မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“မညီသောထမ်းပိုးကို မထမ်းကြနှင့်”

“မညီသောထမ်းပိုးကို မထမ်းကြနှင့်”

“မညီသော​ထမ်းပိုး​ကို မ​ထမ်း​ကြ​နှင့်”

ဤ​တွင် သင်​တွေ့မြင်​ရသည့်​အတိုင်း ကုလားအုတ်​နှင့်​နွား အတူ​ယှဉ်​တွဲ၍ ထယ်ထိုး​နေသည်​မှာ အလွန်​အကြည့်​ရ​ဆိုး​သည်။ ၎င်းတို့ကို ချိတ်ဆက်​ထားသော​ထမ်းပိုး​သည်—အရွယ်အစား​နှင့် ခွန်အား​တူညီသော တိရစ္ဆာန်​နှစ်ကောင်​အတွက်​ဖြစ်​ရာ—တိရစ္ဆာန်​နှစ်ကောင်စလုံး​ကို ထိခိုက်​နစ်နာ​စေ​သည်။ ထိုသို့​သော​ဝန်တင်​တိရစ္ဆာန်​များ​၏​အကျိုးကို​ထောက်၍ ဘုရားသခင်​က “နွား​နှင့်​မြည်း​ကို​ဖက်​၍ လယ်မထွန်​ရ” ဟု​ဣသရေလ​အမျိုး​ကို မိန့်မှာ​ခဲ့​ခြင်း​ဖြစ်သည်။ (တရားဟောရာ ၂၂:၁၀) အဆိုပါ​မူ​သည် နွား​နှင့် ကုလားအုတ်​နှင့်​လည်း သက်ဆိုင်​ပေမည်။

ပုံမှန်​အားဖြင့် လယ်သမား​တစ်ဦး​သည် သူ၏​တိရစ္ဆာန်​များ​ကို ထိုသို့​အခက်တွေ့​စေမည်​မဟုတ်ပါ။ သို့သော် နွား​ထီး​နှစ်ကောင်​မရှိပါ​က ရှိသည့်​တိရစ္ဆာန်​နှစ်ကောင်ကို ဖက်စပ်၍ သူ​ထမ်းပိုး​တင်​ပေမည်။ ပုံ​တွင်​ပါ​သော ၁၉ ရာစု​မှ လယ်သမား​သည် ထိုသို့​ပြုလုပ်​ခဲ့​ပုံ​ရသည်။ ၎င်းတို့၏​အရွယ်အစား​နှင့် အလေးချိန်​မတူ​သောကြောင့် ခွန်အား​နည်းသော​တိရစ္ဆာန်​သည် အမီလိုက်​ဖို့ ရုန်းကန်​လှုပ်ရှား​ရပြီး အား​ကြီးသော​တိရစ္ဆာန်​မှာလည်း ဝန်​ပို​ဆွဲ​ရ​ပေမည်။

တမန်​တော်​ပေါလု​သည် မတူညီ​သော​ထမ်းပိုး​ပုံ​ဥပမာ​ကို​သုံး​၍ ကျွန်ုပ်​တို့ကို အရေးပါသော​သင်ခန်းစာ​တစ်ခု​ပေး​ခဲ့​သည်။ “မယုံကြည်​သော​သူတို့နှင့်​တွဲဖက်​၍ မညီသော​ထမ်းပိုး​ကို​မ​ထမ်း​ကြ​နှင့်” ဟု​သူ​ရေးသားခဲ့​သည်။ “တရားသော​အမှုသည် မတရားသော​အမှု​နှင့် အဘယ်​သို့​ပေါင်းဖက်​နိုင်​မည်​နည်း။ အလင်း​သည်​မှောင်မိုက်​နှင့် အဘယ်​သို့​ဆက်ဆံ​နိုင်​မည်​နည်း။” (၂ ကောရိန္သု ၆:၁၄သမ္မာ) ခရစ်ယာန်​တစ်ဦး​သည် မတူညီ​သော​ထမ်းပိုး​ကို မည်သို့​ထမ်း​လာနိုင်​သနည်း။

တစ်နည်း​မှာ ခရစ်ယာန်​တစ်ဦး​သည် သူ၏​ယုံကြည်ချက်များ​ကို လက်မခံ​သော​အိမ်ထောင်ဖက်​တစ်ဦး​ကို ရွေးချယ်​လျှင်​ဖြစ်​မည်။ ဤသို့​တွဲဖက်​သည့်​မောင်နှံစုံ​သည် အဓိကကျ​သော​အချက်များ​တွင် သဘော​ကွဲလွဲ​ကြ​ရာ ထို​စုံဖက်မှု​သည် နှစ်ဖက်စလုံး​အတွက် စိတ်မချ​မ်း​သာ​စ​ရာ​ဖြစ်​ပေမည်။

ယေဟောဝါ​သည် အိမ်ထောင်ရေး​ကို စ​တီထွင်​သောအခါ ဇနီးသည်​ကို “အထောက်အမ” အခန်းကဏ္ဍ​မှ ပါဝင်​စေ​ခဲ့​သည်။ (ကမ္ဘာဦး ၂:၁၈) ထို​နည်းတူ ပရောဖက်​မာလခိ​မှ​တစ်ဆင့် ဘုရားသခင်​သည် ဇနီး​တစ်ဦး​ကို ‘အဖော်အဖက်’ အဖြစ် ရည်ညွှန်း​ဖော်ပြ​ခဲ့​သည်။ (မာလခိ ၂:၁၄) ကျွန်ုပ်​တို့၏​ဖန်ဆင်း​ရှင်​သည် အိမ်ထောင်သည်​မောင်နှံစုံ​များ​အား ဝန်ထုပ်ဝန်ပိုး​များ​ကို အတူ​ဝေမျှ​ထမ်းဆောင်​စေ​လို​ပြီး အကျိုးကျေးဇူးများ​ကို သာ​တူညီ​မျှ​ခံစား​ကာ ဝိညာဉ်​ရေး​လမ်းကြောင်း တစ်ခု​တည်း​အပေါ် စည်းလုံး​ညီညွတ်​စွာ အတူ​ယှဉ်တွဲ​ကြိုးပမ်း​သွား​စေ​လို​သည်။

ခရစ်ယာန်​တစ်ဦး​သည် “သခင်​ဘုရား​၌​သာ” လက်ထပ်​ထိမ်းမြားခြင်း​ဖြင့် ကောင်းကင်​ခမည်းတော်​၏​သွန်သင်ချက်​ကို လေးစားကြောင်း​ပြ​၏။ (၁ ကောရိန္သု ၇:၃၉) ထိုသို့​ပြုခြင်း​က စည်းလုံး​သော​အိမ်ထောင်မင်္ဂလာ​အတွက် အုတ်မြစ်ချ​ပေး​၍ ၎င်း​ဇနီး​မောင်နှံ​နှစ်ဦးစလုံး အထူး​သဘော​မျိုး​ဖြင့် ‘အမှုတော်ထမ်း​ဖက်​စစ်​များ’ အဖြစ် ဘုရားသခင့်​အမှုတော်ထမ်း​ကြ​စဉ် ကိုယ်တော်​အား ဂုဏ်တင်​ချီးမွမ်း​နိုင်​သည်။—ဖိလိပ္ပိ ၄:၃သမ္မာ။

[Picture Credit Line on page 32]

Camel and ox: From the book La Tierra Santa, Volume 1, 1830