဆုံးဖြတ်​ပြုလုပ်​ပါ။

အချိန်​အလုံအလောက်​ယူပါ

အလျင်စလို​ဆုံးဖြတ်ချက်​ချ​ခြင်း​သည် ပညာ​အမြော်အမြင်​မရှိသော ဆုံးဖြတ်ချက်​များ​ဖြစ်သွား​တတ်​သည်။ နယပုံပြင် ၂၁:၅ က​ဤသို့​သတိပေး​သည်– “လုံ့လ​ဝီရိယ​ပြုသောသူ​၏​အကြံအစည်​သည် ကြွယ်ဝခြင်း​နှင့်​လည်းကောင်း၊ [ကောင်းသော] သတိ​မရှိသော သူ၏​အကြံအစည်​သည် ဆင်းရဲခြင်း​နှင့်​လည်းကောင်း ဆိုင်ပေ​၏။” ဥပမာ၊ အရူးအမူး​စွဲလမ်း​တတ်သော ဆယ်ကျော်သက်​များသည် အိမ်ထောင်ပြု​လိုက်ခြင်း​ဖြင့် အခြေချ​ရန် မဆုံးဖြတ်​မီ အချိန်​ယူ​စဉ်းစား​သင့်​သည်။ သို့​မဟုတ်ပါ​က၊ “အလောတကြီး​အိမ်ထောင်ပြု​လျှင် တစိမ့်စိမ့်​နောင်တ​ရ​လိမ့်​မည်” ဟူသော ၁၈ ရာစု​အစောပိုင်း​မှ အင်္ဂလိပ်​ပြဇာတ်​ရေး​ဆရာ ဝီလျံ ခေါ​န်​ဂရိ​ဗ်​၏​စကား မှန်ကန်ကြောင်း တွေ့ရှိ​ရ​ပေ​လိမ့်​မည်။

သို့သော် အချိန်​အလုံအလောက်​ယူ စဉ်းစား​ချင့်ချိန်​ခြင်း​နှင့် အချိန်ဆွဲ​ခြင်း​ကို မ​ရော​ထွေး​ရ​ပါ။ အချို့​ဆုံးဖြတ်ချက်​များသည် အလွန်​အရေးကြီး​သဖြင့် စော​နိုင်​သ၍​စောစော ဆုံးဖြတ်ချက်​ချ​လျှင် ပညာရှိရာ​ရောက်​၏။ အချိန်ဆွဲ​ထားခြင်း​သည် ကျွန်ုပ်​တို့ကို​ရော အခြား​သူများကို​ပါ ဆုံးရှုံး​နစ်နာ​စေနိုင်​သည်။ အချိန်ဆွဲ​ထားခြင်း​ကိုယ်နှိုက်​က ဆုံးဖြတ်ချက်​တစ်ခု​ဖြစ်​နိုင်​ပြီး ယင်းသည် ပညာ​မဲ့​ရာ​ရောက်​နိုင်​သည်။

အကြံဉာဏ်​ကို လက်ခံရန် အသင့်ရှိ​ပါ

အတိအကျ​တူညီသော အခြေအနေ​နှစ်ခု​မရှိသော​ကြောင့် လူ​နှစ်ဦး​သည် ဆင်တူ​ပြဿနာ​များ ကြုံတွေ့​ရသောအခါ အမြဲ ထပ်တူ​ပင် ဆုံးဖြတ်ချက်​ချ​လိမ့်​မည်​မဟုတ်ပါ။ သို့​တိုင် ကျွန်ုပ်​တို့​နှင့် အခြေအနေ​ချင်း ဆင်တူ​သော​ကိစ္စရပ်​များ​ကို အခြားသူများ မည်သို့​ဆုံးဖြတ်​ခဲ့​ကြောင်း သိရှိ​ရခြင်း​သည် အထောက်အကူ​ပြု​ပေမည်။ သူတို့၏​ဆုံးဖြတ်ချက်​ကို ယခု မည်သို့​ယူမှတ်​ကြောင်း မေးကြည့်ပါ။ ဥပမာ၊ ရောင်းဝယ်​မှု​လုပ်ငန်း​တစ်ခု ရွေးချယ်ရာ​တွင် ထို​လုပ်ငန်း​ကို​လုပ်ကိုင်​နေ​သူအား ယင်း​၏​အားသာချက်​နှင့် အားနည်းချက်ကို​ပါ ပြောပြ​စေပါ။ သူတို့၏​ရွေးချယ်မှု​ကြောင့် ခံစား​ရသော အကျိုးကျေးဇူးများ​ကား အဘယ်နည်း၊ ဆိုးကျိုး​များ သို့​မဟုတ် ကျရောက်​နိုင်​ဖွယ်​အန္တရာယ်များ​က အဘယ်နည်း​ဟု မေးမြန်းပါ။

“တိုင်ပင်​ခြင်း​မ​ရှိလျှင် အကြံ​ပျက်​တတ်၏။ တိုင်ပင်​သော​သူများ​လျှင်​မူ​ကား အကြံ​တည်​တတ်၏” ဟု​ကျွန်ုပ်​တို့​သတိပေး​ခံရ​ကြသည်။ (သု. ၁၅:၂၂) မှန်ပါသည်၊ သူတစ်ပါး​ထံ​မှ အကြံဉာဏ်​တောင်းဆို​ပြီး သူတို့၏​အတွေ့အကြုံ​မှ ပညာ​ယူ​သောအခါ နောက်ဆုံး ဆုံးဖြတ်ချက်​ချ​ရမည့်​သူ​ကား ကိုယ်တိုင်​ပင်​ဖြစ်​ကြောင်း​နှင့် ယင်း​အတွက် မိမိ​သာ​တာဝန်ခံ​ရမည်ကို အသိအမှတ်ပြု​သင့်​သည်။—ဂလာတိ ၆:၄၊ ၅

ကောင်းစွာ​လေ့ကျင့်​ထားသော​သိစိတ်ကို လိုက်နာပါ

မိမိတို့​လိုက်လျှောက်ဖို့ ရွေးချယ်​ထားသော ဘဝ​ပုံစံ​၏ အခြေခံ​မူများ​နှင့်​အညီ ဆုံးဖြတ်ချက်​များ​ချ​နိုင်​ရန် သိစိတ်​က ထိန်းကျောင်း​ပေး​သည်။ ခရစ်ယာန်​တစ်ဦး​အတွက်​ဆိုလျှင် ဘုရားသခင့်​အတွေးအခေါ်​များနှင့်​အညီ သူ၏​သိစိတ်ကို ပုံသွင်း​လေ့ကျင့်ပေး​ရန်လို​၏။ (ရောမ ၂:၁၄၊ ၁၅) ဘုရားသခင့်​နှုတ်မြွက်​စကားတော်​က ဤသို့​ဆို​၏– “သွား​လေ​ရာ​ရာ​၌ ထာဝရ​ဘုရား​ကို​မျက်မှောက်ပြု​လော့။ သို့ပြုလျှင် သင်၏​လမ်းခရီး​တို့ကို ပဲ့ပြင်​တော်​မူ​မည်။” (သု. ၃:၆) အချို့​ကဏ္ဍ​များ​တွင်​မူ ကောင်းစွာ​လေ့ကျင့်​ထားသော​သိစိတ် ကိုယ်စီ​ရှိကြ​သည့် လူ​နှစ်ဦး​သည် တစ်မျိုးစီ​ဆင်ခြင်​သုံးသပ်ကြ​၍ မတူ​သော​ဆုံးဖြတ်ချက်​များ ချ​ကြ​ပေမည်။

သို့သော် သမ္မာကျမ်းစာ​က တိုက်ရိုက်​တားမြစ်​ထားသော လုပ်ရပ်များနှင့်​ပတ်သက်​၍​မူ ကောင်းစွာ​လေ့ကျင့်​ထားသော သိစိတ်​သည် ထိုသို့​သော​လွတ်လပ်မှုကို ခွင့်ပြု​မည်​မဟုတ်ပါ။ ဥပမာ၊ အမျိုးသား​တစ်ဦး​နှင့် အမျိုးသမီး​တစ်ဦး​သည် မိမိတို့ တွဲဖက်​ညီမ​ညီ စမ်းသပ်​ကြည့်​ရန် လက်မ​ထပ်​ဘဲ​အတူ​နေဖို့ ကျမ်းစာမူ​များ​ဖြင့် လေ့ကျင့်​မခံ​ထားသော​သိစိတ်​က ခွင့်ပြု​ပေမည်။ ထိုသို့​ပြုခြင်း​ဖြင့် ပညာ​မဲ့​စွာ အိမ်ထောင်ပြု​မိ​ခြင်း​မှ ကာကွယ်​မှု​ရမည်ဟု သူတို့​အထင်​ရှိကြ​ပေမည်။ သူတို့၏​သိစိတ်​က သူတို့ကို​အပြစ်တင်​မည်​မဟုတ်။ သို့​တိုင် လိင်​နှင့် အိမ်ထောင်ရေး​အပေါ် ဘုရားသခင့်​ရှုမြင်ပုံကို လက်ခံ​ထား​သူ မည်သူ​မဆို​သည် ယာယီ​ဖြစ်၍ အကျင့်​ယိုယွင်း​သည့် ယင်း​အစီအစဉ်ကို ပြုလုပ်​ရန် ဆုံးဖြတ်​လိမ့်​မည်​မဟုတ်။—၁ ကောရိန္သု ၆:၁၈; ၇:၁၊ ၂; ဟေဗြဲ ၁၃:၄

သင့်​ဆုံးဖြတ်ချက်​များ အခြား​သူတို့ကို အကျိုး​သက်ရောက်​နိုင်​ပုံ

သင်၏​ဆုံးဖြတ်ချက်​များသည် အခြားသူများ​အပေါ် အကျိုး​သက်ရောက်​တတ်​သည်။ ထို့​ကြောင့် မိတ်ဆွေများ​နှင့် ဆွေမျိုး​များ၊ ထို့​ထက်​ကား ဘုရားသခင်​နှင့် ကျွန်ုပ်​တို့၏​အဖိုးတန်​ဆက်ဆံ​ရေး​ကို ထိခိုက်​မည့် အကျိုးမပြု​သည့်—မိုက်​ပင်​မိုက်မဲ​သော—ဆုံးဖြတ်ချက်​ကို ဘယ်​သောအခါ​မျှ တမင်တကာ​မချ​လိုက်ပါ​နှင့်။ နယပုံပြင် ၁၀:၁ က​ဤသို့​ဆို​သည်– “ပညာ​ရှိသော​သား​သည် အဘ​ဝမ်းမြောက်ခြင်း​အကြောင်း၊ မိုက်​သော​သား​မူ​ကား အမိ​ဝမ်းနည်းခြင်း​အကြောင်းကို ဖြစ်စေ​တတ်၏။”

အခြား​တစ်ဖက်​တွင်​မူ တစ်ခါတစ်ရံ မိတ်ဆွေ​ရွေး​ဖို့​လို​သည့်​အခါ​များ​ရှိကြောင်း သတိပြုပါ။ ဥပမာ၊ ကျမ်းစာ​နှင့်​မညီ​ကြောင်း ယခု သင်​သိရှိ​လာသော ယခင်​က​ဘာသာရေး​အစွဲ​များ​ကို ငြင်းပယ်​ဖို့ သင်​ဆုံးဖြတ်​ပေမည်။ သို့​မဟုတ် သင်​ယခု​လက်ခံ​ထားသော ဘုရားသခင့်​လမ်းညွှန်မှု​များ​အတိုင်း သင့်​ဘဝကို​ပုံသွင်း​လို​သောကြောင့် အကြီးအကျယ်​ပြောင်းလဲမှု​များ​ပြု​ရန် သင်​ဆုံးဖြတ်​ပေမည်။ မိတ်ဆွေ သို့​မဟုတ် ဆွေမျိုး​အချို့​က သင်၏​ဆုံးဖြတ်ချက်​ကို နှစ်သက်​ကြ​မည်​မဟုတ်သော်လည်း ဘုရားသခင့်​စိတ်တော်နှင့်​တွေ့သော မည်သည့်​ဆုံးဖြတ်ချက်​မဆို​သည် ပညာ​ရှိသော​ဆုံးဖြတ်ချက်​ဖြစ်၏။

အကြီးမားဆုံး ဆုံးဖြတ်ချက်​ကို ပညာရှိ​စွာ​ချပါ​လေ

ယနေ့၊ လူအများ​မသိကြ​သော်လည်း လူတိုင်း​သည် သေရေးရှင်ရေး​ကိစ္စ​ကို ဆုံးဖြတ်​ဖို့​လို​နေကြ​သည်။ အလားတူ​အခြေအနေ​မျိုးကို ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်​တွင် ကတိထားရာပြည်​နယ်စပ်​၌ စခန်းချ​ခဲ့​ကြသော ရှေးခေတ်​ဣသရေလ​လူမျိုး​တို့ ကြုံတွေ့​ခဲ့​ရ​ကြသည်။ ဘုရားသခင်​၏​ပြောရေးဆိုခွင့်​ရှိသူ​အဖြစ် မောရှေ​က သူတို့ကို ဤသို့​ပြော​ခဲ့​သည်– “အသက်ရှင်ခြင်း၊ သေခြင်း၊ ကောင်းချီး​ပေးခြင်း၊ ကျိန်ခြင်း​တို့ကို သင့်​ရှေ့၌​ငါ​ထား​သည်​ဟု သင့်တစ်ဖက်​၌ ကောင်းကင်​မြေကြီးကို ငါ​တိုင်တည်​၏။ သို့​ဖြစ်၍ သင်​နှင့်​သင့်​အမျိုးအနွယ်​သည် အသက်ရှင်​မည်​အကြောင်း​နှင့်​လည်းကောင်း၊ သင်၏​ဘုရားသခင် ထာဝရ​ဘုရား​ကို​ချစ်၍ စကားတော်​ကို​နားထောင်​သဖြင့် အသက်ရှင်ခြင်း​အကျိုး၊ အသက်တာ​ရှည်​ခြင်း​အကျိုးကို​ပေး​တော်​မူ​သော ကိုယ်တော်​ကို ဆည်းကပ်​မှီဝဲ​မည်​အကြောင်း​နှင့်​လည်းကောင်း၊ ထာဝရ​ဘုရား​သည် သင်၏​ဘိုးဘေး အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့​အား ကျိန်ဆို​တော်​မူ​သော​ပြည်​၌ နေ​မည်​အကြောင်း​နှင့်ယှဉ်သော​အသက်​တရားကို ရွေးယူ​လော့။”—တရားဟောရာ ၃၀:၁၉၊ ၂၀

ကျွန်ုပ်​တို့သည် “ခဲယဉ်း​သော​ကာလ” ၌​အသက်ရှင်နေ​ကြောင်း​နှင့် ‘ဤ​လောက​၏​အဆင်းသဏ္ဌာန်​သည် ပြောင်းလဲ​နေ’ ကြောင်း ကျမ်းစာ​ပရောဖက်ပြုချက်​နှင့် ခုနှစ်​စဉ်​သက္ကရာဇ်​တို့​က​ဖော်ပြ​သည်။ (၂ တိမောသေ ၃:၁; ၁ ကောရိန္သု ၇:၃၁) ကြိုဟော​ထားသော​အပြောင်းအလဲ​သည် လူ့​အစီအစဉ်​စနစ် ချွတ်ခြုံ​ကျ​ပျက်စီး​ချိန်​၌ အထွတ်အထိပ်​သို့​ရောက်​ပါ​လိမ့်​မည်၊ ၎င်းနောက် ဘုရားသခင်​၏​ဖြောင့်မတ်​သော​ကမ္ဘာသစ် အစားထိုး​ရောက်ရှိ​လာ​ပါ​လိမ့်​မည်။

ထို​ကမ္ဘာသစ်​၏​တံခါးဝ​၌ ကျွန်ုပ်​တို့​ရောက်ရှိ​နေကြပါ​သည်။ သင်သည် ဘုရားသခင့်​နိုင်ငံတော်​အောက် မြေကြီးပေါ်​တွင် ထာဝရ​အသက်ကို သင်​မွေ့လျော်​ခံစား​မည်​လော။ သို့​မဟုတ် စာတန်​၏​အစီအစဉ်​စနစ် ဖယ်ရှားခံ​ရသောအခါ မြေကြီးပေါ်​မှ သင်​ဖယ်​ရှင်း​ခံရ​မည်​လော။ (ဆာလံ ၃၇:၉-၁၁; သု. ၂:၂၁၊ ၂၂) အဘယ်​လမ်းစဉ်​လိုက်​မည်​ကို ယခု​ပင် သင်​ဆုံးဖြတ်​ရမည်၊ ယင်းသည် သေရေးရှင်ရေး​နှင့်​ပတ်သက်​သည့် ဆုံးဖြတ်ချက်​အမှန်​ဖြစ်၏။ မှန်ကန်သော၊ ပညာ​ရှိသော​ဆုံးဖြတ်ချက်​ချ​နိုင်​ဖို့ အကူအညီ​ပေး​လျှင် သင်​လက်ခံ​မည်​လော။

အသက်ရှင်ရေး​ကို သင်​ရွေးချယ်​လျှင် ဦးဆုံး ဘုရားသခင့်​တောင်းဆိုချက်​များ​ကို သင်ယူ​ရမည်။ ဒေသခံ​ချာ့ခ်ျ​အများစု​သည် ၎င်း​တောင်းဆိုချက်​များ​ကို တိကျ​မှန်ကန်​စွာ မသွန်သင်​ပေး​ခဲ့​ပါ။ ၎င်းတို့၏​ခေါင်းဆောင်​များသည် မုသာ​စကား​များ​ကို လူ​တို့အား​ယုံကြည်​လက်ခံ​စေပြီး ဘုရားသခင်​မနှစ်သက်​ရာ​များ​ကို ပြုလုပ်​စေ​၍ လမ်းလွဲ​သွား​စေ​လေ့​ရှိသည်။ ဘုရားသခင်​ကို ‘ဝိညာဉ်​နှင့် အမှန်တရားဖြင့်’ ကိုးကွယ်​ရန် ကိုယ်ပိုင်​ဆုံးဖြတ်ချက်​ချဖို့​လို​ကြောင်း ရှင်း​မပြ​ခဲ့​ကြ​ချေ။ (ယောဟန် ၄:၂၄) ထို့​ကြောင့် လူအများစုက ထိုသို့​မကိုးကွယ်​ကြ​ပါ။ သို့သော် ယေရှု​က “ငါ့​ဘက်၌​မနေ​သော​သူသည် ငါ့​ရန်ဘက်​ဖြစ်၏။ ငါ​နှင့်အတူ​မ​စုသိမ်း​သော​သူသည် ကြဲ​ဖြန့်​သော​သူ​ဖြစ်၏” ဟု​မိန့်ဆိုခဲ့သည်​ကို သတိပြုပါ။—မဿဲ ၁၂:၃၀

ယေဟောဝါသက်သေ​များသည် သမ္မာကျမ်းစာ​ကို ပိုမို​သိရှိနားလည်​စေရန် ပျော်ရွှင်စွာ​ကူညီပေး​နေကြပါ​သည်။ လူတစ်ဦး၊ သို့​မဟုတ် လူ​တစ်စု​အတွက် အဆင်ပြေ​သည့်​အချိန်၊ အဆင်ပြေ​သည့်​နေရာတွင် ကျမ်းစာ​ကို သူတို့ မှန်မှန်​ဆွေးနွေး​ရှင်းပြ​ပေး​ကြသည်။ ဤ​အစီအစဉ်​မှ အကျိုး​ရယူလို​သူများ​သည် ဒေသခံ​သက်သေခံ​များနှင့် ဆက်သွယ်​နိုင်​သည်၊ သို့​မဟုတ် ကင်းမျှော်စင်​ထုတ်ဝေ​သူများ​ထံ စာရေး​အကြောင်းကြား​နိုင်​သည်။

အချို့​သူတို့သည် ဘုရားသခင်​တောင်းဆို​ထားသော အခြေခံ​အကြောင်း​များ​ကို သိရှိ​ထား​နှင့်​ပြီး​သား​ဖြစ်​ပေမည်။ သမ္မာကျမ်းစာ​သည် မှန်ကန်ကြောင်း​နှင့် ယုံကြည်​စိတ်ချ​ရ​ကြောင်း​တို့ကို သူတို့​လက်ခံ​ယုံကြည်​နှင့်​ပြီး​ဖြစ်​မည်။ သို့​တိုင် သူတို့​ထဲ​မှ​အတော်များများ​သည် ဘုရားသခင်​ထံ မိမိတို့​ကိုယ်ကို ဆက်ကပ်​အပ်နှံ​ရန် ဆုံးဖြတ်ချက်​ချဖို့ ရွှေ့ဆိုင်း​နေကြ၏။ အဘယ်ကြောင့်​နည်း။ အကြောင်း​အမျိုးမျိုး​ရှိ​ပေမည်။

ဆက်ကပ်​အပ်နှံခြင်း​၏​အရေးပါမှု​ကို သူတို့​မသိကြ​သောကြောင့်​လော။ ယေရှု​ဤသို့​အတိအလင်း​ဆို​၏– “သခင်၊ သခင်​ဟု ငါ့ကို​လျှောက်​သော​သူ​တိုင်း ကောင်းကင်​နိုင်ငံတော်​သို့ ဝင်​ရ​လိမ့်​မည်​မဟုတ်။ ကောင်းကင်ဘုံ​၌​ရှိတော်မူသော ငါ့​ခမည်းတော်​၏​အလိုကို​ဆောင်သော​သူ​သာ​လျှင် ဝင်​ရ​လိမ့်​မည်။” (မဿဲ ၇:၂၁) ကျမ်းစာ​အသိပညာ​ရှိ​ထားခြင်း တစ်ခု​တည်း​ဖြင့် မလုံလောက်​ချေ; လုပ်ဆောင်ဖို့​လို​သည်။ အစောပိုင်း​ခရစ်ယာန်​အသင်းတော်က ပုံ​နမူနာ​တင်ပြ​ခဲ့​သည်။ ပထမ​ရာစု​ရှိ သူ​အချို့​နှင့်​ပတ်သက်​၍ ကျွန်ုပ်​တို့​ဤသို့​ဖတ်​ရသည်– “ဖိလိပ္ပုသည် ဘုရားသခင်​၏​နိုင်ငံတော်​နှင့်​လည်းကောင်း၊ ယေရှု​ခရစ်​၏​နာမတော်​နှင့်​လည်းကောင်း​စပ်ဆိုင်​သော ဧဝံဂေလိတရား​ကို​ဟောပြော​၍ ထို​သူတို့သည်​ယုံကြည်​သောအခါ၊ ယောက်ျား​မိန်းမ​တို့သည် ဗတ္တိဇံ​ကို​ခံ​ကြ​၏။” (တမန်​တော် ၂:၄၁; ၈:၁၂) ထို့​ကြောင့် လူတစ်ဦး​သည် ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လှိုက်လှိုက်လှဲလှဲ​ခံယူ​ထားပြီ၊ ကျမ်းစာ​ကို​ယုံကြည်၍ ဘုရားသခင့်​စံနှုန်း​များနှင့်​အညီ အသက်ရှင်​နေထိုင်​နေပြီ​ဆိုလျှင် ဆက်ကပ်​အပ်နှံခြင်း​အထိမ်းအမှတ်​အဖြစ် နှစ်ခြင်း​ယူ​ရန် အဘယ်အရာက သူ့ကို​တားဆီး​ပါ​မည်​နည်း။ (တမန်​တော် ၈:၃၄-၃၈) ဘုရားသခင်​လက်ခံနိုင်ဖွယ်​ဖြစ်​ဖို့ သူသည် ဤ​ခြေလှမ်း​ကို စိတ်ပါလက်ပါ ရွှင်လန်း​အားရ​စွာ ပြုသင့်​ပါ​သည်။—၂ ကောရိန္သု ၉:၇

အချို့​က ဘုရားသခင်​ထံ မိမိတို့​အသက်တာကို ဆက်ကပ်​အပ်နှံ​ရန် အသိပညာ​အလုံအလောက်​မရှိ​သေး​ဟု ယူမှတ်​ပေမည်။ သို့သော် ဘဝ​လမ်းစဉ်​သစ်​တစ်ခု​ကို အစပြု​သူ​တိုင်း အသိပညာ​အနည်း​အကျဉ်း​သာ​ရှိပါ​သည်။ အဘယ်​အတတ်ပညာ​ရှင်​တစ်ဦး​က ယနေ့ သူသိ​ရှိ​ထား​ရာ​များ​ကို ထို​လုပ်ငန်း​စ​လုပ်​ကတည်းက သိထား​နှင့်​သည်​ဟု ဆို​မည်​နည်း။ ဘုရားသခင်​ကို​ဝတ်ပြုဖို့ ဆုံးဖြတ်​ရာ​တွင် ကျမ်းစာ​အခြေခံ​သွန်သင်ချက်​များနှင့် မူများ​ကို သိကျွမ်းခြင်း​အပြင် ယင်း​တို့​နှင့်​အညီ အသက်ရှင်​နေထိုင်​လို​စိတ်​ရှိဖို့ အမှန်တကယ်​လိုအပ်​သည်။

မိမိ၏​ဆုံးဖြတ်ချက်​နှင့်​အညီ အသက်ရှင်နေ​ထိုင်​ရန် ပျက်ကွက်​မည်​စိုး​၍ အချို့​ရွှေ့ဆိုင်း​ထား​ကြ​ခြင်း​လော။ လူ့​ကတိကဝတ်​ပြုခြင်း​ကိစ္စ အတော်များများ​တွင် တာဝန်​မ​ကျေ​မည်​ကို စိုးရိမ်​ပူပန်​စိတ်​ရှိ​တတ်​သည်။ အိမ်ထောင်​ပြုပြီး မိသားစုကို ကျွေးမွေး​ပြုစု​ဖို့ ဆုံးဖြတ်​သော​အမျိုးသား​တစ်ဦး​သည် တာဝန်​မ​ကျေ​မည်​ကို စိုးရိမ်​ပေမည်၊ သို့သော် ကတိကဝတ်​ပြု​ထားခြင်း​က သူ့ကို အတတ်နိုင်ဆုံး အကောင်းဆုံး​ပြုလုပ်​ရန် လှုံ့ဆော်ပေး​ပါ​မည်။ အလားတူ ယာဉ်မောင်း​လိုင်စင်​အသစ် ရရှိ​ထားသော​လူရွယ်​တစ်ဦး​သည် ယာဉ်တိုက်မှု​ဖြစ်​မည်​ကို စိုးရိမ်​ပေမည်၊ အထူးသဖြင့် လူငယ်​ယာဉ်မောင်း​များသည် သက်ကြီး​ယာဉ်မောင်း​များ​ထက် မတော်တဆ​ယာဉ်တိုက်မှု ပို​ဖြစ်တတ်​ကြောင်း စာရင်း​ဇယား​က ဖော်ပြ​၍​ဖြစ်​မည်။ သို့သော် ထိုသို့​သိရှိ​ထားခြင်း​က သူ့ကို သတိကြီး​စွာ​ဖြင့်​မောင်းနှင်​စေ​ရာ အကျိုးရှိ​နိုင်​သည်။ လိုင်စင်​မ​လုပ်ထား​ခြင်း​သည် ဖြေရှင်း​နည်း အလျှင်း​မဟုတ်ပါ!

အသက်ရှင်ရေး​အတွက် ဆုံးဖြတ်​ပါ!

လက်ရှိ​ကမ္ဘာ့​နိုင်ငံရေး၊ စီးပွားရေး၊ ဘာသာရေး​စနစ်​များနှင့် ၎င်းတို့ကို​ထောက်ခံသူ​များသည် မြေကြီးပေါ်​မှ မကြာမီ ကွယ်ပျောက်​တော့​မည်​ဟု သမ္မာကျမ်းစာ​က​ဆို​သည်။ အသက်ရှင်ရေး​ကို ပညာရှိရှိ​ရွေးချယ်​ပြီး ထို​ဆုံးဖြတ်ချက်​နှင့်​အညီ အသက်ရှင်နေ​ထိုင်​သူများ​မှာ​မူ အသက်ရှင်​ကျန်ရစ်​ပါ​လိမ့်​မည်။ လူ့​ဘောင်​သစ်​အဖွဲ့အစည်း​၏ အခြေခံ​အုတ်မြစ်​အဖြစ် သူတို့သည် ဘုရားသခင်​၏​မူလ​ရည်ရွယ်ချက်​အတိုင်း မြေကြီးကို ပရဒိသု​ဖြစ်စေ​ရာ​တွင် ပါဝင်​ကြ​ပါ​လိမ့်​မည်။ ဘုရားသခင့်​လမ်းညွှန်မှု​အောက် ဤ​ပျော်ရွှင်ဖွယ်​လုပ်ငန်း​တွင် သင်​ပါဝင်​လို​သလော။

ပါဝင်​လို​ပါ​က ဘုရားသခင့်​နှုတ်မြွက်​စကားတော်​ကို လေ့လာ​ရန် ဆုံးဖြတ်​ပါ။ ဘုရားသခင့်​စိတ်တော်နှင့်​တွေ့​ဖို့ ကိုယ်တော်​၏​တောင်းဆိုချက်​များ​ကို သင်ယူ​ရန် ဆုံးဖြတ်​ပါ။ ထို​တောင်းဆိုချက်​များ​အတိုင်း အသက်ရှင်နေ​ထိုင်​ရန် ဆုံးဖြတ်​ပါ။ ထို့​ထက်​ကား သင်၏​ဆုံးဖြတ်ချက် ပြီးမြောက်​သည်​အထိ ဆောင်ရွက်​သွား​ရန် ဆုံးဖြတ်​ပါ။ အတိုချုပ်​ပြော​ရ​လျှင် အသက်ရှင်ရေး​အတွက် ဆုံးဖြတ်​ပါ!

စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ကြီး​လေး​သော​ဆုံးဖြတ်ချက်​များ​ချရန် အချိန် အလုံအလောက်​ယူပါ

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

အလုပ်အကိုင်​တစ်ခု​ရွေးချယ်ရာ​တွင် အကြံဉာဏ်​ယူဖို့​အသင့်ရှိ​ပါ

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

ယခု ဘုရားသခင်​ကို​ဝတ်ပြုဖို့ ဆုံးဖြတ်​သူများ​သည် မြေကြီးကို ပရဒိသု​ဖြစ်စေ​ရာ​၌ ပါဝင် ကြ​ပါ​လိမ့်​မည်